မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း // သော်တာဆွေ

မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း // သော်တာဆွေ

---

သတ္တိနှင့် သစ္စာမှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းတို့သည် ဒွန်တွဲနေ၏။ သစ္စာမဲ့သူသည် သတ္တိမဲ့သူဖြစ်၏။ သစ္စာရှိသူသည် သတ္တိရှိသူဖြစ်၏။ သစ္စာကို သတ္တိနှင့် စောင့်ထိန်းရ၏။ သတ္တိဆိုရာ၌ မှန်ကန်သော ကိစ္စကိုရဲဝံ့စွာ ပြုလုပ်ခြင်းသာမဟုတ်သေး။ မကောင်းမှုကို စောင့်ထိန်းခြင်း၊ မှားယွင်းသော ဆန္ဒလောဘကို ချုပ်တည်းနိုင်ခြင်း၊ အောင့်အည်း သည်းခံနိုင်ခြင်းလည်း သတ္တိမည်၏။

မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းလည်း ထိုနည်းအတူ တခုနှင့်တခု အမှီသဟဲပြုနေ၏။ ပင်ကိုယ်မူလက မည်မျှပင် ရဲရင့်သူ ဖြစ်နေစေကာမူ မမှန်ကန်သော အမှုကို ပြုလိုက်မိပြီဟု မိမိကိုယ်ကိုမိမိ သိလိုက်မိသည်နှင့်တပြိုင်နက် ထိုသူ၏ ရဲရင့်ခြင်းတို့သည် ပျောက်ကွယ်သွား၍ ကြောက်ရွံ့သူအဖြစ်သို့ ရောက်ရှိသွားတတ်၏။

ဝတ္ထုတပုဒ်နှင့် သာဓကပြုပါမည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၅နှစ်ကျော်က ဖြစ်ပါသည်၊ ကာယကံရှင်များမှာမူလူ့ဘောင်၌ မရှိကြတော့ပြီ။

ဦးအောင်ဒွန်း

ကျွန်တော်တို့ ရွာမှ ရွာသူကြီး ဦးအောင်ဒွန်း၊ အင်မတန်မှ ရဲရင့် သတ္တိရှိသည်ဟု ကျော်ကြားသည်၊ သူခိုးဓားပြကို လက်ရဖမ်းခဲ့ဖူး၍ နာမည်ကောင်းလက်မှတ်နှင့် ဆုတော်ငွေများ ရခဲ့ဘူးသည်။ နှစ်လုံးပူးသေနတ်ကိုင်ရသည်။ ဆယ်ခိုင်သူကြီးခန့်အပ်ခြင်းခံရ၍ ရွာဆယ်ရွာကို အုပ်ချုပ်ရသည်။ ထိုရွာများ၌ ဖြစ်ပေါ်သော အမှုကြီးငယ်တို့သည် ဆယ်အိမ်ခေါင်းများမှ တဆင့် သူ့ဆီရောက်ရသည်။ ကြီးသော အမှုဆိုလျှင် ရုံးဂတ်ပို့ ၍ ငယ်သောအမှုဆိုလျှင် သူပင်စီရင်ချက်ချလိုက်သည်။ တညချုပ်နှောင်ခွင့်နှင့် ငါးကျပ်အထိ ဒဏ်ငွေတပ်နိုင်သော အာဏာရှိသည်။ လူကောင်ကြီးမားလှ၍ ဥပဓိရုပ်လည်းကောင်းလှသည်။ အင်အားဗလလည်း ပြည်စုံလှသည်။ နွားထီးတကောင်ကို လက်ပြင်ရိုး လက်သီးနှင့်ထိုး၍ လှဲနိုင်သည်ဟု ပြောကြပါသည်။

သူ့ အိမ်နှင့် ကျွန်တော်တို့ အိမ်မှာ မျက်စောင်းထိုး ဓါးလွယ်ခုတ် အိမ်နီးချင်း ဖြစ်ပါသည်။ ကျွန်တော် အမှတ်သညာ ထားတတ်သောအရွယ်မှ သူ့အသက်သည် ၅၀-မျှဟု ခန့်မှန်းမိပါသည်။ ဆွေမျိုး မတော်သော်လည်း သူ့ကို ကျွန်တော်က ‘ဘိုး’ ဟုစခါ်ပါသည်။

ဘိုးသည် ကျွန်တော့်ကို ငယ်စဉ်က ချီပိုးလာခဲ့သူ ဖြစ်ပါသည်။ ဘိုးသည် အသားဖြူရာဝယ် သူ့ တကိုယ်လုံးမှာ ဆေးနီ ဆေးနက်များ ထိုးထား၍ အလွန်လှသည်ဟု ကျွန်တော်ယူဆခဲ့ပါသည်။ ကျွန်တော့်အဖေကိုယ်မှာလည်း ဆေးရုပ်များရှိပါသည်။ သို့သော် သူ့လောက်မများ၊ ထို့ပြင် အနက်ရုပ်သာရှိ၍ အနီရုပ်မရှိ၊ ဘိုး၏ကျောပြင်ကိုကား ကျွန်တော်က အရုပ်ကားဟု ခေါ်ပါသည်။

“ဘိုးရယ် ... ဝမ်းလျားမှောက်စမ်းပါအုံး။ ကျွန်တော် အရုပ်တွေ ကြည့်ချင်လို့ပါ ...”

“အို ... အခုထိုင်ရင်းကြည့်လဲ မြင်နေရတာပဲ အမြးရဲ့”

“မဟုတ်ဘူး မဟုတ်ဘူး၊ မှောက်ကြည့်ရမှ ပိုကောင်းတယ်...”

ဘိုး၏ ကျယ်ပြန့်သောကျောပြင်ဝယ် နဂါးရုပ်၊ ဂဠုန်ရုပ်၊ ဇော်ဂျီရုပ်၊ ကြောင်ရုပ်၊ ကျားရုပ်၊ ခြင်္သေ့ရုပ် စသည်တို့မှာ ဆေးနီဆေးနက်တို့ဖြင့် ယခုမျက်စိနှင့်ကြည့်သော် လွန်စွာမှ လက်ရာမြောက်လှပေသည်။ အချိုးအစားကျ၍ ပီပီသသ ရှိပါပေသည်။

“ဘိုးရယ် ဒီအရုပ်တွေ ဘိုးကို ဘယ်သူထိုးပေးတာလဲဟင်”

“ဘိုးဟာဘိုး ထိုးတာပေါ့ကွ...”

“အောင်မယ် မဖြစ်နိုင်တာကြီးကို၊ ဘိုးဝါတယ်၊ ကဲ ... ဘိုးကျောကုန်း ဘိုးမြင်ရလို့လား”

“မှန်ထဲ နောက်ပြန်ကြည့် ထိုးတာပေါ့ကွ...”

“အောင်မယ်... အောင်မယ်... ဘိုးအိမ်မှာ ဘိုးကျောကုန်းလောက် ကြီးတဲ့မှန် တချပ်မှ မရှိပဲနဲ့ ...”

ဘိုးသည် ရယ်မောကာ ...

“အလကားပြောတာပါကွာ၊ ဆရာဦး ထိုးပေးတာပေါ့ကွ၊ ဆရာဦးကို မင်းသိတယ်မဟုတ်လား ...”

ဆရာဦးသည် ဘိုးအိမ်ခေါင်းရင်းက ထိုးကွင်းထိုး ဆရာဖြစ်ပါ၏။ ထို့ပြင် ရုပ်သေးရုပ်တွေထုသော ပန်းပုဆရာလဲ ဖြစ်ပါ၏။

“ဘိုး ဒီအရုပ်တွေထိုးတော့ မနာဘူးလားဟင်”

“နာတာပေါ့မြေးရဲ့၊ ဒါပေမဲ့ ယောက်ျားဆိုတာ ဆေးထိုးခံနိုင်တဲ့ သတ္တိရှိရမယ်ကွယ့် ... ငါ့မြေးလဲ ကြီးရင် ထိုးကွင်းထိုးရမယ်ကွယ့် ...”

သို့သော် ကျွန်တော်တို့ အချိန်ရောက်သော ကာလ၌ ထိုးကွင်းထိုးခတ်ကုန်၍ အလွန်ကံကောင်းသည်ဟု ဆိုရမည်။ သို့ရာတွင် အချို့လူကြီးများက အကြိုက်မညီကြ၊ ကျွန်တော် ၁၄နှစ်သားလောက်၌ ဆရာဦးက ကျွန်တော့်ပေါင်မှာ ကျားရုပ်ထိုးပေးသည်။ ထိုးရမည်မှာ အနီစင်း အနက်စင်းနှင့် တကယ့်ကျားရောင်ထွက်ရမည်၊ အသက်လည်းပါရမည်၊ သို့သော် ဤဖေကိုယ် သတ္တိခဲက အဖေချုပ်ကိုင်ထားသည့် လက်ထဲမှ ကုန်းအော်၍ ရုံးထွက်သဖြင့် ပထမဆုံး တကြောင်းမျှ သွားရသေးရာ ကျားရုပ်မဖြစ်၊ ကြွက်ရုပ်ကလေးလို ရေးရေးမျှ ထင်တော့၏။ သည်တော့ ဆရာဦးက ကျွန်တော့်အဖေကို ဘာပြာမည်ထင်သနည်း။

“မောင်ဆယ်ရေ၊ ခုခေတ်ခလေးတွေတော့ သတ္တိသုဉ်းကုန်ပါပြီကွာ၊ ငါ့သားတွေလဲ အတူတူပဲကွ၊ မင်းတို့လို ငါတို့လို ဆယ်နှစ်၊ ဆယ့်တနှစ်သားလောက်က ထိုးကွင်းထိုးခံလာခဲ့လို့ ရှိရင် ဒီကျားရပ်လောက်တာ့ ဘယ်ဖြုံလိမ့်မလဲကွာ။ ခံနိုင်ရည် ရှိမှာပဲ။ ခုတော့ မင်း သားက မိဖုရား ကင်းကိုက်တဲ့အတိုင်းပဲ သွား ... သွား...”

ဆရာဦးက ကျွန်တော့ကို နှင်လွှတ်ပါသည်။ ကျွန်တော်သည် ပေါင်ကလေး ထော့နဲ့နဲ့ မျက်ရည်ကလေး စို့စို့နှင့်။ ဘယ်မျက်ရည် မစို့ပဲ ခံနိုင်မလဲဗျ၊ လေးခွရှိတဲ့ ကြေးစုတ်ကြီးနဲ့ တချက်ထိုးလိုက်ရင်း သွေးတပေါက်ထွက်လာရင်း။

ဤအခါ၌ ကျွန်တော်သည် ထိုးကွင်းမျှမက၊ ဆေးရုပ်တွေ တကိုယ်လုံးတွင်ရှိသော အဖေတို့ ဘိုးတို့ သတ္တိကို ချီးကျူးမိပါသည်။ ဘိုးက ပို၍များပါသည်။ ဘိုးသည် ခေါင်းဖြူဖြူတွင် ကတုံးရိတ်ထားသူ၍ ခြေဖမိုးအထိ ကျောကုန်း လက်ပြင်၊ ခြေသလုံး၊ ခြေကျင်းဝတ်ပါမကျန်၊ ဖြစ်လေရာ ငယ်ထိပ်မှစ ဆေးတွေအပြည့်ရှိ၏။

ဘာရည်ရွယ်ချက်နှင့် ဘာအစွမ်းထက်သည်တော့ ကျွန်တော်မပြောတတ်ချေ၊ သို့သော် ခံနိုင်ရည်ရှိသော ယောက်ျားကောင်းတယောက် ဖြစ်ကြောင်းတော့ ထင်ရှား၏။ ဘိုးသည် ခွန်အားဗလနှင့် ရဲစွမ်းသတ္တိကောင်းရုံသာ မဟုတ်သေး၊ စာပေပညာကိုလည်း တတ်ကျွမ်းသူဖြစ်၏။ ဘိုးသည် ဘိသိက်ဆရာဖြစ်၏။ ဘုရားကိုးဆူဆရာဖြစ်၏။ စာမဟာဆရာဖြစ်၏။ ရတုဩဘာ စာရေးဆရာဖြစ်၏။

ဘိုးသည် နေ့စဉ်နံနက်တိုင်း ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်တွင်ထ၍ ဘုရားရှိခိုးပြီး စာရွတ်၏။ သူ့စာရွတ်သည်ကို ဘေး သုံးလေးအိမ်က ကြားရ၏။ သို့သော် ဘာမျှ နားမလည်နိုင်ပေ၊ သူ့ အသံ “ဟနံနံ --- ဟနံနံ” ဟူ ၍သာ ကြားနေရ၏။

“အဖေ ဘိုးက ဟနံနံ --- ဟနံနံနဲ့ ဘာလုပ်နေတာလဲ အဖေရ”

ကျွန်တော်ငယ်စဉ်က အိပ်ရာထဲတွင် အဖေ့အား မေးခဲ့၏။

“စာဝါးတာ ခေါ်တယ်သားရဲ့”

“ ဘာလို့ စာဝါးတာလဲ အဖေရ

“သူရထားတဲ့ စာတွေကို မမေ့မပျောက်အောင် နှုတ်က မြန်မြန်ရွတ်နေတာပေါ့ကွာ”

“ကျွန်တော်လဲ ဘိုးလို စာဝါးချင်တယ်အဖေ”

“ဒါဖြင့် စာများများ တတ်အောင် သင်ပေါ့ကွ၊ ထမင်းစားချင်တာ့ ထမင်းရှိမှ ဖြစ်သလို စာဝါးချင်တာ့ ကိုယ်တတ်ထားတဲ့ စာရှိမှပေါ့ကွ”

ကျွန်တော်သည် ဘိုးကို အစစအရာရာ ချီးကျူး အားကျသူ ဖြစ်ခဲ့၏။ ကျွန်တော်သည် ဘိုးအတုကို ယူကာ က-ကြီး၊ ခ-ခွေးကစ ၍ စာဝါးခဲ့ပါ၏။ နို့ပြီး ဘိုးက (အဆက်ဆက်က အစဉ်သာယာတဲ့ သရက်တပင်ရွာက အထူးအကျိုးပြုတဲ့ ဦးဖိုးနု) ဟုရှင်ပြုဖိတ်စာတွင် ရေးလျှင် ကျွန်တော်ကလည်း (မချို့ အစဉ်သာတဲ့ ကြို့ပင်ရွာက အထူးအကျိုးသယ်တဲ့ ဦးဘိုးဆယ်) ဟု ကျွန်တော့် အဖေနှင့် ရွာနာမည်ကို နဘေထပ်ဆိုလိုက်သော အခါ ဘိုးက လွန်စွာ သဘောကျလှ၏။

“မောင်ဆယ်၊ မင်းသားကြီးလာရင် ငါ့ဒရာနင်းလိမ့်မယ်”

ဟုဂုဏ်ယူပြောဆို၏။ သို့သော် ဘိုးခြေရာနင်းဖို့၊ ဘိုးကို မှီဖို့က ခဲယဉ်းလှပါ၏။

ဘိုးသည် ရပ်ရွာ၌ အုပ်ချုပ်စီမံရာတွင်သူ၊ မင်္ဂလာဆောင်၌ ဘိသိတ်သွန်းရာတွင်သူ၊ ရှင်ပြု ပဉ္ဇင်းခံတို့၌ ဩဘာစာများ ရေးသားဖတ်ကြားရာတွင်သူ၊ ရပ်သူရွာသားတို့ အပျင်းလဲပြေ ပညာဗဟုသုတလဲရအောင်၊ ဇာတ် နိပါတ်တော်တို့ကို သံနေသံထားနှင့် ပြောရာတွင်လည်းသူ။

သူ ... သူ ... သူ ... ထိုသူသည် အသက်ငါးဆယ်ကျော်၌ ကံချော် ၍ အကြံတော် တလွဲကို လိုက်မှားမိချေသည်။

မချောဖြူ ...။

သူသည် နာမည်နှင့်လိုက်အောင် ဖြူသည်၊ ချောသည်၊ လှသည်။ ချောသည် လှသည်နှင့် အမျှ ကမြင်းကြာထ ၍ လင်ငယ်နေတတ်သူ၊ သူ၏ပထမဆုံးယာက်ျားသည် သူ့မျောက်မထားတာ ပက်ပင်းမိ ၍ သူ့အားလယ်ကွင်းထဲခေါ်သွားကာ ဓားနှင့် ခုတ်သ|တ်ပြီး သူ့ကိုယ်သူတော့ မီးရထား အနင်းခံ၍ ပွဲချင်းပြီး စီရင်ပစ်လိုက်သည်။ သို့သော် မကောင်းမှု ပြုရန် အကုသိုလ်ကံ ကျန်နေသေးသော မဟဝှာကား မသေ၊ လည်ပင်းဒဏ်ရာတွေနှင့် မေ့မြော‌နေရာမှ သတိ ပြန်ရလာခဲ့သည်။

ဘိုးနှင့် အချင်းဖြစ်ပွားရန် အချိန်မှာ ထိုမိန်းမသည် အသက် ၃၀ခန့်၊ လည်ပင်းမှာ ဓားဒဏ်ရာ နှစ်ချက်ရှိသည်၊ အသားရောင် ဖြူဖြူဝင်းဝင်းနှင့် ပြည့်ပြည့်တင်းတင်း၊ ထိုအချိန်၌ သူ၏ ဒုတိယလော တတိယလော မပြောတတ်သည့် လင်ယောက်ျားမှာ ဘိန်းစား ဖိုးဆိုင်၊ ကျွန်တော်သတိပြုမိသောအချိန်မှာ မချောဖြူသည် ရွာထဲမှာ ခံတောင်းရွက်၍ ငြုတ်၊ ကြက်သွန်၊ ဆီ၊ ဆား စသော ကုန်စုံရောင်းသည်။ ဘိုးသည် ထိုကုန်စုံဝယ်ရင်းမှ စတင်သည်။

ကျွန်တော်သည် အမှတ်သညာထားတတ်သော အရွယ်မှစ၍ ဘိုးအိမ်မှာ အနေအစားများသည်။ အကြောင်းမှာ ဘိုးအိမ်သည် ဘယ်တော့မှ ဟင်းကောင်းမပြတ်ချေ။ မပြတ်ခြင်းမှာ ကျေးရွာ ဓလေ့ထုံးစံရှိ၏ ရွာတွင် ကျွဲနွားသေ၍လည်းကောင်း၊ သ|တ်၍လည်းကောင်း၊ အမဲသားပေါ်လျှင် သူကြီးအိမ်ကို တတွဲပို့ရတော့ ဘိုးအိမ်မှာ အမဲဟင်းလျာပြတ်သည်မရှိချေ။

ဘိုးကိုယ်တိုင်ကတော့ အမဲသားမစားချေ၊ ကျွန်တော့်အဖလည်း မစားချေ။ ကျွဲနွားဖြင့် အသက်မွေးရသော စကျွေးရွာတို့တွင် အမဲသားမစားခြင်းသည် လူကြီးလူကောင်းတို့၏ ဂုဏ်အင်္ဂါ တရပ်ဖြစ်ပေသည်။

ဘိုးတို့ ဂေါ်ပုံတရပ်ကို တွေး၍ ရယ်ချင်ပါသေးသည်။

ဝါတွင်းမိုးရာသီဆိုတော့ ကျွန်တော်တို့ လယ်တောဒေသမှာ ငါးပေါသည်။ သည်တော့ မ‌ချောဖြူက ကုန်စုံရောင်းခြင်းကို ရပ်ဆိုင်း၍ မုံ့ဟင်းခါးရောင်းသည်။ ထိုအခါ ဘိုးကကျွန်တော့်ကို ခုတုံး လုပ်၍ မနက်တိုင်း မချောဖြူ မုံ့ဟင်းခါးလာတိုင်း

“‌‌ဟေ့ ... မင်းဒီနေ့ မုံ့ဟင်းခါးစားအုံးမလား” မေးသည်။ ကျွန်တော်ကတော့ ၁၀ နှစ်သား အရွယ်လောက် ဘယ်သိလိမ့်ဦးမှာတုန်း၊ အမြဲတမ်း ခေါင်းညိတ်သည်ပေါ့။ ဘိုး၏ အိမ်သားများက‌တော့ နှာခေါင်းရှုံ့ကြပြီ၊ ရိပ်မိနေကြပြီ။ ထိုအခါ ဘိုးမှာ ဇနီးအမယ်ကြီးနှင့် သမီးနှင့် သမက်ရှိသည်။

ကျွန်တော့်ကို မုံ့ဟင်းခါးကျွေးတော့ ဝါတွင်းမှာ သက်သတ်လွတ်သမား ဘိုးက မုံ့ကို ဘယ်လို စားပါသနည်းဟူမှ ဟင်းရည်မဆမ်းစေဘဲ သူ့အိမ်က နို့ဆီနှင့်ဆမ်း၍စားပါသည်ခင်ဗျား။

ဪ ... အာဂဘိုး၊ လူကြီးလူကောင်း ဂေါ်ပုံမဆိုးဘူးနှော၊ ဦးကြီးတို့ နည်းယူကြ။

ထို့ပြင် ဘိုးတွင် သူများနှင့်မတူသော ထူးခြားချက်တရပ်ရှိသေးသည်။ ဘိုးသည် ထမင်းစားပြီး ပလုတ်ကျင်းသောအခါ၌လည်းကောင်း၊ တခုခုစားသောက်ပြီး ပလုတ်ကျင်းသောအခါ၌ လည်းကောင်း ဘယ်တော့မှ ထွေးမပစ်ချေ။ ပလုတ်ရေကို မျိုချလိုက်သည်သာဖြစ်၏။ 

ကျွန်တော်က

“ဘိုးလုပ်ပုံဟာ သူများနဲ့မတူဘူး၊ မရွံ့ဘူးလား ...”

ဟု မေးသောအခါ

“ကိုယ့်ပါးစပ်ထဲကဟာ ကိုယ်ရွံ့နေမှဖြင့် ငါ့လခွံးတဲ့၊ လည်ပင်းလှီးပစ်ဖို့သာ ရှိတာ့တာပေါ့ကွ”

ဟုပြန်ဖြေပါသည်။

ယင်းသို့လျှင် မချောဖြူသည် ကုန်စုံရောင်းရင်းဖြင့်လည်းကောင်း၊ မုံ့ဟင်းခါးရောင်းရင်းဖြင့် လည်းကောင်း၊ ဘိုးအိမ်နေ့တိုင်းလိုလို ဝင်ထွက်နေရာမှ လေးငါးလမျှကြာသော် မချောဖြူယောက်ျား ဘိန်းစား ကိုဖိုးဆိုင်မှာ အိတ်ထဲ ဘိန်းငါးကျပ်သားခန့်နှင့် လက်ပူးလက်ကြပ် ဘိုးကဖမ်းမိလေ၍ ခမျာ ထောင်ကျသွားရှာလေသည်။

ဒါ ဘိုးက သူ့နောက်လိုက် မတရားသက်သေများနှင့် သက်သက်အမှုဆင်တာဖြစ်ကြောင်းကို တရွာလုံးကသိကြ၍ တဖျစ်တောက်တောက်နေကြ၏။ ကိုဖိုးဆိုင်သည် သူ့ဟာသူ ထန်းတက်၍စား၏။ ပုံး မြုံးထောင်၍ စား၏။

ထိုမှ အရပ်ထဲက လူကြီးများသည် ဘိုးကို ဝိုင်းကြဉ်စပြုလာ၏။ သည်နောက်မကြာမီတွင် ဘိုးသည် သူ့ အိမ်သူအိမ်သားများနှင့် ရန်ဖြစ်ကြလေ၍ အမယ်ကြီးသည် သမီးနှင့်သမက်ကို ခေါ်ကာ သူ့ဇာတိရွာသို့ ပြန်သွားလေတော့သည်။

ဘိုးကိုကား မည်သူမျှ တရားချ၍မရတော့ပြီ။ ယခင်တုန်းက ရပ်ရွာအိမ်ထောင်ရေးကိစ္စတို့မှာ သူကသာ ဖျန်ဖြေစီမံခန့်ခွဲပေးခဲ့သည်။ သူ့ဇာတ်တွင်ကား သူသာဇာတ်ဆရာ၊ အခြားဇာတ်ဆရာကို လက်မခံတာ့ပြီ။

နောက်ဆုံးတနေ့၌ကား မချာဖြူသည် ဘိုး၏အိမ်ပေါ်သို့ ရောက်လာလေသတည်း။ သို့သော် ဤဖြစ်ရပ်တွင် ဘိုး၏ရလဒ်ကား ကျဆုံးခြင်းပင်တည်း။

မချောဖြူ ဘိုး အိမ်ရောက်ပြီး ဒုတိယမြောက်နေ့ နံနက်တွင် အသက် ၆ဝ မျှ ရှိမည်ဖြစ်သော အမယ်ကြီးတယောက် ဆောင်ဓားရှည်ကြီးတလက်ကိုကိုင်ကာ ဘိုး၏ အိမ်ဝင်းထဲ ရောက်နေလျက် ဓားတလက်လက်နှင့် ဆဲရေးကြိမ်းမောင်းနေပေတော့သည်။

“ဟဲ့ ... အောင်ဒွန်း၊ နင် ဗလကောင်းလှတယ်၊ သတ္တိကောင်းလှတယ်ဆို၊ ကြိုက်တဲ့လက်နက် ကိုင်ပြီး တံခါးဖွင့်ဆင်းခဲ့စမ်း”

“ချလွမ်”

အိမ်ရှေ့နံရံအကာကို သူ့ဓားနှင့်ပစ်လိုက်သည်။ ထို့နောက် ပြန်ကောက်ကာ

“ဟဲ့ ... အောင်ဒွန်း နင်သတ္တိနဲလှချေလား၊ ငါလို အမယ်ကြီးအိုနဲ့မှ ရင်မဆိုင်ဝံ့တော့ ဘူးလား၊ လူချင်းကြောက်ရင် နင့်မှာ နှစ်လုံးပြူး ‌ေ|သနတ်ရှိတယ်မဟုတ်လား ဒီမှာပစ်လိုက်စမ်းဟေ့”

ရင်ကို‌ ကော့ပြီး သူ့ဓားတဖန် ပစ်လိုက်ပြန်လေသည်။ အိမ်ပေါ်ကတော့ ဘာသံမျှ မကြားရ၊ ဆိတ်ငြိမ်လှသည်။ လူတယောက်မျှ မရှိဘူးဟု ထင်ရသည်။ သို့သော် ဘိုးနှင့်မချောဖြူ ရှိတာအမှန်၊ ညကပင် မီးအိမ်ထွန်းတာမြင်ရသေးသည်။ ယခုမနက် အစောကြီးမှ စောစောစီးစီး ဒီအမယ်ကြီးက ကျွန်တော်အိပ်ရာက မနိုးမီပင် လာရောက်ဆူပူနေခြင်း ဖြစ်သည်။

ဘိုးအိမ်သည် တထပ်အိမ်မြင့်၊ အောက်ဆင့်မရှိ၊ မြေကြီးပေါ် စားပွဲကုလားထိုင်ထားသည်။ အိမ်အကာမှာ နှစ်တလက်မ သစ်သားတန်းတွေကို ကြက်ခြေခတ်ရိုက်ကပ်ထားသည်။ ထိုနံနက်၌ အပေါ်ထပ်ရော၊ အောက်ထပ်‌ရော တံခါးတွေအားလုံး ပိတ်ထားသည်။ ကျွန်တော်သည် အိပ်ရာမှထကာ ပြူတင်းပေါက်မှ အံ့ဩစွာနှင့် လှမ်းကြည့်၍နေသည်။ အမယ်ကြီးသည် ပိန်သော်လည်း စိတ်ကဆောင်နေ၍ တော်တော်ပဲ မာကျောပုံပေါ်သည်။ သူသည် အော်ဟစ်ဆဲရေးရင်း အောက်နံရံကို ဓားနှင့်ခုတ်လိုက်၊ အိမ်အပေါ်ထပ်ကို လှမ်းပစ်လိုက်၊ မောလျှင် ထိုင်ပြီး နားလိုက်၊ နောက်ပြီးတစခန်းထလိုက်နှင့် အရွယ်နှင့်မလိုက်အောင်ပင် ဒေါသနှင့်ဇွဲသတ္တိက ကြီးလှပါသည်။

“ဟေ့ ... အောင်ဒွန်း မယားခိုးရဲ့၊ လူ့တိရစ္ဆာန်ရဲ့၊ နင်ငါ့သမက်အိတ်ထဲ အတင်းဘိန်းထည့်ပြီး နင့်နောက်တော်ပါ သက်သေလိမ်တွေနဲ့ အမှုဆင်ပြီး ထောင်ချတယ်ဆိုတာ လူတိုင်းကသိကြတယ်ဟဲ့”

“ချလွမ်း”

ဓားနှင့် တချက်ပစ်လိုက်ပြန်သည်။

နင်ဟာ ဆယ်ခိုင်သူကြီး၊ ဘုရားကိုးဆူဆရာကြီး၊ ဘိသိက်ဆရာကြီး၊ ရတုဩဘာဆရာကြီး၊ ကွက်စိပ်ဆရာကြီးဆိုတဲ့ ဂုဏ်တွေမှ မထောက်ဘူး ... အောင်ဒွန်းရယ်၊ ဟို မျောက်မထားမရော ဆင်းခဲ့၊ နင့်ပါ ငါ နုတ်နုတ်စဉ်းပစ်မဟဲ့၊ နင့်အတွက် ငါ တခါက နှစ်ခါရှက်၊ နှစ်ခါက သုံးခါရှက် တသက်လုံး ရှက်နေရမှာလားဟဲ့ ... နင်တို့သတ်ပြီး ငါပါ သပစ်လိုက်မဟဲ့”

ဤအချိန်၌ ကျွန်တော့်မှာ အသက် ၈ နှစ်၊ ၉ နှစ်မျှ ရှိဦးမည်ဖြစ်၍ အဖေ့အနားသို့ ချဉ်းကပ်သွားကာ

“အဖေရယ် ... ဘိုးက ဒီအမယ်ကြီးပိန်မိန်ကလေးများ ဘာလို့ကြောက်နေရသလဲ၊ အောက် ဆင်းပြီးဖမ်းလိုက်ရောပေါ့၊ ဘိုးက အားအများကြီး ကြီးတာပဲမဟုတ်လား၊ နို့ပြီး ဘိုးကသူကြီး ...”

“ဟဲ့ ဘာကြီးဖြစ်နေနေ ကိုယ်အမှား လုပ်မိတဲ့အခါမှာ မှန်သူကို ရင်မဆိုင်ဝံ့တော့ဘူး၊ ကြောက်နေရော၊ ဒါဟာ တရားသဘောပဲ”

“ကျွန်တော် နားမလည်ပါဘူး အဖေရာ”

“အေး ငါ့သား ကြီးတော့ နားလည်ပါလိမ့်မယ်”

ထိုအချိန်၌ ကျွန်တော်သည် ဘိုးကိုသာ သနားနေတော့သည်။ ဘိုးဘက်မှ မည်သူမျှ ကူညီ မည့်သူလဲမရှိပါလား၊ ဒီအမယ်ကြီးကို လာတားခြင်း၊ ဆွဲငင်ခြင်းလည်း မည်သူမျှမပြုကြ၊ အကယ်တိ အခြားအိမ်၌သာ ဤသို့ ဖြစ်နေပါမူ ဘိုးကိုယ်တိုင်သွားရောက်စီစဉ်ဖျန်ဖြေချေမည်။

စင်စစ်တော့ သူကြီးဦးအောင်ဒွန်း၏ မတရားပြုမှုကို တရွာလုံးကမုန်းတီး ရွံရှာနေခြင်းဖြစ်သည်။

ဖြစ်နိုင်လျှင် အမယ်ကြီးဘက်ကပင် အကူအညီပေးကြဦးမည်။ သို့သော် ကူညီစရာပင်မလို၊ အမယ်ကြီးကား အံ့ဖွယ်ကောင်းလောက်အောင်ပင် ဇွဲသတ္တိကြီးလှပါဘိ။

ဤနေ့ ပထမနေ့က နံနက်ဝေလီဝေလင်း၌ ယမန်နေ့က အတိုင်း ရောက်လာပြီး ယမန်နေ့ကအတိုင်း ပြုမူပြန်တော့သည်။

အမယ်ကြီးသည် ဤသို့ချည်း မနက်တိုင်း လာလုပ်၏။

ပဉ္စမမြောက် ညနေခင်းဝယ် ဦးအောင်ဒွန်းနှင့် မချောဖြူတို့သည် ပစ္စည်း ပစ္စယများကို လှည်းတစီးနှင့် တင်၍ ထွက်ခွာသွားကြလေတော့သည်။

ဤအခင်းဖြစ်နေချိန် ဘိုးအိမ်မသွားရန် ကျွန်တော့အား တားမြစ်ထား၍ ယင်းညနေ လှည်းပေါ် ပစ္စည်းတွေတင်နေတုန်းမှာ ဘိုးကို ကျွန်တော် နောက်ဆုံးမြင်လိုက်ခြင်းပင် ဖြစ်သည်။ ထိုအချိန်၌ သူ့အား မည်သူကမှလည်း လာ၍ နှုတ်မဆက်ကြချေ။

ရွာတွင် သူကြီးမရှိတော့ကြောင်း ကြားသိရသော အခါ၌ ဆယ်အိမ်ခေါင်းတွေခေါ်၍ ဖြစ်ပုံကို စစ်ဆေးမေးမြန်ပြီး ဦးအောင်ဒွန်းအား သူကြီးရာထူးမှ ချလိုက်ကာ နောက်ထပ် သူကြီးအသစ် ရွေးကောက်ပွဲ လုပ်လိုက်လေသည်။

ဦးအောင်ဒွန်းကား ဂုဏ်သိက္ခာ အဖတ်ဆယ်မရလောက်အောင် ကျဆင်း လေ၍ ရွာသို့ ပြန်ပြီး မချဉ်းကပ်ရဲတော့ပေ။ သူ့ အိမ်ကို သူ့ အမယ်ကြီးနှင့် သမီး သမက်တို့ ပြန်၍နေကြသည်။

ဦးအောင်ဒွန်းသည် ဤမှ မကြာမီတွင် စိတ်‌ရော၊ လူရော ပင်ပန်းဆင်းရဲလှစွာဖြင့် သေဆုံးသွားသည်ဟု ကြားသိရလေသည်။

---

#သော်တာဆွေ
#မှန်ကန်ခြင်းနှင့်ရဲရင့်ခြင်း

#shared_by_louis_augustine
#sbla

Comments