သူတို့ချစ်ကြသည် // ဝင်းဝင်းမြင့် (နန်းတော်ရှေ့)

သူတို့ချစ်ကြသည် // ဝင်းဝင်းမြင့် (နန်းတော်ရှေ့)

(၁၉၉၇)

---

“မိဘများနှင့် သားသမီးများ” သို့ “နိယာမ” တခုအကြောင်းကို ပြောပြချင်ပါသည်။ တခြားနိုင်ငံများမှာတော့ မသိပါ။ ကျွန်မတို့ မြန်မာမိသားစုများမှာ သားသမီးတိုင်း ကြုံကြရသော မိဘများနှင့် သက်ဆိုင်သည့် စိုးရိမ်ထိတ်လန့်မှုတခု ခေတ်ကာလ အဆက်ဆက်က ရှိနေခဲ့ပါသည်။ ထို စိုးရိမ်မှုမှာ “အဖေနှင့်အမေ မတည့်မရှု ရန်ဖြစ်မှာကို စိုးရိမ်ထိတ်လန့်ခြင်း” ပင် ဖြစ်ပါ၏။

“သားသမီး” ဘဝမှာ ရှင်သန်လှုပ်ရှား နေကြသူတို့ရေ... ထောက်ခံပါတယ်နော်...။

ကျွန်မ၏ အတွေ့အကြုံနှင့် သုတေသန ပြုထားသော အချက်အလက်များဖြင့် ပြည့်စုံစွာ တင်ပြနိုင်ပါသည်။ ကျွန်မမှာ “သားသမီး” ဘဝမျိုးဖြင့် စိုးရိမ်ထိတ်လန့်မှုများကို ရင်ဝယ် ပိုက်ထားကြရသော မိတ်ဆွေသူငယ်ချင်း မြောက်မြားစွာ ရှိပါသည်။ သူတို့တွေနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည် ပြောပြချင်ပါသည်။

မအိပ်ဘဲ မက်ရသော “အိမ်မက်ဆိုး” တခုကို ပြောပါဆိုလျှင် “အဖေနှင့် အမေ” ၏ ရန်ပွဲဟု ကျွန်မကပြောလျှင် မိသားစုကို ခင်တွယ်တတ်သော “သားသမီးများ အားလုံး” က ခေါင်းညိတ် အတည်ပြုကြလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။ “ရန်ပွဲ” ဆိုသည်ကိုလည်း တုတ်ဆွဲ၊ ဓားဆွဲ ဧရာမ ရန်ပွဲကြီးဟုလည်း မယူဆစေလိုပါ။ နှုတ်ဖြင့် တွတ်တီးတွတ်တာ ငြင်းခုံခြင်းမှအစ နင်ပဲငဆ ပြောဆို အော်ဟစ်တာမျိုး၊ ပြီး တယောက်နှင့် တယောက် မခေါ်မပြော စိတ်ကောက်နေကြတာမျိုးပေါ့။ ထို ပွဲများကို သားသမီးတိုင်း ကြုံဖူးကြမှာပါ။

အသက်လေးဆယ်ကျော် အပျိုကြီးဖြစ်သော မမမြသွေးသည် မရိုးနိုင်သော ညည်းညူမှု တခုကို မမောတမ်း ပြုလေ့ရှိပါသည်။

“ငါ သေချင်တယ်...၊ အဖေနဲ့ အမေပေါ့ဟယ်၊ မျက်စိနှစ်လုံးဖွင့်တာနဲ့ စကားများရော။ တယောက်က အကောင်းပြောရင် တယောက်က အကောင်းမထင်ဖူး။ ဘာမဆို ငြင်းခုံအနိုင်လုပြီး ပွစိ ပွစိနဲ့ စကားများကြရော။ အသက်တွေဖြင့် ရှစ်ဆယ်ကျော်ပြီ၊ တည့်တယ်လို့ မရှိပါဘူး၊ ငါဖြင့် သူတို့ကြောင့် တနေ့မှ စိတ်မချမ်းသာရဘူး”

မမမြသွေး စကားမဆုံးမီပင် ညီမနှစ်ယောက် ဖြစ်သော စိုးနှင့် သင်းတို့က လက်ခုပ်လက်ဝါး တီး၍ ထောက်ခံ၏။

“ဟုတ်ပ ဟုတ်ပ၊ အိမ်က အဖေနဲ့အမေဖြင့် စကားမပြောတာ နှစ်နဲ့ချီပြီး ကြာနေပြီ။ အရမ်း စိတ်ဆင်းရဲတယ်ဗျာ၊ ကျွန်တော်တို့တွေမှာ ကြားထဲက လူတယ်လီဖုန်း လုပ်နေရတယ်။ အဖေက အမေ့ကို ပြောချင်ရင် ‘နင့်အမေကို ပြောလိုက်’၊ အမေက အဖေ့ကို ကျွေးချင်မွေးချင်ရင် ‘ရော့ ဒါ နင့်အဖေဖို့’ နဲ့ ဘာတွေမှန်း မသိပါဘူး”

ဆွေဦးကလည်း ရင်ထဲမှာ သိမ်းထားသော သောကကို ဖွင့်ပြသည်။

“ဆွေဦးတို့ အဖေကတော့ အရမ်းခေါင်းမာတယ်။ ဘယ်သူတွေ ဘာပဲပြောပြော သူလုပ်ချင်တာ သူလုပ်တယ်။ မေမေနဲ့ဆို အော်ချည်း နေကြတာပဲ”

ဆွေဦးတို့ ဖေဖေ့အကြောင်းကတော့ ကျွန်မတို့တဖွဲ့လုံး စိုးရိမ်စွာဖြင့် မချင့်မရဲဖြစ်စွာ ခဏ ခဏ ပြောကြရမြဲ ဖြစ်ပါသည်။ ဆွေဦးဖေဖေ အန်ကယ်မြင့်သည် အလွန်ဝသော ခန္ဓာကြီးဖြင့် ခံ့ညား ထည်ဝါနေသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ အန်ကယ်မြင့်၏ ချစ်ဇနီး အန်တီခင်ကတော့ အလွန် ဟင်းချက်ကောင်းပြီး စိတ်ရှည်သူဖြစ်သည်။ အန်ကယ်မြင့်ကိုလည်း အလွန် အလိုလိုက်၏။ ဒါပေမယ့် အန်ကယ်မြင့်က အန်တီခင်စကားကို နားထောင်လေ့ မရှိပေ။ အခြား အခြားသော ကိစ္စများ မဆိုထားဘိ၊ ကျန်းမာရေးအတွက် စိုးရိမ်၍ တားမြစ်သော ကိစ္စများပင် နားထောင်လေ့ မရှိပါ။ အထူးသဖြင့် နွေရာသီ အလွန်ပူအိုက်သော အချိန်များတွင် အန်တီခင်နှင့် ဆွေဦးတို့ ဆွေလတ်တို့ စိတ်သောက ရောက်ရ၏။ အလွန်ဝသော ခန္ဓာကြီးကို တနေ့လျှင် ရေ “ငါးခါ” အနည်းဆုံး ချိုးသော ကိစ္စ။ ချွေးထွက်လျှင် ကိုယ်လက်များမှာ ဆားပေါက်မတတ် “အငန်ကြိုက်” သော ကိစ္စ။ အစားအစာများမှာ “နံကင်းချို” ဟု ဆိုစမှတ်ပြုသော “နင်းကန်ချို” သည့် အစာများကို တရားလွန်စားသော ကိစ္စ...။ ထိုထိုသော အကြောင်းများကြောင့် ဆွေဦး၏ ဖေဖေနှင့် မေမေတို့ စကားများကြသည်ဟု ဆိုပါသည်။

သူသူတို့ဖေဖေ “ပါပါကြီး”နှင့် မေမေ “မေမီ” ကတော့ တမျိုး။ မေမီက ပါပါကြီး၏ စကားကို နားမထောင်ခြင်း ဖြစ်ပါသည်။ မေမီသည် အလွန် စည်းကမ်းကြီးပြီး အလုပ် ကြိုးစားလွန်းသော ဌာနဆိုင်ရာ အမျိုးသမီး အရာရှိမကြီး ဖြစ်သည်။ ပါပါကြီးကတော့ အိမ်မှုကိစ္စ၊ ချက်ပြုတ်ကြော်လှော်များမှာ အလွန် ဝါသနာကြီးပြီး ဇနီးကို ညှာတာတတ်သူ ဖြစ်သည်။ ရုံးမှာ ဘယ်အဆင့် ဘယ်ရာထူး ဖြစ်ပါစေ အိမ်မှာတော့ မေမီအတွက် အရာရာ အဆင်သင့် ရှိစေသူ ဖြစ်ပါသည်။ ပါပါကြီးက မေမီကို အရိပ် တကြည့်ကြည့် ဂရုစိုက်နေသူ ဆိုတော့ အချိန်မှန်စား၊ အချိန်မှန်အိပ် မပြုလျှင် ပွစိပွစိပြော၍ မပြီး။ မေမီကလည်း အလုပ်...၊ အလုပ်...၊ အလုပ်။ အလုပ်သာ အစဉ်အဓိက၊ ထမင်းစားချိန် မမှန်တဲ့အထိ အလုပ်တာဝန် ကျေလှသော မေမီကို ပါပါကြီးက “မင်း ရောဂါရမယ်၊ နေမကောင်းရင် ကိုယ်သာခံရမှာ၊ ဘယ်သူမှ လာကူမခံဘူး၊ နောက်ဆုံးသေတောင် လွမ်းဆွတ်သတိရခြင်း အပြင် မင်း ဘာပိုရမှာလဲ” အဲဒီလိုမျိုးတွေ ကရုဏာဒေါသ ဖြစ်လျှင် မေမီကလည်း အပြောကြမ်းရပါ့မလား ဆိုပြီး သည်းမခံ။ သူသူသာ စိတ်ညစ်ရသတဲ့။

မိဘများ မတည့်မရှုဖြစ်လျှင် သမီး မိန်းကလေးများသာမက သား ယောက်ျားလေးများလည်း လှိုက်လှဲစွာ ခံစားရမြဲ ဖြစ်ပါသည်။ ကျွန်မ၏ မောင်ငယ်များ ဖြစ်ကြသော ဗညားနှင့် သီဟတို့သည် သူတို့၏ ဖေဖေနှင့် မေမေ မကြည်မသာ ဖြစ်လျှင် အိမ်ရိပ်ပင် မနင်းရဲ။ လူကြီးများ၏ အရိပ်အကဲကိုလည်း မကြည့်ဘဲ မနေနိုင်။ ခေါင်းကုတ်၊ ခေါင်းယမ်းနှင့် အနေကြပ်ရသည်။

ဘကြီးကြံနှင့် ကြီးဒေါ်တူးတို့၏ အဖြစ်ကတော့ “ကိုစံပနှင့် မမယ်ခ” လိုပင်။ ဘကြီးကြံသည် လူမှုရေးကိစ္စ ကူညီ ဆောင်ရွက်ရန် အလွန် ဝါသနာကြီးပြီး အရာအားလုံးကို ဆောင်ရွက်တတ်သည်ဟု ဆိုစမှတ် ပြုရလောက်အောင်ပင် အဋ္ဌာရသ ဆယ့်ရှစ်ပါးကို ကျွမ်းကျင်သူ ဖြစ်သည်။ အရာရာကို စိတ်ရှည် သည်းခံတတ်ပြီး ပြည့်ဝလွန်းသူလည်း ဖြစ်သည်။ ကြီးဒေါ်တူးကတော့ ဘကြီးကြံနှင့် ပြောင်းပြန်။ အနေတည်၏။ စည်းကမ်းကြီးပြီး စိတ်တိုလွယ်သည်။

“ဒီမှာ ဦးထွန်းကြံ...” ဟုအော်လိုက်လျှင် ဘကြီးကြံမှာ ဘာမှ ဆက်မလုပ်ရဲတော့ပေ။ ကြီးဒေါ်တူးတို့က အဲဒီလောက် ပိုင်သည်။ ဘကြီးကြံက ကြီးဒေါ်တူးကို ပြန်အော်လျှင် ကြီးဒေါ်တူး စိတ်ဆိုးဝမ်းနည်းလို့ မဆုံး။ ဒါပေမယ့် တနေ့လျှင် ဆယ်ခါထက်မနည်း အော်ကြသည်ဟု ဆိုပါသည်။

စုစုနှင့် ယုယုတို့ ဖေဖေ ဦးဦးချွန်နှင့် အန်တီလေးတို့ကတော့ ဘကြီးကြံတို့နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ဦးဦးချွန်က အလုပ် အလွန်များသူလည်း ဖြစ်သည်။ စိတ်ကလည်း မြန်မြန်၊ ဒေါသကလည်း ကြီးကြီး။ အန်တီလေးကတော့ အေးအေးဆေးဆေး၊ သိမ်သိမ်မွေ့မွေ့၊ နူးနူးညံံ့ညံ့၊ ဦးဦးချွန် အော်လျှင် အန်တီလေးက ဖျောင်းဖျသည်။

ကျွန်မ၏ တူလေး ပေါက်ပေါက်နှင့် တူမလေး လဲ့လဲ့တို့ အဖေ ကျွန်မ၏ အစ်ကို ကိုကိုမြဇင်နှင့် ယောက်မ မမချိုကတော့ ရန်ဖြစ်ပြန်ချစ် ဖြစ်၏။ တနာရီအတွင်းမှာ အခါပေါင်းများစွာ အငြင်းခုံဖြစ်သည်။ ချက်ချင်း ပြန်တည့်သည်။ တယောက်ကို တယောက် အမြဲ အန်ိုင်ထက် ပြောလေ့ရှိကြသဖြင့် ပေါက်ပေါက်နဲ့ လဲ့လဲ့တို့က စိတ်ညစ်ပါတယ်ဟု ခဏခဏ ညည်းသည်။

မေသွယ်ခိုင်၏ ဘိုးဘိုးလွင်နှင့် ဘွားဘွားမာတို့အကြောင်း ကလည်း မှတ်တမ်းမတင်လျှင် မဖြစ်ပြန်ပါ။ ဘိုးဘိုးလွင်က ဘွားဘွားမာထက် အသက်အများကြီး ကြီးသည်။ ဘွားဘွားမာ ငယ်စဉ်က ဘိုးဘိုးလွင်သည် ကလေးတယောက်လို အလိုလိုက်သလို အလိုလိုက် အကြိုက်ဆောင်ခဲ့ပါသတဲ့။ ခု အသက်တွေ ရှစ်ဆယ်ကျော်တော့ ဘွားဘွားမာ၏ နွဲ့ဆိုးဆိုး အနိုင်ယူမှုများကို ဘိုးဘိုးလွင်က သည်းမခံနိုင်တော့ပါ။ ဘိုးဘိုးလွင်မှာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါများ ရှိနေသောအခါ ဘွားဘွားမာက စိုးရိမ်လှသည်။ ဟိုမသွားနဲ့။ ဒီမလာပါနဲ့။ မတည့်တာတွေ မစားပါနဲ့ဆိုတော့ ရန်တွေ တကျက်ကျက် ဖြစ်ကြရောတဲ့။

သူများမိဘတွေ၏ တကျက်ကျက်ကို ပြောပြီးနောက် ဖေဖေနှင့် မေမေ၏ တကျက်ကျက်ကိုလည်း မပြောလျှင် မဖြစ်နိုင်ပါ။ ဖေဖေသည် ဌာနတခုမှာ အငြိမ်းစား ယူထားသော အရာရှိကြီး ဖြစ်ပါသည်။ အထူးသဖြင့် “ဟောက်ဆာဂျင်” ဘွဲ့ရ အရာရှိကြီးပေါ့။ ဖေဖေကို သူတပည့်တွေ အလွန် ကြောက်ကြပါတယ်။

ဘာကြောင့်ကြောက်မှန်း ကျွန်မတို့ မသိခဲ့ကြပါ။ အလုပ်ထဲမှာနေစဉ် ကျွန်မတို့ ရှိနေသော နယ်စပ် တောစခန်းလေးမှာ လေမုန်တိုင်းတွေကျတော့ ဌာနတခုလုံး ပြားပြားဝပ်မျှ ပြိုကျ ပျက်စီးသွားသည်။ ကျွန်မတို့နေသော နေရာကတော့ လေကွယ်ရာလည်း ဖြစ်၊ အဆောက်အဦကလည်း အုတ်နှင့် တည်ဆောက်ထားတာ ဆိုတော့ မပြိုခဲ့ပါ။ ထို့ကြောင့် ဖေဖေ့ရုံးခန်းက်ို ကျွန်မတို့အိမ်မှာ ယာယီစခန်း ဖွင့်ထားပါသည်။ တနေ့တနေ့ အိမ်ရှေ့ဧည့်ခန်းထဲမှာ ဖေဖေ့ဟောက်သံကို နာခံရင်း ကျွန်မတို့ပင် ကျောချမ်းလာခဲ့ပါသည်။ မေမေကလည်း အိမ်၏ “ဟောက်ဆာဂျင်” ပါပဲ။ စားတာ သောက်တာ၊ သွားတာ လာတာ၊ ပြုမူ ပြောဆိုတာ စည်းစနစ်မကျလျှင် ဆူတတ် ဟောက်တတ်သူပါ၊ ဖေဖေသည် သူ့ဌာနမှာ “ဗိုလ်” ဖြစ်သကဲ့သို့ မေမေကလည်း အိမ်မှာတော့ “သခင်” ဖြစ်သည်။ ဖေဖေ အငြိမ်းစား ယူပြီးနောက် နေ့စဉ်နှင့်အမျှ “ဗိုလ်”နှင့် “သခင်” တို့၏ “ဆရာလုပ်ပွဲမှာ” ကျွန်မတို့ ညီအစ်မများ စိတ်သောက ရောက်ရပါသည်။

နောက်ပြီး ဖေဖေနှင့်မေမေက အရှေ့နှင့်အနောက်ကို ကိုယ်စားပြုပါသည်။ အဖြူနှင့် အမည်းလိုပါပဲ။ ဖေဖေက ပိန်ပိန်ရှည်ရှည်၊ မေမေက ပုပုဝဝ၊ ဖေဖေက အအေးဒဏ် မခံနိုင်၊ မေမေက အအေးကြိုက်သည်။ ဖေဖေက အစပ်လုံးဝ မစားနိုင်၊ မေမေက အစပ်ကြိုက်။ ဖေဖေက လမ်းများများ၊ မေမေက အိမ်တွင်းပုန်း၊ ဖေဖေက အပျော်အပါးကြိုက်၊ မေမေက ဆိတ်ဆိတ်ငြိမ်ငြိမ်ကြိုက်၊ အဲဒီလို ဆန့်ကျင်ဘက်များနှင့် ဖွဲ့စည်းထားသူများ ဖြစ်ပါသည်။ အသွင်သဏ္ဌာန်များ မတူညီကြသကဲ့သို့ ခံယူ ချက်ခြင်းကလည်း ခြားနားပါသည်။ ဘာသာရေးက အစပေါ့။ ဖေဖေက တရားထိုင်၊ တရားစခန်း ဝင်တတ်ပြီး မေမေကတော့ အချိန်ရှိသရွေ့ ပုတီးထိုင်စိတ်နေသူ ဖြစ်ပါသည်။

အရာရာမှာ မတူညီနိုင်ကြပြီ ဆိုကတည်းက ဘာတကျက်ကျက် ဖြစ်သလဲ မေးရန်ပင် မလိုပါ။ ဖေဖေနှင့် မေမေ၏ တကျက်ကျက်တွင် “မခေါ်” ခြင်းကလည်း အဆစ်ပါသေးသည်။ ဖေဖေနှင့် မေမေ စကားမပြောလျှင် ကျွန်မတို့ ညီအစ်မများ မနေတတ် မထိုင်တတ် စိတ်ညစ်ကြရပါတော့သည်။ ဘယ်လိုအခါမျိုးမှာ ပြန်ခေါ်သလဲ။ ကျွန်မတို့ စဉ်းစားကြရ၏။ အိမ်မှာ ဧည့်သည်လာလျှင်၊ ထူးထူးဆန်းဆန်း အဖြစ်ပျက်နှင့် ကြုံလျှင်၊ အိမ်သား တယောက်ယောက် နေမကောင်းလျှင် ပြန်ခေါ်ဖြစ်ကြသည်။ ထို့ကြောင့် ဖေဖေနှင့် မေမေ စိတ်ကောက်ပြီ ဆိုလျှင် ကျွန်မတို့မှာ ဧည့်သည်မျှော်ရတာ... အမော။ ဧည့်သည်ကလည်း အစဉ်သဖြင့် လာနေတာမဟုတ်၊ တခါတလေ ဧည့်သည်ရှေ့မှာ ခေါ်ပြီး ဧည့်သည်ပြန်လျှင် မခေါ်ပြန်ရော။

ထိုအခါ စိတ်ညစ်ကြရ ပြန်သည်။ ကျွန်မတို့ သားသမီးတွေ ဘက်ကလည်း နည်းမျိုးစုံနှင့် အဆင်ပြေအောင် ကြိုးစားခဲ့ဖူးပါသည်။ ဧည့်သည်များ မလာ၍ ဖေဖေနှင့် မေမေ စိတ်ကောက် မပြေကြသေးလျှင် တယောက်ယောက်က နေမကောင်းချင်ယောင် ဆောင်ရသည်။ လူကြီးတွေက နေမကောင်း အယောင်ဆောင်မှန်း သိမှာလည်းစိုး၊ တော်တော်လေး ကျော်လွှားခဲ့ရသည့် အခက်အခဲများပါ။ အထူးသဖြင့် ကျွန်မက နေမကောင်း ဖြစ်လွယ်တော့ ဖေဖေနှင့် မေမေ စိတ်ကောက်ကြလျှင် ကျွန်မမှာ ရေကိုစိမ်ပြီး ချိုးရ၏။ အအေးမိလွယ်ပြီး ဖျားလွယ်သော ကျွန်မအတွက် မူယာမာယာ များရန် ဝေဒနာကိုလည်း ပူးတွဲခံစားခဲ့ရပါသေးသည်။

ကျွန်မကို ဆရာဝန်ပြရန်၊ ဆေးတိုက်ရန်၊ ညစောင့်ကြည့်ရန် အလုပ်ရှုပ်ရင်း အဆင်ပြေ သွားကြတော့သည်။ ထိုအခါမှာ ဆေးထိုးခံရသော ဒဏ်ရာ၊ ဆေးခါးကြီး သောက်ရသော ဒုက္ခကြားမှ ကျွန်မပျော်နေမိပါသည်။

ကျွန်မ၏ ဖေဖေနှင့် မေမေသည် သားသမီးများကို လွတ်လပ်စွာ ပြောဆိုခွင့်၊ ဝေဖန်ခွင့် ပေးသော မိဘများ ဖြစ်ပါသည်။ ထို့ကြောင့် ဖေဖေနှင့်မေမေ ကြည်သာ ပျော်ရွှင်နေသော အချိန်အခါများမှာ မေးခွန်းများ မေးခဲ့ဖူးပါသည်။

“ဖေတို့မေတို့ ငယ်ငယ်တုန်းက မိဘတွေ ရန်ဖြစ်ရင် စိတ်မညစ်ဖူးလား” ဆိုတော့ ဖေက “လျှောက်လည်နေတာ ရန်ဖြစ်မှန်း၊ မဖြစ်မှန်းတောင် မသိဘူး” ဟု ဖြေ၍ မေကတော့ “ဘာတွေ လာမေးနေတာလဲ ဒါလောက်ကြာမှ မှတ်မိပါဦးမလား” တဲ့။ ကျွန်မသည် ထိုမေးခွန်းဖြင့် ရလာသော အဖြေပေါ်မှာ မူတည်ပြီး ဖေတို့ မေတို့ တည့်တည့်ရှုရှုနေရန် တရားဟောဖို့ စီစဉ်ထား၏။ ဒါပေမယ့် ကျွန်မသည် ဖြေသော အဖြေများကို ကြားပြီး ဘာမှ ဆက်မပြောဖြစ်ပါ။

ကျွန်မ အသက်အနည်းငယ် ရလာပြီး မိဘများက လူကြီးအရာ ထားလာသောအခါ မေးခွန်း တမျိုးကို ပြောင်းပြီး မေးခဲ့ပြန်သည်။

“ဖေတို့ မေတို့ကလည်း ကိုယ့်ဟာကိုယ် ချစ်လို့ ယူခဲ့ကြပြီး တယောက်အကြောင်း တယောက် သိနေပြီပဲ။ နားလည်မှုလေး ဘာလေးနဲ့ တဖက်ဖက်က မလျှော့ချင်ဖူးလား” ဆိုတော့...

“အိုး... ဟိုတုန်းက ဒီအချိုးမျိုး မဟုတ်လို့ ယူတာပေါ့၊ ဒီလိုမှန်းသိရင် ဝေးသေး” တဲ့။ ထိုအဖြစ်မျိုးကို ဖေဖေနှင့် မေမေထံမှသာမက ကျွန်မ၏ စိတ်ညစ်ဖော် သူငယ်ချင်းများထံမှလည်း ကြားရပါသည်။ ဒီတော့ ကျွန်မတို့ စမ်းသပ်မှုတခု လုပ်ကြည့်ကြပါသည်။ မိဘများ မခေါ်မပြော ရန်ဖြစ်နေချိန်တွင် ကျွန်မတို့ သားသမီးများကလည်း ဘက်မလိုက်ဝါဒကို ကျင့်သုံးပြီး လူတယ်လီဖုန်း မလုပ်ကြရန်။

ဥပမာ ဆိုပါတော့ မေမေက “ရော့... ဒါက ဖေဖေ့ကို ကျွေးလိုက်“ ဆိုလျှင် မသိချင်ယောင် ဆောင်၍ မကူညီပဲ နေတာမျိုး၊ ဖေဖေက “မေမေ့ကို ဒီ အားဆေးသောက်၊ ဒါက ညအိပ်ခါနီး သောက်လို့ ပြောဖြစ်အောင် ပြော” ဆိုတာမျိုးကိုလည်း မပြောဘဲ နေလိုက်တာမျိုး။ အဲဒီလို ကျွန်မတို့က တင်းမာပေးလိုက်လျှင် သူတို့ဘယ်လို ဖြစ်လာမလဲ။ စမ်းသပ်မှုမျိုးစုံ စမ်းသပ်ခဲ့ဖူးပါသည်။ ထိုစမ်းသပ်မှုများမှာ တူညီသော အဖြေကိုလည်း ရခဲ့ပါ၏။

ဖေဖေများသည် မေမေများကို အနိုင်အထက် ပြောခြင်းမှအပ ဝတ္တရားကျေစွာ ကျွေးမွေးဆင်သ ဂရုစိုက်တတ် ကြပါသည်။ မေမေများကလည်း ပွစိပွစိ ဂဂျီဂဂျောင် အမျိုးမျိုး ပြောလျက် ချက်ပြုတ် စီမံ၊ လျှော်ဖွပ်၊ မီးပူတိုက် မလစ်ဟင်းစေရပါ။

ဒါဆို ကျွန်မတို့ စိုးရိမ်သောကများက အပိုတွေလား။ အပိုဖြင့် လုံးဝမဟုတ်ပါ။ ကျွန်မတို့ သားသမီးများသည် မိဘများ၏ မျက်နှာ အရိပ်အကဲကို ကြည့်၍ အိမ်၏ ပျော်ရွှင်ချမ်းမြေ့မှုကို ခံစားရသူများ ဖြစ်သောကြောင့် ဖေဖေ မေမေများ၏ “တကျက်ကျက်” ရန်ပွဲများကို တထိတ်ထိတ် စိုးရိမ်မစဲပင် ရှိကြပါသေးသည်။ လေ့လာခဲ့သမျှ မိသားစု သက်တမ်းရှည်ရှည်များကို ကြည့်၍ ကျွန်မ ပြောကြည့်ချင်ပါသည်။ ဖေဖေ မေမေတို့ တကျက်ကျက် ဖြစ်ပါစေ၊ ခွင့်ပြုလိုက်ပါ။ မစိုးရိမ်ပါနှင့်၊ သူတို့ ချစ်ကြပါသည်။

သို့သော်... သားသမီး မိတ်ဆွေအပေါင်းတို့အား အထူးသတိပြုရန် မှာပါရစေ၊ တကျက်ကျက် ရန်ပွဲတွင် “နောက်တယောက် ကိစ္စ” မပါရန်အတွက် အထူးသတိပြုကြပါ။ ထို “နိယာမ” သည် မိသားစုကို ခင်တွယ်သော သားသမီးတို့အတွက် အရေးကြီးလှပါသည်။

---

#ဝင်းဝင်းမြင့်နန်းတော်ရှေ့
#သူတို့ချစ်ကြသည်

#shared_by_louis_augustine
#sbla

Comments