ဘယ်ခွေး // ဂျိုဇော်

ဘယ်ခွေး // ဂျိုဇော်

(ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ ၂၀၁၄၊ ဇွန်လ။)

---

နံနက် ၄ နာရီ...။ မလှမ်းမကမ်း ဘုန်းကြီးကျောင်းဆီမှ တုံးမောင်းလည်း မခေါက်ပါ။ အနီးအနား ရွာတွေမှ ကြက် တွန်သံလည်း မကြားရပါ။ သို့သော် အုတ်ဖို တကွင်းလုံး နိုးနေပြီ။ လုပ်ငန်းခွင် ဝင်ဖို့ အသင့် ပြင်ကြပြီ။ မနိုး ခံနိုင်ရိုးလား။ ၁၂ ကောင် အား မီးစက်ကြီး၏ တဒုန်းဒုန်း စက်ခုတ်သံက ဘဝဂ် ညံအောင် မြည်ဟည်း နေပြီကိုး။ စက်ခေါင်း ( အလုပ်သမားခေါင်း ) သည် မီးစက် နှိုးပြီး အသံ ပေးရုံနှင့် အားမရသေး။ အလုပ်သမား တဲတန်းလျား တလျှောက် ဝါးလုံးကို တဒေါက်ဒေါက် ခေါက်ပြီး စိတ်ရှည် လက်ရှည် လိုက်နှိုး နေလိုက်သေး၏။ အားလုံးလိုလို အိပ်မှုန်စုံမွှား၊ မထချင် ထချင်နှင့် ထကြရလေ၏။ မျက်နှာ သစ်၊ ထမင်းကျန် ဟင်းကျန်လေးတွေ စားပြီး တနေ့တာ လုပ်ငန်း စကြရ ပြန်ပြီ။

အားလုံး လုပ်ငန်းခွင်ထဲ ရောက်၊ လူစစ်ပြီးပြီ ဆိုလျှင် စက်ခေါင်းကြီး သူ့တဲသူ ပြန်အိပ်ဦးတော့မည်။ သူက အလုပ် လုပ်စရာ မလို။ လူသုံးယောက်၊ အုတ်ပေါက်ခုံ တခု ဆင်းလျှင် သူ့အတွက် တထောင် ရသည်။ သူ့ လက်အောက်မှာ အုတ်ပေါက်ခုံ ၁ဝ ခုံ ရှိလျှင် သူက အသားတင် တသောင်း ရနေပြီ။ ထို အယောက် ၃ဝ သည် သူ့ လက်အောက်၊ သူ့ ငယ်သား။ သူ ခေါ်ယူ ထားသော အလုပ်သမားများ ဖြစ်ကြ၏။ ထို လူ ၃ဝ အတွက် အုတ်သူကြီး ( အုတ်ဖိုပိုင်ရှင် သူဌေး ) ကို သူက လက်မှတ်ထိုး အာမခံထား ရသည်။ စာချုပ်ထား ရသည်။ ထွက်ပြေးလျှင် တစုံတရာ ပြဿနာ ပေါ်လျှင် သူ့ တာဝန် ဖြစ်၏။ သူကလည်း ပြဿနာ မပေါ်အောင် အလုပ်သမားကို စိစစ် ရွေးချယ်သည်။ အားလုံးသည် သူ့ ရွာသား၊ သူနှင့် ဆွေမျိုး မကင်းသူများသာ ဖြစ်ကြလေ၏။

အများအားဖြင့် သူတို့သည် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး ဘက်မှ လာသောသူများ ဖြစ်ကြ၏။ ရေရှား၊ မြေရှား၊ အလုပ်အကိုင် ရှားပါး ကြသဖြင့် ရွာလုံးကျွတ် နီးပါး ဒီလိုပဲ လုပ်ကိုင်စားသောက် ကြရသည်။ ကိုယ့်ရွာသား တယောက် အုတ်ဖို တခုမှာ စက်ခေါင်း ဖြစ်နေလျှင် တရွာလုံး ထိုအုတ်ဖိုမှာ မြဲလေတော့၏။

သူတို့ လုပ်ငန်းစချိန် ၄ နာရီသည် မိုးမလင်းသေး။ အလင်းရောင် မရှိသေး။ မှောင်နှင့်မည်းမည်းမို့ အုတ်သူကြီးက မီးစက်မောင်းပြီး မီးထွန်း ပေးရသည်။ ၆ နာရီ အလင်းပျို့မှ မီးစက် နားသည်။ 

စကား ပြောသံ၊ မြေ တူးသံ၊ လှည်း တွန်းသံ၊ ရွှံ့ ပေါက်သံများဖြင့် ကြွက်ကြွက်ညံ နေသော်လည်း၊ မီးစက်သံ တဒုန်းဒုန်း မြည်ဟည်း နေသော်လည်း စက်ခေါင်းက အိပ်ပျော်အောင် အိပ်လိုက်သေး၏။ အိပ်ပျော်စ မှာပဲ မီးစက် မောင်းသည့် တပည့်ကျော်က သူ့ ကို လာနှိုးသည်။ 

“စက်ခေါင်း ထပါဦး။ ကိုဘယ်ခွေးကြီး ပြန်လာပြီဗျ” 

စက်ခေါင်းလည်း ငေါက်ခနဲ ထ မျက်နှာကို ပုဆိုးစဖြင့် ပွတ်ရင်း တဲ အတွင်းမှ ထွက်လာခဲ့ ရ၏။ ဟုတ်ပါရဲ့ 'ဘယ်ခွေး' ဆိုသော အမူးသမားသည် ဒယိမ်းဒယိုင်၊ အမူး မပြေသေးသော ခြေလှမ်းဖြင့် အုတ်ဖိုအတွင်း သိုင်းကွက် နင်းပြီး ဝင်လာ၏။ အနှီ ဘယ်ခွေးသည် မနေ့ညက မူးယစ်ရမ်းကား၊ ဆဲဆိုသော အမှုဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးမှာ တည၊ အချုပ်ခံ ထိရာ ဥက္ကဋ္ဌကပဲ ပြန်လွှတ် လိုက်သလား၊ ထွက်များ ပြေးလာတာလား။ စိုးရိမ်သွားသည်။ မနေ့ညက ခံဝန် လက်မှတ် ထိုးရသည့် အထဲမှာ စက်ခေါင်းလည်း ပါသည်။ 

ဘယ်ခွေးသည် သူ့ လက်အောက်က အုတ်ပေါက် အလုပ်သမား ဖြစ်၏။ ပြဿနာကောင် ဖြစ်၏။ အရက်ကို နေ့တိုင်း မသောက်သော်လည်း သောက်လျှင် သွေးဆိုး၏။ မနေ့ညက ဘယ်ခွေး တော်တော် သောင်းကျန်း ခဲ့သည်။ ခါတိုင်း နှစ်ရာတန် အရက်ဖြူ တလုံး သောက်နေကျက ဘောက်ဆူး အားကိုးဖြင့် လေးရာဖိုး သောက်ပစ် ခဲ့သည်။ ထုံးစံအတိုင်း အော်ဟစ်ဆဲဆို ဟိုရမ်း ဒီရမ်း။ ခွေးက ဟောင်လိုက်၊ သူက ဆဲလိုက်။ 

အဆိုးဆုံးမှာ သူ ဆဲနေကျ လက်သုံး စကားကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးရှေ့ကျမှ ဆဲလုံး ထပ်မိ သွားခြင်း ဖြစ်၏။

“ဟေ့ ဘယ်ခွေးမှ လူ မထင်ဘူး။ ဘယ်ခွေးမှ လူ မထင်ဘူး ဟေ့”  

သည်ကောင်က နည်းနည်း မူးလျှင် ပြုံးပြုံး ပြုံးပြုံးနှင့်။ ရေချိန်ကိုက် သွားလျှင် စကားလုံး ထပ်လာ၏။ ရေချိန်လွန် သွားလျှင် “ဘယ်ခွေးမှ လူမထင်ဘူး” ဟုပဲ ထပ်ကာ ထပ်ကာ အော်ဟစ် နေတော့၏။ တဲထဲ ဆွဲသိပ် လှဲအိိပ် သွားသည့် အချိန်အထိ “ဘယ်ခွေးမှ လူ မထင်ဘူး” ဟု ဗလုံးဗထွေး အော်ဟစ် နေဆဲ။ 

ထို့ကြောင့်လည်း အမေ ပေးသည့် နာမည် ပျောက်။ 'ဘယ်ခွေး' ဟူသော နာမည်ပေါက်ဖြင့် အုတ်ဖို တကွင်းလုံးသာမက ရွာနီးချုပ်စပ် အထိ ကျော်ကြားနေခြင်း ဖြစ်တော့၏။

ဘယ်ခွေး ဝသီ၊ ဘယ်ခွေး အထာကို မသိရှာသော ကျေးရွာ ဥက္ကဋ္ဌသည် သူ့ ရုံးရှေ့ကျမှ လူ မထင်၊ သူ့ ကိုပင် စောင်းရော့သလား အထင်မှားကာ ဆွဲစေ့လေတော့၏။ ညစောင့်နှင့် မီးသတ် တဖက်စီ ညှပ်ပြီး ရဲစခန်း ပို့မည် လုပ်နေသေးသည်။ မန်နေဂျာရော စက်ခေါင်းပါ ခယ တောင်းပန်၊ ဒဏ်ငွေပါ လှူဒါန်းလိုက်မှ ရုံးမှာပဲ တညထားမည် ဖြစ်သွား၏။

မိန်းမနှင့် ကလေးတွေ တည နားအေး ပါးအေး အိပ်ရတာပေါ့လေဟု အကောင်းဘက်က တွေးကာ ဘယ်ခွေးကို ထားပြီး ပြန်လာခဲ့ ရသည်။ ခု မိုးပင် မလင်းသေး။ ဘယ်ခွေး ပြန်လာပြီ။ 

“ဘယ်ခွေး လာဦးဟေ့” 

စက်ခေါင်းက သြဇာသံဖြင့် လှမ်းခေါ် လိုက်၏။ ဘယ်ခွေးက ဂရုမစိုက်။ 

“ဘာတုံးကွ ခေါင်းကြီးရ။ ဒီအချိန် မင်း အိပ်နေရမှာ၊ ဘာလဲ ကြမ်းပိုး ကိုက်လို့လား” 

ဘယ်ခွေးက မခန့်။ တရွာတည်းသား ငယ်သူငယ်ချင်းတွေကိုး။ ကကြီး ခခွေးပဲ တတ်တာချင်း အတူတူ အုတ်သူကြီးနှင့် ရင်းနှီးလို့၊ အလုပ်သမား အရှာကောင်းလို့ စက်ခေါင်း ဖြစ်နေတာ။ ကိုယ့်ထမင်း ကိုယ်ရှာစား နေကြတာပဲ။ သို့ကလို ဘယ်ခွေးက သူ့ ဘဝသူ ကျားကန် ထား၏။

“မင်း ထွက်များ ပြေးလာတာလားလို့ မေးမလို့ပါကွာ” 

“ဥက္ကဋ္ဌ ကိုယ်တိုင် ၄ နာရီ အလုပ် ဆင်းရမှာမှန်း သိလို့ ပြန်လွှတ် လိုက်တာဟေ့။ ငါ့ သဘောဆို အိပ်ဦးမှာ။ မိုးလုံလေလုံ၊ ကြမ်းပိုး မကိုက်၊ ခြင် မကိုက်”  

“အေးအေး ဟုတ်ပါပြီကွာ၊ သွားသွား အလုပ် ဆင်းတော့။ ဟိုမှာ မင်း မိန်းမနဲ့ ကလေးတွေ စောင့်နေတယ်”  

ဘယ်ခွေး ကျောပြင်ကြီးကို ကြည့်ပြီး စက်ခေါင်း သက်ပြင်း ချလိုက်၏။ ဘယ်ခွေးက မူးလျှင် သွေးဆိုးသော်လည်း အလုပ်ကျ ဇွဲကောင်းသည်။ ပြီး မိန်းမ၊ ကလေး အကြီး နှစ်ယောက်နှင့် မအေအိုကြီးပါ အလုပ် လုပ်ကြသည်။ အုတ်ရာသီ စတိုင်း ဘယ်ခွေးတို့ မိသားစုကို အမြဲပါအောင် ခေါ်ခဲ့ရသည်။ အုတ်သူကြီး အတွက်၊ စက်ခေါင်း အတွက်တော့ ဘယ်ခွေးတို့ မိသားစုသည် ( မနှိုင်းကောင်း နှိုင်းကောင်း ) သန္ဓေ ကောင်းသည့် ခြံပေါက် နွားများတည်း။

---

ဘယ်ခွေး ဘယ်လောက် သွေးဆိုးဆိုး၊ လူဆိုး လူမိုက် မဟုတ်ဟု စက်ခေါင်းက သတ်မှတ်ထား၏။ ငွေသုံးနှင့် ပတ်သက်ပြီး ငြင်းခြင်း ညစ်ခြင်း မရှိ။ အခြား စက်သို့လည်း ပြောင်းမသွား။ အရက် သောက်သည်က လွဲလျှင် လူမှုရေး အရှုပ်အထွေး မရှိ။ စာရိတ္တ ကောင်းသည်။ သစ္စာ ရှိသည်။ ထို့ကြောင့်လည်း သူ တောင်းသည့် 'ကြိုသုံး' ဖြစ်အောင် ပေးပြီး တနှစ် တခါ အပါ ခေါ်ထားရခြင်း ဖြစ်၏။ တခုပဲ ရှိသည်။ အပေါက်ဆိုးသည့် ဘယ်ခွေး အမေသည် သူ့သားကို အားမရလေတိုင်း သူနှင့် နှိုင်းနှိုင်းပြီး ဆဲသည်ကို မျက်နှာပူ နေရခြင်း ဖြစ်၏။ 

“ဟဲ့ ဘယ်ခွေး ရဲ့။ တရွာတည်းသား ရွယ်တူ တန်းတူချင်း ဟိုက စက်ခေါင်း၊ နင်က ကြက်ခေါင်း နင် မရှက်ဘူးလား”  

ဆဲဖန် များတော့ ဘယ်ခွေး သူ့ကို မနာလို မရှုဆိတ်များ ဖြစ်ရော့သလား။ ဘယ်ခွေးမှ လူမထင်သည့် အထဲ သူလည်း ပါလေမလား။ စက်ခေါင်း တခါ တခါ ခေါင်း စား၏။

ဘယ်ခွေးကလည်း သူ့အမေ ဆဲ ဆဲစရာ။ စက်ခေါင်း ရာထူးဖြင့် လူ လေးငါးဆယ် အုပ်ချုပ်ဖို့ နေနေသာသာ သူ့မိန်းမကိုပင် မကိုင်တွယ်နိုင်။ ဘယ်ခွေး မိန်းမက ချဲ အလွန် ထိုး၏။ နှစ်လုံးလည်း ထိုး၊ သုံးလုံးလည်း ထိုး။ တခါတရံ တလုံးပင် ထိုးလိုက်သေးသည်။ ဘာမှန်း မသိဘဲ “မန်ချက် က ငါးရာ ဟေ့ ” လုပ်လိုက်သေးသည်။ တခါမှလည်း ဖိုးဖိုးဖန့်ဖန့် ပေါက်သည် မရှိ။ “ကိုဘယ်ခွေးကို စက်ဘီးလေး ဝယ်ပေးချင်လို့ပါ တော်” ဟူသော စကား တခွန်းဖြင့် ဘယ်ခွေး ပါးစပ်ပိတ် သွားသည်။ 

ဘယ်ခွေးမှာ ကလေးတွေကလည်း များမှများ။ ဒါဇင်ဝက်။ ခြောက်ယောက်။ ပါးစပ်ပေါက် ကြွက်တွင်းတွေကို ထမင်းချည်း ဖြည့်ဖို့ပင် အနိုင်နိုင်။ ထမင်းဝိုင်းမှာ ထိုင်ကြလျှင် ခြောက်လုံးပတ် ဗုံတိုတွေလို တနှစ် တသား ကျထားတော့ အရွယ်တွေက မတိမ်းမယိမ်း။ အကြီး နှစ်ယောက်က ရွှံ့လုံး မြေသယ် ရနေပြီ။ အငယ် လေးယောက်မှာ ရောဂါသည် နှစ်ယောက် ပါလိုက်သေး။ တယောက်က ပန်းနာရင်ကျပ် အမောသည်။ တယောက်က ဝမ်းတွင်းပါ ကျပ်မပြည့်သူ။ 

ဘယ်ခွေး အမေကလည်း တခါတခါ ပန်းနာရင်ကျပ် ထတတ်သည်။ အမေ တလှည့်၊ သမီးတလှည့် ဆေးရုံဆေးခန်း ပို့နေရသည်။ သေကောင်ပေါင်းလဲ နှုတ်ခမ်းတွေ ပြာနှမ်းမှ လာ၊ ပိုက်ဆံကလည်း မလုံမလောက် ဆိုတော့ ဆရာ၊ ဆရာမ အငေါက်အငမ်း အမြဲ ခံရသည်။ ဘယ်ခွေး တယောက် ဘယ်လောက် သောက်ထားထား၊ ဆေးရုံမြေ နင်းမိလျှင် အမူးပြေ မြွေစွယ်ကျိုး၊ ခြေသုတ်ပုဆိုး ဖြစ်သွားတော့၏။

သူ့ မိန်းမက ဘယ်ခွေးထက် ပိုဆိုးသည်။ လူတောမတိုး။ စွာလည်း မစွာ၊ ဈေးသည်တကာ အဆဲခံဖတ်၊ ချဲသည် တကာ၏ အဆဲခံဖတ် ဖြစ်တော့၏။

ဘယ်ခွေး အကြောင်း စဉ်းစားလို့ ကောင်းနေဆဲမှာပင် အရှေ့ဆီမှ ရောင်နီ ပျို့လာ၏။ ကွင်းပြင်အဝေး ရေးရေးထင်ထင် ရှိလာပြီ။ မီးစက်က မပိတ်သေး။ တပည့်ကျော် အိပ်ပျော်နေပုံ ရ၏။ စက်ခေါင်း ပြေး ပိတ်ရ ပြန်သည်။ နောက်ကျလျှင် မန်နေဂျာက ဆဲမည်။

မီးစက် ပိတ်ပြီး ပြန်ထွက်လာတော့၊ အလုပ်သမားတွေ အလုပ် ရပ်ပြီး ခြေ လက် ဆေးကြ၊ အဝတ်အစား လဲကြနှင့် တက်ကြွ နေကြပြီ။ ဟုတ်သားပဲ။ အရှေ့ဘက် ရွာက အလှူ ထမင်းစား ဖိတ်ထားသည်။ အနီးအနား ရွာတွေက သဒ္ဓါတရား ကောင်းသည့် အလှူ့ရှင်ဆိုလျှင် အုတ်ဖိုကို ထမင်းစား လာဖိတ်တတ်သည်။ ကလေးလူကြီး တယောက် မကျန် သွားစားကြသည်။ သူတို့ ဘဝမှာ စားရခဲလှသော ဝက်သားဟင်းနှင့် ထမင်းဖြူဖြူကို အလှူရက် လက်ချိုးပြီး စောင့်ခဲ့ရသည် မဟုတ်လား။

“အေး သွားကြ၊ သွားကြ။ ရွှံ့တွေ စင်အောင်လည်း ဆေးကြော သွားကြဦး။ သပ်သပ်ရပ်ရပ်လေးလည်း ဝတ်သွားကြ” 

စက်ခေါင်းခမျာ တဖွဖွ သတိပေးရပြန်၏။ ငြိုငြင်စရာ ဖြစ်သွားလျှင် နောက် အလှူရှင် လက်တွန့် နှုတ်ဆွံ့ သွားလိမ့်မည်။ 

အလှူအိမ်က ထမင်းစားပြီး အပြန်မှာ အားလုံး မျက်နှာတွေ ရွှင်လန်းလို့၊ အားရလို့။ ထမင်းလေးက ဖွေးလို့ နုလို့ တဲ့။ ဝက်သားဟင်းက ဘယ်လို၊ ကုလားပဲနှပ်က ဘယ်လို၊ ငရုတ်သီးကြော်က ဘယ်လို ကိုယ့်အကြိုက်ကိုယ် ချီးမွမ်းခန်း ဖွင့်နေကြသည့် အချိန်မှာ ဘယ်ခွေး မျက်နှာ သိပ်မကောင်း။ မှိုင်းမှိုင်းညိုညို နှင့် ဘာကို အလိုမကျ ဖြစ်လာပါလိမ့်။

စက်ခေါင်းကလည်း တယောက်ကို လက်ယပ် ခေါ် ပြီး တိုးတိုးတိတ်တိတ် မေးရလေ၏။ 

“ဘယ်ခွေးလား သူ့သမီး ဟို ကျပ်မပြည့်တဲ့ ကောင်မလေး လေ။ အလှူ ဧည့်ခံမဏ္ဍပ်ထဲ လျှောက်ပြေးနေလို့ ရွာလူကြီးတွေက ငေါက်ထုတ်တာ၊ အဲဒါ စိတ်မကောင်း ဖြစ်သွားတာ နေမှာ။ ထမင်းတောင် ကောင်းကောင်း မစားနိုင်ဘူး”  

“ဒါများကွာ”  

အလှူရှင်တွေက ထမင်းစား ဖိတ်သော်လည်း အုတ်ဖိုက သူတို့တတွေကို ဧည့်ခံမဏ္ဍပ်ထဲ အဝင် မခံပါ။ ကျွေးရုံမှာ တခါတည်း ဝင်စား၊ ပြီးရင် ပြန်။ ထုံးစံ လုပ်ထားကြ၏။ ကျပ်မပြည့်သည့် ကလေးမှန်းလည်း သိချင်မှ သိပေမည်။

“အေးကွာ။ ညနေကျမှ ဘယ်ခွေးကို ငါ ဖျောင်းဖျ လိုက်ပါ့မယ်” 

စက်ခေါင်း ခေါင်းစားရပြန်၏။

---

ဘယ်ခွေးကို ဖျောင်းဖျမည်ဟု ကြံထားကာ ရှိသေး၊ ဘယ်ခွေး သတင်းက စက်ခေါင်း တဲအတွင်း ရောက်ချ လာပြန်၏။ 

“ခေါင်းကြီး ရေ၊ ဘယ်ခွေး မူးပြီး ရမ်းနေပြန်ပြီ တဲ့” 

“ဟာ ဒီကောင်၊ မနေ့ကမှ တညအချုပ်က လွတ်လာတာ ခက်တော့တာပဲ”  

စက်ခေါင်း မနေသာ။ ဘယ်ခွေးသား အကြီးကောင်လေး ခေါ်ပြီး ကမန်းကတမ်း လိုက်သွားရသည်။ ဘယ်ခွေး သောက်နေကျ အရက်ဆိုင်က အရှေ့ဘက်ရွာ။ မနက်က အလှူပေးသည့် ရွာထဲမှာ ရှိသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးကလည်း အပြန်လမ်းမှာ။ မနေ့ကလို ဆဲဆိုနေလျှင် ဒီတခါ သေချာပေါက် ရဲစခန်း ရောက်တော့မည်။ 

အုပ်မိအောင် လိုက်သွားရကျိုး နပ်ပါ၏။ ဘယ်ခွေး အရက်ဆိုင်ထဲက အထွက် လက်မတင်ကလေး။ ဘယ်ခွေးကတော့ ထုံးစံအတိုင်း “ဘယ်ခွေးမှ လူမထင်ဘူး” ဇာတ်လမ်း စနေပြီ။ ပါးစပ်ကို အတင်းပိတ်ပြီး ချော့တခါ ခြောက်တလှည့်ဖြင့် ဆွဲခေါ်ခဲ့ရသည်။ ရွာလယ်လမ်းကို ကွင်း၊ အုပ်ချုပ်ရေးမှူး ရုံးကို ကွင်းပြီး ကန်သင်းလမ်းတွေက ကွေ့ပတ် ခေါ်ခဲ့ရသည်။ 

“ဘယ်ခွေးမှ လူ မထင်ဘူး ဟေ့” 

ဗလုံးဗထွေး အာလေး လျှာလေးဖြင့် တလမ်းလုံး အော်၊ အုတ်ဖို ရောက်တော့လည်း အော်၊ အသံတွေတောင် ဝင်နေပြီ။ 

အားလုံး ရုံးစု၊ ရုံးစုဖြင့် ချော့သည့်လူက ချော့၊ ငေါက်သည့်လူက ငေါက်၊ တယောက် တပေါက် ဖြစ်နေ၏။ ကျပ်မပြည့်သည့် ကောင်မလေးက သူ့အဖေ ရင်ခွင်ထဲ ဝင်တိုးသည်။ စက်ခေါင်း လည်း လေပြေကလေးဖြင့်...


“ဘယ်ခွေး သူငယ်ချင်း မင်းကွာ။ မသောက်နဲ့ မဟုတ်ဘူး သောက်ပါ။ သောက်ပြီး အေးအေးဆေးဆေးပေါ့။ ဘယ်ခွေးမှ လူမထင်ဘူး ဆိုတာကြီး မပြောစမ်းပါနဲ့။ ဒါလေး တခုတော့ ဆင်ခြင်ပါကွာ” 

ဘယ်ခွေးသည် စက်ခေါင်းကို ခေါင်းလှန်ပြီး ကြည့်လိုက်၏။ ပြီး ခေါင်းငိုက်စိုက် ကျသွားပြန်သည်။ ဒေါသ ပြေလျော့စ ပြုသည့် လေသံဖြင့် 

“ဒီမှာ ခေါင်းကြီး။ ငါ ပြောတဲ့ ဘယ်ခွေးမှ လူ မထင်ဘူး ဆိုတာ တကယ့် ခွေးတွေကို လူ မထင်ဘူးလို့ ပြောတာကွ” 

ဘယ်ခွေး အသံက တုန်တုန်ယင်ယင်ဖြင့် ရှိုက်သံ စွက်လာ၏။

“ငါ ခံစား နေရတာ ကြာပြီ။ တကယ်တမ်းကျ ငါတို့ ဘဝက...”  

ဘယ်ခွေး အသံ တိမ်ဝင် သွားပြန်၏။

“ငါတို့ ဘဝတွေကို ဘယ်သူကမှ လူရာ မသွင်းဘူး၊ လူ မထင်ကြဘူး။ နိမ့်ကျ လိုက်တာကွာ။ လူတမ်း မစေ့တဲ့ ဘဝ၊ ဆင်းရဲတဲ့ ဘဝ၊ နုံချာတဲ့ ဘဝ။ လူ မဟုတ်တော့ဘူး။ ငါတို့ဟာ လူ မဟုတ်တော့ဘူးကွ ခေါင်းကြီး ရ” 

ဘယ်ခွေး ငိုပါလေတော့၏။

စက်ခေါင်းလည်း ပါးစပ် ပိတ်။ အားလုံး ငြိမ်။ အုတ်ဖို တကွင်းလုံး ငြိမ်။ လောကဓာတ် တခုလုံး ငြိမ်ကျ သွားလေ၏။

---

#ဂျိုဇော်
#ဘယ်ခွေး

#shared_by_louis_augustine
#sbla

Comments