ရှည်ရှည်နှင့် တိုတို // မောင်ထင်

ရှည်ရှည်နှင့် တိုတို // မောင်ထင်

(ရှုမဝ၊ သြဂုတ်၊ ၁၉၄၈)

---

ကဆုန် နယုန် မိုးသံကြားပြီဆိုလျှင် လယ်ငှားစာချုပ် ချုပ်ရန် ကိုရာပျိုတို့လင်မယား မြို့သို့ တက်လာလေ့ရှိပါသည်။

လယ်ငှားစာချုပ် ချုပ်ပြီဆိုလျှင် ကိုရာပျိုက လက်မှတ်ကိုသာ ထိုးရသည်။ သူ့မိန်းမကား သည်နှစ် စပါးပိုးကျ၍ လယ်ခကို ဘယ်ရွေ့ဘယ်မျှ လျှော့ပေါ့သင့်ပါသည်၊ ကျွဲခကိုတော့ အပြေ မပေးပါရစေနှင့်ဦး၊ စပါးပေးကိုမူ အပြေဆပ်ပါမည်၊ သို့သော် ရှစ်ဆယ်ဈေးတော့ မထားပါနှင့်၊ ဒီနှစ် စပါးဈေးကောင်းတော့ တပိဿာဈေး ထားပါ၊ ဆရာကတော့်ဆီက သရက်ထည် ဖိုးကလေးကိုတော့ စပါးဦးပေါ်မှဘဲ အပြေဆပ်ပါရစေ၊ ယခု လယ်ထဲဆင်းခါနီးမှာ ကိုရာပျို ပဆိုးစည်းစရာ မရှိသဖြင့်၊ ဆီစိမ် ပဆိုး တထည်ကို အကြွေးယူလိုပါသေးသည်၊ အဲသည် ပုဆိုးဖိုးကိုလည်း ထဘီဖိုးနှင့်မှ တပါတည်း ပြေလည်အောင် ဆပ်ပါမည်၊ တရုတ်ဆိုင်မှာ ရွှေကျင်ဆေး တပိုလောက်တော့ အကြွေး ယူပေးပါဦး စသည်ဖြင့် လယ်မှုကိစ္စ၊ ကြွေးမြီကိစ္စ အဝဝတို့ကို စကားပြောသည်။ မိန်းမ၏ အာဝဇ္ဇာန်းကို ထောက်၍ လုပ်ငန်း၌ သူ မပါလျှင် ဘာမျှ မပြီးနိုင်သည်ကို သိသာသည်။ ကိုရာပျိုသည် ယောက်ျားဟုသာ ဆိုရငြားလည်း အရာရာ လေမျိုး၌ သူ့မိန်းမသာလျှင် အခရာ ဖြစ်သည်။

ကိုရာပျိုသည် အသားလတ်သည်။ လူလုံးလူဖန် သေးသွယ်သော်လည်း တောင့်တင်းသည်။ အရပ်အမောင်းမှာ ရှိသမျှ လယ်သမားထဲတွင် သူက လက်လေးသစ်လောက် ပို၍မြင့်သည်။ သျှောင်တစောင်း အမြဲထုံးသည်။ စကားပြောလျှင် စဉ်းစားရင်းနှင့် အချိန်ကုန်တတ်သည်။ ဘာမဆို သူ့ကိစ္စကို သူ မဆုံးဖြတ်တတ်။ မိန်းမကပြောမှ ပြီးပြတ်သည်။

လယ်သမားများထဲတွင် ကိုရာပျိုသည် ရုပ်ရည် အတော် သင့်သည်။ လူကြည့်လိုက်လျှင် ခါးကလေး တနွဲ့နွဲ့နှင့်မို့ အလုပ်ကြမ်း လုပ်နိုင်ပါ့မလားဟု အောက်မေ့ရသည်။ သို့သော် အလုပ်ခွင်၌ မခိုမကပ် ကြိုးစားသည်။ ထို့ကြောင့် သူ့အား လယ်သီးစား ချထားသော လယ်တွင် သူများ တဧကကို သုံးဆယ်ထွက်အောင် လုပ်သည်ဆိုလျှင် သူက အဖျင်းဆုံး သုံးဆဲ့ငါးတင်း ထွက်အောင် လုပ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်၏ ဖခင်မှာ ကိုရာပျိုကို အသဲစွဲ ဖြစ်လေရာ ကိုရာပျို၏ မိန်းမက မည်မျှပင် ကတ်သီးကတ်သတ် နိုင်စေကာမူ ပြုံးပြုံး ပြုံးပြုံးနှင့် တတ်နိုင်သမျှ အလျှော့ပေးသည်။

ကိုရာပျို့ မိန်းမ နာမည်ကို ကျွန်တော် ကောင်းစွာ မမှတ်မိတော့ပါ။ မစိန်နှစ်ဟု ခေါ်သည်ထင့်။ မစိန်နှစ်မှာ ငါးကျည်းခြောက် ကျပ်တိုက်ထားသော ရုပ်မျိုး ရှိသည်။ ကိုရာပျိုနှင့် ယှဉ်လိုက်လျှင် ဗျိုင်းခြေတံရှည်၏ ဘေးတွင် လာနားသော တင်ကျီးငှက်နှင့် သဏ္ဌာန်တူလှ၏။ ကွမ်းအမြဲ ဝါးသဖြင့် သွားမှာ ညိုပုပ်ပုပ် ရှိသည်။ ဆံပင်မှ ဆီချေးတို့သည် မွဲချောက်သော ဂုတ်ပေါ်၌ ရွှဲ၍နေရာ ကော်ရင်ဂျီ ကု|လားများ မွေးကင်းစကို ဆီသုတ်၍ မီးကပ်ပေါ် တင်လှိမ့်ထားသည့် ရုပ်မျိုးနှင့် တူလှသည်။

သို့သော် ထိုလင်မယားကို ရှေ့သွားနောက်လိုက် မညီဟု အသူ ဆိုဝံ့အံ့နည်း။ မယား ရှေ့ကသွားလျှင် လင်က နောက်က တကောက်ကောက် လိုက်ရသည် မဟုတ်လော။

လယ်ငှားစာချုပ်ကို ချုပ်တိုင်း ချုပ်တိုင်း ကျွန်တော်သည် သူရို့လင်မယားကို အကဲခပ် ကြည့်မိသည်။ ကိုရာပျိုက သူ့လိုဘ ရှိရာကို ဘာပဲပြောပြော မစိန်နှစ်က တချက် ဝင်တောလိုက်လျှင် ကိုရာပျိုမှာ သူ့လိုဘ ဘာလဲ ဆိုသဟာကို မပြောတတ်တော့ပြီ။ ကိုရာပျိုက သူ့၌ လိုဘ ဘာမျှမရှိဟု ဆိုစေကာမူ မစိန်နှစ်က ဝင်၍ ထောက်လိုက်လျှင် သူသည် သူ ဘာကို လိုချင်သည် ဆိုသဟာကို စကားတခွန်းလျှင် တထောက် တထောက် နားရင်း တောက်လျှောက်ကြီး ပြောချနိုင်ပါသည်။ ထိုသို့သော အခါမျိုး၌ ကျွန်တော် စောင့်ကြည့်၍ မြင်ရသော ထူးခြားချက်မှာ မစိန်နှစ် တောက်ပသော မျက်လုံးများ ဖြစ်၏။ ထိုမျက်လုံး နှစ်စုံတို့သည်ပင်လျှင် ကိုရာပျိုအား “ဇိုးဟဲ့ နွား” ဟု နှင်လျက် ရှိသည်ဟူ၍ ကျွန်တော် ယူဆမိသည်။ ကိုရာပျိုက တောင်စဉ်ရေမရတို့ကို အ အ ထစ် ထစ် နှင့် ရေရွတ်နေသည့်အခါ မစိန်နှစ်၏ မျက်လုံး တချက်လောက် ဝင့်လိုက်လျှင် ကျွန်ုပ်တို့၏ မိတ်ဆွေ ကိုရာပျို၏ သျှောင်တစောင်းကလေးမှာ ပု၍ ဝင်သွားသည်။

ထိုအကြောင်းများကြောင့် ကျွန်တော်၏ မိခင်ဖခင်တို့သည် လယ်ကိစ္စနှင့်တကွ ကိုယ်ရေးကိုယ်တာ ဟူသမျှတို့တွင် မစိန်နှစ်နှင့်သာလျှင် စခန်းသွားသည်။ လင်ကိုနိုင်သော မယားဟူ၍ အမှတ်မထားချေ။ နိုင်သင့်သောကြောင့် နိုင်ခြင်းပင် ဖြစ်လေရာ ကိုရာပျို တည်းဟူသော လူ့ငနွား၏ နဖားကြိုးကို မစိန်နှစ် တည်းဟူသော နွားကျောင်းသူကလေးကမှ ကျကျနန ကိုင်မပေးလျှင် သည်ငနွားမှာ ဘယ်ပါးစပ်နှင့် မြက်ကို ဝါးရပမတုံး။

တနှစ်၊ နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ် စသည်ဖြင့် ကိုရာပျိုတို့ လင်မယားသည် ကျွန်ုပ်တို့၏လယ်ကို ငှား၍ လုပ်ကြသည်။ စာချုပ်အသစ် ချုပ်တိုင်း သူတို့နှင့် ကျွန်တော်မှာ ဆုံခဲ့ကြရသည်။ သို့သော် သည်တခါ ကျောင်းပိတ်ရက်အတွင်း ကိုရာပျိုတို့ လင်မယားစုံတွဲသည် မြို့သို့ တက်မလာကြချေ။ အမှန်မှာ ကိုရာပျိုတော့ လာပါ၏။ ကျွန်တော် ကျောင်းသို့ ပြန်ရမည့်နေ့ မတိုင်မီကမှ သူ ရောက်လာသည်။ သည်တခါ စာချုပ်ချုပ်တာ ပြီးစီးလွယ်လှပါသည်။ မစိန်နှစ် မှာလိုက်သည့်အတိုင်း ဖခင်ဖြစ်သူက လိုက်လျောသည့်အပြင် မစိန်နှစ် မရှိ၍ သူ့ယောက်ျား မလယ်မဝယ်ကို သူငယ်နှပ်စား လုပ်သည်ဟု အများက မလိုလျှင် မလိုသလို မပြောနိုင်အောင် မနှစ်က ကျန်သော ကျွဲခများကိုပင် လျှော်ပစ်လိုက်ပါသေး၏။

စာချုပ်ပြီးသော် ကိုရာပျိုသည် ကျွန်တော့်မိခင်နှင့် ဘယဆေးများအကြောင်း စုံစမ်းမေးမြန်းနေပါသည်။

“စပါးလှေ့ပြီးတဲ့ အချိန်ကစပြီး တပိန်ပိန် တလိမ်လိမ်နဲ့ ဘာဖြစ်နေသလဲ မသိပါဘူး။ သွေးဝမ်းကလည်း ခဏခဏ ကျတယ် ဆရာကတော်ရဲ့” ဟူ၍ ကိုရာပျိုက ကျွန်တော့်မိခင်ကို ပြောနေသည်။

“မီးယပ်ဝမ်းပေါ့ကွယ်” ဟု ကျွန်တော့်မိခင်က ဆို၏။

“အဲ အဲ ဟုတ်တယ်၊ မီးယပ်ဝမ်းပါဘဲ၊ လူလဲ အရိုးပေါ် အရေတင် ကျန်တော့တယ်၊ စိန်နှစ်တော့ ဒီတောင်ကမှ ကျော်နိုင်ပါ့မလား မသိပါဘူး ဆရာကတော်ရယ်”

ကိုရာပျို ငိုများ ငိုလိုက်လေသလား။ သူ့အသံက ပြောရင်း ပြောရင်း ပျော့သွားသည်။

နွေ ကျောင်းပိတ်ရက် ကုန်သောအခါ ကျွန်တော်သည် ကျောင်းသို့ ပြန်ပြီးလျှင် သတင်းကျွတ်ပြန်တော့ အိမ်သို့ တဖန် ပြန်လာသည်။

အိမ်ရောက်သောအခါ အိမ်ဦးခန်းတွင် ကျွန်တော့်ဖခင်နှင့် ကိုရာပျိုတို့သည် စားပွဲတင် မှန်အိမ်ကလေးကို ရှေ့ချကာ ကကူရန်ခြောက်နှင့် လက်ဖက်ရည်ကြမ်းကို မြည်းရင်း စကားမပြောပဲ တွေဝေနေကြသည်ကို တွေ့ရသည်။ သူတို့အကဲကို ခပ်ကြည့်လိုက်သော် မစိန်နှစ်တယောက် ရှိမှ ရှိသေး၏လောဟု စဉ်းစားစရာ ဖြစ်ပေါ်လာသည်။

ကူလီများလည်း ကျွန်တော်၏ အိပ်ရာလိပ်နှင့်တကွ ထင်းရှူးပုံး စာအုပ်သေတ္တာကြီးကို နေရာချပြီးသော် ကျွန်တော့်ကို ကူလီခ တောင်းလေသည်။

“ဟောဒီမှာ ကူလီခတဲ့”ဟု ကျွန်တော်က မိခင်ကို လှမ်းပြောသည်။

“တကတဲတော်၊ ပြန်စရိတ်အပြင် နောက်ထပ် ငွေမလောက်ဖူး ဆိုလို့ ငွေငါးဆယ် ထပ်ပို့လိုက်ရတဲ့ဥစ္စာ။ ကိုယ့်ကူလီခမှ ကိုယ် မပေးနိုင်ဘူးလား”ဟု မိခင်က ဖြစ်တောက် ဖြစ်တောက်နှင့် ညည်းသည်။

“အမလေးကွယ်၊ ထုံးစံဘဲဟာ စကားထဲ ထည့်ပြော မနေပါနဲ့တော့။ ကျောင်းပြန်တိုင်းမှာ ဘယ်တုန်းကများ ကူလီခ ကျန်ဘူးလို့လဲ” ဖခင်ဖြစ်သူက ထောက်လိုက်သည်။

ဤသို့ပြောပြီးသော် ကျွန်တော့် ဖခင်သည် မိခင့်အနီးသို့ တိုးတိုးကပ်၍ “မင့်သားကိစ္စကို ထားစမ်းပါအုံး။ ဟောဒီ ကိုရာပျိုကိစ္စကို ကြည့်ပြီး နေရာချစမ်းပါ။ ငါတော့ မလုပ်တတ်ဖူး”ဟု ပြောလိုက်ပြန်သည်။

ကိုရာပျိုသည် ငိုင်မြဲတိုင်း ငိုင်နေသည်။ မိခင်သည် သူထိုင်နေရာသို့ သွား၍ “ဘာဖြစ်လာတာလဲ၊ စိန်နှစ် ရှိသေးတယ် မဟုတ်လား”ဟု မေးသည်။ အဖြစ်သနစ်ကို နားမလည်ရှာသေးသော ကျွန်တော်၏ မိခင်မှာ ရင်လေးလေးနှင့် အရဲစွန့် မေးရသည်။

ကိုရာပျိုမှာမူ ဒူးနှစ်လုံးကို လက်နှစ်ဖက်နှင့်ဆွဲ၍ မှန်အိမ်မှ မီးတောက်ကို ဝေနေသော မျက်လုံးဖြင့် စိုက်ကြည့်ရင်း “ရှိပါသေးတယ်။ ဒါပေမယ့် ဆရာကတော်ရဲ့၊ ဒီလိုခင်ဗျာ့”ဟု သူတို့လင်မယား အကြောင်းကို နိဒါန်းသွယ်လေ၏။

“လင်မယား ရန်ဖြစ်ပြီ ထင်တယ်၊ အင်း မိန်းမက လင်ကို နိုင်ချင်အုံးတော့ နေရာတကာတိုင်း နိုင်လို့ ဘယ်ဖြစ်မလဲ။ ဟာ မဟုတ်သေးပါဘူး၊ ကိုရာပျိုလို လူမျိုးကိုတော့ မစိန်နှစ်က နိုင်ရမှာ မုချပဲ။ ဧကန္တ မစိန်နှစ်တော့ မနေရတော့ဘူး ထင်တယ်” ယင်းသို့ တွေးမိပြီးလျှင် ကျွန်တော်သည် သူတို့နှစ်ဦး မကြားတကြား ပြောနေသော အိမ်ဦးခန်းသို့ တလှမ်းချင်း တိုးသွားပြီးလျှင် နားကို စွင့်လိုက်ပါသည်။

“ဟုတ်တယ်။ စိန်နှစ်တော့ မနေရတော့ဘူး။ သူကတော့ သူ့ဟာသူ သိတာကိုး။ ဒါကြောင့် ပြောပါရစေတော့ ဆရာကတော်ရယ်။ ကျွန်တော်လုပ်တဲ့ လယ်ကွင်းထဲက ငကြွယ်ရဲ့တူမကို ဆရာကတော် မြင်ဖူးမှာပေါ့” ဟူ၍ ကိုရာပျိုက စကားစလိုက်သည်။

“အင်း မြင်ဘူးသားပဲ” ဟု ကျွန်တော့် မိခင်က ပြန်ဖြေသည်။

“အဲဒါ ကျွန်တော် ဟိုဒင်းလေ။ အဲဒီ ကောင်မလေးက စိန်နှစ်ကို ပြုစုလာတာ ဟိုနှစ် နွေကပါဘဲ။ ဟဝါ အဲဒီဥစ္စာကို ဟိုသင်းပြု”

“အမယ်လေးလေး ကိုရာပျို့နှယ်၊ အဲဒီ ကောင်မကလေးကို နောက်ထပ် ဆက်ချင်လို့ မဟုတ်လား”

“မဟုတ်ပါဘူး ဆရာကတော်ရယ်။ ကျွန်တော်က ဆက်ချင်တာ မဟုတ်ဖူး။ စိန်နှစ်က ဒီကောင်မလေးရဲ့ အပြုအစုကို ခံရတော့ သူ့ကို သိပ်ပြီး သဘောကျနေတယ်။ အခုတော့ သူက သူလူ့ပြည်မှာ ကြာကြာ နေရမယ် မထင်ဘူးတဲ့”

ကိုရာပျိုသည် ရင်မှ တက်လာသော ရှိုက်လုံးကြီးကို လက်ဖက်ရည်ကြမ်းနှင့် ရောပြီး မျိုချလိုက်သည် ထင်သည်။ လည်ချောင်းမှ ဂလုပ် ဂလုပ်သံများ ပြုံ၍ ထွက်လာသည်။

ကျွန်တော်၏ မိခင်မှာ စိတ်မရှည်နိုင်သော အမူအရာကို ပြန်၍ ချုပ်တီးထားလိုက်၏။

“အမယ်လေးကွယ် အားငယ်စရာ မဟုတ်ပါဘူး။ စိန်နှစ်ဟာ ဒီရောဂါနဲ့တော့ ပိုးစိုးပက်စက် မဖြစ်နိုင်ပါဘူး။ ယောက်ျားက စိတ်တင်းမှပေါ့။ မင်း ဒီလိုဖြစ်နေရင် စိန်နှစ်မှာ သာလို့ ဆိုးမှာပေါ့ကွယ့်”

“မဟုတ်ဖူး ဆရာကတော်၊ သူ့ရောဂါ အခြေကို သူသာ သိတာ။ သူက “မနေရတော့ဘူး” တဲ့။ ဒါကြောင့် ကိုရာပျိုရယ်တဲ့၊ ရှင့်ကိုလည်း စိတ်မချဘူးတဲ့။ ရှင်လဲ အရွယ်ကောင်းတုန်းမို့ ကျွန်မ သေပြီးလဲ အိမ်ထောင်ပြုအုံးမှာဘဲတဲ့။ ဒီလို ပြုမယ့် အတူတူ ငကြွယ့်တူမဆိုတာ တခြားဟာလဲ မဟုတ်ပါဘူးတဲ့။ ဆွေရိပ် မျိုးရိပ် မကင်းတဲ့ဟာပါတဲ့။ ဒီတော့ ပစ္စည်းပစ္စယ ကျန်ရစ်ခဲ့သမျှကို ထိန်းသိမ်းနိုင်အောင် ဆိုပြီး သူက ကျွန်တော့ကို ဟဝှါ၊ ဒီကောင်မလေးနဲ့ ဟဝှါပြု အဟင်း အဟင်း”

“ကောင်မလေးကတော့ အတော်သားဘဲ”

“ဟုတ်ကဲ့”

“ဒါတော့ စိန်နှစ်ကလဲ ရှိနေသေးတော့ ဒို့သဘော ပြောလို့ ဘယ်ဖြစ်မလဲ”

“ဟုတ်ကဲ့”

“မင့်သဘောကကော”

“ကျွန်တော်ကတော့ ဆရာကတော် သိတဲ့အတိုင်းဘဲ၊ စိန်နှစ်က တော်တယ်ဆိုရင်”

“အေးကွယ်။ မင်းသဘောကတော့ စိန်နှစ်က ထိုင်ဆို ထိုင်၊ ထဆို ထ၊ သေဆို သေပေါ့”

ကိုရာပျို ခေါင်းငုံ့နေသည်။

“ဒို့သဘောတော့ ပြောလို့ ဘယ်ဖြစ်မလဲကွယ့်။ မင်းဘဲ စဉ်းစားပေါ့ ဟုတ်လား။ ဒါမျိုးဆိုတာ ပြင်လို့ ရတဲ့ကိစ္စ မဟုတ်ဖူး။ စိန်နှစ်ကိုလဲ ငါ တွေ့ရမြင်ရတာ မဟုတ်တော့ သူ့ရောဂါဟာ ဘယ်အထိ ကျွမ်းနေပြီ ဆိုတာတော့ မမှန်းတတ်ဖူး။ ကိုယ့်ဝမ်းနာ ကိုယ်သာ သိသတဲ့။ ဒီတော့ စိန်နှစ်က ကြည်ဖြူပြီ ဆိုရင်တော့ ဒို့ပြောလို့ အပိုပဲ”

“ကျွန်တော်ကတော့ ဆရာကြီးနဲ့ ဆရာကတော်တို့ ဆိုရင် တိုင်ပင်သင့်တယ် ထင်လို့ပါဘဲ”

“အင်း၊ အင်း။ တိုင်တော့ တိုင်ပင်သင့်တာပေါ့။ ဒါပေမယ့် ဒီအရေးက မင့်အရေးဘဲ။ စိန်နှစ်ရဲ့ ဩဇာဆိုတာလဲ တသက်လုံးက မင်းအပေါ် ညောင်းလာတယ်။ ဒီလို ညောင်းလာသမျှကိုလဲ ဒို့ အကဲခပ် ကြည့်သမျှတော့ မင်းတို့ နှစ်ဦးစလုံး အကျိုးမဲ့တာရယ်လို့ မတွေ့ရသေးဘူး။ ဒီကိစ္စမှာတော့ သူလဲ အမြော်အမြင်ရှိတဲ့ မိန်းမမို့လို့ မင့် စိတ်မချတာနဲ့ ဒီလို စီမံရတာ ဖြစ်မှာပါဘဲ”

အားလုံး သေတ္ထုချကြည့်သော် ကိုရာပျိုမှာ ကိုကြွယ်၏တူမ ဆိုသည်ကို ဘယ်အခါမျှ မပြစ်မှားခဲ့။ မစိန်နှစ်ကသာလျှင် သူ့ယောက်ျား နားထူပါးထူကြီးကို လောက၌ တယောက်ထဲ ထားခဲ့ရမည့် ကိစ္စအတွက် စိတ်အချကြီး မချနိုင်သောကြောင့်၊ မထနိုင်သော လူမမာဘဝမှနေ၍ သူ့လင်ကို အတင်း နေရာချခြင်း ဖြစ်သည်။ သည်အတိုင်းသာဆိုလျှင် သေရာကနေ၍ပင်လျှင် လင်တော်မောင့်အတွက် သူ့ကိုယ်စား မယား ရှာပေးမည့်ပုံ ဖြစ်နေသည်။

“အေးလေ၊ နောက်ဆုံးတော့ မင်းသာ ပဓာနဘဲကွယ့်။ မင်းသာ ပဓာနဘဲ”

ဤကား ကိုရာပျိုကို ပေးလိုက်သော ကျွန်တော့်မိခင်၏ ဩဝါဒ ဖြစ်သည်။

ကျွန်တော်လည်း သတင်းကျွတ် ကျောင်းပိတ်ရက်က ရက်တိုတိုနှင့်မို့ ကျောင်းသို့ ပြန်ရပြန်သည်။ မပြန်မီ ရက်အတောအတွင်း ကိုရာပျို မစိန်နှစ်တို့အကြောင်း ပြော၍ ရယ်လည်း ရယ်ရသည်။ ချီးလည်း ချီးမွမ်းရသည်။ မိန်းမဆိုတာဟာ အူတိုမျိုးပါကလားဟူသော ရှေးစကားတို့မှာ တခါတခါ မှားတတ်သေး၏ ဟူသော ဥပဒေသ တရပ်ကိုလည်း အများက ကောက်ချက်ချ၍ နေကြသည်။ ချမည်ဆိုလည်း ချလောက်ပါ၏။ အကြောင်းကိုဆိုသော် ကျွန်တော် မပြန်မီတွင်ပင် ကိုရာပျိုသည် ကိုကြွယ်၏ တူမနှင့် မင်္ဂလာဆောင်လိုက်သည်။ မစိန်နှစ်က အကျွေးအမွေး အခမ်းအနားနှင့် လုပ်ရမည် ဆိုသဖြင့် သူ မသေမီ သူ့ စိတ်ကောင်းအောင် လယ်တော၌ လယ်သမားတို့ဘာဝ မုံ့လက်ကောက်ကျွေး၍ မင်္ဂလာဆောင်လိုက်သည်။ မင်္ဂလာဆောင်သည့် နေ့တွင် မစိန်နှစ်မှာ ဖုတ်လှိုက်ဖုတ်လှိုက်နှင့် နေ၍ ကိုရာပျိုနှင့်တကွ သူ့မယား အသစ်စက်စက်တို့သည် မင်္ဂလာဆောင်၌ ကမ်းသော ယပ်တောင်နှင့် မစိန်နှစ်ကို ယပ်ခတ်ပေးရသေးသည်ဟု သတင်းစကား ကြားသိရလေသည်။

ဤအကြောင်းအရာတို့ကို ဤမျှနှင့် ရပ်လိုက်လျှင် ကောင်းမည်ထင်သည်။ အမှန်မှာ ကျောင်းပိတ်လျှင် အိမ်ပြန်သည့် အစဉ်အလာ မရှိခဲ့ပါမူ ကိုရာပျို့အကြောင်း ဤတွင်ရွေ့၍ တခန်းရပ်ရပေမည်။ သို့သော် ကျွန်တော့်မှာ ထုံးစံအတိုင်း တပေါင်း၊ တန်ခူး ကျောင်းပိတ်သည်နှင့် အိမ်ကို ပြန်ရပြန်သည်။ ထုံးစံအတိုင်း အိမ်ရောက်သော် မိခင်ထံမှ ပိုက်ဆံတောင်း၍ ကူလီခ ပေးရသည်။ ထုံးစံအတိုင်း လယ်ငှားစာချုပ်များ ချုပ်ဆိုရာ၌ ကူညီရသည်။

သို့ရာတွင် ထုံးစံအတိုင်း မဟုတ်သည်လည်း ရှိပါသေးသည်။ ဥပမာ ထုံးစံအတိုင်း လာနေကျ ကိုရာပျိုတို့ လင်မယား မပေါ်လာပါ။ အဲလေ၊ မစိန်နှစ်မှ မရှိတော့ပဲ ဘယ် လာနိုင်ကြတော့မလဲ။ မဟုတ်သေးဖူးလေ၊ မသကာဆိုရင် အများချစ်လောက်တဲ့ မယားအသစ်ဆံတောက်နဲ့ အလကားဖြစ်ဖြစ် တခေါက်တော့ မြို့ကို ရောက်ဖို့ မကောင်းပါလား။

စာချုပ်ပြီး၍ လယ်သမားနှင့် လယ်ငှားအများ ပြန်သွားကြသောအခါ ကျွန်တော်သည် အထက်ပါအတိုင်း စိတ်ကူးယဉ်မိသောကြောင့် ကိုရာပျိုတို့ လင်မယား ဘာ့ကြောင့် စာလာမချုပ်သည်ကို ဦးလေးအား မေးကြည့်မိသည်။

“ဟဲ ဟဲ၊ လင်မယားနှစ်ယောက်ကြား ဗျာများတာပေါ့လကွာ”

ကျွန်တော် ပါးစပ်အဟောင်းသားနှင့် ငေးနေမိပါသည်။ ဘယ့်နှယ်လဲ၊ မစိန်နှစ် မသေမီက ကိုရာပျိုကို မိန်းမပေးစားသွားတာ နှစ်ယောက်တောင်မှ ပေးစားသွားလေရော့သလား။ သူ သေပြီးမှတော့ သူ့လင်က တယောက်ပဲယူယူ၊ နှစ်ယောက်ပဲယူယူ ဘာမျှ ထူးခြားတော့မှာ မဟုတ်။ ဒါပေမယ့် မိန်းမများ အူရှည်မယ့် ရှည်တော့လည်း နှစ်ယောက်စာအတွက် ရှည်နိုင်လွန်းလှချည့်။

ကျွန်တော့် ပါးစပ်အဟောင်းသားကို ကြည့်ပြီး ကျွန်တော့် စိတ်ထဲမှာရှိသည့် ဒွိဟကို စဉ်းစားမိဟန်ရှိသော ကျွန်တော်၏ ဦးလေးတော်မှာ ကျွန်တော်၏ သံသယကို ဖျောက်လိုသောကြောင့် “ဟဲ၊ ဟဲ၊ မင်းက မသိသေးဘဲကိုးကွ။ အကြောင်း သိချင်ရင် ကိုဖိုးရိပ်ကိုသာ မေးကြည့်ပေတော့”ဟု ပြောရင်း နှီးထိုးရန် ဝါးတန်း၌ ဓားရှာသွားလေသည်။

ကိုဖိုးရိပ် ဆိုသူမှာ လူပျော် လူပြောင် လူပြက်တယောက် ဖြစ်သည်။ စကားပြောလျှင် ထစ်ထစ်နှင့်။ အမြဲတမ်း ဟားတိုက်နေလေ့ ရှိသည်။ ဦလေး၏ အမှာစကားကို သူ ကြားသောအခါ ခုနစ်အိမ် ရှစ်အိမ်ကြား ရယ်မောလိုက်သည်။

“နေပါအုံးဗျာ့။ မစိန်နှစ် သေပြီးတော့ ကိုရာပျိုက မယားနှစ်ယောက်”

ကိုဖိုးရိပ်မှာ အရယ်ကိုရပ်၍ ပန်းနာရင်ကျပ်သောကြောင့် လည်ချောင်းတွင် တစ်နေသော ခြောင်းချောက်ကို တဟွတ်ဟွတ်နှင့် ဆိုးရင်း “စ စ စ စိန်နှစ်က၊ မ မ မ သေလို့ အဟွတ် အဟွတ်”

ဟင်၊ ဒီလိုလား။ သူ သေရမည်ထင်၍ သူ့လင်ကို သူ နေရာချပြီးတဲ့နောက်၊ သူ နာလှန်ထူလာလျက်ကယ်နှင့် သူ့လင်ရဲ့ မယားအသစ် ဆံတောက်ကလေးကို သူ ကြည်ဖြူနိုင်သည်ဆိုလျှင် သည်မိန်းမလို မိန်းမမျိုးကို ထမင်းထုပ်နှင့် လိုက်ရှာတောင်မှ သည်ဇမ္ဗူမပြောနှင့်၊ ဟိုဇမ္ဗူမှာတောင် တွေ့နိုင်မည် မဟုတ်ပေဖူး။

“ဟား ဟား ဟား၊ အဟွတ် အဟွတ် အဟွတ်။ စိန်နှစ်က မသေတော့၊ ငါ့ ငါ့ ငါ့ ငါ့လခွေး၊ သ သ သ သ”

စကား အကွက်ကောင်း ဆိုက်မည်ကြံလျှင် ကိုဖိုးရိပ် စကားပို၍ ထစ်သည်။ သူ သိပ်ပြီး စကားထစ်လျှင်လည်း တော်တော် ကြောက်စရာ ကောင်းသည်။ သို့သော် သူ ထစ်နေသော စကားကို ကျွန်တော် သိပါသည်။ စိန်နှစ် မသေတော့ သိပ်ခက်ထာပေါ့။ အင်း၊ သူ စကားထစ်ထစ် ပြောတတ်သလို ကျွန်တော်လည်း ပြန်မပြောတတ်ပါ။ သူပြောသမျှကို အရင်းစစ်လိုက်လျှင် ဤသို့ ဖြစ်ပါသည်။

ကိုဖိုးရိပ်သည် ကျွန်တော်၏ဖခင် စေခိုင်းချက်ဖြင့် ကိုရာပျိုတို့ လယ်ထဲသို့ သွား၍ စပါးသိမ်းပါသည်။ ကိုဖိုးရိပ်၏ ဝါသနာမှာ နောက်တီးနောက်တောက် ဝါသနာဖြစ်သည်။ ကိုရာပျိုတို့ လင်မယား သုံးယောက်၏ သတင်းမှာ ဟိုးလေးတကျော် ဖြစ်နေရာ ကိုဖိုးရိပ်အတွက် ဟဒယရွှင်ဆေးသဖွယ် ဖြစ်သည်။ မစိန်နှစ်နှင့်လည်း အတော် ခင်မင်ရင်းနှီးသဖြင့် တော်တော် နောက်လို့ကောင်းမည်။ သို့သော် ကိုရာပျိုတို့ လယ်တဲသို့ ရောက်သောအခါ ကိုဖိုးရိပ်မှာ နောက်ပြောင်ဖို့ဝေးစွာ့၊ နားရွက်မှပင် မခတ်ဝံ့တော့ပြီ။

“စ စ စ စိန်နှစ် ဟာလကွာ၊ င င င ငဖောင်ရိုးခြောက် ကျနေတာဘဲ”

ကိုဖိုးရိပ်၏ စကားအရ ငဖောင်ရိုးခြောက် ပမာတမျှ ခြူခြာပိန်ချိလှသော မစိန်နှစ်၏ ခန္ဓာကိုယ်ထဲ၌ ဇီဝိတအသက် တွဲဖက်၍ နေသည်ကိုပင်လျှင် ကိုဖိုးရိပ် အံ့ဩ၍ မဆုံးနိုင်။ တကယ်လို့ နောက်လိုက်လျှင် ဖုတ်လှိုက် ဖုတ်လှိုက် အသက်ကလေးသည် ထွက်ပြေးလေမလား။

ထို့ကြောင့် ကိုဖိုးရိပ် နားရွက်မခတ်ခြင်းပင် ဖြစ်သည်။ သို့သော် ထိုညအဖို့၌ ကိုဖိုးရိပ်သည် သူ၏ နောက်ပြောင်တတ်သော အကျင့်ကို မဖျောက်နိုင်။

ကိုရာပျို၏ တဲမှာ လယ်တဲဟု ဆိုသော်လည်း အကျအန ဆောက်ထားသော တလိုင်းအိမ်ငယ် ဖြစ်သည်။ ဖိနပ်ချွတ်မှ လှမ်းတက်လျှင် အိမ်တပိုင်း၏ ကြမ်းပြင်ပေါ်သို့ ရောက်သည်။ ထိုကြမ်းပြင် ခြေရင်းဖက်၌ အိမ်အပေါ်ထပ် အထပ်ခိုးကို တက်ရန် လှေကား ရှိသည်။ ထိုအထပ်ခိုး၌ လင်မယားသုံးယောက် အိပ်ကြသည်။ အိမ်တပိုင်း ကြမ်းပြင်ကား ထမင်းစားခန်းလည်း ဟူ၏။ ဧည့်ခန်းလည်း ဟူ၏။ ဘုရားခန်းလည်း ဟူ၏။ ဝမ်းစာစပါးထားရာ အခန်းလည်း ဟူ၏။ တိုလီမိုလီ သိမ်းဆည်းရာ အခန်းလည်း ဟူ၏။ ကိုဖိုးရိပ်မှာ ဘုရားစင်ရှေ့က ဝမ်းစာစပါးလှောင်သော ထင်းရှူးသေတ္တာ နှစ်လုံးဆက်အပေါ်တွင် အိပ်သည်။ လူခြေ တိတ်ဆိတ်သော အချိန်တွင် အများတကာ အိပ်နေကြပြီ ဆိုသော်လည်း ကိုဖိုးရိပ်သည် မအိပ်သေး။ သူ့နေရာကနေ ကြည့်လျှင် ဓနိထရံ အပေါက်ငယ်များ အကြားမှ ရေနံဆီမီးခွက်၏ အရောင်သည် အပြင်သို့ လု၍ ထွက်နေသည်။ ထိုမီးရောင်ကလေးက ကိုဖိုးရိပ်၏ အကျင့်ကို မြှောက်ပင့်၍ ပေးနေသည့်အချိန်တွင် အခန်းထဲမှ ဘာသံလိုလို ကြားသည်။ ကိုဖိုးရိပ်က နားစွင့်လိုက်သည်။ ဧကန္တ ပါပဲ။ ဟုတ်ပါပြီ။ သို့ပေမင့် ထရံပေါက်ကို ဖြဲ၍ ကြည့်နေသော မီးရောင်တန်းကလေးမှာ အငြိမ်မနေပါ။ မြင့်ချည်၊ နိမ့်ချည်၊ ဗယ်ဘက်ယိမ်းချည်၊ ညာဘက်တိမ်းချည်။ ထိုအတွင်း တစုံတယောက်က ဖင်ရွှေ့ ဖင်ရွှေ့ သွားသည့် အသံလိုလို ကြားရသည်။ ဟုတ်ပြီ ဟုတ်ပြီ၊ မီးခွက်ကိုကိုင်ပြီး တယောက်ယောက် ဖင်ရွှေ့သွားနေတာကတော့ ဟုတ်ပြီ။ ဟင်း ဆိုတဲ့ အသံက ဘာသံလဲ။ ညွတ်ပက် ညွတ်ပက်နှင့် အသံကတော့ တဖက်ထောင့်က လာတဲ့ အသံပဲ။

ထို့နောက် မီးရောင်ပျောက်သွားသည်။ သို့သော် မီးငြိမ်းသွားသည် မဟုတ်သေး။ ခေါင်မိုးပေါ်၌ မီးရိပ် ကစားလျက်ပင် ရှိသေးသည်။ ဧကန္တ ကိုဖိုးရိပ်ဖက်က ထရံနှင့် အခန်းတွင်းက မီးခွက်အကြားတွင် တစုံတယောက် ကွယ်လျက် ရှိမည်။

ကိုဖိုးရိပ်သည် ထရံပေါက်ကို မှန်း၍ မျက်စိတလုံးကို စွေပြီးလျှင် ကပ်ထားလိုက်သည်။ ထိုမျက်စိမှာ ထရံကို တောက်တဲ့ကပ် ကပ်၍ နေလေ၏။

အခန်းထဲ၌ မီးခွက်သည် ကတ္တီပါရောင်ကို ပက်ဖြန်းပေးနေသည်။ ကိုရာပျိုသည် သူ့မယား အသစ်ကလေး၏ အပါးတွင် ထိုင်နေသည်။ သူ့မယား အသစ်ကလေးမှာ မီးရောင်ကြောင့် မျက်နှာကို မှောင်ဖက်သို့ တစောင်း လှည့်ထားသည်။ မီးရောင်ကိုမူ တစုံတယောက်သော သူက ကွယ်ထားသည် မှန်၏။ ဘယ်သူများပါလိမ့်။

မီးရောင်သည် ကိုရာပျို၏ နံပါးသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။ မီးရောင်နှင့် ကိုရာပျို၏ အကြားမှ လူရိပ်သည်လည်း ဗယ်ပခုံး နိမ့်ချည်၊ ညာပခုံး နိမ့်ချည်နှင့် ကိုဖိုးရိပ် မျက်စိနှင့် ဝေး၍ ဝေး၍ ကိုရာပျို ထိုင်နေသည့် ဖက်သို့ နီး၍ နီး၍ လာသည်။

ကိုရာပျိုသည် မီးရောင်ဖက်သို့ မျက်နှာ လှည့်လိုက်သည်။ သူ့မျက်နှာမှာ ရှက်အမ်း အမ်း၍ နေသော်လည်း “မထူးတော့ပါဘူးလေ” ဟူသော သဘောကို သရုပ်ဖော်နေဘိ သကဲ့သို့။ သို့သော် တချက်လောက် မျက်နှာကလေး ရှုံ့လိုက်ပုံက “စိန်နှစ်ရယ်၊ ဇိမ်ပျက်လှချည်ရဲ့”ဟု ဆိုလိုက်သလိုလို။ သို့သော် ဘယ်သူ ဘယ်သို့ ပြောပြော၊ ကိုရာပျိုနှင့် သူ၏ နှစ်ခုမြောက်သော ဇနီးသည်တို့မှာ မီးရောင်ကို ကျင့်သားရနေကြပုံ လက္ခဏာ ရှိ၏။

“အဲ၊ အဲ၊ စိန်နှစ်မှ၊ စိန်နှစ် အစစ်ကိုးကွ”

“ဟာ၊ ဟာ၊ ဒီတခါ၊ ကိုဖိုးရိပ် စကားပြောတာ မထစ်ပါကလား”

“စ စ စ စိန်နှစ်က မ မ မ မီးခွက်ကြီး မြှောက်ပြီး၊ ခြေရင်းဘက်မှာ ဆောင့် ဆောင့် ဆောင့် ကြောင့်ကြီး ထိုင်လိုက်တော့မှ သ သ သ သူ့မျက်လုံးကို ငါ မြ မြ မြင်ရတာကိုးကွ”

မစိန်နှစ် မျက်လုံးသည် အရောင်တောက်ပပါသည်။ အရှိန်အဝါ ရှိပါသည်။ သည်မျက်လုံးတချက် ဝင့်လိုက်လျှင် ကိုရာပျိုဆိုသူ ပြာလောင်ခပ်ရသည် မဟုတ်လော။ သည်မျက်လုံးက “သေဦးဟဲ့” ဆိုလျှင်၊ ကိုရာပျို၏ အသက် ဘယ်ရောက်သွားမှန်း မသိ။ သည်မျက်လုံးက “ရှင်ဦးဟဲ့” ဆိုလျှင်၊ ကိုရာပျို သေရာက ငေါက်ကနဲ ထထိုင်ရသည်။

“ဟာ၊ ဟာ၊ ဟာ။ မ မ မီးခွက်ကြီး မြှောက်ပြီး၊ ရာပျိုတို့ လ လ လ လင်မယားကို စ စ စ စိန်နှစ်က ကြည့်ရင်း၊ မျ မျ မျက်ရည်တွေ ကျ ကျ ကျ နေတာကိုးကွ”

“ဪ ကိုဖိုးရိပ်နှယ်။ သူများ မျက်ရည်ကျမှ သူက ပျော်သကိုး”

“တ တ တ တကတဲကွာ၊ လင်မယား အိပ်နေတာကို မ မ မ မီးခွက်ကြီး မြှောက်ပြီး အမလေး၊ အမလေး၊ အဟွတ်၊ အဟွတ်၊ ဟွတ်၊ ရယ် ရယ် ရယ် ချင်လိုက်တာကွာ။ တ တ တ ကတဲ၊ ပြောရင်း ဆိုရင်းတောင်မှ ဟား၊ ဟား၊ ဟား။ ဒ ဒ ဒ ဒီအထဲမှာ ဟင်း ဟင်း ဟင်းဟင်း ဆိုတာက စ စ စ စိန်နှစ် သက်ပြင်း ချ ချ ချ တာကိုးကွ”

မစိန်နှစ်၏ မျက်လုံးများမှာ အရောင် တောက်ပလျက်ပင် ရှိပေဦးမည်။ သို့သော် ဘာရောင် တောက်နေမည်ကို ကျွန်တော် မမှန်းဆတတ်ပါ။ ဟင်းကနဲ၊ ဟင်းကနဲ သက်ပြင်းချလိုက်ပုံ၊ င င င ငါးဖောင်ရိုးခြောက်လို တပိန်ပိန် တလိမ်လိမ် နေပုံ၊ ညတိုင်း ညတိုင်း မ မ မ မီးခွက်ကြီးကို မြှောက်မြှောက်ပြီး ဒုက္ခခံရပုံ၊ ဒါတွေကို ထောက်၍ ကြည့်ရလျှင် ဧကန္တ မစိန်နှစ် မျက်လုံးများသည် အရောင်တောက်ရပေမည် ဒိဋ္ဌ။ သို့သော် ဘာရောင် တောက်နေပါသနည်း။ ထို တောက်နေသော အရောင်သည်ပင်လျှင် ကိုရာပျိုအား စေခိုင်း၍ နေပါသေးသလော။

ကိုဖိုးရိပ်၏ အူတက်မတတ် ရယ်သံမှာ ကျွန်တော် ဖြေရှင်းနေသော ပြဿနာကို ပို၍ ရှုပ်ထွေးစေလေသောကြောင့် မစိန်နှစ်၏ အူသည် ရှည်သလော၊ တိုသလော ဟူသော ပုစ္ဆာကို ယနေ့ထက်တိုင် ဝိသဇ္ဇနာ မပြုနိုင်သေးပါ။

---

#မောင်ထင်
#ရှည်ရှည်နှင့်တိုတို

#shared_by_louis_augustine
#sbla

Comments