ရှိုလိုကော့ ၏စစ်အတွင်းက မြင်းကလေး // ဇော်ဂျီ
ရှိုလိုကော့ ၏စစ်အတွင်းက မြင်းကလေး // ဇော်ဂျီ
(ဘာသာပြန်)
---
(၁)
မွေးစ မြင်းကလေး သနားစရာ၊ ချစ်စရာ။ အမိဝမ်းမှ ကျွတ်ခါစ ဖြစ်သဖြင့် ဦးခေါင်းက အလျင် ထွက်လာသည်။ ထို့နောက် ရှေ့လက်နှစ်ဖက်နှင့် နောက်ခြေနှစ်ချောင်းက ဆန့်လျက် တန်းလျက် ထွက်လာကြသည်။
နေ့ခင်းကြောင်တောင် အစိမ်းရောင် ယင်တလှောင်းလှောင်း အုံနေသော မြင်းချေးပုံ အနီး၌ ဖြစ်သည်။ လူ့လောကထဲသို့ ရောက်လာသည်နှင့် တပြိုင်နက် မြင်းကလေးခမျာမှာ အသည်းထိတ်စရာကြီးနှင့် တိုးနေရရှာသည်။ အဖျက်သမားတို့ ရှိရာမှ မြင်းဇောင်းရှိရာသို့ တန်းဝင်လာသော အမြောက်ဗုံးဆန်တလုံးသည် မြင်းဇောင်းသို့ မရောက်မီ လေထဲ၌ ဒိုင်းခနဲ ပေါက်ကွဲလိုက်သောကြောင့် ဖြစ်သည်။ တကိုယ်လုံး စိုထိုင်းနေသော မြင်းကလေးသည် အမိမြင်းမ၏ ခြေအကြားသို့ဝင်၍ ကုပ်နေရရှာသည်။
ပေါက်ကွဲသံ ဟိန်းပြီးနောက် မြင်းဇောင်း၏ အုတ်ကြွပ်ခေါင်မိုးပေါ်သို့ ကျည်ဆန်မိုး ရွာချလိုက်သည်။
ခေါင်မိုးပေါ်တွင် ကျည်ဆန်တို့သည် ဒိုးဒိုးဒေါက်ဒေါက် ဖြိုးဖြိုးဖြောက်ဖြောက် မြည်ကာ ခေါင်မိုးပေါ်မှ လိမ့်ဆင်းလာကြသည်။ မြေသို့ ကျကြသောအခါ မြင်းမသည် လန့်၍ ကုန်းထလိုက်သည်။ သို့ရာတွင် မတ်မတ်မထနိုင်၊ ပြန်လဲသည်။ တချက်လောက်သာ ဟီညည်းညည်း၍ မြင်းချေးပုံကို မှီနေလိုက်သည်။ တကိုယ်လုံး ချွေးရွှဲနေသည်။ ထိုမြင်းမသည် ပြည့်သူ့ စစ်မြင်းတပ်က မြင်းစီးမုတ်ဆိတ်နီ ထရော်ဖိန်၏ သစ်ကြားခွံရောင်မြင်းမ ဖြစ်သည်။
အမြောက်သံကို အတန်ကြာမျှ မကြားရသဖြင့် ပြည့်သူ့ စစ် မြင်းတပ်စခန်း၏ ပတ်ဝန်းကျင်တခုလုံးသည် တိတ်နေသည်။ ထိုအခါ မြင်းချေးပုံက ယင်ကောင်စိမ်းစိမ်းတို့၏ တဝီဝီမြည်သံသည် ပို၍မြည်လာသကဲ့သို့ ဖြစ်သည်။ အမြောက်သံကို ရင်မဆိုင်ဝံ့၍ ခြံစည်းရိုးပေါ်သို့ ခုန်မတက်ရဲသော ကြက်ဖကြီးသည် ရွက်ဖားပင်အောက်သို့ဝင်၍ ခပ်အုပ်အုပ်သာ တွန်နိုင်ရှာသည်။ ထိုနောက် အနီးရှိ အိမ်ငယ်ဆီမှ ဒဏ်ရာရ စက်သေနတ်ကိုင် မြင်းစီးတဦး၏ ညည်းသံကို ကြားလိုက်ရသည်။ ထိုမြင်းစီးသည် ညည်းနေရာမှ မကြာခဏဆိုသလို အသံကွဲကြီးနှင့် ဟစ်သည့်အခါ ဟစ်၍ ကလော်ဆဲသည့်အခါ ကလော်ဆဲသည်။
အိမ်ဝင်းအတွင်းတွင် ပျားတို့သည် အရိုင်းပေါက် ပန်းနီနီပင်များ၏ အဖူးအပွင့်များအထက်၌ တဝီဝီမြည်လျက် ဝဲနေကြသည်။ ရွာအလွန်၌ရှိသော အဖျက်သမားတို့ရှိရာ မြက်ခင်းပြင်ဆီမှ စက်သေနတ်တလက်၏ တဒက်ဒက် ဟောက်သံသည် သွက်လှသည်။
တချက်တချက်တွင် အမြောက်ဒိန်းသံကလည်း ဟိန်းလှသည်။ ဒိန်းသံနောက်မှ ဗုံးဆန်လိုက်လာ၍ ထရော်ဖိန်တို့ မြင်းတပ် စခန်းချရာဖြစ်သောရွာဘက်၌ ကျသောအခါ ဒိုင်းခနဲ ပေါက်ကွဲသည်။
နောက်တကြိမ် ဒိန်းသံမဟိန်းခင် တခဏမျှ တိတ်နေတတ်သည်။ ထိုအခါ လျောင်းမှီနေသော မြင်းမသည် တိတ်နေခိုက်ကို အခွင့်ကောင်းယူ၍ သားငယ် မြင်းကလေးကို လျှာဖြင့် လျက်ပေးသည်။ ထိုအခိုက် မြင်းကလေးသည် အမိနို့အုံ ဖောင်းအိအိကို စမ်းမိ၍ ပထမအကြိမ် အားရပါးရ နို့စို့လိုက်သည်။
ကျေးဇူးဆပ်၍ မကုန်နိုင်သော အမိနို့ချို၏ အရသာကို သူ့ဘဝတွင် ပထမအကြိမ် သူ ခံစားလိုက်ရသည်။
ရွာအနီးရှိ ကောက်နယ်တလင်း အလွန်တွင် နောက်တကြိမ် ဗုံးဆန်ကျ၍ ပေါက်ကွဲသောအခါ မြင်းစီးထရော်ဖိန်သည် အိမ်ငယ်မှထွက်၍ တံခါးကို ဆောင့်ပိတ်လိုက်ပြီးလျှင် မြင်းဇောင်းဆီသို့ လျှောက်သွားသည်။
မြင်းဇောင်းအနီးရှိ မြင်းချေးပုံကို ကွေ့ပြီးနောက် မိမိ၏မျက်နှာကို နေရောင်ကာလျက် နေရှိရာသို့ မျှော်ကြည့်သည်။ မျှော်ကြည့်စဉ် တလှုပ်လှုပ် နို့စို့နေသော မြင်းကလေးဆီသို့ မျက်စိရောက်သွားရာ အံ့အားကြီးသင့်၍ သူ့အင်္ကျီအိတ်ကို တောင်စမ်းမြောက်စမ်း စမ်းသည်။ ထို့နောက် စီးကရက် ဆေးမျှင်များကိုထုတ်၍ စီးကရက် ဆေးလိပ်လိပ်ရင်း
“ဪ ... လက်စသတ်တော့ မြင်းမက မွေးပြီးနေပြီကိုး။ နင့်နှယ် ဒီလိုအခါမျိုးကိုမှ ရွေးပြီး မွေးတတ်ပလေဟယ်”
ထရော်ဖိန်သည် ထိုသို့မြည်တမ်း၍ သူ့စိတ်ထဲ၌ မကြည်မသာ ဖြစ်လိုက်သည်။
မြင်းမသည် အနည်းငယ်ကြုံသွား၍ အားနည်းနေပုံရသည်။
သူ့ကိုယ်တွင် မြက်ပြတ်ရော၊ မြင်းချေးပါ အလိမ်းလိမ်းကပ်လျက်ရှိသည်။ သူ့မျက်လုံးအစုံသည် ပင်ပန်းသောအသွင်ကို ဆောင်နေ၏။ သို့ရာတွင် သားငယ်ကြောင့် အပျော်ကြီးပျော်၍ အမော်ကြီးမော်နေပုံရသည်။ သူ့အပေါ်နှုတ်ခမ်း တွန့်တက်နေသည်ကိုပင် ပြုံးစိစိလုပ်နေသည်ဟု ထရော်ဖိန် ထင်ချင်လာသည်။
ထရော်ဖိန်သည် မြင်းမနှင့် မြင်းကလေးကို မြင်းဇောင်း
ထဲသို့သွင်း၍ မြင်းမကို အစာကျွေးသည်။ မြင်းမသည် နှာခေါင်းလေသံ တခွီးခွီးမှုတ်၍ မြင်းစာအိတ်ထဲသို့ နှုတ်သီးထည့်လျက် ခေါင်းတယမ်းယမ်းနှင့် မြင်းစာ ဝါးနေသည်။ ထရော်ဖိန်သည် တံခါးတိုင်ကိုမှီကာ မြင်းကလေးကိုကြည့်၍ မြင်းကလေးကို မည်သို့ပြုရမည် မသိ။ စိတ်အိုက်နေသည်။ ထို့နောက် မြင်းမကို ကြည့်ပြန်၍ ...
“အင်း ... နင် အပျော်ကြီး ပျော်ခဲ့ပြီးပြီပေါ့လေ။ ကမြင်းကြော ထ ခဲ့ပြီးပြီပေါ့လေ။ ဟုတ်စ၊ ကိုင်း ... နင် ဘာပြောချင်သေးသလဲ” ဟု အပြစ် တင်လိုက်သည်။
မြင်းမသည် မည်သို့မျှ တုံ့ပြန်ခြင်း မပြု၊ မြင်းစာ ဝါးမြဲဝါးနေသည်။
“နင့်သားဟာ အိဂနက်စီးတဲ့ မြင်းလားရဲ့ သားဖြစ်ရင် ငါ ဘာမှ မပြောလိုပါဘူး။ အခုတော့ ဘယ်က မြင်းမှန်းမသိ၊ ဘာ မြင်းမှန်းမသိ။ နင့်သား ပေါက်ကရအကောင်ကို ငါက ဘာလုပ်ရမှာလဲ။ ထွီး”
မြင်းဇောင်းထဲ၌ တိတ်နေပြန်သည်။ မြင်းမ၏ မြင်းစာ ဝါးသံကိုသာ ကြားရသည်။ နေရောင်ဝါဝါသည် တံခါးပပ်ကြားအက်ထဲသို့ ထိုးဝင်၍ ထရော်ဖိန်၏ ပါးပေါ်သို့ ကျနေသဖြင့် ထရော်ဖိန်၏ ပါးမှိုင်းမွေးနှင့် မုတ်ဆိတ်မွေးတို့သည် နီကြန်ကြန် ဖြစ်နေသည်။ မြင်းကလေးသည် မြင်းမနံပါး၌ မတ်မတ်ရပ်နေသည်။ သူ့ ခြေ သူ့ လက်တို့သည် သေးသေးသွယ်သွယ် ဖြစ်သည်။ ပေါက်နေသော မွေးနု မွေးညင်းများသည် ဖွဖွရွရွဖြစ်၍ ချစ်စရာ ကောင်းသည်။ ကစားစရာ မြင်းရုပ်နှင့် တူလှသည်။
ထရော်ဖိန်သည် စီးကရက် ဆေးချေးစွဲ၍ ဝါနေသော သူ့လက်ညှိုးကို မြင်းကလေးဆီသို့ ဆတ်ခနဲ ကွေးပြလျက် “ဟောဒီလို ပစ်သတ်လိုက်ရမလား ဟင်” ဟု ဆိုလိုက်သည်။
---
(၂)
ထိုနေ့ နေစောင်းသောအခါ မြင်းစီး ထရော်ဖိန်သည် မြင်းတပ်မှူးထံသို့ သွား၍ သတင်းပို့သည်။
“တပ်မှူးရဲ့ ... ကျွန်တော့် မြင်းမပေါ့။ အခုတလောမှာ မြင်းမဟာ သူ့ ကိုယ်သူ အင်မတန် ညှာသဗျ။ လေးဘက်ကျ အသွားခိုင်းလည်း မသွား၊ ဒုန်းအစိုင်းခိုင်းလည်း မစိုင်း၊ နောက်ပြီးတော့ ခြေကုန်လက်ပန်းကျသလိုလည်း ဖြစ်နေတယ်။ ဒါနဲ့ ဒီမြင်းမ ဘာဖြစ်နေပါလိမ့်ဆိုပြီး မြင်းမတကိုယ်လုံးကို သေသေချာချာ ကြည့်လိုက်တော့၊ လား ...လား ... ဇီးကြီးနဲ့ကိုးဗျ။ သူ့ ဇီးကို သူ ဂရုစိုက်နေဟန် တူပါတယ်။ ဟော ... အခု မြင်းကလေး မွေးပြီးပြီလေ။ အုန်းခွံရောင်ဗျ။ ဒါပါပဲဗျာ”
နားထောင်နေသော မြင်းတပ်မှူးသည် လက်ဖက်ရည်ခွက်ကြီးကိုကိုင်ရင်း မီးထွန်းထားသော မှန်မီးအိမ်ကို စိုက်ကြည့်နေသည်။ ပိုးဖလံတို့သည် ပြတင်းပေါက်မှ ဝင်လာ၍ မီးပြောင်းကို ဝင်တိုးကြသဖြင့် တဖြုတ်ဖြုတ်
ကျ၍ သေကုန်ကြသည်။ တသုတ်ကျလျှင် နောက်တသုတ် လာ၍တိုးပြန်သည်။
မြင်းတပ်မှူးက “ဟေ့ ... အုန်းခွံရောင်ပဲ ဖြစ်ဖြစ်၊ မဟူရာပဲ ဖြစ်ဖြစ် မထူးဘူးကွ၊ ပစ်သတ်ရမှာပဲ။ မြင်းကလေးတကောင် တန်းလန်းတန်းလန်းနဲ့ ဖြစ်နေရင် တို့တပ်ဟာ မြင်းတပ် ဘယ်ဟုတ်တော့မှာလဲ။ ရွာရိုးလျှောက်ပြီး ဆပ်ကပ်ပြစားနေတဲ့ ဂျစ်ပစီတောသားတွေ ဖြစ်နေမှာပေါ့ကွ။ တကယ်လို့ တပ်မကြီးကလာပြီး တို့မြင်းတပ်ကို စစ်ဆေးရင် ဘယ့်နှယ်လုပ်မလဲ။ တို့က
တန်းစီပြီး အလေးပြုနေကြတုန်း ဒီအကောင်ကလေးဟာ တန်းရှေ့မှာ ခုန်လား ပေါက်လား လုပ်ရင် မခက်ပါလား။ တို့တပ် တတပ်လုံး တံတွေးခွက် ပက်လက်မျောတော့မှာပေါ့။ ထရောဖိန်ရဲ့ ... မင်း စဉ်းစားကြည့်ပါ။ ဒါမျိုး ဘယ်အဖြစ်ခံနိုင်ပါ့မလဲ။ အခုလို သူပုန်မီး တောက်နေတဲ့ အချိန်ကြီးမှာ မင့်မြင်းမဟာ လော်မာလွန်းတယ်ကွာ။ တို့တပ်မှာ မြင်းမတွေကို မြင်းလားတွေနဲ့ အတူ မထားရဘူး၊ ခွဲထားရမယ်လို့ အမိန့်ထုတ်ထားတယ် မဟုတ်လား။ ကဲလေ ... ပြီးတာ ပြီးပါစေတော့။ ဒါပေမဲ့ မင့်မြင်းကလေးကို မင့်ကိုယ်တိုင် ပစ်သတ်လိုက်။ ကြားရဲ့လား” ဟု ဆိုလိုက်သည်။
---
(၃)
နောက်တနေ့ နံနက်စောစောအချိန်တွင် ထရော်ဖိန်သည် သေနတ်ထမ်း၍ အိမ်မှ ထွက်သည်။ ထိုအခါ နေဝန်း မပေါ်သေးချေ။ မြက်ပင်များ၌ နှင်းစက်နှင်းပေါက်တို့ ဥ၍ ဖြူဖွေးနေသည်။ စစ်ဖိနပ် အနင်းခံထားကြရသောကြောင့်လည်းကောင်း၊ ခံကတုတ်ကျင်းများကို ကြက်ခြေခတ် တူးထားကြသောကြောင့် လည်းကောင်း မြက်ခင်းပြင်သည် ပါးပြင်၌ မျက်ရည် မခြောက်သေးသော အပူသည် လုံမပျိုနှင့် တူလှသည်။ တပ်ချရာ ဝင်းအတွင်းတွင် စားဖိုလုလင် မြင်းစီးတို့သည် နံနက်စာအတွက် ချက်ပြုတ်နေကြသည်။
မြင်းတပ်မှူး တည်းခိုနားနေရာ အိမ်ငယ်၏ ဝရန်တာတံခါးခုံ၌ မြင်းတပ်မှူး တဦးတည်း ထွက်ထိုင်နေသည်။ ချွေးစား၍ ရိနေပြီဖြစ်သော အတွင်းခံအင်္ကျီနှင့် ဖြစ်သည်။ မိုးမခရိုးတံ အခက်လက်တို့ဖြင့် ယက်သဲ့ခွက် ရက်နေသည်။ ယခင် အခါများကသော် သူသည် တောင်း၊ ခြင်း စသော အိမ်သုံးပစ္စည်းတို့ကို
ကိုင်တွယ်ရက်လုပ်ခဲ့သူ ဖြစ်သည်။ ယခုတလောတွင် ခြောက်လုံးပြူး သေနတ်ဒင် အေးစက်စက်ကိုသာ ကိုင်နေရသည်။ ထို့ကြောင့် ယက်သဲ့ခွက်ကို ယခု ကိုင်တွယ် ရက်လုပ်နေစဉ် သူ့ လက်ချောင်းများသည် အထက်တင်သင့်သော ခက်လက်တို့ကို မတင်မိ။ အောက်လျှိုသင့်သော ခက်လက်တို့ကို မလျှိုမိ။ စမ်းတိစမ်းတမ်း အယောင်ယောင် အမှားအမှား ဖြစ်နေကြသည်။
ထရော်ဖိန်သည် မြင်းတပ်မှူးအနားမှ ဖြတ်သွားစဉ် “တပ်မှူးရဲ့ ဘာလုပ်နေတာလဲဗျ။ မလိုင်တွေ၊ ဆီဥတွေကို သဲ့ယူတဲ့ ယက်သဲ့ခွက်လား” ဟု မေးလိုက်သည်။
“ဒီအိမ်က အိမ်ရှင်မကြီးပေါ့ကွာ။ ယက်သဲ့ခွက်ကလေး တခုလောက် ရက်ပေးခဲ့ပါလို့ တချိန်လုံး နားပူနားဆာ လုပ်နေတယ်လေ” ဟု မြင်းတပ်မှူးက ပြန်ပြောရင်း ယက်သဲ့ခွက် လက်ကိုင်၌ နောက်ဆုံး အခက်တခက်ကို ထိုးထည့်၍ လက်စသတ်လိုက်သည်။ မြင်းတပ်မှူးကဆက်၍ “အရင်တုန်းကဆိုရင် ဒါမျိုးကို ငါ ကောင်းကောင်း လုပ်တတ်တာပေါ့။ အခုတော့ မေ့တေ့တေ့ ဖြစ်နေပြီကွ” ဟု ပြန်ပြောသည်။
“မှန်း ... တပ်မှူးရဲ့ ယက်သဲ့ခွက်က မဆိုးပါဘူး။ ကောင်းသားပဲ”
မြင်းတပ်မှူးသည် သူ့ပေါင်ပေါ်၌ ကျန်နေသေးသော ခက်လက် အတိုအစတို့ကို ခါချလိုက်ပြီးနောက်
“ဘယ့်နှယ်လဲ မြင်းကလေးကို မင်း သွားဖြောင်တော့မလို့လား” ဟု မေးလိုက်ရာ ထရော်ဖိန်သည် အင်းမလုပ်၊
အဲမလုပ်၊ မြင်းဇောင်းဘက်သို့ ခြေဦးလှည့်လိုက်သည်။
ထို့နောက် ပျက်စီးရတော့မည့် အသက်တချောင်းကို လေးစားသောအားဖြင့် မြင်းတပ်မှူးသည် ထိုင်ရာမထ သေနတ်သံကို နားစွင့်ရင်း ဦးညွှတ်နေသည်။ တမိနစ်ခန့် ကြာသွားသော်လည်း သေနတ်သံကို မကြားရ။
နောက်ထပ် တမိနစ် ကြာသွားပြန်ပါသော်လည်း မကြားရ။ ထရော်ဖိန်သာလျှင် မြင်းဇောင်းဘေးမှ ကွေ့၍ ပြန်ပေါ်လာသည်။ မျက်နှာလည်း ပျက်နေသည်။
“ဘယ့်နှယ်လဲကွ” ဟု မြင်းတပ်မှူးက လှမ်းမေးရာ ထရော်ဖိန်က
“မပြောတတ်တော့ပါဘူးဗျာ။ ကျွန်တော့်သေနတ်မှာ တူမောင်း အကျမကောင်းဘူး ထင်တာပဲ။ နားခွက်ကို မခတ်မိဘူးဗျ”
“မှန်း ...ပြစမ်း၊ မင့်သေနတ်”
မြင်းတပ်မှူးသည် ထရော်ဖိန်၏လက်မှ သေနတ်ကိုလှမ်းယူ၍ ပိတ်ဖွင့် မောင်းတံကို တွန်းလိုက်၊ ဆွဲလိုက် ပြုပြီးနောက် သေနတ်ပြောင်းကို စေ့စေ့စပ်စပ် ကြည့်သည်။
“မင့်သေနတ်မှာ ယမ်းတောင့် ထိုးမထားလို့ ဖြစ်မှာပေါ့ကွ”
“မဖြစ်နိုင်ပါဘူး တပ်မှူးရယ်။ ယမ်းတောင့် ရှိရမှာပေါ့”
“ရှိကို မရှိဘူးကွ။ ဒီမှာကြည့်”
“ဒီလိုဆိုရင်လည်း မြင်းဇောင်းနားမှာ ယမ်းတောင့် ပြုတ်ကျခဲ့တယ် ထင်ပါရဲ့”
မြင်းတပ်မှူးသည် သေနတ်ကို ချထားပြီးနောက် ဘာတခွန်းမျှမပြော။ အတန်ကြာ ငြိမ်နေသည်။ သူ့ လက်ချောင်းများကသာ သူ ရက်ထားသော ယက်သဲ့ခွက်ကို ယုယုယယ ကိုင်တွယ် စမ်းသပ်နေသည်။ အရက်ခံရသော ရိုးတံ ခက်လက်တို့သည် ချိုးပြီးခါစ၊ ဖြတ်ပြီးခါစ ဖြစ်သဖြင့် အစေး မခြောက်သေး။ မိုးမခ ပန်းရနံ့ မွှေးနေသည်။ စစ်မီးတောက်နေဆဲ ဖြစ်သောကြောင့် ပစ်ထားရသော ထယ်စာ ထွန်စာတို့သည် မြေဆီနံ့လည်း သင်းနေသည်။ မြင်းတပ်မှူးသည် ငေးနေရာမှ
“ဖြစ်ချင်ရာ ဖြစ်ပစေပေါ့ကွာ။ အခု လောလောဆယ်မှာမြင်းကလေးကို ပစ်သတ်ဖို့ မလိုဘူး။ အသက်ချမ်းသာ ပေးလိုက်။ စစ်မီးငြိမ်းတဲ့အခါ သက်ဆိုင်ရာတို့က သူ့ကို လယ်အထွန်ခိုင်းနိုင်တာပေါ့။ နို့စို့အရွယ်ဟာ
ဘာလုပ်စရာရှိလို့လဲ၊ နို့စို့တဲ့ အလုပ်ပေါ့ကွ။ ဒီလိုပဲ ထုချေလိုက်ရမှာပေါ့။ ဒါလောက်ကိုတော့ ဗိုလ်ကြီးတွေ နားလည်ကြမှာပါ။ သူတို့လည်း ငယ်ငယ်က နို့စို့ခဲ့ကြတာပဲ။ တို့ သူငါလည်း ငယ်ငယ်က နို့စို့ခဲ့ကြတာပဲ။ ဒါဟာ ဓမ္မတာပဲ။ ရော့ ... မင့်သေနတ်။ မင့်သေနတ်က ပျက်နေတာ မဟုတ်ဘူး၊ အကောင်းပါ။ ကဲ ... မြင်းကလေးကို အသက်ချမ်းသာပေးလိုက်၊ ကြားရဲ့လား” ဟု ဆိုလိုက်သည်။
---
(၄)
တလခန့် ကြာသောအခါ ထရော်ဖိန်တို့ မြင်းတပ်သည် တနေရာသို့ ရွှေ့၍ အဖျက်သမား သူပုန်တို့ကို လိုက်တိုက်ရပြန်သည်။ အွတ်စခေါ်ပါစကျာရွာနှင့် မလှမ်းမကမ်း နေရာ၌ ဖြစ်သည်။ တိုက်ပွဲစချိန်သည် ညနေ နေစောင်းချိန် ဖြစ်သည်။ ထရော်ဖိန်တို့ မြင်းတပ်သည် တဟုန်ထိုး ချီတက်၍ သူပုန်တို့ကို တအားဖိ၍ တိုက်သောအခါ အမှောင်သန်းလာပြီ။ ထရော်ဖိန်စီးသော မြင်းမသည် နောက်ဆွယ်၌ ပြတ်ကျန်ခဲ့သဖြင့် တဟုန်ထိုးတိုက်ပွဲ၌ မပါနိုင် ဖြစ်နေသည်။ မြင်းမသည် နှင်တံဖြင့် အရိုက်ခံရသော်လည်း ရှေ့သို့မတိုး၊ တန့်နေသည်။ နှုတ်ခမ်းစုတ်ပြတ်၍ သွေးထွက်မတတ် မြင်းဇက်အဆွဲခံရသော်လည်း ရှေ့သို့ မတိုး၊ တန့်နေသည်။ ခေါင်းတခါခါ၊ လည်တခါခါ ပြုလျက် တန့်နေသည်။ တအီအီ ညည်းသံပြုလျက် တန့်နေသည်။
သူ့ သားငယ် မြင်းကလေး အမြီးထောင်ကာ အမီလိုက်လာသည်အထိ ဖြစ်သည်။ ထရော်ဖိန်သည် ဒေါသထွက်၍ မြင်းပေါ်မှ ခုန်ဆင်းသည်။ မြှောက်ကိုင်ထားသော ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်း၍ ပခုံး၌သိုင်းထားသော သေနတ်ကို ဖြုတ်သည်။ ထိုအခိုက်တွင် ထရော်ဖိန်တို့ မြင်းတပ်မှ လက်ယာ တောင်ပံ တပ်စိတ်သည် အတင်းဝင်၍ သူပုန်တို့ကို အနီးကပ် ထိုးခုတ်တိုက်ခိုက်သည်။ မြင်းစီးတို့သည် ရှေ့တိုးတိုက်လိုက်၊ ပြန်လှည့်တိုက်လိုက်ပြုကာ ယိမ်းထိုးနေကြသည်ဖြစ်ရာ မြင်းခွာသံတို့သည် တဖြောင်းဖြောင်း ညံနေသည်။
ထရော်ဖိန်သည် လက်ယာတောင်ပံ မြင်းစီးများဆီသို့ တချက် လှမ်းကြည့်သည်။ ထို့နောက် မြင်းကလေးဘက်သို့ လှည့်၍ သေနတ်ဖြင့် ကပျာကယာချိန်ကာ မြင်းကလေး၏ဦးခေါင်းကို မှန်အောင်ပစ်သည်။ သို့ရာတွင် သူ့ လက် တုန်နေသောကြောင့်လား မသိ။
သို့မဟုတ် အကြောင်းထူး တခုခုကြောင့်လား မသိ။ မြင်းကလေးကို မထိ။ လွဲသွားသည်။ သေနတ်သံကြောင့် မြင်းကလေး လန့်ခုန်၍ သူ့ နောက်ခြေနှစ်ချောင်းကို မြှောက်ပြ၊ ပေါက်ပြလိုက်သည်။ စူးစူးရှရှ ဟီသည်။ ပတ်ချာလှည့်၍ ပြေးသည်။ ဖုန်တထောင်းထောင်း ထ အောင် ခွာဖြင့် ပေါက်ပြန်သည်။ ထို့နောက် ခပ်လှမ်းလှမ်း၌ တန့်၍ရပ်နေသည်။ ထရော်ဖိန်သည် သေနတ်ပြောင်းထဲက ကျည်တောင့် ကုန်သည်အထိ မြင်းကလေး ငတာတေကို ပစ်ပြန်သည်။
ကျည်တောင့်များကို သူ့ ကျည်အိတ်ထဲမှ သူ ဆုပ်မိဆုပ်ရာ ဆုပ်၍ နှိုက်ယူလိုက်သော်လည်း ထိုကျည်တောင့်တို့သည် သံချပ်ဖောက်ကျည်တောင့်ချည်း ဖြစ်ကြသည်။ သို့ရာတွင် မြင်းကလေးသည် မည်သို့မျှ မဖြစ်၊ မဖြုန်၊ ရပ်မြဲရပ်နေသည်။ ထို့ကြောင့် ထရော်ဖိန်သည် နောက်ထပ် မပစ်တော့ဘဲ မြင်းမပေါ်သို့ ခုန်တက်သည်။ ထိုနောက် သူပုန် အဝိုင်းခံရတော့မည်ဖြစ်သော မြင်းတပ်မှူးနှင့် ရဲဘော် မြင်းစီးသုံးယောက် ရှိရာသို့ ရေရွတ်ကြိမ်းမောင်း အော်ဟစ်ကာ မိမိ၏မြင်းမကို အပြင်းနှင်၍ သူပုန်တို့ကို နှိမ်လိုက်သည်။
---
(၅)
သူပုန်တို့ ဆုတ်ခွာသွားသောအခါ ထရော်ဖိန်တို့ မြင်းတပ်သည် မြက်ခင်းပြင်တွင် ရေခန်းနေသော လျှိုရိုးထဲ၌ ခေတ္တနားသည်။ ထို့နေညတွင် မြင်းစီးတို့သည် ဆေးလိပ်အနည်းငယ်သာ သောက်ကြသည်။
အရေးရှိက အသင့်ဖြစ်ရန် မြင်းကုန်းနှီးများကို မဖြုတ်ဘဲ ထားသည်။ ကင်းထောက်ရန် ဒွန်မြစ်ငယ်ဘက်သို့ ကင်းထောက်မြင်းစီးကို လွှတ်သည်။ ကင်းထောက် မြင်းစီး ပြန်ရောက်လာသောအခါ သူပုန်တို့သည် ဒွန်မြစ်ငယ်ကို ဖြတ်ကူး၍ တဖက်ကမ်း၌ တပ်စွဲနေကြကြောင်း၊ ဒွန်မြစ်ငယ်ကို ထရော်ဖိန်တို့ မြင်းတပ် ဖြတ်မကူးနိုင်အောင် ဖြတ်ကူးနေရာတွင် တပ်ဖြန့်ထားကြောင်း သတင်းပို့သည်။
ထရော်ဖိန်သည် မိမိ၏ခြေထောက်ကို မိုးကာအင်္ကျီပတ်၍ တုံးလုံး လှဲနေသည်။ အိပ်၍ မပျော်တချက်၊ ပျော်တချက် ဖြစ်နေသည်။ ညနေကတိုက်ပွဲကို စဉ်းစားမိ၍ အိပ်မက်မက်သလို ဖြစ်နေသည်။ ချောက်ကမ်းပါးပေါ်မှ မြင်းတပ်မှူး ခုန်ဆင်းလိုက်ပုံ၊ ကျောက်ပေါက်မ ထူလပျစ်နှင့်ဖြစ်သော သူပုန်က မိမိတို့၏ စည်းရုံးရေးတာဝန်ခံ မြင်းစီးကို ဓားရှည်ဖြင့် ဘယ်ပြန်ညာပြန် ခုတ်ပုံ၊ သူပုန် ခပ်ငယ်ငယ်တဦး အပိုင်းခံလိုက်ရပုံ၊ မြင်းစီးတဦး၏ မြင်းကုန်းနှီး သွေးခြင်းခြင်းနီသွားပုံတို့ကို သူ့ အိပ်မက်တွင် မြင်သည်။
ထို့ပြင် သူ့ မြင်းကလေးကိုလည်း မြင်သည်။
နောက်တနေ့ မိုးလင်းသောအခါ မြင်းတပ်မှူးသည် ထရော်ဖိန်ထံသို့ လာ၍ နံဘေး၌ ထိုင်လျက်
“ဟေ့ ... ထရော်ဖိန်၊ အိပ်တုန်းလားကွ”
“နိုးပါပြီ၊ မှိန်းနေတာပါ”
တပ်မမှူးသည် ကောင်းကင်တွင် အရောင်ညှိုးစ ပြုနေသောကြယ်တို့ကို မျှော်ကြည့်လျက်
“ထရော်ဖိန်ရာ ... မင့်မြင်းကလေးကို သတ်ပစ်လိုက်တော့ကွာ။ သူ ရှိနေတာဟာ စိတ်ဓာတ်ကျစရာ ကောင်းသကွ။ သူ့ကိုမြင်တိုင်း ဓားမကိုင်ချင်သလိုလို၊ အိမ် အောက်မေ့သလိုလို ဖြစ်ရတယ်။ စစ်တိုက်နေကြတုန်းမှာ ဒီစိတ်ပေါ်တာဟာ မကောင်းဘူးကွ။ ကျောက်ခဲလို မာရမယ့် စိတ်ဟာ ဖွဲနုပြုတ် ပျော့ဖတ်လို ပျော့သွားရင် ဘယ်ကောင်းမှာလဲကွ။ ကြည့်လေ၊ တို့မြင်းတပ်ဟာ သူပုန်တွေနဲ့ ရင်ဆိုင်ပြီး အပြေးအလွှား တိုက်ခဲ့ကြတယ် မဟုတ်လား။ မင့်မြင်းကလေးက အလယ်ကောင်မှာ ကန့်လန့်ကန့်လန့် ဖြစ်နေတော့ မြင်းကြီးတွေဟာ သူ့ကိုရှောင်ပြီး ပြေးကြ လွှားကြတော့တယ် မဟုတ်လား။ ဘယ်မြင်းကြီးတွေမှ သူ့ ကို ကန်လား၊ ကျောက်လား မလုပ်ကြဘူး။ မင်းလည်း အမြင်သားပဲ”
မြင်းတပ်မှူးသည် ထိုသို့ပြောပြီးနောက် ငြိမ်နေသည်။ ထို့နောက် သူ့မျက်နှာတွင် ပြုံးရောင်သန်းလာ၍
“ထရော်ဖိန်ရ၊ သူ့ အမြီးကလေးကို ကြည့်လေ။ အံမယ် ... သူ့ အမြီးကလေးကို သူ မြှောက်ပြလိုက်၊ ယမ်းပြလိုက်၊ တန်းပြလိုက်နဲ့ တော်တော်လှတဲ့ အမြီးကလေးကွ။ မလှဘူးလားကွာ”
နှင်းတောထဲ၌ ခိုက်ခိုက်တုန်နေသဖြင့် ထရော်ဖိန်သည် မည်သို့မျှ ပြန်မပြော။ အင်္ကျီရှည်ကြီးကို ဆွဲတင်၍ ခေါင်းမြီးခြုံလိုက်သည်။ ထို့နောက် အိပ်ပျော်သွားပြန်သည်။
---
(၆)
ထရော်ဖိန်တို့ မြင်းတပ်သည် သူပုန်တို့ကို လိုက်တိုက်ရန် ဒွန်မြစ်ငယ်၏ လက်ယာကမ်းဘက်သို့ ကူးကြရန် ဖြစ်သည်။
ဒွန်မြစ်ငယ်၏ လက်ယာဘက်ကမ်း၌ ဘုန်းကြီးကျောင်းအို တဆောင်ရှိသည်။ ဘုန်းကြီးကျောင်း၏ အောက်ဘက်တွင် ကုန်းတန်းရှိသည်။
ထိုကုန်းတန်းသည် ဒွန်မြစ်ငယ်ထဲသို့ ငေါထွက်နေသဖြင့် ကျောက်ထရံ ကမ်းမော်ကြီး ဖြစ်နေသည်။ ထို့ကြောင့် ဒွန်မြစ်ငယ်သည် ထိုနေရာ၌ ကျဉ်းသွားသည်။ အထက်မှ စီးလာသော မြစ်ရေသည် မလွဲသာ မရှောင်သာ ကျောက်ထရံကို ဝင်တိုက်ပြီးနောက် ကွေ့၍ မြစ်ကျဉ်းထဲသို့ ထိုးဆင်းသွားသည်။ ထိုနေရာသည် ရေစီးသန်သောနေရာ ဖြစ်သည်။ ကျောက်ထရံကို ဝင်တိုက်သောရေသည် ကွေ့၍ လည်သွားသည်ဖြစ်ရာ ဝဲကတော့များ ဖြစ်လာ၍ ပတ်ချာလည်နေကြသည်။ အမြှုပ် ဖြူဖြူဖွေးဖွေးများလည်း ထလာ၍ သောင်တိမ် သဲတန်းကလေးများဆီသို့ မျောသွားကြသည်။
မြစ်ကျဉ်းအောက်ဘက်တွင် ဒွန်မြစ်ငယ်သည် ပြန့်ကျယ်လာသည်။
ရေစီးလည်း ပျော့သွားသဖြင့် မြစ်ကိုကူးလျှင် ထိုနေရာ၌ ကူးလေ့ရှိကြသည်။
သူပုန်တို့သည် ထိုနေရာတွင် လက်ယာဘက် ကမ်းခြေအကွေ့၌ တပ်ဖြန့်ထား၍ မျက်နှာချင်းဆိုင် လက်ဝဲဘက်ကမ်းဆီသို့ ထို့ပိုင်းတုံ့ပိုင်း ပစ်ခတ်နေကြသည်။ ထို့ကြောင့် ထရော်ဖိန်တို့ မြင်းတပ်သည် ဒွန်မြစ်ငယ်ကို ဖြတ်ကူးလိုလျှင် မြင်ကျဉ်းအထက်မှသာ ဖြတ်ကူးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ထိုသို့ပင် ဖြတ်ကူးရမည်ဟု မြင်းတပ်မှူးက အမိန့်ပေးလိုက်သည်။
---
(၇)
နေ့လယ် မွန်းတည့်ချိန်တွင် ထရော်ဖိန်တို့ မြင်းတပ်သည် ဒွန်မြစ်ငယ်ကို ဖြတ်ကူးသည်။ ဘုန်းကြီးကျောင်းအို ရှိရာဆီသို့ မှန်းလျက် ရေစီး ပျော့ရာကိုရွေး၍ ဖြတ်ကူးရန်ဖြစ်သည်။ ရှေးဦးစွာ အဆင်သင့်ဖွဲ့ထားသော ဖောင်ပေါ်သို့ မြင်းသုံးကောင်ကို တင်သည်။
စက်သေနတ်များကိုလည်း တင်ပြန်သဖြင့် စက်သေနတ်တပ်သားများလည်း ဖောင်ပေါ်၌ ပါကြသည်။ မြစ်လယ်ကောင်သို့ ရောက်သောအခါ ဖောင်သည် ရေစီး၏ အတိုးအတိုက်ကို ခံရသဖြင့် တဖက်သို့စောင်း၍ လည်သွားသည်။ ထိုအခါ ဖောင်ပေါ်တွင် လက်ဝဲဘက်၌ လိုက်ပါလာသော မြင်းသည် ထိုအဖြစ်မျိုးနှင့် မကြုံဖူးသဖြင့် ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်။ ကမ်းပေါ်၌ မြင်းကုန်းနှီးတို့ကို ဖြုတ်နေကြသော မြင်းစီးတို့သည် ထိတ်လန့်နေသော မြင်းကို မြင်ကြသည်။ တရှူးရှူး တရှဲရှဲ မြည်နေသော မြင်း၏ နှာခေါင်းလေသံကို ကြားကြသည်။ ဖောင်ပေါ်၌ ကန်လား၊ ကျောက်လား၊ ပေါက်လား လုပ်နေသော မြင်းခွာသံကိုလည်း ကြားကြသည်။
ကမ်းပေါ်တွင် ထရော်ဖိန်သည် သူ့ မြင်းမ ကျောပေါ်ရှိ မြင်းကုန်းနှီးဆီသို့ လက်လှမ်း၍ မြင်းကုန်းနှီးကို ဖြုတ်တော့မည်ပြုပြီးမှ မဖြုတ်သေးဘဲ
“ဖောင်တော့ နစ်တော့မှာပါပဲ” ဟု ညည်းလိုက်သည်။ ထိုအခိုက်တွင် ဖောင်ပေါ်က မြင်းသည် ကြောက်အားလန့်အားနှင့် ဟီလည်းဟီ၍ ကတ်တတ်တတ်လည်း လုပ်သည်။ ထို့နောက် ပတတ်ရပ်လိုက်သည်။ ထိုအခါ ကမ်းပေါ်ရှိ မြင်းတပ်မှူးက “သေနတ်နှင့် ပစ်သတ်လိုက်ဟေ့၊ ပစ်သတ်လိုက်ဟ” ဟု ဟစ်၍ အမိန့်ပေးလိုက်သည်။
စက်သေနတ်ကိုင် တပ်သားသည် ပတတ်ရပ်သော မြင်း၏လည်ပင်းကို ဆွဲနှိမ်ပြီးနောက် မြင်းနားရွက်ထဲသို့ သေနတ်ပြောင်းထည့်၍ ပစ်လိုက်သည်။ ကလေးကစားစရာ လေသေနတ်သံ သာသာလောက်ကိုသာ ကမ်းဆီ၌ ကြားကြရသည်။ ဖောင်ပေါ်တွင် အခြားမြင်းနှစ်ကောင်သည် အချင်းချင်း ပူးကပ်သွားကြသဖြင့် ဖောင် တစ်ဖက်စောင်းနင်း မဖြစ်အောင် စက်သေနတ်ကိုင် တပ်သားတို့သည် မြင်းသေကို တစ်ဖက်သို့ ရွှေ့ ထားလိုက်သည်။
ဆယ်မိနစ်ခန့် ကြာသောအခါ မြင်းတပ်မှူးသည် မြင်းညိုကြီးကိုစီး၍ မြစ်ထဲသို့ ဆင်းသည်။ အင်္ကျီချွတ်ထားကြသော မြင်းစီး တရာ့ရှစ်ယောက်နှင့် ရောင်မျိုးစုံ မြင်းတရာ့ရှစ်ကောင်တို့သည် ရေထဲသို့ ဝုန်းခနဲ ခုန်ဆင်း၍ တပ်မှူးနောက်က လိုက်ကြသည်။ မြင်းကုန်းနှီးတင် လှေသုံးစင်းသည် ရှေ့ဆုံးက သွားနှင့်ကြသည်။
လှေတစင်းကို ထရော်ဖိန် လှော်ရမည်ဖြစ်သဖြင့် သူ့ မြင်းမကို တပ်စိပ်မှူး၏လက်သို့ အပ်လိုက်သည်။
မြစ်လယ်ကောင်သို့ ရောက်သောအခါ ထရော်ဖိန်သည် နောက်သို့ လှည့်ကြည့်သည်။ ရေပြင်၌ ဒူးဆစ်အထိ ရေမြုပ်လျက် ချီတက်လာကြသော မြင်းတို့ကို မြင်သည်။ မြင်းစီးတို့သည် မိမိတို့၏ မြင်းများကို တိုးတိုးသက်သာ ချော့မော့၍ ရှေ့သို့ နှင်လာကြသည်။ ကမ်းခြေမှ ကိုက်တရာ့ငါးဆယ်လောက် အကွာသို့ ရောက်ကြသောအခါ မြင်းခေါင်းများကိုသာ ရေပေါ်၌မြင်ရသည်။ ခေါင်းတလှုပ်လှုပ်၊ နှာခေါင်းလေ တမှုတ်မှုတ်နှင့် ရေကူးလာကြခြင်း ဖြစ်သည်။ မြင်းစီးတို့သည် မိမိတို့၏ မြင်းနံပါး၌ မြင်းလည်ဆံကိုကိုင်ကာ ရေကူးလာကြသည်။ မိမိတို့၏ အဝတ်အင်္ကျီနှင့် ကျည်ဆန်အိတ် ချည်ဆွဲထားသော သေနတ်တို့ကို လက်တဖက်ဖြင့် မြှောက်ကိုင်ကာ ရေကူးလာကြသည်။
ထရော်ဖိန်သည် လှော်တက်ကိုချ၍ ပဲ့ပေါ်၌ မတ်တတ်ရပ်ကာ မြင်းအုပ်ထဲက သူ့မြင်းမကို လိုက်ကြည့်သည်။ မြင်းတို့ ရေကူးလာကြပုံသည် ကောင်းကင်ပြင်၌ ငန်းအုပ်ကြီး ဖြန့်၍ ပျံသန်းလာကြပုံနှင့် တူလှသည်။
တပ်မှူး၏ မြင်းညိုကြီးက ဦးဆောင်လာသည်။ ရေပြင်၌ ပေါ်နေသော မြင်းဖင်ပိုင်းသည် နေရောင်၌ တလက်လက်။ သူ့ နောက်တွင် စည်းရုံးရေးတာဝန်ခံ မြင်းစီး၏ မြင်းသည် ထက်ကြပ်မကွာ လိုက်လာသည်။
ထောင်နေသော မြင်းနားရွက်နှစ်ခုသည် ငွေရောင်တဝင်းဝင်း။ ကျန်မြင်းများသည် တစုတခဲ သဲသဲမဲမဲ ချီလျက် လိုက်လာကြသည်။
ထရော်ဖိန်၏ မြင်းမနှင့် တပ်စိတ်မှူးတို့သည် မြစ်ထဲတွင် အတန်ငယ် ပြတ်ကျန်ခဲ့သည်။ ထရော်ဖိန်သည် မြင်းကလေးကို လိုက်ကြည့်ပြန်သည်။
မနည်းကြီး လိုက်ရှာ၍ ကြည်သောအခါမှာမှ နောက်ပိုင်းတွင် အတော်ဝေးဝေး ပြတ်ကျန်ခဲ့သော မြင်းကလေးကို မြင်သည်။ မြင်းကလေးသည် ရေစီးဒဏ်ကြောင့် သူ့ကိုယ်သူ ကောင်းကောင်း မဖော့နိုင်၊ မဟန်နိုင်။ မြုပ်တုံ ပေါ်တုံ ဖြစ်နေရှာသည်။ မြုပ်သည့်အခါ နှာဝအထိ မြုပ်သည်။
ကံအားလျော်စွာ လေသင့်လာသဖြင့် သနားစရာ မြင်းကလေး၏ တွယ်ရာမဲ့ သံသေးသံပြာ သံစာစာသည် ထရော်ဖိန်၏နားသို့ ရောက်လာသည်။ ထရော်ဖိန်သည် ဓားချွန်ဖြင့် အထိုးခံလိုက်ရသကဲ့သို့ သူ့စိတ်၌
နာကျင်သော ဝေဒနာကို ခံစားလိုက်ရသည်။ ထရော်ဖိန်သည် တိုက်ပွဲအမျိုးမျိုး၌ နွှဲခဲ့သည်မှာ ငါးနှစ်ခန့် ကြာမြင့်ခဲ့ပြီ။ သေမင်းနှင့်လည်း အကြိမ်ပေါင်းများစွာ ရင်ဆိုင်ဖက်ပြိုင်ခဲ့ဖူးပြီ။ ခံနိုင်ရည် ရှိခဲ့သည်ချည်းသာ ဖြစ်သည်။
စိတ်ဓာတ် ကြံ့ခိုင်ခဲ့သည်ချည်းသာ ဖြစ်သည်။ ယခုတကြိမ်၌ကား မြင်းကလေး၏ သနားစရာ သံစာစာကြောင့် သူ့ မျက်နှာတွင် သွေးမရှိသကဲ့သို့ ဖြစ်သည်။ လှော်တက်ကို ကောက်ကိုင်၍ လှေကို နောက်သို့ပြန်လှည့်၍ မြင်းကလေးဆီသို့ အပြင်းလှော်သည်။ မြင်းကလေးသည် ဝဲကတော့ထဲ၌ ပတ်ချာလည်နေသည်။
မြင်းကလေး၏ သံစာစာကို ကြားရသော အမိမြင်းမသည် အသံကွဲကြီးနှင့် ဟီ၍ သားငယ်ဆီသို့ ရောက်အောင် အတင်း ရုန်းပါလေသည်။ တပ်စိတ်မှူးသည် မြင်းမကို အတင်းဆွဲပါသေး၏။ သို့ရာတွင် မရ။ မြင်းမ လွတ်သွားသည်။
မြင်းကုန်းနှီးအပုံပေါ်၌ ထိုင်လိုက်လာသော ရဲဘော်သည် “ဟေ့ ... သူငယ်ချင်း၊ မင်း အရူးလား၊ လှေကို မြန်မြန်ပြန်လှည့်။ ကမ်းဘက်ကို မြန်မြန်ပြန်လှည့်။ ဟိုမှာ မြင်ရဲ့လား ... သူပုန်တွေ၊ ပြန်လှည့်၊ မြန်မြန်ပြန်လှည့်” ဟု အော်၍ သတိပေးသည်။
“အသာနေစမ်းပါကွ။ မြင်းကလေးကို ငါ ပစ်သတ်ခဲ့မယ်ကွာ” ဟု ဆို၍ ထရော်ဖိန်သည် သေနတ်ကို လှမ်းယူမည် ပြုသည်။
ထိုအချိန်တွင် မြင်းကလေးသည် မြစ်ကျဉ်းဆီသို့ ရေစီးနှင့် မျောပါနေသည်။ ဝဲကတော့၌ ပတ်ချာလည်လျက် မျောပါနေသည်။ ထို့ကြောင့် ထရော်ဖိန်သည် မြင်းကလေးဆီသို့ အပြင်းလှော်ပြန်သည်။ ထိုအခိုက်တွင် သူပုန်အချို့သည် ကျောက်ထရံကမ်းမော် တဖက်စွန်းမှ ထွက်ပေါ်လာကြသည်။ စက်သေနတ်သံလည်း တဒက်ဒက် မြည်လာ၍ ကျည်ဆန်တို့သည် ရေပြင်ပေါ်သို့ တဖွဲဖွဲ ကျလာကြသည်။
မြင်းကလေးသည် ဝဲကတော့ထဲတွင် ဆက်ကာဆက်ကာ မအော်နိုင်တော့ပြီ။ ကျယ်ကျယ်လည်း မအော်နိုင်တော့ပြီ။ သူ အသံသည် လူ သားငယ်၏ ငိုသံနှင့် တူလွန်းလှသဖြင့် စိတ်မချမ်းသာစရာ၊ စိတ်ချောက်ချားစရာ ဖြစ်သည်။
မြင်းမ လွတ်သွားသောအခါ တပ်စိတ်မှူးသည် မည်သို့မျှ မတတ်နိုင်။ မိမိတို့ဆင်းလာရာ ဝဲဘက်ကမ်းသို့သာ လက်ပစ်ကူးသွားရတော့သည်။
ထရော်ဖိန်သည် ဝဲအစုပ်ခံရတော့မည်ဖြစ်သော မြင်းကလေးရှိရာသို့ သေနတ်ဖြင့် ချိန်၍ ဦးခေါင်းဆီကို ပစ်လိုက်သည်။ ထို့နောက် တချက်လောက် ညည်းတွားမြည်တမ်းပြီးနောက် သူ့ စစ်ဖိနပ်ကို ချွတ်၍ ရေထဲသို့ ခုန်ချလိုက်သည်။
ကျောက်ထရံကမ်းမော် တဖက်စွန်းမှ တဒက်ဒက် ပစ်နေကြသော သူပုန်အချို့ကို သူပုန်ဗိုလ်က “အပစ် ရပ်လိုက်ကြဦးဟေ့” ဟု အော်လိုက်သည်။
ငါးမိနစ်အတွင်းတွင် ထရော်ဖိန်သည် မြင်းကလေးရှိရာသို့ ရောက်သည်။ ချက်ချင်းပင် မြင်းကလေး၏ ဝမ်းဗိုက်အောက်သို့ လက်လျှိုဖေးမ၍ မြင်းကလေးကို မိမိတို့ဆင်းလာရာ လက်ဝဲဘက်ကမ်းသို့ ရေကူးသယ်ယူသွားသည်။ ဤအချိန်အထိ သူပုန်ဘက်၌ သေနတ်သံ တိတ်နေသည်။
အထက်တွင် မိုးကောင်းကင်၊ အဝေး၌ တောအုပ်ခင်တန်း၊ အနီး၌ သဲခင်းသာ။ လင်းလျက်၊ ဝင်းလျက်၊ စိမ်းလျက်၊ ညိုလျက် ဖြစ်သည်။
ထရော်ဖိန်သည် မိမိကိုယ်ကို နောက်ဆုံးတကြိမ် တအားကုန် တွန်းတင်လိုက်ရာ ကမ်းခြေသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သည်။ ထို့နောက် မြင်းကလေးကို ရေထဲမှ သဲသောင်ပေါ်သို့ ဆွဲတင်သည်။ ထရော်ဖိန်သည် ရေအန်ထုတ်ပြီးနောက် မြင်းကလေးအနီး၌ လှဲနေသည်။
ထိုအချိန်တွင် မြင်းစီးရဲဘော်တို့သည် လက်ယာဘက်ကမ်းပေါ်သို့ ချောချောမောမော တက်နိုင်၍
တောအုပ်ထဲ၌ အော်ဟစ်ဆူညံ နေကြသည်။ မြစ်ကျဉ်းအောက်ဘက်ဆီတွင် သူပုန်တို့၏ အမြောက်သံ တဒိန်းဒိန်းမြည်နေသည်။ သားငယ် မြင်းကလေးနောက်သို့ အတင်းလိုက်လာသော အမိမြင်းမသည် ကမ်းပေါ်သို့ တက်လာသည်။ သူ့ကိုယ်မှ ရေတို့ကို ခါချပြီးနောက် လှဲနေသော ထရော်ဖိန်အနီးသို့လာ၍ မြင်းကလေးကို လျှာဖြင့်လျက်သည်။ ရေတို့သည် မြင်းမ၏အမြီးမှ တစက် တစက် ကျ၍ သဲထဲသို့ စိမ့်ဝင်နေကြသည်။
အတန်ကြာသော် ထရော်ဖိန်သည် လှဲနေရာမှ အားယူကာ မတ်တတ်ထသည်။ ထို့နောက် နှစ်လှမ်းမျှ လှမ်းလိုက်ပြီးနောက် ရှေ့ဆက်မလှမ်းနိုင်။
ဒယိမ်းဒယိုင်ဖြစ်ကာ ပုံလျက်သား လဲပါလေသည်။ သေနတ်သံတချက်ကြားရ၍ သူ့ရင်အုံတွင် ပူခနဲ ဖြစ်သွားသည်။ ကျောက်ထရံကမ်းမော် တစ်ဖက်စွန်းဆီမှ မြည်သော သေနတ်သံကြောင့် ဖြစ်သည်။ ပစ်လွှတ်လိုက်သော ကျည်ဆန်ကြောင့် ဖြစ်သည်။ ထိုတစ်ဖက်စွန်း၌ သူပုန်ဗိုလ်သည် ယမ်းတောင့်ခွံကို သေနတ်ထဲမှ ခါချနေသည်။ ငါးနှစ်လုံးလုံး မိမိ၏ သားငယ်၊ သမီးငယ်များနှင့် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် မနေအားခဲ့သော မြင်းစီးမုတ်ဆိတ်နီ ထရော်ဖိန်သည် ယခုအခါတွင် မြင်းကလေးအနီး၌ အသက်ပျောက်ရှာလေသည်။
[Tales from The Don & Early Stories]
---
#ဇော်ဂျီ
#ရှိုလိုကော့၏စစ်အတွင်းကမြင်းကလေး
#shared_by_louis_augustine
Comments
Post a Comment