သည်ဓလေ့ // ဆင်ဖြူကျွန်းအောင်သိန်း

သည်ဓလေ့ // ဆင်ဖြူကျွန်းအောင်သိန်း

(City မဂ္ဂဇင်း၊ ၂၀၁၆)

---

(၁)

ရက်တွေပြောင်း၍ ရက်တွင် လဆောင်းကာ သုံးနှစ်ပင် ညောင်းခဲ့သော်လည်း မိစိန်းခင်၏ မျက်ရည်စမ်းမှာ မခန်းသွေ့နိုင်ခဲ့ပေ။

နေ့ရှိသရွေ့ မောင်ဘကျော် ရောက်လာနိုးဖြင့် ရွာရိုးလမ်းမသို့ မျှော်ကြည့်ခဲ့ရ၏။ ဘယ်ဆီဘယ်ရပ်တွင် ရောက်နေမှန်းမသိသူအား မျှော်တရတိုင်း လွမ်းမျက်ရည်သွယ်သွယ် ဝိုင်းရသည်။

နှုတ်ပြောမချိုသော်လည်း နှလုံးသားကတော့ ပျားသကာလို ချိုသောသူ။ ယောက်ျားပီသသောကိုယ်နှင့် အသွင်ကြမ်းတမ်းသလောက် မိမိနှင့် ရင်ဆိုင်တွေ့ရတိုင်း စကားတလုံးကိုပင် ဖြောင့်ဖြောင့်မထွက်နိုင်အောင် ရိုးအသူ မောင်ဘကျော်။ မိစိန်းခင်လို တောသူတယောက်၏ အမြင်အားဖြင့် လင်ယောက်ျားအဖြစ် သတ်မှတ်ထိုက်သော အရည်အချင်းများဖြင့် ပြည့်စုံသော မောင်ဘကျော်။

မောင်ဘကျော် ရောက်လာနိုးဖြင့် လေပွေမွှေ၍ ဖုန်လုံးကလေး ထသည်ကိုပင် မောင်ဘကျော် ပြန်လာလေပြီလားဟု လည်ကိုဆန့်ကာ ကြည့်ခဲ့ရသည်မှာ သုံးနှစ်ပြည့်ခဲ့ပေပြီ။ လူတွေ့တိုင်း မောင်ဘကျော်၏သတင်းကို မေးမြန်းစုံစမ်းရသည်မှာလည်း မိစိန်းခင်အတွက် သုံးနှစ်တင်းတင်းပြည့်ခဲ့ပြီ။

မောင်ဘကျော် ပြန်လာလေပြီလားဟု မျှော်ကြည့်ရတိုင်း မိစိန်းခင်မှာ ရင်မီးတောက်မတတ် ဗျာပါ‌ပွေရသည်။ မောင်ဘကျော်၏ သတင်းကို ကြားရလေမည်လားဟု မေးမြန်းစုံစမ်းပြီးတိုင်း မိစိန်းခင်မှာ မျက်ရည်စမ်းကို လှစ်ရသည်။ လွမ်းမျက်ရည်စိမ့်စိမ့်ယိုတိုင်း ဒေါသူပုန်များ သစ်ရ၏။ လွမ်းလျက်တွင် ဒေါသခြယ်လေလျှင် မိစိန်းခင်က မိမိနေထိုင်ရာ ပုရပိုက်တန်းရွာကို မုန်းတီးလာလေသည်။ ရွာကိုမုန်းတီးသည်နှင့်အမျှ ရွာပေါ်မှာ စီးမိုးနေသော ရိုးရာဓလေ့ဆိုးကြီးတရပ်ကို မိစိန်းခင်က ရိုးတွင်းခြင်ဆီထဲကပါ မုန်းရွံလာရလေသည်။ မိမိချစ်သော မောင်ဘကျော်အား မိမိ၏ရင်ခွင်မှ မောင်းထုတ်လိုက်သော မကောင်းဆိုးရွားမှာ မြတ်စွာဘုရား၏ ဒေသနာတော်တမျှ ဒီရွာသူ ရွာသားတို့ လိုက်နာကျင့်ကြံနေသော ဓလေ့ဆိုးကြီးဖြစ်၏။

သည်ဓလေ့ဆိုးကြီးကို မတွန်းဖြိုတတ်တိုင်း မိစိန်းခင်မှာ လက်ထပ်ရုံမျှသာ လက်ထပ်၍ မပေါင်းလိုက်ရသော မောင်ဘကျော်ကို တိုး၍ လွမ်းနေရသည်။ မောင်ဘကျော်ကို လွမ်းတရတိုင်း သည်ရွာနှင့် သည်ဓလေ့ကို ရင်ထဲကကျိတ်၍ ခါးသီးစွာ မုန်းတီးကျိန်ဆဲနေရသည်မှာ သုံးနှစ်ပင်ပြည့်ပါပေါ့ကလား။

(၂)

“ဒါလောက်ကြီးတော့ မများလွန်းဘူးလား မောင်တို့ရယ်” 

အသက် ၅ဝ ရွယ် မျက်နှာရှည်ရှည် မျက်လုံးမှေးမှေးနှင့် လူကြီးက မိမိရှေ့တွင် ထိုင်နေသည့် အသက်အစိတ်ရွယ် လူသုံးယောက်ကို အသနားခံသော လေသံဖြင့် မေးမြန်းပြီးနောက် ပါးစောင်မှစီးကျလာသော ကွမ်းရည်များကို လက်ဝါးဖြင့်သပ်ရင်း မိမိဘေးရှိ လူများကိုလည်း လှည့်စောင်းအကဲခတ်သယောင် ကြည့်နေလေ၏။

ထိုလူကြီး၏ အမေးအမြန်းခံလိုက်ရသော လူသုံးယောက်အနက် အိမ်ထရံကို လက်ဖြင့် နောက်ပြန်ကိုင်ထားသည့် အသက်သုံးဆယ်ရွယ် မျက်နှာတွင် ကျောက်ပေါက်မာသဲ့သဲ့ နှာခေါင်းပြားပြားနှင့်လူက မိမိ၏ လက်ကိုထရံမှ ဖြုတ်ချလိုက်၏။

ဘေးရှိ လူနှစ်ယောက်၏ သဘောထားကို သိလိုဟန်ဖြင့် တပြန်စီ လှည့်ကြည့်သည်။ ကျောက်ပေါက်မာနှင့်လူ၏ တဖက်တချက်တွင် ရှိနေသာ လူနှစ်ယောက်၏ မျက်နှာထားမှာ မိမိတို့ ဆုံးဖြတ်ထားသော အရာတခုကို မည်သည့်နည်းနှင့်မျှ မပြင်နိုင်ကြောင်း အထင်းသားပေါ် လွင်နေပေသည်။

ကျောက်အိုးကွဲက အဖော်နှစ်ယောက်၏ မျက်နှာကဲကို ခံယူပြီးမှ ခါးကိုကိုင်း၍ ဖြေ၏။

“မများပါဘူး ဦးရယ်၊ ကျွန်တော်တို့လည်း ရွာထဲမှာရှိတဲ့ လူငယ်တွေရဲ့ သဘောကို မေးမြန်းပြီးမှ ပြောရတာပါ ဦးကြီးရယ်။ ကျွန်တော်တို့ တောင်းတဲ့ ၅ဝ ဆိုတာဟာလည်း ဦးကြီးတို့ရဲ့ အနေနဲ့ မများလှပါဘူး ခင်ဗျာ”

ကျောက်အိုးကွဲ၏ စကားအသုံးအနှုန်းများမှာ ပြေပြစ်ပေသည်။ သူက အနူးညံ့ဆုံးနှင့် အသိမ့်မွေ့ဆုံး အမူအရာကို ဆောင်ထားသလောက် သူ့ဘေးရှိ လူနှစ်ယောက်၏ မျက်နှာပေးက သုန်မှုန်လှ၏။ 

“ဒီလိုရှိပါတယ် မောင်ရယ်”

ပထမ ဒိုင်ခံပြီး လေပျော့နှင့် အသနားခံခဲ့သော ဦးကြီးကပင် ကျောက်အိုးကွဲဘေးရှိ လူနှစ်ယောက်ကို ကွက်ခနဲကြည့်လိုက်ပြီးနောက် မရဲတရဲဆက်၍ ဆိုပြန်သည်။

“မင်္ဂလာကြေးဆိုတာဟာ အထစ်အငေါ့ ဖြစ်ကောင်းတဲ့ကိစ္စ မဟုတ်လို့ တတ်နိုင်ရင် ကျုပ်တို့က ရှောရှောရှူရှူပဲ ပေးလိုက်ချင်ပါတယ် မောင်ရယ်။ အခုတော့ သတို့သားခမျာမှာလည်း မောင်တို့ထင်သလို အချမ်းသာကြီး မဟုတ်ရှာပါဘူးကွယ်။ သူလိုငါလို လက်လုပ်လက်စား ပါပဲ”

“ပုရပိုက်တန်းနဲ့ ညောင်ကုန်းဆိုတာဟာလည်း ရေအိုးနဲ့ ရေမှုတ်လို နေတာပ မောင်တို့ရယ်”

ပထမဦးကြီးက အနူးအညွတ် တောင်းပန်ရှင်းလင်းပြီးသည်တွင် သူ၏ဘေးရှိ ရခိုင်လုံချည်ကွက်တုံးနှင့် ပန်းရောင်ပဝါစကို ရှည်ရှည်ချထားသော ငါးဆယ်ရွယ်အဘိုးအိုက ဆက်၍ ရှင်းလင်းခြင်းဖြစ်ပေ၏။

“စောင်ရင်းတန်း(စည်းရိုး) တခုတည်း မနေပေမဲ့ တစိတ်တည်း တသဘောတည်းတွေ မဟုတ်လား။ သူသေ ငါပို့၊ ငါနာ သူမေးမို့ ညီအစ်ကိုတွေလို တရွာတည်းလို နေလာကြတာတွေပါကွယ်။ မောင်တို့တောင်းတဲ့ မင်္ဂလာကြေး ငါးဆယ်ဆိုတာဟာလည်း မများလှပါဘူး။ သို့သော်လည်း ဦးတို့ဘက်က သူငယ်များအနေနဲ့ မတတ်နိုင်လွန်းလို့ပါကွယ်။ တတ်နိုင်သရွေ့ ပြန်ပြီး စဉ်းစားကြပါဦးလို့”

ဒုတိယအဘိုးအိုက လေအေးကလေးဖြင့် တောင်းပန်ဈေးဆစ်လိုက်လျှင် ပုရပိုက်တန်းရွာသား ကာလသားများ၏ ကိုယ်စားလှယ်သုံးယောက်မှာ တယောက်မျက်နှာကို တယောက် ကြည့်နေမိကြ၏ “ဘယ့်နှယ်လဲဟေ့” ဟု အချင်းချင်းမေးကြသည်။

အတန်ကြာမှ အလယ်တွင်ထိုင်နေသော ကျောက်အိုးကွဲနှင့် ကာလသားခေါင်း ကိုဘသော်ကပင် ဦးညွတ်၍ ပြန်လည်ပြောဆို၏။ 

“ကျွန်တော်တို့တောင်းတဲ့ ငါးဆယ်ဆိုတာ များရင် ဦးကြီးတို့ ဆန္ဒကိုလည်း အမိန့်ရှိစေချင်ပါတယ် ခင်ဗျာ”

“အင်း နှစ်ဆယ်ဆိုရင် တော်လောက်ပါပြီကွယ်”

ကာလသားခေါင်း ကိုဘသော်၏ ခါးသည် ညွတ်ကိုင်းနေရာက ဆတ်ခနဲ ဆန့်မတ်သွားတော့သည်။ ခါးဆန့် လိုက်သည့် လျှပ်တပြက်ကာလအတွင်း ကွက်ခနဲ ပျက်သွားသည်ကိုလည်း သူ့မျက်နှာကို စေ့စေ့ကြည့်နေသော ညောင်ကုန်းသား အဘိုးအိုများက မြင်လိုက်သဖြင့်

“ဒီလိုပါကွယ် ဦးတို့ဘက်က သူငယ်တတ်နိုင်သမျှကို ပြောရတာမို့ ဘယ်လိုမှ စိတ်မရှိပါနဲ့နော်။ တတ်နိုင်ရင် ဦးတို့ကပဲ ကြားထဲက စိုက်ပေးလိုက်ချင်ပါတယ်”

ဟူ၍ ကပျာကယာ လေချိုသွေးရင်း မျက်နှာသား ခပ်အမ်းအမ်းဖြင့် တောင်းပန်လိုက်ကြသည်တွင် ကိုဘသော်က 

“ကိစ္စမရှိပါဘူးခင်ဗျာ” 

ဟု မချိပြုံးပြုံး၍ ဆိုလိုက်ကာ...

“အခုလိုပြောရတာကိုပဲ ကျွန်တော်တို့က အားနာလှပါပြီ”

“အို ကိစ္စမရှိပါဘူး၊ ဒါ အားနာစရာ မဟုတ်ပါဘူး” 

“ဟုတ်ကဲ့ ကျွန်တော်တို့ကလည်း တတ်နိုင်ရင် တပြားမှမယူဘဲ နေလိုက်ချင်ပါတယ်။ ဒါပေမဲ့ အများဆန္ဒအတိုင်းမို့ ငါးဆယ် တောင်းရတာပါခင်ဗျာ”

ကိုဘသော်က ခန်းဆီးထရံကိုမှီ၍ မျက်နှာငယ်ကလေးဖြင့် ထိုင်ငေးနေသာ ဒေါ်ငွေရင်ကို မရဲတရဲလှမ်းကြည့်ပြီးနောက် ရှေ့ရှိ အကြမ်းတပန်းကန်ကို ကောက်ကိုင်ရင်း ဆက်ပြန်၏။

“ဦးတို့ကို အားမနာသည့်တိုင်အောင် အရီးငွေရင်တို့ကို သိပ်ပြီး အားနာစရာကောင်းနေပါပြီ။ ဒီတော့ ဦးကြီးတို့ဘက်က ပေးချင်သပ ဆိုရင် ကျွန်တော်တို့တောင်းတဲ့အတိုင်း ငါးဆယ်ပေးပါခင်ဗျာ။ မပေးနိုင်လို့ မပေးဘူးဆိုရင်လည်း တပြားမှမပေးနဲ့ပေါ့ခင်ဗျာ” 

မင်္ဂလာကြေး ဈေးဆစ်သော အဘိုးကြီးများမှာ ပျာပျာသလဲ ဖြစ်သွားကြ၏။

“ဒီလိုလည်း သဘောမထားပါနဲ့မောင်ရယ်၊ ဦးကြီးတို့ကလည်း မတတ်နိုင်လို့ပါ ငါ့တူရယ်”

“ကျွန်တော်တို့ကတော့ ကလေးတွေဆန္ဒအတိုင်း ပြောရတာမို့ ဘယ်လိုမှ မပြင်နိုင်ဘူး”

ကိုဘသော်၏ လက်ဝဲဘက်တွင် ထိုင်နေသော ကိုထွန်းရင်က ခေါင်းတုံးပြောင်ပြောင်ကို လက်ဝါးဖြင့်ပွတ်ရင်း ဝင်ဖြည့်သည်။

“ဒါဖြင့်ရင် ဒီလိုလုပ်ပါလားကွယ်”

ဆီစိမ်ပုဆိုးကွက်တုံးနှင့် အဘိုးအိုက ဆိုလိုက်သဖြင့် ကိုဘသော်၏ တဖက်ဘေးရှိ ကိုဘညွန့်ဆိုသူက

“ပြောပါခင်ဗျာ ပြောပါ” 

ဟု ဝင်ထောက်၏။

“ဦးတို့ကလည်း နှစ်ဆယ်ထက် ပိုပေးဖို့ ပြန်ပြီး တိုက်တွန်းပါရစေဦး။ မောင်တို့ကလည်း ငါးဆယ်ထက် လျှော့ဖို့ မောင်တို့အချင်းချင်း ပြန်ပြီး ဖျောင်းဖျကြပါဦး။ သန်ဘက်ခါညနေကို ကျုပ်တို့ တခေါက်လာခဲ့ပါမယ်၊ ဟင် ... မကောင်းဘူးလား ကျောင်းဒကာ”

“ကောင်းပါတယ် ... ကောင်းပါတယ်”

မိန်းကလေးအမေ ဒေါ်ငွေရင်ကပါ ဝင်၍ ထောက်ခံ၏။ သို့ရာတွင် ထို့သို့ ကောင်းပါတယ်ဟူ၍ သောသောညံမျှ ဝိုင်းအုံထောက်ခံကြသည့်အထဲ၌ ကိုဘသော်တို့သုံးယောက် မပါဝင်ပေ။

ကိုဘသော်က 

“ကျွန်တော်တို့ဘက်ကတော့ ဒါဟာ စကားကုန်ပါပဲ။ အစတုန်းက တရာတောင် ထိန်းထားကြပါတယ်။ ကျွန်တော်တို့ကပဲ သူ့အိုးနဲ့ သူ့ဆန် တန်ရုံလုပ်ကြဖို့ ဖျောင်းဖျနားချကြလို့ အခုလို ငါးဆယ် ဖြစ်လာတာပါခင်ဗျာ။ အဲဒီတော့ အခုတခါ ငါးဆယ်များပြန်ပြီဟေ့လို့ ပြောရပြန်ရင် ကျွန်တော်တို့ ဘာဖြစ်မလဲ။ ဦးကြီးတို့ပဲ စဉ်းစားတော်မူကြပါ”

“ရီးငွေရင်ရဲ့သမီး မစိန်းခင်ဆိုတာဟာ အလုပ်အကိုင် အနေအထိုင်ကစပြီး အစခပ်သိမ်း တော်တဲ့ကလေးမလေးပါ။ ကျွန်တော်တို့တောင်းတဲ့ မင်္ဂလာကြေးဟာ တကယ်ပဲများတယ်ထားဦး၊ မိန်းကလေးရဲ့ဂုဏ်ကို ထောက်ထားပြီး ပေးကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်” 

ဒေါ်ငွေရင်ဘက်သို့ မျက်လုံးတချက်လှန်ကြည့်ရာက ကိုယ့်ဘက်ယက်သူမှာ ကိုဘညန်ဖြစ်သည်။

“ဟုတ်ပါတယ်... ဟုတ်ပါတယ်”

အဘိုးအိုများက ခေါင်းညိတ်ညိတ် လည်ခါခါဖြင့် ဝန်ခံကြ၏။ ကိုဘညန်ကပင် ဆက်၍ ပြောပြန်သည်။

“ကျွန်တော် စကားကုန်ပြောတော့မယ်၊ အစားကို အကုန်စားရတယ်၊ စကားကို အကုန်မပြောရဘူး ဆိုပေမဲ့ ပြောစရာအကြောင်း ဆိုက်လာလို့ ပြောမှလည်း ဖြစ်တော့မှာမို့ ပြောရတာပါ။ ဘကြီးတို့က နှစ်ဆယ်၊ ကျွန်တော်တို့က ငါးဆယ်၊ တွေးကြည့်ရင် ရှက်စရာကောင်းပါတယ်”

“ဟုတ်ပါတယ်... ဟုတ်ပါတယ်။ ကဲ ကဲ ဘကြီးတို့ သန်ဘက်ခါညနေကျရင် လာခဲ့ပါဦးမယ်”

ကိုဘညန်၏ စကားအသွားအလာ မကောင်းသဖြင့် ညောင်ကုန်းသားကြီးများသည် စကားဆုံးအောင်မစောင့်ဘဲ ဇွတ်ဖြတ်ပြီး ထရန်ဟန်ပြင်ကြ၏။

“ကဲ မငွေရင် ကျုပ်တို့ပြန်လိုက်ဦးမှပဲ” 

“ဟုတ်ကဲ့ ဟုတ်ကဲ့”

ထိုလှေကားထိပ်အရောက်၌ ကိုဘသော်လှမ်းပြောလိုက်သော စကားတခွန်းကြောင့် အဘိုးအိုများ၏ လှုပ်ရှားနေသော ခြေထောက်များမှာ ရုတ်တရက် ရပ်တန့်ဆိုင်း၍များပင် သွားရသည်။

“ကျွန်တော်တို့လူငယ်တွေ တောင်းသလောက်မဟုတ်ရင် ကျွန်တော်တို့က လက်ခံမှာမဟုတ်ဘူးနော်။ ဘကြီးတို့နဲ့ ကျွန်တော့်အဖေနဲ့က အင်မတန်ရင်းနှီးကြတော့ အဖေ့ကိုကိုင်ပြီး ဘကြီးတို့ပေးချင် သလောက်ကို အနိုင်အထက်ပေးလာရင်တော့ လက်ခံရမှာပဲ။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လာသမျှကိုတော့ ကျွန်တော် ဘာမှ တာဝန်ခံနိုင်မှာ မဟုတ်ဘူး”

(၃)

ပုရပိုက်တန်းရွာမှ ကာလသားတို့၏ လောဘနှင့် ညောင်ကုန်းရွာသား သတို့သား၏ လွန်ပွဲမှာ လိပ်ခဲတည်းလည်းဖြင့်ပင် ရှိနေကာ မင်္ဂလာပွဲပြုလုပ်သောနေ့ကို ဆိုက်ရောက်လာလေ၏။

တောမင်္ဂလာဆောင်ဆိုလျှင် ကာလသား လူငယ်များ၊ မိန်းမပျို၊ ကလေးများကအစ လူကြီးသူမများအထိ တလှုပ်လှုပ် တရွရွ ပါဝင်ဆောင်ရွက်ကြလေ့ရှိသည်။ မိစိန်းခင်၏ မင်္ဂလာပွဲတွင်ကား ပုရပိုက်တန်းရွာသားတို့ကို မမြင်ရပေ။

ခေါင်းတွင် သပြေနှင့် ဒေါနနှောသော ပန်းခက်ကလေးများပန်၍ လက်ထဲတွင် ကျပ်လုံးခန့်တုတ်သည့် သနပ်ဖက်ဆေးလိပ်ကိုယ်စီကိုင်ထားလျက် ရွာခံမိန်းမအနည်းအကျဉ်းသာ သွားသည်ကို တွေ့ရ၏။ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးများနှင့် မိန်းမလတ်များမှာမူ မောင်ကြီး မောင်ငယ်တို့၏ ဟန့်တားမူကြောင့် ကုပ်နေကြရ၏။

မည်မျှပင် ပရပိုက်တန်းရွာသားများက အကူအညီမပေးဘဲ ရှောင်နေကြစေကာမူ မင်္ဂလာပွဲကား ပျက်မသွားပေ။ ကျင်းပနေသည်သာတည်း။

တပြိုင်နက်တည်းပင် တဖက်နှင့်တဖက် အတင်းမာဆုံးသောအချိန်လည်း ဖြစ်နေပေသည်။ ပုရပိုက်တန်းရွာမှ လူကြီးများက ကြားဝင်ပြီး လိုက်လံနားချရန် ကြိုးစားကြ၏။ သို့ရာတွင် ကာလသားများ၏ အကြီးအကဲဖြစ်သော ကိုဘသော်၊ ကိုထွန်းရင်နှင့် ကိုဘညန်တို့က ရှောင်နေကြ၏။

ကိုဘသော်တို့ ရှောင်နေခြင်းမှာလည်း သတို့သားဘက်မှပြောသောစကားကို ညောင်ကုန်းရှိ မိမိတို့လူများထံမှတဆင့် ကြားထားရသောကြောင့်ဖြစ်သည်။

“တသက်လုံးက မမြင်ဖူးတိုင်း နင်းကန်တောင်းတဲ့ငွေကို ပေးရမှာလား”

သတို့သားနှင့် အပေါင်းပါတို့၏ မဖွယ်မရာပြောစကားကို ကြားရစကဆိုလျှင် ပုရပိုက်တန်းမှ ကာလသားများမှာ ဆတ်ဆတ်ခါ နာကြည်းကြသည့်အလျောက် တောင်းသည့် မင်္ဂလာကြေး ရသည့်တိုင်အောင် မင်္ဂလာဆောင်ကို မကူညီတော့ပြီ။ လိုချင်သော မင်္ဂလာကြေးမရလျှင်ကား မကူညီရုံသာမက ပျက်အောင်ဖျက်မည်ဟု ဆုံးဖြတ်ထားခဲ့ကြ၏။

သို့ရာတွင် မင်္ဂလာပွဲမပျက်ပေ။ အဘယ့်ကြောင့်ဆိုသော် သက်ဆိုင်ရာ မိဘများက မိမိတို့၏ သားများ၊ တူများကို စောစီးစွာ ထိန်းသိမ်းထားကြသောကြောင့်တည်း။

သတို့သားဘက်မှ လူများသည် မင်္ဂလာဆောင်အတွက် လိုအပ်သော အသုံးအဆောင်များကို ဖျာကြမ်းနှင့် ရေနွေးအိုးအစ ငွေဖလားနှင့် ကောဇောအဆုံးအထိ နွားလှည်းဖြင့် သယ်ယူလာကာ ဧည့်ပရိတ်သတ် မစုံမီ ခင်းကျင်းထားကြသည်။ ဝေယျာဝစ္စကိုလည်း ညောင်ကုန်းသား ယောက်ျား မိန်းမများသာ ဆောင်ရွက်ရသည့်အပြင် ရောက်လာသမျှ ပရိသတ် ကျိုးတိုးကျဲတဲကိုလည်း သူတို့ကပင် နေရာချထား ဧည့်ခံကြရသည်။

ဧည့်ခံရာ၌ ကိုယ့်နယ်ကလူကို ကိုယ့်နယ်သားချင်း ဧည့်ခံမှသာ အဆင်ပြေ၏။ ယခုလို ချောင်းတဖက်ကမ်းကလူချင်း ဧည့်ခံရသောအခါ ကြောင်တက်တက် ဟာတာတာကြီး ဖြစ်နေလေ၏။ မောင်ဘကျော်နှင့် မိစိန်းခင်တို့၏ မင်္ဂလာလက်ထပ်ပွဲတွင် တဟားဟားရယ်မောသံများကို မကြားနိုင်ပေ။ လွန်ရောကျွံရော မချိပြုံးကလေးများကိုသာ တွေ့နိုင်သည်။ မိစိန်းခင်တို့ ပုရပိုက်တန်းရွာမှဆိုလျှင် အဘိုးအိုအဘွားအိုများနှင့် လူရွယ် လူလတ် ယောက်ျား မိန်းမ အနည်းငယ်မျှသာ လာရောက်ကြ၏။ ကာလသား နယ်ပယ်မှ ဆိုလျှင် ကာလသားခေါင်း ကိုဘသော်တယောက်သာ မင်္ဂလာဆောင်သို့ တက်ရောက်လာပေ၏။

သို့သော် ပထမဆုံး ခဲများက ကိုဘသော်ရှိနေဆဲမှာပင် ကျရောက်လာခဲ့သည်။ စက်အုတ်ခဲလေးပိုင်းကျိုးနှင့် အုတ်သုံးပိုင်းကျိုးများသည် သတို့သမီးအိမ်ဘေးရှိ ပေပင်ကြီးပေါ်သို့လည်းကောင်း၊ အိမ်ရှေ့တွင် တည်ထားသော ရေနွေးအိုးများပေါ်သို့လည်းကောင်း၊ အိမ်မိုးပေါ်နှင့် အိမ်ထဲသို့လည်းကောင်း ဆက်တိုက် ကျရောက်လာလေသည်။ နေ့ခင်းကြောင်တောင်ကြီးတွင် ဤမျှကြီးမားသော ခဲကြီးများဖြင့် ပစ်ခတ်ဝံ့ခြင်းမှာ တော်ရုံတန်ရုံ အာဃာတဖြင့်မဟုတ်ကြောင်း ထင်ရှား၏။ မည့်သို့ပင်ဖြစ်စေကာမူ ဤသို့ကြီးမားသော အုတ်ခဲကြီးဖြင့် ပစ်ခြင်းသည် အနီးအနားမှကပ်၍ ပစ်ခြင်းဖြစ်သည်ဟု ယူဆကာ ထွက်၍ဖမ်းရန်မှာ မလွယ်ကူပေ။ အဘယ့်ကြောင့်ဆိုသော် သာမန် ‘လက်ကိုင်း’ အားဖြင့် ဆိုပါက စက်အုတ်ခဲလေးပိုင်းကျိုး သုံးပိုင်းကျိုးနှင့် ဗမာအုတ်ခဲထက်ပိုင်းကျိုးများကို ဂိုက် ၅ဝလထက် ပိုဝေးအောင် ပစ်နိုင်မည်မဟုတ်ပေ။ မင်္ဂလာအိမ်နှင့် ကိုက် ၅ဝ ပတ်ပတ်လည်တွင် တောမရှိ ချုံမရှိပေ။ တဖာလုံခန့်ဝေးသော ရွာတောင်ဘက်မှာသာ တောကြီး ချုံကြီးရှိနေကာ ထိုအထဲမှနေ၍ ပေရွက်ဖြင့်ပတ်ပြီး ပစ်သောကြောင့်တည်း။

ပေရွက်ကို အစချင်းပူးကိုင်ပြီး အလယ်တွင် လေးလံကြီးမားသော ခဲကိုထည့်ထားကာ တအားလွှဲပစ်ရ၍ လွှဲအားအဆုံး (သို့မဟုတ်) ခေါင်းပေါ်သို့ ခဲရောက်သည့်နှင့် တပြိုင်နက် နှစ်စပူးထားသော ပေရွက်မှ တစကို လက်လွှတ်ပေးလိုက်ရ၏။ မကျင်လည်လျှင် ကိုယ့်ခေါင်းကိုကိုယ် ပြန်မှန်တတ်သည်။ ခဲပေါက်မှုကို ကြီးလေးသော အပြစ်ဟူ၍လည်း ကျေးရွာသားများက နားလည်ယူဆကြ၏။ အိုးအိမ်ကို ပျက်စီးစေရုံသာမက လူကိုပါ ဒဏ်ရာရစေ သေကျေနိုင်သည်အထိ ကျယ်ဝန်းသောကြောင့် ကြီးမားသောပြစ်မှုဟု လက်ခံယူဆကြခြင်းဖြစ်ပေသည်။ သို့ရာတွင် ခဲကိုလွှတ်သော လက်သည်လည်း ဉာဏ်နှင့်ပင် ဖြစ်သည်။ ရွာ၏ တောင်ဘက် တောထဲမှ ပစ်သလို ရွာ၏ မြောက်ဘက်ရှိ ကိုင်းတောထဲမှလည်း ပစ်နိုင်ပေသည်။

ခဲများကျလာသည်နှင့် တပြိုင်နက် မင်္ဂလာဆောင်မှာ ပျက်သွားလေ၏။ မိစိန်းခင်တို့သားအမိမှာ နေ့ခင်းကြီး၌ပင် သည်လောက် ရဲတင်းသောင်းကျန်းနေလေသော် ညဉ့်အချိန်တွင်မူ အိမ်သော်လည်းပြိုမည်လော၊ လူသော်လည်း သေမည်လော စသည်ဖြင့် တွေးတောကြောက်လန့် နေကြလေ၏။ 

သို့သော် မောင်ဘကျော်တို့ဘက်ကလည်း ထည့်တွက်ထားရန် လိုအပ်လာပြန်သည်။ တရပ်တရွာသို့ ရွာခံကာလသားများနှင့် ဆန့်ကျင်ပြီး လာရောက်ရဲခြင်းမှာ အားကိုးရှိ၍ ဖြစ်နိုင်ပေသည်။ မောင်ဘကျော်သည် မိမိ၏ အပေါင်းအသင်းများကို ခေါ်ငင်လာပြီး ခဲပေါက်သူများနှင့် ရင်ဆိုင်တိုက်ခိုက်မည်လော။ ယင်းသို့မဟုတ်လျှင် ရှေ့သို့သာလော၍ ခဲပေါက်နေသူများကို တဦးစီလီပြီး နောက်ပိုး သတ်ရန် အကြံရှိလေသလော။ တရပ်တရွာသို့ လာရသည့် လူဆိုသည်မှာ မိမိဝင်ထွက်သွားလာမည့် ရွာ၏ မေတ္တာကို ခံယူရမြဲဖြစ်ပါလျက်နှင့် တရွာမှဧည့်သည် ညောင်ကုန်းသားက အိမ်သည်ဖြစ်သော ပုရပိုက်တန်းသားများကို အာခံရဲခြင်းမှာ စဉ်းစားစရာရှိနေသည့်အတွက် ကာလသားခေါင်း ကိုဘသော်တို့မှာ နမော်နမဲ့ မလုပ်ရန် ကာလသားများအား လိုက်လံသတိပေးနေကြ လေ၏။

(၄)

မှောင်ရီပျိုးသည်နှင့် တပြိုင်နက် ပုရပိုက်တန်းရွာသား ကာလသားများမှာ အလုပ်ရှုပ်နေကြတော့သည်။ အချို့သည် ရွာမြောက်ဘက်ရှိ ချောင်းထဲသို့ဆင်းကာ လက်သီးဆုပ်ထက် မသေးငယ်သော ချောင်း ကျောက်များကို ပုဆိုးထဲအပြည့်ထည့်၍ လည်ပင်းတွင် စလွယ်သိုင်းလျက် ရွာခြေသို့ ကပ်လာကြ၏။ အချို့ကား ရွာ၏ တောင်ဘက်ရှိ ဘုရားအို ဘုရားပျက်များမှ အုတ်ခဲများကို စုဆောင်းသယ်ပိုးနေကြလေ၏။

ယခုနေအတိုင်းဆိုလျှင် ညောင်ကုန်းသား မောင်ဘကျော်သည် မိစိန်းခင်အမည်ရှိသော ပုရပိုက်တန်းသူတယောက်ကို မင်္ဂလာကြေး တပြားတချပ်မှ မပေးဘဲ မင်္ဂလာဆောင်၍ ယူငင်ပြီးစီးသွားလေပြီ။ ယင်းအပြုမူသည် ပုရပိုက်တန်း တရွာလုံး၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ပျက်စီးနိမ့်လျှောအောင် ပြုခြင်းဖြစ်သည်။ တရွာလုံးကို စော်ကားခြင်းဖြစ်သည်။ 

အကယ်၍ “လုပ်မနေကြပါနဲ့တော့ကွာ၊ မင်္ဂလာ ကြေးမရတာ တို့အသား ပဲ့သွားတာမှတ်လို့” ဟူ၍ ကိုဘသော်က လည်းကောင်း၊ အခြား ကာလသားခေါင်းတယောက်ကသော်လည်းကောင်း၊ ပြောလာငြားအံ့။ ပြောသူသာလျှင် သိက္ခာကျပေမည်။ ကျန်သည့် ကာလသားများကတော့ လက်ခံမည်မဟုတ်။ နားလည်း ထောင်ကြမည်မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ညောင်ကုန်းသားတယောက်က ပုရပိုက်တန်းရွာသူ တယောက်အား ခဲဖိုးတပြားတချပ်မှမပေးရဘဲ လက်ထပ် ယူငင်သွားကြောင်းကို အခြားသောရွာသားများက သိရှိကြသည်နှင့် တပြိုင်နက် မိမိတို့ရွာအား အထင်သေးတော့မည်။

ကာလသားချင်း ဆုံမိကြလျှင် ယင်းအချက်ကို ရည်ညွှန်း၍ အခြားရွာမှ ကာလသားများက ပုရပိုက်တန်းရွားသားများအား မထိတထိ စကြပေတော့မည်။ သရော်ကြတော့မည်။ ဆဲမနာ ဆိုမနာများကဆိုလျှင် ပြင်းပြင်းထန်ထန် ရှုတ်ချ၍ ပုရပိုက်တန်း ရွာသားများကို တပြားမျှ မတန်အောင် ပြောကြတော့မည်။

ပုရပိုက်တန်းရွာသားများ မခံနိုင်ဆုံးအရာမှာ ယင်းအချက်ပင်ဖြစ်ကာ ခဲဖိုးမပေးသော မောင်ဘကျော် အပေါ်၌ မခံမရပ်နိုင် ဖြစ်ခြင်းမှာ သာမညသာ ဖြစ်လေ၏။ ထို့ကြောင့်လည်း ပုရပိုက်တန်းရွာ၏ ကာလသားများမှာ သတို့သမီး၏ မင်္ဂလာဆောင်အိမ်ကိုမှ ယနေ့ည ခဲစာမကျွေးရလျှင် မိမိတို့ ရွာသားများ၏ ဂုဏ်ပုဒ်သည် သုသာန်တစတွင် သရဏဂုံ မတင် တောမတိုင်ဘဲ မြှုပ်နှံခြင်းခံရတော့မတတ် ထင်မှတ်ယုံကြည်နေကြခြင်းဖြစ်သည်။

ကာလသားဆိုသည်မှာ လူပျိုကလေးများကိုသာ ခေါ်ခြင်းမဟုတ်၊ အိမ်ထောင်ရှင် လူလတ်တိုင်းနှင့် ကာလသားစိတ်ပေါက်ကာ ကလေးကလားဖြင့် ဟေးလားဝါးလား လုပ်နေသူတိုင်းသည် ကာလသားတည်း။ 

ဤသဗ္ဗနာမ်ပေါင်း ကာလသားများစွာအနက် အချို့သည် ရူးရူး မိုက်မိုက်ကလေးတွေကို မြှောက်ပေး၏။ အချို့ကမူ မခံချင်အောင်ပြောခြင်းဖြင့် ဆွပေးကာ အချို့ကမူ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲကြလေသည်။

သူငယ်အိပ်ဆိတ်အချိန်သို့ ရောက်လာချေပြီ။ သတို့သမီး၏ အိမ်ပေါ်သို့ လေးဘက်လေးတန်မှ ခဲများ တပြိုင်နက်ကျလာကာ အရီးငွေရင်၏ ဆဲဆိုသံထွက်ပေါ်လာလေသည်။

ခဲမိုးက ပို၍ပြင်းထန်လာ၏။ သတို့သမီး၏ ထိတ်ရွံ့ရှက်လန့် စွာဖြင့် ငိုသံ၊ အော်ဟစ်တောင်းပန်သံများသည် ခဲကျသံများနှင့် ရောထွေး ထွက်ပေါ်လာပြန်လေသည်။

ခဲများသည် အိမ်ခြေရင်းရှိ နွားတင်းကုပ်တွင်းမှ နွားများကိုလည်း ချမ်းသာမပေး။ နွားများမှာ ထိတ်လန့်ပြီး ကြိုးပြတ်ကာ တိုးဝှေ့ထွက်ပြေးကုန်၏။ အိမ်ရှေ့တွင် မီးထင်းအတွက် ရေထည့်ထားသော ဘဲဥအိုးကြီးမှာလည်း ဖျန်းခနဲ ကွဲထွက်သွားလေသည်။ အိမ်တွင်းရှိ အိုး အင် ပန်းကန်ခွက်ယောက်များမှာလည်း တချပ်ပြီး တချပ်၊ တခုပြီး တခု ကွဲကြေကုန်ပြီး ဒန်အိုး လင်ပန်း စသော အမာခံပစ္စည်းများပေါ်သို့ ခဲကျသံများမှာ မိုးကြိုးအဆက်မပြတ် ပစ်နေသကဲ့သို့ နားကွဲမတတ် ဆူညံနေသည်တွင် ဒေါ်ငွေရင်တို့ သားအမိ၏ အော်ဟစ်သံ စူးစူးဝါးဝါးကပါ ရောယှက်ဖောက်မွှေလာပြန်သောအခါ ဝယ် တရွာလုံးမှာ အဝီစိပွက်သည်သို့ ရှိတော့၏

“အမယ်လေး တော်ကြပါတော့ မောင်တို့ရေ၊ သေရပါတော့မယ် တော့်၊ ကိုပန်းအေးတို့ ဘကြီးဖိုးတို့ လာကြပါဦး၊ မကယ်နိုင်ကြတော့ဘူးလား၊ တအိမ်လုံး ကုန်ပြီတော့ ... ကုန်ပြီ”

အရီးငွေရင်သည် ခဲပစ်သူများကို ငိုသံကြီးဖြင့် အော်၍ တောင်းပန်သည်။ တစပ်တည်းပင် လူကြီးများကို တိုင်တည်လျက် အကူအညီတောင်း၏။ သို့သော် ခဲအကျကား ရပ်မသွားပေ။

အရီးငွေရင်သည် ပါးစပ်မှအော်ရင်း အိမ်ပေါ်မှရှောင်တိမ်းရန် ပြေးဆင်းလာရာ လှေကားထိပ်သို့ ခဲများအဆက်မပြတ် ကျလာသည့်အတွက် တံခါးရွက်တခုကို ဘုရားတကာ ဖက်တွယ်နေရစဉ် 

“အို တော် မသွားရဘူး၊ မသွားနဲ့”

ဟူသော မိစိန်းခင်၏အသံနှင့် 

“ဖယ်စမ်းပါ ဟာ” 

ဟု ပြောလျက် ဆဲဆိုရုန်းကန် ပြေးထွက်လာသောသမက်နှင့် သမီးကို တွေ့ရသည့်အတွက် သမက်၏ လက်တွင်းရှိ ဓားကို ပြေးဆွဲလိုက်ရလေ၏။

“မောင်ဘကျော် မင်းမသွားနဲ့၊ အရီးစကားကို နားထောင်၊ အမယ်လေးတော့”

ပြောဆဲ ဆိုဆဲတွင် အရီးငွေရင်၏ တင်ပါးကို အုတ်နီခဲတလုံး လာမှန်သည်။ 

“ဖယ်စမ်းပါ အရီးရယ်၊ ဘကျော်အကြောင်း ပြစမ်း ...”

“အမယ်လေး သေပါပြီတော့၊ ကိုဘကျော်”

သတို့သား ဘကျော် ယောက္ခမနှင့် ဇနီးလက်တွင်းမှ ရုန်းထွက်နေစဉ် နံနက်ကမှ ခန်းဝင်ပစ္စည်းအဖြစ် သယ်ယူလာကာ ချိတ်ဆွဲထားသော မှန်ကြီးပေါ်သို့ ခဲနှစ်လုံးပြိုင် ကျရောက်လာကာ မှန်ကွဲအစအနများ သမီးယောက္ခမသုံးယောက်၏ မျက်နှာကို ထိမှန်စူးရှကုန်သည့်အတွက် ငယ်သံပါအောင် အော်မိကြလေ၏။ 

“အမယ်လေး လာကြပါဦးတော်တို့ရဲ့ ၊ အရပ်ကတို့ရေ ... ကြည့်နေကြတော့မလား” 

အရီးငွေရင်တို့ သားအမိကို ထိမှန်သောဒဏ်ရာမှာ သွေးပေါက်ကလေးများ စို့ရုံမျှသာဖြစ်သော်လည်း မောင်ဘကျော်မျက်နှာမှာကား သွေးဖြာဖြာကျနေ၏။ ခပ်ကြီးကြီး မှန်ကွဲသုံးခုသည် နဖူးနှင့် နားထင်တွင် စိုက်နေကာ မျက်လုံးတဖက်မှာလည်း သွေးစများအောက်၌ နစ်မြုပ်နေလေ၏။

မောင်ဘကျော်သည် သွေးစများကို သုတ်သင်ပေးနေသော မိစိန်းခင်အား တွန်းပစ်လိုက်သည်။

“ဟဲ့ မသွားနဲ့၊ ဟဲ့ ဟဲ့ မောင်ဘကျော်” 

ချက်ချင်းပင် မောင်ဘကျော်သည် ခဲမိုးပေါက်များထဲသို့ပြေးဝင်သွားရာ ဒေါ်ငွေရင်က အော်ဟစ်တားမြစ်သလို မိစိန်းခင်ကလည်း မောင်ဘကျော်နောက်သို့ အော်ဟစ်လိုက်ပါသွား၏။ 

သို့စဉ်တွင် 

“ဟဲ့ကောင်တွေ၊ လူမိုက်တွေ” 

ဟူသော ဦးပန်းအေး၏ အသံသည် ခဲကျသံများကို
ထိုးဖောက်ထွက်ပေါ်လာသည်။ 

“ဟေ့ မင်းတို့လုပ်ပုံတွေက တရားလွန်ကုန်ကြပြီနော်၊ ဒီမှာ ဒုက္ခ ရောက်ကုန်ပြီ”

ဦးပန်းအေးနှင့် ဘကြီးဖိုး၏အသံကို ကြားရသောအခါ အခြားသော လူကြီးပိုင်းမှ လူကြီးများလည်း မနေသာတော့ဘဲ အိမ်ထဲမှ ထွက်လာကြသည်။ 

သို့ရာတွင် သူတို့၏ ထွက်လာခြင်းသည် အခါနှောင်းခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ပင် မိစိန်းခင်၏ အော်သံက ရွာတောင်ဘက်မှ စူးစူးဝါးဝါး ထွက်ပေါ်လာလေသည်။

“လာကြပါဦးတော့၊ ဒီမှာ သတ်ကုန်ကြပါပြီတော့”

မိစိန်းခင်၏ အသံနှင့်အတူ ပုရပိုက်တန်း ကာလသားများနှင့် မောင်ဘကျော်၏ မပီမသ ဆဲဆိုသံများကိုပါ ကြားလိုက်ရသည့်ခဏ၌ လူကြီးအချို့က ရွာပြင်သို့ ပြေးထွက်လာခဲ့ကြသည်။ သို့သော်လည်း အချိန်နှောင်းခဲ့ပြီ မဟုတ်လား။

သာဇံ၊ လှဦးတို့မှာ ချုံကြားထဲ၌ လူးလှိမ့်နေကြကာ သာဇံမှာ တချက်မျှသာ ကုန်းထနိုင်ပြီး လူကြီးများ မျက်စိအောက်တွင်ပင် အသက်ပျောက်သွားလေ၏။ လှဦးမှာမူ မောင်ဘကျော်အား သွေးအိုင်ထဲမှ အံကြိတ်ပြီး ကြည့်နေသည်။ 

သူတို့ဘေးမှာတော့ လက်တဖက်ပြတ်လုဆဲနှင့် မျက်လုံးတဖက်ပျက်နေသော သတို့သား မောင်ဘကျော်။

(၅)

ရက်တွေပြောင်း၍ ရက်တွင်လဆောင်းကာ သုံးနှစ်ပင်ညောင်းခဲ့သော်လည်း မိစိန်းခင်၏ မျက်ရည်စမ်းမှာ မခန်းသွေ့နိုင်သေးပေ။ မောင်ဘကျော်အား ရဲဘက်က ဖမ်းဆီးကာ ဆေးရုံတင်ထားစဉ် မောင်ဘကျော်က ဆေးရုံမှ ထွက်ပြေးသွား၏။ မောင်ဘကျော်၏သတင်းကို ကြားရလေမည်လားဟု မေးမြန်းစုံစမ်းပြီးတိုင်း မိစိန်းခင်မှာ မျက်ရည်ခန်းကို ဖွင့်မိသည်။

လွမ်းမျက်ရည် စိမ့်စိမ့်ယိုတိုင်း မိစိန်းခင်မှာ ဒေါသူပုန်များ သစ်ရလေ၏။ လွမ်းလျက်တွင် ဒေါသခြယ်လေလျှင် မိမိနေထိုင်ရာ ပုရပိုက်တန်းရွာကို နာကြည်းသည်နှင့်အမျှ ရွာပေါ်မှာ စီးမိုးနေသော ဓလေ့ကြီး ကို မိစိန်းခင်က မုန်းတီးလာ၏။ ရိုးတွင်းခြင်ဆီထဲကပါ မုန်းတီးရွံရှာလာရတော့သည်။

မိမိချစ်သော မောင်ဘကျော်အား မိမိ၏ရင်ခွင်မှ မောင်းထုတ်လိုက်သော မကောင်းဆိုးရွားကြီးကို ဘယ်လိုတွန်းဖြို တိုက်ခိုက်ရမှန်း မသိတိုင်း ရင်ထဲမှကျိတ်၍ ခါးခါးသီးသီး ကျိန်ဆဲနေခဲ့ရသည်မှာ သုံးနှစ်ပင် ပြည့်ပါပေါ့ကလား။ ။

---

#ဆင်ဖြူကျွန်းအောင်သိန်း
#သည်ဓလေ့

#shared_by_louis_augustine
#sbla

Comments