လူသတ် // ရွှေကူမေနှင်း

လူသတ် // ရွှေကူမေနှင်း

(အကျဉ်းစံမိန်းမများ)

---
 
သူ့ကို ‘လူသတ်’ ဟု ပြောင်ပြောင်ပဲ ခေါ်ကြသည်။
 
သူကလည်း အခေါ်ခံသည်။ သူ့အမှုက လူသတ်မှု။
 
ထောင်ထဲမှာ နာမည်မခေါ်ဘဲ ယခုလို အမှုအမည်ခေါ်ကြခြင်းသည် ရိုးနေပြီ။ ဘယ်သူမှ မခံချင်မဖြစ်ကြချေ။
 
ယခု ‘လူသတ်’ ဟု အခေါ်ခံနေရသော ‘အေးမ’ ဆိုလျှင့် သူ့နာမည်ပင် သူမေ့နေပြီ။ အမှုမထင်ရှားသော အေးမတွေ ရှိနေ၍ သူ့အမည်က “လူသတ်” ဟူ၍သာ ထင်ပေါ်နေ၏။
 
လူကို ကြည့်လျှင်တော့ လူသတ်ခဲ့သည်ဟု မည်သူမျှ ထင်နိုင်မည်မဟုတ်။ လူသတ်သမားဆိုလျှင် ရက်စက်သော မျက်နှာရှိရမည်။ ကြမ်းကြုတ်သော မျက်လုံးရှိရမည်။ ခန္ဓာကိုယ်ကြီးမားတုတ်ခိုင်ရမည်။ အမူအရာ ရိုင်းပျရမည်။ နှုတ်ထွက်စကားရိုင်းစိုင်းယုတ်မာရမည်။
 
ယခု လူသတ်ကတော့ ထိုအချက်တွေနှင့် လုံးဝ ဆန့်ကျင်ဖက်ပါ။ မျက်နှာက အစဉ်ညှိုးငယ်လှ၏။ မျက်လုံးက အမြဲညှိုးနွမ်းလျက်။ ခန္ဓာကိုယ်က ညောင်နာနာ၊ ပုအိုက်အိုက်။ အမူအရာ ရိုကျိုးပျပ်ဝပ်သည်။ နှုတ်ထွက်စကားတိုင်းမှာ ယဉ်ကျေးပျူငှာလှပေသည်။
 
သည်လို အမူအကျင့်များသည် ထောင်ထဲရောက်မှပြောင်းလဲဖြစ်ပေါ်လာခြင်းဟု ထင်လျှင်လည်း မမှန်ပါ။ အေးမသည် ပင်ကိုကပင် အေးသည်။ မွေးစဉ်က မငိုမယို။ ဆာလည်း မတောင်း၊ ဆော့လည်းမဆော့။ ငြိမ်သက်အေးချမ်းလှသူမို့ သူ့အဖေကိုယ်တိုင်က သူ့သမီးအငယ်လေးကို ‘အေးမ’ ဟု ခေါ်ခဲ့ခြင်းဖြစ်၏။ သူ့အစ်ကိုကား ဆော့လွန်း၍ ဖိုးဆော့ဟု အမည်ရသည်။
 
အေးမကား ငယ်စဉ်ကလည်း အေး၏။ ယခု ထောင်ထဲမှာလည်း အေး၏။ သည်လောက် အေးချမ်းသူ ဖြစ်ပါလျက်နှင့် ပုဒ်မ-(၃၀၂) အရ လူသတ်မှုကြီးတွင် အမှုတွဲအဖြစ် ပါဝင်ခဲ့သည်ဆိုခြင်းကား ရုတ်တရက်အားဖြင့်ကား ယုံချင်ဖွယ်မရှိချေ။ သို့သော် မယုံလျှင် ပုံပြင်သာ မှတ်ကရော့။ အေးမကား တရားရုံးချုပ်ကိုယ်တိုင်က ပြစ်မှုထင်ရှား၍ အယုံခံပယ်ချခဲ့ခြင်းတည်း။
 
“ငါ့အဝတ်တွေလည်း ကြည့်ရုပ်ခဲ့ပါဟယ်”
 
တောင်ယာဘေး ရေမောင်းပေါ်တွင် ဖင်ထိုင်ချလျက် အေးအေးဆေးဆေး သန်းရှာနေသော ဒေါ်ကျီးကန်းက အေးမကို လှမ်းပြောခြင်း ဖြစ်၏။
 
“ဟုတ်ကဲ့ရှင့်”
 
အေးမက ဤ ‘ဟုတ်ကဲ့ရှင့်’ ကို အကျင့်ပါနေပြီဖြစ်သည်။ နှစ်ပေါင်းများစွာ ဖေဖေကြီး၊ မေမေကြီး၊ မမကြီး၊ ကိုကိုကြီးတို့ကို ဟုတ်ကဲ့ရှင့်ခဲ့ရတာကိုး။ တောင်ယာဘုတ်ကိုင်ဒေါ်ကျီးကန်းကိုလည်း အေးမအနေနှင့် ဟုတ်ကဲ့ရှင့်ရမှာပင် ဖြစ်၏။ အကြောင်းကား ဤ (၇)(၈) မိန်းမထောင် အုတ်နံရံဧရိယာအတွင်း စိုပြည်စိမ်းလန်းနေသော အသီးအရွက်မှန်သမျှကို ဒေါ်ကျီးကန်းက ပိုင်၍ ဖြစ်သည်။ ကန်စွန်းညွှန့်လေးအစ၊ ခရမ်းသီးနုနုလေးအဆုံး တို့၍ရသမျှသော အညွှန့်အခက် အကင်းများကို ဒေါ်ကျီးကန်းက အချိန်ပြည့်ကြည့်နေမြဲ ဖြစ်၏။ လစ်ပြီထင်ပြီး ခိုးလျှင်တော့ ဒေါ်ကျီးကန်း ‘အော်ချက်’ ကိုခံရမည်။ သည်လို မျက်စိရှင်လွန်း၍လည်း တောင်ယာဘုတ်ကိုင် ဒေါ်သိန်းအမည်ပျောက်၊ ‘ဒေါ်ကျီးကန်း’ အမည်တွင်နေခြင်း ဖြစ်လေသည်။
 
အေးမက ဒေါ်ကျီးကန်း ထဘီနှင့် အင်္ကျီကို ခြောက်မခြောက် ကိုင်ကြည့်ပြီး ရုပ်ရသည်။ ဒေါ်ကျီးကန်း ထဘီနှင့် အင်္ကျီကိုလည်း မှားစရာမရှိပါ။ အန်တီ ဒေါ်လွင်လွင်မြ လွတ်သွားစဉ် ပေးခဲ့သော အင်ဒိုနီးရှားပါတိတ်ဝမ်းဆက်ကို ဒေါ်ကျီးကန်းက အမြဲဝတ်လေသည်။ သူနှင့် လိုက်ဖက်ခြင်းရှိမရှိ စဉ်းစားရန်လည်း မလို။ ဒေါ်လွင်လွင်မြ၏ အဝတ်တွေဟု ဂုဏ်ယူစွာဝတ်ရ၏။ ဒေါ်လွင်လွင်မြ ရှိစဉ် ခရမ်းသီးနုနုလေးများ၊ ဖရုံပွင့်အငုံလေးများကို ဒေါ်ကျီးကန်းက ကျေးဇူးပြုလေ့ရှိသဖြင့် ဒေါ်လွင်လွင်မြက ကျေးဇူးဆပ်ခဲ့ခြင်းပါ။
 
အေးမက ဒေါ်ကျီးကန်းအဝတ်များကို ပြန်ပေးပြီး ဒေါ်မြင့်အဝတ်တွေကို ရုပ်ရ၏။ ဒေါ်မြင့်က ချွေးများသဖြင့် အဝတ်များသည်။ အေးမသည် ဒေါ်မြင့်အဝတ်များကို တလလျှင် ဆေးလိပ်(၂၀၀)ဖြင့် လျှော်ရသူဖြစ်၏။ ဒေါ်မြင့်က ခင်ပွန်းနှင့်အတူ (၆)လကျနေသူ ဖြစ်သည်။ အမှုကား အပျင်းပြေ ဖဲကစားခြင်း။ သူတို့တဝိုင်းလုံး အဖမ်းခံရပြီး ထောင်ထဲမှာ တပျော်တပါးကြီးပါ။ ဒေါ်မြင့်သည် ဟိုဘက်ဆောင်မှာ သူ့ယောကျာ်းရှိသည်ဆိုပြီး အားရှိပုံရ၏။ ဘာမျှ အပူအပင်မရှိ။ (၆)လဆိုတာ လျှော့ရက်နှင့် ဘာကြာတာမှတ်လို့။ ရိပ်သာလာတာဟုပဲ သဘောထားသတဲ့။
 
အဝတ်တွေရုပ်ပြီးလျှင် ရေကန်မှာ ရေပြည့်မပြည့် သွားကြည့်ရဦးမည်။ ရေကန်ဘာရာ မြင့်မြင့်ဦးကို မျက်နှာချိုသွေး ရဦးမည်။ မလျှော်နဲ့ဦးဟုဆိုလျှင် အဝတ်လျှော်ခွင့်မရ။ အေးမအဆောင်မှာ ဒေါ်လှအေးနှင့် မသဇင်တို့ အဝတ်တွေ လျှော်ဖို့စုထား၏။ တယောက် (၂၀၀)နှုန်းနှင့်မို့ (၄၀၀)ဖိုး။ သည်အလုပ်နှင့် အေးမ ထမင်းဟင်း စားနေရခြင်း ဖြစ်၏။ အေးမကို နှစ်ပတ်တခါ ထောင်ဝင်စာ လာတွေ့မည့်သူမှ မရှိဘဲ။
 
စဉ်းစားလိုက်လျှင် ဖိုးလုံးကို သတ်ပစ်ချင်သည်။ ဖိုးလုံးကိုသာ အေးမ မကြိုက်မိခဲ့လျှင် သည်ဘဝ ရောက်မည်မဟုတ်။ အေးလေ... အေးမဆိုတာ သည်လို စဉ်းစားဆင်ခြင်တတ်သူမှ မဟုတ်ဘဲ။ တွေးခေါ်မြော်မြင်ခြင်း ပြုနိုင်စွမ်းမှ မရှိဘဲ။
 
ဟော... မိုးတွေညို့လာပြီ။
 
အဝတ်တွေ ပြေးရုပ်ဦးမှ။
 
မိုးကရွာလျှင် ချက်ချင်း။
 
အေးမတို့ တောမှာလို တောင်ဆီက အုံ့မှိုင်းသယ်ဆောင်လာရိုးမရှိ။ ငယ်တုန်းကတော့ မိုးရိပ်တွေ တက်လာတိုင်း “မိုးတွေလေတွေ လာပါလို့၊ ကဆုန်လပြည့်ကျော်၊ ခုံဖိနပ်နဲ့ဆော်” ဟု ပျော်ပျော်ကြီး သီချင်းဆိုကာ ခုန်ပေါက်ခဲ့ဖူးသည်။ အဲသည်စဉ်က မိုးညိုဆိုတာ ဧရာဝတီမြစ်ကမ်းက ရွာကြီးတရွာပဲ။ ဧရာဝတီမြစ်ရေ တိုက်စားတိုင်း ရွာပျက်ပြီး ပြေးခဲ့ရတာ အကြိမ်ကြိမ်။
 
အဖေနှင့် အမေကို အေးမ လွမ်းမိ၏။

မိုးညိုဆိုသော အမည်ကို ဘယ်သူကများ ပေးခဲ့သည် မသိ။
 
မိုးညိုသူ၊ မိုးညိုသားတို့ကတော့ မိုးညိုကိုချစ်သည်။ ဘယ်တော့မှ မခွဲ။ ဧရာဝတီမြစ်ကြီး ရေတိုက်စား၍ မိုးညိုမြို့လုံးကျွတ် ကမ်းပြိုပျက်စီးခဲ့တာကို ဝေးဝေးမပြေးကြ။ ရေလွတ်လောက်သော အတွင်းဘက်ကို ပြောင်းကြသည်။ အသစ်တည်ဆောက်ကြသည်။ အသစ်တည်ဆောက်သော ရွာသည် ‘ရွာသစ်’ မဟုတ်။ ‘မြို့သစ်’ မဟုတ်။ မိုးညိုပါပဲ။
 
မိုးညိုရွာလမ်းမှာ ထူးဆန်းသော ထွက်ကုန်တမျိုးရှိပါသည်။ ‘ဝက်အူအလုံး’ တွေပါ။ ဝတ်အူချောင်းမဟုတ်။ အချောင်းဖြစ်ရမည့်အစား စားပွဲတင်တင်းနစ် ဘောလုံးလေးများနှယ်။ အလုံးလေးတွေလုပ်ပြီး တန်းစီထားခြင်းဖြစ်သည်။ ထိုဝက်အူချောင်းအလုံးလေးများကို ရွာလမ်းဘေးမှာ ကြိုးတန်းနှင့် လှန်းကြသည်။ တန်ဆောင်တိုင် မီးထွန်းပွဲနှင့်ပင် တူတော့၏။
 
အေးမ၏ အမေသည် ထိုဝက်အူလုံးလုပ်သော စက်ရုံ(အမှန်က လက်နှင့်လုပ်သောကြောင့် အလုပ်ရုံပါ) ထိုအလုပ်ရုံမှာ နေ့စားလုပ်သည်။ အေးမက (၄)တန်းပင် မအောင်ခဲ့ဘဲ အိမ်မှာ ထမင်းချက်၊ အဝတ်လျှော်လုပ်ရ၏။ ကမ်းပြို၍ အဝေးဆုံးသို့ ပြောင်းရသောနှစ်တွင် အမေက ဝက်အူချောင်းအလုပ်ရုံပိုင်ရှင်၏ ‘အမြှောင်မယား’ ဖြစ်ခဲ့သည်။ ညဘက်မှာ ခေတ္တခဏ လာအိပ်သော ထိုဝက်အူချောင်းပိုင်ရှင်သည် အမေ့ဆီလာရင်း ဖွံ့ဖြိုးလာသော အေးမကို ကြည့်၏။ လက်မောင်းကို ကိုင်ပြီး ‘သမီးလည်း ကြီးလာပြီ’ ဟု ဆို၏။ နောက်နေ့တွင် အမေက အေးမကို မပြုံးလက်ထဲ ထည့်လေသည်။
 
“မပြုံးရေ... ငါ့သမီးလေးက ငါ့လို အမြှောင်မယား မဖြစ်စေရဘူး။ နင် ကြည့်လုပ်ပေးပါ”
 
မပြုံးက ရန်ကုန်နှင့် အကူးအသန်းရှိ၏။ မြောက်ဥက္ကလာမှာ မပြုံးဆွေမျိုးတွေ ရှိသည်။ သူတို့က တောက မိန်းကလေးတွေကို အလုပ်ရှာပေးနိုင်သည်။ ဆီးထုပ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်း၊ အကြော်စုံလုပ်ငန်း စသဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရှိသည်။ ပွဲခ ယူသည်။ အေးမသည် ဘာမျှ ဆုံးဖြတ်ပိုင်ခွင့်၊ စဉ်းစားပိုင်ခွင့်မရှိဘဲ အပြုံးနှင့်အတူ မြောက်ဥက္ကလာပသို့ ရောက်ခဲ့ရလေသည်။
 
ပထမ ဆီးထုပ်အလုပ်ရုံကို သွား၏။
 
မနက်(၆)နာရီမှာ ည(၆)နာရီထိ အလုပ်ဆင်းရမည်။ နေစရာမပေး။ နေစရာမရှိလျှင် မကိုက်ချေ။ ထို့နောက် ဖိနပ်သမား။ တနေကုန်ပင် လုပ်ရမည်။ နေစရာမပေး။ နောက်ဆုံး နေစရာရမည့် အလုပ်ကို ဦးစားပေးရတော့၏။ အင်းလျားလမ်း အိမ်ကြီးတအိမ်သို့ အိမ်ဖော်။
 
သည်တုန်းက အေးမ ခဏခဏငိုသည်။
 
အင်းလျားလမ်းကခြံကြီး ဆိုတာပေမဲ့ အင်းလျားကန်ကို မမြင်ရချေ။ သရက်ပင်အိုကြီးများ၊ တညင်းပင်ကြီးများ၊ ပိတောက်ပင်ကြီးများနှင့် တခြား အေးမ အမည်မဖော်တတ်သော အပင်အိုကြီးတွေ အုပ်နေသည်။ ခြံထဲက အပင်တွေ အိုမင်းသည့်နည်းတူ အိမ်ရှင်ဘဘကြီးနှင့် မေမေကြီးလည်း အိုမင်းလှပေပြီ။ သွားနိုင်လာနိုင်၊ လှုပ်ရှားနိုင်သဖြင့် လူမမာကြီးများမဟုတ်စေကာမူ တပတ်တကြိမ် အထူးကုဆရာဝန်ကြီးများ ကြွရောက်ဆေးသွင်းပေးနေ၍သာ ထူထူထောင်ထောင် ဖြစ်နေကြခြင်းဖြစ်၏။
 
အေးမ၏ တာဝန်က ဘာမျှ မပင်ပန်းပေ။
 
ထမင်းဟင်းချက်စရာ မလို။ နံနက်(၇)နာရီဆိုလျှင် အပြင်က ထမင်းချိုင့်လာသည်။ ညနေ(၄)နာရီ တခါလာသည်။ စားချင်သည့်ဟင်းအမည်ကို ဆိုင်သို့ ဖုန်းဆက်ရုံပါပဲ။ ကြားကာလ မနက် ကော်ဖီချိန်နှင့် နေ့ခင်း လက်ဖက်ရည်ချိန်မှာသာ ရေနွေးဆူဆူတည်ပြီး ကော်ဖီ၊ လက်ဖက်ရည် နှပ်ပေးရ၏။ မုန့်တွေက ရေခဲသေတ္တာကြီး နှစ်လုံးမှာ အပြည့်။ အသီးအနှံတွေလည်း စုံတကာစေ့နေ၏။ ဒါတွေကိုလည်း ဘယ်ဈေးကိုမှ သွားဝယ်ရန်မလိုပေ။ ဖုန်းလေးဆက်ရုံပါပဲ။ ခဏကြာလျှင် အလုံပိတ်ကားလေးက လာပို့မြဲ။
 
အေးမ ငိုချင်တာက မိုးညိုကို လွမ်းလို့ပါ။
 
သည်အချိန်ဆို မိုးညိုမှာ မိုးတွေညိုရော့မယ်။
 
သည်အချိန်ဆို ဧရာဝတီမြစ်ကြီး ရယ်မောနေရော့မယ်။
 
သည်အချိန်ဆို အဖေ... အမေ ဘာလုပ်နေပါလိမ့်။
 
တနှစ်ကျော်တော့ အေးမ မိုးညိုကို မလွမ်းတော့ပေ။
 
အေးမ အဖော်ရသွားပြီ။
 
ဖိုးလုံးပေါ့။
 
ဖိုးလုံးဆိုတာလည်း မိုးညိုသားပဲ။
 
မိုးညိုမှာတုန်းက အေးမနှင့်အတူ သုံးတန်း၊ လေးတန်းမှာ အတူတူ ကျောင်းနေခဲ့သော ငယ်သူငယ်ချင်း။
 
အေးမ အင်းလျားလမ်းရောက်နေကြောင်း ဖိုးလုံးကြားသတဲ့။
 
အေးမလိပ်စာကို မေးပြီးလာခဲ့သတဲ့။
 
ဖိုးလုံး ဉာဏ်ကျယ်ပုံက ထမင်းချိုင့်ပို့သောကားမှာ စပယ်ယာအဖြစ် အလုပ်လျှောက်ခဲ့တာဆိုပဲ။ အဲသည် အိမ်ထမင်း၊ အိမ်ဟင်း ချက်ရောင်းသော အထည်ကြီးပျက် သူဌေးအိမ်မှာ ဖိုးလုံးလို အလုပ်သမားတွေ အများကြီးဆိုပဲ။
 
ဖိုးလုံး ထမင်းချိုင့်သယ်လာတာမြင်တော့ အေးမ ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း။ ဟုတ်သည်လေ။ သည်ခြံကြီးထဲမှာ မပင်မပန်း၊ မပူမပင်ပေမင့် ဘယ်လောက် ပျင်းစရာကောင်းလဲ။ အတင်းပြောဖော် မရှိ။ သန်းရှာဖော်မရှိ။ ရုပ်မြင်သံကြား စိတ်ကြိုက်ကြည့်ရပါရဲ့။ ကိုယ့်မှာ ရုပ်ရှင်ထဲက မင်းသမင်းလို ချစ်မယ့်လူမရှိ။
 
အေးမရယ်... နင်လှလာလိုက်တာ။ အသားတွေများ ဖြူလို့။ တကယ့် ရန်ကုန်သူကြီး ဖြစ်နေပေါ့ကိုးဟု ဖိုးလုံးပြောသောနေ့ကဆိုရင် အေးမ ရင်တွေခုန်လိုက်တာ။ အဟင့်... ဟု ချွဲပြီး ဖိုးလုံးရင်အုပ်ကို ဖွဖွထုချင်ခဲ့၏။ ရင်ခွင်ထဲ ခေါင်းဝင်မှီလိုက်ချင်ခဲ့၏။ အေးမ (၁၈)နှစ်ပြည့်ပြီလေ။ အချစ်စိတ်တွေ ဝေနေပြီ။ ရုပ်ရှင်ထဲကလို... ။
 
တနေ့မှာ နှစ်ကြိမ် ဖိုးလုံးကို မျှော်ရ၏။
 
တကြိမ်မှာ (၅)မိနစ် စကားပြောရ၏။
 
ဘယ်တင်းတိမ်မှာတုံးနော်။
 
နင့်ကိုချစ်တယ်ဟု နှုတ်ကမပြောဘဲ တစက္ကန့်၊ နှစ်စက္ကန့်မျှ မျက်လုံးဝင်းဝင်းဖြင့် စိုက်ကြည့်ခြင်းသည် အဓိပ္ပာယ်အားလုံး ပြည့်စုံပြီပဲ။ နောက်တဆင့် ထမင်းချိုင့်မကမ်းခင်လွတ်နေသော လက်ဖြင့် လှမ်းကိုင်သည်။ အခွင့်သာလျှင် ပခုံးလေးဖက်မည်။ သည်ထက် အခွင့်ရှိလျှင် ပါးကလေးတချက်နမ်း၊ ကျန်ရစ်ခဲ့သော အေးမမှာ ကျွမ်းထိုးမှောက်ခုံပေါ့။
 
နောက်တော့ ဖိုးလုံး အတင့်ရဲလာသည်။
 
ညဘက်တွေ့ရအောင်တဲ့။
 
ဘယ်ဖြစ်ပါ့မလဲ။ ခြံထဲဝင်ဖို့တောင် ဝေးသေး။ ခွေးကြီးတွေက ကောင်းသမှ အိမ်ရှင် လူစိမ်းကျွမ်းသည်။ ပြီးတော့ ခြံသော့ကို ဘဘကြီးကိုယ်တိုင် သိမ်းတာ။
 
ဖိုးလုံးကား တနေ့နှစ်ကြိမ် အနမ်းပေးရင်း အေးမကို ချော့၏ ငါတို့ပေါင်းသင်းရဖို့ နည်းလမ်းရှာရအောင်ဟု အပြေးအလွှားပြော၏။ အေးမ အကြံထုတ်ရတော့သည်။
 
နင်နဲ့ငါ အတူနေရင် ဆိုသော ဖိုးလုံးစကားက အေးမရင်ထဲမှာ ပျားရည်ချောင်းကလေး ဖြစ်နေပြီ။
 
မိုးသည်းသော ညတည။
 
ဘဘကြီးဖျားသည်။
 
ဆရာဝန်ကို ဖုန်းဖြင့်ခေါ်ရမလားဆိုတော့ လက်ကာပြသည်။ မေမေကြီးက ဘဘကြီးကို ဖက်ပြီး အားပေးသည်။ နောင်... သည်လိုအရေးပေါ်လျှင် ဆရာဝန်လာနိုင်ဖို့ ခြံသော့ကို အေးမမြင်သာသော နေရာ၌ ထားပေးခဲ့လေသည်။
 
အဲ့ဒါ ဘဘကြီး၏ မဟာအမှား။
 
အေးမက အချစ်စိတ်တွေ မွှန်နေပြီ။
 
ခြံသော့အသာလေးဖွင့်၊ ခြံထောင့်က ပိတောက်ပင်အောက် ဒန်းကလေးပေါ်မှာ တူနှစ်ကိုယ်ချစ်ငွေ့လှုံရရင် ရုပ်ရှင်ထဲကလိုလေ... ။
 
ညနေ ထမင်းကားအလာမှာ တီးတိုးပြောလိုက်သည်။
 
ခြံသော့ ရနိုင်ပြီဟု။
 
ဖိုးလုံး လက်မထောင်ပြလေသည်။
 
ဒီညပဲစောင့်၊ သန်ခေါင်တိတိဟု တီးတိုးဆိုသွားသည်။
 
အေးမမှာ ညနေ(၇)နာရီရေချိုး၏။ ခါတိုင်းလို ရုပ်မြင်သံကြားစက် မကြည့်နိုင်။ မေမေကြီးနှင့် ဘဘကြီးကို ဆေးတိုက်သည်။ ညကျလျှင် အိပ်မောကျစေရန်ဟု ညအိပ်မပျော်လျှင် တိုက်ရန်ဆိုသော ဆေးပြားလေး (၂)ပြားစီ ပိုထည့်လိုက်သည်။ သန်းခေါင်မှာ ကိုယ်ခြံထဲ လွတ်လွတ်လပ်လပ် ထွက်နိုင်အောင်ပေါ့။
 
အရေးကြီးတာ ရှိသေးသည်။
 
ခြံစောင်ကြီး ရန်လုံတို့နှစ်ကောင်လည်း အိပ်မောကျနေဖို့ လိုသည်။ ဒါလည်း လွယ်လွယ်လေး။ သင်းတို့အစာထဲ စောစောက ဆေးပြားမျိုး (၃) ပြားစီ ထည့်ရုံပေါ့။
 
မိမိကိုယ်မှာ မွှေးမြနေလို့။ ‘သင်း’ ပေါင်ဒါကို လိမ်းရသေးသည်။ ဖိုးလုံးက အနမ်းတော်သူဖြစ်၏။ သူ တညလုံး နမ်းချင်သလောက်နမ်းဖို့ ရင်သားနှစ်မြွာကြား၊ ဘော်လီကြားမှာလည်း သင်းပေါင်ဒါတွေ ပုံထားရ၏။ ကဲ... ရုပ်ရှင်ထဲကလိုနော်။
 
ထိုညက မိုးသည်းသည်။
 
ဖိုးလုံး လာဖြစ်ပါ့မလား။
 
လာဖြစ်ပါသည်။ မိုးထဲမှာပင် မိုးကာခြုံလို့။
 
အပြေးအလွှား ခြံသော့ဖွင့်။ လက်တွဲပြီးအခေါ်မှာ ကိုရွှေဖိုးလုံးက ပိတောက်ပင်ရိပ်သို့မသွား။ တိုက်နောက်ဖေးသို့ခေါ်လေသည်။ နောက်ဖေးတံခါးက အေးမ ထွက်ခဲ့တာမို့ ထိုတံခါးကို ချက်မထိုးဘဲ စေ့ထားမည်ဆိုတာ သူတွက်ပြီးသား။ ထိုတံခါးကနေ အထဲဝင်မည်တဲ့။ အေးမက အာစေးထည့်ထားသလို ချစ်သူ့အလိုကို လိုက်နေ၏။ နှစ်ယောက်လုံးအထဲရောက်သောအခါ အေးမထင်ထားသလို အေးမကို အိပ်ခန်းထဲသွင်းပြီး မနမ်းချေ။ ဘဘကြီးနှင့် မေမေကြီး အိပ်ရာသို့ တန်းပြီးဝင်သည်။
 
ပြီးတော့... ပြီးတော့...
 
အေးမ ဆက်၍မတွေးချင်တော့ပါ။
 
အေးမ ကြောက်သည်။
 
ဖိုးလုံး... ဖိုးလုံးကိုပဲ သတ်ပစ်ချင်ပါသည်။
 
ဖိုးလုံးကို စွဲလမ်းမိသော မိမိကိုယ်ကိုလည်း ထုရိုက်ပစ်ချင်သည်။
 
ဖိုးလုံး၏ အဆင်ခြင်ကင်းမဲ့သော...
 
ဖိုးလုံး၏ မိုက်မဲခြင်းကြီးမားသော...
 
ဖိုးလုံး၏ လောဘ၊ ပြီးတော့... မောဟ
 
အားလုံးသည် ဖိုးလုံး အပြစ်။
 
အေးမက ဘယ်လိုငြင်းသော်လည်း...
 
အမှုတွဲ... တဲ့။
 
အားပေးကူညီမှု... တဲ့။
 
အေးမ ဘာတတ်နိုင်မှာလဲ။
 
ဖိုးလုံးရဲ့ အနမ်းတွေမှာ သာယာခဲ့မိတာ အေးမအပြစ်ပါပဲ။
 
ဖိုးလုံးအကြံကို မရိပ်မိခဲ့တာ အေးမအပြစ်ပါပဲ။
 
နောက်ဆုံးတော့ ရွာကဘုန်းကြီး တရားဟောသလို ကံပေါ့လေ။
 
တခု ခက်သွားသည်မှာ...
 
ဘဘကြီးနှင့် မေမေကြီးအပြင် ခြံစောင့်ခွေးနှစ်ကောင်စလုံးကိုပါ အိပ်ဆေးခတ်ခဲ့ကြောင်း ဆေးစစ်၍ တွေ့သွားခြင်းပါ။ ဒါက အေးမလက်ချက်။ ဘယ်လိုမှ ပြေး၍မလွတ်။
 
ဖိုးလုံးမှာ ဓားမြှောင်ပါလာတာ အေးမ မသိရိုးအမှန်ပါ။
 
ဖိုးလုံး၊ မီးခံသေတ္တာသော့တောင်းတော့ ဘဘကြီးနှင့် မေမေကြီးက သူတို့ကိုယ်မှာပဲ သော့ကိုထားတာတော့ အေးမ သိသည်။
 
သည်တော့ သော့ရဖို့ ဘဘကြီးနှင့် မေမေကြီးကို ရင်ဝဓားမြှောင်စိုက်လိုက်သည်အထိ အေးမ ကြောင်ပြီးကြည့်နေခဲ့တာ အမှန်ပါပဲ။
 
ဘဘကြီးလည်း အသံမထွက်နိုင်။
 
မေမေကြီးလည်း နိုးထမလာရှာတော့။
 
အားလုံး ပိုင်ပိုင်နိုင်နိုင်ပြီးသွားခဲ့သည်။
 
သို့သော်... ရာဇဝတ်ဘေး ပြေးမလွတ်။
 
ဖိုးလုံးပြန်အထွက် အေးမ မလိုက်ရဲ။ ဖိုးလုံးက အေးမကို ထားခဲ့ဖို့မဖြစ်။ ဖော်မှာစိုးသည်။ သည်တော့ အေးမကို အပါခေါ်ထုတ်ခဲ့၏။ နှစ်ယောက်သား ခပ်သုတ်သုတ် ခြံထဲကအထွက် ပတ္တရောင် ရဲလှည့်ကင်း၏ လက်နှိပ်ဓာတ်မီးရောင်ထဲမှာ... ။
 
 
“ဖိုးလုံးကို အရမ်းမုန်းတယ်”
 
အေးမက မိုးညိုညိုကိုငေးရင်း နှုတ်က ပြောလိုက်သည်။
 
“အေးမရေ... ငါ ဇက်ကြောတက်လို့ နည်းနည်းလုပ်ပါဦး”
 
အနားရောက်လာသူကား ဘီစီပီကွန်မြူနစ် မစိမ်းပင်။ မစိမ်းပင်ကား ကဗျာဆရာမဟု ဆိုသည်။ ထောင်ကျတာ (၄)ကြိမ်ဆိုပဲ။ သူက ကွန်မြူနစ်ဟုသာ ပြောကြတာ အလွန်ကြင်နာဖော်ရွေပြီး ချစ်စရာကောင်းသူ အန်တီကြီးပါ။
 
အေးမက အန်တီစိမ်းလက်ထဲမှ ဦးစိုင်းလမ်းဆေးကို ကော်ပြီး အန်တီစိမ်းကျောပြင်ကို လူးလိုက်သည်။ ပြီးမှ ကျောရိုးမကြီး ဘေးနှစ်ဖက် လက်မနှင့် ထောက်ပေးရလေသည်။ မေမေကြီးကို နှိပ်ပေးခဲ့သလိုပါ။
 
“အေး... ကောင်းလိုက်တာကွာ။ ကျန်းမာပါစေ”
 
“အေးမက လွတ်ချင်တာ”
 
“လွတ်မှာပါကွ၊ မကြာပါဘူး”
 
“ဟုတ်လို့လား အန်တီစိမ်းရယ်”
 
“ဘုရားပဲအာရုံပြု၊ လွတ်မှာ မကြာဘူး”
 
ကွန်မြူနစ်က ဘုရားစကားပြောတော့လည်း ယုံကြည်ရသည်ပေါ့။
 
ဟော... မိုးတွေညိုရာက မည်းလာပြီ။
 
မည်းမည်းကြီး အားကြီးလာလျှင် မိုးစက်တို့ ကျလာတော့မည်။
 
ရွာစမ်းပါ မိုးမင်းကြီးရယ်... ။
 
အေးမလေ... မိုးရွာရင် ရောပြီး ငိုချင်လို့ပါ။
 
ငိုလိုက်တော့ ရင်ထဲမှာ ပေါ့သွားလို့ပါ။

---
 
#လူသတ်
#ရွှေကူမေနှင်း

#shared_by_louis_augustine
#sbla

Comments