ငါးမျှားခြင်း // ဂျူး
ငါးမျှားခြင်း // ဂျူး
(၁၉၉၂၊ ဇွန်လ၊ မြားနတ်မောင်မဂ္ဂဇင်း)
---
ငါးမျှားခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ငါးရဖို့ မဟုတ်ပါ။
ဤနေရာသည် တမြို့လုံးတွင် အေးဆေးတိတ်ဆိတ်သော နေရာဖြစ်သည်။ ထို့အပြင် သစ်ရိပ်ဝါးရိပ်ဖြင့် အုပ်ဆိုင်းထူထပ်သော နေရာလည်း ဖြစ်သည်။ မြို့၏အစွန်အဖျားရှိသော တောအုပ်ဘေးတွင် နက်ရှိုင်းသော ရေကန်တခု ရှိနေသည်မှာ သူ့အတွက် အားတက်စရာပင် ဖြစ်သည်။ ထိုရေကန်တွင် ငါးများရှိနေသည်မှာလည်း သူ့အတွက် ကံကောင်းခြင်းပင် ဖြစ်သည်။
သူသည် နှစ်တော်တော်များများပင် ငါးမျှားခြင်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။
ပထမဆုံးအကြိမ် ဒီနေရာသို့ ငါးလာမျှားစဉ်က သူ့အသက် ၄၈နှစ်သာ ရှိသေး၏။ ယခု သူ့အသက် ငါးဆယ့်လေးနှစ် ရှိပြီ။
သူသည် ဖြောင့်မတ်ရိုးသားသော အထက်တန်းစာရေးကြီး ဖြစ်၏။ ကောက်ကွေ့မှု၊ လှည့်ပတ်မှုကိုမုန်းတီးသူ၊ လိုက်လျောညီထွေနေခြင်းနှင့်လည်း မရင်းနှီးသူ၊ မှန်ကန်စွာ ပြုမှုဆောင်ရွက်တတ်သူ ဖြစ်၏။
သူ့အိမ်သည် ဤရေကန်နှင့် မိုင်ဝက်လောက်ဝေးသော နေရာတွင် ရှိသည်။ ရုံးဆင်းသည်နှင့် တပြိုင်တည်း အိမ်ပြန်ရောက်၊ လက်ဆွဲအိတ်ချကာ ငါးမျှားတံနှင့် ကိရိယာတန်ဆာပလာများ ယူဆောင်လျက် ဤနေရာသို့ ထွက်လာနေကျ ဖြစ်၏။
လမ်းတလျှောက်တွင် ဈေးဆိုင်ကလေးများ၊ လက်ဖက်ရည်ဆိုင်များ၊ အကြော်အလှော်ဆိုင်များကို ဖြတ်သန်းလာခဲ့ရသည်။ ရယ်မောသံများ၊ စကားသံများ၊ နွားနို့ညှီနံ့များ၊ လက်ဖက်ခြောက်နံ့များ၊ ဆီကြော်ညှော်နံ့များကို သူ နည်းနည်းမှ စိတ်မဝင်စားပါ။ သူ စိတ်ဝင်စားသည်က အုပ်ဆိုင်းသော တောအုပ်နှင့် ရေကန်ကြီးသာ ဖြစ်သည်။ ပူအိုက်သော နွေရာသီများတွင် အဝတ်အစားတွေကို သစ်ပင်အောက်မှာ ပုံထားပြီး ရေဆင်းချိုးနိုင်သေး၏။ အေးစိမ့်ချမ်းမြေ့သော ဆောင်းရာသီများတွင် သစ်ရွက်ခြောက်များကို မီးရှို့ပြီး မီးလှုံနိုင်သေး၏။ မိထားသောငါးများကို ကင်၍စားနိုင်သေး၏။ ဤလောက် သူ့အတွက် နားခိုစရာကောင်းသော နေရာ ဘယ်မှာမှ မရှိပါ။
သူ့တွင် သူ့သြဇာမတည်သော သားနှစ်ယောက် ရှိသည်။ အဝတ်အစား အသစ်အဆန်းမှန်သမျှ မက်မောသော သမီးတယောက် ရှိသည်။ သူလုပ်ကိုင်သမျှကို အပြစ်ရှာအပြစ်မြင်၍ တဖျစ်တောက်တောက် ညည်းညူဆူပူတတ်သော ဇနီးတယောက် ရှိသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကတော့ သူသည် တက်ကြွသော လူငယ်တယောက် ဖြစ်ခဲ့သည်။ အောက်တန်းစာရေးရာထူးမှ အထက်တန်းစာရေး ရာထူးတက်ခွင့်ရရန် အလွန်မျှော်လင့်ပျော်ရွင်ခဲ့သည်။ လက်ထပ်ခြင်း၊ အိမ်ထောင်သားမွေးပြုခြင်းသည် လူ့လောကဝတ္တရား၊ မဖြစ်မနေဆောင်ရွက်ရမည့် အရာများဟု ယူဆကာ ထိုအရာများအတွက် ပြင်ဆင်ခဲ့သည်။ သူသည် အရာရာကို ရိုးရိုးရှင်းရှင်းသာ တွေးတတ်သည်။ ကလေး တယောက်ပြီးတယောက် မွေးတော့လည်း ပျော်ရွင်ခဲ့၏။
တကယ်တော့ အိမ်ထောင်ရေးဆိုသည်မှာ သူ့လိုလူမျိုးအတွက် မဖန်တီး မပြုလုပ်သင့်သော အရာတခုသာ ဖြစ်ကြောင်း နှစ်ပေါင်းများစွာ နောက်ကျပြီးမှ သူ သိခဲ့သည်။ အိမ်ထောင်ပြုခြင်း၏နောက်တွင် မလိုချင်သော ဗီဇစရိုက်များပါလာသည့် သားသမီးများလည်း မွေးတတ်သေးကြောင်း သူ ယခုမှ သိသည်။ ထိုသားသမီးများ လိမ္မာရေးခြားရှိဖို့၊ ပညာတတ်ကျွမ်းဖို့ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ဖို့ကို သူ ဘယ်လိုမှ မတတ်နိုင်ဘဲ ရှိနေသည်။
သမီးကြီးသည် ရုပ်ရည်သင့်တင့်၏။ အလှအပကို အလွန်အကျွံ မက်မော၏။ ငယ်ရွယ်စဉ်ကတည်းက ပညာထက် အလှပြင်ပစ္စည်းကိရိယာများကို ပိုပြီး တန်ဖိုးထားတက်၏။ အတန်းထဲတွင် စာမေးခံရပြီး မဖြေနိုင်ခြင်းထက် ဆံပင်တွင် ကလစ်ရောင်စုံ မထိုးနိုင်ခြင်းကို ပိုပြီးရှက်၏။
ဆယ်တန်းကျပြီး ရပ်ကွက်ဈေးကလေးတွင် ကုန်စိမ်းရောင်းသောအလုပ်ကို သမီးလုပ်သောအခါ သူ မအံ့သြသော်လည်း ဖခင်ကို ခြေရာတိုင်းလာသောအခါ သူ အံ့သြမိသည်။ ဖအေရှေ့မရှောင်၊ မအေရှေ့မရှောင် တစိမ်းယောင်္ကျားကလေးများနှင့် ရင်းရင်းနှီးနှီး ပုတ်လိုက်ခတ်လိုက်နေတာကို သူ အံ့သြမိသည်။ ဆုံးမပြုပြင်ဖို့ကြိုးစားတိုင်း လူမှုဆက်ဆံရေးကို အဖေ နားမလည်ပါဘူးဟု ပြောခံရသောအခါ သူ ရှက်လာ၏။ ဗိုင်းကောင်းကျောက်ဖိ ရှက်ကြောက်တတ်သော သမီးမိန်းကလေးကို လိုချင်သော ဖခင်သည် ရဲတင်း ကလက်သော သမီးကိုသာ ရခဲ့၏။
ဝပ်ရှော့တွင် အလုပ်လုပ်သည့် သားကတော့ တမျိုး၊ ရုပ်ရည်ကလေးသင့်တင့်တာကို အခွင့်ကောင်းယူလျက် မိန်းကလေးများနှင့် ရှုပ်ယှက်ခတ်နေ၏။ ထိုသားကြောင့် သူ မကြာခဏ ရပ်ကွက်လူကြီးအိမ် ရောက်ရ၏။ သမီးရှင်များ၏ လက်ညှိုးထိုးမာန်မဲမှုကို မကြာခဏ ခံရ၏။ မိန်းကလေးများကို ဖျက်ဆီးသူ ဟူသော နာမည်ပျက်ရနေသည့် သားကို လမ်းမှန်ပြုပြင်ပြောင်းလဲပေးဖို့ သူ ကြိုးစားဖူးသည်။ “အဖေကလည်း ဘာမှမသိဘဲနဲ့၊ ဒါ ကျွန်တော့်အပြစ်ချည်း မဟုတ်ဘူးဗျ၊ သူတို့ကကို အလိုတူ အလိုပါတွေ” ဟု ပြန်ပြောတာကို နားထောင်လျက်က ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ရသည်။ ကိုယ်ကျင့်တရားအကြောင်း ဆွေးနွေးဖို့ ကြိုးစားတိုင်း သူ အရှုံးပေးခဲ့ရသည်။ သားသမီးမကောင်း မိဘခေါင်း ဟု စကားပုံ ရှိသော်လည်း သူ့ဇနီးကြောင့် စကားပုံအသစ် ဖြစ်၏။ သားသမီးမကောင်း ဖခင်ခေါင်း ဟူသော ပုံစံမျိုး ဖြစ်နေအောင် သူ့ခေါင်းပေါ်ပုံကျနေခဲ့သည်။ ဤကိစ္စအားလုံးမှာ သူ့တာဝန်သာ ဖြစ်သည် ... တဲ့။ သူ ခေါင်းတယမ်းယမ်း နေရုံကလွဲ၍ ဘာမှ မတတ်နိုင်ပါ။
သူ့ဇနီးမှာ ပုံပျက်လုနီးပါး ဝနေသော မိန်းမကြီးတယောက် ဖြစ်သည်။ ထိုမိန်းမကြီးသည် ညအိပ်လျှင် အသံကျယ်လောင်စွာ ဟောက်တတ်၏။ သွားကြိတ်တတ်၏။ အိမ်နေရင်းဝတ်သည့် ထဘီတထည်ကို မလျှော်ဖွပ်ဘဲ တပတ်လောက်ဆက်တိုက် ဝတ်တတ်သေး၏။ လက်သည်း မှန်မှန်မညှပ်ဘဲ လက်သည်းကြားမှာ ချေးတွေဖြင့် ထမင်းဟင်းချက်တတ်သူ၊ ထမင်းစားတတ်သူ ဖြစ်၏။ ထမင်းစားလျှင် လက်ခုံအထိ ဟင်းထမင်း ပေကျံအောင် အားရပါးရ နယ်ဖတ်စားတတ်သူ ဖြစ်၏။ အိမ်ကယောင်္ကျား အသုံးမကျသည့် အကြောင်းကို ရှေ့ခုနှစ်အိမ် နောက်ခုနှစ်အိမ် လည်ပတ် အတင်းပြောတတ်သူ ဖြစ်၏။ ဟင်းကို နည်းနည်းနှင့် ကောင်းအောင် မချက်တတ်ဘဲ ဗုံးပေါလအောချက်ပြီး သွန်ပစ်တတ်သူ ဖြစ်၏။ တခွက်ပင်ဖြစ်စေ အရသာရှိရှိချက်ဖို့ သူ ပြောလျှင်တော့ မဖြစ်စလောက် လစာကလေး... ဟူသော စကားဖြင့် ရန်တွေ့တတ်သူ ဖြစ်၏။ လခ ထုတ်ရတိုင်း လခရင်းကို တပြားမကျန် သူ အပ်သည့်အခါ စိတ်မပါ့တပါ၊ မယူချင်ယူချင် ပုံစံဖြင့် သက်ပြင်းချကာ ယူတတ်သည်။
“ဟိုဘက်အိမ်ကလူကတော့ မိန်းမကို တလသုံးလေးထောင် အပ်တာ” ဟု အောက်ကလိအာသံဖြင့် သူ့ဒေါသကို ဆွပေးတတ်သေး၏။ ဟိုဘက်အိမ်ကလူက သူ့လိုပင် အထက်တန်းစာရေး။ စာရေးချင်းအတူတူ သူ့ထက် ဘာကြောင့် ငွေပိုရသနည်း။ တွေးကြည့်လျှင် တနည်းသာ ရှိ၏။ “မလုပ်ကောင်းတဲ့ အလုပ်တွေ လုပ်နေလို့ ဖြစ်မှာပေါ့ကွာ” ဟု အေးအေးဆေးဆေး ဖြေရှင်းတော့ သူ့မိန်းမက မျက်လုံးပြူးကြည့်၏။ “ဒီခေတ်မှာ မလုပ်ကောင်းတဲ့အလုပ် ဆိုတာ မရှိဘူးတော့်။ အားလုံး လုပ်နေကြတာပဲ” ဟု ရန်တွေ့သည်။ “ဒါဖြင့်လည်း မင်း သွားလုပ်ပေါ့ကွာ” ဟု သူ ပြီးရာပြီးကြောင်း တခွန်းသာ ပြောမိသည်။ သူမက ဗြုန်းခနဲ ခြေဆောင့်နင်းကာ ထွက်သွား၏။
ညနေတိုင်း အရက်မူးကာ မျက်ထောင့်နီကြီးဖြင့် ပြန်ပြန်လာတတ်သော သားဖြစ်သူကတော့ အိမ်မှာ လူပိုသက်သက် ဖြစ်သည်။ ဘာအလုပ်မှလည်း မရှိ၊ အလုပ်လည်း မမြဲ။ မပင်ပန်းဘဲ အသက်ရှင်ချင်သည့်အပြင် အရက်သေစာ သောက်စားဖို့အတွက်ပါ အိမ်မှ ပိုက်ဆံကို သုံးဖြုန်းသေး၏။ မှန်မှန်ပေးနေသော ညီထံမှ တခါတလေ မရလျှင် ညီအစ်ကိုချင်း ထိုးကြိတ်သည်အထိ ရန်ဖြစ်တတ်သေး၏။ ဖအေ၊ မအေကိုလည်း ငဲ့ညှာရကောင်းမှန်း မသိချေ။ တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံ ရှိသည်၊ သားသမီးဆိုးကို ပစ်ရိုးထုံးစံ မရှိ ဟူသော စကားပုံကို ယခုမှပင် အခြေခံကျကျ နားလည်ခွင့် ရသွား၏။ လက်စသတ်တော့ သားသမီးဆိုး ဆိုတာ မွေးပြီးရင် ပစ်လို့မှ မရတော့ဘဲကိုးဟု ယခုမှပင် သူ သဘောပေါက်ရသည်။ သို့သော် သူ့အတွက် အားလုံး လွန်ခဲ့ပြီ။
---
သူ့ဘဝတွင် အတွယ်တာဆုံးအရာမှာ ငါးမျှားတံ ဖြစ်၏။
တွန့်လိမ်နေသော တီကောင်ကလေးကို ငါးမျှားချိတ်တွင် ဖောက်ခနဲ ထိုးချိတ်လိုက်ရစဉ် သူ အပိုင်ဆုံးအရာမှာ ငါးမျှားခြင်းသာ ဖြစ်ကြောင်း သူဝမ်းပမ်းတနည်း သိရသည်။ နိုင်လွန်ကြိုးကို လက်ဖြင့် ဖွဖွထိသပ်နေရစဉ် ဤကြိုး၏ထိတွေ့မှုသည် သူ့အတွက် ကျေနပ်စရာ ဖြစ်၏။ ကြိမ်တံ၏လက်ကိုင်ကို လျော့ရဲစွာ၊ သို့သော် သတိရှိစွာ ထိန်းကိုင်ရင်း ရေပေါ်မှ ငြိမ်သက်ခြင်းကို စောင့်ကြည့်နေရစဉ်မှာတော့ သူ့ပတ်ဝန်းကျင်တခုလုံးကို သူ အောင်နိုင်နေသည်။
လောကတွင် သူ အောင်နိုင်သော သတ္တဝါမှာ ငါးသာ ဖြစ်၏။
ဤကန်ထဲတွင် ငါးမျိုးစုံ ရှိသည်။ သူ့ငါးမျှားချိတ်တွင် ငါးမျိုးစုံ သူ မိဖူးသည်။ ယောင်္ကျားလက်ဖျံလောက်တုတ်သော ငါးကြင်းကြီးများမှအစ လက်ညှိုးလုံးလောက်သေးသော ငါးစင်းလုံးကလေးများအထိ သူ ရသည်။ ငါးမျှားသက် နှစ်ပေါင်း ကြာလာသောအခါ သူ့လက်မှာ ကိုင်ထားသော ငါးမျှားတံအဖျားရှိ လူပ်ရှားမှုကို မှန်ကန်စွာ ကောက်ချက်ချတတ်သွား၏။ ကြိုးကလေး၊ ဖော့တုံးကလေး ငြိမ့်ခနဲ လှုပ်ရှားသွားသည်ကအစ သူ ကျွမ်းကျင်စွာ အကဲဖြတ်တတ်သွားပြီး လျင်မြန်စွာ၊ မှန်ကန်စွာ ဆွဲတင်နိုင်သည်။ ငါးစာကိုလာဟပ်သော ငါးမှာ သူ့လက်မှ လွတ်ရသည်ဟု မရှိအောင် ဤလုပ်ငန်းကို ကျွမ်းကျင်လာ၏။
ရေထဲစိုက်ထားသော ငါးမျှားကြိုးကို စူးစိုက်စွာကြည့်ရင်း စိမ်းမှောင်သောရေပြင်ပေါ်တွင် အတိတ်ကအရိပ်များစွာ ထင်ဟပ်လာတတ်သည်။ တခါတရံတွင် နုပျိုသောလူငယ်တယောက်၏ မျက်နှာ (ထိုမျက်နှာပိုင်ရှင်သည် သူ ဖြစ်၏) တခါတရံ မိန်းမငယ်တဦး၏ မျက်နှာ (ထိုမျက်နှာပိုင်ရှင်သည် သူ့ချစ်သူ ဖြစ်၏)။
ချစ်သူအကြောင်း ပြန်တွေးရသည်မှာ ခပ်ဝါးဝါးသာဖြစ်သော်လည်း ရင်ခုန်စရာကောင်းသည်။ လွန်ခဲ့သောနှစ်ပေါင်း ၃၀ က သူ့ချစ်သူသည် တပတ်လျှိုဆံထုံးကလေးနှင့် ခရေပန်းကုံးများ ဝေနေအောင် ပန်တတ်သည့် မိန်းကလေး ဖြစ်၏။ လက်မောင်းလက်ဖျံများ တောင့်တင်းပြီး ဖျတ်လတ်သော၊ ကျန်းမာသန်စွမ်းသော မိန်းကလေး ဖြစ်၏။ သူတို့နှစ်ယောက် ချိန်းတွေ့နေကျ လေးထပ်ဘုန်းကြီးကျောင်းထောင့်က ခရေပင်ကြီးကို သူ မြင်ယောင်လာသောအခါ သူ စိတ်မှတ်မထင် ပြုံးမိလေသည်။
သနပ်ခါးနံ့ သင်းသင်းကလေးကို မွှေးကြူးရင်း ခရေနံ့ကလေးကိုပါ ရှူရှိုက်မိသော တနံနက်ခင်းက သူ့ရင်တွေ တဖျတ်ဖျတ် ခုန်ခဲ့ရကာ၊ ဘယ်လိုမှ မခွဲနိုင်အောင် ချစ်မြတ်နိုးစိတ်ဖြင့် မချင့်မရဲ ဖြစ်ခဲ့ရသည်။ ဆောင်းရာသီနံနက်ခင်းတိုင်း၊ မိုးရာသီညနေခင်းတိုင်း ခရေပန်းများက တဖြုတ်ဖြုတ်ကြွေလွင့်နေသည်။ ခရေပွင့်ကလေးများကို အလောတကြီးကောက်နေသော ကိုယ်လုံးကျစ်ကျစ်ခဲခဲကလေးမှာ ငေးကြည့်၍မဝနိုင်အောင် လှပနေခဲ့၏။ နှီးကြိုးကလေးဖြင့် သီကုံးပေးရန်ကတော့ သူ့တာဝန် ဖြစ်သည်။ သူသည် လက်ကိုင်ပဝါထဲက ပန်းများကို စိတ်ရှည်လက်ရှည် သီပေးခဲ့ဖူးလေသည်။ သီပြီးသွားသော ပန်းကုံးများကို မိန်းကလေး၏ဆံထုံးမှာစိုက်၍ ပန်ပေးရသည့်အရသာမှာ တမ်းတလွမ်းဆွတ်ဖွယ်ရာ ဖြစ်သည်။
သူသည် ခရေပင်ကြီးဆီသို့ မရောက်ဖြစ်တာ ကြာလှပြီ။ ခရေပင်ကြီးရှိရာ ဘုန်းကြီးကျောင်းသို့ပင် မရောက်ဖြစ်တာ ကြာလှပြီ။ တနေ့နေ့မှာ သွားမည်ဟု ကြံရွယ်လျက် ဘယ်တော့မှ မရောက်ဖြစ်ခဲ့ပါ။ တခါတရံ ဥပုသ်ယူသော သူ့မိန်းမနှင့်အတူ လေးထပ်ဘုန်းကြီးကျောင်းသို့ လိုက်သွားရန် ကြိုးစားဖူးသည်။ သို့သော် ဘုန်းကြီးထံ သီလ မယူမီ ဝိုင်းဖွဲ့စကားပြောကြသည့် အုပ်စုများတွင် သူ မပါဝင်ချင်ပါ။ အဖိုးတန်ပါတိတ် အထက်အောက်ဆင်တူဖြင့် ရွှေကြိုးများ၊ ကြယ်သီးများဖြင့် ဥပုသ်လာစောင့်သော မိန်းမကြီးငယ်များ၏ ကဲ့ရဲ့စကားအတင်းဆိုဟန်များကို သူ ရှောင်ချင်သည်။ “ရှင် အကုသိုလ်တွေချည်း နေ့တိုင်းလုပ်နေတာ တခါလောက် ကျွန်မနဲ့လိုက်ပြီး ဘုန်းကြီးကျောင်းမှာ ကုသိုလ်ယူပါလား” ဟူသည့် မိန်းမ၏ တိုက်တွန်းချက်ကို ကြားရသည့်အခါမှာတော့ ကုသိုလ်ယူချင်စိတ်ကလေး လုံးဝ ကုန်ဆုံးသွားကာ မလိုက်တော့ဘူးဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။
သည်လိုနှင့်ပင် အကုသိုလ်ကို ဆက်လုပ်ဖြစ်နေသည်။
သူသည် ငါးမျှားနေရင်းမှ လူအမျိုးအမျိုး၏ ပုံကိုဖော်ကာ အနိုင်ယူလို့ရသည်။ ဥပမာသမ္မာအာဇီဝကို နည်းနည်းမှ စိတ်မဝင်စားသည့် အရာရှိတဦး၏ ခပ်ထူထူခပ်လန်လန် နှုတ်ခမ်းများကို သူ ရွံ့မုန်းစွာတွေးတောရင်း သူ ငါးကို စိတ်ပါလက်ပါ မျှားသည်။ ရရှိလာသောငါး၏ ဟစိဟစိပါးစပ်ကို သေသေချာချာကြည့်တော့ ထိုအရာရှိ၏ပါးစပ်ကိုပင် မြင်တွေ့လိုက်လေသည်။ သူသည် ငါးမျှားချိတ်မှ ငါးကို ပျော်ရွင်စွာဆွဲဖြုတ်ပြီး မြေပြင်ပေါ် ဘုတ်ခနဲ ပစ်ချလိုက်ဖူးသည်။ တခါတရံ သူ့မိန်းမ၏ ပွစိပွစိနှုတ်ခမ်းတို့ကို စိတ်ထဲမှာ မြင်ယောင်လျက် ဒေါသတကြီး ငါးကိုမျှားသည်။ မိလာသောငါး၏ပါးစပ်ကို သူကြည့်သောအခါ တကယ်ပင် သူ့မိန်းမ၏ပါးစပ် ဖြစ်နေတတ်သည်။ သူ ရွှီခနဲလေချွန်လျက် ထိုပါးစပ်ကို အရသာခံ၍ ကြည့်နေတော့သည်။ ငါးကလေးက ဖတ်လပ်ဖတ်လပ်နှင့် အစွမ်းကုန် ရုန်းကန်နေသည့်အခါမှာတော့ စိတ်မကောင်းဟန်ဖြင့် သက်ပြင်းတချက်ချကာ ငါးမျှားချိတ်မှငါးကို ညင်ညင်သာသာကလေး ဆွဲဖြုတ်သည်။ ထို့နောက် ရွရွကလေးကိုင်ကာ သူနှင့်အဝေးဆုံးနေရာမှာ ချထားလိုက်ဖူးလေသည်။
ငါးမျှားခြင်းဖြင့် သူ ဤနေရာမှာ ကြာကြာထိုင်၍ ငိုင်နေခြင်းအပေါ် မည်သူကမှ သံသယမဝင်အောင် ဖြေရှင်းပြီးသား ဖြစ်၏။ သူသည် ငါးမျှားချင်ယောင်ဆောင်လျက် ရေထဲသို့ ငါးမျှားချိတ်နှစ်ချကာ နာရီဝက် တနာရီလည်း မလှုပ်မယှက် ထိုင်နေလို့ ရသည်။ မိန်းမကို မပြောဖြစ်သည့် စကားများကိုလည်း ခပ်တိုးတိုး ရေရွတ်နေလို့ရသည်။ တခါတခါ ကံဆိုးစွာ အဆော့သန်သော ကလေးများ၊ စပ်စုတတ်သော လူကြီးများ ရောက်လာလျှင် “ရှူး ...တိုးတိုး၊ ငါးလန့်သွားမယ်” ဟူသော သတိပေးချက်ဖြင့် စကားမပြောအောင်၊ မနှောင့်ယှက်အောင် တားဆီးနိုင်ခွင့် ရှိသည်။ သူ့ကို ကောင်းကောင်းနှောင့်ယှက်တတ်သူမှာ ကန်စောင်းတွင် နေထိုင်သော အဘိုးကြီးတယောက် ဖြစ်သည်။
အဘိုးကြီးကတော့ ငါးမျှားခြင်းကို အကုသိုလ်အလုပ်ဟု ယူဆကာ သူ့ကို ကဲ့ရဲ့ရှုတ်ချတတ်၏။ အဘိုးကြီးက ရေကန်ကမ်းစပ်ရှိ ကြာဖူးများကို ခဏခဏ လာခူးသည်။ “ဘာလုပ်ဖို့လဲ” ဟု သူ မေးတော့ ချက်စားဖို့ဟု ပြော၏။ ကြာဖူးကို ချက်စားရသည်ဟု တခါမှ မကြားဖူးပါ။ “ဦးလေး ဟင်းမရှိရင် ဒီငါးတွေ ယူသွားပါလားဗျ” ဟု သူက စိတ်လိုလက်ရ ပေးဖူးသည်။
သူသည် ဤငါးများကို စားသောက်ရန်၊ ရောင်းချရန် မျှားခြင်း မဟုတ်ပါ။ အစောပိုင်းနှစ်တွေတုန်းကတော့ ငါးများ၏ ပါးဟတ်များကို ဖောက်လျက် လျှောက်ကြိုးဖြင့်သီကာ တန်းလန်းဆွဲပြီး အိမ်သို့ပြန်ရသည်မှာ ပျော်စရာ။ နောက်ပိုင်းတော့ ထိုငါးများကြောင့်ပင် ဇနီးဖြစ်သူ၏ အပြစ်ရှာခြင်းကို ခံခဲ့ရသည်။ “ဒီငါးမျိုးဖြင့်တော်... တနေကုန်အောင် သွားမျှားနေစရာ မလိုပါဘူး၊ ဈေးထဲမှာ တဆယ်သား နှစ်ကျပ်ရယ်၊ ဗိုက်ရိုက်ပြီး စားပါလေ” ဟူ၍တမျိုး၊ “ရှင့်ငါးတွေက အင်းစော်နံလှချည်လား၊ ဘယ့်နှယ့်လုပ် စားမှာတုံး” ဟူ၍တမျိုး၊ “ဒီငါးမျိုးကို မှတ်ထား၊ ငါးမောင်းမလို့ ခေါ်တယ်၊ ငါးထဲမှာ အရသာမရှိဆုံးငါးပဲ” ဟူ၍ တမျိုး “ငါးခုံးမလိုငါးများ အချိန်ကုန်ခံပြီး မျှားနေသေးလားတော်၊ အဲဒီကုန်တဲ့အချိန်မှာ ရေလေးဘာလေးဆွဲတာကမှ အသုံးကျဦးမယ်” ဟူ၍ တမျိုး၊ အမျိုးမျိုး ရှုတ်ချသောအခါ ငါးများကို အိမ်သို့ အလေးခံ၍ သယ်မသွားတော့ပေ။ နည်းနည်းနွမ်းပါးသည် ထင်ရသော အသိမိတ်ဆွေများ၏အိမ်များကို အလှည့်ကျစနစ်ဖြင့် ဟင်းလျာပေးလိုက်ခြင်းအားဖြင့် ဇနီးဖြစ်သူနှင့်လည်း စကားပြောရ သက်သာသွားပြီး ကျေးဇူးလည်း တင်ခံရသည်။
အဘိုးကြီးကတော့ ငါးများကို မယူပါ။
“ငါက ပံ့သကူသားပဲ စားတာကွ၊ မြင်သားကြားသား မစားဘူး” ဟူ၏။
သူ ဒေါသ ထောင်းခနဲ ထသွားသေးသည်။ ခင်ဗျားတို့အတွက် ဖမ်းပေးသတ်ပေးတဲ့လူတွေ ရောင်းတဲ့သူတွေ ရှိနေလို့ပေါ့ဗျာ၊ မရှိရင် မြင်သားကြားသားတင် မကဘူး၊ ကိုယ်တိုင်တောင် သတ်ပြီးစားမှာ မဟုတ်လား။ သို့သော် အသက်ကြီးသော လူတယောက်နှင့် ယှဉ်ပြိုင်ပြီး ရန်ဖြစ်ရတာ မကောင်းပါ။
နောက်ပိုင်းတော့ အဘိုးကြီး ကြာဖူးခူးချိန်နှင့် သူငါးမျှားချိန်တို့ တော်တော်များများ တိုက်ဆိုင်နေတော့သည်။ ကြာဖူးသာမက ကြာပွင့်များကိုပါ ခူးတာ မြင်တော့ သူ အံ့သြသွား၏။
“ကြာပွင့်ကရော ချက်စားရသလား”
သူ မေးတော့ အဘိုးကြီးက လျှို့ဝှက်စွာ ပြုံး၏။ မဖြေချင်သလိုလို တွန့်ဆုတ်နေပြီးမှ နောက်ဆုံးမှာ သူ့အမေးကို ဖြေလိုက်သည်။
“ချက်မစားပါဘူး၊ ဆွဲကြိုးလုပ်ဖို့”
“ဟာ...ဆွဲကြိုး၊ ဘာလုပ်ဖို့လဲ”
အဘိုးကြီးတွင် ဇနီး၊ သားသမီး မရှိ၊ မြေး မရှိ၊ တယောက်တည်းသာ ဖြစ်သည်။ အဘိုးကြီးက သူ့ရှေ့ပင် ကြာပွင့်တခိုင်ကို ယူလျက် ကြာရိုးဆွဲကြိုး လုပ်နေ၏။ ကြာရိုးဆွဲကြိုးက လုပ်ရတာ အလွယ်ကလေး ဖြစ်သည်။ ငါးမျှားသလိုမခက်ပါ။ ကြာရိုးကို လက်တဆစ်နီးပါး အဆစ်ကလေးများ လုပ်၍ တဆစ်ချင်း ချိုးသွားရုံသာ ဖြစ်သည်။ ကြာရိုးကျိုးသွားပြီး အမျှင်စေးများကြောင့် ထိုချိုးပြီးသား အဆစ်ကလေးက တွဲလွဲဖြစ်နေသည်။ နောက်ထပ်တဆစ်ထပ်ချိုး၊ အမျှင်ကို ဟိုဘက်သည်ဘက် တလှည့်စီ တန်းနေအောင် တဖက်စီ ချိုးချသွားရုံသာ ဖြစ်သည်။ ထိပ်ဆုံးမှာတော့ ကြာပွင့် လောကတ်သီးကလေး...။
“ဟိုတုန်းကတော့ ငါ့မိန်းမကို အဲဒီလို ကြာလည်ဆွဲ လုပ်ပေးနေကျကွ၊ ငါ့မိန်းမခမျာ သေသာသွားရော သူ့ဘဝမှာ ပုလဲပုတီးကလေး တကုံးတောင် ဆွဲမသွားရရှာပါဘူးကွာ၊ ကြာလည်ဆွဲကိုပဲ မညည်းမညူ ဆွဲသွားရရှာတယ်၊ သူ့အသက် အငယ်ကလေးမှာ ကလေးမွေးရင်း ဆုံးသွားတာပဲ”
ထိုစကားကိုပြောပြီးနောက် သူ့အဖြေ ပြည့်စုံသွားသလိုပင် အဘိုးကြီးက သူ့ကို နှုတ်မဆက်ဘဲ ထွက်ခွာသွားသည်။ လက်မှာ တန်းလန်းဆွဲထားသော အနီရောင်ကြာပွင့်နှင့် ဆွဲကြိုးကလေးမှာ လေအဝေ့တွင် လွင့်လှုပ်လျက်ပါသွားသည်ကို သူ ငေးမောကြည့်နေခဲ့၏။
---
အေးမြသော ဆောင်းဥတုနံနက်ခင်း ဝေလီဝေလင်း အချိန်တခုတွင် သူသည် ထူးဆန်းစွာပင် နှင်းမှုန်ကြားထဲမှာ လမ်းလျှောက်နေတော့သည်။ သူ့ခြေထောက်များက သူမသိလိုက်မီမှာပင် မြို့၏ဟိုဘက်အစွန်းက လေးထပ်ဘုန်းကြီးကျောင်း ရှိရာသို့ လျှောက်သွားနေကြသည်။ ငါးဆယ့်လေးနှစ်အရွယ်သည် ဘုန်းကြီးကျောင်းဆီသို့ နံနက်လင်းအားကြီး လမ်းလျှောက်သွားလျှင် အသင့်တော်ဆုံး အရွယ် ဖြစ်သည်။
လမ်းခရီးတွင် ဈေးရောင်းရန် ဟင်းရွက်စည်းများဖြင့် ဈေးသို့ သွားကြသော ရွာသူရွာသားများကို မျက်နှာချင်းဆိုင် တွေ့ရသည်။ မိန်းမများသည် ပုဆိုးများထဲတွင် ဟင်းရွက်စည်းများထည့်၍ ထုပ်ပိုးပြီး ခေါင်းပေါ်ရွက်ထား၏။ ယောင်္ကျားများကတော့ တောင်းများဖြင့်ထည့်ကာ ထမ်းပိုးဖြင့် သယ်ဆောင်လာသည်။ နေထွက်စအချိန်တွင် နှင်းများ ပိုမိုသိပ်သည်းလာ၏။ လမ်းဘေးဝဲယာ သစ်ပင်များကိုသာ စိမ်းစိုစွာမြင်ရပြီး ခပ်ဝေးဝေးက သစ်ပင်များကိုတော့ သဲကွဲစွာ မမြင်ရပေ။ ဤလမ်းတွင် အိမ်ခြေကျဲပါးသည်။ မြို့နှင့်မတူဘဲ ရွာနှင့်တူသော ရပ်ကွက် ဖြစ်သည်။ တချိန်တုန်းက သူ့ချစ်သူသည် ဤရပ်ကွက်တွင် နေထိုင်ခဲ့ဖူးသည်။
အုတ်တံတိုင်းကာရံထားသော ဘုန်းကြီးကျောင်းသည် ဆောင်နှင်းမှုန်များအောက်တွင် အိုမင်းရင့်ရော်စွာ ရပ်တည်နေ၏။ သူ တခဏတာမျှ ငေးကြည့်နေပြီး ကျောင်း၏ထောင့်တဖက်က ခရေပင်အုပ်ရှိရာသို့ လျှောက်သွားလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ခရေပင်များမှာ ယခုအခါ ပိုမိုမြင့်မားလျက် ရှိသည်။ သစ်ပင်တွေ အနှစ်၃၀ အသက်ရှင်နေတာ အံ့သြစရာ မဟုတ်သော်လည်း သူတို့ကောက်ခဲ့သော ခရေပန်းများလိုပင် ယခုအချိန်အထိ ခရေပန်းများ ခြွေချပေးနေသည်မှာ အံ့သြစရာ။ သူ ဖြည်းညင်းစွာ လျှောက်သွား၏။ ပန်းများ တဖြုတ်ဖြုတ် လွင့်ကျနေသည်။
ဤခရေပင်ကြီးအောက်တွင် ငယ်ရွယ်သော သူ့ချစ်သူနှင့်အတူ သူ ထိုင်ခဲ့ဖူးသည်။
သူသည် အပင်အောက်တည့်တည့်တွင်ရပ်၍ ဖြူဖွေးသော ခရေပွင့်ကားကားကလေးများ၊ ညိုဝါသော ခရေပွင့်ခြောက်ကလေးများကို ငေးမောကြည့်နေသည်။ ခရေပန်းများနှင့် လှပခဲ့သော သူ့ချစ်သူကို သတိရစိတ်ဖြင့် ရင်ထဲမှာ နာကျင်လာ၏။ သူ ထိုင်ချကာ လတ်ဆတ်သော ပန်းကလေးများကို ရွေး၍ ကောက်နေမိတော့သည်။ ဟိုတုန်းကတော့ သူ့ချစ်သူကို သူ အမြတ်တနိုး ချစ်ခဲ့သည်။ သူ့ချစ်သူကလည်း သူ့ကို အားကိုးတကြီး ချစ်ခဲ့သည်။ ထိုမိန်းကလေးသည် သူ၏ ပထမဆုံးနှင့် နောက်ဆုံး ချစ်သူ ဖြစ်သည်။ သူသည်လည်း မိန်းကလေး၏ ပထမဆုံးနှင့် နောက်ဆုံး ချစ်သူ ဖြစ်သည်။ သူတို့နှစ်ယောက် လက်ထပ်သောအခါ လောကတခုလုံး လှပသာယာလျက် ရှိခဲ့ပါသည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ လှည့်စားတတ်သော ကံကြမ္မာအောက်တွင် အရှုံးပေးရတတ်သလား။ သူသည် ဖြစ်ပျက်နေသမျှ အရာရာကို နားမလည်နိုင်အောင် ရှိတော့သည်။ သူ ဝမ်းနည်းနေသည်။ နှစ်ပေါင်း၃၀သည် လူအားလုံး၏ ဘဝကို ပြောင်းလဲစေနိုင်သည်သာမက အချစ်ကိုလည်း ပြောင်းလဲစေနိုင်သည်။ တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် ခြေသံဖွဖွကလေးကို ကြားလိုက်ရသည်။
သူ ငယ်စဉ်က စောင့်နေကျနေရာတွင် သူ ငယ်စဉ်က ကြားနေကျ ခြေသံမျိုး (ဖိနပ်မပါ ဗလာခြေထောက်အစုံ၏ ခြေသံမျိုး) ကို ကြားလိုက်ရသောအခါ လက်ရှိဘဝနှင့် ငယ်စဉ်ဘဝ ရောထွေးကာ ရင်တလှပ်လှပ်ခုန်လျက် နောက်ဘက်သို့ ဗြုန်းခနဲ့ လှည့်ကြည့်လိုက်သည်။
ခပ်လှမ်းလှမ်းတွင် မိန်းကလေးတယောက်...။ ဆံပင်ကုပ်ဝဲကလေးနှင့် အပြာရောင်ဝတ်စုံ ပွပွကလေးများသည် နံနက်ခင်းလေအောက်မှာ လွင့်လှုပ်နေသည်။ အေးချမ်းသော၊ နုငယ်သော မိန်းကလေးတဦး...။ သူမက သူ့ကို တချက်သာ အကဲခတ်ကြည့်လျက် ခရေပွင့်ကလေးများကို စတင်ကောက်လေသည်။ သူသည် နာကျင်သောရင်ဖြင့် မိန်းကလေးကို ငေးမောကြည့်နေမိခဲ့သည်။
ထို့နောက် ဟာလာဟင်းလင်း ရင်ဖြင့် ဗြုန်းခနဲ လှည့်ပြန်လာခဲ့တော့သည်။
---
ရုံးသွားရန် ပြင်ဆင်နေစဉ် သူ့ဇနီးက အခန်းထဲဝင်လာသည်။
ဝဖြိုးသော ခန္ဓာကိုယ်ကို သူ့မျက်စိက ခဏကြည့်မိပြီးနောက် မျက်နှာလွဲလိုက်ရ၏။ ဘယ်လိုမှ မယုံနိုင်စရာကောင်းသော အဖြစ်များပါလား။ သူ နည်းနည်းရှက်ရွံ့စွာ စကားစလိုက်၏။
“ငါ မနက်အစောကြီး လမ်းလျှောက်ရင်း လေးထပ်ကျောင်းဘက် ရောက်ခဲ့သေးတယ်ကွ၊ ခရေပင်ကြီးက အခုအချိန်အထိ ပွင့်နေကြတုန်းပဲ၊ ခရေပန်းတွေကလည်းကွာ ဖွေးနေတာပဲ၊ ဟိုတုန်းကထက်တောင် များသေး”
သူ့မိန်းမမျက်နှာ နူးညံ့မသွားပါ။
“ငါ နည်းနည်းတောင် ကောက်လာခဲ့သေးတယ်၊ စားပွဲပေါ်မှာ”
ထိုစကားကြောင့် သူ့မျက်နှာသာ နည်းနည်းနွေးသွားသော်လည်း သူ့ဇနီးကတော့ စိတ်ဝင်စားဟန် မရှိပါ။
“ခရေပန်း ဘာလုပ်ရမှာလဲ၊ ဈေးထဲသွားဝယ်ရင် တကျပ်ဖိုးဆို သုံးလေးကုံးရတာ”
သူ့ဇနီးကို သူ ငေးကြည့်နေမိသည်။
“ဟိုတနေ့က လာပြောသွားတဲ့ကိစ္စကို ရှင် ငြင်းမယ် မကြံနဲ့နော်၊ ဒါ သူများပစ္စည်း ခိုးတာ မဟုတ်ဘူး”
သူ့ဇနီး၏မျက်နှာမှာ လောဘ၏ အရေးအကြောင်းများသာ ရှိနေပါသည်။
ထိုကိစ္စကို သူ့ခေါင်းထဲက ထုတ်ပစ်ထားသည်မှာ လာပြောချိန်ကတည်းက ဖြစ်သည်။ သူ့ဘဝတွင် ကိုယ်ကျင့်သိက္ခာကို တချိန်လုံး ထိန်းခဲ့သည်။ သေသည်အထိ ထိန်းသွားမည်။
သို့သော် စကားရှည်မနေချင်သောကြောင့် ခပ်မြန်မြန် ထွက်လာခဲ့ရ၏။
နောက်ရက်များတွင်လည်း ထုံးစံအတိုင်း ငါးမျှားသည့်အလုပ်ကို သူ စိတ်ပါဝင်စားစွာ မပျက်မကွက် လုပ်မြဲ ဖြစ်လေသည်။
---
#ဂျူး
#ငါးမျှားခြင်း
#shared_by_louis_augustine
Comments
Post a Comment