ပို့စကတ်လေးတစောင် // မိုးမိုး ( အင်းလျား )
ပို့စကတ်လေးတစောင် // မိုးမိုး ( အင်းလျား )
(တိုင်းရင်းမေ၊ ၁၉၇၄။)
---
အဖြစ်ဟောင်းဟူသည် လူတိုင်းကိုယ်စီရှိကြစမြဲ ။ အချစ်ဟောင်းဆိုသည်မှာလည်း များသောအားဖြင့် ရှိခဲ့ကြစမြဲ။ ထို့ကြောင့်လည်း မောင့်တွင် အချစ်ဟောင်း ရှိခဲ့ဖူးသည်နှင့် ပတ်သက်၍ ကျွန်မစိတ်မှာ အထူးအထွေ မဖြစ်မိ။ ကျွန်မတွင်လည်း ရှိခဲ့သည်သာ။
ငယ်ကအချစ် အနှစ်တရာဆိုသော်လည်း မောင်နှင့်လက်ထပ်ပြီးသည့် အချိန်မှစ၍ ကျွန်မသည် အချစ်ဟောင်းရော၊ အချစ်နှောင်းပါ မေ့ပြီတည်း။ ကျွန်မဘဝတွင် မောင်သာရှိသည်။ ကျွန်မအချစ်သည် မောင့်ဆီမှာသာ တည်သည်။ မောင့်ကိုလည်း ထိုသို့ပင်ဖြစ်စေချင်သည်။ သို့သော် မောင်က သည်နှယ်မဟုတ်။
ကျွန်မတို့ လက်ထပ်ပြီးသည့်နောက် မောင့်အိမ်မှာပင် ကျွန်မလိုက်နေရသည်။ မောင့်အိပ်ရာ၊ မောင့်စားပွဲ၊ မောင့်စာအုပ်စင်တို့သည် ယခင်လူပျိုဘဝအတိုင်း နေရာမပျက်ရှိနေသည်။ မောင့်ရည်းစားစာ တထပ်ကြီးကလည်း မောင့်စာအုပ်စင်မှ စာအုပ်ကြားတွင် နေရာမပျက်။ ကျွန်မစာများက အပေါ်ဆုံးမှာ ဆိုပါတော့။ နောက်ဆုံးရည်းစားစာပေကိုး။
ကျွန်မက ကျွန်မစာများမှလွဲ၍ ကျန်သောစာများကို ထီးနန်းချလိုက်သည်။ သွားလေရော အချစ်ဟောင်းများ၊ သွားလေရော အဖြစ်ဟောင်းများ။ ကျွန်မတို့သည် အချစ်သစ်နှင့် ဘဝသစ်ထူထောင်မည့်သူများ မဟုတ်ပါလား။ ကျွန်မ လုပ်သည်ကို မတရားပါဟု မည်သူပြောမည်နည်း။ မောင့်ဘဝတွင် ကျွန်မခြယ်လှယ်ပိုင်ခွင့်ရှိပြီ။
သို့သော် ကျွန်မစိတ်ကို တစုံတခုသည် အနှောင့်အယှက်ပေးလျက်ရှိသည်။ မောင့်စာများထဲတွင် အထင်ရှားဆုံး၊ အများဆုံးနေရာယူထားသော စာရွက်ပြာပြာလေးများပါတည်း။ သူမကို မောင်အချစ်ခဲ့ဆုံး ထင်သည်။ သူမကလည်း မောင့်ကို အတော်လေးချစ်ခဲ့ပုံရသည်။ သူမ၏ လက်ရေးက လှပသည်။ အရေးအသားက ချွဲနွဲ့သည်။ သူ့အမည်က
စံပယ်။ နာမည်ရင်းတော့ မဟုတ်တန်ရာ။ မောင်တင်စားပေးထားသော နာမည်ဖြစ်ကောင်းဖြစ်မည်။ မောင့်ကို ကျွန်မ ဘာမျှမမေး။ ကျွန်မတယောက်လုံး အနားမှာ ရှိလျက် အတိတ်ကချစ်သူကို တမ်းတသတိရစေမည့်အဖြစ်မျိုး ကျွန်မ မလိုလား။ ထို့ကြောင့် သတိရစရာအကြောင်းကို ကျွန်မဖန်တီးမပေး။ ဒါမျိုးဆိုတာ ကြာရင်မေ့မြဲ။ မေ့လည်း မေ့စေရမည်။ မမေ့ဘဲ ရှိနေသေးသည်ဆိုလျင်တော့ ကျွန်မညံ့လို့ပဲ။
“စာ ခင်ဗျ”
စာပို့လုလင်ထံမှ စာတစောင်ကို ကျွန်မလှမ်းယူလိုက်သည်။ သို့သော် စာမဟုတ်၊ ပို့စကတ်လေးတခုဖြစ်သည်။ မောင့်အမည်ကို လိပ်တပ်ထားသည်။ မှ ဟူသော ဘက်တွင် ဘာမျှမရေးထား။ သည်လက်ရေးကို မြင်ဖူးသည်။ ကျွန်မကောင်းကောင်းမှတ်မိသည်။ မောင့်ဆီမှာ အများဆုံးတွေ့ရသော စာရွက်ပြာပြာလေးများထဲမှ သည်လက်ရေး။ ရုပ်ပုံရှိရာဘက်သို့ လှန်၍ ကြည့်လိုက်သည်။ အမယ် အမယ်၊ အဓိပ္ပါယ်ကလည်း အပြည့်အဝပါလား။ ပြာသောကောင်းကင်နောက်ခံတွင် သစ်ကိုင်းလေးတခု ထိုးကျနေသည်။ ရွက်ဝါလေးများ လေတွင် လွင့်ဝဲနေသည်။ သစ်ကိုင်းပေါ်တွင် ငှက်ကလေးတကောင်တည်းမှ တကောင်တည်း။ ဖော်ကွဲတဲ့ငှက်ငယ်အသွင်။
စာဆိုရင်တော့ ကျွန်မဖောက်ဖတ်မိမည် မဟုတ်။ ခုတော့ ပို့စကတ်ဖြစ်နေ၍ မဖောက်ဘဲနဲ့ မြင်ရသည်။ မစူးစမ်းဘဲနဲ့ သိရသည်။ ဘာပဲဖြစ်ဖြစ် ကာယကံရှင် မောင့်ကိုတော့ ကျွန်မပေးလိုက်ရသည်။ မောင်က အမှတ်တမဲ့ကြည့်ပြီး စားပွဲပေါ်ပစ်တင်လိုက်သည်။ ဘာမျှ အလေးမထားသည့် သဘော။ သို့သော် ကျွန်မရှေ့မို့ ဟန်ဆောင်သည်လား မသိနိုင်ချေ။
“ပို့စကတ်ပို့တာ ဘယ်သူလဲဟင်”
ကျွန်မကသိလျက်နဲ့ မေးလိုက်သည်။ ဘာမျှမမေးဘဲ နေမည်ဟူသော ကျွန်မဆုံးဖြတ်ချက်ကိုလည်း ရုတ်တရက် မေ့သွားသည်။
“ဟိုလေ စံပယ်ပါ”
“ဪ နာမည်လဲ မထိုးထားဘူးနော်။ သူ့လက်ရေးကို မောင်မှတ်မိလိမ့်မယ်လို့ ယုံကြည်ပြီးသားထင်ပါရဲ့”
ကျွန်မအသံက ခနဲ့သံပါသွားသည်။ သို့သော်မတတ်နိုင်ပြီ။
“အလကားပါ ထားရယ်။ ဘာမှ စိတ်အနှောင့်အယှက် ဖြစ်မနေပါနဲ့။ မောင် သူ့ကိုမေ့နေတာ ကြာပါပြီ။ လာကွာ ထမင်းစားကြစို့”
ဟုတ်ပါရဲ့။ မောင်အလေးမထားတာကို ဘာကြောင့်များ အရေးတယူလုပ်ပြီး အစဖော်ပေးနေမိပါလိမ့်။ စိတ်ထဲကမူ ‘မောင့်ကိုတော့ သူ မမေ့သေးဘူး’ဟု ပြောနေမိသည်။
သည်ဇတ်လမ်းက သည်တွင် တခန်းရပ်လိုက်လျင် ကောင်းမည်။ ပြည်ဖုံးကားချလိုက်ဖို့ သင့်သည်။ သို့သော် မဆုံးနိုင်သေးသော တေးတပုဒ်သဖွယ် မစံပယ်က ဆက်လက်သီဆိုနေချေသည်။ စံပယ်ထံမှ ပို့စကတ်များကား ရောက်လာမစဲ တသဲသဲတည်း။ အဓိပ္ပါယ်ကလည်း ထပ်တူသာပင်။ ငါးလေးတကောင်တည်း ဖော်ကွဲနေပုံ၊ သမင်မလေး တကောင်တည်း တောလမ်းထဲမှာ လမ်းမှားနေပုံ၊ သစ်ခြောက်ပင်ကြီး တပင်တည်း နွေအထီးတည်း ကန္တာရမှာ မားမားကြီး ရပ်တည်နေရပုံ စသည် စသည်တို့တည်း။
မစံပယ် ဘယ်လိုရည်ရွယ်လေသလဲ၊ ဘာကိုဆိုလိုသလဲ။ ဘာကိုဖြစ်စေချင်သလဲ။ ကျွန်မ သံသယ မကင်းနိုင်ပါ။ မောင်နှင့်မစံပယ် ဘယ်သို့အခြေရောက်ခဲ့ပါသနည်း။
ဒုတိယအကြိမ် မောင့်ကို ကျွန်မရင်ဆိုင်ရပါပြီ။ သည်တခါ ပဋိပက္ခ အစပျိုးမိပြီ။
“မောင် ထားတခုမေးမယ်။ မှန်မှန်ဖြေမလား”
“ဘာများလဲ ထားရယ်”
“မောင်နဲ့စံပယ်ကဘယ်လိုလဲ”
“ဘယ်လိုမှ မလဲပါဘူး ထားရဲ့။ မောင်တို့ချင်း ချစ်ခဲ့ကြတာ သာမန်ပါပဲ။ ထားနဲ့မတွေ့ခင် သူနဲ့ပြတ်သွားတယ်။ သဘောချင်း မတိုက်ဆိုင်လို့ ဆိုပါတော့။ လမ်းတွေ့ရင်တောင် မခေါ်တော့ပါဘူး။ ထားနဲ့တွေ့ပြီးမှ လုံးဝတောင် မတွေ့တော့ပါဘူး”
“ဒါပေမယ့် သူက အမြဲ ပို့စကတ်တွေ ပို့နေတာက ဘာသဘောလဲ မောင်။ မောင်လက်ထပ်လိုက်တဲ့အတွက် သူ့မှာ သိပ်စိတ်ထိခိုက်နေရပါပြီ။ သူ့ဘဝဟာ မောင့်ကို ဆုံးရှုံးရလို့ အထီးကျန်ဖြစ်နေရပါပြီလို့ မောင့်ကို တိုင်တည်နေတာပေါ့ ဟုတ်လား”
“မောင် ဘယ်သိပါ့မလဲ ထားရယ်။ မောင် သူ့ကို လုံးဝပြတ်ပြီးသားပါ။ ဒါတွေအတွက် မောင့်ရင်ကို ဘာမှ မထိခိုက်စေတော့ပါဘူး။ မောင်ချစ်တာ ထားပါပဲ။ ထားလဲ ဒါကို လျစ်လျူရှုထားလိုက်ပါ ထားရယ် ... နော်နော်”
မောင်က တောင်းပန်တိုးလျှိုးသံဖြင့် ပြောပါသည်။ မောင့်အမူအရာသည်လည်း မောင်အမှန်တကယ် ပြောနေသည်ဟု ယုံကြည်လောက်ပါသည်။ မောင့်ကို ယုံကြည်လို့သာ လက်ထပ်ခဲ့သည်ပဲ။
“မောင်နဲ့စံပယ် လမ်းမှာတခါမှ မဆုံဘူးလား” ဟု မေးလျှင် မောင်က မျက်နှာထားမှန်မှန်ဖြင့် ခေါင်းကို တွင်တွင်ယမ်းသည်။ ‘တွေ့လဲ ပြောချင်မှ ပြောမှာပေါ့’ ဟု စိတ်ထဲက ထင်လိုက်သော်လည်း ဘာမျှ ဆက်မမေးတော့။ သည်အဖြေကိုပဲ လိုချင်တာ။ သည်အဖြေရရင် ကျေနပ်ရောပေါ့ဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ရသည်။
ပို့စကတ်များ အလာကျဲသွားသည်။ အထီးကျန်ဆန်သော ပုံလေးများ ရောက်မလာတော့ဘဲ၊ ဝါဆိုလပြည့်၊ သီတင်းကျွတ်ပွဲတော်၊ ပြည်ထောင်စုနေ့ စသည်ဖြင့် ပို့စကတ် အထူးထုတ်ဝေချိန်တွင် ထိုအထူးထုတ် ပို့စကတ်လေးများ ရောက်လာတတ်သည်။ အစဉ်မမေ့ကြောင်းကို ပြသည့်သဘောပင်ဖြစ်၏။ တခါတရံ ကျွန်မက မောင့်ကိုစတတ်သည်။
“လွတ်လပ်ရေးနေ့ကို နှစ်ရက်တောင် လွန်လာပြီ မောင်”
“ဘာဖြစ်လို့လဲ ထားရဲ့”
“ဪ လွတ်လပ်ရေးနေ့ ပို့စကတ်လဲ မရောက်သေးပါလားလို့”
“ထားကလဲကွာ”
မောင်က ရယ်မောပစ်တတ်သည်။ အင်း လုပ်လိုက်ဦးပေါ့ မစံပယ်ရေ။
မောင့် အပေါင်းအသင်းဆိုလျှင် ကျွန်မ မသိသူ နည်းသည်။ တခါမျှတော့ဖြင့် မြင်ဖူးသည်သာ။ သို့သော် ယနေ့လာသော သူကို ကျွန်မ မမြင်ဖူး။ သူ့အသားက ဖြူသည်။ ပိန်ပိန်သွယ်သွယ်ဖြစ်သည်။ မောင်နှင့် တိုက်ရိုက်တွေ့သွားသည်။
ဧည့်သည်က ကျွန်မကို သာမန်မျှသာ တချက်ဝေ့ကြည့်ကာ မောင်နှင့် အပြင်ပြန်ထွက်သွားသည်။ ကျွန်မက ခါတိုင်းလို “လက်ဖက်ရည်ဆိုင် သွားလိုက်ဦးမယ် ထားရေ” လို့ပင် ပြောမသွားနိုင်သော မောင့်ကို မကျေမနပ်ဖြစ်မိသည်။ ခါတိုင်းလည်း ယောက်ျားဧည့်သည်လာလျှင် မောင်က ကျွန်မကို ဒုက္ခမပေးတတ်။ လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားကာ သူ့ဘာသာ ဧည့်ခံတတ်သည်။ ယနေ့တော့ ည၉နာရီကျော်ပြီမို့ မသွားသင့်တော့ဟု ကျွန်မထင်သည်။ ဧည့်သည်ကလည်း ဒီအချိန်ကြီးမှာ ဘာကိစ္စများ ရှိလို့ပါလိမ့်။ ရန်ကုန်မြို့လယ်ခေါင်ဆိုတော့ ညဉ့်နက်ပြီဟု မဆိုသာ။
“စောစောက ဧည့်သည်ကိုသိလားဟင်”
၁၀နာရီပင် ရှိပြီမို့ ကျွန်မက မောင့်ညီငယ် အထွေးကို လှမ်းမေးလိုက်သည်။
“သိတာပေါ့ ကိုကို့ရည်းစားရဲ့မောင်လေ”
အနားမှ အစ်မ အကြီးဖြစ်သူက လှမ်း၍ လက်ကုပ်လိုက်သော်လည်း အထွေးက ဒါမျိုးဆိုလျှင် ပြောချင်သူပီပီ ပြောဖြစ်အောင် လှမ်းပြောလိုက်သည်။ ကျွန်မ မျက်နှာပျက်သွားမိ၏။
“အထွေးတို့ ကိုကိုက ရည်းစားက များများရယ်၊ ဘယ်ရည်းစားလဲ အထွေးရဲ့။ ဟို စံပယ်ဆိုတာလား”
ကျွန်မက ဘာမျှ အလေးအနက် မထားသလို ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။ ကျွန်မ အကုန်သိပြီးသားပါ။ ကိစ္စမရှိပါဘူးဟူသော မျက်နှာထားမျိုးလည်း နေပြလိုက်သည်။
“အလကားပါ ထားရယ် ... ဒီကောင်က ဘာရယ်မဟုတ်ပါဘူး။ ဟဲ့ အထွေး အိပ်ရာတွေ ပြင်ချေလေ။ တော်ကြာ ဟိုနားလှဲအိပ်၊ ဒီနားလှဲအိပ်နဲ့”
မမကြီးက စကားရောဖောရောဖြင့် အထွေးကိုနှင်လိုက်ပါသည်။ သို့သော် အထွေးက ဂရုမစိုက်၊ ကျွန်မကို လှည့်ကြည့်ကာ ပြောလိုက်သေးသည်။
“ဟုတ်တယ် ဟုတ်တယ်။ သူပဲ ။ သူပဲ ပို့စကတ်တွေ ပို့ပို့နေတာလေ။ အရင်က အိမ်တောင်လာဖူးသေးတယ်”
မမကြီးက အထွေးကိုလှမ်း၍ ခေါင်းခေါက်လိုက်သည်။ ကျွန်မက ဟန်လုပ်၍ ရယ်နေရ၏။
---
လူခေါ်ခေါင်းလောင်းသံက ညင်ညင်သာသာလေး မြည်လာသည်။ ခပ်ဖွဖွလေး နှိပ်လိုက်ဟန် တူ၏။ ကျွန်မ နာရီကို လှမ်းကြည့်မိရာ ၁၂နာရီ ထိုးတော့မည်ကို တွေ့ရသည်။ တံခါးကို ကျွန်မကပင် ဖွင့်လိုက်သည်။ ကျွန်မ စောင့်မည်ဟု မမကြီးကိုပြော၍ အိပ်ခိုင်းခဲ့ရ၏။ ခါတိုင်းဆိုလျှင် မမကြီးသာ နောက်ဆုံးမှ အိပ်တတ်သည်။
“ထား မအိပ်သေးဘူးလား”
“ဘယ်အိပ်နိုင်ပါ့မလဲ”
ကျွန်မက တွေ့တွေ့ချင်း အငေါ်တူးလိုက်မိသည်။ အိပ်ခန်းတံခါး ပိတ်ပြီးသည်နှင့် ပြဿနာကို ကျွန်မက စလိုက်သည်။
“မတော်လိုက်ရတဲ့ ယောက်ဖက ဘယ်ခေါ်သွားပြီး ဘာတွေများ ပြောနေလို့ ဒါလောက်ကြာနေရတာလဲ ပြောစမ်းပါဦး”
မောင်မျက်နှာပျက်သွားသည်။ မောင်က စကားစကို ရှာနေသည်။ မောင့်ကို စေ့စေ့ကြည့်မေးလျှင် ဖုံးကွယ်နိုင်စွမ်း ရှိသူ မဟုတ်။
“စံပယ့်အကြောင်း လာပြောတာပါ”
“စံပယ်က ဘာပြောခိုင်းလိုက်လို့လဲ”
ကျွန်မက ဒက်ခနဲ ပြန်မေးလိုက်သည်။
“ဪ ဟို ဟိုဒင်းပါ။ သူက မောင်တို့ကို အခင်မင်မပျက် ဆက်ဆံချင်တဲ့အကြောင်း။ မိတ်ရင်းဆွေရင်းတွေလိုပါ။ အိမ်နဲ့ကလည်း အစကတည်းက ခင်နေခဲ့တာကိုး။ ဒါပါပဲ မောင်တို့ တခြားအကြောင်းတွေပြောရင်းနဲ့ ကြာသွားကြတာ”
“ဘယ်မှာများ သွားပြောနေသလဲ မောင်ရယ်။ ဒီအချိန်ထိအောင်”
“ပန်းခြံမှာ”
“ပန်းခြံမှာဟုတ်လား ။ သူ့မောင်တယောက်တည်း လာတာဟုတ်ရဲ့လားမောင်ရယ်”
မောင်က ဆတ်ခနဲ ကျွန်မကို လှမ်းကြည့်သည်။ စိတ်ဆိုးသွားပုံရ၏။
“တယောက်တည်းမလာလို့ ဘယ်သူပါလာရဦးမှာလဲ ထား။ မောင်ဒီလောက် သစ္စာမမဲ့ပါဘူး။ ထား မောင့်ကို မယုံဘူးလား။ မောင် ဒါမျိုး ဘယ်တော့မှ မလုပ်ဘူး”
“မောင့်ကို မယုံလို့မဟုတ်ဘူး။ သူ့ကိုမယုံလို့။ သူ ဘာလို့ ဒီလောက် သဲသဲမဲမဲ ဖြစ်နေရသလဲ။ ဘာလို့ ဒီလောက် အနှောင့်အယှက်ပေးနေရသလဲ”
“ဒါတော့ မောင်မသိဘူး။ မောင့်ဘက်က ဘာမှ ခံစားမှုမရှိတော့တာကတော့ အမှန်ပဲ။ သူကလဲ တချိန်က သူ ပစ်ပစ်ခါခါ လုပ်ခဲ့တာကို ပြန်တောင်းပန်တဲ့သဘောပါ။ သူကောင်းကောင်းလဲ နေမကောင်းဘူး”
မောင့်အသံက သူ့အပေါ် ကြင်နာဟန်ပါသွားသည်ဟု ထင်မိသည်။
“ဒီမှာ မောင်၊ မောင်တို့နှစ်ယောက်ရဲ့ မေတ္တာဇတ်လမ်းမှာ ထားဟာ လူဆိုးတယောက်နေရာများ ရောက်နေပလားဟင်”
“အို မဟုတ်တာဘဲ ။ သူနဲ့မောင် ကင်းကင်းပြတ်ပြတ် ဖြစ်ခဲ့ပြီးသားလို့ မောင်ပြောခဲ့ပါပကော”
“ဒါနဲ့တောင် သူက ဒီလောက်စွဲစွဲလမ်းလမ်း ဖြစ်နေတာ မောင် ထားကိုကွာပြီး သူ့ကိုပဲယူလိုက်ပါတော့”
ကျွန်မစကားက ရင့်သီးသွားသည်လားမသိ။ မောင် ကျွန်မပါးစပ်ကို လှမ်းပိတ်လိုက်သည်။
“တော်တော့ ထား ။ နောက်ကို ဒီလိုစကားမျိုးမပြောနဲ့”
မောင် စံပယ့်ဘက်ကပဲ နာသည်လား၊ ကျွန်မဘက်ကပဲ စိတ်ထိခိုက်သည်လားမသိ။ မောင့်လက်က ကြမ်းတမ်းပြင်းထန်လှသဖြင့် ကျွန်မပါးနှစ်ဖက် နာကျင်သွားသည်။ ရင်ထဲက ပိုလို့သာ နာမိပါ၏။ ရက်စက်ပေဦးတော့ မစံပယ်။
---
ကျွန်မ သတင်းစာဖတ်လျှင် နောက်ကျောဘက်မှ စ၍ ဖတ်လေ့ရှိသည်။ သာရေး၊ နာရေးသတင်းများ၊ စာအုပ်ကြော်ငြာများ၊ ရုပ်ရှင်ကြော်ငြာများကို ကျွန်မစိတ်ဝင်စားသည်။ သူငယ်ချင်းတွေထဲက ဘယ်သူတွေ လက်ထပ်သွားပြီလဲ ကျွန်မ အမြဲရှာ၏။ တနေ့တွင် သတင်းတပုဒ်ကို ကျွန်မတွေ့သည်။
“ကိုကြည်မောင်နှင့်ဖြူနှင်းလွင်”
လက်ထပ်ပြီးစီးခြင်း သတင်းတပုဒ်ဖြစ်၏။ ဖြူနှင်းလွင်ဆိုသော နာမည်ကို ကျွန်မသိသည်။ ရုတ်တရက် လူပုံပန်းကို စဉ်းစား၍မရ။ အတန်ကြာမှ ဖျက်ခနဲသတိရလိုက်သည်။ ဟုတ်ပြီ။ စံပယ် ... စံပယ် ... မောင့်အချစ် စံပယ်။ အထွေးပြောပြ၍ သိရဖူးသည်က တက္ကသိုလ်ရောက်မှ ပြောင်းသည့်နာမည်က ဖြူနှင်းလွင်။ ဒါကလည်း မောင့်အမည်ကို အစွဲပြု၍ ပြောင်းခြင်းဖြစ်သည်။ မောင့်အမည်က ကိုအောင်လွင်။
သူ လက်ထပ်လိုက်ပြီကိုး။ မောင့်ဆီကို ပို့စကတ်တွေ မရောက်တာတောင် အတော်ကြာပြီပဲ။ မောင်နှင့် ရန်ဖြစ်ရသည့်နေ့ကစ၍ပဲ ထင်သည်။ မောင်ဘယ်လိုစီစဉ်ခဲ့သည်မသိ။ ခုတော့ သူလက်ထပ်လိုက်ပြီ။ ကျွန်မ မျှော်လင့်သည့်နေ့ကို ရောက်ခဲ့ပြီ။
သိကြရောပေါ့ စံပယ်ရယ်။
သည်အပတ် ဗိုလ်ချုပ်ဈေးကို ကျွန်မသွားသည်။ ကျွန်မမှာ ဝယ်စရာ ထွေထွေထူးထူးမရှိ။ ပို့စကတ်လှလှလေးတွေ ရောင်းသော ဆိုင်များကိုသာ သွားသည်။ ကျွန်မလိုချင်သောပုံကို ရှာသည်။ တော်တော်နှင့် စိတ်ကြိုက်မတွေ့နိုင်။ နောက်ဆုံး အကောင်းဆုံး ဖြစ်မည်ထင်ရသော ပုံတပုံကို ရွေးချယ်လိုက်ရသည်။ သာယာလွမ်းမောဖွယ်ကောင်းသော ရှုမျှော်ခင်းကို နောက်ခံထား၍ အမျိုးသမီးလေးတယောက် မတ်တပ်ရပ်နေသည်။ သူ့ဟန်က နွမ်းလျလျဖြစ်သည်။ အနီးရှိ ရေပြင်ကျယ်ဝယ် ဘဲငန်းလေးနှစ်ကောင် ရေကူးနေသည်။ မောင်နှံဖြစ်၏။ အမျိုးသမီးငယ်သည် တူစုံမောင်နှံ ဘဲငန်းလေးနှစ်ကောင်ကို ကြည့်၍ စိတ်မကောင်းဖြစ်ဟန်ဖြစ်၏။
ဟန်တော့ကျပြီ။ ဒါတောင် စိတ်ကြိုက်မတွေ့လှသေး။ ပို့စကတ်မှာ တမတ်တန် အညံ့စားဖြစ်၏။ ပန်းချီကလည်း ညံ့သည်။ လူပြိန်းကြိုက်၊ ကလေးကြိုက်ဖြစ်သည်။ သို့သော် မတတ်နိုင်။
ပို့စကတ်ပေါ်တွင် ဦးကြည်မောင်၏ ရုံးလိပ်စာကို အလှပဆုံး ဖြစ်အောင်ကြိုးစား၍ ရေးလိုက်သည်။ သူတို့နှစ်ယောက် ရာထူးနှင့် ဌာနများကို မင်္ဂလာသတင်းထဲမှ ကျွန်မကူးယူထားသည်။ နှစ်ယောက်လုံး တရုံးတည်း၊ တဌာနတည်းဖြစ်၏။
ပေးပို့သူနေရာမှာ မည်သည့်အမှတ်အသားမျှ မရေးဘဲ စာတိုက်မှ ကိုယ်တိုင်အသေအချာ ထည့်လိုက်သည်။ သို့သော် ကျွန်မ ရောက်စေချင်သည်မှာ ဦးကြည်မောင်ဆီသို့မဟုတ်၊ ကံကောင်းထောက်မ၍ ဤပို့စကတ်လေးသည် မစံပယ်လက်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပါစေသား။
ကျွန်မသည် သဘောထားကြီးသူ မဟုတ်ပါ။ သာမန်မိန်းမများမှ မိန်းမတယောက်ပင် ဖြစ်ပါ၏။ ဝန်တိုတတ်သည်။ နာကြည်းတတ်သည်။ တုံ့ပြန်တတ်သည်။ လုပ်ချင်တာ လုပ်လိုက်ပြီးမှ ကျွန်မစိတ် မငြိမ်မသက် ဖြစ်နေသည်။ ခုလောက်ဆိုရင် ဦးကြည်မောင်ထံသို့ ထည့်လိုက်သော မိန်းမ လက်ရေးနှင့် ပို့စကတ်လေးသည် မစံပယ်လက်ဝယ်သို့ ရောက်လောက်ပြီ။ သူမလက်ထဲမှ ရောက်ပါ့မလား။ ရောက်ပါစေဟု ဆုတောင်းနေမိ၏။ မစံပယ်စိတ်ဝယ် သို့လော သို့လော စနောင့်စနင်းဖြစ်ပါစေ၊ အနှောင့်အယှက်ဖြစ်ပါစေ။
ညနေ ၃နာရီ ထိုးပြီ ။ မစံပယ် မည်သို့ဖြစ်မည် ကျွန်မ မသိ။ ဖြစ်စေဦးတော့ ရုံးမှာပဲ ရှိသေးသည်မို့ အောင့်အည်း နေရပေမည်။ အိမ်ရောက်မှသာ ပြဿနာဖြစ်ရပေမည်။
ကျွန်မသည် တယ်လီဖုန်းလမ်းညွှန်မှ နံပါတ်တခုကို ရှာကာ လှည့်လိုက်သည်။ ဖြူနှင်းလွင်နှင့် စကားပြောခွင့် တောင်းလိုက်၏။
“ဟုတ်ကဲ့ ပြောပါရှင်”
တဘက်မှအသံသာသာလေးကို ကြားရသည်။
“ဒေါ်ဖြူနှင်းလွင်လား”
ကျွန်မကလည်း အသံကို အကြည်ဆုံး၊ အသာဆုံးဖြစ်အောင် ကြိုးစားကာ မေးလိုက်သည်။
“ဟုတ်ပါတယ်”
“ကျွန်မ မိုးသူဇာပါ”
အမည်ရင်းကို မပြောလိုသေးသဖြင့် စိတ်ကူးရရာ နာမည်လှလှလေးတခုကို အားကျမခံ သုံးလိုက်၏။
“ရှင်”
တဘက်မှ အံ့ဩသံလေး ထွက်လာသည်။
“ဟိုလေ အဲ ကိုကြည်မောင်”
ကျွန်မက ရုတ်တရက် ဘာပြောရမှန်း မသိဟန်ဖြင့် လေသံကို ဆွဲထားလိုက်သည်။ သူမကို “ဒေါ်” တပ်ခေါ်ပါလျက် ဦးကြည်မောင်ကို ရင်းနှီးသူတယောက် ဟန်ပန်ဖြင့် “ဦး” မတပ်ဘဲ ခေါ်လိုက်၏။
“အစ်ကိုမောင့် မိတ်ဆွေလား”
သူကလည်း အလာကြီးပဲ။
“အို အို မိတ်ဆွေတော့ မဟုတ်ပါဘူး။ ဒီလိုပါပဲ။ မိုး သူ့ဆီကို ထည့်လိုက်တဲ့ ပို့စကတ်လေးလေ”
“ဪ ဒေါ်မိုးသူဇာ ထည့်လိုက်တာလား ။ နေပါဦး ။ သူနဲ့ ဒေါ်မိုးသူဇာနဲ့က”
တဘက်မှ အသံမာလာသည်။ ကျွန်မ ကျိတ်၍ပြုံးလိုက်၏။
“ပို့စကတ်တော့ သူ့ဆီ မရောက်တော့ဘူး ထင်ပါရဲ့”
“ဒီမှာ ဒီမှာ ဒေါ်မိုးသူဇာ။ ဘာသဘောနဲ့ ဒီပို့စကတ်ကို သူ့ဆီ ရောက်စေချင်ရတာလဲ။ ရှင်နဲ့သူနဲ့ ဘယ်လိုပတ်သတ်နေလို့လဲ”
အမျိုးသမီးရန်တွေ့ချေပြီ။
“အို ဘာသဘောနဲ့ ပို့စကတ်ပို့တယ်ဆိုတာတော့ ဒေါ်ဖြူနှင်းလွင် အသိဆုံးနေမှာပေါ့။ ဘယ်လိုပတ်သတ်တယ် ဆိုတာလဲ ဖြူနှင်းလွင် သိနိုင်ပါတယ်”
“ဘယ်လိုလဲ ကျွန်မကို ... အဲ ဖြူ့ကို ရှင်းရှင်းပြောစမ်းပါ ဒေါ်မိုးသူဇာ”
သူမ၏အသံများ မသိမသာတုန်နေသည်။ ကျွန်မအသံလည်း မသိမသာ တုန်လာသည်။
“အချစ်နဲ့ရော ဘဝနဲ့ပါရင်းပြီး တည်ဆောက်ရတဲ့ အိမ်ထောင်တခုကို ဘယ်လို အနှောင့်အယှက်မျိုးမှ မဝင်စေ့ချင်ကြတာ ဓမ္မတာပါပဲ ဒေါ်ဖြူနှင်းလွင်”
“ဘာတွေပြောနေတာလဲ။ ရှင်းရှင်းပြောစမ်းပါ”
“ဒီလောက်လဲ ဒေါသမကြီးပါနဲ့။ တကယ်တော့ ကျွန်မဟာ ဦးကြည်မောင်နဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ မိုးသူဇာလဲ မဟုတ်ပါဘူး။ ဦးအောင်လွင်ရဲ့ ဇနီး ခင်ထားထားပါ မစံပယ်”
နောက်ဆုံးစကားလုံးများကို သူမပြတ်ပြတ်သားသား ကြားနိုင်ရန် ကျွန်မက ပီပီသသကြီး ပြောချလိုက်ပြီး တယ်လီဖုန်းကိုလည်း အမြန်ဆုံးချပစ်လိုက်ပါသည်။
ကျွန်မရင်ထဲမှာ ပေါ့သွားသည်။ အနှစ်နှစ်အလလက တင်ရှိနေသော ရာဇဝင်အကြွေးကို ပေးဆပ်လိုက်ရသကဲ့သို့ပင် ဖြစ်၏။
သို့သော် ကျွန်မသည် ဖူးသစ်စ အိမ်ထောင်တခုကို သံသယတွေ ပဋိပက္ခတွေဖြင့် ထိခိုက်နစ်နာသွားစေနိုင်လောက်အောင် ရည်ရွယ်တုံ့ပြန်ခြင်း မရှိခဲ့ပါ ဆိုသည်ကိုတော့ ဖြူနှင်းလွင်ခေါ် မစံပယ်တယောက် သိနားလည်တန် ကောင်းပါရဲ့။
---
#မိုးမိုးအင်းလျား
#ပို့စကတ်လေးတစောင်
#shared_by_louis_augustine
Comments
Post a Comment