တောစျေး // ခင်ခင်ထူး
တောစျေး // ခင်ခင်ထူး
---
သည်ကနေ့က စျေးနေ့ ဆိုတော့ တရွာလုံး မိုးမလင်းခင်ကတည်းက တလှုပ်လှုပ်။ လေးရက် တစျေး ဆိုတော့ စျေးတပတ် လွတ်လိုက်လို့ မဖြစ်ပါ။ စျေးနေ့ကို မသိ လိုက်လေခြင်း လို့တော့ မရှိကြ။ စျေးကြိုည ကတည်းက ၀ယ်ဖို့ခြမ်းဖို့ စာရင်းတို့ ထားကြ တာ မဟုတ်လား။
မနက်မိုးမလင်းခင် ကြက်ဦးတွန်ကတည်းက စျေးကလေးဆီက အသံတွေ တအုပ်အုပ် ကြားနေရပြီ။ စျေးဆီက ဆိုသော်လည်း နီးနီးတော့မဟုတ်ပါ။ ရောင်နီကလေး စို့လာပြီဆိုသည်နှင့် ရွာပေါင်းစုံက လှေတွေ၊ လှည်းတွေ စျေးဘက်ကိုဦးတည်ကြပြီ။ စျေးကမြစ်နှင့် ကပ်လျက်ဆိုတော့ မြစ်လေက ကမ်းပါးထိပ် သောင်ကုန်းပေါ်မှာ ရှိနေသည့် စျေးကလေးဆီကို စွတ်စွတ်ရွတ်ရွတ် ရောက်လာတက်သေး၏။
စျေးက မိုးလင်းမှ စည်သည် ဆိုသော်လည်း မနက်စောစော မှောင်ကြီးမည်းမည်း ကတည်းက ရောက်နေကြတာလည်း ရှိပါ၏။ အဝေးရွာတွေက လှမ်းကြည့်လျှင် စျေးခင်း မှောင်မှောင်ဆီက စျေးမီးခွက် ရောင်ကလေးတွေ၊ ပိုးစုန်းကြူး ကလေးတွေ တောက်စားနေကြသလို ဖျိုးဖျိုးဖျောက်ဖျောက် မြင်နေရသည်။ ရောင်ခြည်ဦး နေခြည် ကလေး ဖျန်းပက်လိုက်သည်နှင့် မြစ်ကမ်းဘေးက စျေးကလေး ဘွားခနဲ ပေါ်လာ ခဲ့လေပြီ။
သည်စျေးကလေးက လေးရက်တစျေးဆိုသော်လည်း သည်ဘက်နယ်က ရွာတွေအဖို့တော့ ဆယ်နှစ်ပွဲ စျေးကြီး လို အားကိုးရသောစျေး ဖြစ်ပါ၏။ ပဲစျေး၊ နှမ်းစျေး၊ ကြက်သွန်စျေးက သည်လေးရက် တစျေး မှာ စျေးတိုက် ကြရသည်။ သူ့ရွာသူ့စျေး၊ ကိုယ့်ရွာကိုယ့်စျေး သိခွင့်ရကြသည်။ ရွာသီးနှံ လာကောက်သော လက်ခွဲ ပွဲစားများ ကိုယ်တိုင်သည်ပင် လေးရက်တစျေးမှာ ကုန်စျေးနှုန်း စနည်းနာကြရသည်။ မြို့ပွဲရုံ တွေက သတ်မှတ်သည့်စျေးကို ရွာတောင်သူတွေ ဘယ်လိုသဘောထား ကြသလဲ လာထောက် ကြရသည်။ ကျွဲ၊ နွား အလဲအထပ် အရောင်း အ၀ယ် လုပ်ကြသူတွေလည်း သည် စျေးကလေးထဲမှာ ခြေချင်းလိမ်နေတတ်ကြပါသည်။
ကျန်တာက စျေး၀ယ်ရင်း တရွာ့တရွာ လူကြုံပါးနိုင်သည်။ ဖိတ်စာကမ်းနိုင်သည်။ ရပ်သတင်း၊ ရွာသတင်း ကြားနိုင်သည်။ လူမမာလှမ်း မေးနိုင်သည်။ အဖိတ်အပြု၊ အမှာအကမ်း လုပ်နိုင်သည်။ အလှူပွဲ၊ ဘုရားပွဲ၊ ဇာတ်ပွဲ တွေအကြောင်း သတင်းရနိုင်သည်။ ဘယ်သူ့သားနဲ့ ဘယ်သူ့ သမီး ဘယ်နေ့ ဘယ်ရက် မင်္ဂလာဆောင်မှာ ဖြစ်လို့လာစေချင်တာလည်း ပါတတ်သည်။ ဘယ်သူတော့ဖြင့် ရောဂါသည်းလို့ ပျက်စီးလို့ ဆိုတာတွေလည်း ကြားနိုင်သည်။ သည့်အတွက် သာရေး နာရေးကိစ္စ အ၀၀အတွက် စျေးရက်ကို ရက်တွက်ကာ စျေး၀ယ်ဖို့ ဆောင်ရွက်ကြရသည်။ မြို့ကရောက်လာတက်သော အသင့်ထည်၊ စက်ထည် အ၀တ်အစား ကလေး ၀ယ်ချင်တော့လည်း သည်စျေးကိုပဲ ပြေးလာကြရတာမဟုတ်လား။ တထည်ပြီး တထည် ကောက်စွပ်ကြည့်။ မတော်လျှင် ပစ်ချလိုက်။ တော်တာ တွေ့လည်း စျေးကို ခေါက်ချိုး ဆစ်ကြ တော့သည်။
“မရိုးကုန်းက သန်းတင်တို့ အလှူတုန်းကများ ပိတ်ဖောက်ဇာတွေချည်း မဏ္ဍပ်ထဲ ပလူပျံသွားချက်တော့ ဒီး တိုက်လို့ မျက်လုံး မလွတ်ဘူး။ အလှူက အငြိမ့်ခဲသဲ့ အလှူကြီးဆိုတော့ တော်ရုံအ၀တ်နဲ့ မတိုးချင် ကြတာလည်း ပါသာပေါ့။ တကိုက်တထောင်ကျော် နှစ်ထောင်ကျော်အေ၊ ကိုယ်တောသူတောင်သား လော်မာရာ ကျမှန်းလည်း သိပါရဲ့။ နောင်ခါလာ နောင်ခါရောက်ရား အများတန်းတူ ၀ယ်၀တ်ရတော့သာပဲ။”
အထည်စကို ပိုက်ဆံလုံးခနဲ ခဲခနဲ ပေးပြီး ၀ယ်ရမှာ နှမြောတတ်ကြသူတွေဆိုတော့ ပဲရိတ်၊ နှမ်းရိတ်၊ ကြက်သွန် ဖော်ချိန် ကလေးမှာ တချို့ချင်းသွင်းကြရင်း ၀တ်ကြရသည်။ တောသူတောင်သားများအဖို့ ခါးရေးထက် ၀မ်းရေးကို ဦးစားပေးကြရသူတွေ မဟုတ်လား။ ပေါ်တုန်းပေါ်ခါ အခင်းက ထွက်သည့် သီးနှံ ကလေး ထုတ်ရောင်းကြကာ အိမ်အတွက် လိုအပ်သမျှ ကျီပြည့်ပုတ်ပြည့် ၀ယ်တက်ကြသည်။ စျေးကလေး ထဲမှာ ထွန်၊ ထယ်၊ ပေါက်ပြား၊ တူရွင်းကအစ နွားနဖားကြိုး၊ နွားခြူလုံး၊ တောစီးဖိနပ်တွေအဆုံး တောင်သူသုံး ပစ္စည်း လိုရာအကုန်ရနိုင်သည်။
ဧရာ၀တီနှင့်ချင်းတွင်းကြား ရွှေလံ၊ မြစ်စုတ်ဘက်ကလာရောင်းကြသော တောင်း၊ ပလုံး၊ ဆန်ကော၊ ဆန်ကာ သည်တွေကတော့ မနက်အစောထိအောင် မစောင့် ညဘက်ကတည်းက စျေးဘက်ကမ်း ကူးလာကြ သူတွေ ဖြစ်သည်။ ရွာကနေတောင်ပလုံးတွေ လှည့်ပြီး တစီးတိုက်တင်ကာ ဧရာ၀တီမြစ်ကို လှေဖြင့် ညကြီး မှောင်မဲထဲ ဖြတ်ကူးခဲ့ကြရသည်။ စျေးကိုရောက်ဖို့မလွယ်သော်လည်း မရောက်မရှိကြပါ။ ဝီရိယ ကောင်းသူ တွေ မဟုတ်လား။ စျေးရက်တိုင်း ရွှေလံမြစ်စုန်ဘက်ကစျေးသည်တွေရောက်နေကျ၊ တောင်းပလုံး၊ ဆန်ကော၊ ဆန်ကာ ပင်မက ရွှေလံငရုတ်ကလည်း နာမည်ရလှပါ၏။ ငရုတ်သီးဆိုသော်လည်း စပ်ခြင်း၊ ပူခြင်း မရှိ ခပ်ဆိမ့်ဆိမ့် ကလေးဖြင့် မွှေးလှသည်။ ရွှေလံငရုတ်ဆိုလျှင် ကျေးရွာ အိမ်ရှင်မတိုင်း ၀ယ်ကြ ရသည်။ ကောင်းလည်း ကောင်းတာကိုး။
သည်စျေးကလေးကို ရောက်လာနေကျ စျေးသည်တွေ၊ စျေး၀ယ်တွေဆိုတာကလည်း ဝေးဝေးလံလံ မဟုတ်သော တကြောတစပ်တည်း ရွာတွေကဆိုတော့ တဦးတဦး ခင်မင်ရင်းစွဲ ရှိနေကြတာကလည်း ချစ်စရာ ဓလေ့ဖြစ်သည်။ သည်စျေးခင်းကျဉ်းကျဉ်း ကလေးထဲ လေးရက်တခါ မျက်နှာချင်း အပ်ကြရ မဟုတ်လား။ အရှေ့ကြည်းတောတန်းရွာတွေဘက်ဆီက ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျူံစေ့၊ ကုန်ဆေး စသည့် တောထွက် ကုန်တွေ တောင်းကြီးတောင်းငယ်နှင့် လှည်း၀င်ရိုးကျိုးမတက် တင်တက်ကြသလို၊ ဆီမီးခုံ ရွာဘက်က မုန့်လက်သုတ်သည်တွေ၊ ငရုတ်သီးကြော်သည်တွေက၊ မြို့ကုန်ရောင်းချကြသော စျေးသည် တွေကလည်း စျေးနေ့တိုင်း လှေ နှင့် စုန်လာကြရုံသာ။
မြစ် ဟိုဘက်ကမ်း၊ သည်ဘက်ကမ်း နရန်းရွာတွေက ရွာအခင်းထွက် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပဲသီး၊ ဗူးသီး စသည့် သီးနှံလတ်လတ်ဆတ်ဆတ်တွေကလည်း စျေးရောင်းရင်း၊စျေး၀ယ်ရင်း အချိန်တန်တော့ ကုန်ခဲ့သည် ချည်းဖြစ်၏။ တချို့ကလည်း ပဲကလေးတတောင်းစ၊ နှစ်တောင်းစ ရောင်းဖို့လာကြရင်း အိမ့်ဗာဟီရ ကလေးတွေ ၀ယ်ကြသည်။ စျေးထဲမှာပဲ ငွေဖော်၊စျေးထဲမှာပဲ ငွေသုံးကြရသူတွေပါတကား။
“ဟေး တင်အိ ညည်းတို့ရွာက ကိုကျောက်ဖြုံးကို ပြောလိုက်ပအေ၊ ဇလပ်ကုန်းက မလှရှင်က မနှစ်တုန်းက ယူသွားတဲ့ မျိုးပဲတတင်းဘိုး လာဆပ်လှည့်ဦးလို့ ငါ့ကိုမှာလိုက်လို့ဟေ့”
ကြားထဲက ပြောရသော ကြွေးရှင် နှင့် ကြွေးခံ သူကြား ဘာမဆိုင် ညာမဆိုင် သူ့ကိစ္စကို ကိုယ့်ကိစ္စ လုပ်ကြသူတွေလည်းမရှားပါ။ တိုးတိုး ပြောတာ မဟုတ်တော့ ဘေးဘီက လူတွေ အကုန်ကြားနိုင်သည်။ ကိုကျောက်ဖြုံး အကြွေးရှိတာလည်း အားလုံး သိကုန်ကြ၏။ သည့်အတွက် ဘယ်သူ့ဘယ်သူမှ ရှက်စရာမလိုပါ။ ဒါမျိုးကရိုးလှပြီ။ ဘယ်သူတွေ ဘာ အရေးအကြောင်း ရှိရှိ အော်ကြီးဟစ်ကျယ် ပြောတက်ကြသူတွေကိုး။ တိုးတိုးပြောပါအေလို့ ပိတ်ချင် လို့လည်း မရပါ။ “တိုးတိုးလုပ်နိုင်ပေါင်အေ၊ မှန်သာပြော သဲ့ဟာကို” ဆိုတာ အဆစ်ပါလာလိမ့်ဦးမည်။
စျေးထဲမှာ အထည်ဆိုင်က များများရှိတာမဟုတ်။ မသကာ သုံးလေးဆိုင်လောက်ရှိတာ ဆိုတော့ တနယ်လုံး သည်ဆိုင်သုံး လေးဆိုင်မှာ တင်သမျှ အဆင်တွေကိုသာ ၀တ်ကြ ပေတော့။ မြို့ပေါ်မှာ အဆင်ဆန်း ပေါ်ပြီးဆိုသည်နှင့် သည်စျေးကို မရှေးမနှောင်း ရောက်လာ တတ်သည်။ မန္တလေး၊ မြင်းခြံလို မြို့တွေ နှင့် အဆက်အစပ်ရှိသည့်ရွာ မဟုတ်လား။
တတ်နိုင်သူတွေက တတ်နိုင်သလို အထည်စ ကောင်းကောင်း၊ အဆင်ကောင်းကောင်း ၀ယ်၀တ် ကြသော်လည်း အများကတော့ တော်ရုံတန်ရုံနှင့် ပြီးကြရသည်။ သစ်ခင်းကိုင်းခင်းထဲ ဆင်းကြရသူတွေ ဆိုတော့ ဂိုက်ဆိုက်မလိုပါ။ တော်၀တ်တောစား ချည်ခိုင်ခိုင် ဆိုလျှင် ရပြီ။ ပွဲ၀တ်လမ်း၀တ် အထည်မျိုး ဆိုလျှင်တော့ ရိုရိုသေသေ ရှိတတ်ကြသည်။ ပွဲ၀င်၀တ်ကြပြီ ဆိုတော့လည်း ပရုတ်လုံးနံ့ မွှေးမွှေး ကလေးနှင့်။
စျေးအနောက်ဘက်ခြမ်း ဧရာ၀တီမြစ်ဘက်ကို ကျောပေးထားသော ရွာလက်ဖက်ရည် ဆိုင်တွေကလည်း စျေးနေ့တိုင်း လူလုံးကြီးကျပ်ကာ စည်ကားလှ၏။ ခေါက်ဆွဲသုတ်၊ မုန့်ဟင်းခါး၊ အကြော်စုံ စသဖြင့် ရွာမုန့် ရွာသရေစာ ကလေးတွေ အဖီချခုံထိုးရောင်းကြသော မုန့်စျေးတန်းကလေးလည်းရှိသည်။
လေးရက်တခါမှ တွေ့ရသည့်မုန့်တွေ၊ သရေစာဆိုတော့ လူအုံနေတတ်ပါသည်။ မုန့်စျေးတန်း တဲကလေး တွေဆီက မီးခိုးတအူအူ။
ကျွန်မကတော့ ရွာပြန်ဖြစ်လေတိုင်း ကျွန်မတို့ရွာနှင့်တိုင်၀က်လောက်ဝေးသည့် ဂင့်ဂဲစျေးကို မရောက်မဖြစ် ရောက်အောင်သွားမြဲဖြစ်ပါသည်။ စျေးလည်ချင်တာထက် အရွာရွာ အဝေးဝေး ပြန့်ကြဲနေကြသော ကျွန်မ ဆွေမျိုးများကို စုစုဝေးဝေး နှုတ်ဆက်နိုင်လို့ဖြစ်ပါ၏။
“ညည်း ဂင့်ဂဲစျေးနေ့သာ သွားပါအေ၊ လှေခ လှည်းခ မကုန်ဘဲ မျက်ခွက်တွေအကုန်လုံး တွေ့ရပါ့”
ကြီးတော်ပြောလည်း ပြောစရာ။ မြင်သမျှ တွေ့သမျှ မျက်ခွက်တွေက အဖေ့အမျိုး၊ အမေ့အမျိုး ကင်းသည် မရှိ။ ဂင့်ဂဲစျေးကိုကျွန်မ ရောက်ချင်သည့် နောက်တကြောင်းက တောမုန့်ကလေးတွေ စားချင် တာလည်း ပါပါ၏။ ပြီးတော့ ဧရာ၀တီမြစ်ကမ်းဘေး သဲသောင်ခုံမြင့်ပေါ်က တောစျေးကလေးကို လာရောက် ကြသော တောသူတောင်သားများ ၏ဘ၀ ဝေဒနာပေါင်းစုံက်ို မျှဝေခံစားချင်တာလည်း ပါ ပါသည်။ လှေနှင့်လှည်းတွေကို မ၀စတမ်းကြည့်နိုင်သော နေရာ။ ကျေးလက်သဘာ၀သရုပ်ဖော် ပန်းချီကား တချပ်ပင်။
“အောင်လှရေ နင်တို့ရွာကို ပွဲစား စံညွန့် လာသာမြင်မိသလား၊ ပြောလိုက်စမ်းပကွ ကြည်ရွာက ကိုပိုက်တို့ မချစ်တင်တို့က မျိုးမြေပဲအလှမ်းပေး၀ယ်ချင်လို့လို့၊ မောင်အောင်ရတို့ မမိတွတ်တို့ရော၊ သန်းဆောင်တို့ ဘုမတို့ရော၊ မဆံကြော်တို့ ကကော ယူကြမှာလို့၊ ပွဲစားဆိုသဲ့ နှုန်းပေးပါ့မယ်လို့နှော၊ ကြားသလားဟဲ့ ငါပြောသာ”
မျိုးချိန်ကျတော့ မျိုးမြေပဲကို အလှမ်းပေးနှင့် ၀ယ်ရတာ တောင်သူထုံးစံ။ မျိုးမြေပဲတတောင်း သောင်းချီ နေသည့် ခေတ်မှာ ပိုးကနဲ ပက်ကနဲ ပေးစရာ ငွေရင်းရယ်လို့ လုံးကနဲမရှိတော့ သည်လိုပဲ တတောင်းဘိုး ပေးထားလျှင် မြေပဲပေါ်ချိန်ကျ ဘယ်နှတောင်း ပြန်ဆပ်ရမည်ဆိုသည့် သဘောတူညီချက်ဖြင့် ပွဲစားက ငွေကြို ပေးထားခြင်းကိုဆိုလိုပါ၏။ ပဲပေါ်ချိန်ကျတော့ ရွာခံပွဲစား ကိုစံညွန့်လက် ရှိသမျှပဲ ထိုးအပ်ကြရသည်။ နောင်ခါလာ နောင်ခါစျေး လောလောဆယ် ကိုယ့်မြေကလေး ဟောင်းလောင်းပက်လက် မဖြစ်ချင်ကြ။ အချိန်တန် လျှင် သစ်စေ့ သစ်ဆံချဖို့က အရေးကြီးတာမဟုတ်လား။
တောဆန်သည်တွေကလည်းစင်ပေါ်မှ ဇလားကြီးတွေနှင့် ထည့်ရောင်း ကြသူတွေ ရှိသလို တာလပတ်ကြီးတွေ ခင်းကာ ပုံတိုက်အောတိုက် ရောင်းကြသူတွေလည်းရှိသည်။ ဆန်ကလေး တပြည် တစိတ် ၀ယ်ရပါမည့် အကြောင်း လက်ဖဝါး ထဲ ထည့်ထည့်ကြည့် ကြရတာ အမော။
“တော့် ဆန် ကလည်း အရင်စျေးတပတ်တုန်းကမှ ရှစ်ရာကို ခုတပတ် ဘယ့်နှယ် ရှစ်ရာငါးဆယ်တုံး ကိုဂျိုးတူး ရဲ့၊ ချက်ချင်း ငါးဆယ်ခုန်တက်ရောလား၊ ကြည့်လည်း လုပ်ပါဦး”
“ခင်ဗျား တို့က ဂင့်ဂဲစျေးထဲ ဆန်ရောက်အောင် သယ်လာသာကို ကျေးဇူးမတင်ကြဘူး၊ ငါးဆယ် မမြင် ကြနဲ့ဗျား။ ကျုပ်ဖြင့် စရိတ်စက ထောင်းသာနဲ့တင် ဆန်ရောင်းချင်စိတ်ကုန်သယ် အဟုတ်ပြောသာ”
စျေးတန်းထိပ် က ကျူလယာခေါ်ကြသည့် စုံစီနဖာ ကုန်သေးကုန်နုတ် ဆိုင်မှာလည်း လူတွေ ကြိတ်ကြိတ်တိုး။
အပ်ကအစ သိကြားမင်းနကင်းအထိ တောသုံးရွာသုံး ပစ္စည်းကလေးတွေ စုံအောင်ထားရတာဆိုတော့ ပစ္စည်းဗူလိနတ်စ တို့လို တွဲလောင်းတွေက စျေး၀ယ်တောင်းနှင့်ပင် မလွတ်ချင်။ တောင်း ညိပါသွားတာ ဖြုတ်ဖို့၊ လူတယောက်က ဆိုင်ရှေ့မှာ မိုးတိုးမတ်တတ် ရပ်နေရသေး၏။
“နှစ်ထောင် သုံးထောင်ဘိုး ၀ယ်သာတောင် အပ်ချည်တလုံး မေတ္တာလက်ဆောင်မပေးချင်ဘူး”
“အပ်ချည်က အပ်ချည်စျေးတော်ရေ၊ သူ့စျေးနဲ့ သူ့ပစ္စည်း ရောင်းနိုင်သဲ့ စျေးနဲ့ ရပြီးမှပဲ”
သို့သော် ပေးလိုက်ရတာပါပဲ။ လက်ထဲရောက်နှင့်ပြီကိုး။ စျေး၀ယ်ပြီး သည်လိုမေတ္တာလက်ဆောင် တောင်းသူ တွေကို အ၀တ်ချုပ်အပ်ကလေးဖြစ်ဖြစ် ပေးရတာမျိုးကိုလည်း စျေးသည်က နှမြောလို့မဖြစ်ပါ။ ပေါက်စိမ်း ရွာထွက် ထန်းလျက်ပျော့တောင်းကြီးတွေကလည်း ယင်တွေတလောင်းလောင်းဆိုတော့ စျေးသည်ခမျာ လက်တဖက်က ယင်ရမ်းရင်း ချိန်ခွင်တဖက်ချိန်ရသည်။ ပေါက်စိမ်းထန်းလျက်က ဖယောင်းလို အပျော့ကလေးဖြစ်သည်။ သည်ထန်းလျက်ပျော့ကို စဉ့်ခွက်ကလေးထဲထည့်ကာ မြေပဲဆီ မွှေးမွှေး ကလေးဖြင့် စိမ်ကာစားကြသည့်အလေ့ သည်ဘက်ရွာတွေမှာ ရှိကြသည်။ ပေါက်စိမ်းထန်းလျက်က နာမည်ကြီး။
အသားတန်း၊ ငါးတန်းဘက်ကို ကျွန်မ လျှောက်လာခဲ့သည်။ အမဲသား လျှော်တွဲများ၊ ၀က်သား၊ ကြက်သားသည်များနှင့် မြစ်ငါးသည် တွေကလည်း စျေးနေ့တိုင်း အမြဲရှိသည်။ အသားတွေ ငါးတွေ ကလည်း မလတ်မှာမပူရ။ လောလောလတ်လတ်တွေချည်း။ ကျွန်မတို့ရွာတွေဘက်မှာ ဧည့်သည် ထမင်းကျွေးချင်ပြီဆိုလျှင် ဂင့်ဂဲစျေးပတ်နှင့် ချိန်ညှိပြီး ကျွေးကြရပါသည်။ စျေးပတ်နှင့် မတိုက်လျှင် ဟင်းစား အရှာရခက် တတ်တော့ ဧည့်သည်ကို စျေးပတ်မိအောင် တားထားရမလို ဖြစ်နေတတ်သည်။
နေကလေးရင့်လာတော့ စျေးကလေးကွဲစပြုလေပြီ။ တောသူတောင်သားတွေဆိုတော့ ရောင်းသူ ကလည်း ဝီရိယ နှင့် ၀ယ်သူကလည်း ဝီရိယနှင့်၊ တောအလုပ်၀င်ကြရဦးမှာ မဟုတ်လား။ ကုန်ကျန်တော့လည်း စျေးပေါင်ကျိုးဖြင့် ပါသမျှကုန် အစွံထုတ်ကြရပြီ။ ရသမျှစျေး နှင့် တွန်းတိုက်ရောင်းချနေသူတွေလည်း ရှိပါ၏။ ၀ယ်ပြီး သမျှလေး ခေါင်းတတင်ရွက်ကာ ပြန်သူကပြန်ကြပြီ။ ခေါင်းတတင်ဆိုသည်မှာ ခေါင်းပေါ် တင်နိုင်သမျှ ဆင့်တင်ကာ ရွက်ခြင်းကို ခေါ်ခြင်းဖြစ်၏။
တောင်းကြီးပေါ် တောင်းလေးဆင့် တင်ရွက်ကြတာ၊ အိုး၀ယ်ပြီး အိုးထဲပစ္စည်း တွေထည့် အိုးသုံးလုံးဆင့် ရွက်ကြတာ မျိုးကလည်း စျေးပြန် မြင်ကွင်းဖြစ်သည်။ တချို့ကလည်း လက်ထဲကျန်သမျှ ငွေကလေး စျေးထဲ ရသမျှ ၀ယ်လိုက်ချင်သေးပုံ ပေါ်သည်။ ဟိုဟာ ၀ယ်ရကောင်းနိုးနိုး၊ သည်ဟာ ၀ယ်ရကောင်းနိုးနိုး စျေးထဲ တယောင် လည်လည် ပတ်နေကြသူတွေ။ စျေးနေ့ကြုံခိုက် အသုံးတည့်တာလေး ကျန်ခဲ့မှာ စိုးကြသည်။
ဂတ်စ်မီးခြစ် ဂတ်စ်ဖြည့်သည့်သူတွေကလည်း လက်မလည်ပါ။ ဂတ်စ်မီးခြစ်ကလည်း ၀ယ်ပြီးကတည်းက အကြိမ်ပေါင်း များစွာ ဂတ်စ်ထည့်သုံးတာဆိုတော့ ကချိုးကချောင်။ စျေးတပတ်မှာ တခါ ဓာတ်အား သွင်းကြရသော ဘတ်ထရီဆိုင်ကလေးရှေ့မှာတော့ အရွာရွာက ဘတ်ထရီအိုးဟောင်း တွေ တင်းကြမ်း။ ဘတ်ထရီအိုးက ကျေးရွာတွေမှာ မရှိမဖြစ်ပစ္စည်းဖြစ်သည်။ ဇာတ်ထုပ်၊ သီချင်းနားထောင် ရသည်။ နဖားပွင့် သေးသေး မီလုံးကလေးတွေ ထွန်းကြရသည်။ အဟောင်းအပ်၊ အသစ်ရွေး၊ နှစ်လုံး လောက်ရှိမှ လက်လည်သည်။ လေးရက်တခါ ချွေချွေတာတာသုံးရသော ဓာတ်အိုးမည်းမည်းတွေက ဆိုင်ခန်းထဲမှာ ခြေချစရာ မရှိအောင် မွစာတက်နေသည်။
“သည် ဝါးထမ်းပိုးထမ်းနဲ့ တထမ်းဆိုရင် ဘတ်ထလီအိုးက အလုံးနှစ်ဆယ် အစိတ်ပါသယ်၊ မနက်ဖြန် စျေးနေ့ ဆိုရင် ကျုပ်က သည်နေ့လို ညနေ အိမ်ပေါက်စေ့ ဘတ်ထလီအိုးလည်စု၊ မနက်စျေးထမ်းပို့၊ အရင် တပတ်က သွင်းထားသဲ့ အိုးတွေပြန်ထမ်းလာ၊ ရွာထဲက အိမ်တွေလည်ပို့၊ ကျုပ်ရသာ တအိုး နှစ်ရာ၊ ဘတ်ထလီ သွင်းခ က တအိုးတရာဆိုတော့ ကျုပ်အတွက် တအိုးပေါ်မှာ တရာကျန်သယ်”
ကွမ်းချိုးတွေ တက်နေသော သွားမည်းမည်းကြီးတွေပေါ်အောင် အားရပါးရကြီးပြောနေသော ဘကြီးက သူ့မြေး သန်သန်နှစ်ယောက် ထမ်းသွားသော ဘတ်ထရီအိုးတွေကိုပြရင်းကျွန်မကို ပြောခြင်းဖြစ်၏။ သည်ခေတ် ကျေးတောရွာ တွေ မှာ ရေနံဆီမီးခွက် အလင်းမှိတ်တုတ်ကလေးတွေနှင့် မဟုတ်ကြတော့ပါ။ ဘတ်ထရီ မီးသီးကလေးတွေ ဖြာနေကြပြီ။ အချိန်ပြည့် ထွန်းကြတာတော့မဟုတ်။ ညဘက် စကား ကောင်းသူက ကောင်းကြတုံး ဘတ်ထရီကလစ် ဖြုတ်ချင်သူက ငေါက်တော့သည်။
“ကဲ... ကဲ ညည်းတို့ ပစိပစပ်တွေ ပြီးပလား၊ ပြီးရင် ဘတ်ထရီကလစ်ဖြုတ်လိုက်တော့မယ်။ စျေးပတ် ကျမှ အားသွင်းရမှာအေ့၊ အားကုန်သွားလို့ မဖြစ်ဘူး”
မြို့က ဧည့်သည်ဖြစ်သော ကျွန်မတို့မှာ အိပ်ရာခင်းစရာရှိတာ ကပျာကသီခင်းကြရသည်။ ပြီးလျှင်တော့ ကြီးတော်က ဘယ့်သူမှ အားမနာပါ။ ဘတ်ထရီကလစ် ဖြုတ်လိုက်သည်။ သည်တော့လည်း ကျွန်မတို့မှာ အမှောင်ထဲ ငုတ်တုတ်ထိုင်ကာ စကားပြောကြရသည်။ အရေးအကြောင်း တစုံတရာ ရှိလာလျှင်တော့ ဘက်ထရီကလစ် ပြန်တပ်။ သည်လိုနှင့် လေးညပြည့်တော့ ဘက်ထရီမီးရောင်က ကျချင်ပြီ။ ကက်ဆက်က အသံ အီချင်ပြီ။ သည်တော့ စျေးပတ်နေ့အကြိုညမှာ သွားပို့ထားရသည်။ ဘတ်ထရီပြည့် လာသည့် နေ့ကတော့ တရွာလုံး ကက်ဆက်သံ ညံလေတော့သည်။
“ပြန်ကြစို့အေ နေမြင့်ရင် ပူသယ်”
စျေးကလေးထိပ်က လှည့်ချွတ်သည့်ကွင်းမှာ စျေးပြန်လှည်းတွေက ကုန်တွေနင့်နေအောင် တင်ထား ကြပြီ။ စဉ့်အိုးစဉ့်ခွက်တွေ၊ မြေသောက်ရေအိုးကြီးတွေ၊ တောင်းပလုံး၊ ဆန်ကော ဆန်ကာတွေ၊ အိတ်တွေ၊ တောင်းတွေ တင်းနေအောင် တင်ထားသော လှည်းတွေကတော့ အဝေးရွာတွေက ဖြစ်လိမ့်မည်။ စျေး ရက်တိုင်း မှန်မှန်မလာနိုင်ကြသူတွေကတော့ စျေးလိုက်ရသခိုက် စုံအောင်စေ့အောင် ၀ယ်ကြရခြင်း ဖြစ်ပါ၏။ လှည်း တွေက အရပ်အသီးသီး ကို အီသံပေးကာ ထွက်ခွာကြလေပြီ။
“ဟော... မမှတ်ကြီးတို့လှည်းပါလား၊ များလှချည်လားတော့်”
“များဆို လာသခိုက် ၀ယ်ရသာကိုအေ့၊ ငတို့ရွာက စျေးဝေးသယ်ဟဲ့၊ မရှိလည်း ရှာပြီး ၀ယ်ခြမ်းထားရသယ်၊ စျေးလိုက် ရသာ ကလည်း ပြောသာပြောသာ နေ့၀က်ကျိုး ကရောပဲ၊ တောအလုပ်တဖက်နဲ့ စျေး ပတ်တိုင်းလည်း မလိုက်နိုင်ပေါင်အေ။ လူကြုံမှာတွေလည်း ပါသေးသာ အေရဲ့။ ကိုယ့်တုံးကလည်း သည်လိုမှာ ရသာကိုး”
ကိုယ်မလိုက်နိုင်လျှင် လူကြုံမှာတတ်ကြတာကလည်း အလေ့မဟုတ်လား။ မှာသူက မှာကြသလို ၀ယ်သူကလည်း တင်စီးလေခြင်း မမြင်ကြပါ။ ဆောင်ကြဉ်းပေးတတ်ကြသည်ချည်း ဖြစ်၏။ တောသူတောင်သားများ ပီပီ ၀တ်စရာမရှိလို့ အစုတ်နှင့်ထိုင်နေချင်နေကြလိမ့်မည်။ အိမ်မီးဖိုချောင်မှာတော့ နေ့ဖို့ညစာ စုဆောင်းထားတတ်ကြမြဲ။ ဧည့်သည်သောင်သည်လာလို့ မရှိမဖြစ်စေရ။ တောစျေးကလေးဆိုသော်လည်း ဆန် အိတ်လိုက်၊ ဆီပုံးလိုက် ရောင်းကြချကြ ၀ယ်ကြခြမ်းကြရှိကြသည်။ တချို့ကလည်း ရွာအိမ် ဆိုင်ကလေး တွေမှာ ပြန်ရောင်းဖို့ဖြစ်သည်။
“ကိုယ့်အိမ်က ဇလားထဲ အိုးထဲ ဆန်နဲ့ဆီ ပြည့်စုံနေမှ ဆေးတလိပ် စိတ်ချလက်ချ ထိုင်သောက်နိုင်သာပါ၊ နို့မို့ဖြင့် မနေတတ်ချက်တော့”
ကျေးလက်အိမ်တွေမှာ တောင်သူသုံးပစ္စည်း ပြည့်ပြည့်စုံစုံနှင့် မီးဖိုချောင်ရိက္ခာ တင်းတောင့်နေမှ သောင်သာသူဟု ဆိုတတ်ကြသည်။ အိမ်မှာ မပြည့်မစုံသည့်ကြားက ၀တ်ကောင်းစားလှ တရွရွရှိတတ်ကြသူတွေ မဟုတ်။ စားနိုင်မှ လုပ်နိုင်မည်။ လုပ်နိုင်မှ စားကြရမှာ မဟုတ်လား။ စားဖို့လုပ်၊ လုပ်ဖို့စား။ သည့်ထက် မပိုရှာကြပါ။
စျေးကလေးထဲမှာ ခင်းကျင်းရောင်းချသမျှ စားကုန်သောက်ကုန်တွေကတော့ စျေးတပတ် တခါ ပါသမျှ အရောင်း သွက်သော်လည်း အထည်ဆိုင်တွေကတော့ ပုံမှန်လောက်တောင် အရောင်းမသွက် ချင်ကြ။ သည်ကြားထဲ ပွဲကလေး လမ်းကလေး ရှိလျှင်တော့ ကတ်ကြေးလက်မချရောင်းကြပေရော့။ ပဲပေး၊ နှမ်းပေး၊ ကြက်သွန်ပေး၊ အကြွေးနှင့်လည်း ကင်းလို့မရ။
စျေးထဲက ကျွန်မတို့ ထွက်လာတော့ ရွာပြန်လမ်းတွေပေါ်မှာ စျေးပြန်ကြသူတို့ ဘုရားပွဲပြန်ကြသလို တဟိုဟို တဟေးဟေး။ ခေါင်းပေါ်မှာ အချိန်တဆယ်၀င် တောင်းကြီးတွေ ရွက်ကာ သုတ်သုတ်ပါ အောင် ပြန်ကြသူတွေချည်း။ ခေါင်းပေါ်က အလေးချိန်နှင့် ခြေလှမ်းချိန် ကိုက်ထားသလား မှတ်ရသည်။ မသုတ်လို့ကလည်း မဖြစ်။ အိမ်မှာ လုပ်စရာတွေ ပြည့်လို့။ မနက်က ခေါက်ဆွဲသုတ်ကလေးပင် နံကြိုနံကြား ညပ်ကုန်ကြပြီ ထင်ပါ၏။
နေက မြင့်သထက် မြင့်လာပြီ။ သဲကုန်းပေါ်က စျေးကလေးပင် အပူငွေ့တွေ ဖုန်ငွေ့တွေ လှိုင်လှိုင်ထ လို့လာပြီ။ စျေးတပတ်လည်အောင် လေးရက်စောင့်ကြရဦးမည်။
---
#ခင်ခင်ထူး
#တောဈေး
#shared_by_louis_augustine
Comments
Post a Comment