အနာမစင်သော ပန်းပွင့်များ // မောင်ရင့်မာ(ကျောင်းကုန်း)
အနာမစင်သော ပန်းပွင့်များ // မောင်ရင့်မာ(ကျောင်းကုန်း)
(ရွှေအမြုတေ၊ ၂၀၁၉၊ ဇွန်)
---
“ပြောတုန်းကဖြင့် နားမထောင်ဘဲနဲ့” ဟူ၍ စကားဝိုင်းတစ်ခုမှာ ကြားလိုက်ရတော့ ဘဝင်မကျသလိုဖြစ်သွားခဲ့သည်။ ကျွန်တော်တို့လည်း ပြောမိဖူးပါသည်။ ချစ်ခင်ရင်းနှီးသူတို့နှင့်စပ်လျဉ်း၍ ပြောလေ့ရှိပါသည်။ ကရုဏာချည်းမဟုတ်၊အပြစ်တင်ချင်သော သဘောပါသည်။ မှတ်ပြီလား၊ အခုတော့ခံရပြီမဟုတ်လား lဟု ကျေနပ်အားရသောသဘော ပါမည်ထင်သည်။
အမှားပြုခဲ့သူအပေါ်ပြစ်ဒဏ်တစ်ခုခု ပြန်လည်ကျရောက်သည်ကို အားရသည့်သဘော၊ အမှားအယွင်းတစ်ခုကို ခွင့် လွှတ်ဖို့၊ သည်းခံဖို့၊ မေ့ဖျောက်ပစ်လိုက်ဖို့ထက် ပြစ်ဒဏ်ကျရောက်သည်ကို ကျေနပ်သည့်သဘောဟု အောက်မေ့မိပါသည်။
တစ်ခါက နယ်မြို့တစ်မြို့မှ မိတ်ဆွေစာရေးဆရာလေးတစ်ဦးက ကျွန်တော့်စာအုပ်များ ရိုက်နှိပ်သည့် ပုံနှိပ်တိုက်တွင် သူ့စာအုပ်ကိုရိုက်နှိပ်လိုကြောင်း အကူအညီတောင်းသဖြင့် ပုံနှိပ်တိုက်နှင့်ဆက်သွယ်ပေးခဲ့ပါသည်။vသူ့သူငယ်ချင်းဒီဇိုင်နာလေး တစ်ဦးက ထိုစာအုပ် (book making) ကိစ္စကို တာဝန်ယူမည်ဆိုသည်။ အတွင်းစာများ ပြင်ဆင်၊ ဖြည့်စွက်၊ ဖြုတ်ပယ်ခြင်းတို့ကိုမူ စာရေးဆရာနှင့်ပုံနှိပ်တိုက်မန်နေဂျာတို့ တိုက်ရိုက်ပြောဆို၍ လုပ်ကိုင်ကြမည်ဆိုသည်။
တစ်လခန့်ကြာသောအခါ စာအုပ်ထွက်ပြီဆရာ၊ ကျွန်တော့်ဆီကို အုပ်ငါးရာရောက်ပြီ။ လက်ဆောင်လည်း ပေးနေပြီ ဟုဝမ်းသာအားရလှမ်း၍ ဖုန်းဆက်ပါသည်။ ပုံနှိပ်တိုက်မှာ စာအုပ်ကိုတွေ့ပါသည်။ စာအုပ်က သေသပ်လှပသည်။ လှလိုက်တာဗျာ ဟုပြောမိပါသည်။ လှတာမလှတာထား။ အခု အဖုံးတစ်ထောင်ပြန်ရိုက်ပေးရမယ်ဆရာဟု ပုံနှိပ်တိုက် မန်နေဂျာလေးက ပြောသဖြင့် ဘာကြောင့်လဲမေးကြည့်သည်၊ မျက်နှာဖုံး၏ အောက်ဆုံးရှိ လေးထောင့်အကွက်လေးနှင့် တိ၍ဖြတ်ရမည့်အစား အဖြူသားသုံးစိတ်ခန့်ချန်၍ဖြတ်ခဲ့မိသည်ဟုဆိုသည်။ သူ၏ဒီဇိုင်းအတိုင်းမဟုတ်သည့်အတွက် ဒီဇိုင်နာဆရာလေးက ကျေနပ် မှုမရှိဟုဆိုသည်။ အုပ်ရေတစ်ထောင်အတွက် အဖုံးတစ်ထောင်ပြန်ရိုက်ပေးဖို့ပြောရာ ပုံနှိပ်တိုက်ကသဘောတူခဲ့ရပါသည်တဲ့။
ခုအတိုင်းလှသားပဲဗျာဟု တဖွဖွပြောမိရင်း အဖုံးပြန်ရိုက်ဖို့ ဘယ်သူကတောင်းဆိုတာလဲမေးရာ စာရေးဆရာက ခုအတိုင်းလည်း သူကြိုက်တယ်လို့ပြောပါတယ်။ ဒါပေမဲ့၊ အလုပ်လာအပ်တဲ့ဒီဇိုင်နာဆရာကို သူပြောလို့မရဘူးတဲ့ဟုဆိုသည်။
“နေပါဦးဗျာ။စာရေးဆရာက ကျွန်တော်နဲ့ညီအစ်ကိုလို ခင်တဲ့သူပါ။ သူ့ဆီ ဖုန်းဆက်ပြီး မေးပါဦးမယ်”
စာရေးဆရာလေးထံ ကျွန်တော် ချက်ခြင်းဖုန်းဆက်ပါသည်။မျက်နှာဖုံးတစ်ထောင်စလုံး ပြန်ရိုက်ခိုင်းသည့်ကိစ္စကို သိ သလားဆိုတော့ သိပါသည်တဲ့။ ဒီဇိုင်နာကို ဘယ်လိုမှဖျောင်းဖျ၍မရပါတဲ့။ အဖုံးတစ်ထောင်ပြန်ရိုက်ပြီးရင် ခင်ဗျားဆီရောက်နေတဲ့ စာအုပ်ငါးရာကိုပြန်ပို့ပြီး လုပ်ခိုင်းဦးမှာလား ဆိုတော့ ပို့လို့ဘယ်ဖြစ်တော့မလဲဆရာ၊ ဖြန့်နေပြီပဲ။ ဒါပေမဲ့ ဒီဇိုင်နာက မေတ္တာရိ သက်သက်နဲ့ ကျွန်တော့်ကို လုပ်ပေးခဲ့တာဆိုတော့ သူ့ကိုကျွန်တော် ထပ်မပြောချင်တော့ဘူးဟု ငြင်းဆိုပါသည်။
ကျွန်တော်စိတ်မသက်မသာဖြစ်သွားသည်။ သေသပ်လှပသောစာအုပ်ကလေးကို နောက်တစ်ကြိမ် ပြန်ကြည့်မိသည်။
ဒီဇိုင်နာလေးကို မှားယွင်းသည်ဟုမဆိုသာပါ။ သူပေးထားသည့်ဒီဇိုင်းအတိုင်း ပုံနှိပ်တိုက်က လုပ်ပေးရမည်၊ လုပ်ပေးဖို့ တောင်းဆိုခွင့်ရှိသည်။ ဤသည်ကို အငြင်းပွားစရာမရှိပါ။ ပုံနှိပ်တိုက်ကလည်း သဘောတူပြီးဖြစ်ရာ သူတို့ချင်း ကိစ္စပြီးနေပါပြီ။ ကျွန်တော်က အနေသာကြီးဖြစ်ပါသည်။ သို့စဉ်လျက် ကျွန်တော်က အဘယ်ကြောင့် ဝင်ရောက် စွက်ဖက်ရပါသနည်း။
စာအုပ်ငါးရာကို စာရေးဆရာက ကျေကျေနပ်နပ်လက်ခံ၍ဖြန့်ဝေပြီး ဖြစ်သည်ဆို၏။ ဒီဇိုင်နာမကျေနပ်ပါက အဖုံးငါးရာ ကိုပဲ ပြန်ရိုက်ခိုင်းသင့်၏။ သို့သော်၊ အဖုံးတစ်ထောင်စလုံး ပြန်ရိုက်ပေးဖို့သူတောင်းဆို၏။ ဘာကြောင့်လဲ၊ ပုံနှိပ်တိုက်၏ မှားယွင်း မှုကို သည်းမခံနိုင်၊ ပြစ်ဒဏ်ခတ်လိုက်ချင်သည့်သဘော ဖြစ်တန်ရာသည်။ ကျွန်တော်တို့သည် အလွန်အမင်းမထိခိုက်၊ မနစ်နာ ခဲ့စေကာမူ အမှားပြုသူကို ပြစ်ဒဏ်ခတ်လိုက်ချင်သည်၊ မိမိ၏စိတ်ကျေနပ်မှုအတွက် ဒဏ်ခတ်သည့်နည်းဖြင့်ဖြေသိမ့်လိုသည်။
ကျွန်တော်က မနေနိုင်မထိုင်နိုင် ဝင်ရောက်စွက်ဖက်မိခြင်းမှာ ထိုအတွေးကြောင့်ပဲ ဖြစ်ပါသည်။
ကျွန်တော့်မိတ်ဆွေ ရှေ့နေတစ်ဦးရှိသည်။ သူကသမိုင်းနှင့်စာပေကို စိတ်ဝင်စားသည်။ တစ်ပါးသူကို ကူညီတတ်သည်။ သူ့မှာ ဘာကြောင့်ရယ်မသိ၊ အစဉ်အမြဲ ငွေကြေးခက်ခဲနေတတ်သည်။ ထိုသောကဖြင့် သူ့မျက်နှာမှာ အမြဲတစေ အဆီပြန်နေ လေ့ရှိသည်။ အနည်းငယ်မျှသောငွေကြေးဖြင့် သူ့ကို အယုံအကြည်မဲ့ခဲ့၊ သူနှင့် မိတ်ပျက်ခဲ့သူတွေ မနည်းခဲ့တော့။ သူ့ကို ချစ်ခင် လေးစား တန်ဖိုးထားသူများနှင့် ဇာတ်ခေါင်းကွဲခဲ့သည်မှာလည်း မနည်းလှတော့။
တစ်နေ့၊ မိတ်ဆွေတစ်ယောက်က ဖုန်းဆက်သည်။ ရှေ့နေကြီးကတော့ လုပ်ပြန်ပြီဗျာတဲ့။ ဘာဖြစ်ပြန်ပြီလဲ မေးရာ ကျွန်တော်တို့၏မိတ်ဆွေ ပန်းချီဆရာထံမှ ငွေသုံးသောင်းချေးယူသွားပြီး လကုန်လျှင်ပြန်လာပေးမည်ဟု ကတိပြုခဲ့ကြောင်း၊ နှစ်လကျော်ကြာအထိ ရှေ့နေကြီးပေါ်မလာသဖြင့် ပန်းချီဆရာမိသားစုက တဖွဖွမေးနေကြောင်း။
ဒါက အထူးအဆန်းမဟုတ်ပါ။ မိတ်ဆွေရှေနေကြီးနှင့်စပ်လျဉ်း၍ ကြားနေကျသတင်း တစ်ခုပဲ ဖြစ်ပါသည်။
ကျွန်တော့်ကို အကြောင်းပြု၍ ရှေ့နေနှင့်ပန်းချီဆရာတို့ သိကျွမ်းခဲ့သည်မှာမကြာလှသေး။ ပန်းချီဆရာမိသားစုက ငွေ ကြေးနှင့်ပတ်သက်၍စည်းကမ်းရှိသည်။ ငွေကို စနစ်တကျသုံးတတ်၊ စီမံခန့်ခွဲတတ်သည်။ သူတို့ကို စိတ်အနှောက်အယှက်မဖြစ် စေချင်။မိတ်ဆွေရှေ့နေကိုလည်း မငြိုငြင်စေချင်။ စိုသောလက် မခြောက်စေချင်။ ငွေကလည်း များလှတာမဟုတ်။
ဒီလိုလုပ်ဗျာ။ ကျွန်တော် ပိုက်ဆံပို့လိုက်မယ်။ ပန်းချီဆရာကို ဟိုလူဆပ်လိုက်တယ်လို့ပြော၊ ဟိုလူကိုတော့ကျွန်တော် စိုက်ပေးလိုက်ပြီဆိုတာ လုံးဝမပြောနဲ့ သို့ဖြင့် ထိုကိစ္စ ပြေလည်သွားခဲ့သည်။ သို့ပေမဲ့၊ မိတ်ဆွေရှေ့နေကြီးအား ထိုကိစ္စကို အသိမပေးခဲ့တော့ပါ။
ကျွန်တော်က မိတ်ဆွေတစ်ဦးကို စောင့်ရှောက်ခဲ့သည်ဟု ကြွားဝါလိုစိတ်ဖြင့် စာဖတ်သူကို ပြန်ပြောပြခြင်း မဟုတ်ပါ။ သို့သော် နေ့စဉ်လိုလိုသူနှင့် တွေ့နေပါလျက် ဆယ်နှစ်ကြာအထိအသိမပေးဘဲ မြိုသိပ်ထားခဲ့ခြင်းမှာ သူ့ကိုဒဏ်ခတ်ထားလိုက် ချင်သည့်စိတ်ကြောင့်ပဲ ဖြစ်တန်ရာပါသည်။ ပန်းချီဆရာကို ပေးရန်ရှိသေးသည်ဟု သူသတိရနေစေချင်သည်၊ မလုံမလဲ ဖြစ်နေစေချင်သည်။ ဒါမျိုး လုပ်ချင်ဦးလေဆိုသည့်သဘော။
ဝတ္ထုတိုလေးတစ်ပုဒ် ဟိုတုန်းက ကျွန်တော်ရေးဖူးပါသည်။
Justice Center တွင် စီနီယာရှေ့နေလုပ်နေသည့် ကျွန်တော့်မိတ်ဆွေဦးရွှေ ပြောပြခဲ့သော တကယ့်အဖြစ်အပျက်ကို ရေးသောဝတ္ထု။ လွန်ခဲ့သော ၁၅ နှစ်က ပြည်မြို့၊ ဗိုလ်ချုပ်လမ်း၊ပန်းနုရောင်လက်ဖက်ရည်ဆိုင်တွင် ဤသို့ သူပြောခဲ့သည်။
စိန်ပန်းရပ်ထဲမှာပေါ့ဗျာ။ ညစောင့်ကြီးတစ်ဦးရဲ့မိန်းမက ကောင်လေးတစ်ယောက်နဲ့ ဖောက်ပြန်တော့ အရပ်ကဝိုင်းဖမ်း တယ်။ လက်ပူးလက်ကြပ်မိတယ်။ ညစောင့်ကြီးကို သွားခေါ်၊ ခင်ဗျားဘယ်လိုလုပ်ချင်သလဲမေးတော့ သူ့သဘောပါဆိုပြီး မိန်းမကို မေးထိုးပြတယ်။ မိန်းမက သူ့အပြစ်နဲ့သူမဟုတ်လား။ ဟိုကောင့်နောက်ပဲ လိုက်မယ်ဆိုပြီး သူဝတ်ထားတဲ့နားကပ်တို့၊ လက်စွပ်တို့ ချွတ်၊ လက်ကိုင်ပုဝါလေးပေါ် ပုံလိုက်တာပေါ့ဗျာ။ ညစောင့်ကြီးက အဲဒါကိုတွေတွေကြီးကြည့်ပြီး နင့်ကိုဒီကောင်က သားမှတ်မှတ် မယားမှတ်မှတ်မပေါင်းရင် နင်ဒုက္ခရောက်မယ်။ ငါ့ဆီအချိန်မရွေး ပြန်လာ။ ဒါတွေလည်း မထားခဲ့ပါနဲ့၊ နင်ပဲ ယူသွားပါလို့ ပြောတယ်။ အဲဒါပွဲသိမ်းပါပဲဗျာ။ သူတို့လင်မယား မကွဲမပြဲတော့ဘဲ ပြန်ပေါင်းထုပ်သွားတယ်။
ဦးရွှေသည် ကျွန်တော့်တရားခွင်၌ အမှုလိုက်ပါဆောင်ရွက်နေသော ဥပဒေအရာရှိဖြစ်သည်။ ထိုစဉ်က ဥပဒေအရာရှိ အတော်များများသည် တရားခံအပေါ်ပြစ်မှုထင်ရှားစီရင်နိုင်သည့်သက်သေခံချက်များ၊ လုံလောက်စွာမရှိသည့်တိုင် သိသိကြီးနှင့် အပြစ်ပေးဖို့ကိုပဲ မျက်စိမှိတ်လျှောက်လဲလေ့ရှိသည်။ဒါကြောင့်လည်း သူတို့ကိုဆွဲချဟု တစ်ခေတ်တစ်ခါကခေါ်ခဲ့သည်။
ဦးရွှေကမူ ထိုသို့မဟုတ်ပါ။ သူကစိတ်ကောင်းနှလုံးကောင်းရှိသည်။ သနားတတ်သည်။ လွှတ်သင့်သည်ထင်မြင်ပါက လွှတ်သင့် ကြောင်း ရဲရဲတင်းတင်းလျှောက်လဲတတ်သည့် ရှားရှားပါးပါးဥပဒေအရာရှိတစ်ဦးဖြစ်သည်။ သူ၏အထက် လူကြီးများက သူ့ကို မကြာခဏ အထင်မှားခဲ့သည်။ တရားခံထံမှ တစ်စုံတစ်ရာရယူထားသောကြောင့်ဟု သင်္ကာမကင်းဖြစ်တတ်သည်။ မဟေလဲသုတ်၊ ဟေလဲသုတ်ခေတ်တွင် ဦးရွှေ၏ စိတ်နှလုံးကောင်းမှုသည် ထူးခြားဆန်းပြားနေသည်မှာ အမှန်ပဲဖြစ်သည်။
ဦးရွှေ၏ ဇာတ်လမ်းကို ဝတ္ထုရေးသောအခါ ညစောင့်ကြီးကို ထစ်ခနဲရှိ တုတ်ဆွဲဓားဆွဲလုပ်တတ်သည့် စိတ်ကြမ်းလူကြမ်း သောင်းထိန်ကြီးအဖြစ် ဖန်တီးခဲ့ပါသည်။ အရပ်ကဝိုင်းဖမ်း၍မိသည့်အခါ၌ပင် သောင်းထိန်ကြီးကိုသွားခေါ်ဝံ့သူမရှိသည့်အနေ အထား။ ဒါမှသာ မိုက်သွေးတရဲရဲနှင့် သောင်းထိန်ကြီး၏ခွင့်လွှတ်မှုက ပို၍ပေါ်လွင်မည်။ အဲသည်လို ကျွန်တော်ယူဆသည်။
သောင်းထိန်ကြီးက ခွင့်လွှတ်ခဲ့ခြင်းနှင့်လည်း ဝတ္ထုကပြီးပါသည်။ သူ့အတိုင်းလှနေနိုင်သည်ကို ကျွန်တော်သိပါသည်။ ပြဿနာက ဝတ္ထုရေးသူ၏ မကျေနပ်နိုင်မှုဖြစ်သည်။ သောင်းထိန်ကြီး၏ဇနီး မြညိုသည် အပြစ်ကျူးလွန်သူဖြစ်သည်။ တကယ့် အဖြစ်အပျက်၌ မြညိုသည် အပြစ်ကျူးသူဖြစ်ပါလျက် လွတ်မြောက်နေသည်။ ဒီလိုမဖြစ်သင့်ဟုထင်သည်။ သည်တော့ ဝတ္ထုကို ကျွန်တော် ဆက်ရေးသည်။ တစ်နေ့၊ သောင်းထိန်ကြီးကို ဒုလ္လဘ ရဟန်းမဲ ပေါက်စေလိုက်သည်။ မိဂဒါဝုန်တောရ၌ တစ်ဝါနှင့်လည်း လူမထွက်၊ နှစ်ဝါနှင့် လည်းလူမထွက်။ နံနက်အရုဏ်အတက်၊ မိဂဒါဝုန်တောရကျောင်းမှ ဆွမ်းခံထွက်သည့်ရက်များတွင် သျှားညိုတဘက်ကလေး ပခုံးပေါ်တင်လျက် မြညိုဆွမ်းလောင်းနေသည့်မြင်ကွင်းနှင့် ဝတ္ထုကို ကျွန်တော်အဆုံးသတ်ခဲ့သည်။
အခြားသောမျက်နှာစာဟူသည့် ထိုဝတ္ထုလေးကို ရွှေအမြုတေမဂ္ဂဇင်းက ပုံနှိပ်ဖော်ပြခဲ့ပါသည်။
အဲဒါ ဦးရွှေဇာတ်လမ်းပေါ့ဟု ကျွန်တော်ပြောသည့်အခါ ဦးရွှေပြောတဲ့ဇာတ်လမ်းလို့ လုပ်ပါဗျာဟု သူကပြုံးပြုံးကြီး ငြင်းဆိုတတ်ပါသည်။ သို့သော်၊ တကယ့်ဖြစ်ရပ်နှင့် ဝတ္ထုရေးသူ၏ ဖြည့်စွက်ဖန်တီးချက်ကို သိသွားသည့် သူငယ်ချင်းတစ်ဦးက ခင်ဗျားဗျာ၊ သူ့အတိုင်းလှနေသားနဲ့။ ဝတ္ထုထဲမှာတောင်မှ လိုက်ပြီး စီရင်ချက်ချနေတယ်ဟု ပြောခဲ့ပါသည်။
နှစ်များ ကြာခဲ့ပါပြီ။ ဘဝခရီးသည်လည်း ပို၍ရှည်လျားခဲ့ပါပြီ။ ကာမဘုံသားတို့၏လမှားယွင်းတတ်သော၊ လှည့်ဖြားတတ် သော၊ ရှုပ်ထွေးပွေလီသော၊ သဘောသဘာဝများစွာကို ကြုံခဲ့ရပြီဖြစ်ပါသည်။ ဝတ္ထုထဲတောင်မှ လိုက်ပြီး စီရင်ချက်ချနေတယ် ဆိုသည့်စကားကိုမူ ကျွန်တော် မကြာခဏ သတိရမိပါသည်။ ကျွန်တော်တို့က အရာရာကို စီရင်ချက်ချဖို့ လိုအပ်ပါသလား။
အပြစ်ကျူးသူတိုင်းသည် အပြစ်ဒဏ်ခံရပါသလား။ စီရင်ချက်ချမှတ်သူကကော ဘယ်လောက်အပြစ်ကင်းစင်နေလို့လဲ။ မာဖီ၏နိယမ (Murfys Law) အရ အဆင်ပြေချောမွေ့နေဆဲမှာပဲ အမှားတစ်စုံတစ်ရာတော့ရှိနေစမြဲဟုညဆိုသည်။ ပုန်းကွယ်နေသော အပြစ်အနာတစ်ခုတော့ရှိတတ်စမြဲ ဟုဆိုသည်။ မည်သူမျှ အမှားအယွင်းနှင့်မကင်းဟု ကောက်ယူရန်ရှိပါသည်။
ဥပဒေသိပ္ပံပညာရှင်တို့က ပြစ်ဒဏ်ပေးရသည့် ရည်ရွယ်ရင်းအချက်များ၌ လူ့အဖွဲ့အစည်းကို ကာကွယ်ပေးလိုခြင်း၊ ကုစားပေးလိုခြင်းအပြင် ထိခိုက်နာကျင်သွားသောလူ့အဖွဲ့အစည်းကို နှစ်သိမ့်ပေးလိုသည့်သဘောလည်းပါဝင်သည်ဟုဆိုသည်။ ပြစ်ဒဏ်ပေးခြင်းသည်ပင်လျှင် ကလဲ့စားချေရန် ရည်ရွယ်ရင်းမဟုတ်သည်ကို ပို၍ယဉ်ကျေးလာသောလူ့အဖွဲ့အစည်းက လက်ခံခဲ့ပြီးဖြစ်ပါသည်။ လူ့အဖွဲ့အစည်းကို ထိခိုက်နာကျင်စေသည့် ကျူးလွန်မှုများအတွက် အပြစ်ပေးခြင်း ရှိနေရဦးမည်ဖြစ်ပါသည်။
သို့ရာတွင် ကျွန်တော်တို့သည်အမှားတစ်ခုလုပ်တိုင်း တစ်ကြိမ် အပြစ်ပေးခံခဲ့ရသည်တော့ မဟုတ်ပါချေ။
မိုးနတ်မင်းက သည်းခံခွင့်လွှတ်ခဲ့သော၊ မသိကျိုးကျွံ ပြုထားလိုက်သော အမှားကိုယ်စီတော့ ရှိခဲ့ဖူးသည်ပဲဖြစ်ပါသည်။
ဟိုတစ်ခေတ်က သူကြီးလုပ်ခဲ့သည့် ကျွန်တော်တို့ဘကြီးသည် အပြစ်တင်ဖို့ ဝန်လေးတတ်သူ ဖြစ်ပါသည်။ တစ်ခါက၊ ရွာသူအပျိုချောကို လက်ဆွဲမှုဖြင့် သူ့ထံရောက်လာသော လူပျိုကြီးအား အများရှေ့မှာ ဆူပူကြိမ်းမောင်းပြီး ခြောက်ပေါက်ထဲထည့် ချုပ်ပါသည်။ ညနေစောင်းသောအခါ မင်းငတုံးပဲ၊ မိန်းမဆိုတာ အကြမ်းဖက်လို့မရဘူး၊ အနုဖက်ရတယ်ကွဟုဘပြုံးပြုံးကြီးပြော၍ လွှတ်ပေးပါသည်။ ဘကြီးမှာ မိန်းမသုံးယောက်ရှိပါသည်။ ညွှန်ကြား ရေးမှူးချုပ် လုပ်ခဲ့သည့်ကျွန်တော်တို့၏ဘနောင်တော်ကြီးသည် သူ့ဌာနမှ အရာရှိငယ်များအား တိုင်ကြားသည့်စာများကို ဖတ်ပြီးနောက် ဒီကောင်မသေသပ်ဘူး တော်တော်စွံတဲ့ငနဲလေး ဟူ၍ မှတ်ချက်ပေးတတ်ပါသည်။ တစ်ဦးတစ်ယောက်ကို လွယ်လင့် တကူအပြစ်ဆိုလျက် ငါပဲသူတော်ကောင်းဆိုသည့်ပုံမျိုး သူလုပ်ပြလေ့မရှိပါ။ မည်သူမျှ ခြောက်ပြစ်မကင်းသည့် သဘောကို စောကြောလက်ခံထားပြီးဖြစ်သည်ဟူ၍ လေးစားမိပါသည်။
ကမ္ဘာလောကကို အမှားအယွင်းစိုးစဉ်းမျှမပါဘဲ တည်ဆောက်ထားသည်ဟူ၍တော့ဖြင့် ကျွန်တော်မထင်ပါ။
ဤမြေကမ္ဘာ၌ အနာမစင်သောပန်းများလည်း ပွင့်တတ်သည်ပဲဖြစ်ပါသည်။ သို့ဖြစ်၍ စာနာမှု၊ နားလည်မှု၊ သည်းခံခွင့်လွှတ်မှု၊ မေတ္တာ၊ ကရုဏာ စသည်တို့ ရှိနေရခြင်းဖြစ်ပါသည်။ ခြင်ကိုသတ်ဖို့ရာ ပုဆိန်တစ်လက် မလိုပါ။ မေတ္တာ၊ ကရုဏာဆို သည်မှာ လောက၏ဝင်းပသော အဆင်တန်ဆာများ ဖြစ်ပါသည်။ သူ့အတိုင်းလှနေတတ်ပါသည်။ ကျွန်တော်တို့၏အမှတ်မထင် အပြစ်တင်စကားတွေနှင့် အလှမပျက်စေသင့်၊ အကျည်းတန်အောင် မလုပ်သင့်ဟုထင်ပါသည်။
ကံကောင်းထောက်မ၍ မသိကျိုးကျွံပြုထားခံရသော အမှားကိုယ်စီ၊ အပြစ်ကိုယ်စီနှင့် ကျွန်တော်တို့က အခြားသူတစ်ပါး တို့၏ အပြစ်မကင်းစင်မှု အနည်းငယ်မျှကို သည်းခံဖို့ရာ၊ ခွင့်လွှတ်ဖို့ရာ၊ မေ့ဖျောက်ပစ်လိုက်ဖို့ရာ အဘယ်ကြောင့် တွန့်ဆုတ်နေ ရပါသနည်း။ အဘယ်ကြောင့် တုန့်နှေးနေရပါသနည်း။ အဘယ်ကြောင့် ဝန်လေးနေရပါသနည်း။
ကရုဏာ၏ နောက်ပါး၌ ဒေါသောကလေးများ ခိုတွဲကပ်ငြိနေတတ်ပါသည်။ ယင်းမှာ ပန်းပွင့်တွေကို အလျင်အမြန်ကြေမွပျက်စီးအောင် ကိုက်ဖြတ်ပစ်သည့် ပိုးမွှားနှင့်တူပါသည်။ အနာစင်သည့်ပန်းပွင့်များနှင့်အတူ အနာမစင်သည့် ပန်းပွင့်ကလေး များလည်း သူတို့စွမ်းသမျှ သူတို့၏ကမ္ဘာလောကကို အလှဆင်ခွင့် ရသင့်သေးသည်ဟု အောက်မေ့မိပါသည်။ ။
---
#မောင်ရင့်မာ_ကျောင်းကုန်း
#အနာမစင်သောပန်းပွင့်များ
#shared_by_louis_augustine
Comments
Post a Comment