ကျွန်မတို့ မိန်းမတွေ
ကျွန်မတို့ မိန်းမတွေ // ဂျူး
---
ကျွန်မမှာ အမျိုးသမီးတွေနှင့်ပတ်သက်၍ ပြောချင်တာ၊ ဆွေးနွေးချင်တာတွေ များလှသည်ဟု ကျွန်မ ခံစားနေရသည်မှာ ကြာပါပြီ။ ဝတ္ထုတွေ၊ ဆောင်းပါးတွေရေးရင်း အနည်းအကျဉ်းပါသွားသည်များလည်း ရှိသည်။ ယခုလို ကဏ္ဍတခုအနေနှင့် ရေးဖြစ်ဖို့လည်း စိတ်ကူးနေမိသည်။
ကျွန်မတို့မိန်းမတွေ ဟူသော ခေါင်းစဉ်ဖြင့် လွန်ခဲ့သောနှစ်နှစ် ၁၉၉၆ခုနှစ်တုန်းက ဂျပ်ဆင်ခန်းမတွင် ခရစ်ယာန်သာသနာအဖွဲ့မှ ဦးဆောင်ပြုလုပ်သော အမျိုးသမီးခေါင်းဆောင်သင်တန်းအတွက် ဟောပြောပွဲအဖြစ် ကျွန်မ ဆွေးနွေးခဲ့ဖူးပါသည်။ ဆွေးနွေးပွဲမှ အကြောင်းအရာအချို့ကို ကျွန်မတို့မိန်းမတွေ ဟူသော ခေါင်းစဉ်ဖြင့်ပင် ရတနာသစ်မဂ္ဂဇင်းမှာ ဆောင်းပါးရေးခဲ့၏။ မဂ္ဂဇင်းမှားပြီး ရေးခဲ့မိသည်ဟု ဆရာသီဟအောင်နှင့် ရယ်စကားပြောရင်း ကိုယ့်ဟာကိုယ် မှတ်ချက်ချခဲ့ရသည်။
ဆရာသီဟအောင် ကျွန်မထံမှ လိုချင်သည်က ဘောလုံးဆောင်းပါး တဲ့။
ကျွန်မကလည်း ဘောလုံးနှင့်ပတ်သက်လျှင် ဘာမှသိသူ မဟုတ်။ ဘောလုံးကစားပွဲဆိုသည်မှာ လိမ့်နေသောဘောလုံးတလုံးကို အဖွဲ့နှစ်ဖွဲ့က အကြိတ်အနယ် လိုက်လုနေကြခြင်း ဖြစ်သည် ဟူသော အခြေခံလူပြိန်းအမြင်ထက် မပိုခဲ့ပေ။ ဒါကြောင့်လည်း ကျွန်မ စိတ်ဝင်စားသည့် အမျိုးသမီးဆောင်းပါးသာ ပေးဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဆရာသီဟအောင်အား ဆောင်းပါးတပုဒ်ရေးရန် ရှိတော့ရှိသည်။ ပေးပါမည်ဟု ကတိပေးပြီး သုံးလေးရက်အကြာမှာ သင့်ဘဝအောင်မြင်ရေးမဂ္ဂဇင်း စာတည်း ကိုသစ်ဆင်းနှင့် စကားပြောဖြစ်ရင်း ကျွန်မ၏ ဟောပြောပွဲနှင့်ပတ်သက်၍ စကားစပ်မိသွားသေး၏။ ကိုသစ်ဆင်းက အဲဒါလေးကို ဆောင်းပါးအဖြစ်ရေးပြီး ကျွန်တော်တို့မဂ္ဂဇင်းကို မပေးချင်ဘူးလားဟု မေးတော့ နောက်ကျသွားပြီဟု ကျွန်မ ရယ်မောခဲ့ရတော့သည်။
အမျိုးသမီးနှင့် ပတ်သက်၍ ကျွန်မ ပြောချင်တာတွေ ရှိလာတိုင်း ကျွန်မတို့မိန်းမတွေ ဟူသော ခေါင်းစဉ်ကဏ္ဍအောက်မှာ ဆောင်းပါးများ ရေးသွားမည်ဟု စိတ်ကူးခဲ့သည်။ ကျွန်မ ဆောင်းပါးရေးပြီး၍ ဆရာသီဟအောင်ထံ ပို့ရာတွင် ကျွန်မ ဒုတိယအကြိမ် မှားသွားပြန်သည်။ ဆောင်းပါးစာမူဟု သီးသန့် ဖော်ပြမပေးလိုက်မိခြင်း ဖြစ်သည်။ ထိုအခါ ဝတ္ထုရေးနေကျ ဂျူးထံမှရသော စာမူသည် အလိုအလျောက် ဝတ္ထုစာရင်းထဲ ဝင်သွားပြီဖြစ်သောကြောင့် မဂ္ဂဇင်းထွက်သည့်အခါ ဝတ္ထုတိုကဏ္ဍမှာ ပါလာသည်။ စာဖတ်ပရိသတ်ကိုရော၊ စာတည်းချုပ်ကိုရော တောင်းပန်သည့် စာကလေးတော့ ရေးရဦးမည်ဟု စိတ်ကူးခဲ့သော်လည်း လက်တွေ့ အကောင်အထည် မဖော်ခဲ့မိပါ။
ယခုတော့ ကျွန်မတို့မိန်းမတွေသည် လူမှုရေးမဂ္ဂဇင်းတခုဖြစ်သော သင့်ဘဝအောင်မြင်ရေးမဂ္ဂဇင်းနှင့် အသင့်တော်ဆုံးဟု ခံစားရသဖြင့် ကဏ္ဍတခုအနေဖြင့် အလျဉ်းသင့်သလို ရေးသွားရန် စိတ်ကူးပါသည်။ ရတနာသစ်တွင် ဖော်ပြခဲ့သော စာမူအား ဤကဏ္ဍ၏ နိဒါန်းအဖြစ် စတင်လိုက်ပါသည်။
---
တခါတုန်းကပေါ့။ ညကိုးနာရီခွဲလောက် ဖြစ်မယ်။ ကျွန်မမြို့ထဲကနေ အိမ်ပြန်နောက်ကျတတ်တဲ့ ညတွေထဲက တညပါပဲ။ ဘတ်စ်ကားမှတ်တိုင်ကနေ အိမ်ကိုလမ်းလျှောက်လာခဲ့တာ လမ်းထောင့်တနေရာရောက်တော့ ပလက်ဖောင်းပေါ်မှာ လူနှစ်ယောက် သုံးယောက် ထိုင်နေတာကို ခပ်မှောင်မှောင်အရိပ်အဖြစ် ဖြတ်ခနဲမြင်လိုက်တယ်။ စိတ်ထဲမှာတော့ လမ်းထောင့်ပလက်ဖောင်း ခုံပေါ်မှာ ဂစ်တာတီးနေကျ လူငယ်လေးတွေလို့ ထင်လိုက်ပါတယ်။ ကျွန်မနေတဲ့တိုက်ခန်းက လမ်းထိပ်၊ လမ်းထောင့်ဆိုတော့ ဂစ်တာတီးတဲ့အုပ်စုရှေ့ကနေ ခဏခဏဖြတ်လျှောက်သွားရဖူးပါရဲ့။ ဝရန်တာဘက်ကို အကြောင်းတခုခုကြောင့် ထွက်မိရင်လည်း ဂစ်တာသံနဲ့ သီချင်းဆိုသံကို ကြားရဖူးပါရဲ့။ သူတို့ဟာသူတို့ ဂစ်တာတီးနေကြတာပါပဲ။ လမ်းသွားတဲ့သူတွေကို ဘာမှ အနှောက်အယှက်ပေးတာ မဟုတ်ဘူး။
ဒါပေမယ့် အဲဒီညကတော့ ကျွန်မ စောစောကပြောတဲ့ လူရိပ်တခု ဘေးကိုလည်း ရောက်လာရော အမျိုးသမီးသံနဲ့ ဘယ်-ညာဘယ်-ညာဆိုပြီး ကျွန်မခြေလှမ်းတွေကို လှောင်ပြောင်စနောက်သံ ကြားလိုက်ရတော့တာပါပဲ။ အဲဒီမိန်းမသံတွေကို ကြားလိုက်တော့ အမှန်အတိုင်းပြောရရင် ရုတ်တရက် နားမလည်လိုက်ပါဘူး။ ဘာကြောင့် သူတို့ ကျွန်မကို နောက်ပြောင်တာလဲ။ ယောင်္ကျားလေးတယောက် လမ်းလျှောက်တာကို ခပ်လှောင်လှောင်မိန်းကလေးအုပ်စုက စနောက်တယ်ဆိုတာကမှ ဖြစ်နိုင်ခြေ ရှိသေးတယ်။ ဒါတောင် အဲဒီကိစ္စဟာ ကျွန်မ ဘယ်လိုမှ မုဒိတာမပွားနိုင်တဲ့ ကိစ္စပါ။ အခုလို မိန်းမတယောက် လမ်းလျှောက်တာကို မိန်းမတွေက စနောက်တဲ့အဖြစ်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ သူတို့ဆီကို လှည့်ကြည့်အကဲခတ်လိုက်တော့ အမျိုးသမီးချည်းပဲ သုံးယောက် ဖြစ်နေတယ်။ ခပ်ငယ်ငယ်ကလေးတွေပါ။ နှစ်ဆယ်ကျော်ဝန်းကျင် ကလေးတွေ။ ပျော်တတ်လို့ပဲ စလေသလား၊ ကျွန်မကိုပဲ ကြည့်မရလို့ စလေသလား။ ကျွန်မကို ကြည့်မရအောင်ကလည်း ကိုယ်က သူတို့ကိုသိတာ မဟုတ်။ လမ်းထဲက မိကောင်းဖခင် သမီးကလေးတွေလား။ သူတို့ ဘာလို့ အဲဒီလို စချင်နောက်ချင်ကြပါလိမ့်။
ကျွန်မ စဉ်းစားကြည့်တယ်လေ။ ယောင်္ကျားလေးတယောက် လမ်းလျှောက်သွားတာကို ယောင်္ကျားလေးအုပ်စုက အဲဒီလို စနောက်ဖူးသလား။ ကျွန်မ မြင်ဖူးကြုံဖူးသလားပေါ့။ တခါမှ မမြင်ဖူးပါဘူး။ ယောင်္ကျားလေးတွေက မိန်းကလေးကို စနောက်တာ၊ လိုက်နှောင့်ယှက်တာတော့ မြင်လည်းမြင်ဖူးတယ်၊ ကြုံလည်းကြုံရဖူးတယ်။ မိန်းကလေးဖြတ်လျှောက်သွားတာကို ဘာစကားနဲ့မှ မပြောင်မနောက်ဘဲ မျက်နှာအရိပ်အကဲနဲ့တောင် မပြောင်လှောင်ဘဲ ကိုယ့်စကားနဲ့ကိုယ် ကိုယ့်ဂစ်တာနဲ့ကိုယ် သီးသီးသန့်သန့် နေတတ်တဲ့ ယောင်္ကျားလေးအုပ်စုတွေကိုလည်း ကျွန်မ အများကြီးကြုံဖူးပါတယ်။ နောက်ပြောင်ခြင်းနဲ့ နှောင့်ယှက်တတ်တဲ့ ယောကျ်ားလေးတွေကိုတောင် ကျွန်မက အုပ်စုနှစ်စု ခွဲခြားသတ်မှတ်ထားတဲ့တာ။ ချစ်စရာကောင်းတဲ့ ပျော်တတ်တဲ့ ယောင်္ကျားလေးတွေရဲ့ စနောက်တဲ့ စကားဟာ မမိုက်ရိုင်း၊ မယုတ်ညံ့ပါဘူး။ ဥပမာ မိန်းကလေးနှစ်ယောက် လမ်းလျှောက်လာတာကို ကြည့်ပြီး ”အလယ်က အစ်မကြီးက ချောတယ်ဗျာ” လို့ စနောက်တာမျိုး၊ ခပ်ဝ၀ မိန်းကလေးတယောက်ကို “ထမင်းလျှော့စားနော်၊ အမေက ပိန်မှကြိုက်မှာ” လို့ စနောက်တာမျိုး။ “ချစ်စရာလေးနော်” လို့ စနောက်တာမျိုး။ အဲဒီလို စနောက်တာတွေဟာ သိပ်စိတ်ဆိုးစရာမလိုဘဲ ခွင့်လွှတ်လို့ရနိုင်တဲ့ အဖြစ်မျိုးပါ။ ဒါပေမယ့် တချို့ကျတော့ ညစ်ညစ်ညမ်းညမ်း စနောက်ကြတယ်။ ညစ်ညမ်းတဲ့ လက်ဟန်လုပ်ပြတာ၊ ညစ်ညမ်းတဲ့စကားတွေကို မြိန်ရေယှက်ရေ ပြောထွက်တာ သိပ်အံ့သြစရာကောင်း၊ သိပ်စက်ဆုပ်စရာကောင်းတဲ့ အမျိုးအစားအဖြစ် ကျွန်မတို့ သတ်မှတ်ရလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ယောင်္ကျားကလေးတွေရဲ့ စနောက်လှောင်ပြောင်ခြင်း ဆိုတဲ့ အလုပ်ကို အခုလို မိန်းကလေးတွေက ပြုမူလိုက်တော့ ရုတ်တရက် ကျွန်မ ဖြုံသွားတာတော့ အမှန်ပဲ။ ယောကျာ်လေးတယောက် ပုံမှန်မဟုတ်ဘဲ၊ ကနွဲ့ကလျ၊ မိန်းမလိုမိန်းမရ ဖြစ်နေရင် ပုံမှန်ယောင်္ကျားလေးတွေက ခပ်ချဉ်ချဉ် ရှိမှာပဲ။ အဲဒီအခါ အခုလို ယောင်္ကျားလေးအချင်းချင်း လှောင်ပြောင်တာမျိုး လုပ်ချင်လုပ်ကြမှာပဲ။ အခုကိစ္စမှာ ကျွန်မက ယောင်္ကျားလျာလည်း မဟုတ်၊ ဝတ်ပုံစားပုံကလည်း ရိုးရိုးစင်းစင်း။ ကျွန်မအသက်အရွယ်ကလည်း လေးဆယ်နားကပ်နေပြီ။ ဘာများ စနောက်စရာတွေ့သွားပါလိမ့်။ အဲဒါကို ကျွန်မ စဉ်းစားလေ နားလည်ရခက်လေပဲ။ တခုပဲရှိတယ်။ ကျွန်မက အရပ်တော်တော်ပုတယ်။ အဲဒါဟာ သူတို့အတွက် စနောက်စရာ အကြောင်းဖြစ်သွားလေသလား။
ကောင်းပြီ ကျွန်မကိုယ် ကျွန်မ ပြန်မေးကြည့်တယ်။ ဒီကိစ္စကို ဘာဖြစ်လို့ ဒီလောက် အလေးအနက် စဉ်းစား အာရုံစိုက်နေရတာလဲ။ ယောင်္ကျားလေးတွေအုပ်စုက ကိုယ့်ကိုစနောက်ရင် ဒီလို အာရုံစိုက်မိမလား။ လုံးဝ စဉ်းစားအာရုံစိုက်မိမှာ မဟုတ်ဘူး။ သြော် ဒါဟာ ယောင်္ကျားကလေးစရိုက်ပဲ။ မထူးဆန်းဘူး။ သမားရိုးကျဖြစ်စဉ်တခုပဲ။ အဲလိုသဘောထားပစ်လိုက်မှာ။ ဒါမှမဟုတ် သဘောထားဖို့ထိအောင် အသိစိတ်ထဲဝင်မလာဘဲ ဖြစ်သွားမှာ အမှန်ပဲ။ ဒါဆိုရင် ကျွန်မ အခုဘာဖြစ်လို့ အလေးအနက် အာရုံစိုက်နေရတာလဲ။
အဖြေကို ကျွန်မရသွားတာကတော့ “အခုစနောက်လိုက်တာ မိန်းကလေးတွေ ဖြစ်နေလို့” ဆိုတာပါပဲ။ ဒါဆိုရင် ကျွန်မဟာ နေရာတော်တော်များများမှာ မိန်းကလေးတွေကို ယောင်္ကျားလေးတွေနဲ့ တန်းတူအခွင့်အရေး တူစေချင်ပါလျက်နဲ့ ဒီကိစ္စမှာကျတော့ ကိုယ်တိုင်ပဲ မိန်းမယောင်္ကျား ခွဲခြားမိနေပြီပေါ့။ အစဉ်အဆက်က ဖြစ်တည်ခဲ့တဲ့ “ယောင်္ကျားလေးတွေသာ သူတပါး ဣန္ဒြေပျက်လောက်အောင် စနောက်လေ့ရှိကြတယ်” ဆိုတဲ့ ထုံးတမ်းအစဉ်အလာတခုကို မစွန့်ပယ်နိုင်သူ ဖြစ်နေပြီပေါ့။ “ဘာဖြစ်လဲ၊ မိန်းကလေးတွေလည်း အဲဒီလိုစနောက်ဖို့ အခွင့်အရေးရှိတယ်” ဒီစကားမျိုးနဲ့ မိန်းကလေးတယောက်ယောက်က ကျွန်မကို ဆင်ခြေပေးလာခဲ့ရင် ကျွန်မ ဘာပြန်ပြောရပါမလဲ။
Feminist လို့ သူများက စွပ်စွဲတာကို မငြင်းပယ်ခဲ့တဲ့ ကျွန်မ။ အခု ကျွန်မ ဘယ်လိုဖြေမလဲ၊ ဘာလုပ်မလဲ။
အဲဒီပြဿနာဟာ တညနဲ့လည်း ခေါင်းထဲက ထွက်မသွားဘူး၊ တလနဲ့လည်း ခေါင်းထဲက ထွက်မသွားဘူး။ ကျွန်မကို လပေါင်းများစွာ ဦးနှောက်ခြောက်စေ၊ စိတ်မကောင်းဖြစ်စေခဲ့တဲ့ အဖြစ်အပျက်လေး တခုပါ။
အမျိုးသမီး စတီရီယိုအဆိုတော်တွေ ယောင်္ကျားတွေနဲ့ ယှဉ်ပြိုင်ကြိုးစားရင်း အရည်အချင်းတူအဖြစ် နာမည်ကြီး ထူးချွန်လာတာ၊ အမျိုးသမီးရေးတဲ့ ဝတ္ထုတိုကလေးတွေ အမျိုးသားစာရေးဆရာတွေနဲ့ အရည်အချင်းတူအဖြစ် တခါတခါ ရှားရှားပါးပါး ထွက်ပေါ်လာတာ၊ အဲဒါတွေကိုကြည့်ပြီး တိတ်တခိုး ကျေနပ်နှစ်သိမ်နေခဲ့မိတဲ့ ကျွန်မ။ အခုကိစ္စမှာ ဘယ်လိုမှ မနှစ်သိမ့် မကျေနပ်နိုင်ခဲ့တာ ကျွန်မရဲ့ အားနည်းချက်ပဲလား။
ကျွန်မဟာ ထူးချွန်ထက်မြက်တဲ့ နေရာတွေမှာပဲ ယောင်္ကျားတွေကို အရည်အချင်းမီချင်ပြီးတော့၊ ဆိုးရွားတယ်လို့ ကျွန်မ သတ်မှတ်ထားတဲ့ ကိစ္စတွေမှာတော့ ယောင်္ကျားတွေရဲ့ အရည်အချင်းအတိုင်း မမီချင်ဘူးပေါ့။ အဲဒီလိုပဲ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဝေဖန်လိုက်ရပါတယ်။
အဲဒီအချိန်ကစပြီး ကျွန်မတို့မိန်းမတွေကြောင်း ကျွန်မ ပိုပြီးအာရုံစိုက်လာမိတယ် ဆိုပါတော့။ ကျွန်မတို့ မိန်းမတွေ ... ကိုယ့်အကြောင်း ကိုယ့်အချင်းချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးဝေဖန်ရင်း အဖြေရှာကြည့်စရာတွေ အများကြီး ရှိသေးတယ်။ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် အားမနာတမ်း ဝေဖန်ဆန်းစစ်ကြည့်ဖို့တော့ လိုလိမ့်မယ်။
ကျွန်မတို့မိန်းမတွေ ယောင်္ကျားတွေနဲ့ တန်းတူအခွင့်အရေး မရဘူး။ နေရာတော်တော်များများ အထင်သေးခံရတယ်။ တခါတခါ အနှိမ်ခံရတယ်။ ချုပ်ချယ်မှုခံရတယ်။ ဟုတ်ပြီ၊ အဲဒါတော့ မှန်သင့်သလောက်မှန်တယ်။ ကျွန်မတို့မိန်းမတွေဘက်ကရော ယောင်္ကျားတွေနဲ့ တန်းတူအခွင့်အရေးယူဖို့ ဘယ်လောက်များ အရည်အချင်းပြည်စုံကြလို့လဲ။ ကျွန်တို့အများစုဟာ တော်ရဲ့လား၊ ဉာဏ်ရည်ထက်မြက်ရဲ့လား၊ အစွမ်းအစရှိရလား၊ ရဲရင့်သတ္တိနဲ့ပြည့်စုံရဲ့လား။ စီးပွားရေးလောက၊ ပညာရေးလောက၊ လူမှုရေးလောက၊ နိုင်ငံရေးလောကတွေမှာ ကျွန်မတို့ရဲ့ အဆင့်အတန်း ဘယ်လောက်ရှိနေပါသလဲ။
တချို့ကိစ္စတွေမှာ အခွင့်အရေးကွာခြားမှုအပေါ်မှာ မူတည်ပြီးတော့ အရည်အချင်း ကွာသွားရတာတွေ ရှိပါတယ်။ ဥပမာ-ဉာဏ်ရည်ထက်မြက်မှု ဆိုပါတော့။ မိန်းမတွေဟာ ဉာဏ်နဲ့ပါတ်သက်တဲ့ စဉ်းစားဆင်ခြင်မှု၊ တွေးခေါ်မှုဘက်ကို အာရုံစိုက်ခွင့်မရဘဲ အိမ်ထောင်မှုကိစ္စ ကွက်ကွက်လေးထဲမှာ မနားရအောင် မွန်းကြပ်ပိတ်လှောင်နေခဲ့ရတဲ့ ကာလတွေ သိပ်ကြာလွန်းတဲ့အခါ ဦးနှောက် ဖွံ့ဖြိုးမှုခြင်း သိပ်မကွာလှပေမယ့် ဉာဏ်ရည်ကျတော့ ယောင်္ကျားတွေထက် အဆင့်နိမ့်သလို ဖြစ်နေခဲ့ပါတယ်။ သင်္ချာဉာဏ်၊ တိုင်းဆဆင်ခြင်တွက်ချက်ရတဲ့ ဉာဏ်။ အဲဒီအရာမျိုးမှာ ကျွန်မတို့ဟာ ယေဘုယျအားဖြင့် အားနည်းကြပါတယ်။
ဒါနဲ့ စကားစပ်မိလို့ ကျွန်မ ဖတ်ဖူးတဲ့ ကာတွန်းကလေးတပုဒ်ကို သတိရမိတယ်။ အော်ပီကျယ်ရဲ့ ကာတွန်းလို့ ထင်ပါတယ်။ ကျွန်မ သိပ်သဘောကျတဲ့ ကာတွန်းဆရာတွေထဲမှာ အော်ပီကျယ် ပါတာပေါ့။ ကာတွန်းထဲမှာ လင်မယားနှစ်ယောက်လို့ ထင်တယ်။ ကားတစီးနဲ့။ ယောင်္ကျားက ကားမောင်းလို့၊ မိန်းမက ဘေးမှာထိုင်လိုက်လာတယ်။
ကားက ဘရိတ် လုံးဝ မမိတော့ဘူး။ ယောင်္ကျားက အထိတ်တလန့် ဖြစ်နေတယ်။ ဘရိတ်မမိတော့ဘူး၊ ဘယ့်နှယ် လုပ်ကြမလဲပေါ့။ မိန်းမက ပြန်ပြောတယ်။ လွယ်ပါတယ်မောင်ရယ်၊ တန်ဖိုးအနည်းဆုံးတခုခုကိုရွေးပြီး ဝင်တိုက်ပစ်လိုက်ပေါ့တဲ့။ ကာတွန်းရဲ့ခေါင်းစဉ်က ကျွန်မ မှတ်မိသလောက်တော့ “မိန်းမဉာဏ်”တဲ့။
ကောင်းပြီ၊ ကျွန်မတို့မိန်းမတွေ ဘယ်နေရာမှာ ညံ့နေသလဲ၊ အားနည်းနေသလဲ ကြည့်ကြရအောင်။
ခွန်အား၊ ခွန်အားအရာမှာ ကျွန်မတို့ အားနည်းပါတယ်။ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံက နွဲ့နှောင်းတယ်၊ ပျော့ပြောင်းတယ်။ သာမန်မိန်းမတယောက်နဲ့ သာမန်ယောင်္ကျားတယောက် အားချင်းယှဉ်ကြမယ်ဆိုရင် မိန်းမက ရှုံးတာပဲ။ ယောင်္ကျားတယောက်လို ကိုယ်ခန္ဓာတောင့်တင်းအောင် ခွန်အားကို စနစ်တကျတည်ဆောက်ထားတဲ့ မိန်းမတယောက်နဲ့ အားကစားလေ့ကျင့်နေကျ ယောင်္ကျားတယောက် ယှဉ်လိုက်ရင်လည်း မိန်းမက ရှုံးမှာပဲ။ ဒီတော့ ဘာမှစဉ်းစားမနေနဲ့၊ ခွန်အားချင်းကတော့ ဘယ်လိုမှ မယှဉ်သာဘူး။ ဒီခေတ်ဟာ ဟိုးရှေးခေတ်ကာလတွေလို ကိုယ်ကာယခွန်အားနဲ့ အရာရာ အဆုံးအဖြတ်ပေးတဲ့ ခေတ်မှ မဟုတ်တော့တာ။ ဉာဏ်ရည်၊ တီထွင်မှု၊ သိပ္ပံပညာ၊ နည်းပညာတွေနဲ့ တိုးတက်နေတဲ့ ခေတ်ကြီးပါ။ နောက်ပြီး ခွန်အားကြီးတဲ့သူကို ခွန်အားနည်းတဲ့သူက မရှုံးစေရအောင် ပရိယာယ်ဆိုတဲ့ ရှောင်တိမ်းမှု၊ လှည့်ပတ်မှု အတတ်ပညာ ရှိပါတယ်။
ကျွန်မတို့မိန်းမတွေကို ရှေးတုန်းကတည်းက ပညာရှိတွေက စွပ်စွဲခဲ့ရတဲ့ စကားပုံတွေ ရှိတယ် မဟုတ်လား။ မိန်းမတွေကို မြစ်နဲ့ ခိုင်းနှိုင်းတာတို့၊ မိန်းမမာယာ သဲကိုးဖြာတို့၊ စဉ်းစားကြည့်ပါ။ ကျွန်မတို့ဟာ ရန်လိုတတ်တဲ့ သူစိမ်းပြင်ပြင် လောကကြီးထဲကို ခုခံကာကွယ်စရာ ဘာလက်နက်မှမပါဘဲ ရောက်လာကြတယ်။ ကျွန်မတို့ဟာ ဒီမာယာဆိုတဲ့ လှည့်စားတိမ်းရှောင်ခြင်း အတတ်တွေနဲ့ အန္တရာယ်ကနေ ရှောင်ရ၊ တိမ်းရတာ။ ဒီမာယာနဲ့ပဲ ရန်သူကို ပြန်လည်ချေမှုန်းရတာ။ မိန်းမတွေရဲ့ မာယာဟာ လိုအပ်လို့ သုံးရတဲ့ ပညာပါ။ ဒီအတွက် ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ရှက်စရာ မလိုဘူး။ အားငယ်စရာ၊ ဂုဏ်ငယ်စရာ မလိုဘူး။
တခုတော့ ရှိတာပေါ့။ မာယာကို အသုံးချတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့က အဓိက ဖြစ်ရမှာပေါ့။ သူတပါးကို ထိခိုက်နစ်နာအောင် လှည့်စားဟန်ဆောင်တာမျိုးကိုတော့ ရှောင်ကြရမယ်။
ကျွန်မတို့မိန်းမတွေရဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေထဲမှာ သူတပါးရဲ့ ဂရုစိုက်မှုကို အလွန်အမင်း လိုချင်တာဟာလည်း တော်တော်ဆိုးပါတယ်။ မိန်းမတော်တော်များများမှာ ယောင်္ကျားတွေရဲ့ ဂရုစိုက်မှုကိုလိုချင်တဲ့ အားနည်းချက် ရှိတယ်။ ဒီယောင်္ကျားကို ကိုယ်လိုချင်တာလည်း မဟုတ်ဘဲနဲ့၊ တန်ဖိုးထားတာလည်း မဟုတ်ဘဲနဲ့၊ ဒီယောင်္ကျားက ကိုယ့်ကို စွဲလမ်းတမ်းတနေတာကို အင်မတန် ဂုဏ်ယူချင်တတ်တဲ့အမျိုး။ ဥပမာ- ကိုယ့်ကိုရည်းစားစာပေးရင် အဲဒီရည်းစားစာကို သူငယ်ချင်းတွေနဲ့ ဝိုင်းဖတ်ပြီးဟားတတ်တဲ့ အကျင့် ကျွန်မတို့မှာ ရှိတယ်။ အဲဒါ ဘယ်ကလာတာလဲ။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူချင်၊ အမွှန်းတင်ချင်တဲ့စိတ်၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသာယာတဲ့စိတ်က လာတာပါ။ အဲဒီစိတ်ကို Narcissus လို့ ခေါ်ပါတယ်။ တော်ရုံတန်ရုံ ရွက်ကြမ်းရေကျို ရုပ်ရည်ရှိတဲ့ သူတွေကတော့ ကိုယ့်ကိုယ်ကိုယ်သိလို့ ထားပါတော့။ လှတပတမိန်းမတွေ မှန်ကြည့်ရင် ကိုယ့်ကိုယ်ကိုယ် ချစ်စိတ်ကလေးတွေ မသိမသာ ချီးကျူးဂုဏ်ယူစိတ်ကလေးတွေနဲ့ ကြည့်လို့မဝနိုင်အောင် ဖြစ်ကြတာပဲ။ ကြုံဖူးကြမှာပါ။ အဲဒီ ကိုယ့်ကိုယ်ကိုယ် ချစ်စိတ်ကို နားဆစ်ဆပ်စ်လို့ ခေါ်တာပါပဲ။ ဒီစကားလုံးဟာ နာဆစ်ဆပ်စ်လို့ ခေါ်တဲ့ လူတယောက်ကို အစွဲပြုပြီး သတ်မှတ်ထားတဲ့ စကားလုံးပါ။ နာဆစ်ဆပ်စ်ဟာ ရေထဲမှာမြင်နေရတဲ့ ကိုယ့်အရိပ်ကိုပြန်ပြီး ကြည့်လို့မဝအောင် နှစ်သက်စွဲလမ်းနေခဲ့တယ်လို့ ဆိုပါတယ်။
ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်ချင်တဲ့သူတွေ၊ အတ္တကြီးတဲ့သူတွေဆီမှာ တွေ့ရတတ်တဲ့ စိတ်ထားကလေးတခုပေါ့။ အနည်းနဲ့အများတော့ လူဟာ အများက ဂရုစိုက်စေချင်တာချဉ်းပါပဲ။ ဒါကြောင့်လည်း သူတပါး ကိုယ့်ကိုဂရုစိုက်အောင် လုပ်တယ်ဆိုတဲ့နေရာမှာ ကိုယ့်တန်ဖိုးထားမှုကိုလိုက်ပြီး နည်းအမျိုးမျိုး ပြောင်းသွားပါတယ်။ ကိုယ်ကာယအရေးပြားပေါ်မှာ တန်ဖိုးထားတယ်။ တချို့က ဉာဏ်ရည်ဦးနှောက်ပေါ်မှာ တန်ဖိုးထားတယ်။
လှယဉ်ကျေးမယ်တို့ဘာတို့ ကိုယ်ခန္ဓာအလှအပပေါ်မှာ တန်ဖိုးထားတဲ့သူတွေထဲကပဲ ဝင်ပြိုင်ကြတာပါပဲ။ ကိုယ်ခန္ဓာအလှအပ အပေါ် တန်ဖိုးထားတိုင်းလည်း လှယဉ်ကျေးမယ်အဖြစ် ဝင်အရွေးခံကြတာတော့ မဟုတ်ပါဘူး။ လှယဉ်ကျေးမယ် ပြိုင်ပွဲဝင်တဲ့အခါမှာ သာမန်လမ်းလျှောက်ပြရုံနဲ့ ပြီးတာမဟုတ်ဘူး။ ကိုယ်ခန္ဓာမှာရှိတဲ့ ကောက်ကြောင်းတွေ၊ အထူးသဖြင့် ရင်နဲ့ တင်ပေါ့လေ။ ညှစ်ထုတ်ပြရ၊ လိမ်ကောက်ပြရ၊ ပေါ်လွင်အောင်လို့ ဖြစ်မှာပေါ့နော်။
သူတို့ဆီက မစ်စ်အမေရိကတို့၊ မစ်ယူနီမာ့စ်တို့ ပြိုင်ပွဲဝင်တဲ့ ဗီဒီယိုတိပ်ခွေတွေ ကျွန်မ ကြည့်ဖူးတယ်။ မယ်ဖြစ်ဖို့ ကိုယ်ခန္ဓာတခုတည်း ပြရုံနဲ့ မရဘူး။ စကားအရာမှာ လိမ္မာရမယ်၊ ဗဟုသုတ ရှိရမယ်၊ သွက်လက်ရမယ်၊ ဖြတ်ထိုးဉာဏ်ရှိရမယ်၊ ခပ်တုံးတုံးအအနဲ့ မယ်ဖြစ်လိမ့်မယ် မထင်နဲ့။ ဘာပဲဖြစ်ဖြစ်လေ၊ မယ်ဆိုတာ အဓိကတော့ ကိုယ့်ရုပ်ဝတ္ထုအရည်အချင်းပေါ်မှာ တန်ဖိုးထားတဲ့သူတွေရဲ့ အလုပ်။ မယ်ဖြစ်ပြီးတော့ ထင်ပေါ်ကျော်ကြားမယ်၊ မယ်ကနေပြီး ရုပ်ရှင်မင်းသမီးဖြစ်မယ်၊ သူတို့ ရည်ရွယ်ချက်က အဲဒီအထိ ရှိမှာပဲ။ ဟိုရှေးရှေးတုန်းကလည်း မယ်တွေ ရုပ်ရှင်မင်းသမီး ဖြစ်ခဲ့တာ မဟုတ်လား။ ဖျာပုံမယ် တင်တင်အေး၊ အင်မတန်လှတဲ့ မင်းသမီးပဲ။ ပြည်ထောင်စုမယ် ခင်သန်းနု၊ အခုအရွယ်ရောက်တဲ့အထိ ကိုယ်ခန္ဓာ လှပပြေပြစ်တုန်း။ သူတို့ခေတ်က ဘောင်းဘီတို့နဲ့ ဝင်ပြိုင်ကြရလို့လား မသိဘူး၊ ခင်သန်းနုရဲ့ မယ်ပြိုင်ပွဲဝင်ဓာတ်ပုံတွေ ကျွန်မကြည့်ဖူးသလောက်ဖြင့် ကိုယ်ခန္ဓာ လိမ်ကောက်ညှစ်ထုတ်ပြတာ မတွေ့ရပါဘူး။ ခြေစုံရပ်၊ ရင်ကလေးချီ၊ ခပ်ကြွကြွကလေး ဟန်ပြတာတော့ တွေ့ရပါတယ်။ အင်းလေ...ကိုယ်မှာရှိတာတွေ ညှစ်ထုတ် လိမ်ကောက် လမ်းလျှောက်ပြရမယ်ဆိုတဲ့ အသိမျိုး မပေါ်သေးလို့ ဖြစ်မှာပေါ့။
ဒါထက်ဆိုးတာကျတော့ အဝတ်အစား လျှပ်ပေါ်လော်လည်ခြင်းအားဖြင့် သူတပါးဂရုစိုက်လာအောင် လုပ်ပြတဲ့ အမျိုးအစား။ လောကမှာ လူ့ယဉ်ကျေးမှုအရ ဖုံးထားမှ သင့်တော်မှာမို့ ဖုံးကွယ်အပ်တဲ့အရာတွေ ရှိတယ် မဟုတ်လား။
အဲဒီအရာတွေကို လူမြင်အောင်ပြပြီဆိုရင်တော့ ဒါဟာ အင်မတန်ကို ထင်ပေါ်ချင်လွန်းတဲ့ အမျိုးအစားအဖြစ် သတ်မှတ်ခံရပါတယ်။ ဒီခေတ် မိန်းမဣန္ဒြေနဲ့တော့ ဘယ်တူနိုင်မလဲ။ ဒီခေတ်မှာ ပြောင်းလဲလာတဲ့ ဘဝရပ်တည်မှု၊ ရုန်းကန်မှုတွေအရ ထိုက်သင့်တဲ့၊ လွတ်လပ်တဲ့ အဝတ်အစားကိုတော့ ဝတ်ရမှာပါ။ ထဘီခပ်တိုတို ဝတ်ချင်သလား ရတယ်။ စကတ် ဝတ်ချင်သလား ရတယ်။ ဘောင်းဘီဝတ်ချင်သလား ခပ်ပွပွ ဝတ်နိုင်သေးတယ်။ ချက်နည်းနည်းပေါ်ပြီး ဝတ်ချင်သလား၊ အဲနည်းနည်း စဉ်းစား။ အရွယ်ငယ်ငယ်လေးဆိုရင် လှလှပပ သင့်တော်ပါသေးတယ်။ ဟိုပစ္စည်းပြ၊ ဒီပစ္စည်းပြ ဆိုရင်တော့ ယောင်္ကျားတွေက တပ်မက်ပြီပေါ့။ လူကိုယ်တိုင် ပြစ်မှားလို့ရရင် အခုချက်ချင်း ပြစ်မှားပစ်ချင်စိတ်နဲ့ အငမ်းမရ ကြည့်ကြမှာပေါ့။ အဲဒါဟာ ယောင်္ကျားတွေရဲ့ အပြစ်လား။ ကျွန်မတို့ မိန်းမတွေရဲ့ အပြစ်လား။ သူတို့ စောဒကတက်စရာပဲ မဟုတ်လား။ ကျွန်မ ယောင်္ကျားတွေရဲ့ မျက်လုံးမျိုးနဲ့ ခဏခဏ ကြည့်မြင်ခံစားဖူးပါတယ်။ တော်တော် ရင်ခုန်စရာကောင်းတာပဲ။ ဟောလိဝုဒ်က ရုပ်ရှင်မင်းသား ရစ်ချတ်ဂီယာရဲ့ ဇနီးဟောင်း စင်ဒီကရောဖို့ဒ်ဆိုရင် ကျွန်မ အလွန်ရင်ခုန်ရတဲ့ မင်းသမီး ကိုယ်ဟန်ပြမယ်ပါ။
ထားပါတော့လေ။ ဒါက ကိုယ်ခန္ဓာ အရည်အချင်းကို တန်ဖိုးထားသူတွေရဲ့ နည်းပညာပေါ့။ ဟော ကျွန်မတို့လို ရုပ်ပိုင်းဆိုင်ရာ အရည်အချင်း လုံးဝ မရှိတဲ့သူတွေကျတော့ရော။ ထင်ပေါ်ကျော်ကြားမှုကို မလိုချင်ဘူးတဲ့လား။ ဘယ်နေလိမ့်မလဲ၊ လိုချင်တာပဲပေါ့။
ရုပ်ရည်ချို့တဲ့တဲ့ မိန်းကလေးတွေ မိဘက ချမ်းသာရင် ရွှေငွေပစ္စည်းအလှအပနဲ့ ဂုဏ်ယူကြတယ်။ အဲဒီလက်ဝတ်ရတနာနဲ့ အဝတ်အဆင်ကိုက သူတန်ဖိုးထားတဲ့ အရည်အချင်းကိုး။ ကျွန်မဆိုရင် ရုပ်ရည်အရည်အချင်းကလည်း မရှိ၊ မိဘကလည်း ပိုက်ဆံမချမ်းသာ။ ဒီအခါမှာ ကျွန်မ ဘာဖြစ်လာသလဲ။ ပညာအရည်အချင်းကို တန်ဖိုးထားပြီး လူတွေရဲ့ ဂရုစိုက်မှုကို ရခဲ့သူ ဖြစ်လာပါတယ်။ ပညာထူးချွန်ရခြင်းရဲ့ အရသာကို ကျွန်မ နှစ်သက်သွားတယ်။ ဒီအခါမှာ ကျွန်မရဲ့ ဘဝတန်ဖိုးဟာ ထူးချွန်ထက်မြက်ခြင်းရယ်လို့ ဖြစ်လာပါတယ်။ စာရေးဆရာ ဖြစ်လာပြန်တော့ အနုပညာဆိုင်ရာ ပညာရှာဖွေမှုအတွက် တန်ဖိုးထားတဲ့သူ ဖြစ်လာပြန်တာပေါ့။ ဒါကြောင့်လည်း စာအုပ်တွေ၊ ပန်းချီကားတွေ၊ တိပ်ခွေတွေ၊ ဓာတ်ပြားတွေ ဝယ်ယူ စုဆောင်းခံစားဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် ဖိနပ်ကျတော့ တထောင်ထက် ဈေးများရင် ဝယ်ဖို့ နှမြောတွန့်တိုမိနေရော။ ဒါကြောင့်လည်း ဗိုလ်ချုပ်ဈေးကို တခါတလေ တိပ်ခွေတွေဓာတ်ပြားတွေ အရှာသွားတဲ့အခါ မျက်စိလည်လမ်းမှားပြီး အဝတ်အစား အလှအပ ပစ္စည်းတွေဆိုင်ဘက် ရောက်သွားရင် ကျွန်မမှာ ရင်သပ်ရှုမော ဖြစ်မိတယ်။ ဆန်းလိုက်လှလိုက်တဲ့ ပစ္စည်းတွေ၊ အမျိုးမျိုးပဲ။ ဈေးနှုန်းတွေဖတ်ကြည့်ရင်၊ မေးကြည့်ရင် မျက်လုံးပြူးရပါတယ်။
အံမယ်- ကိုယ်ကသာဝယ်ဖို့ စိတ်မကူးနိုင်တာ၊ ဝယ်လိုက်တဲ့ မိန်းကလေးတွေ မနည်းပါဘူး၊ ကြိတ်ကြိတ်တိုးနေတာပဲ။ ထောင်နဲ့သောင်းနဲ့ချီပြီး တန်ဖိုးကြီးတဲ့ပစ္စည်းတွေကို သူတို့ဝတ်နေတာဖြင့် နည်းနည်းမှတောင် တွေဝေစဉ်းစားတာမျိုး မရှိဘူး။ လွယ်လိုက်တာ။ အသက်ကလေးတွေ ကြည့်တော့ ဘာရှိဦးမလဲ၊ ၁၆နှစ်နဲ့ နှစ်ဆယ်ကြား၊ နှစ်ဆယ်ထက်ကျော်ရင် သုံးလေးနှစ်ပေါ့။ သူတို့လေးတွေ ဝတ်စားလာကြပုံကလည်း လှမှလှ၊ ဆန်းမှဆန်း။ ငယ်ငယ်ရွယ်ရွယ်နဲ့ ငွေကို အုပ်လိုက် ကိုင်သုံးနေတာမြင်တော့ ကျွန်မဖြင့် တော်တော် စဉ်းစားရခက်ပါရဲ့။ သူတို့ ဘာအလုပ်တွေလုပ်လို့ ဘာဝင်ငွေတွေ ဘယ်လောက် ရနေကြလို့ပါလိမ့်။ ဒီအရွယ်တွေနဲ့ ဒီလောက်ဝင်ငွေတွေရနေတာ တိုးတက်မြင့်မားလာတဲ့ အဓိပ္ပါယ်လား။ ကျွန်မ ဆရာဝန်ဖြစ်တော့ အသက် ၂၅နှစ်ကျော်၊ ၂၆နှစ်။ တနေ့တနေ့ ဆေးခန်းဝင်ငွေဟာ စားစရိတ်တောင်အနိုင်နိုင်ပဲ။
အခုကျတော့ ဒီကလေးမတွေရဲ့ ဝင်ငွေဟာ တော်တော်ကြီးကို ကောင်းနေတဲ့ သဘောပေါ့နော်။ မိဘတွေကလည်း ချမ်းသာပုံရပါရဲ့။ မုဒိတာပွားချင်ပေမယ့် အလှအပကို အရေးပေးလွန်းတာ မြင်ရတော့ တော်တော်တုန်လှုပ်မိပါတယ်။
---
#ဂျူး
#ကျွန်မတို့မိန်းမတွေ
#shared_by_louis_augustine
Comments
Post a Comment