ဘူး // နေဝင်းမြင့်

ဘူး // နေဝင်းမြင့်

(ရွှေအမြုတေ၊ ၁၉၉၁ ခု၊ ဇန်နဝါရီလ)

---

(၁)

နေ့လယ်နေ့ခင်း ‘ဟောဒီက မုန့်လက်ဆောင်း’ ဆိုတဲ့ အသံစူးစူး အနောက်ပိုင်းက အော်သံကြားတာနဲ့ အရီး မမည်းကျုတ် တလှုပ်လှုပ်နဲ့ ရောက်လာတတ်ပြီး ခုံတန်းရှည်လေးပေါ် ထိုင်မိတာနဲ့ ခေါင်းက တဘက်ဆွဲချပြီး ဟောဟဲလိုက်နေလိုက်တာ အကြာကြီး။ သူ ရောက်လာတာနဲ့ မုန့်လက်ဆောင်းသည် မမြစိန် အိမ်ဝိုင်းရှေ့ ရောက်လာတာနဲ့က အနေတော် ဖြစ်နေတတ်တယ်။ များသောအားဖြင့်က နေ့ခင်းကြီး နှစ်ချက်ထိုးလောက်ဆိုရင် မုန့်လက်ဆောင်းသည် ရောက်လာတတ်တယ်။ အိမ်ရှေ့တာလမ်းပေါ်က ‘သောက်ကြဦးမလား မခင်လှတို့၊ မမြခင်တို့’ လို့ မုန့်လက်ဆောင်းသည်က သံရှည်ကြီးနဲ့ လှမ်းမေးရင်ပဲ အမေက ‘လာဦးဟေ့’ လို့ ခေါ်ရရော။ တကယ်တော့ အမေက သူသောက်ချင်လို့ မဟုတ်ဘူး။ သူ့ဟာသူ ဘယ်တုန်းကမှ ခေါ်ဖူးတာမဟုတ်ဘူး။

ကျွန်တော်တို့ ကလေးတွေကို တိုက်ချင်လှလို့လည်း မဟုတ်ဘူး။ အရီး မမည်းကျုတ်ကြီးကို တိုက်ချင်လို့။ ကျွန်တော်တို့ကတော့ ဘယ်သူ့တိုက်ချင်တာပဲဖြစ်ဖြစ်လေ သောက်ရတော့မှာ သေချာနေတာကိုး။ အရီး မမည်းကျုတ်ကိုပဲ မျှော်တယ်။ တခါတလေ နေ့ခင်း အိပ်ပျော်သွားလို့ဖြစ်စေ၊ နေမကောင်းလို့ဖြစ်စေ အရီး မမည်းကျုတ်ကြီး မလာဖြစ်ရင် မုန့်လက်ဆောင်းသည်က ဘယ်လောက်အော်နေနေ၊ ခေါ်နေနေ အမေက အရေးတောင်မလုပ်ဘူး။ ဒီတော့ ကျွန်တော်တို့ကလည်း ဒီအဘွားကြီးလာပါစေလို့ မုန့်လက်ဆောင်းသည် အသံကြားတာနဲ့ မျှော်လည်းမျှော်၊ ဆုလည်းတောင်းပေါ့။ ပထမတော့ မုန့်လက်ဆောင်းသည်လာတိုင်း အရီး မမည်းကျုတ်ကြီးကို ခေါ်ခေါ်တိုက်နေတာ ခင်လို့မင်လို့ အောက်မေ့တာ။ သက်ကြီးဝါကြီးမို့လို့ ထင်တာ။ နောက်တော့ ဘယ်ကဟုတ်ရမှာလဲ။ အရီး မမည်းကျုတ်ကို ကြောက်လို့တဲ့။ ဘူးသွင်းလိုက်မှာ စိုးလို့တဲ့။ ပြုစားလိုက်မှာ စိုးလို့တဲ့။ အရီး မမည်းကျုတ်ကြီးက စုန်းမကြီးတဲ့။

ဒါတောင် ဒီစကားကို အမေက ပြောရဲတာမဟုတ်ဘူး။ ဒေါ်လေးယောက်ျား ဦးလေးခင်က အရက်ကလေး တထွေထွေနဲ့ ပြောလို့ သိရတာ။

“မင်းအမေနဲ့ မင်းဒေါ်လေးက ဒီစုန်းမကြီးကို ကြောက်နေရတာကွ၊ နေ့တိုင်း မုန့်လက်ဆောင်း ခေါ်တိုက်ရတာနဲ့၊ ထမင်းဟင်းပေးရတာနဲ့၊ လက်ဖက်ဝယ်ပေးရတာနဲ့၊ ပဲလေး နှမ်းလေး ပေးရတာနဲ့” တဲ့။

ကျွန်တော်က ညဘက် အမေ့ကိုမေးတော့ အမေက အမေးတောင် မခံဘူး။ မျက်လုံး မျက်ဆန်တွေပြူးလို့၊ မျက်စိမျက်နှာတွေ ပျက်လို့။ “ဟဲ့ … ရွှေစကား ရွှေနားနဲ့ကြားပါစေ၊ ငွေစကား ငွေနားနဲ့ ကြားပါစေ၊ ဖွဟဲ့ တောစကားတောပျောက်” တဲ့။

အဲဒါက ဘာပြောမှန်းလည်း မသိဘူး။ ဝန်ခံတာလည်း မဟုတ်ဘူး။ ငြင်းတာလည်း မဟုတ်ဘူး။ ဟုတ်သလိုလို မဟုတ်သလိုလိုနဲ့။ မုန့်လက်ဆောင်း ဝယ်တိုက်ရတယ် ဆိုတာကလည်း တကယ်တော့ ဘာမှ ကုန်လှတာတော့လည်း မဟုတ်ပါဘူး။ အဲဒီခေတ်က ထန်းလျက်ဖျော်ရည် အုန်းသီးခြစ် နိုင်းချင်းနဲ့မှ တခွက် ပြားနှစ်ဆယ်ရယ်။ သောက်ပါလေ့၊ မုန့်လက်ဆောင်းသည်ကလည်း ဒီမိန်းမကြီးကို ကြောက်တယ်နဲ့တူပါရဲ့။ ဒီဝိုင်းထဲ ဝင်လာတာနဲ့ ဟော … အမေ မည်းကျုတ်နဲ့တော့ ဆုံပါ့တော်၊ ဟန်ကျလိုက်တာ၊ အမေ သောက်ဦးနော်ဆိုတာ ထပ်နေတာပဲ။ မျက်နှာကလည်း ချိုထားလိုက်တာ သူ့အိုးထဲက ထန်းလျက်ရည်ကတောင် မေတ္တာပို့ရတဲ့အထိ။ ဒါပေမယ့် သူ့အိုးတွေကိုတော့ အထိမခံဘူး။ ခပ်ဝေးဝေးမှာ ထားတယ်။ ထည့်တယ်။ ပြင်ပြီးသားခွက်ထဲ ဇွန်းစိမ်းလေးတပ်ပြီး တရိုတသေ လာပေးတယ်။ အားလုံးသောက်ပြီးကြလို့ အမေက ပိုက်ဆံထုတ်ပေးရင် ‘အမေ မမည်းကျုတ်အတွက် ထည့်မပေးနဲ့၊ ဒါက ဒါနလုပ်တာ’ လို့ အမြဲပြောတတ်တယ်။ အမေကလည်း အလျော့မပေးဘူး။ ‘ကျုပ်ကလည်း ဒါနပါအေ’ တဲ့။ ပြားနှစ်ဆယ်တန် မုန့်လက်ဆောင်းကို ဒါနချင်း ပြိုင်နေကြသေးတာ။ အမေကတော့ အတင်းပေးတာပါပဲ။ အမေက အရီး မမည်းကျုတ်က သူလာရင် လက်ဖက်အစ်တလုံး အမြဲပါလာတတ်တယ်။ တခါတလေ လက်ဖက်ပါတယ်။ တခါတလေ မပါဘူး။ အမြဲပါတာက လက်ဖက်အစ်ပဲ။ အမြဲမပါတာက ဆီပဲ။ စကားလေး တော်တော်ပြောပြီးမှ “လှခင် ဆီလေးဆမ်းပေးစမ်းအေ၊ ညည်းပဲဆီက မွှေးလိုက်တာ၊ ကိုတင် ဆုံက မဟုတ်လား” ဆိုပြီး လက်ဖက်အစ် ထိုးပေးရော။ အမေက အိမ်ကဟင်းသာ ဆီမပါရင်နေရမယ်။ လက်ဖက်အစ်ထဲတော့ ဆီတွေဆိုတာ ဝါဆိုဝါခေါင်ပဲ။ အဲဒီနောက်တော့ လက်ဖက်လေးစားလိုက်၊ စကားတွေ ဖောင်လိုက်နဲ့ လေလုံးရိုက်တော့တာ။ အမေနဲ့ ဒေါ်လေးက ငုတ်တုတ်။ ထမင်းအိုးကတော့ မနက်ကတည်းက ညနေစာပါ ရောချက်ထားလို့ ထားပါတော့။ စိုက်ထားတဲ့ စံပယ်ပင်တွေလည်း ရေမလောင်းဖြစ်ဘူး၊ ခရမ်းပင်တွေလည်း ရေမသောက်ရဘူး။ ညသိပ်ရေလေး ထည့်ထားချင်လို့ ရေချိုတွင်းလည်း မသွားဖြစ်ဘူး။ ညနေမိုးချုပ်လို့ အရီး မမည်းကျုတ် ပြန်တော့မှ လွတ်လပ်ရေး ရတော့တယ်။

---
 
(၂)

အရီး မမည်းကျုတ်ကြီးက တော်တော်လေးလှမ်းတဲ့ လက်ပံပင်ချောင်လို့ ခေါ်တဲ့ တဲစုတွေမှာ နေပါတယ်။ လက်ပံပင်အိုကြီး တပင်ကလည်းရှိတော့ ဒီနာမည်ပဲ တွင်နေတော့တယ်။ ရွာကတော့ သူ့ကို အမျိုးမျိုး ခေါ်ကြတာပါပဲ။ အရီးကျုတ် တဲ့။ အမေကျုတ် တဲ့။ အမေက မမည်းကျုတ် တဲ့။ ဘွားကျုတ် တဲ့။ ဘွားမည်းကျုတ် တဲ့။ ကျွန်တော်တို့ကတော့ အမေတို့ ခေါ်သလိုပဲ အရီး မမည်းကျုတ်ပဲ ခေါ်တယ်။ တဲစုကလေးတွေထဲမှာ သူ့တဲက အစုတ်ဆုံး။ သက်ကယ်တွေကလည်း ကြယ်မြင် လမြင်။ ထရံတွေက တုတ်ထိုးအိုးပေါက်။ သည်ကြားထဲ တဲက လဲလုလဲခင်ကလေး။ ကပြင်လေးထုတ်ထားတဲ့ အိမ်ရှေ့ ဝါးကြမ်းခင်းပေါ်မှာ ရေအိုးနှစ်လုံးရှိတယ်။ ဒါပဲ။ လှမ်းမြင်ရတာ သည်အိုးနှစ်လုံးပဲ။ လသာတဲ့ ညတွေမှာတော့ ဆေးလိပ်တဖွားဖွား ထိုင်သောက်နေတတ်တဲ့ နေရာကလေးပေါ့။ မနက်ဆိုရင်တော့ ရွာစဉ်ကိုးပေါက် ထွက်တော့တာပဲ။ ကိုရင် ပြန်ချိန်လောက်ဆိုရင် တောင်းရမ်းရလာတဲ့ ဟင်းတခွက်၊ နှစ်ခွက်နဲ့ တဲကို ပြန်လာရော။ အရီး မမည်းကျုတ်အိမ်က မီးခိုးထွက်စရာ မလိုဘူးလေ။ အဝတ်အစားကလည်း လဲစရာ ပယ်စရာမရှိဘူး။ အမေတို့က ‘တာပလာကိုး’ လို့ ခေါ်တဲ့ ထဘီအနက်ပွင့်ကလေးနဲ့ အညာကြယ်သီးတံအင်္ကျီရှည်ကြီးကို မချွတ်တမ်း ဝတ်တယ်။ ရေချိုးတယ်လို့လည်း မရှိဘူး။ ချိုးတာလည်း မတွေ့ဖူးဘူး။ အရပ်ဆိုတာလည်း မိုးထိုး။ ပိန်လိုက်တာကလည်း အရိုးမှာ အသားပါတယ် ဆိုရုံကလေးတင်ရယ်။ မျက်နှာက အရေးအကြောင်း အတွန့်တွေဆိုတာကလည်း ကျောက်ပေါက်မတွေနဲ့ အပြိုင်ပဲ။ မျက်နှာတခုလုံး ကျီးခြေရာတွေ ထနေတဲ့ပုံမျိုး။ မျက်ပေါက်ကျဉ်းကျဉ်းနဲ့ မဟာနဖူးကြီးနဲ့ကလည်း ဘယ်လိုမှကို မလိုက်တာ။ မဟာနဖူးကလည်း ကျယ်လိုက်တာများ နဖူးပေါ် သတင်းစာ ကန့်လန့်တင်ထားသလား မှတ်ရတယ်။ ပျော့တွဲနေတဲ့ နားနှစ်ဖက်မှာတော့ ပြောင်းဖူးဖက်ကလေး ကျစ်ကျစ်လိပ်ပြီး ထိုးထားတယ်။ ဖြူခြောက်ခြောက် ဆံပင်ကို ကွမ်းသီးလုံးလောက် ဆံထုံးကလေးထုံးပြီး ခေါင်းထိပ်မှာ တင်ထားတယ်။ ရွာကလူတွေက မနက်စောစော သူရောက်လာမှာပဲ စိုးတယ်။ ဈေးထဲက ဈေးသည်တွေကလည်း လာဘ်ဦးလာဘ်ဖျား ဒီမိန်းမကြီးရောက်လာမှာပဲ ကြောက်တယ်။ လက်ဖက်ရည်ဆိုင်၊ မုန့်ပြားသလက်ဆိုင်၊ အကြော်ဆိုင်လေးတွေကလည်း သူတို့ဆိုင်ကို ကျော်သွားမှပဲ ဟင်းချနိုင်ကြတယ်။

သူကတော့ ဒါတွေမသိဘူး။ ရွာက သူ့ကိုချစ်တယ်ပဲ ထင်နေတာ။ သူ့အဖို့ ဟင်းချက်ဖို့ မလိုဘူး။ ထမင်းလည်း ချက်ဖို့မလိုဘူး။ အကြော်ရယ်လို့၊ လက်ဖက်ရည်လေး တခွက်ကလေးရယ်လို့ ဝယ်သောက်စရာလည်း မလိုဘူး။ ဝင်သာသွား၊ ပါးစပ်ကသာတောင်း၊ ရဖို့က သေချာနေတော့ သူကတော့ တင်းတင်းပဲ။ အရီး မမည်းကျုတ် စုန်းဟုတ်တာ မဟုတ်တာ ဘေးဖယ်ထားဦး။ သူ့စိတ်အငြိုအငြင် ဘယ်သူကမှလည်း မခံဝံ့ဘူး။

သူ့လက်နဲ့ မုန့်ပဲသရေစာတောင် အကိုင်မခံဝံ့ဘူး။ ကိုယ်ဝန်ဆောင်တွေ ဆိုတာကတော့ လမ်းတွေ့တာနဲ့ရှောင်တယ်။ ဗိုက်ကို ကိုင်လိုက်မှာ စိုးလို့။ ဖြစ်ပြီးပြီ။ တခါတုန်းက တာလမ်းပေါ်မှာ အရီး မမည်းကျုတ်နဲ့ မီးပုံးပျံကြီးလွယ်ထားတဲ့ မကြည်နဲ့ တွေ့ကြသတဲ့။ မကြည်ကလည်း ထုံးစံအတိုင်း နှုတ်ဆက်တယ်။ အရီး မမည်းကျုတ်ကလည်း နှုတ်ဆက်တယ်။ ဒါပေမယ့် အရီး မမည်းကျုတ်က မကြည်ဗိုက်ကို ကိုင်ကြည့်ပြီး ‘ညည်းဟာ အမြွှာပူးလေးနဲ့ တူတယ်အေ၊ ဗိုက်က လွင့်နေလိုက်တာ ပျံလို့’ လို့လည်း ပြောသတဲ့။ မကြည်က သူ့ဗိုက်ကို အရီး မမည်းကျုတ် ကိုင်လိုက်ကတည်းက မိုးကြိုးပစ်လိုက်သလို အောက်မေ့သွားတယ်နဲ့ တူပါရဲ့။

အိမ်ပြန်ရောက်ကတည်းက အောင့်လိုက်တာ လူးလှိမ့်နေတာပဲတဲ့။ ချွေးသီးတွေဆိုတာ ဆီးဖြူသီးလုံးလောက်တောင် ရှိသတဲ့။ အင်္ဂလိပ်ဆရာ၊ ဗမာဆရာ တော်တော်စုံမှပျောက်တယ်။ နောက်ပိုင်းသတင်းတွေ ထွက်လာတော့ ဈေးထဲမှာ အရီး မမည်းကျုတ်က ပိုက်ဆံချေးတာ မကြည်က ‘မရှိပါဘူး အရီးရယ်’ လို့ ပြောဖူးသတဲ့။ လုပ်တုန်းက အသေလုပ်လိုက်တာတဲ့။ ကံတော်တော်ကြီးလို့တဲ့။ အဲဒီညနေဘက် ပိုက်ဆံသွားပေးလိုက်တော့မှ သက်သာသွားတယ်တဲ့။

တခါကလည်း မစောလှ ခံရတာတဲ့။ မစောလှက ဈေးထဲမှာ ကုန်ခြောက်ရောင်းတယ်။ အရီး မမည်းကျုတ်နဲ့လည်း ဆွေရိပ်မျိုးရိပ် မကင်းဘူး။ တနေ့တော့ ဟင်းချင်းလဲစားကြသတဲ့။ မစောလှ ဘဲဥချဉ်ရည်ဟင်းလေးပေးတော့ အရီး မမည်းကျုတ်ကလည်း သူရလာတဲ့ ဟင်းတွေထဲက ဟင်းတခွက် လာပို့ရော။ ဆွေမျိုးဟင်းလို့ အညာမှာခေါ်ကြတဲ့ ဟင်းလေးချက် တပန်းကန်ပါ။ ဟင်းလေးချက် စားပြီးတဲ့ညပဲ မစောလှ အထက်လှန်အောက်လျှော ဖြစ်လိုက်တာ မနက်လင်းတော့ ယဲ့ယဲ့ပဲ ကျန်တယ်။ နီးနီနားနား ဆေးရုံကလည်း မရှိတော့ ဗမာနည်းပေါ့။ ဝမ်းသွားလိုက်၊ အန်လိုက်နဲ့ ပစ်လိုက်ရပြီ တွက်ကြတယ်။ ဒါနဲ့ ကုက္ကိုကျင်းက ဆရာသွားပင့်တော့ ဆရာက တံစက်မြိတ်နင်းတာနဲ့ ‘လူနာသိပ်ကံကောင်းတယ်၊ ကျုပ်ရောက်လာလို့တဲ့၊ အသေလုပ်ထားတာတဲ့၊ ဘူးတဲ့၊ ဘူးမှ ဆံပင်သည်ဘူးတဲ့၊ လုပ်တာက ခင်ဗျားတို့ ဆွေမျိုးထဲကပဲတဲ့၊ အိမ်ပေါ်တက်လာတဲ့ မိန်းမက လုပ်တာတဲ့။ နာမည်တော့ မပြောတော့ဘူး’ ဆိုတော့ လူတွေက တယောက်မျက်နှာ တယောက်ကြည့်တယ်။ သေချာပြီပေါ့။ အရီး မမည်းကျုတ်ပေါ့။ ဆရာကလည်း ‘မစောလှ အန်တုန်းက ထွက်လာတာတဲ့၊ ဆံပင်ထွေးမှ နည်းတာမဟုတ်ဘူးတဲ့’ ဆိုပြီး လာတဲ့လူ ပြတော့တာ။

အဲဒီ ကုက္ကိုကျင်းကဆရာလည်း နာမည်ကြီးသွားလိုက်တာ ထစ်ခနဲဆို ကုက္ကိုကျင်းကို လှည်းတပ်ပြီး ပြေးကြရော။

ဟုတ်သလား မဟုတ်သလားတော့ မသိဘူးလေ။ အရီး မမည်းကျုတ်က စုန်းတောင်မဟုတ်ပြန်ဘူးတဲ့။ ကဝေဖြစ်သွားပြီတဲ့။ ပထမဆုံး မိုးရွာတဲ့ မိုးရေကို အင်တုံကလေးနဲ့ ရေခံပြီး သက်ကယ်ခြောက်လေး ငါးချောင်း ချိုးထည့်ပြီး ပစ်ထည့်လိုက်ရင် ပုစွန်ဆိတ်တွေဆိုတာ တလန်းလန်းနဲ့ ကူးနေလိုက်တာများ မြင်တဲ့လူက မြင်သတဲ့။

ပြီးတော့ အရီး မမည်းကျုတ်တို့ အိမ်နားက လက်ပံပင်အိုကြီးကလည်း ရာဇဝင်နဲ့၊ အဲဒီအပင်အပေါ်မှာ ငှက်တွေဆိုတာ မပြတ်ဘူး။ ငှက်မျိုးစုံပဲ။ ညဘက်ဆိုရင် တဂီးဂီး တဂဲဂဲ အော်လိုက်ကြတာ ဆူညံနေတတ်တယ်။ တချို့ကလည်း လင်ကောင်ပိုးတွေတဲ့။ တချို့က ဒီးဒုတ်တွေတဲ့။ တချို့ကလည်း လင်းတတွေတဲ့။ တချို့ကလည်း ပြောတာပဲ။ အရီး မမည်းကျုတ်ကြီး ကိုယ်တိုင်တောင် တခါတခါ လင်းတ တကောင်လို ဘဝပြောင်းလိုက်ပြီး လက်ပံကိုင်းပေါ်မှာ ထိုင်နေတတ်သတဲ့။

ဒါကြောင့် ညဘက် ဘယ်တော့မှ မီးမထွန်းတဲ့ အရီး မမည်းကျုတ်တို့ တဲတွေနား ဘယ်သူမှ မသွားရဲဘူး။ အရီး မမည်းကျုတ်ကြီးကလည်း လူကြီးသူမရယ်လို့ ဘယ်တော့မှ အမျှလေးဝေလို့၊ မေတ္တာလေးပို့လို့ ကြေးစည်လေးရိုက်လို့ မရှိဘူး မဟုတ်လား။

တညတော့ ဒေါ်လေးက အမေ့ကို တိုးတိုးလေး ပြောနေတာ။ ကလေးတွေ အိပ်ပြီထင်ပြီး ပြောနေတာ။ ဒါပေမယ့် ကျွန်တော်တို့က ကြားနေရတယ်။ အဲဒီမနက်က ဈေးထဲမှာ ဖြစ်သွားတာတဲ့။ ဒေါ်လေးက ခါတိုင်းလိုပဲ ဈေးဗန်းကလေးခင်းပြီး ဈေးရောင်းနေတုန်း စလေဘက်က မျက်လှည့်ဝိုင်းတဝိုင်း မျက်လှည့်လာပြတယ်တဲ့။ ဈေးထိပ်မှာ ပြနေတာဆိုတော့ လူတွေဆိုတာ မနည်းဘူးတဲ့။ မျက်လှည့်က ပြသာပြတာ ဆရာလုပ်တဲ့လူက ပါမလာသေးဘူးတဲ့။ တပည့်တွေက စည်းဝိုင်းလေးဝိုင်းပြီး တုံချမ်တုံချမ်နဲ့ ပြနှင့်တာဆိုကိုး။ ရှမ်းဝတ်စုံတွေဝတ်လို့ ရှမ်းစကားသံဝဲဝဲနဲ့လည်း ပြောကြသတဲ့။ ပခြုပ်ထဲက မြွေတွေထုတ်တော့ မြွေပွေးတဲ့။ လေးကောင်တောင်မှတဲ့။ တကောင်တကောင် အဝတ်ဖွပ်တဲ့တုတ်လောက် ရှိသတဲ့။

မြွေဆေးရောင်းဖို့ မြွေကိုက်ခံရတဲ့ ပြကွက်လည်းရောက်ရော သာဂရက ကိုလှမောင်ကို ဝိုင်းထဲသွင်းပြီး စမ်းကြရောတဲ့။ ကိုလှမောင်ကလည်း မကြောက်မရွံ့ဘဲ ဝင်သွားလို့ မကြာပါဘူး။ မြွေပွေးကိုက်လိုက်တာ တန်းလန်းကြီး၊ သွေးတွေမှ မြင်မကောင်းဘူးတဲ့။ ခဏနေတော့ မူးတယ် မူးတယ်နဲ့ မကွေးဆေးရုံပို့မယ်လို့ မြင်းလှည်းစီစဉ်တုန်း သေတာပဲတဲ့။ အဲဒီတုန်းက အရီး မမည်းကျုတ်က ဈေးထောင့်က တမာပင်ရိပ်မှာ မောလို့ဆိုလား ထိုင်နေတုန်းတဲ့။ ခဏနေတော့ သူစီးလာတဲ့ ခုံဖိနပ်မြီးတိုကို ချွတ်တဲ့ပြီး ဖင်တပြန် ခေါင်းတပြန် စွပ်နေတာ တွေ့တဲ့လူက တွေ့သတဲ့။ ပါးစပ်ကလည်း ‘တို့ရွာကို လာစမ်းလို့ ရရိုးလား’ လို့ ပြောတာကို ကြားတဲ့လူက ကြားသတဲ့။

ဒေါ်လေးက ပြောသာပြောနေတာ အသံတွေကတုန်လို့။ ‘အစ်မ ငါပြောတာ အရီး မမည်းကျုတ်ကြီး သိနေမလား မသိဘူးနော်၊ ဖွဟဲ့’ ဆိုတော့ အမေက ထုံးစံအတိုင်း ပါးစပ်ကလေး တလှုပ်လှုပ်နဲ့။ ခဏနေတော့ အမေကလည်း ပြောတယ် ‘ညည်းဝမ်းထဲပဲ ထားပါအေ၊ ကြောက်စရာကြီးပါ’ ဆိုပြီး တိုးတိုးလေး ပြောပြန်ရော၊ ကြားရသလောက်က တည တရားပွဲက ညဥ့်နက်မှပြန်လာတုန်း အရီး မမည်းကျုတ်တို့ အိမ်ရှေ့က ကပြင်ကို လှမ်းကြည့်တော့ လရောင်ထဲမှာ အရီး မမည်းကျုတ်က အင်္ကျီချွတ်ကြီးနဲ့ ရင်လျားထားလို့တဲ့။ တံတောင်ဆစ်နှစ်ဖက်ကို လင်းတများ အတောင်ခတ်သလို ခတ်နေတာ လမ်းပေါ်က အမေ့ကိုတောင် မမြင်ဘူးတဲ့။ ဒေါ်လေးကတော့ ‘တော်ပါတော့ အစ်မရယ်တဲ့၊ ငါ ဘုရားရှိခိုးချေဦးမယ်’ ဆိုပြီး ထသွားရော။ အမေကလည်း တိုင်ကပုတီး လှမ်းဖြုတ်တယ်။ အဲဒီနေ့ရဲ့ နောက်တနေ့ မုန့်လက်ဆောင်းချိန် အရီး မမည်းကျုတ်ကြီး အိမ်လာတော့ အမေက ညက ကျွန်မတို့ တရားပွဲက ပြန်လာတော့ အရီး အိမ်နားက ဖြတ်လာသေးတယ်ဆိုတော့ အရီး မမည်းကျုတ်က ‘ညက ငါမရှိဘူးအေ့၊ ညက လပြည့်နေ့ မဟုတ်လား’ တဲ့။ အဲဒီတုန်းက အမေနဲ့ ဒေါ်လေးဆိုတာ မျက်နှာမှာ သွေးမရှိသလိုဘဲ။ မျက်နှာကြီးကို သနပ်ခါးတွေပွတ်ပြီး ကွမ်းသီးဆံထုံးကလေးနဲ့ ကိုးကျင်းကိုးကျောင်း သွားနေတဲ့ အရီး မမည်းကျုတ်ကြီးကို တရွာလုံးက ကြောက်နေရတာကတော့ ထားပါတော့။ အမေနဲ့ ဒေါ်လေးက သူများထက်ပိုတယ်။ ပိုတာလည်း မပြောနဲ့လေ။ ဒီမိန်းမကြီးက နေ့တဝက်လောက်က အိမ်မှာလိုလိုချည်း ထိုင်နေတတ်တာကိုး။

---
 
(၃)

မစောလှကို ကုပြီးတဲ့နောက် ရွာမှာ ကုက္ကိုကျင်းက ဆရာဆိုတဲ့လူ အဝင်အထွက် များလာတယ်။ တချို့ကလည်း စက်ဘီးကလေးစီးပြီး သုံးလေးရက်တခါလောက် လာတတ်တဲ့ ဆရာလေးရှိနေလို့ တော်သေးတယ်လို့ အောက်မေ့ကြတယ်။ တော်ရုံတန်ရုံ ပယောဂလို့ထင်ရင် ကုက္ကိုကျင်းက ဆရာပဲ။ အဲဒီဆရာကလည်း အဆင့်မသေးဘူးတဲ့ ပြောကြတယ်။ ဗိန္ဓောရော ပယောဂပါ တွဲကိုင်သတဲ့။ တချို့ကလည်း လက်ဖွဲ့ချုပ်ကလေးလောက်နဲ့တဲ့။ တချို့ကျတော့လည်း ကြေးစုတ်နဲ့ လေးငါးချက် ပေါက်ရုံနဲ့တဲ့။ တချို့တော့လည်း ဆိုင်ရာဆိုင်ရာတွေ အပ်လို့တဲ့ ကုတယ်လို့ပြောတာပဲ။ နေဝင်မိုးချုပ် ရွာအပြင် မြင်းလှည်းထွက်ရင် ကုက္ကိုကျင်း ဆရာသွားပင့်တာ သေချာတယ်။ ဆရာကလည်း မကြာမကြာ စက်ဘီးလေးနဲ့ ပေါက်ပေါက်လာတတ်တယ်။ ရွာနဲ့ကလည်း ခင်နေပြီလေ။ လူတိုင်းက လမ်းတွေ့ရင် ဆရာလေးတဲ့။ ဆရာကလည်း ပြုံးပြုံးပါပဲ။ ဒီလိုနဲ့ တဆင့်တဆင့် အမေတို့နဲ့ပါ ခင်လာတော့ ရွာကိုလာတိုင်း စက်ဘီးလေး အိမ်ရှေ့ မန်ကျည်းပင်အောက် မှီထားခဲ့ပြီး ရေနွေးဝင်သောက်တတ်တယ်။ ပြောလိုက်တာလည်း စုံနေတာပဲ။ သူဆေးကုတဲ့ အတွေ့အကြုံတွေ၊ ကုပုံကုနည်းတွေ။ ပညာချင်း ပြိုင်ခဲ့ရတာတွေချည်းပဲ။ ပြောလိုက်ရင်လည်း သူနိုင်တာချည်းပဲ။ သူရှုံးတယ်လို့ တခါမှမပြောဘူး။ စုန်းတော်တော်များလည်း သူ့ရှေ့မှာ ပညာတွေ အန်ထုတ်ပြီး လှူကြတာ မနည်းတော့ဘူးတဲ့။ ရိုးရာကိုင်တာတို့၊ သိုက်ဆက်ဖြစ်နေတာတို့၊ စုန်းတိုက်၊ နတ်တိုက်၊ သရဲတိုက်၊ အင်းတိုက်၊ မှော်တိုက်၊ ခုနစ်စင်တိုက်တာကအစ ဖုတ်ထုတ်တဲ့အထိ သူ ကုနိုင်တာလည်းပါရဲ့။

အဲဒီနေ့က စကားတွေပြော ရေနွေးကြမ်းလေး ငါးခွက်သောက်ပြီး ဈေးဘက် စက်ဘီးနင်းသွားရော၊ ညနေဘက် အရီး မမည်းကျုတ်ကြီးလာတော့ မျက်နှာမကောင်းဘူး။ အရီး မမည်းကျုတ်ကြီး မျက်နှာအိုတော့ အမေတို့ကလည်း မျက်နှာတွေ ညိုရတော့တာပေါ့။

“မနက်က ကုက္ကိုကျင်းက ဆရာဆိုတဲ့အကောင် လာတယ်ဆို”

“ဟုတ်ကဲ့ အရီး”

“ဒီကောင်က ဘာလာလုပ်တာတုံး”

“ဒီလိုပဲ လာတာပါပဲ၊ ဘာရယ်မဟုတ်ပါဘူး”

“ဆရာတဲ့အေ၊ ကျက်သရေမရှိ ကျက်သရာမရှိ၊ ဘာလဲ ညည်းတို့က ကိုးကွယ်နေကြလို့လား”

“ကိုးကွယ်တယ် မဟုတ်ပါဘူး အရီးရဲ့၊ ဘာပြုလို့တုံး”

“ဒီကောင့်ကို ကြည့်မရလို့၊ အေးပေါ့လေ၊ ပညာလေး မတောက်တခေါက်နဲ့ မာန်စွယ်လေး တကြွကြွပေါ့”

အရီး မမည်းကျုတ်က ထုံးစံအတိုင်း လက်ဖက်ကလေးဝါးရင်းက ပြောနေတာ။ ကျောက်ပေါက်မာ မျက်နှာမည်းမည်းပေါ်က သနပ်ခါးတွေဆိုတာ ချွေးစီးကြောင်းတွေနဲ့ ကွက်ကျားရိုက်နေလိုက်တာ ထမင်းအိုးဖင် ထုံးဖြူးထားသလို ဖြစ်နေတယ်။ အမေနဲ့ ဒေါ်လေးကတော့ ထုံးစံအတိုင်းပဲ ငုတ်တုတ်။

“ဟဲ့ … လှခင်၊ တောင်းရတာ အားတော့နာတယ်၊ ညည်းယောက်ျားပို့လိုက်တဲ့ အုန်းဆီ တော်တော်ကောင်းဆို၊ ပုလင်းလေးနဲ့ ထည့်ပေးစမ်း၊ လိမ်းချင်လို့”

အမေက ခဏတောင် မဆိုင်းဘူး။ အမေမှ မဟုတ်ပါဘူးလေ။ တရွာလုံး ဘယ်သူမဆို အရီး မမည်းကျုတ်ကများ သည်လို တောင်းလိုက်ရင် ချက်ချင်း ထပေးရတာပျာလို့။

“ရပါတယ် အရီးရဲ့၊ အုန်းဆီလေးက မွှေးလိုက်တာ မပြောနဲ့တော့”

အမေက ပုလင်းလွတ်တလုံးထဲ အုန်းဆီထည့်နေတုန်း ဒေါ်လေးက ဟင်းတခွက်ခပ်တယ်။ ‘အရီး စားစေချင်လို့’ တဲ့။ သည်တော့မှ အရီး မမည်းကျုတ်ကြီး ကြည်သာသွားတော့တယ်။ ခဏနေတော့ ပြန်ရော။ သိပ်မကြာဘူး။ ဒေါ်လေးယောက်ျား ဦးလေးခင်လည်း ကုလားပဲပင်တွေနုတ်ပြီး တိုက်လာတဲ့လှည်းကို မောင်းရင်း အရက်နံ့လေးနဲ့ ပြန်လာတယ်။ ဒေါသတွေလည်းဖြစ်လို့။ လှည်းပေါ်က ဆင်းပြီး လှည်းတောင်ချက်ချင်း မဖြုတ်နိုင်ဘူး။

“မြခင် လာစမ်းပါဦး၊ မမည်းကျုတ်ကြီး ယူသွားတာ ဘာတွေတုံး”

ဆိုတော့ ဒေါ်လေးက …

“ဟင်းပါ၊ ပုလင်းက အစ်မပေးလိုက်တာ အုန်းဆီ”

“နင်တို့နဲ့ ခက်နေပြီ၊ ဒီစုန်းမကြီးကို ဘာမှပေးစရာမလိုဘူး”

ဒီတော့မှ အမေက မျက်စိမျက်နှာပျက်နဲ့ …

“ဟဲ့ … မောင်ခင်၊ မင်း ဘယ်လိုပြောလိုက်တာလဲ၊ မင်းကွယ် … ဖွဟဲ့”

“တော်စမ်းပါ အစ်မရာ၊ အစ်မတို့ကြောင့် ခက်တာပဲ၊ ခင်ဗျားတို့ အဲသလိုလုပ်လေ သူက ဖြဲခြောက်လေပဲ”

အမေနဲ့ ဒေါ်လေး ဘာမှဆက်မပြောဘူး။ ဦးလေးခင်က လှည်းဒေါက်နဲ့ လှည်းကိုထောက်ရင်း နွားတွေဖြုတ်တယ်။ ဆီးပင်မှာ သွားချည်တယ်။

“အလကား အလုပ်ပျက် အကိုင်ပျက်၊ အရေမရ အဖတ်မရ ဧည့်ခံနေရတာက ညနေတိုင်း၊ ဒီဟာမကြီး နောက်မလာစေနဲ့ဗျာ”

ဒေါ်လေးကတော့ သူ့ယောက်ျား ဒေါသဖြစ်နေမှန်းသိတော့ ဘာမှ မပြောဘူး။ အမေက …

“ကျုပ်တို့တော့ ဘူးသွင်းလည်း မခံနိုင်ဘူး၊ စုန်းထိလည်း မခံနိုင်ဘူး” ဆိုတော့ ဦးလေးခင်က …

“ဘာဘူးလဲ၊ ဘာဘူးမှ မရှိဘူး၊ ခင်ဗျားတို့ကြောက်လေ ဒီဟာမကြီးက ကြိုက်လေပဲ၊ ဒီမယ် … ဒီဟာမကြီးက ခင်ဗျားတို့တင် မကဘူး၊ တရွာလုံး ဘူးသွင်းထားပြီးသား၊ အဲဒါကို နားလည်၊ နောက် ကုက္ကိုကျင်းက ဆရာဆိုတာ ရှိသေးတယ်၊ ရွာကို ဒုက္ခပေးနေတာ”

“ဟဲ့ … ဆရာလေးက သူတော်ကောင်းပါ”

“ဘာသူတော်ကောင်းလဲ၊ အတူတူပဲ၊ တညနေ ကျုပ် ကိုင်းထဲကပြန်တော့ ရွာဖျားက ညောင်ပင်မှာ မမည်းကျုတ်ကြီးနဲ့ စကားပြောနေလိုက်တာ ဖောင်လို့၊ ဆေးဆရာနဲ့ စုန်းမနဲ့ အချိုးအချိတ်ကိုကျလို့၊ ကိုင်း … ဘာအကြောင်းရှိလို့တုံး”

အမေနဲ့ ဒေါ်လေးက ဘယ်လိုမှ ဆက်စပ်လို့မရတဲ့သတင်း ကြားရတော့ အံ့သြလို့။ ဘာမှကို မပြောနိုင်ကြတော့ဘူး။

“တယောက်ကပြုစား၊ တယောက်ကဆေးကု ကောင်းဗျာ”

ဦးလေးကတော့ အော်တုံး။

---

(၄)

ဘာပဲဖြစ်ဖြစ်လေ၊ ဦးလေးခင်ကြီးကသာ ပြောတာပါ။ သူကလည်း မနက်သုံးနာရီကတည်းက လှည်းတစီးနဲ့ ကိုင်းထဲထွက်ရတာ။ မိုးကြီးချုပ်မှ အရက်ကလေး တပိုင်းသောက်ပြီး ပြန်လာရတာ။ အမေနဲ့ ဒေါ်လေးကတော့ ခါတိုင်းလိုပါပဲ။ ရွာကလည်း ခါတိုင်းလိုပါပဲ။

ကုက္ကိုကျင်းက ဆရာလေးကလည်း စက်ဘီးလေးနဲ့ လာတုန်းပါပဲ။ အရီး မမည်းကျုတ်ကြီးကလည်း သနပ်ခါးလေးလူးတဲ့ပြီး ကွမ်းသီးဆံထုံးကလေးနဲ့ ထွက်တာပါပဲ။

ရွာကလည်း ဝမ်းထဲကသာ မကြည်ရင်ရှိမယ်၊ တစက်မှ စေတနာမရှိရင်သာနေမယ်။ ပြုံးပြနေရတာပဲ၊ ပေးကမ်းနေရတာပဲ။ အရီး မမည်းကျုတ်က ကဝေဆိုတာကိုး။ စိတ်မထင်ရင် ဘူးသွင်းတယ်ဆိုတာကိုး။

---

#နေဝင်းမြင့်
#ဘူး

#shared_by_louis_augustine
#sbla

Comments