လူငယ်ခြေကျ // တင်ညွန့်
လူငယ်ခြေကျ // တင်ညွန့်
---
လူငယ်ခြေကျ
---------------
ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝ ၁၉၇၅ ဝန်းကျင်
တိုးတိုးတိတ်တိတ် ကဗျာစာအုပ်လေးတွေ ရောင်းကြသည်။
တိုးတိုးတိတ်တိတ် တားမြစ်ပိတ်ပင်ထားသော စာအုပ်တွေ လဲလှယ်ဖတ်ကြသည်။
ဆိုရှယ်လစ်ခေတ် မဟုတ်ပါလား။
တစ်ည ကျွန်တော်တို့ လှည်းတန်းက ပြန်လာကြသည်။ ဦးချစ်ဆိုင်ကဖြစ်သည်။ ကျွန်တော်က ပဲခူးဆောင်မှာ နေသည်။ ထိုစဉ်က အင်းဝဆောင်မှ သူငယ်ချင်းတွေနှင့်အတူသွားခြင်းဖြစ်သည်။ အဆောင်ရှေ့ရောက်တော့ ကျွန်တော်က သူတို့ကို နှုတ်ဆက်သည်။
“ဟေ့လူ ... မဝင်ပါနဲ့ဦး ... ကွန်ဗိုကေးရှင်းရှေ့မှာ သီချင်းသွားနားထောင်ရအောင်”
“နေပါဗျာ”
“နေပါဗျာ မလုပ်နဲ့ ... ခင်ဗျား မကြားဖူးသေးတဲ့ သီချင်းကို နားထောင်ရမှာ”
“ဘာသီချင်း မို့လို့လဲ”
“စိုင်းခမ်းလိတ်သီချင်း ... စိုင်းထီးဆိုင် ဆိုထားတဲ့ သီချင်းပေါ့”
“စိုင်းထီးဆိုင်သီချင်တွေ နားထောင်ဖူးပါတယ်”
“ဒါပေမဲ့ အဲဒီသီချင်းကို ခင်ဗျား မကြားဘူးတာသေချာတယ်”
ထိုစဉ်က ကျွန်တော်လည်း စိုင်းထီးဆိုင် ခရေဇီ။ သို့သော် ဂစ်တာဝိုင်းတွေနဲ့ ပဏာမစား၊ သွားနားထောင် လေ့လည်းမရှိ။ ယနေ့မှ တိုးတိုးတိတ်တိတ်သီချင်းဟုဆိုသဖြင့် သူတို့နှင့်အတူ လိုက်သွားမိသည်။
ကွန်ဗိုကေးရှင်းရှေ့ မြက်ခင်းတွင် အုပ်စုတစ်စု ငါးယောက် ဝိုင်းထိုင်နေကြသည်။ ကျွန်တော်တို့နှင့် ပေါင်းလိုက်တော့ ၁၀ ယောက်ဖြစ်သွားသည်။
“ဟိုသီချင်း ဆိုပြီးပြီလား”
“ဆိုပြီးပြီ”
“ထပ်ဆိုပါဦး ကြားချင်လို့”
သူတို့အထဲမှ တစ်ယောက်က ဂစ်တာကို တီးပြီး နှစ်ယောက်က သံပြိုင်ဆိုသည်
“သင်တုန်းကတော့ သင်လိုက်ရတဲ့ ပညာတွေ
ကမ္ဘာမြေကို အုပ်စိုးဖို့မလောက် ကျနေ
ကိုယ်ဘွဲ့ရတော့ ရှာထားခဲ့တဲ့ ဒီအတတ်တွေ
အသုံးဝင်ပေမယ့် ဘယ်သူမှ မသုံးပေ”
တကယ်ပင် ကျွန်တော်တို့ မကြားဘူးသေးသည့်သီချင်းဖြစ်နေသည်။ သီဆိုသူတွေကလည်း အသံ ကောင်းလှ သည်။ ပထမတစ်ပိုဒ်နှင့်ပင် ကြက်သီးများ ထမိသည်။
“အတောင်အလက် ပြည့်ပြီးကာမှ
ကောင်းကင်လိုင်စင်မရလို့
မပျံနိုင်တဲ့ ငှက်ကလေးလို
တို့များရဲ့ ဘဝဟာလေ
တကယ်လူမှန်နေရာမှန် မရှိတဲ့
ခေတ်လူငယ်ခြေကျတွေ”
ဒုတိယတစ်ပိုဒ် အသည်းခိုက်သွားသည်။ ကိုယ့်ဘဝတွေကို ထင်ဟပ်နေသောကြောင့်ဖြစ်သည်။ ထိုခေတ်က ဆိုရှယ်လစ်ခေတ်ဖြစ်ရာ “လူမှန် နေရာမှန်” ဆိုသည့် စကားတွေကို တွင်ကျယ်စွာ သုံးကြသည်။ သို့သော် အမှန်တကယ် လူမှန်နေရာမှန် မရှိ။ လူငယ်ခြေတက်လေးတွေဟု မြှောက်ပင့်ပြောကာ ပေါ်လစီထဲ ရိုက်သွင်းပြီး လမ်းစဉ်၊ ရှေ့ဆောင်၊ တေဇလူငယ်တွေထဲ ရိုက်သွင်းနေချိန်တွင် စိုင်းခမ်းလိတ်က တစ်လုံးတည်း ပစ်သွင်းလိုက်သည့်
“လူငယ်ခြေကျ”
ကျွန်တော့်ရင်ထဲကို အခိုက်ဆုံးမှာ
“ကောင်းကင်လိုင်စင်မရလို့ ... မပျံနိုင်တဲ့ ငှက်ကလေးလို” ဆိုသည့် အသုံးလေးကိုဖြစ်သည်။
ကျွန်တော်အပါအဝင် ထိုနေ့က ကွန်ဗိုကေးရှင်းရှေ့တွင် ဝိုင်းထိုင်နေသူတွေပါ လိုင်စင်မရှိသူ ဖြစ်သည်။ ထိုနည်းတူစွာပင် ဤကျောင်းဝင်းကြီးတစ်ဝင်းလုံးကို လာရောက်မှီခိုနေကြသည့် သူတွေအားလုံးရော လိုင်စင် ရထားပြီးပြီလား။ ဘွဲ့လက်မှတ်သည် လိုင်စင်လား။
မည်သို့ဆိုစေ ထိုညကို ကျေနပ်သည်။ ကွန်ဗိုကေးရှင်းရှေ့တွင် လူငယ်ခြေကျသီချင်းကို နားထောင်ခဲ့ ရသောကြောင့်ဖြစ်သည်။
“ငါတို့ဘဝ လိုင်စင်မရှိတဲ့ ဘဝ” ဟု ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်တွေ ဝင်လာမိသည်။ မကြာမီ ကျွန်တော်တို့ ဤကျောင်းတော်ကြီးကို ခွဲခွာရတော့မည်။ ခေတ်လူငယ် ခြေကျ ငါတို့မှာ ပျံသန်းဖို့ လိုင်စင်ရှိကြပါရဲ့လား။
ကျွန်တော်တို့ ကွန်ဗိုကေးရှင်းရှေ့က ညဉ့်နက်မှ ပြန်လာကြသည်။ ထိုသီချင်းကို အားလုံး အလွတ်ရလုနီးပါး ဖြစ်ကုန်သည်။ ထိုသီချင်းကို တိုးတိုးတိတ်တိတ် သီဆိုကာ လက်ဆင့်ကမ်းကြသည်။ ထိုခေတ်က ပြည်တွင်းမှာ သီဆိုဖြန့်ချိခွင့် မရခဲ့သော သီချင်းဖြစ်သည်။
“ခေတ်လူငယ်ခြေကျ” ဆိုသည့် အသုံးလေးနှင့် “လိုင်စင်မရတဲ့ငှက်ငယ်” အသုံးလေးက စွဲနေသည်။ ယနေ့ အသက် ၇၀ နီးသည့် အချိန်အထိ မှတ်မိနေသည်။
ဘွဲ့ရပြီးတော့ အလုပ်လက်မဲ့ တကယ်ဖြစ်ခဲ့ရသည်။ ထိုအချိန်တွင် ၁၀ တန်းမအောင်သည့် သူငယ်ချင်း တစ်ယောက်က ရန်ကုန်တွင် လုပ်ငန်းရှင် သူဌေးကြီးဖြစ်နေသည်။ ကျွန်တော်တို့ လေးနှစ်လေးမိုး တက္ကသိုလ်ထဲ သွားနေစဉ်တွင် သူက မိဘလုပ်ငန်းတွေကို ဦးစီးပြီး ကားစီးနေနိုင်ပြီ။ သူ့ထံကို တစ်နေ့သွား လည်ရာ သူက
“မင်း ငါ့စက်ရုံမှာ လာလုပ်ပါလား ... မင်းကို မန်နေဂျာခန့်မယ်” ဟု ဆိုလိုက်သည်။
ကျွန်တော် ပြုံးလိုက်မိသည်။ စိုင်းခမ်းလိတ် သီချင်းထဲကအတိုင်း ဖြစ်လာသည်။
“ဆယ်တန်းကျလို့ ကျန်နေရစ်တဲ့ လူတွေတောင်
အိမ်ပိုင် ကိုယ်ပိုင်ကားနဲ့ သူဌေးဖြစ်နေ
ကိုယ်ဘွဲ့ရတော့ သူတို့တွေဆီ ပြန်သွားပြီး
ကားဒရိုင်ဘာ ဝင်လုပ်ဖို့ကိန်းပေ”
ကျွန်တော်က သူငယ်ချင်းကို ပြုံးပြီး နှုတ်ဆက်ခဲ့လိုက်သည်။ သူ့ဆီကပြန်လာပြီးနောက် အလွန်အရလွယ်သော ကျောင်းဆရာအလုပ်ကို ဝင်လျှောက်ကာ ကျောင်းဆရာဖြစ်လာသည်။ ကျွန်တော့်ကောင်းကင်က ကျောင်းဆရာဘဝ။ ကျွန်တော် ကျောင်းဆရာဘဝတွင် လိုင်စင်ရခဲ့သည်။ သို့သော် ဖြစ်ချင်တာနဲ့ ဖြစ်နေတာက တခြားပင်။ ကျွန်တော် ဖြစ်ချင်တာက သတင်းစာဆရာ။ ထိုခေတ် ဆိုရှယ်လစ်အစိုးရက အုပ်စိုးထားသဖြင့် ဝင်ချင်တိုင်း ဝင်ခွင့်မရသည့်နေရာ။
“တကယ့် လူမှန် နေရာမရှိတဲ့
ခေတ်လူငယ်ခြေကျတွေ”
ကျွန်တော်တို့ လူငယ်ဘဝမှ ဖြတ်သန်းခဲ့ရသော ကာလတွေက ၂၀ ရာစု။ ထိုရာစုတွင် လူငယ်ခြေကျ ဘဝတွေနှင့် ဖြတ်သန်းခဲ့ရပြီးမှ ၂၁ ရာစုသို့ရောက်သောအခါတွင် လူကြီးခြေကျိုးတွေ ဖြစ်နေကြပြီ။
၂၁ ရာစု လူငယ်တွေကတော့ သူတို့ဘဝကို သူတို့ပိုင်သည်။ လိုင်စင်မရှိသောကြောင့် ပျံသန်းခွင့်ကို ထိုင်စောင့်နေကြမည့် သူတွေမဟုတ်။ ဝစ်သောက် ထပျံမည်သူတွေဖြစ်သည်။
(စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင် သီဆိုခဲ့သော “လူငယ်ခြေကျ” သီချင်းလေးကို ဂုဏ်ပြုကာ ပြန်လည် ရေးဖွဲ့ခြင်း ဖြစ်ပါသည်)
တင်ညွန့်
၃၁.၅.၂၀၂၃
---
---
#တင်ညွန့်
#လူငယ်ခြေကျ
#shared_by_louis_augustine
#sbla
Comments
Post a Comment