စပါးကြီးမြွေ // ညီပုလေး

စပါးကြီးမြွေ // ညီပုလေး

(သာရ ဝတ္ထုမဂ္ဂဇင်း၊ ဇွန်၊ ၁၉၈၈။)

---

အမြဲလိုလို ပိတ်ထားတဲ့ အိမ်ရှေ့ ဝင်းတံခါးက ပွင့်နေတယ်။

အိမ်ရှေ့ခန်းမှာ ထိုင်ရင်း ဦးတော်တော်က လမ်းဘက်ကို အဓိပ္ပါယ်မဲ့ ငေးနေမိတယ်။ သူထိုင်နေတဲ့ ပက်လက် ကုလားထိုင်လေးက သူ့အဖေ ထိုင်သွားတဲ့ ပက်လက် ကုလားထိုင်လေး။ အခင်းက ဖျင်စအခင်း မဟုတ်ဘူး။ နိုင်လွန်ခင်းလည်း မဟုတ်ဘူး။ အဖေက နှစ်ရှည်လများ ထိုင်ရအောင် သားရေခင်းကလေး လုပ်ထားခဲ့တယ်။ သားရေခင်းလေးက အသစ် ဘဝတုန်းက ခပ်မာမာလေး။ ပြီးတော့ သားရေစိမ်းနံ့ နည်းနည်း ရှိခဲ့တယ်။ အဖေက ဒီပက်လက် ကုလားထိုင်လေး ပေါ်မှာ ထိုင်ရင်း ကုလားပဲ အကြောင်း၊ စွန်တာနီ အကြောင်း၊ ပဲစင်းငုံ အကြောင်း၊ ပဲအမျိုးမျိုးတွေ အကြောင်း မိတ်ဆွေ ပွဲစားတွေနဲ့ စကားပြောရင်း ဦးတော်တော်ကို လူလားမြောက် စေခဲ့တယ်။ ဒီပက်လက် ကုလားထိုင် ပေါ်မှာ ထိုင်ရင်း လူထု၊ ဗဟိုစည်၊ မန်းခေတ် သတင်းစာတွေကို ဖတ်သွားခဲ့ဖူးတယ်။ စံလင်းတို့ မောင်ကောင်းတို့ နာမည်တွေပါတဲ့ စက္ကူ အချပ်ကြီးတွေကို လက်ညှိုး၊ လက်ခလယ်တို့နဲ့ တရွက်ချင်း ဖိကျော် ရေတွက် သွားခဲ့တာလည်း ဒီပက်လက် ကုလားထိုင်လေး ပေါ်မှာပဲပေါ့။ မောင်တော်တော်လို့ ခေါ်နေရတုန်းက ရေနံချေး ဝနေတဲ့ အိမ်မြင့်ကြီးနဲ့ နေရတာ၊ ကိုတော်တော် ဖြစ်လာတော့ သူ့မိဘတွေက အိမ်မြင့်ကြီးကို ဖျက်ပြီး နှစ်ထပ် နံကပ်တိုက်ကို ဆောက်ကြတယ်။ အဲဒီတုန်းက သူလည်း ကုလားပဲ အကြောင်း၊ ပဲစင်းငုံ အကြောင်း တော်တော် နားလည် နေပြီလေ။

ပက်လက် ကုလားထိုင်ရဲ့ သားရေခင်းလေးက အခုတော့ ကတ္တီပါအခင်း တခုလို ပျော့ပျောင်း နေပါပြီ။ သားရေခင်းက အရောင် မတင်ဘဲနဲ့ အရောင် ထွက်နေတယ်။ ပေါလစ် မတိုက်ဘဲနဲ့ ချောမွေ့နေတယ်လေ။ ချုပ်ရိုး တော်တော်များများက သားရေချပ် ထဲမှာ မြုပ်နေရှာတယ်။ တချို့ချုပ်ရိုးက ပုဆိုးနဲ့ ပွတ်တိုက်ဖန် များလို့ ပွန်းဖွာ နေကြတယ်။ ခေါင်းမှီတဲ့ မှီအုံးလေးကတော့ ညိုညစ်ညစ်နဲ့ ဆီချေးဝနေတယ်။ ခေါင်းမှီအုံး ပေါ်မှာဖော်ထားတဲ့ ကနုတ်ပန်းလေး ကလည်း ဦးတော်တော်ရဲ့ အဖေ့ လက်ရာပဲ။ သားရေခင်း ပေါ်က စက်နဲ့ ချုပ်ထားသလို ညီနေတဲ့ ချုပ်ရိုးတွေကလည်း အမေ့စူးချက်တွေပဲပေါ့။

သူငယ်ငယ်တုန်းက နာရီ ကြည့်တတ်အောင် သင်ရာမှာ သင်ထောက်ကူ ပစ္စည်းတခု ဖြစ်တဲ့ တိုင်ကပ်နာရီကြီးက သူ့အဖေ ထားရစ်ခဲ့တဲ့ အတိုင်း အရှေ့ဘက် နံရံမှာ ချိတ်လျက်။ တပတ်တခါ နာရီ သော့ပေးဖို့ အက်စ်ယူအင်န် ဆိုတဲ့ အက္ခရာ သုံးလုံးကို ခဲနီပြာတံထဲက ခဲနီရောင်နဲ့ စက္ကူလေး ပေါ်မှာ ရေးထားတယ်။ ခဲပြာရောင်နဲ့ လေးထောင့်ဘောင်လေး ကွပ်လို့။ နာရီရဲ့ အောက်ခြေမှာ ကပ်ထားတယ်။ အဲဒီ လက်ရေးကလည်း အဖေ့ လက်ရေးပဲ။ နာရီ ဇယားကွက်တွေက အဝါရောင် သမ်းစပြု နေပေမယ့် ရောမ အက္ခရာ တွေက မဲပြောင်နေတုန်း။ တစက္ကန့်ပြီး တစက္ကန့် တောက် ... တောက် ... တောက် ... နဲ့ အချိန်မှန် သွားနေတုန်း။ နာရီလက်တံ နှစ်ချောင်းက အချိန်မှန် ပြနေကြသလို နေ့စွဲပြတဲ့ လက်တံကလည်း မှန်မှန် ရွေ့နေတယ်။ ဒီနေ့တော့ ငါးရက်နေ့ကို ညွှန်းနေတယ်။

ဦးတော်တော်ရဲ့မိဘက ပစ္စည်းတွေ အများကြီး ချန်ခဲ့ကြတာကလား။ ဟောဒီ နံကပ်တိုက်၊ ဟောဒီ မြေ၊ အတွင်းပစ္စည်း အိမ်တွင်း အသုံးအဆောင်တွေ အိုးအင် ပန်းကန် ခွက်ယောက် လက်ဖက်ရည် ကရား၊ ဓာတ်ဘူး၊ ကွမ်းအစ် ... လက်ညှိုးထိုးလို့ မလွဲဘူး။ ဦးတော်တော် သူ့ပတ်ဝန်းကျင်က ပစ္စည်းတွေကို ငေးနေမိပြန်တယ်။ စိတ်ကတော့ ကိုယ်နဲ့ခွာပြီး ညီတဝမ်းကွဲနဲ့ တူတော်မောင်ဆီ ရောက်နေလေရဲ့။ ဦးအောင်တိုးနဲ့ မောင်သန့်ဇင်တို့ ဆီပေါ့။

ဦးတော်တော်တို့ရဲ့ စီးပွားရေးက အကျဘက်ကို ယိမ်းနေတာ အတော်ကြာပြီ။ အသောက်အစား အကစား ကင်းပါလျက်နဲ့။ အပျော်အပါး ကင်းပါလျက်နဲ့။ အခု အထုပ်ဖြေ စားနေကြရတယ်။ အထုပ် ဖြေရာကနေ တဖက်က ရှာတော့ ရှာတာပဲ တဖြည်းဖြည်းနဲ့ ပရုတ်လုံးလို လုံးပါး ပါးလိုက်လာ လိုက်တာ၊ အခု သူများကို ဆပ်စရာ ရှိတော့ ကြိုးစားပြီး ရှာကြ ဖွေကြရ ပြန်ရော။ အရောင်းအဝယ်က မကောင်းဘူး။ ကိုယ်က ဝယ်တော့ ဈေးကြီးနဲ့ မိ။ လှောင်ထားတဲ့ ပဲတွေကလည်း ဈေးတက်ရမယ့် အချိန် မတက် ကမောက်ကမနဲ့။ ရောင်းတဲ့ အချိန်ကျတော့ ဈေးက အဖတ်ဆယ်လို့ မရတော့ဘူး။ ဒလဟောပဲ။ တနှစ် မထောင်းတာ နှစ်နှစ် ခံသာပေမယ့် သုံးလေးနှစ် ဆက်တိုက်ထိတော့ မသက်သာဘူး။ အထုပ် ဖြေကြရတော့တယ်။ ငွေမျော ငွေနဲ့လိုက် တာပဲ။ အခြေအနေ မပေးတော့ ဘယ်လိုမှ လုပ်မရ ကြတော့ဘူး။ ရှေ့ဆက်ရမယ့် ခရီးအတွက် လင်မယား နှစ်ယောက် တိုင်ပင်ကြတာလည်း ခဏ ခဏ။ ပထမဆုံး အကြံ ပေးလာတာကတော့ ကိုညီအောင် ပဲ။ ဆွေမျိုးထဲကပါ။ မြေတို့ အိမ်တို့ ပွဲစား လုပ်နေတဲ့လူ။ ဦးလေးတော်တို့ နေရာဆိုရင် ရှစ်သိန်းတော့ အသာလေး ရမယ်တဲ့။ ဒီစကားလဲ ဟရော ဦးတော်တော်တို့ ဆိုတာ စိတ်ဆိုးလွန်းလို့ ငါနဲ့ ကိုင်မတုတ်ရုံ တမယ်ပဲ။ သွားကွာ သွား မင်းသောက်ခွက် မကြည့်ချင်ဘူး တဲ့။ တောက် တခေါက်ခေါက်နဲ့ မျက်နှာကြီးကို နီမြန်းလို့။ လူကြီးနဲ့ လူငယ် မဟုတ်လား။ ကိုညီအောင် စိတ်မဆိုးပါဘူး၊ တောင်းပန်ရှာတယ်။ ဦးလေးတို့ ဒီပစ္စည်းတွေကို ဒီလောက် သံယောဇဉ် ရှိမှန်း မသိလို့ပါတဲ့။ တော်တော်ကြာတော့ ခါတိုင်းလို ဝင်မြဲ ထွက်မြဲပဲ။ အခါကြီး ရက်ကြီးဆို အကန်တော့ မပျက်ဘူး။

ဦးတော်တော်ရဲ့ အဖေက ဦးခင် တဲ့။ တိုင်တားမင်းကြီး ဦးဘိုးသားနဲ့ မြို့တော်ဝန် ဦးပေစိရဲ့ သမီး ခင်သီတာရဲ့ အဆက်အနွယ်တွေပဲ။ ပြီးတော့မှ ဒီမြေနေရာကို ဦးခင်က ဆက်ခံရတာ။ အိမ်ကြီးကို ဖျက်ပြီး နံကပ် နှစ်ထပ်တိုက် ဆောက်တာကိုတော့ ဦးတော်တော် ကောင်းကောင်း မှတ်မိနေတယ်။ သူ အရွယ်ကောင်းမှ ဆောက်တာလေ။ အုတ်မြစ်ချဖို့ မြေတွေ တူးတော့ ငွေအိုး နှစ်အိုး ဖော်လို့ ရတာကိုလည်း သူ မှတ်မိနေတယ်။

အိမ်ရှေ့ လမ်းမပေါ်မှာ စက်ဘီးတွေ ဥဒဟို သွားနေကြတယ်၊ မလှမ်းမကမ်းမှာ မြို့ထဲ ပြေးနေတဲ့ ဘတ်(စ်) ကားတွေကို သီးသန့်ရောင်းတဲ့ ဓာတ်ဆီဆိုင် ရှိနေတော့ ဦးတော်တော်ရဲ့ တိုက်ရှေ့က ဘတ်(စ်) ကားတွေ နံပါတ်အစုံ ဖြတ်ဖြတ် သွားကြတယ်။ ပြီးတော့ ကုန်သည် ပွဲစားတွေ နေတဲ့ ရပ်ကွက်ပီပီ ပွဲရုံတွေ၊ ပဲခွဲစက်၊ ဆီစက်၊ ဂျုံစက်၊ ကားရေဆေး ဆီလိုက်ခုံတွေ၊ ဗီဒီယိုရုံတွေလည်း ရှိတယ်။ ‘ရွှေတချောင်း’ နဲ့လည်း သိပ်မဝေးဘူး။ ဗိုလ်ချုပ် လမ်းမကြီးနဲ့လည်း တပြ မရှိတရှိလောက်ပဲ ဝေးတာ။ နောက်ဆုံး လောင်ခဲ့တဲ့ မီးကြီးမှာလည်း သူတို့ရပ်ကွက်က မီးလွတ်ခဲ့တယ်။

လမ်းဘက် ငေးနေရင်းက ချမ်းသလိုလို ရှိလို့ တိုက်ပုံအင်္ကျီလေးကို ကောက်ဝတ် လိုက်တယ်။ မျက်နှာချင်းဆိုင် ပဲခွဲစက်မှာတော့ အလုပ်သမားတွေက ပဲတွေလှမ်းဖို့ တာလပတ်စကို စခင်း နေကြပြီ။ ဦးတော်တော်နဲ့ မျက်စောင်းထိုး တိုက်ခေါင် ပေါ်မှာတော့ မီးခိုးရောင်၊ မီးခိုးဖြူ၊ ဖြူပြာ၊ ပြာနီ၊ ဖြူနက်ကျား၊ ခိုလေးတွေ တန်းစီ နေကြတယ်။ သူတို့လည်း ဦးတော်တော် နည်းတူ ကုလားပဲ လှန်းမယ့် ကွက်လပ်ဘက်ကို ငေးနေကြတယ်။

ဇနီးသည် ပြန်လာတာကို နှစ်တလက်မ ဝင်းထရံကြားက လှမ်းမြင်တော့ ဦးတော်တော်က အရှေ့ဘက် နံရံကို ကြည့်မိတယ်။ ခါတိုင်း ဈေးပြန်ချိန်ထက် မိနစ် နှစ်ဆယ်လောက် စောပြန်လာတာကို သူ သတိထားမိတယ်။ ဒေါ်ဒေါ်သွင်ကလည်း အဝေးကတည်းက ခင်ပွန်းသည်ရဲ့ အရိပ်အကဲကို လှမ်း အကဲခတ် နေမိတယ်။ သူ့ မျက်နှာမသာမယာ ဖြစ်နေတာ ရက်အတော် ကြာနေပြီ။ လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်က စပြီး ပို သိသာလာတယ်။

ဒေါ်ဒေါ်သွင်က ခြင်းတောင်းကို တဘက်က ဆွဲပြီး နောက်ဖေးကို တန်းဝင်သွားတယ်။ တယောက်နဲ့ တယောက် ဘာတခွန်းမှ မပြောဖြစ်ကြဘူး။ ဦးတော်တော်လည်း ပက်လက် ကုလားထိုင်လေးပေါ် ထိုင်ရင်း လမ်းဘက် ငေးမြဲ ငေးနေတယ်။

ခါတိုင်း ဒေါ်ဒေါ်သွင် ဈေးက ပြန်လာရင် သူက ဝင်းတံခါး ထဖွင့်ပေးနေကျ။ တခါတလေလည်း ဈေးခြင်းတောင်းကို ကူညီ ဆွဲတတ်တယ်။ ဒီနေ့ ဘာဟင်းချက်မယ် စိတ်ကူးသလဲ မသွင်လို့ မေးမယ်။ ဒေါ်သွင်ကလည်း ငါးကြင်း ဆီပြန်နဲ့ ချဉ်ပေါင် ချဉ်ရေဟင်းလေး ချက်မလားလို့ ... လို့ ပြောချင် ပြောမယ်။ ဝက်သား ဝယ်လာတဲ့နေ့ ဆိုရင်လည်း တော်ကြိုက်တဲ့ ဝက်သားနီချက်လေး ချက်မလို့ရှင့် လို့ ပြောတတ်တယ်။ ဒေါ်ဒေါ်သွင် ဘာဟင်းစပ်ပဲ ပြောပြော ဦးတော်တော်က အေး ကောင်းသကွလို့ ပြောနေကျ။ ဒီနေ့တော့ အကြီးအကျယ် ရန်ဖြစ်ကြပြီး ပြတ်စဲကြတော့မယ့် လင်မယားလိုပဲ စကား မပြောဖြစ်ကြဘူး။ နှစ်ယောက်စလုံး မျက်စိ မျက်နှာ ပျက်နေကြတယ်။

အငေးကြီး ငေးနေရာက အစ်ကိုကြီးတော် နေကောင်းရဲ့လား လို့ အသံပေးပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ သူ့ညီ ဦးအောင်တိုး ပေါက်ချလာတယ်။ အေး ... ကောင်းတယ်ကွ။ ဒါထက် မောင်သန့်ဇင်ရော လို့ ဖြေမေး မေးပြန်တယ်။ ဒီကောင် နောက်က လာနေပြီ။ ကွမ်းယာ ဝင်ဝယ်နေတယ် တဲ့။ ဦးအောင်တိုးက တအိမ်လုံးကို လှည့်ပတ် အကဲခတ်မိတယ်။ ခါတိုင်း မြင်နေကျ မြင်ကွင်း၊ တွေ့နေကျ မြင်ကွင်း အတိုင်းပါပဲ။ ဘာမှ မပြောင်းပါဘူး။ ကွမ်းများ ဒီမှာ ရှိသားနဲ့ ဆိုပြီး ဦးတော်တော်က စားပွဲပေါ်က ကြေးအစ်လေးကို မေးငေါ့ ပြတယ်။ ပြီးတော့ သူ့မျက်လုံး ငေးငေးတွေက လမ်းမဆီ ပြန်ရောက်သွားတယ်။

ကားဟွန်းသံ နှစ်ချက်ဆင့် ကြားလိုက်တော့ ရင်ထဲမှာ ဖိုခနဲဖြစ်ပြီး ခေါင်းငဲ့ ကြည့်မိသေးတယ်။ ကားလေးက သူတို့ရှေ့ မရပ်ဘဲ ဖြတ်မောင်းသွားတယ်။ ကားဟွန်းသံကြားရင် ရင်တုန်လိုက်၊ ငဲ့ကြည့်လိုက်၊ နာရီကြည့်လိုက် လုပ်နေရတာလည်း ဘယ်နှစ်ကြိမ်မှန်း မသိတော့ဘူး။ ပါးစုန့်ကြီး တဘက်က ဖောင်းကားနေအောင် ကွမ်းငုံရင်း သန့်ဇင် ရောက်ချလာတော့၊ လေးတော် ... ဒေါ်ဒေါ်သွင်က ဒီနေ့ ဘာဟင်းချက် သလဲတဲ့။ ကွမ်းတွေ ပလုံးပထွေးနဲ့ လှမ်းမေးတယ်။ ဒီကောင် စကားပြောရင် ဒီလိုချည်းပဲ မြန်က မြန်လိုက်သေးတယ်။ ကျွန်တော်တို့ကို ဒီနေ့ ထမင်းကျွေးရမှာနော် ... ဟင်းကောင်းကောင်းနဲ့ လို့ ဆက်ပြီး ပြောနေလိုက်သေးတယ်။ ဦးတော်တော်က ကြိုးစားပြီး ပြုံးရင်း ကျွေးမှာပေါ့ကွာ တဲ့။ ဦးအောင်တိုးက ရောက်ကတည်းက အစ်ကိုကြီးရဲ့ မျက်နှာကို အကဲခတ်နေတာ မဟုတ်လား။ သူပြုံးဖို့ အားယူတာ ကြိုးစားပြီး ပြုံးတာ၊ မျက်လုံးတွေက မပြုံးဘဲ ကျန်ရစ်တာ ပြီးတော့ တဖြည်းဖြည်း ပြုံးရာက တည်သွားတာ၊ ခပ်တည်တည်ကနေ ငိုင်မြဲ ငိုင်သွားတာကို အစအဆုံး မြင်လိုက်မိတယ်။ ဦးတော်တော်ကို ကြည့်ပြီး ဦးအောင်တိုး ရင်ထဲမှာလည်း တင်းတင်းဆို့ဆို့ ဖြစ်လာမိတယ်။

စကားစက ပြတ်သွားလိုက်တာ ဘာစကားမှ မပြောဖြစ်ပြန်ဘူး။ လူသုံးယောက် ရှိတဲ့ အခန်းထဲမှာ လူကြီး နှစ်ယောက်က ငေးငေးငူငူကြီးမို့ သန့်ဇင်လည်း အသာငြိမ်ပြီး တအိမ်လုံးကို အကဲခတ် နေမိတယ်။ ဓာတ်ပုံတွေကလည်း နံရံမှာ ချိတ်ထားမြဲ။ ခုတင်တွေ၊ ပရိဘောဂတွေကလည်း နေသားတကျပဲ။ တခန်းလုံး တိတ်သွား လိုက်တာများ လူတယောက်မှ မရှိတဲ့ အခန်းတခုနဲ့ တူနေတယ်။ ရေခဲတိုက်လို တိတ်ဆိတ်နေတယ်။ နောက်ဆုံးမှ ရောက်လာတဲ့ သန့်ဇင် ဆီကိုလည်း လူကြီးတွေ တွေးနေမိတဲ့ စိတ်မကောင်းစရာ ကိစ္စကြီးက ကူးစက်သွားတယ်လေ။ ဆိတ်ဝါးသလို ဝါးနေတဲ့ ကွမ်းကိုလည်း ဆက်မဝါး ဖြစ်တော့ဘူး။ ပါးစပ်မှာ ငုံလို့ပဲ ထားလိုက်တယ်။ ကွမ်းသွေးတောင်သူ ထ မထွေးတော့ဘူး။

နောက်ဆုံးပေါ် ကားလေး တစင်း အိမ်ရှေ့ ထိုးဆိုက်လာတယ်။ အရောင်က ရဲရဲလွင်လွင်လေး။ ကားလေးက စက်နှိုးထားမှန်းတောင် မသိသာဘူး။ ဦးတော်တော်က ပါးစပ်က ဟော ... လာကြပြီ ထင်တယ် ဆိုတဲ့ အသံကြားတော့ ဟိုသားအဖလည်း ခေါင်းထောင် ကြည့်မိတယ်။ ကားမောင်း လာတဲ့သူက ဦးတော်တော်တို့ဘက် လှမ်းကြည့်နေတယ်။ သူ့ခေါင်းရဲ့ နံဘေးက မျက်နှာတခြမ်း ပေါ်လာတယ်။ ကိုညီအောင်ရဲ့ မျက်နှာမို့ သူတို့ပဲဆိုတာ သေချာ သွားပြီလေ။ သန့်ဇင်ကတော့ တိုယိုတာ ဆီလီကာလေး အဖေ တဲ့။

ကားကလေး ထိုးရပ်လိုက်ကတည်းက ဦးတော်တော် ရင်ထဲမှာ ဟာတာတာနဲ့ ခံစားနေရတာ သူတို့မှန်း သေချာသွားတော့ ကိုယ်ခံစားနေရတဲ့ ရောဂါဟာ ကင်ဆာပဲလို့ သိသွားတဲ့ လူမမာ တယောက်လို အားကိုးရာ မဲ့သွားရှာတယ်။ ကိုညီအောင်ရဲ့ နှုတ်ခမ်း အစွန်းတွေက အထက်ကို တက်လို့။ ဦးတော်တော်တို့ဆီ သူအရင်ဆုံး ဆင်းလာတယ်။ ဟိုလူကတော့ ကားမှန်တွေ တင်ပြီးမှ ကားတံခါးကို အသာအယာ ပိတ်လိုက်တယ်။ ကိုညီအောင် ပိတ်တုန်းကလောက် ကားတံခါး ပိတ်သံက မမြည်ဘူးပေါ့။ ကားတံခါး သော့ခတ်တာကို သေချာအောင် အပြင်ကနေ တချက် ဆွဲကြည့်သေးတယ်။ ကိုညီအောင် ထိုင်ခဲ့တဲ့ ဘက်ရော။ ပြီးမှ ကားနောက်ဖုံး သော့ပေါက်ထဲကို သော့ထိုးထည့်ပြီး ဖွင့်လိုက်တယ်။

ဦးလေးတော်ရေ ... ကျွန်တော်တို့ နည်းနည်း နောက်ကျသွားတယ်ဗျာ တဲ့။ ဦးတော်တော် ဘာမှ ပြန်မပြောဘူး။ ပြုံးပဲ ပြုံးပြ နေမိတယ်။ ဒီလို ပြုံးပြနိုင်ဖို့ ဘယ်လောက် ကြိုးစားပြီး ပြုံးရတယ် ဆိုတာ သူကိုယ်တိုင်က လွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး။ ကိုမျိုးခင်က ချိန်းထားတဲ့ အချိန်အတိုင်း ရောက်တယ်။ ကျွန်တော်က ချမ်းအေးသာဇံထဲက တိုက်လေးတလုံးကိစ္စ မပြတ်သေးတာနဲ့ စကား ပြောနေရလို့။ ကျွန်တော့်ကြောင့် နောက်ကျသွားတာ။ အခန်း တခန်းလုံး တိတ်ဆိတ် နေရာကနေ အခုတော့ ကိုညီအောင် အသံလှိုင် နေတယ်။ သူ့ရဲ့ အသံဩကြီးက ပတ်ဝန်းကျင်နဲ့ နည်းနည်းမှ သဟဇာတ မဖြစ်ဘူးပေါ့။

ကိုညီအောင်ကလည်း ချက်ချင်း အကဲခတ်မိတယ်။ ဦးလေးတော်ရော ဟောဒီလူတွေပါ ဟန်ဆောင် နေကြတာ။ သူတို့စိတ်ထဲမှာ သိပ်ကြည်လင်ပုံ မရဘူးဆိုတာ ကိုညီအောင် သိလိုက်တယ်။ ဒေါ်ဒေါ်သွင်လည်း မီးဖိုထဲက ထွက်လာပြီး မောင်ညီအောင် စားပြီးခဲ့ပလားဟေ့ တဲ့။ ဒေါ်ဒေါ်သွင် စကားမရှိ စကားရှာပြောတာမှန်း ထိုင်နေတဲ့လူတွေ အားလုံးက ရိပ်မိတယ်။ ကိုညီအောင်ကလည်း ဟုတ် ဟုတ်ကဲ့ အခုပဲ ပြီးပါတယ် ဒေါ်ဒေါ် တဲ့။ ပြောပြီးမှ သူ့လိပ်ပြာ သူမလုံဘူး။ ဒီလို အလွဲလွဲ အချော်ချော်တွေ ဖြစ်နေကြမှန်း အရှေ့ဘက် နံရံက တိုင်ကပ် နာရီကြီးက ပိုသိသေးတယ်။ သန့်ဇင်က သူ့ကွမ်းယာထုပ်ကို ကိုညီအောင်ဆီ လှမ်းပေးလိုက်တယ်။ ဟိုလူက အိတ်တအိတ်ကို မ ချလာနေတယ်။ သူ မလာတဲ့ အိတ်မျိုးကို တချို့ကလည်း မြွေရေခွံအိတ် တဲ့။ တချို့ကတော့ ပီနန်အိတ်လို့ ခေါ်ကြတယ်။ ကိုညီအောင်က လွဲလို့ ကျန်တဲ့လူတွေရဲ့ မျက်လုံးက သူတို့ဆီ လျှောက်လာနေတဲ့ ဟိုလူဆီ ရောက်နေ ကြတာပေါ့။ လူစိမ်းကို ကြည့်ပြီး ဦးတော်တော် ရင်ထဲမှာ တင်းကျပ်နေတဲ့ ဒဏ်ကို တိုးပြီး ခံစားနေတယ်။ သူ့ တသက်မှာ တခါမှ ဒီလို မခံစားဖူးဘူး။ သူရှူနေတဲ့ လေတွေ မရှိကြတော့ဘူးလား။ အသက်ရှူ ရတာလည်း မဝဘူး။ ဟိုလူက တဖြည်းဖြည်း နီးလာနေပြီ။ ဦးတော်တော် တဖြည်းဖြည်းချင်း ကြိုးစားပြီး ပြုံးနေမိတယ်။ ရင်ထဲမှာတော့ အောင့်နေတုန်းပဲ။

မြွေရေခွံအိတ်ကို ခုံတန်းရှည်ပေါ်မှာ တင်ပြီးတဲ့အခါ ဦးလေးနဲ့ ဒေါ်ဒေါ် ဒါ ကိုမျိုးခင်ပါ တဲ့။ နောက်ထပ် စကားစပ်စရာ စကားလုံး သူ စဉ်းစားနေတုန်း ကိုမျိုးခင် ဆိုတဲ့လူက ဦးတော်တော်ဆီ လက်ကမ်းလိုက်တယ်။ သူက ဒါမျိုးတွေ မျှော်လင့် မထားတာမို့ ပက်လက် ကုလားထိုင်ပေါ်က အမြန်ထပြီး ကိုမျိုးခင် ကမ်းတဲ့လက်ကို ဆွဲနှုတ်ဆက် လိုက်ရတယ်။ ကိုမျိုးခင်ရဲ့ လက်က အနွေးဓာတ်ရမှ ဦးတော်တော် သူ့ကိုယ်သူ သတိထားမိတယ်။ သူ့ လက်ဖဝါးတွေက ချွေးစေးတွေနဲ့ အေးစက် နေပါပေါ့လား။ အပျိုလေး တယောက်ရဲ့ လက်လို နူးညံ့တဲ့လက်ကို ဆုပ်ကိုင်ရင်း ဘာစကားပြောရရင် ကောင်းမလဲလို့ အမြန်တွေး နေမိတယ်။ တခုခုတော့ ငါ့ပါးစပ်က ထွက်သင့်တယ်။ တခွန်း။ စကား တခွန်းတည်း။ ထိုင်ပါဦး ခင်ဗျာ ဒီဘက် ကုလားထိုင်မှာ ထိုင်ပါတဲ့။ ဦးအောင်တိုးက ဝင်ပြောတယ်။ ဒီတော့မှ ဟုတ်တယ်၊ ဒီမှာ ထိုင်ပါ ကိုမျိုးခင် တဲ့။ ဒါ ဦးတော်တော် တော်တော့် ကြိုးစား အားယူပြီး ပြောလိုက်တဲ့ ပဋိသန္ဓာရ စကားပဲ။

အခန်းထဲမှာ ရှိနေတဲ့ လူတွေအားလုံး စကား အဆက်ပြတ် သွားကြပြန်တယ်။ ဘာမှ မပြောကြပဲ တခန်းလုံး ပြန်တိတ်သွားတယ်။ တယောက်မျက်နှာ တယောက် ကြည့်လိုက်ကြ၊ ပြုံးစရာ မဟုတ်ဘဲ ဟန်ပြုံး ပြုံးလိုက်ကြနဲ့။ ဒီလို တိတ်နေတာ မကောင်းမှန်း သိလို့ ဦးတော်တော်ကပဲ ကိုမျိုးခင်က မန္တလေး မြို့ပေါ်ကပဲလား၊ မန္တလေး ဇာတိလားလို့ လွှတ်ခနဲ မေးလိုက်တယ်။ ဒီလို မေးပြီးပြီးချင်း မှားသွားပြီ။ သူများကိစ္စ စပ်စုမိပြီလို့ တွေးမိပြီး အားနာ သွားမိတယ်။ ဖြစ်နေတဲ့ အခြေအနေနဲ့ သူမေးလိုက်တဲ့ မေးခွန်းကလည်း မလိုက်ဖက်လှဘူး။ သူ ... ဒီမြို့ကို ရောက်လာတာ သိပ်မကြာသေးဘူး ဦးလေးရဲ့ တဲ့ ကိုညီအောင်က ဝင်ဖြေပါတယ်။ ခဏနေတော့ ဒေါ်ဒေါ်သွင်က မီးဖိုဘက် ပြန်ထွက်သွားတယ်။ ဟိုလူကတော့ ပြုံးလို့ပဲ နေတယ်။

ကိုမျိုးခင်ကိုတော့ ရောက်ကတည်းက အားလုံးက အကဲခတ် ကြည့်နေကြတာ။ လူက အသက်ငယ်ငယ်ပဲ။ အရွယ်ကောင်း။ အသက် သုံးဆယ့်ငါးနဲ့ လေးဆယ် အတွင်းလို့ သူ မှန်းတယ်။ ညာဘက်လက်က ရွှေရောင်နာရီနဲ့ ဝါဝင်းတဲ့ သူ့အသားနဲ့ ကြည့်ကောင်းလှတယ်။ ဘယ်ဘက် လက်သူကြွယ်မှာ စိမ်းရွှင်နေတဲ့ လက်စွပ်တကွင်း စွပ်ထားတယ်။ ဝတ်ဆင်ထားပုံက သပ်သပ်ရပ်ရပ်။ အဖိုးထိုက်တဲ့ အဝတ်အစား အသစ်တွေလို့ပဲ ဦးတော်တော် အကဲခတ်တတ်တယ်။ တန်ဖိုးတော့ မသင့်တတ်ဘူး။

ခုံတန်းရှည်ပေါ်က မြွေရေခွံအိတ်ကို ကိုမျိုးခင်က အလယ်စားပွဲကို မ လာတယ်။ မြွေရေခွံအိတ်မှာ ပါလာတဲ့ ငွေစက္ကူတွေ ကို အပြင်ကနေ ဖောက်မြင် နေရတယ်။ ဒီငွေတွေကို သူယူပြီးရင် ဒီမြေနဲ့ ဒီအဆောက်အအုံက သူတို့ မပိုင်တော့ဘူး။ ကိုမျိုးခင်တို့ တက်နေကြတော့မယ်။ သူတို့ လင်မယား ဒီတိုက်က ဖယ်ပေး ရတော့မယ်။ သူတို့မှာ ရှိနေတဲ့ အခြေအနေနဲ့ သင့်တော်မယ့် ရေကြည်ရာ အရပ်ကို ပြောင်းပေးရတော့မယ်။ ရပ်ကွက် အသစ်မှာ နောက်မှ ရောက်တဲ့ လူသစ်တွေ ဖြစ်ရတော့မယ်။

ကိုမျိုးခင်က မြွေရေခွံအိတ်ကို စုချည်ထားတဲ့ နိုင်လွန်ကြိုးကို ဖြေနေတယ်။ ငွေချေ ပြီးပေမယ့် ရက်နှစ်ပတ်လောက် ဆက်နေချင်းသေးတဲ့ ကိစ္စ ကိုညီအောင့်ကိုပဲ အပြော ခိုင်းထားတာ သူပြောမှ ပြောဖြစ်ရဲ့လား။ ဒီအကြောင်းကို ဘယ်တော့ အစဖော်ရရင် ကောင်းမလဲ။

နိုင်လွန်ကြိုးကလည်း ခေါက်တွန့် ချည်ထားတာမို့ တချက် ဆွဲလိုက်ရုံနဲ့ အထုံးက ပြေသွားတယ်။ ဦးတော်တော်ရဲ့ နှလုံးခုန်သံက မြန်နေသလိုပဲ။ သူ့ နှလုံးခုန်သံကို သူ ပြန်ကြား နေမိတယ်လို့ သူ ထင်နေတယ်။ ငွေကိုတော့ အပြေမချေဘဲ သူတို့ ပြောင်းသွားမှ အပြေချေလိုက်မယ် ဆိုတာ တွက်ထားပြီးသား။ ဘယ်လောက် ချန်မှာပါလိမ့်။ တိုက်ပုံထဲက လက်ကိုင်ပုဝါလေးကို ထုတ်ပြီး နဖူးမှာ စို့နေတဲ့ ချွေးကို အသာ တို့နေမိတယ်။

သူ့အဖေက ပွဲစားတွေကို ပဲ နမူနာတွေ တင်တင်ပြနေကျ စားပွဲ အရှည်ကြီးပေါ်ကို မြွေရေခွံအိတ်ထဲက ပိုက်ဆံတွေ သွန်လိုက်တယ်။ အိတ်ရဲ့ ဖင်မြီးထောင်စွန်းနှစ်ခုကို ဆွဲမပြီး ဆန်ကွဲတွေ၊ ဖွဲတွေ သွန်သလို သွန်ချလိုက်တာ စားပွဲပေါ်မှာ ငွေစက္ကူတွေ အစည်းလိုက် လိမ့်ဆင်းလာကြတယ်။ ပိုက်ဆံ သုံးလေးစည်းကတော့ စားပွဲစွန်းကို ကျော်ကျသွားတယ်။ အစိမ်းရောင်၊ စိမ်းပြာရောင်၊ ကြက်သွေးရောင်၊ စိမ်းညိုရောင် စက္ကူတွေ။ ငွေစက္ကူပုံကြီး ထဲမှာ ကြက်သွေးရောင်တွေ လွှမ်းနေတယ်။ အမှန်အတိုင်း ဝန်ခံရရင် ဦးတော်တော် တသက်မှာ ဒီလောက်များတဲ့ ငွေတွေ တခါမှ မကိုင်ဖူးဘူး။

မျက်စိရှေ့တည့်တည့်ကဟာတွေ ကြည့်ပြီး ကြက်သေသေ နေမိတယ်။ ဝမ်းနည်းစိတ်၊ နှမြောစိတ်၊ အံဩစိတ်၊ မယုံကြည်နိုင်တဲ့စိတ်တွေ ကြားမှာ ကျေးဇူးရှင် မိခင် ဖခင်ကြီးတွေကို သတိရတဲ့ စိတ်က ဝင်လာပြန်ပြီး ငိုင်နေမိတယ်။

ကိုမျိုးခင်ရဲ့ စကားသံကို ကြားလိုက်ရတော့မှ သတိ ပြန်ဝင်လာတယ်။ ဘာလဲ ဘာလဲ။ ဒီလူ ဘာပြောလိုက်တာလဲ။ ဦးတော်တော် အိပ်မက်ဆိုး မက်ရာက လန့်နိုးတဲ့ လူတယောက်လိုပဲ ဟိုကြည့် ဒီကြည့်နဲ့။

ကိုညီအောင်က ဦးတော်တော် နားမလည်မှန်း သိတယ်။ ဒါကြောင့် ပြန်ပြောပြတယ်။ ကိုမျိုးခင်က သူ့ငွေကို သေသေချာချာ ရေပြီး ယူလာတာ မဟုတ်ပါဘူး တဲ့။ အစည်းလိုက် ကောက်ထည့် လာတာပါ တဲ့။ အဲဒါကို ဟောဒီက လေးအောင်တိုးတို့ ငါ့ညီ မောင်သန့်ဇင်တို့က သေသေချာချာ စစ်ပြီး ရေတွက်ယူကြ။ လိုရင် ဘယ်လောက် လိုတယ် ဆိုတာပြော။ ကိုမျိုးခင်က ဖြည့်ပေးလိမ့်မယ်။ ဖြည့်ပေးစရာ သပ်သပ် ယူလာခဲ့တယ် တဲ့။ ဒါကြောင့် ဟုတ်တာပေါ့။ သေသေချာချာ ရေရမှာပေါ့လို့ ဦးအောင်တိုးရော သန့်ဇင်ပါ တွေးလိုက်ကြတယ်။

ဦးအောင်တိုးက လက်ဖက်ရည် အကြမ်း ပန်းကန်လေးထဲကို ရေနည်းနည်း ထည့်ပြီး သူ့အနား ယူလိုက်တယ်။ ပိုက်ဆံတွေ ရေရင်း လက်မနဲ့ လက်ညှိုး ရေဆွတ် ရအောင်လို့။ သန့်ဇင်က ပါးစပ်ထဲက ကွမ်းတွေကို ထွေးခံထဲ ထွေးချလိုက်တယ်။ ငွေစက္ကူတွေကို စပြီး ရေတွက်တော့ ကိုညီအောင်က သူများ မမြင်အောင်လို့ တိုက်ရဲ့ တံခါးမကြီးကို ထပြီး စေ့မလို့ ကိုမျိုးခင်က နေပါစေ မပိတ်ပါနဲ့ ဆိုတဲ့ သဘောနဲ့ လက်ကာပြတယ်။

ဦးတော်တော်ရဲ့ ရင်ထဲမှာ ခံစားလှုပ်ရှား နေသလောက် ကိုမျိုးခင်ကတော့ ဘာခံစားချက်မှ မရှိသလိုဘဲ။ သစ်သား ကုလားထိုင်ပေါ်မှာ အေးအေးဆေးဆေး ထိုင်နေတယ်။ ကိုမျိုးခင်က တိုက်လေးရဲ့ နောက်ဖေးကို ဝင်ကြည့်ဖို့ဆိုတာ ဝေးလို့ တပတ်တောင် လှည့်ပတ် မကြည့်ဘူး။ ဒါ ပထမဆုံး အကြိမ် ဒီတိုက်လေးရဲ့ အရိပ်ကို သူ နင်းဖူးတာပါ။ တိုက်ဝယ်တဲ့ လူက ငွေလာချေတာနဲ့ မတူဘူး။ ကိုယ့်အိမ် ကိုယ့်ယာ ပြန်လာတဲ့ လူလိုပဲ။

ဦးအောင်တိုးတို့ သားအဖက ဖြည်းဖြည်းနဲ့ မှန်မှန် ရေတွက် နေကြတယ်။ ရေပြီးသား ပိုက်ဆံ အစည်းတွေကို သပ်သပ်ဖယ် ထားကြတယ်။ ကိုမျိုးခင်က ငွေစက္ကူတွေကို တသောင်းစီ စည်းလာခဲ့တယ်။ သန့်ဇင်ကတော့ ကိုးဆယ်တန် အစည်း တစည်းကို ဖြေပြီး ရေနေတယ်။ ဦးတော်တော်က ငေါင်းစင်းစင်း ငုပ်စိစိနဲ့ အသာထိုင်ရင်း နှမြောစိတ်၊ အားငယ်စိတ်၊ ဝမ်းနည်းစိတ်တွေ တလှည့်စီ ခံစားနေရတယ်။ အလကား သက်သက်မဲ့ ထိုင်နေရာက စိတ်မွန်းကျပ် လွန်းတာနဲ့ ငွေစက္ကူတွေ ဟိုသားအဖ နည်းတူ ရေရ ကောင်းမလားလို့ စဉ်းစားမိတယ်။ သူ စိတ်လှုပ်ရှား နေတာတော့ အမှန်ပဲ။ ဒီလို စိတ်လှုပ်ရှား နေရင်တော့ ငွေစက္ကူ ရေတွက်တဲ့ နေရာမှာ အမှား ပါသွားနိုင်တယ်။ ဒါပေမယ့် ဝမ်းနည်းစိတ်ကို ငွေစက္ကူတွေ ရေတွက်ရင်း သူ ချေဖျက်ပစ်ချင် နေတယ်။ ငွေစက္ကူ ရေတဲ့ အလုပ်ကို လုပ်သင့် မလုပ်သင့် သူစဉ်းစား နေမိတယ်။ နောက်ဆုံးတော့ သမံတလင်းကို ကြည့်နေတဲ့ ခေါင်းကို မော့လိုက်တယ်။ သူဆုံးဖြတ်ချက် ချလိုက်တယ်။ ရေမယ်။ ငွေစက္ကူတွေကို ရေမယ်။ ဒါမှ ကိစ္စ မြန်မြန်ပြတ်မယ်။ ကိစ္စပြီးပြတ်ရင် ကိုမျိုးခင်တို့ ကိုညီအောင်တို့ ပြန်သွားကြလိမ့်မယ်။ သူတို့ မရှိရင် သူ ခံစား နေရတာတွေ တော်တော်သက်သာ သွားလိမ့်မယ်လို့ သူ တွေးမိတယ်။ ဘဏ်ထုပ်တွေကို သူအရင်ရှာကြည့်တယ်။ တထုပ်မှ ပါမလာဘူး။

ဦးတော်တော် ငွေစက္ကူ တစည်းကို လှမ်းယူလိုက်တယ်။ ပွဲစား ကိုညီအောင်က အံ့ဩတဲ့ အကြည့်နဲ့ ဦးလေးတော်ကို ချက်ချင်း လှမ်းကြည့်နေတယ်။ အံ့ဩတဲ့ အကြည့်ထဲမှာ ဦးလေးနှယ် မနေတတ်မထိုင်တတ် ရှိလိုက်တာဗျာ ဆိုတဲ့ အပြစ်တင် အကြည့်ပါ စွက်လို့ပေါ့။ ဦးတော်တော်က ကိုညီအောင်ရဲ့အကြည့်ကို ခံနိုင်စွမ်း မရှိဘူး။ မသိဟန် မမြင်ဟန် ဆောင်လိုက်တယ်။ ကိုညီအောင်ရဲ့အကြည့်က ဦးတော်တော်ရဲ့ နှလုံးသားထဲ စွဲနေတယ်။

တသောင်းထုပ် တထုပ်ကို သူ ဖြေလိုက်တယ်။ လက်သည်းက သိပ်မတိုပါဘဲနဲ့ ဘန်ချည်ကြိုးကို ဖြေလို့ မရဘူး။ သူ့လက်တွေက သူ့စိတ် လှုပ်ရှားနေကြောင်း သက်သေခံ နေတယ်။ တော်တော့်ကို ကြိုးစားပြီး ဖြေယူရတယ်။ ဆယ်တန် တအုပ်ကို ဖြည်းဖြည်းချင်း ရေတွက်လိုက်တယ်။ ညာဘက် လက်ညှိုးနဲ့ လက်မက ငွေစက္ကူရဲ့ အစွန်းကို တရွက်ချင်း ပွတ်သပ် လှန်ပေးနေတယ်။ ဘယ်ဘက် လက်ညှိုးနဲ့ လက်ခလယ်က ငွေစက္ကူတွေကို လှေကားထစ် တထစ်ချင်း တက်သလို ဖိနင်းကျော်ဖြတ် ရေတွက်နေတယ်။ ဘယ်ဘက် လက်ဖနောင့်က ငွေစက္ကူရဲ့ ထောင့်စွန်းတခုကို စွဲစွဲမြဲမြဲ ဖိထားတယ်။ တစ် ... နှစ် ... သုံး ... လေး ... ငါး ... ခြောက် ... ခုနစ် ... ရှစ် ... ကိုး ... တဆယ်။ တဆယ်ပြီးတော့ ဆယ့်တစ်လို့ မရေဘူး။ တစ်ကနေ စပြီး ရေတယ်။ တောက်လျှောက် ဆက်ရေသွားလိုက်တာ နောက်တခါ ကိုးပြီး နှစ်ဆယ်လို့ ရေတယ်။ ဒီလိုနည်းနဲ့ ရေတာ လက်ထားပုံသိုပုံ အားလုံးက ဦးတော်တော် ဖခင်ကြီး သင်ပေးသွားတဲ့ နည်းတွေပေါ့။ ဖြည်းဖြည်းမှန်မှန် ရေတွက်သွားလိုက်တာ တထောင်ထုပ် တထုပ် ပြီးသွားရော။ တရွက်မှ မလျော့ဘူး။ တရွက်မှလည်း မပိုဘူး။ ကွက်တိပဲ။

သန့်ဇင်က သူ ရေပြီးသား ပိုက်ဆံတွေကို သီးသန့် ပုံထားတယ်။ ဦးအောင်တိုးလည်း သူရေတဲ့ငွေကို သပ်သပ်တပုံ ပုံထားတယ်။ ဦးတော်တော်က နောက်ထပ် တထောင်ထုပ် တထုပ်ကို ကောက်ကိုင် လိုက်တယ်။ ခုနကလိုပဲ တရွက်ချင်း စရေတယ်။ ဒီလို ရေနေရင်းနဲ့ ကိုညီအောင် သူ့ကို စိုက်ကြည့်နေတုန်းပဲလို့ ခံစားနေရတယ်။ ကိုမျိုးခင်က ထိုင်ရာက အသာထပြီး သူ့ကားဆီ ထွက်သွားတယ်။ ငွေစက္ကူ ရေနေတဲ့ကိစ္စ သူနဲ့ ဘာမှ မဆိုင်သလိုဘဲ။ လျော့ချင်လဲ လျော့ပစေ။ မသမာမှု လုပ်ကြမယ့် လူတွေ မဟုတ်မှန်းသိလို့ ထသွားတဲ့ ပုံစံပဲ။ ငွေတွေ ရေနေတဲ့ လူရော မရေဘဲ ကျန်ခဲ့တဲ့ ကိုညီအောင်ရော မသမာမှု လုပ်ဦးတော့ ဂရုမထားတဲ့ ပုံစံနဲ့။ နောက်ကို တချက် လှည့်မကြည့်ဘူး။ ဟေ့ကောင်တွေ စေ့စေ့စပ်စပ် ရေကြနော်လို့ ဦးတော်တော်က သူ့ညီနဲ့ တူကို လှမ်းပြောချင်တယ်။ ပြောရရင် ကောင်းမလား။ ပြောသင့်တယ်။ ပြောရမယ့် စကားပဲ၊ ဒါပေမယ့် ကိုမျိုးခင် ကွယ်ရာ အခုလို အချိန်မှာ ဘာစကားမှ မပြောတာ အကောင်းဆုံးပဲ မဟုတ်လား။ တမျိုးတမည် အထင်မခံနိုင်ဘူး။

ခြောက် ... ခွန် ... ရှစ် ... ကိုး ... ရှစ်ဆယ် ...။

တစ် ... နှစ် ... သုံး ... လေး ...။

ဟိုလူက ကားထဲ ကျန်ခဲ့တဲ့ ရွှေရောင် စီးကရက်ဘူးကို ယူပြီး အိမ်ဘက် ပြန်လျှောက် လာနေတယ်။ ဒီတော့မှ ဦးတော်တော် ဆေးလိပ် မတည်မိတာကို သတိရမိ အားနာမိ ပြန်တယ်။ ဆေးပေါ့လိပ် တည်လည်း သောက်မယ့် လူစားတော့ မဟုတ်ပါဘူး။ သူ ရေနေတဲ့ အထုပ်က ရွက်တရာ မပြည့်ဘဲ ကိုးဆယ့်ရှစ်ရွက်ပဲ ရှိနေတယ်။ ဒီလို ရေရင်းနဲ့ ရင်ထဲကလည်း တထိတ်ထိတ်နဲ့။ မလျော့စေချင်ဘူး။ တကယ်လို့ ငွေစက္ကူက လျော့နေရင်ကော၊ လျော့တယ်လို့ ပြောလို့ ကောင်းပါ့မလား။ ဦးအောင်တိုးတို့ သားအဖ ရေနေကြတာ တော်တော် ကြာနေပြီ။ တယောက်ကမှ တရွက် လျော့တယ်လို့ ပြောသံ မကြားမိဘူး။

ငါး ... ခြောက် ... ခွန် ... ရှစ်

ကြံကြံဖန်ဖန် သူရေတဲ့ အထုပ်ကမှ လာလျော့ ရတယ်လို့။ ဦးတော်တော်က ဦးအောင်တိုး ထည့်ထားတဲ့ အကြမ်း ပန်းကန်ထဲက လက်ဖက်ရည်ကြမ်းကို လှမ်းဆွတ်ပြီး ရေနေရာက ဒီအထုပ်တော့ ပါးစပ်ကနေ တံတွေးဆွတ်ပြီး ဆက်ရေ နေမိတယ်။

ခွန် ... ရှစ် ... ကိုး ...။

ကိုးတွင် ရပ်ထားလိုက်တယ်။ လေပူတွေ မှုတ်ထုတ်လိုက်တယ်။ အောက်ဆုံးမှာ တရွက် ကျန်တာကို ထည့်ရေ မနေတော့ဘူး။ တော်သေးရဲ့၊ ဦးတော်တော် လက်ကိုင်ပုဝါလေးကို နှိုက်ထားလိုက်ပြီး တိုက်ပုံအင်္ကျီကို ချွတ်ပစ်လိုက်တယ်။ ကိုညီအောင်ကတော့ ဦးလေးဘာသာ လုပ်ချင်တာလုပ် သူတော့ ဘာမှ မပြောချင်ဘူး ဆိုတဲ့ အချိုးနဲ့ တဖက် လှည့်နေတယ်လေ။ လက်ထဲမှာတော့ ကိုမျိုးခင် တည်တဲ့ စီးကရက်တလိပ် မီးညှိလျက်သား။

စက္ကန့်နဲ့အမျှ ရေတွက် နေလိုက်ကြတာ အတော် ကြာသွားပြီ။ ကိုမျိုးခင် ယူလာတာရဲ့ လေးပုံတပုံလောက် ရှိသွားပြီလေ။ ဘယ်သူ့ဆီကမှ တရွက် လျော့တယ်လို့ ပြောသံ မကြားရဘူး။

ဦးတော်တော် လေးဆယ့်ငါးကျပ်တန် အစည်း တစည်းကို ကောက်ကိုင်လိုက်တယ်။ ကိုမျိုးခင်ကတော့ လုပ်သား ပြည်သူ့နေ့စဉ် သတင်းစာကို ကောက်ဖတ်နေတယ်။ ကိုညီအောင်ကလည်း စီးကရက်ကို အားပါးတရ ဖွာရင်း ဘာတွေ အကြံထုတ်နေတယ် မသိ။ အရှေ့ဘက် ပြတင်းပေါက်ကနေ အပြင်ကို လှမ်းမျှော် ကြည့်နေတယ်။ ဒူးကလည်း တဇတ်ဇတ်နဲ့ နန့်လို့။

ဦးတော်တော် သေသေချာချာ ရေတာပါပဲ။ လေးဆယ့်ငါးကျပ်တန် အုပ်က တရွက် လျော့နေတယ်။ ဒီတခါလည်း သေချာအောင် နောက်တကြိမ် ပြန်ရေတယ်။ ကိုးဆယ့်ကိုးရွက်ပဲ ရှိတယ်။ ဆယ့်တသိန်းထဲက လေးဆယ့်ငါးကျပ်တန် တရွက် လျော့တယ်။ တရွက် လျော့တယ်လို့ ပြောရမှာ သူ ဝန်လေး အားနာ နေမိတယ်။ ဒီအထုပ်ကို ကိုင်ပြီး ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစား နေမိတယ်။ သူရေတဲ့ အထုပ်မှ လာလျော့ရတယ်လို့။ သန့်ဇင်ကို လှမ်းကြည့်တော့ ဂရုတစိုက် ရေနေတာ သူတွေ့နေရတယ်။ သန့်ဇင်ရဲ့ ရေလက်စ အထုပ်ကို ပြီးအောင် စောင့်ပြီးတော့ သူ့လက်ထဲက လေးဆယ့်ငါးကျပ်တန် အုပ်ကို သန့်ဇင်ဆီ ကမ်းလိုက်တယ်။ အသံအုပ်အုပ်နဲ့ တရွက် လျော့နေတယ်လို့ ပြောရင်း လက်ညှိုးတချောင်း ထောင်ပြလိုက်တယ်။ လက်ညှိုးလေးက မသိမသာ တုန်ယင် နေတယ်လေ။ ကိုမျိုးခင်က သတင်းစာ ဖတ်နေရာက သတင်းစာကို ချပြီး လှမ်းကြည့်လိုက်တယ်။ ဘာများပြောမလဲလို့ ဦးတော်တော် နားစွင့် နေမိတယ်။ ကိုမျိုးခင်က သတင်းစာကို ပြန်ကောက်ဖတ်တယ်။

သူ့ဟာသူ မနေတတ် မထိုင်တတ် ဖြစ်ပြီး သန့်ဇင် တရွက် လှန်လိုက်ရင်း သူ့ပါးစပ်က ဂဏန်းတလုံး ရေရွတ်ရင်းနဲ့ လိုက်ရေ နေမိတယ်။ သန့်ဇင်က ပိုပြီးတော့ စေ့စေ့စပ်စပ် ရေနေတာ သိသာလှတယ်။ အရွက်တရာထုပ်က ထူရာကနေ တဖြည်းဖြည်း ပါးပါး လိုက်လာတယ်။ ဦးတော်တော်မှာ ဟုတ်ပါ့မလား၊ ဟုတ်ပါ့မလား၊ တထိတ်ထိတ်နဲ့ စီရင်ချက် နားထောင် နေရတဲ့ တရားခံ တယောက်လို ဖြစ်နေရှာတယ်။ သူနံဘေးက လိုက်ရေ နေရတာနဲ့ သန့်ဇင် ပြောလိုက်တာနဲ့ တထပ်တည်းပဲ။ သန့်ဇင်က လျော့နေတဲ့ ငွေစက္ကူထုပ်ကို ကိုမျိုးခင်ဘက် ထိုးပေးရင်း ရေကြည့်ပါဦး ဆိုတော့ ပြုံးပြီး ခေါင်းကို ဖြည်းဖြည်းချင်း ယမ်းပြတယ်။ သူ့ဘာသာ ဘေးမှာ သီးသန့် ဖယ်ထားတဲ့ အထဲက လေးဆယ့်ငါးကျပ်တန် တရွက်ကို ယူပြီး သန့်ဇင်ဆီ လှမ်းပေးလိုက်တယ်။ ကိုးဆယ်တန် လျော့ရင် ကိုးဆယ်တန် ဖြည့်ပေးဖို့ ကိုးဆယ်တန် အစည်းက သပ်သပ်၊ ဆယ့်ငါးကျပ်တန်၊ ဆယ်တန်၊ ငါးကျပ်တန် အစည်းတွေက သပ်သပ်။ တိုက်ဖိုး ချေရမယ့် ဆယ့်တသိန်းနဲ့ မရောဘူး။

ရေပြီးသား ငွေစက္ကူတွေ များလာလေလေ ဦးတော်တော်ရဲ့ အားတွေ အင်တွေ လျော့သွားလေလေ ဖြစ်နေတယ်။ သူ့ကိုယ်သူလည်း ခြေမသယ်ချင် လက်မသယ်ချင်နဲ့ သွေးတွေ အလွန်အမင်း ထွက်ထား ယိုထားတဲ့ လူတယောက်လိုပဲ။ ဦးအောင်တိုး ရေတဲ့ အထုပ်ကလည်း နှစ်ရွက် လျော့ပြန်သတဲ့။ သန့်ဇင်က သူ့အဖေက နှစ်ရွက်လျော့တယ် ဆိုတဲ့ အထုပ်ကို ယူပြီး သေချာအောင် နောက် တခေါက် ပြန်စစ်မယ်လုပ်တော့ ကိုမျိုးခင်က ထုံးစံအတိုင်း ပြုံးပြီးပြောတယ်။ ဦးအောင်တိုးက ဘာပြောမှန်း မသိဘူး။ လက်ကလည်း မရေပါနဲ့တော့ ဆိုတဲ့ သဘောနဲ့ လက်ဝါးနဲ့ ကာပြတယ်။ ပြီးတော့ သီးသန့် ဖယ်ထားတဲ့ အထဲက ဆယ့်ငါးကျပ်တန် နှစ်ရွက် ထုတ်ပေးလိုက်တယ်။ ကိုမျိုးခင်က အချိန်ကုန် ခံချင်ပုံ မပေါ်ဘူး။ မယုံသင်္ကာလည်း ဖြစ်ပုံ မပေါ်ဘူး။ ဒီလောက် ပိုက်ဆံမှ မဟုတ်ဘူး။ ကိုးရာ တထောင် လျော့တယ်ဆိုလည်း ပေးမယ့်စတိုင် အပြည့်နဲ့။ စီးကရက်တလိပ်ကို မီးညှိပြီး သတင်းစာကို ဆက်ဖတ် နေပြန်တယ်။ သူ့ကြည့်ရတာ ခံစားချက်ရှိတဲ့ လူသားတယောက်နဲ့ မတူဘူး၊ စက်ရုပ် တရုပ်လိုပဲ။ သိပ်ပြီး အေးဆေးလှတယ်။

နာရီဟောင်းကြီးရဲ့ ချိန်သီး လွှဲသံနဲ့ ငွေစက္ကူ ရေသံတွေပဲ တိုးတိုးလေး ကြားနေတယ်။ ရေလက်စ အထုပ်ပြီးတော့ ဦးတော်တော် ဆက်ရေချင်စိတ် မရှိတော့ဘူး။ ရင်ထဲမှာလဲ မွန်းကျပ်လှပြီ။ ဟိုးအရင်က ပိုက်ဆံ ရေရတာ ပျော်စရာ ကောင်းခဲ့ပေမယ့် အခုတော့ မတ်တဲ့ ချောက်ထဲက ခုန်ခုန်တက်ရသလို ပင်ပန်းလှတယ်။ အသက်ကို မျှင်းပြီး ခိုးရှူနေမိတယ်။ ပက်လက် ကုလားထိုင် ပေါ်မှာ မှီပြီး ထိုင်နေလိုက်တယ်။ ဦးတော်တော်က လွန်ခဲ့တဲ့ လေးလလောက်က ရှစ်သိန်းပဲရမယ် ဆိုတဲ့ သူ့အဆောက်အအုံကို ဆိုတဲ့ဈေး ဆယ့်တသိန်းနဲ့ လာဝယ်တဲ့ ကိုမျိုးခင်ကို မျက်လုံးပြူးပြီး တွေတွေကြီး ကြည့်နေမိတယ်။ သူက သတင်း တပုဒ်ကို ဖြည်းဖြည်းဆေးဆေး ဖတ်နေတယ်။

စာကို တလုံးချင်း ပေါင်းဖတ်နေရသလို နှုတ်ခမ်း နှစ်ခုကလည်း ဖြည်းဖြည်းပဲ ဟိုလူက လှုပ်နေတယ်။

မောင်ညီအောင် ဦးလေးတို့ ဒီမှာ ရက်နှစ်ပတ်လောက် ဆက်နေချင်သေးတယ် ဆိုတဲ့အကြောင်း ကိုမျိုးခင်ကို ပြောပြီးပြီလားလို့ မေးလိုက်တယ်။ ငွေစက္ကူ ရေတဲ့ လူတွေလည်း ရေလက်စကို ရပ်ပြီး ကိုမျိုးခင် ဘာများ ပြောမလဲလို့ နားထောင် နေကြတယ်။ ကိုမျိုးခင်က ပြုံးပြုံးလေးနဲ့ ပြောတယ်။ သတင်းစာ ဖတ်တာ နှေးသလို စကား ပြောတော့လည်း နှေးနှေးပဲ သူပြောတယ်။ ကိုမျိုးခင် ပြောတာကို ကျန်တဲ့လူတွေ နားမလည်မှန်း သိလို့ ကိုညီအောင်က တခါထပ်ပြီး ပြောပြရတယ်။ နှစ်ပတ်နေမယ် ဆိုတာ နေနိုင်ပါတယ် တဲ့။ ငွေလည်း အပြေ ချေခဲ့မယ် တဲ့။ မချန်ပါဘူး တဲ့။ ပြောင်းပေးမယ် ဆိုတဲ့နေ့ ကျမှသာ ပြောင်းဖြစ်အောင် ပြောင်းပေးပါတဲ့။ ကိုညီအောင်က ရှင်းပြပေလို့သာပေါ့။ ကိုမျိုးခင်ရဲ့ ဝဲလွန်းတဲ့ စကားကို သူတို့ နားမလည်ကြဘူးလေ။

---

#ညီပုလေး 
#စပါးကြီးမြွေ

#shared_by_louis_augustine
#sbla

Comments