ရထားပေါ်က အမျိုးသမီး နှစ်ယောက် // ဟမ်စိုင်း (ဆေး-မန်း)

ရထားပေါ်က အမျိုးသမီး နှစ်ယောက် // ဟမ်စိုင်း (ဆေး-မန်း)

---

လူလတ်ပိုင်းအမျိုးသမီးနှစ်ယောက်ဟာ ရထားတစင်းပေါ်မှာ ဘေးချင်းကပ်ထိုင်ခဲ့ကြတယ်။ တယောက်က စိတ်ခံစားမှုကောင်းနေပေမယ့် တယောက်က ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေခဲ့တယ်။ စာအုပ်ဖတ်ပြီး ပျော်နေတဲ့ ပျော်ပျော်ပါးပါး အမျိုးသမီးဟာ ပျော်ရွှင်စရာ တခုခု ဖတ်ပြီး ရယ်မောနေတယ်။
အဲဒီအခါ ဝမ်းနည်းနေတဲ့ အမျိုးသမီးဟာ သူ့ဘေးက အမျိုးသမီးက ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာ ကြည့်ပြီး မနာလိုမှုတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။
သူ့ဘေးက အမျိုးသမီးကို ပြောလိုက်တယ်။

“ညီမကို ကြည့်ရတာ အရမ်းပျော်နေပုံရတယ်။ အစ်မလည်း ညီမလိုလိုပဲပျော်နေချင်ပေမယ့် ဝမ်းနည်းစရာကောင်းတာက ဘဝက လူတိုင်းအတွက် မမျှတပါဘူး”

ရွှင်လန်းနေတဲ့အမျိုးသမီးဟာ သူ့စာအုပ်ကိုပိတ်ကာ နူးညံ့သိမ်မွေ့စွာပြောခဲ့တယ်။

“အစ်မ အခုကြုံတွေ့နေရတာတွေအတွက် ညီမ အင်မတန်ဝမ်းနည်းပါတယ်။ ဒီအကြောင်းတွေ ရင်ဖွင့်ဖို့လိုအပ်ရင် ညီမကို ပြောလို့ရပါတယ်”

ဝမ်းနည်းနေတဲ့ အမျိုးသမီးဟာ 
သက်ပြင်းချကာ သူမကို ရင်ဖွင့်ပါတော့တယ်။

“အစ်မမှာ မသန်စွမ်းကလေးတယောက်ရှိတယ်။ 
ရှက်စရာလို၊ အပြစ်ရှိသလို၊ မျှော်လင့်ချက်ကင်းမဲ့ပြီး စိတ်ဓာတ်ကျတဲ့ ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းရခက်ပါတယ်။ အရာအားလုံးကို ပြောင်းလဲပစ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ အရမ်းနာကျင်ရပါတယ်”

ဝမ်းနည်းနေတဲ့ အမျိုးသမီးက စတင်ငိုကြွေးနေတာကို ပျော်ပျော်နေတတ်တဲ့ အမျိုးသမီးက မြင်တော့ နှစ်သိမ့်ပေးတယ်။

“ဒါက အစ်မအတွက် အရမ်းခက်ခဲတာ သိပါတယ်။ ဒါပေမယ့် အစ်မဘယ်တော့မှ နောင်တ မရမယ့် ရွေးချယ်မှုက အစ်မဘဝရဲ့ ကောင်းမွန်တောက်ပတဲ့ဘက်ခြမ်းကို အမြဲကြည့်ဖို့ပါ”

ဝမ်းနည်းနေတဲ့ အမျိုးသမီးက ပြောလိုက်တယ်။

“ညီမက မသန်စွမ်းကလေးတယောက်ကို မပြုစု မပျိုးထောင်ဘူးတော့ အစ်မနေ့တိုင်းခံစားနေရတဲ့ နာကျင်မှုကို နားမလည်နိုင်ပါဘူး။ ကလေးအတွက် မျှော်လင့်ချက်အိပ်မက်တွေ ဆုံးရှုံးရတဲ့ ဝေဒနာကို ညီမလို ကံကောင်းတဲ့ အမျိုးသမီးကနားမလည်နိုင်ပါဘူး ”

ပျော်ပျော်ပါးပါး နေတဲ့ အမျိုးသမီးဟာ နောက်ပိုင်းမှာ တိတ်ဆိတ်သွားပါတယ်။ ခဏနေတော့ သူ ဆင်းရမဲ့ ဘူတာရောက်ပြီး ရထားပေါ်ကဆင်းလိုက်တယ်။ သူထွက်ခွာသွားပြီးနောက် ခဏအကြာမှာ ဝမ်းနည်းနေတဲ့ အမျိုးသမီးဟာ သူ့ဘေးမှာ စာရွက်တရွက်ကို သေချာ ချထားတာကို သတိထားမိခဲ့ကာ စာကို ဖတ်ခဲ့တယ်။

“အစ်မဘေးမှာထိုင်နေတဲ့ ပျော်ပျော်ပါးပါး အမျိုးသမီးဆီက သိစေချင်တာက ...
ညီမမှာ မသန်မစွမ်းကလေး သုံးယောက်ရှိပါတယ်၊ အစ်မခံစားရတဲ့ ဝေဒနာကို သုံးဆပိုနားလည်ပါတယ်။
ညီမတို့နှစ်ယောက်ကြားက တခုတည်းသော ခြားနားချက်က ညီမကအဖြစ်မှန်ကို လက်ခံလိုက်တာပဲ”

---

ကျွန်တော်တို့တော်တော်များများဟာ အဖြစ်မှန်တွေကို ရှောင်ရှားကြပြီးအမှန်တရားကို လက်မခံတဲ့အတွက် ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေကြရပါတယ်။
ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေကို အမြဲပြောင်းလဲချင်နေပြီး အဲဒီနည်းလမ်းကပဲ ကျွန်တော်တို့ဟာ အပြစ်မြင်တာ၊ ရှက်ရွံ့တာ၊ ခါးသီးစိတ်ရှုပ်တာ၊ မျှော်လင့်ချက်မဲ့တာ၊ စိတ်အနှောင့်အယှက်ဖြစ်စိတ်ရှုပ်တာ အစရှိတဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေကို ခံစားရတတ်ပါတယ်။

အမှန်တရားကတော့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘဝမှာ ပြောင်းလဲလို့ မရတာတွေ ရှိနိုင်ပါတယ်။ အရာအားလုံးကိုတော့ စီမံလို့ မရပါဘူး။ ပြီးတော့ တချို့အရာတွေက သူတို့ပုံစံအတိုင်းရှိနေမှာဖြစ်ပြီး အရှိအတိုင်း လက်ခံသင့်တယ်လို့ သိလိုက်ရတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ပျော်ရွှင်တဲ့ လူသားတွေ ဖြစ်ကြမှာပါ။ ကိုယ့်ဘဝအဖြစ်မှန်ကို လက်ခံဖို့ အားမွေးပြီး ဘဝရဲ့ ကြီးမားတဲ့ ခြားနားချက်တွေကို မြင်အောင်ကြည့်ပါ။

(ဘာသာပြန်)

မူရင်း link

https://m.facebook.com/story.php?story_fbid=pfbid0241UkezU8khD44BcnLQakCvwYYNDp3HLWhid2SXhCjEY8ZUfetc2DzQFUB8ZjWFadl&id=100044604061815&mibextid=Nif5oz
---

#ဟမ်စိုင်းဆေးမန်း
#ရထားပေါ်ကအမျိုးသမီးနှစ်ယောက်

#shared_by_louis_augustine
#sbla

Comments