ဘောဂဗေဒသော့ချက် // သစ္စာနီ
ဘောဂဗေဒသော့ချက် // သစ္စာနီ
( မုဒိတာ မဂ္ဂဇင်း၊ ဩဂုတ်လ၊ ၂ဝဝ၅ )
---
ကျွန်ုပ်တို့အိမ်အနီးတွင် ထူးဆန်းသော ဆိုင်တဆိုင် ရှိပါသည်။ ထိုဆိုင်၏ အမည်မှာ “ရဲရင့်သော ကမ္ဘာသစ်” ဟူ၍ဖြစ်သည်။ (ထိုဆိုင်၏အမည်မှာ သူ့ဝတ္ထုတပုဒ်၏ အမည်နှင့် တူသည်ဟု ဂျာမန်စာရေးဆရာကြီး ဟားမန်းဟက်စ်က တရားစွဲဆိုသည်ဟု လည်းကောင်း၊ ဂျာနယ်မဂ္ဂဇင်းများမှ ထုတ်ဖော်ကန့်ကွက် ပြောကြားသည်ဟု လည်းကောင်း၊ နစ်နာကြေးငွေ တောင်းခံသည်ဟု လည်းကောင်း ကျွန်ုပ် မကြားခဲ့ဖူးခဲ့ပါ။) ထိုဆိုင်တွင် ဈေးရောင်းသူ တဦးသာ ရှိကာ သူ့ကို ဈေးဝယ်သူ မည်သူ တဦးတယောက်ကမျှ မြင်ဖူးခဲ့ခြင်း မရှိကြချေ။ ဈေးရောင်း နေသောသူမှာ ကိုယ်ပျောက်နေသောသူ ဖြစ်သည်။ (ခြွင်းချက်အနေဖြင့် မျက်စိမမြင်သော ဈေးဝယ်သူတဦးက ဈေးရောင်းသူ ဆိုင်ရှင်ကို သူ မြင်ရသည်ဟု တိကျသေချာစွာ ပြောဆိုခဲ့ဖူးပါသည်။)
ဤဆိုင်ကလေးကို ထူးခြားသည်ဟု ဆိုရခြင်းမှာ ဤအချက်ကြောင့်သာ မဟုတ်ပါ။ အဓိက အချက်မှာ ဤဆိုင်ကလေးထဲတွင် ကမ္ဘာ ပေါ်ရှိ မည်သည့်စတိုးဆိုင်၊ မည်သည့် မီနီမတ်ကတ်၊ မည်သည့် စူပါမတ်ကက်တွင်မှ မရနိုင်သည့်အရာများကို ထူးဆန်းသော ဈေးရောင်းနည်းဖြင့် ရောင်းချပေးနေ သောကြောင့်ဖြစ်သည်။ ဥပမာ ... ဤဆိုင်ကလေးထဲသို့ ဝင်ရောက်သွားသည်ဆိုလျှင် ခြေသံ တရှပ်ရှပ်ကြားရကာ (လူမမြင်ရဘဲ) အသံတသံ ထွက်ပေါ်လာပါလိမ့်မည်။ ထိုအသံမှာ မရင့်သီး သော်လည်း ဖော်ရွေမှုကင်းမဲ့ကာ အလုပ်သဘောဆန်သော အသံတသံ ဖြစ်သည်ကို သတိပြုမိလာပါလိမ့်မည်။
ကိုယ်ပျောက်နေသောဆိုင်ရှင် : ဘာအလိုရှိပါသလဲ။
ဝယ်သူ : ဘာတွေရနိုင်သလဲ။
ဆိုင်ရှင် : ကျွန်တော့်ဆိုင်မှာ လူကြီးမင်း လိုချင်တာ အကုန်ရနိုင်ပါတယ်။
ဝယ်သူ : တကယ်ပဲ အကုန်ရနိုင်သလား။
ဆိုင်ရှင် : တကယ် ရနိုင်ပါတယ်။ နဂါးအသည်း၊ ချာလီချက်ပလင်ရဲ့ ဖိနပ်၊ ဗြဟ္မာပြည်သွားတဲ့ဗီဇာ၊ ကျောက်တုံးတွေနဲ့ သီချင်းသံ၊ သေခြင်းတရားရဲ့ ရနံ့နဲ့ မူဆိုလီနီ စိတ်ဓာတ်အထိပေါ့။ တခုတော့ရှိတယ်။ လူကြီးမင်း ဝယ်မယ့်အရာဖြစ်ဖို့တော့လိုပါတယ်။
ဝယ်သူ : အခုတလော ခင်ဗျားတို့ဆိုင်မှာ ရောင်းအကောင်းဆုံး ပစ္စည်းက ဘာလဲ ခင်ဗျ။
ဆိုင်ရှင် : ထုံးစံအတိုင်း မိုးခါးရေပဲ ခင်ဗျ။
ထူးခြားသည်မှာ ကိုယ်ဝယ်ယူမည့် ပစ္စည်း၏တန်ဖိုးကို ဝယ်သူက ကြိုက်သည့်ဈေးနှင့် ကြိုက်သည့်အရာကို ကြိုက်သလို ဈေးပေးချေနိုင်ခြင်းဖြစ်သည်။ ဥပမာ၊ မြတ်သစ်ကြီးသည် ဧဝ လာဝယ်သွားရာ တန်ဖိုးအဖြစ် ဆေးလိပ်တို သုံးခုကို ပေးထားခဲ့သည်။ ဇော်ဇော်အောင်သည် ပိုစ့်မော်ဒန်သဘောတရားကို လာဝယ်ရာ ဗင်းဆင့်ဗင်ဂိုး၏ နားရွက်အပြတ်ကို တန်ဖိုးအဖြစ် ပေးခဲ့သည်။ မောင်မောင်ဇေယျ သည် နျူကလိယ စက်ရုံတရုံ ဝယ်ရာ သူ့နှုတ်ခမ်းမွေးဖြင့် ပေးချေခဲ့သည်။ ယခု မောင်မောင်ဇေယျထံတွင် ရှိနေသော နှုတ်ခမ်းမွှေးမှာ အတု ဖြစ်ပုံရပါသည်။ ကျွန်ုပ်သည်လည်း ထိုဆိုင်၏ ဖောက်သည် တဦးဖြစ်ကြောင်း ဝန်ခံရပေမည်။
ထိုဆိုင်မှ ပစ္စည်းအတော်များများကိုပင် ကျွန်ုပ် ဝယ်ယူခဲ့ရာ ထိုအထဲတွင်
၁။ ဟီရိုရှီးမားမြို့ ( ဗုံးအကြဲမခံရမီ )
၂။ မျှော်လင့်ချက်တဆယ်သား
၃။ မြေခွေး ချဉ်သည် ပြောသောစပျစ်သီးတခိုင်
၄။ ဂျင်ဆန်းမီ၏ အပြုံး (ကိုရီးယားရုပ်ရှင်မင်းသမီး)
၅။ မသူတော်(၇) ပါး၏အသံ (မီးရှို့ပစ်ရန်)
စသည်တို့ဖြစ်သည်။ (ဟာဝေယံကျွန်းကို မာလွန်ဘရန်ဒို ဝယ်သွားသဖြင့် မရလိုက်ပါ။) ထိုပစ္စည်းများအတွက် ကျွန်ုပ် ပေးချေခဲ့ရသည်မှာ ခပ်နွမ်းနွမ်း ကျပ်တန်တရွက်၊ ထွေးခံတလုံး၊ အပယ်ခံရသော ကဗျာသုံးပုဒ်၊ ကွန်မြူနစ်ဝါဒ နှင့် အမဲသား တို့ဖြစ်လေသည်။
တနေ့ကမူ မရောက်တာ ကြာပြီဖြစ်ကာ ထိုဆိုင်သို့ကျွန်ုပ် ရောက်ရှိသွားခဲ့သည်။ ဆိုင်ရှင်နှင့် တွေ့ဆုံ စကားပြောခဲ့ပုံ မှာ အောက်ပါအတိုင်း ဖြစ်လေသည်။
ဆိုင်ရှင် : ဘာအလိုရှိပါသလဲ ခင်ဗျာ။
ကျွန်ုပ် : အိပ်မက် ဝယ်ချင်လို့ပါ။ ( ကျွန်ုပ် အိပ်မက် မမက်သည်မှာ ကြာချေပြီ )
ဆိုင်ရှင် : လူကြီးမင်းက ဘယ်လို အိပ်မက်မျိုးကို လိုချင်ပါသလဲ။
ကျွန်ုပ် : အရည်ပဲဖြစ်ဖြစ်၊ အဖတ်ပဲဖြစ်ဖြစ်ပေါ့။
ဆိုင်ရှင် : ကျွန်တော်တို့က အိပ်မက်ကို အရသာ သုံးမျိုးနဲ့ထုတ်လုပ်ထားပါတယ်။ လိမ္မော်အရသာ၊ စတော်ဘယ်ရီအရသာနဲ့နွားနို့အရသာပါ။ ဘယ်ဟာ လိုချင်ပါသလဲ။
ကျွန်ုပ် : သုံးမျိုးလုံးသာ ပေးလိုက်ပါ။
သို့တိုင်အောင် ... ကျွန်ုပ်က မည်သည့်အိပ်မက်မျိုးကိုမှ မမြင်မက်ဘဲ ရှိနေပါသည်။ ထိုဆိုင်သို့လည်း အိပ်မက်ဝယ်ရန် နောက်ထပ် မရောက်ရှိတော့ပါ။ အိပ်မက်များသည် ကျွန်ုပ်အတွက် အမှန်တကယ် လိုအပ်သော အရာများ မဟုတ်ပုံ ရပါသည်။ တခုတော့ ရှိပါသည်။ ထိုနေ့က အိပ်မက်များအတွက် ကျွန်ုပ် ပေးချေခဲ့ရသော တန်ဖိုးမှာ အိပ်စက်ခြင်း ဖြစ်လေသည်။
---
#သစ္စာနီ
#ဘောဂဗေဒသော့ချက်
#shared_by_louis_augustine
Comments
Post a Comment