အလွမ်းအိမ် // ခင်ဆွေဦး

အလွမ်းအိမ် // ခင်ဆွေဦး

---

(၁)

ကျွန်မတို့နှစ်ယောက် လှေကား အဆင်းအတက် တွင် ဆုံမိကြသည်။ ကျွန်မက အတက်၊ သူက အဆင်း၊ ခေတ္တမျှ ရပ်၍ တဦးကို တဦး ဖျတ်ခနဲ လှမ်းကြည့်ပြီး ကိုယ်သွားမည့်လမ်းကို ဆက်သွား ကြသည်။ လသာ(၂) မိန်းကလေး အထက်တန်း ကျောင်း (ယခင် စိန်ဂျွန်းကွန်ဗင့်) မိန်းဟော(လ်) ခန်းမက လှေကားတွင် အမှတ်မထင် ဆုံစည်းမိ ကြတာ ဖြစ်သည်။ ကျွန်မက လုပ်သက်သုံးနှစ်ခန့် ရှိပြီး သူက ဆရာမအသစ်။ ကိုယ်ဟန် သွယ်လျလျနှင့် ဖြူဖြူလှလှလေး။ ဆရာမလို့ ဆိုရသော်လည်း အသက်(၂၄)နှစ်သာ ရှိသေးသော ကောင်မလေး တယောက်။ ထိုစဉ်က ကျွန်မကိုယ်တိုင်သည်ပင် လျှင် အသက် (၂၇) နှစ်။

“သူ ဘယ်သူလဲ” 

ကျွန်မတို့၏ပတ်ဝန်းကျင်မှ အပေါင်းအသင်းကိုယ်စီကို ဒီလို ပြိုင်တူ မေးမိကြသည်ထဲ ကျွန်မတို့နှစ်ဦး ရေစက်က နီးလှသည်။‌ လှေကား အဆင်းအတက် ဆုံရုံ၊ မျက်လုံးအကြည့်ထပ်တူကျဆဲ ခဏ၌ပင် ခင်မင်ရင်းနှီးလိုစိတ်တွေ ပေါ်လာခဲ့ကြသည်။

“ဆရာမ ခင်ဆွေဦးလေ”

“ဆရာမ လဲ့လဲ့ဝင်း”

ကိုယ်စီ အပေါင်းအသင်းတွေက ဖြေကြသည်။ ကျွန်မတို့နှစ်ယောက်စလုံး တဦးရုပ်ရည်၊ တဦး အဝတ်အစားအဆင်အပြင်၊ ဟန်ပန်ကအစ ကြိုက်နှစ်သက်လို့တဲ့လေ။

သူ့မျက်နှာလေးက ဖြူစင် ရိုးဖြောင့်တယ်၊ ပြီးတော့ ကာရိုက်တာ(character)ရှိတဲ့ရုပ်မျိုး။ 

ကာရိုက်တာ ရှိတဲ့ရုပ် ဆိုတာ ဘာလဲ၊ ဆရာမတဦးက မရှင်းသဖြင့် ကျွန်မကို မေးတော့... “သူ့မှာ သီးခြား ကိုယ်ပိုင်စရိုက်ရှိတာလို့ ပြောတာ။ ဒီစရိုက်ကို သူ့မျက်နှာ၊ သူ့အပြုအမူနဲ့ လှုပ်ရှားတဲ့ဟန်ပန်မှာ မြင်နေရတာကို ပြောတာ” 

“လဲ့လဲ့ဝင်းက ထက်တယ်”

“မဟုတ်မခံ စိတ်ဓာတ် ရှိပုံ ရတယ်၊ မတရားတာတွေကို ခေါင်းငုံ့ခံနေမှာ မဟုတ်တဲ့ ရုပ်မျိုး”

ကျွန်မ ထင်မြင်ချက်ကို ဘယ်သူမှ ငြင်းချက်မထုတ်ကြပါ။ သူကလည်း သူ့အပေါင်းအသင်းကို ပြောသည်တဲ့။

“စာရေးဆရာမ ခင်ဆွေဦးလား၊ မျက်လုံးတွေကို သဘောကျတယ်၊ အရောင်ကို တောက်နေတာပဲ၊ တော်ရုံတန်ရုံ ဘာကိုမှ အလျှော့မပေးတဲ့ရုပ်မျိုး”

သည်သို့ပင် တဦးကို တဦး ရိုသေလေးစားစွာ ခင်မင်သွားကြသည်။ သင်္ချာ(၂) ဘာသာရပ် သင်ကြား ပို့ချသော ဆရာမလေး လဲ့လဲ့ဝင်းနှင့် သမိုင်းဘာသာရပ်၊ မြန်မာ ဘာသာရပ် သင်ကြားပို့ချသော ကျွန်မတို့ အားလပ်ချိန် တူကြသောအခါ အတူတကွ ထိုင်ကြ၊ ဆုံမိကြကာ အရင်းနှီးဆုံးသူငယ်ချင်းဘဝသို့ ရောက်သွားကြသည်။

မုတ်သုံ မိုးဦး လေဦးတွင် စတင် မိတ်ဆွေဖြစ်ခဲ့ကြသော လဲ့လဲ့ဝင်းနှင့် ကျွန်မတို့ ခေါင်းထက်တွင် တိုက်ဆိုင်စွာပင် ဇွန်ပန်းကုံးများကို ပန်ထားကြသည်။ တပည့်မလေးတွေပေးသော ပန်းကို အများအားဖြင့် ခရစ်ယာန်ဆရာမများ၊ ဘိုကပြားများက ရင်ဘတ်တွင် ချိတ်တတ်ကြ၍ ကျွန်မတို့နှစ်ယောက်သာ ဆံထုံးပုံ့ပုံ့ထုံး၍ ပန်ဖြစ်ကြသည်။ ကျွန်မတို့ နှစ်ယောက်စလုံး ခေတ်ပေါ် ဆံထုံး ဖဲပြား ဖဲကလစ်များ မကြိုက်နှစ်သက်ကြ။ ပန်းသာ ပန်တတ်ကြသည်။ ခရေပန်း၊ စံပယ်ပန်း၊ တခါတလေ နှင်းဆီ၊ စကားဖြူ၊ စကားဝါ၊ တတိုင်းမွှေးပင် ပန်ကြသည်။ မွှေးသောပန်းများလည်း ကြိုက်တတ်ကြသည်။ 

လဲ့လဲ့ဝင်းသည် တိုင်းမင်းကြီး၏သမီး အင်ဂျင်နီယာကတော် ဖြစ်သော်လည်း ဆံပင်ပုံစံ ရိုးရိုး။ ထိုစဉ်တုန်းက ပျားအုံဆံပင် ပေါ်နေပြီ။ မြန်မာဆန်ဆန် အင်္ကျီ လက်စက၊ သူနှစ်ခြိုက်သော ပါတိတ်ထဘီနှင့် အရာရှိကြီးကြီး၏သမီး ဆိုတာ ဘုရားစူး ကျမ်းကျိန် ပြောရမည်။ ပါးချိုင့်လေးများ ခွက်ဝင်အောင် ပြောတတ်ဆိုတတ်သော သူ့မျက်နှာလေးကို ကျွန်မ ငေးကြည့်နေမြဲပင်။ ကျွန်မတို့ (၁၀)တန်း စာမေးပွဲခန်း စောင့်ကြပ်ဖို့ တာဝန်ကျတော့ စာမေးပွဲဖြေရန် စောင့်နေသော အခန်းဝမှ ကျောင်းသားခပ်ကြီးကြီးတချို့က လဲ့လဲ့ဝင်းဘက်လှည့် မျက်စိစားပွဲထိုင်ကာ 

“ဘရဏီရှုံးအောင် ပြုံးလိုက်ရင် ပါးချိုင့်ကလေးက ချစ်စရာပင် လှထိပ်ခေါင်တင် မြပိတုံးရောင်လေး ဆံကေသီ ကပို့ကယို့ မြင်ရုံနဲ့စွဲအောင် အရမ်းကို ချောတဲ့အပျို နှုတ်ဆက်တော့မလို ဟန်ချီပြန်ရင် နတ်ပန်းချီတောင်ငို ...။”

မကြားတကြား ဆိုလျှင် နည်းနည်းမှမခံတတ်သော သူ့ပင်ကိုယ်စရိုက်အားဖြင့်ကျောင်းသားကြီးတွေနား သွားပြီး 

“ဟဲ့ သေပါလား၊ စာမေးပွဲဖြေချိန် သီချင်းဆိုတဲ့ဟာတွေ”

စွာသေးသည်။ လဲ့လဲ့ဝင်းထက်ကြီးပုံရသော ကျောင်းသားကြီးတွေ ကုပ်ပုဝင်ကာ ငြိမ်သွားကြရာ ကျွန်မတို့မှာ ကျိတ်၍ရယ်မိကြသည်။ ဆရာမ ခပ်ငယ်ငယ်တွေကို နောက်ပိုးပိုးတတ်သော ကျောင်းသားကြီးကြီး‌တွေက ဆရာမကိုပဲ အသည်းစွဲ ချစ်တော့မယ် ဆိုတဲ့ သီချင်းမျိုးနှင့် စိတ်ကူးယဉ်တတ်ကြသော ကာလလည်း ဖြစ်သည်။

(၂ )

ကျွန်မ သူ့ကို သဘောကျ နှစ်ခြိုက်သော အချက် တရပ်မှာ တိုင်းမင်းကြီး၏သမီးဖြစ်သော်လည်း တိုင်းမင်းကြီးသမီးနှင့်တူစွာ မနေခြင်းပင်ဖြစ်သည်။ ထိုအချိန်က ခေတ်စားသော ဇက်ဖာ၊ ပရီဖက် စတဲ့ ဆလွန်းကားအမျိုးအစားတို့ ထည်လဲစီး နေနိုင်သော အချိန်မှာပင် ကတ္တရာလမ်းမပေါ် ခြေကျင်လျှောက်ခြင်း၊ ဘတ်စ်ကား တိုးစီးခြင်းတို့ကို ဝန်မလေးတာပဲ ဖြစ်သည်။ မိန်းမတဦးရဲ့အရည်အချင်းဟာ ဘာလဲဆိုတာကိုကျွန်မငယ်ငယ်တုန်းက အဖြေတိတိပပ မရှာတတ်သော်လည်း လဲ့လဲ့ဝင်းကတော့ ကျွန်မစိတ်ကြိုက် မိန်းမစာရင်းဝင်တာတော့ အမှန်ပင်။ 

သူသည် မိန်းမတို့တတ်အပ်သော အချက်အပြုတ် အချုပ်အလုပ်မှ စ၍ သူ့သမီးများ၏ ဂါဝန်နှင့် သူ ယောက်ျား ရှပ်အင်္ကျီ‌တွေ ကို ကိုယ်တိုင် ချုပ်ရုံမက၊ အိမ်သုံး ခြင်ထောင်၊ မှီအုံး၊ ကူရှင်ဖုံး၊ ခန်းဆီး စသည်များကိုလည်း စိတ်တိုင်းကျ စိတ်လက်ရှည်ရှည် ချုပ်လုပ်တတ်သည်။ ယောက်ျားနှင့် သမီးလေး သားလေးတွေ၏ဆံပင်ကို ကိုယ်တိုင်ညှပ်ပေးသည်။ မော်တော်ကားမောင်းရုံမက တော်ရုံ စက်ပျက် တာလည်း ပြင်သည်။ အိမ်တွင်း လျှပ်စစ်မီး “ဖြူးစ်” ပျက်လျှင်ပင် ပလယ်ရာ၊ ဝက်အူလှည့်များနှင့် ကိုယ်တိုင် ပြင်တတ်သည်။ ကျွန်မမှာ အချက်အပြုတ်သာ ရသော်လည်း ကျန်သော သူ တတ်ကျွမ်းသည့် ကိစ္စတွေမှာ သူ့လောက် စွမ်းဆောင်နိုင်ခြင်းမရှိတာတော့ အမှန်ပင်။

သို့သော်လည်း သူက ကျွန် မ ညာလက်ကို ကိုင်မကာ “ဒီလက်က ရွှေထွက်တဲ့ လက်ပဲ။ ဒီလက်နဲ့ အိမ်ထောင်တခုလုံး အသုံးစရိတ်တွေကို ဖမ်းထိန်းတာမဟုတ်လား”

သည်တုန်းက လုံးချင်း ဝတ္ထုများနှင့် ကျွန်မ စီးပွားဖြစ်ထွန်းသော အချိန်ဖြစ်သည်။ ဒါကိုပဲ လဲ့လဲ့ဝင်းက ကျွန်မကို အားကျနေသည်။ သူသည် ကျွန်မကို အိမ်တလုံးဆောက်ဖြစ်အောင် တိုက်တွန်းရုံမက၊ စိန်ရွှေရတနာများကို စုဆောင်းခိုင်းသည်။ လက်ဝတ်ရတနာများကို ဝတ်ရန် ဝါသနာမပါသော ကျွန်မ သူ့စကား နားမထောင်ခဲ့ပါ။ ဖယ်မလီယာ ကားတစီးတာ့ ဝယ်ဖြစ်သွားသည်။ ကားမောင်းသင်ရန်လည်း မမ ဒေါ်မေကြည်သိန်းဆီ အပ်ပေးသဖြင့် ကျွန်မ ကားမောင်းတတ်သွားသည်။ သည်တုန်းက ရုပ်ရှင်မင်းသမီးကြီး မေသစ်၊ ဆရာဦးသုခ ကတော်တို့နှင့် တချိန်တည်း ကျွန်မ ကားမောင်းသင်ခဲ့တာ ဖြစ်သည်။ 

“လဲ့လဲ့ဝင်းက ကားမောင်း တာသာ မဟုတ်ဘူး၊ ဘက်စုံတော်တာ”

သူ့ဆရာမက ဟယ်လပင် လမ်းတလျှောက် ကျွန်မနှင့် အတူတကွ ဂျစ်ကားစတီရာရင်ကို လိုက်ထိန်းလာရင်း လဲ့လဲ့ဝင်းအကြောင်းတွေ ပြောလာသေးသည်။ လဲ့လဲ့ဝင်း ပန်းထိုး‌ပေးထားသော ဂျော့ဂျက်လိမ္မော်ရောင် အင်္ကျီလေးသည် နေရောင်တွင် ဝင်းမှည့်နေပေလိမ့်မည်။ 

“ဆရာမ ခင်ဆွေဦးက အရောင်ရင့်ရင့်တို့ အရောင်တောက်တောက် တို့နဲ့ လိုက်တယ်၊ အသားဆောင်တယ်”

ကျွန်မကို အလှဆင်ပေးတတ်သေးသည်။ သူသည် ကျွန်မထက် သုံးနှစ်ကျော်ကျော် ငယ်ရွယ်သော်လည်း ကျွန်မ၏ အစ်မတယောက်လိုပင် ကျွန်မအတွက် အရာရာ ပူပင်တတ်သည်။ 

ကျောင်းတွင် သူရယ်၊ ဉာဏ်စိုး (ဒေါက်တာဉာဏ်စိုး)ရယ်၊ ကျွန်မရယ် သုံးဦးသား တဖွဲ့တည်းဖြစ်သည်။

“လဲ့လဲ့က လူရွေးပေါင်းတာ၊ ဟန်ဆောင်တတ်တဲ့လူတွေ ၊ လူလည်တွေ၊ အပြိုင်အဆိုင်များတဲ့လူတွေ မပေါင်းချင်ပါဘူး။ ဟေ့ ယူပြောတဲ့ ဘာတဲ့ ဂျွန်လဲင်နင်လား ဘာလား ဧည့်ခန်းဆောင်က ပုပ်သိုးတဲ့စရိုက်ရှိတဲ့လူကြီးလူကောင်း နာမည်ခံ မိန်းမတွေလေ”

“ဂျက်လန်ဒန် ပြောတာပါကွယ်”

ကျွန်မက ရယ်ရင်း ပြင်ပေးတော့ သူက ပါးခွက်လေးနှင့် အရှက်ပြေ ရယ်ကာ

“ကိုယ်က အိညှက်အိညှက်နဲ့ မာယာများတဲ့လူတွေကို မပေါင်းချင်ပါဘူး”ဟု ကလေးလို ပြောသေးသည်။

မင်္ဂလာဆောင် ဧည့်ခံပွဲတခုမှ အပြန်တွင် သူ့အတွက် စိတ်ပျက်စရာ အ‌တွေ့အကြုံများကို ဖောက်သည်ချနေသည်။ ကျွန်မသည် အဲလက်ဇန္ဒား ဒူးမား ရေးသားခဲ့သော “ကယ်မလီ” ဝတ္ထုထဲမှ စကားအချို့ကို ဖတ်ပြ‌နေပါသေးသည်။

ဤအမျိုးသမီးကြီးများသည် အခါအခွင့်သင့်လျှင် သင့်သလို ဂုဏ်တုဂုဏ်ပြိုင် လုပ်နေကြသူများ ဖြစ်သည်။ တယောက်အပေါ် တယောက် မနာလိုဝန်တို ဖြစ်ရာ၌လည်း ပြိုင်စံရှားသူများ ဖြစ်သည်။ 

“ဟုတ်တယ် ဟုတ်တယ်။ ကိုယ်ပြောချင်တာ ဒီအတိုင်းပါပဲ။ ကိုယ့်ယောက်ျားက ကိုယ့်ကို ခင်ကန့်လန့်တဲ့။ အဲဒါ ဂွစာ လို့ ပြောတာပေါ့နော်”

သူ့ဘာသာသူ ရယ်နေသည်။ သူကြိုက်နှစ်သက်သော စာရေးဆရာများဖြစ်ကြသော ခင်နှင်းယု၏ မွှေး၊ တက္ကသိုလ်ဘုန်းနိုင်၏ မိုးညအိပ်မက်မြူ၊ ခင်ဆွေဦး၏ ဒို့တိုင်းဌာနီကို ဖတ်ပြီး သူ ငိုရသည်ကို သူ့ယောက်ျားပင် သူ့ကို နားမလည်ဘူးတဲ့။ လဲ့လဲ့ဝင်းက ရုပ်ရှင်ပဲကြည့်ကြည့်၊ စာပဲ ဖတ်ဖတ် အလွမ်းခန်းရောက်လျှင် မျက်ရည်ကျလေ့ရှိသည်။ တခါတုန်းက သူနဲ့ကျွန်မ ပီတာအိုလ်တူး ပါဝင်သရုပ်ဆောင်သော 
ဂျိုးဇက်ကွန်ရက် ရေးသားတဲ့ လော့(‌ဒ)ဂျင်ရုပ်ရှင်ကား ကြည့်ကာ ကျွန်မတို့နှစ်ယောက်စလုံး မျက်ရည်ကျကြသည်ကို သူ မမေ့။

ရုပ်ရှင်ကြိုက်ကြရာ၌ သူနဲ့ကျွန်မ ကွဲလွဲသော အချက်ရှိသည်။ 

သူက အလွမ်းဇာတ်ကား ကြိုက်ပြီး ကျမက ဟာသကား(သရော်သောကား)များကို ကြိုက်လေ့ရှိသည်။ သူက မင်းသားကြီး ဦးကျော်ဆွေကို ကြိုက်နေချိန်ဝယ် ကျမက မင်းသား ကောလိပ်ဂျင်နေဝင်းနှင့် ကျော်ဆွေကို ကြိုက်သည် ဆိုတော့ 

“ဟာ ရွှတ်တွတ်တွတ်နဲ့၊ မကြိုက်ချင်စမ်းပါနဲ့” ကန့်ကွက်သည်။ 

“သူတို့နှစ်ယောက်စလုံး အလွမ်းလည်း ရပါတယ်ကွဲ့”

သူက နဝေတိမ်တောင်နှင့် ဖြစ်နေရှာသည်။ ကျွန်မကပင် ဆက်၍ 

“လဲ့လဲ့ရေ ဟာသရသဆိုတာ လောကကို သရုပ်ဖော်ရာမှာ အလွန်ကောင်းတဲ့ လက်နက်တခုဖြစ်တယ်တဲ့”

ရှင်းပြရင်း ရှင်းပြရင်း သူ နားလည်လာလိမ့်မည်ဟု ကျွန်မ မျှော်လင့်သည်။ သူသည် ကျွန်မ၏စံချိန်အရ စာအဖတ်နည်းသည်ဟု ထင်သည်။ အချက်အပြုတ်၊ အချုပ်အလုပ် မိန်းမကိစ္စတွေ လျော့ပြီး စာတွေ များများဖတ်ဖို့ ကျွန်မတိုက်တွန်းသည့်အခါတိုင်း

“မိန်းမအလုပ် လုပ်ရမှာပေါ့ သူငယ်ချင်းရယ်၊ အိမ်အလုပ် လျှော့မပစ်နိုင်ပါဘူး။ အဲမူ(အိမ်ဖော်)ကလည်း ကလေးတွေနဲ့ အချိန်ကုန်တာ၊ နေရာတကာ ကိုယ်မပါ မပြီးဘူး”

“ကိုယ်က လဲ့လဲ့အရည်အချင်းတွေ နှမြောလို့ပါ”

“ဘာအရည်အချင်းလဲ”

“တခုခုပေါ့၊ ပန်းချီရေးတာ ဝါသနာ မပါဘူးလား”

“ဘယ်... တီကောင်တောင် မရေးတတ်ဘူး”

“ဟုတ်လို့လား၊ ပန်းအိုးတို့၊ ငှက်တွေ၊ ပန်းတွေနဲ့လိပ်ပြာနဲ့ သစ်ပင်တွေ ဘာတွေ ရေးပြီးတော့”

“ဒါကတော့ အလုပ်နဲ့ ရေးတတ်တာပေါ့၊ ပန်းချီတော့ ဝါသနာမပါတာ အမှန်ပဲ”

“ကိုယ်က လဲ့လဲ့ကို အိမ်အလုပ်မှာ ‌နစ်မြုပ်နေတာကိုပဲ နှမြောတာ”

“ယူက ယောက်ျားတယောက်လို ပိုက်ဆံရှာနိုင်တာကိုး၊ ပြောအားရှိမှာပေါ့။ ဒါပေမဲ့ သတိတော့ ထားနော်၊ မိန်းမက မိန်မလို မနေရင် ကိုယ်ပိုင်ယောက်ျား စမောလ်ဆွဲသွားဦးမယ်။ လောကကြီးမှာ Cat Mountain Pick တွေ ပေါကပေါနဲ့”

“ဘာလဲ အဲဒါ”

“Cat က ဘာလဲ၊ ကြောင် ဟုတ်ပြီ။ Mountain က တောင်။ Pick က ယူတာ။ ကြောင်တောင်နှိုက်ပေါ့”

သူ့ဘာသာ သူ ပြောရင်း ရယ်နေပြန်သည်။ ပါးချိုင့်လေးများ ပန်းနုသွေးရောင် ပါးပေါ်၌ ခွက်ထင်လာသည်။ 

(၃)

လဲ့လဲ့ဝင်းကို သူ့ယောက်ျားက စန္ဒရား ဝယ်ပေးသည်။ အတီးအမှုတ် ဂီတဝါသနာ ထုံသည့်အတွက် လဲ့လဲ့ဝင်းကို ကျွန်မ တမျိုးအထင်ကြီး လေးစားရသည်။ စန္ဒရားဆရာမ အိမ်ခေါ်ကာ သင်ရင်း သီချင်းကြီး အပုဒ် နှစ်ဆယ်ကျော်ကျော် ခဏချင်း တတ်သွားသည်။ စန္ဒရားကို နုတ်နှင့် တီးတတ်သွားကာ ခဏချင်းပင် ကျွန်မကြိုက်သော ဂီတနက်သန် ကိုစောညိမ်း၏သီချင်းတွေ အတီးကျင့်သေးသည်။ ကျွန်မကို သီချင်းဆိုခိုင်းတော့ မဆိုတတ် ဆိုတတ်နှင့် ဆိုပေးရသေးသည်။ မေရှင် သီဆိုခဲ့သော “ဝသန်ခါဦး” မှ 

သနားညှာတာမဲ့၊ တရား မစာနာခဲ့ ပူအောင် ဖန်ပြီး မာန်မငြိုးပါနဲ့ အလိုလို မအေး၊ ရွှေရင်မှာဖို ငိုချင် ဆွေးပေါ့၊ ဝေးလေ ဖော်မဲ့ တကိုယ်ရေ နွမ်းခဲ့ပြီး ဪ လွမ်းရဝသန်ရာသီ မိုးနတ်ဆွေရဲ့ ဒီမောင် ချစ်ရေးမညီ

သူက စန္ဒရား တီးရင်း ငိုသေးသည်။ 

“ဪ လဲ့လဲ့ရယ်၊ ဒီလောက်ကံကောင်းတဲ့ဘဝများ မျက်ရည်လွယ်ရတယ်လို့”

“ဟုတ်တယ်၊ ကိုကိုကလည်း ယူ့လိုပဲ ပြောတယ်”

လဲ့လဲ့ဝင်း၏ယောက်ျားက လဲ့လဲ့ဝင်းကို အရိပ်တကြည့်ကြည့်နှင့် သူမတူအောင် ချစ်သည်ဟု ကျွန်မ ကြားဖူးသည်။

နောင်နှစ်ပေါင်း ဆယ်နှစ်ခန့်အကြာတွင် ကျွန်မတို့အိမ်ထောင်ရေး မပြေလည်သောသတင်း သတင်းစာတွင် ဖတ်ရပြီးသည့်နောက် နှစ်ရက်အတွင်း သူ၏တိုယိုတာ ကိုရိုလာကား ဆင်စွယ်ရောင်လေးကို ကိုယ်တိုင်မောင်းလာသည်။ သူ့မျက်နှာတွင် မျက်ရည်တွေ ရွှဲလို့။ တလမ်းလုံး ကားမောင်းရင် ငိုလာတာတဲ့။ လူတွေက ကိုယ့်ကို ဘာထင်မလဲ မသိဘူး ပြောပြီးမှ မျက်နှာကို စေ့စေ့စိုက်ကြည့်ပြီး

“သေနာမ၊ သူကဖြင့် ပြုံးလို့။ ဒီက ငိုလိုက်ရတာ”

ဆိုပြီး ကြိမ်းမောင်းနေသေးသည်။ ကျွန်မက သူ့ပုခုံးကို လှမ်းပုတ်ကာ ရယ်ရင်း

“မငိုချင်တော့ဘူးကွယ်၊ နှစ်ခါ နာတယ်”

“ကိုကိုနဲ့ ဂေါဖ်ရိုက်ဖက် ဆရာဝန် လူပျိုကြီးကို ခေါင်းခေါက်လိုက်၊ သူက ယူ့ကို မြင်ဖူးတယ်”

“တော်ပါပြီ သူငယ်ချင်းရယ်၊ ကိုယ်ပဲ ခေါင်းအခေါက်ခံနေရဦးမယ်”

“ငါ့သူငယ်ချင်းက သိပ်ရိုး သိပ်အတာ”

ပြောရင်း လဲ့လဲ့ဝင်း ငိုပြန်သည်။ ကျွန်မကပင် သူ့ကျောပြင်ပေါ် လက်တင်ကာ ချော့ရသေးသည်။ ထိုနေ့က ကျွန်မအတွက် ကျားခေါင်းတံဆိပ် ပီနန်ပါတိတ်တထည်၊ ရှန်သား အင်္ကျီစတစ၊ ကိတ်မုန့်ပုံးတပုံး၊ စတီးချိုင့်ထဲတွင် မျှစ်ချဉ်နှင့် ဝက်သားဟင်း၊ ပုစွန်ခြောက်နှင့် ငရုတ်သီးကြော်တွေ ထည့်ယူလာသေးသည်။

“မှတ်မိသေးလား၊ မိုးဦးသစ်ခဲ့ပြန်ပြီ ကိုစောညိမ်းသီချင်း ဆိုတဲ့နေ့က ဟင်းတွေလေ ယူကြိုက်တတ်လို့ ချက်ယူလာတာ”

“မှတ်မိပ မှတ်မိပ။ ကိုယ် ထမင်း သုံးခါထည့်တာ မမေ့ပါဘူး”

သူ့ကို ပေးထားတဲ့ ကျွန်မ ဓာတ်ပုံတွေကို ဘေးက လူပုံကို ညှပ်ထုတ်ပစ်ကာ ကျွန်မပုံ တပုံတည်းပဲသိမ်းထားသည့်အကြောင်း ပြောသေးသည်။ ကျွန်မက ရယ်ကာ 

“လဲ့လဲ့က ခုထိ ကလေးဆန်တုန်းပဲ”

“ယူကကော”

“အေး တို့တွေ လေးဆယ်ပြည့်တော့မယ်၊ အသက်နဲ့ အတူတူ လိုက်မကြီးသေးဘူးနော်”

“အင်း အဲဒါပဲ ကောင်းပါတယ်”

လဲ့လဲ့ဝင်း ပြန်သွားတော့ ကျွန်မသည် လဲ့လဲ့ဝင်း အကြောင်းကို မေမေ‌နှင့် သမီးကို တဖွဖွ ပြောရင်း ကျန်ရစ်သည်။ 

“တန်ဆောင်မုန်းလဆန်း (၁၂ ) ရက်နေ့ ဘာနေ့ ကျလဲ မသိဘူး၊ သူတို့ အိမ်ထောင်သက် နှစ်နှစ်ဆယ်ပြည့် ဆွမ်းကျွေးမလို့တဲ့။ သူ့ယောက်ျားက သူ့ကို သိပ်မြတ်နိုးတာ၊ အတော်ကံကောင်းတဲ့ ကောင်မလေး”

သူတို့ မင်္ဂလာနှစ်ပတ်လည် ဆွမ်းကျွေး ကျွန်မ မရောက်လိုက်‌ သော်လည်း လဲ့လဲ့ဝင်းဆီက သတင်းတွေရသည်။ 

လဲ့လဲ့တယောက် နှလုံးရောဂါကြောင့် ရေချိုးခန်းအနီး မေ့လဲလို့ ဆေးရုံပိုရသတဲ့။ မင်္ဂလာ နှစ်ပတ်လည်ပြီး နှစ်လ၊ သုံးလအကြာတွင်ဖြစ်သည်။ လဲ့လဲ့ဝင်း စိတ်မချမ်းမသာဖြစ်ရသော အကြောင်းတွေ ဆိုက်ရောက်လာခဲ့သည်။ လဲ့လဲ့ဝင်းကို မြတ်နိုးသော လင်ယောက်ျားသည် သူ့ လက်အောက်က မိန်းကလေးတဦးနှင့် တိတ်တိတ် ငြိစွန်းနေသည်ဆိုပဲ။ လဲ့လဲ့ဝင်း အိပ်ဆေးတွေ အလွန်အကျွံသောက်မှ အိပ်လျှင်ရသော ဘဝ မျိုးကို ကျွန်မ ချေဖျက်ချင်သဖြင့် လဲ့လဲ့ဝင်းဆီ ရောက်သွားတော့ ခရီးကျွံနှင့်ပြီ ဖြစ်သည်။ 

လဲ့လဲ့ဝင်း မျက်လုံး ဟောက်ပက်နှင့် ပိန်ချုံးနေသည်။ နှလုံးရောဂါအပြင် အဆုတ်ကင်ဆာ ဖြစ်နေသည် ... ဆိုလား။ ကျွန်မ သူ့ဆီသွားတော့ လဲ့လဲ့ဝင်း အိပ်ဆေးများကြောင့် အိပ်ပျော်နေသည်။ သူ့ကို မနှောင့်ယှက်ချင်သဖြင့် အသာ လှည့်ပြန်လာသည်။ သူ အိပ်ခါစမို့ နိုးဦးမည်မဟုတ်ကြောင်း သိရသည်။ သူ့အနီးတွင် ခင်ပွန်းတွေ၊ သမီးတွေ မရှိကြ။ ကျောင်းနှင့် အလုပ်သွားနေကြသည်တဲ့။ သူ လက်သပ်မွေး တပည့်လေး နော်အဲမူပဲ ရှိသည်။ အဲမူက မျက်ရည်တွေ ပြည့်လျှံ‌နေသော မျက်လုံးများမှာ နီရဲနေသည်။ သူ ကျွန်မကို သတိပေးသော စကားများ ယခုထက်တိုင် ကြားယောင်နေဆဲပင်။

“မိန်းမက မိန်းမလိုမနေရင် ကိုယ်ပိုင်ယောက်ျား စမော ‌ (လ်) ဆွဲသွားဦးမယ်နော်” 

ကျွန်မသည် ညနေဘက် တခေါက် ဝင်ခဲ့ဦးမည်ဟု အဲမူအား မှာခဲ့ကာ ပြန်ခဲ့သော်လည်း စိတ်က လဲ့လဲ့၀င်းဆီ ကျန်ခဲ့သည်။ 

“တန်ဆောင်မုန်းလဆန်း (၁၂) ရက်နေ့ ညလေ၊ လသာ လိုက်တာ ဝင်းလဲ့နေတာပဲ၊ ခွာဖြူတွေကလဲ တအားပွင့်တာ”

အဆုံးသတ် မြန်လွန်းသည် မထင်ပါနှင့်။ ထိုညနေ မစောင်းခင်တွင် လဲ့လဲ့ဝင်း ဆုံးရှာသည်။ ကျွန်မကို ကောင်လေးတဦးက လာအကြောင်းကြားတော့ စိတ်ထိခိုက်သဖြင့် လဲ့လဲ့ဝင်းဆီ မသွားတော့။ အသုဘချတဲ့ နေ့ကျမှပဲ သွားတော့မည် စိတ်ကူးသည်။ သည်နှစ်ရက်၊ သုံးရက် ကျွန်မ ဘာမှ လုပ်လို့မရသော နေ့ရက်များဖြစ်သည်။ ခါတိုင်းမက်မက်စွဲစွဲရှိလှသော စာများပင် မဖတ်ဖြစ်။ ခြေသံပင် မကြားရသော သေမင်းကို စိတ်ဆိုးသည်။ လဲ့လဲ့ဝင်း၏ အိပ်ပျော်နေသော သဏ္ဌာန်ကိုသာ မြင်ယောင်နေမိသည်။ 

(၄)

အသုဘ အိမ်သည် တိတ်ဆိတ်လွန်းလှသည်။ လူတွေ စည်စည်ကားကား ရှိသော်လည်း ငိုသံ၊ ဒေါမနဿသံတွေ၊ ညည်းညူသံတွေ၊ ရှိုက်သံတွေ မကြားရ။ လဲ့လဲ့ဝင်း‌ယောက်ျားသည် အလောင်းဘေး ငုတ်တုတ်ထိုင်ကာ ငိုင်နေသည်။ သမီးနှစ်ယောက်၊ သားနှစ်ယောက်ကတော့ ထောင့် 
လေးတွေမှာ ထိုင်ကာ မျက်ရည်ကျနေသည်။ လဲ့လဲ့ဝင်း၏ အဖေနှင့်အမေ၊ မောင်လေးများက မျက်ရည်တွေ ပြည့်လျှံ သော မျက်လုံးများနှင့် အလောင်းကို ကြောင်တောင် ငေးစိုက် ကြည့်နေသည်။ လဲ့လဲ့ဝင်း ခေါင်းရင်းက ပန်ကာလည်သော အသံသာလျှင် တခန်းလုံး၏အသံလို ဖြစ်နေသည်။ 

ဝင်ဒါမီယာမှ လဲ့လဲ့ဝင်းတို့ ခြံကြီးတွင် ခေတ်ပေါ် ဆလွန်းကားတွေက ပြွတ်သိပ် စီနေသည်။ အခန်းတခုလုံး စိန်နားကပ်၊ စိန်လက်စွပ်၊ လက်ဝတ်ရတနာတွေနှင့်တကွ ပတ္တမြား၊ နီလာ၊ မြ စသော ကျောက်ရောင်စုံများ ပြိုးပြက်နေသည်။

အသုဘအိမ်သို့ လာကြသော အမျိုးသမီးကြီးငယ် တို့၏မျက်နှာများတွင် အသုဘအိမ်နှင့် မလိုက် အောင်ပင် အခြယ်အသ များလွန်းသည်ဟု ထင်သည်။

သူတို့မျက်နှာတွင် လူတဦးတယောက် ဆုံးရှုံးခြင်းအတွက် ဘယ်လိုမှ မ ထိခိုက်သော ဟန်ပန်များ ပေါ်လွင်လှသည်။ “နေစိမ့် သော မျက်နှာများ” ခေါင်းစဉ်တပ်၍ ကဗျာရေးတတ်လျှင် ရေးဖွဲ့ချင်လှသည်။

ကျွန်မ အခန်းထဲသို့ ယိုင်နဲ့စွာ ဝင်လာသည်နှင့် ကျွန်မအား လဲ့လဲ့ဝင်းသမီး အကြီးဆုံးက လှမ်းတွဲကာ

“အန်တီဦးရေ၊ မေမေ့ ကြည့်ပါဦး”

ရင်ထဲမှတဆင့် အာခေါင်းထဲမှ ဆောင့်ထွက် လာသော စကားများဖြင့် အော်ငိုလိုက်သည်။ 

သမီးလတ်ကလည်း

“မေမ မရှိတော့ဘူး”

သည်တော့မှ လဲ့လဲ့ဝင်းရဲ့ သားသမီးတွေ၊ အဖေ အမေနှင့် မောင်တွေ၊ ဆွေတွေမျိုးတွေအားလုံး ငိုကြသည်။ ကျွန်မ၏ နှလုံးသားကို တစစီ ပဲ့ထွက်အောင် ငိုသံတွေ၊ ရှိုက်သံတွေကြားထဲတွင် ဆေးရောင်စုံ ခြယ်သသော မျက်နှာအနေအထားမှာ မသိမသာ ပြောင်းကုန်သည်။ ဝမ်းနည်း ကြေကွဲသည် မဟုတ်သော်လည်း အံ့ဩရိပ် အနည်းများနှင့် အားနာသောအရောင် စိုးစိမျှ သမ်းလာသည်။ 

အလောင်းဘေးမှာ ရပ်နေသော ကီမိုနို အပေါ်အောက် ဆင်တူ ဝတ်ထားသော အသက် ( ၅၀ ) ကျော် အမျိုးသမီးကြီးက သူ့ခေါင်းထက်မှာ ခရမ်းရောင် လာဗင်ဒါ သစ်ခွပန်းကို မသိမသာ ဖြုတ်လိုက်သည်။ အသက် (၂၀)ရွယ် အပျိုမတဦးက သူ၏ လိမ္မော်ရင့်ရောင် နှုတ်ခမ်းဆိုးဆေးကို နှုတ်ခမ်းပေါ်မှ လက်ခုံနှင့် အသာအယာ ပွတ်သပ်လိုက်သည်။

ငိုသံ ရှိုက်သံတွေကြားထဲတွင် ကျွန်မ ဘယ်လိုနှစ်သိမ့်စကားမျိုးမှ မဆိုလိုက်နိုင်။ ကျွန်မကိုယ်တိုင် ငိုယိုနေသောကြောင့် ဖြစ်ပါသည်။ လဲ့လဲ့၀င်းကို ကြည့်ရင်း ကြည့်ရင်း အသုဘရှင်သည် ကျွန်မကိုယ်တိုင် ဖြစ်နေသလို ခံစားရသည်။ 

“သူငယ်ချင်းရယ် မင်း ကိုယ့်ကို ရူးအောင် လုပ်ခဲ့တာပါပဲ” စိတ်မှာ ပြောမိသည်။ ခဏ ခဏ ငိုတတ်တဲ့ ကောင်မလေး။ ပါးချိုင့်လေး ပေါ်အောင် မပြုံးနိုင်တော့တဲ့ ကောင်မလေး။ ခုတော့ မင်းအတွက် အားလုံး ငိုနေကြပြီ။ သူ့ အိမ်နားနီးချင်း ဖြစ်ဟန်တူသော အရွယ်လတ် မိန်းမ တဦးက မျက်မှန်ချွတ်ကာ မျက်ရည်တွေ သုတ်ပစ်နေသည်။ ငိုတာတွေ၊ လွမ်းတာတွေ၊ ဆွေးတာတွေ မကြားချင် မမြင်ချင်တော့ပေမယ့် ကိုယ် ကျေနပ်ပါပြီ သူငယ်ချင်း။ အလွမ်းသည်မလေး မင်းအတွက် သက်ဆိုင်သူတွေ လွမ်းကျန်ရစ်ခဲ့တာ အမှန်ပါပဲ။ နောက်ဆုံး မျက်ရည်တွေ အများဆုံး သွန်ချသူကတော့ မင့်ကိုကိုပဲ ဖြစ်ပါတယ်လို့ ပြောပြချင်သည်။

---

#ခင်ဆွေဦး
#အလွမ်းအိမ်

#shared_by_louis_augustine
#sbla

Comments