အီနိုလာဂေး၊ မိုးစက်ပွင့်ဖြူဖြူ ဟီရိုရှီးမားညချမ်း // မြသန်းတင့်
အီနိုလာဂေး၊ မိုးစက်ပွင့်ဖြူဖြူ ဟီရိုရှီးမားညချမ်း // မြသန်းတင့်
(သမိုင်းစကား ပန်းစကား)
---
‘အီနိုလာဂေး’ ဟူသော အမည်သည် ထိုနေ့မနက်က စူပါဖို့ထရက်လေယာဉ်ကြီးကို မောင်းနှင်လာသည့် လေယာဉ်မှူး၏ အမေ့နာမည်ဖြစ်သည်။ လေယာဉ်မှူးဗိုလ်ကြီး ဝါးဖီးတဗက်က သူ့လေယာဉ်ကို သူ့မိခင်နာမည် ပေးထားခြင်းဖြစ်သည်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ မနက်တွင် အမေရိကန် လေတပ်မှ လေယာဉ်တစင်းဖြစ်သည့် ‘အီနိုလာဂေး’ သည် ဂျပန်ပြည် ဟီရိုရှီးမားမြို့ကြီးကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်များကို အရှေ့အနောက်သို့ ကျော်၍ ပျံသန်းလာခဲ့သည်။ ထို့နောက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ဝမ်းဗိုက်မှ အခန်းတခန်းကို ဖွင့်လိုက်သည်။ အခန်းထဲမှ ဗုံးတဗုံးသည် ဟီရိုရှီးမားမြို့ကြီးပေါ်သို့ ကျလာခဲ့သည်။
အီနိုလာဂေးသည် ဗုံးကိုဖြုတ်ချလိုက်ပြီးနောက် လေယာဉ်မှူး ဗိုလ်မှူးကြီး ဝါးဖီးတဗက်က လေယာဉ်ကို အမြင့်သို့ ပျံတက်လာခဲ့သည်။ ဘာမျှ မကြာလိုက်။ စက္ကန့် ၆၀ မပြည့်မီမှာပင် တောက်ပသော ဟီရိုရှီးမားမနက်ခင်းတွင် နေလုံးကြီး ပေါက်ကွဲသွားသကဲ့သို့ပင် ဝင်းလျှပ်ဖြူဖွေးသော အလင်းရောင်ကြီးတခု ပြက်လိုက်သည်ကို မြင်ရသည်။
အလင်းရောင်က ပြင်းထန်စူးရှလွန်းသဖြင့် အီနိုလာဂေး စူပါဖို့တရက် လေယာဉ်ကြီးပေါ်တွင် လိုက်လာသည့် လေယာဉ်အဖွဲ့သား အားလုံးသည် နေကာမျက်မှန်တွေ တပ်ထားသည့်တိုင် မျက်လုံးတွေ ပြာဝေကာ ကြက်မျက်သင့်သကဲ့သို့ ဖြစ်ကုန်ကြသည်။
စက္ကန့်အတန်ကြာတွင် ဗုံးပေါက်ကွဲမှု၏ တုန်ခါမှုသည် မိုင်ပေါင်းများစွာ အကွာတွင် ပျံသန်းနေသည့် အီနိုလာဂေးဆီသို့ ရောက်လာကာ အောက်မှ လေယာဉ်ပစ်အမြောက် ပစ်လိုက်သကဲ့သို့ တုန်ခါလှုပ်ရမ်းသွားသည်။ တွဲဖက်လာသော လေယာဉ်မှူးဖြစ်သည့် ဗိုလ်ကြီး ရောဗက်လူဝီသည် အောက်သို့ ငုံ့ကြည့်ကာ “ဘုရားရေ၊ ကျွန်တော်တို့ ဘာတွေ လုပ်မိသလဲ မသိဘူး” ဟု ယောင်၍ အော်သည်။
အမှန်ကတော့ သူတို့သည် ဘာမျှ ထူးထူးဆန်းဆန်း မလုပ်ခဲ့ကြပါ။ လုပ်ရိုးလုပ်စဉ်အတိုင်း ဗုံးတလုံး ကြဲချခဲ့ကြခြင်းသာ ဖြစ်သည်။
သို့ရာတွင် သူတို့ကြဲချခဲ့သော ဗုံးသည် ကမ္ဘာတွင် ပထမဆုံးသော အဏုမြူဗုံးဖြစ်သည်။
သတင်းစာဆရာ ဂျွန်ဟာဆီက ‘ပတ်ဝန်းကျင်တခုလုံး ဖြူဖွေးဝင်းလျှပ်သော အလင်းရောင်ကြီးတချက် ပြက်လိုက်ပြီးနောက် ဟီ ရိုရှီးမားမြို့ကြီးသည် စက္ကူချပ်ကလေး တချပ်လို ပြားချပ်လောင်ကျွမ်းသွားစေခဲ့လေပြီ’ ဟု သူ၏ နာမည်ကျော် ‘ဟီရိုရှီးမား’ စားအုပ်တွင် ရေးခဲ့သည်။
ထိုဝင်းလျှပ် ဖြူဖွေးသော အလင်းရောင်ကြီး ပြက်သည့်အချိန်မှစ၍ ကမ္ဘာကြီးသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။ ဟီရိုရှီးမား မြို့သူ မြို့သားတို့ ကံကြမ္မာ၊ ဒုတိယကမ္ဘာစစ်ကြီး၏ လမ်းကြောင်း၊ နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် ငြိမ်းချမ်းရေး ပြဿနာ၊ သိပ္ပံပညာ၏ အနာဂတ်၊ စစ်သေနင်္ဂဗျူဟာ အတတ်ပညာ၏ အခန်းကဏ္ဍ၊ နိုင်ငံတကာ သံတမန်ဗေဒ၊ အသိပညာ၊ အနုပညာနှင့် ယဉ်ကျေးမှုတို့၏ သဘာဝ၊ နေထိုင်မှုစနစ်နှင့် ဘဝအမြင်တို့သည် ပြောင်းလဲသွားခဲ့ကြသည်။
သမိုင်းတလျှောက်မှ သမိုင်းခေတ်များအား သူတော်စင်များ၊ ဒဿနဆရာများ၊ အာဇာနည်များ၊ စစ်သူရဲကောင်းများ၊ အတွေးအခေါ် များကို သင်္ကေတပြု၍ ခေါ်ခဲ့ကြသည်။ ဗုဒ္ဓခေတ်၊ ယေရှုခေတ်၊ ပလေတိုခေတ်၊ အယ်လက်ဇန္ဒရာခေတ်၊ အသောကခေတ်၊ တန်မင်း ဆက်ခေတ်၊ အနော်ရထာခေတ်၊ နပိုလီယန်ခေတ်၊ ဝိတိုရိယခေတ်၊ စက်မှုတော်လှန်ရေးခေတ်၊ ဒီမိုကရေစီခေတ်၊ ဆိုရှယ်လစ်ခေတ် စသည့်...။
သို့ရာတွင် အဏုမြူခေတ်ကား လက်နက်တခု၊ ခြိမ်းခြောက်မှုတခု၊ အန္တရာယ်တခုကို အစွဲပြု၍ ခေါ်သည့်ခေတ်ကြီး ဖြစ်လာ ခဲ့သည်။ ၁၉၄၅ ခု သြဂုတ်လ ၆ ရက်နေ့က ကြဲချခဲ့သည့် အဏုမြူဗုံး၏ တိမ်တိုက်အရိပ်ကြီးသည် ယနေ့တိုင် ကမ္ဘာကို ယှက်မိုးနေ သေးသည်။ ထိုအချိန်မှစ၍ သမိုင်းဆရာ၊ နိုင်ငံရေးသိပ္ပံပညာရှင်များနှင့် စာရေးဆရာများသည် ကျွန်တော်တို့ ခေတ်ကြီးကို အဏုမြူခေတ်ကြီးဟု ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။ အမေရိကန် ကဗျာဆရာ အော်ဒင်က အဏုမြူဗုံးကြဲချပြီး ကမ္ဘာသူကမ္ဘာသားတို့ အထိတ်ထိတ်အလန့်လန့် စိုးရိမ်တကြီးဖြင့်နေရသည့် အခြေအနေကြီးကို ကြည့်ကာ ကျွန်တော်တို့ ခေတ်ကြီးကို ‘သောကခေတ်ကြီး’ ဟု ခေါ်ခဲ့သည်။
ဟီရိုရှီးမားကို အဏုမြူဗုံး ကြဲချခဲ့သည့် မနက်က အသက် ၁၁ နှစ်အရွယ်ရှိ ယူရှိတာကာ ကာဝါမိုတိုသည် ရပ်ကွက်တခုရှိ အလယ်တန်းကျောင်းသို့ လာခဲ့သည်။ ကျောင်းသို့ရောက်လျှင် သူတို့ဆိုနေကျ သီချင်းကို သူငယ်ချင်းများနှင့် ဝိုင်းဆိုကြသည်။
ဟီရိုရှီးမားရဲ့ ဆည်းဆာညချမ်းမှာ
မိုးစက်ပွင့်ဖြူဖြူ သွန်ကျလာ
ပန်းပွင့်လွှာပေါ်က အရောင်လွင့်ပြယ်ကာ
နွေဦးကုန်ဆုံးတော့မှာ
ဒါပေမယ့် တို့တတွေ ကြံ့ကြံ့ရပ်တည်ကာ
သာတူညီမျှ ကောင်းစားရေးအိပ်မက်များ
အကောင်အထည်ပေါ်စပြုလာ
ကာဝါမိုတိုနှင့် သူငယ်ချင်းများသည် ကျောင်းတက်လျှင် သူတို့မဆိုမနေရ ပြဋ္ဌာန်းထားသည့် စိတ်အား တက်ကြွဖွယ် သီချင်းတပုဒ် ကို ဆိုကြသည်။ သူတို့သီချင်း မဆုံးမီ လေယာဉ်ပျံသံများကို ကြားရသည်။
“သီချင်းဆိုပြီးလို့ ကျွန်တော်တို့တတွေ ကိုယ့်ခုံတန်းမှာ ပြန်ထိုင်မယ်လုပ်တုန်းမှာ ကျွန်တော့သူငယ်ချင်း အိုတာက ‘ဟေ့ ကြည့်စမ်း ဘီ ၂၉ ဗုံးကြဲလေယာဉ်ကြီးကွ’ လို့ ကျွန်တော့်ကို လှမ်းပြောတယ်၊ ကျွန်တော်က စပ်စုချင်တဲ့ကောင်ဆိုတော့ ပြတင်းပေါက်နားကို ထလာခဲ့တယ်၊ ပြတင်းပေါက်နား မရောက်ခင်မှာပဲ အလင်းရောင်ကြီးတခု လင်းကနဲ လက်ခနဲ ဖြစ်သွားပြီး အသံတသံကို ကြားလိုက်ရတယ်၊ အလင်းရောင် လျှပ်စီးလက်လိုက်သလိုပဲ၊ ရုပ်မြင်သံကြားစက် ပျက်သွားလို့ လင်းခနဲ ဖြစ်သွားသလို လေထဲမှာ လင်းသွားသလို ထင်လိုက်ရတယ်၊ ပြီးတော့ ကျွန်တော်လည်း သတိလစ်သွားတာပဲ” ဟု ကာဝါမိုတိုက ပြောသည်။
ထိုအချိန်မှာ ၁၉၄၅ ခု သြဂုတ်လ ၆ ရက်၊ နံနက် ၈ နာရီ ၁၅ မိနစ်။
ထိုစဉ် အသက် ၁၁ နှစ်သာရှိသေးသည့် ကာဝါမိုတိုသည် ယခု ဟီရိုရှီးမားမြို့ ငြိမ်းချမ်းရေး ပြတိုက်မှာ ပြတိုက်မှူး လုပ်နေသည်။
“အလင်းရောင်ကြီးကို မြင်လိုက်ရတော့ ကျွန်တော် သတိမေ့သွားတယ်၊ ပြီးတော့ ဟီရိုရှီးမား ညနေဆည်းဆာက မိုးစက်ပွင့်ဖြူဖြူ ဆိုတဲ့ သီချင်းကို ကျွန်တော်သတိရတယ်၊ ပြီးတော့ ကျွန်တော့် သူငယ်ချင်း အိုတာကို သတိရတယ်။ အဲဒီတုန်းက ကျွန်တော် အလယ်တန်းကျောင်း ရောက်တာ လေးလပဲ ရှိသေးတယ်၊ ဒီတာ့ မိတ်ဆွေ သူငယ်ချင်းရယ်လို့ များများ စားစား မရှိသေးဘူး၊ အိုတာနဲ့ ကျွန်တော်ကတော့ ချက်ချင်းခင်သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နှစ်ယောက်စလုံးက ဂျပုလေးတွေကိုး၊ အတန်းထဲမှာဆိုရင် ကျွန်တော်နဲ့ သူက တခုံတည်း ထိုင်ရတယ်၊ ကျောင်းမှာ ကျွန်တော်က အိုတာကို အထင်ကြီးတယ်၊ ကျွန်တော်က တောသား၊ အိုတာက ရည်မွန်တယ်၊ ယဉ်ကျေးတယ်၊ ကျွန်တော်ဖြစ်ချင်တဲ့ မြို့ကြီးသားဟန်မျိုး အပြည့်ရှိတယ်၊ အသားလည်းဖြူတယ်၊ ရုပ်ကလည်း ချောတယ်၊ ကျွန်တော့်လို နှာခေါင်းပြားပြားမဟုတ်ဘူး၊ အနောက်နိုင်ငံသားတွေလို နှာတံပေါ်ပေါ်၊ မျက်လုံးတွေကလည်း တောက်လို့၊ အသံကလည်း ခပ်သြသြ၊ ယောက်ျားပီသတဲ့ အသံမျိုး၊ မျက်ခုံးကောင်းကောင်းနဲ့၊ ကျွန်တော်တို့အတန်းသားတွေ အားလုံးက သူ့ကို အားကျကြတယ်။ ကျွန်တော်တို့နေတဲ့ ကျောင်းအဆောက်အအုံကို မီးလောင်နေတော့ ကျွန်တော်လည်း အပြင်ကို ပြေးထွက်လာခဲ့တယ်။ အိုတာကတော့ အထဲမှာ ကျန်ခဲ့တယ်။ အပြင်ဘက်ကျောင်းကစားကွင်း တခုလုံးကလည်း မီးခိုးတွေနဲ့ မည်းမှောင်နေတယ်၊ ကွင်းပြင်ထဲ ရောက်တော့ ကျွန်တော် ဘယ်ပြေးရမှန်း မသိဘူး၊ ဘေးပတ်လည်မှာ မီးတောက်တွေ ဝိုင်းနေတယ်၊ ပေါက်ကွဲသံတွေ ပြိုလဲသံတွေကလည်း ဆူညံနေတယ်၊ ဒီတုန်းမှာ လေညာကိုပြေး လေညာကိုပြေးဆိုတဲ့ အော်သံတသံကို ကြားလိုက်ရတယ်။ ကျွန်တော်က သဲတဆုပ်ကို ကောက်ပြီး အထက်ကို မြှောက်လိုက်တယ်၊ ဘာဖြစ်လို့ ဒီလို သဲကို ကောက်ပြီး မြှောက်လိုက်တာဆိုတာ ကျွန်တော် ခုထက်ထိ စဉ်းစားလို့မရဘူး။ အလိုလို ကောက်လုပ်လိုက်တာပဲ၊ ကစားကွင်းတခုလုံးမှာလည်း သေနေတဲ့လူတွေ၊ ဒဏ်ရာရပြီး အော်ဟစ်နေတဲ့လူတွေနဲ့ ပြည့်နေတယ်။ ဒီတုန်းက ကျွန်တော်တို့ ကျောင်းအုပ်ကြီးကို လှမ်းမြင်လိုက်တယ်၊ သူ့တကိုယ်လုံးမှာ မီးတွေ လောင်ထားလိုက်တာ ရစရာမရှိဘူး။ ကျွန်တော် သူ့ရုပ်ကို မမှတ်မိတော့ဘူး၊ သူ့အသံကိုပဲ မှတ်မိတော့တယ်၊ သူ့တကိုယ်လုံးမှာ အဝတ်အစားဆိုလို့ အောက်ခံဘောင်း ဘီတိုကလေးပဲ ကျန်တော့တယ်၊ သူက လှည်းတစီးကို တွန်းလာတယ်၊ လှည်းပေါ်မှာ ဒဏ်ရာရနေတဲ့ ကျွန်တော့အတန်းသား တွေကို တင်လာတယ်၊ ဒါပေမယ့် လှည်းတွန်းစရာ လမ်းမရှိဘူး၊ တချို့နေရာတွေမှာ အလောင်းတွေပေါ်က ကျော်ပြီး လှည်းကို မ လာခဲ့ကြတယ်။ တချို့လူနာတွေက လှမ်းအတင်း လိုက်ဆွဲကြတယ်၊ ကျွန်တော်တို့ ခြေထောက်ကို အတင်းဖမ်းဆွဲကြပြီး ကယ်ပါ ယူပါ အော်နေကြတယ်၊ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို မကယ်နိုင်တော့ဘူး၊ လှည်းပေါ်မှာ လူတွေပြည့်နေပြီ၊ နောက်တော့ ကျွန်တော်တို့ မီးတွေကြားထဲက လွတ်လာပြီး မီးလွတ်တဲ့ နေရာတခုကို ရောက်သွားကြတယ်၊ အဲဒီနားက ဆီထည့်ထားတဲ့ ဆီသံပုံးတွေ တွေ့တာနဲ့ ကျွန်တော်ပါလာတဲ့ မျက်နှာသုတ်ပုဝါ တထည်ကို ဆီထဲနှစ်ပြီး အဲဒီဆီတွေနဲ့ မီးလောင်တဲ့ ဒဏ်ရာရတဲ့ ကျွန် တော့်သူငယ်ချင်းတွေကို ဆွတ်ပေးတယ်၊ မြေကြီးကလည်း ပူလိုက်တာ မပြောနဲ့တော့၊ ပြာပူတွေထဲမှာ သွားနေရလား ထင်ရတယ်၊ ဗုံးပေါက်လိုက်တော့ အဲဒီဗုံးက အပူချိန် စင်တီဂရိတ် ဒီဂရီ ၃၀၀၀ ဒါမှ မဟုတ် ဖာရင်ဟိုက် ဒီဂရီ ၅၄၀၀ လောက်ရှိတဲ့ အပူကို ထုတ်လိုက်တာကိုး၊ ဒီအပူရှိန်ဟာ သံရည်ကျိုဖို့ လိုအပ်တဲ့ အပူရှိန်ထက် နှစ်ဆများနေတယ်”
ကာဝါမိုတိုက ထိုနေ့ ဟီရိုရှီးမား ငရဲခန်းကို အသေးစိတ်ပြောပြသည်။ သူတို့သည် အပူရှိန် ပြင်းထန်လွန်းသဖြင့် မြစ်ဘက်သို့ ပြေးလာခဲ့သည်။ သူ့ဆရာ ဘယ်မှာ ကျန်ရစ်ခဲ့သည်မသိ။ လမ်းတွင် အလောင်းတွေ၊ ဒဏ်ရာရပြီး အော်ဟစ်နေသူတွေ၊ မီးလောင်ပြီး လဲကျနေသူတွေ၊ တချို့က သူ့ခြေကျင်းဝတ်ကို လိုက်ဆွဲကြသည်။ တချို့က ကယောင်ကတမ်းဖြင့် ထလိုက်လာခဲ့ကြသည်။ သူတို့ တကိုယ်လုံး အဝတ်အစားတွေ စုတ်ပြတ်လျှက်။ တကိုယ်လုံး ပြာမှုန့်တွေ လိမ်းကျံလျက်။ သေနေသော မိခင်နို့ကို စို့နေသည့် ကလေးငယ်ကလေးတယောက် သူမြင်ရသည်။ သုံးလေးနှစ်ခန့်ရှိ ကလေးငယ်တယောက်က လဲကျနေသော သူ့အမေကို လက်သီးဆုပ်ကလေးဖြင့် ထု၍ နှိုးနေသည်။
“မာယူကီ တံတားနားရောက်တော့ ကျွန်တော့်သူငယ်ချင်း ကီမူရာကို တွေ့တယ်၊ ဗုံးချတော့ သူက လမ်းမှာပဲ ရှိသေးတယ်၊ သူ့မျက်နှာ တခုလုံး မည်းနက်နေတယ်၊ သူက ဟီရိုရှီးမား အနောက်ပိုင်းမှာ နေတာ၊ သူက သူ့အိမ်ကို ပြန်မလို့တဲ့၊ ဗုံးတည့်တည့်ကျတဲ့ နေရာတဝိုက်ကို ပြန်မယ်ဆိုတဲ့ သဘော၊ ဒီတော့ ကျွန်တော်က မသွားနဲ့၊ အဲဒီနေရာကို သွားလို့မရတော့ဘူး၊ မီးတွေ ဟုန်းဟုန်း တောက်နေပြီ၊ အနားတောင် ကပ်လို့ရမှာ မဟုတ်တော့ဘူးလို့ ပြောတယ်၊ ဒါပေမယ့် သူက သွေးရူးသွေးတန်းဖြစ်နေပြီလေ။ အိမ်ကို ပြန်မယ်လို့ အော်ရင်း အဲဒီဘက်ကို ထွက်သွားလေရဲ့၊ နောက်တော့ သူဟာ သူ့မိသားစုရဲ့ ပြာရှိတဲ့ နေရာကိုတောင် ရှာလို့ မတွေ့ တော့ဘူး”
စစ်အတွင်းတုန်းက မီးကင်းကိစ္စအတွက် ရပ်ကွက်တွေထဲတွင် ရေလှောင်ကန်ကြီးတွေ ရှိသည်။ ရေလောင်ကန်ကြီးများမှာ တနှစ်လုံး လှောင်ထားသဖြင့် ညစ်ပတ်နေသည်။ ကာဝါမိုတိုသည် ရေဆာလာသည်။ ထို့ကြောင့် ရေလှောင်ကန်ကြီးတခု အနီးသို့ ပြေးလာခဲ့သည်။ သို့ရာတွင် ရေလှောင်ကန်နားရောက်တော့ ရေထဲတွင် တပိုင်း၊ ကုန်းပေါ်တွင် တပိုင်း လဲကျသေဆုံးနေသူများကို သူတွေ့ရသည်။ ထို့ကြောင့် ထိုရေကန်ထဲက ရေကို မသောက်တော့ဘဲ တံတားကြီးဆီသို့ လာခဲ့သည်။ တံတားကြီးနားကို ကျောက်တုံးလှေကားထစ်တွေပေါ်မှာလည်း လူတွေ လူတွေ အတုံးအရုံးလဲကျလျက်။ သူသည် လှေကားထစ်များပေါ် လဲကျသေ ဆုံးနေသော အလောင်းတွေကို ကျော်နင်းပြီး၊ အောက်ရေစပ်သို့ ဆင်းလာခဲ့သည်။ ရေသောက်သည်၊ သို့ရာတွင် သောက်၍မရ၊ ရေက ပူလောင်ပုပ်စပ်နေသည်။ ထို့ကြောင့် ကုန်းပေါ် လေးဖက်တွား၍ တက်လာခဲ့သည်။
“ကမ်းပေါ်ရောက်တော့ ကျွန်တော် ပက်လက်လန်လဲကျသွားတယ်၊ မြေကြီးကလည်း ပြာပူတွေလို ပူလောင်နေတယ်၊ အပေါ်ကို မော့ကြည့်လိုက်တော့ မည်းမှောင်နေတဲ့ တိမ်တိုက်ကြီးတွေကို မြင်ရတယ်၊ အဲဒီတိမ်တိုက်ကြီးတွေမှာလည်း လျှပ်စီးလက်သလို မီးတွေဝင်းခနဲ ဝင်းခနဲ တောက်နေတယ်၊ ဒီတော့ အမေတို့ အဖေတို့ကို ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်တော့ဘူးလို့ ကျွန်တော် အောက်မေ့လိုက်တယ်၊ မကြာခင် ကျွန်တော် သတိလစ်သွားတယ်”
ထိုနေ့ တနေ့လုံး သူသည် သတိလစ်သွားခဲ့သည်။ ည ခုနှစ်နာရီလောက်မှ သတိပြန်ရလာသည့်အခါ သူသည် ဆေးရုံလုပ်ထား သည့် ဂိုဒေါင်ပျက်တလုံးထဲတွင် ရောက်နေသည်ကို တွေ့ရသည်။ မိဘတွေ ဘယ်ရောက်ကုန်သည် မသိ။ သေသည် ရှင်သည်ကို သူမကြားရ။
သြဂုတ်လ ၁၁ ရက်နေ့ လူနာစခန်းနားက တဲပျက်အမှောင်ထဲတွင် ထိုင်နေစဉ် သူ့အမေ ရုတ်တရက် ရောက်လာကာ သူတို့နှစ်ယောက် တယောက်ကို တယောက် ဖက်ငိုကြသည်။
“အဲဒီအခါကျမှ ကျွန်တော် ပထမဆုံးအကြိမ် ငိုမိတယ်” ဟု ကာဝါမိုတိုက ပြောသည်။
သူသည် ယခုအချိန်တွင် ဟီရိုရှီးမားမြို့ရှိ ငြိမ်းချမ်းရေးပြတိုက်တွင် ပြတိုက်မှူးအဖြစ် အမှုထမ်းဆောင်
နေသည်။
ထိုစဉ်က ဟာရိုအဂ္ဂညူးသည် အသက် ၂၄ နှစ်သာ ရှိသေးသည်။ သူသည် ဟီရိုရှီးမားကို သွားရောက်ဗုံးကြဲသည့် ‘အီနိုလာဂေး’ လေယာဉ်နှင့်အတူ လေ့လားရေး လေယာဉ်အဖြစ် လိုက်ပါသွားခဲ့သည့် ‘ဂရိတ်အားတိစ်’ လေယာဉ်ကြီးပေါ်မှ သိပ္ပံပညာရှင် လူငယ် တဦးဖြစ်သည်။ အမှန်အားဖြင့် သိပ္ပံပညာရှင်တဦးပင် မဖြစ်သေး။ တက္ကသိုလ်တွင် ရူပဗေဒကျောင်းသားအဖြစ် ကျောင်းတက် နေစဉ် ပါမောက္ခက သူ့ကို ရွေးထုတ်ကာ နျူကလီးယား ကွင်းဆက်တုံ့ပြန်မှုများ အကြောင်းကို လေ့လာရန် တာဝန်ပေးသည်။ သို့ဖြင့် သူ့အသက် ၂၁ နှစ်သားတွင် အဏုမြူဗုံးကြဲချမည့် လေယာဉ်မှူးကြီး တဗက်နှင့် အဖွဲ့သားများ လျှို့ဝှက်လေ့ကျင့်ရာ အူတားနယ်ရှိ သင်တန်းစခန်းတခုသို့ ပို့လိုက်သည်။ ထိုအချိန်မှ စ၍ သူသည် သိပ္ပံပညာနှင့် စစ်ရေးစစ်ရာတို့ ဆက်နွယ်နေကြပုံကို တွေ့မြင်လာ ခဲ့ရသည်။
“ဟင့်အင်း၊ အဲဒီတုန်းက ကျွန်တော်က အီနိုလာဂေး လေယာဉ်ကြီးပေါ်မှာ ပါမသွားဘူး၊ သူနဲ့အတူ ကပ်လျက်ပါသွားတဲ့ ဂရိတ် အားတိစ် လေယာဉ်ကြီးပေါ်မှာ ပါသွားတာ၊ အဲဒီလေယာဉ်မှာ ပေါက်ကွဲမှုကို တိုင်းတာဖို့၊ ရလာဒ်တွေကို တိုင်းထွာဖို့အတွက် ကိရိယာတွေ တပ်ဆင်ထားတယ်၊ ကျွန်တော်တို့ လေယာဉ်က အီနိုလာဂေးနောက်က ကပ်လျက်ပါလာတယ်၊ သူက ဗုံးကြဲချလိုက်တော့ ပေါက်ကွဲပြီး မြင်ကွင်းတွေကို ကျွန်တော်ပဲ ဓာတ်ပုံရိုက်ယူခဲ့တာပဲ၊ ကျွန်တော်တို့ လေယာဉ်တွေ ဟီရိုရှီးမားကို ရောက်အောင် ၁၃ နာရီပျံသန်းခဲ့ကြတယ်။ ကျွန်တော်တို့ ရှေ့ ရာသီဥတုကင်းထောက် လေယာဉ်ပျံရှိတယ်၊ သူက အားလုံး ကောင်းတယ်လို့ သတင်း ပို့တယ်၊ မနက် ၈ နာရီ ၁၅ မိနစ် မတိုင်ခင်ကလေးမှာ ဟီရိုရှီးမား အထက် ကောင်းကင်ပေါ်မှာ အားလုံးရှင်းနေပြီလို့ သတင်းပို့တယ်၊ အီနိုလာရေးက ပစ်မှတ်ကို ရွေးနေတယ်၊ ကျွန်တော်တို့လေယာဉ်နဲ့ အီနိုလာဂေးဟာ ဟီရိုရှီးမားမြို့ပေါ်မှာ နှစ်ဖာလုံလောက်စီ ခွာပြီး ဝဲကြည့်နေကြတယ်၊ ဒီနောက်မှ ကျွန်တော်တို့ အီနိုလာဂေးဆီက အချက်ပြ သတင်းပို့ချက် ရတယ်၊ သဘောက ဗုံးအောက်ကို ဆင်းသွားပြီဆိုတဲ့ သဘောပဲ၊ ဒါနဲ့ ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ တိုင်းထွာရေး ကိရိယာလေးတွေကို ချလိုက်တယ်၊ အဲဒီ တိုင်းထွာရေး ကိရိယာလေးတွေဟာ ဗုံးလေးတွေပဲ၊ တခဏ အတွင်းမှာ အလင်းရောင်ကြီး လက်သွားတာကို မြင်လိုက်ရတယ်၊ ကျွန်တော်တို့ ကင်မရာကလည်း ရိုက်နေတယ်၊ ဟီရိုရှီးမားကနေ ပြန်ထွက်လာလို့ ခုနှစ်မိုင်လောက် အကွာရောက်တော့ အောက်က ပေါက်ကွဲမှုကြောင့် တုန်ခါသွားတဲ့ လှိုင်းလုံးက လေယာဉ်ကို ဝင်ဆောင့်တယ်၊ ကျွန်တော်တို့တတွေဟာ အဲဒီဟီရိုရှီးမား နယ်နိ မိတ်ထဲက ချက်ချင်း ထွက်လာခဲ့ကြတယ်” ဟု သိပ္ပံပညာရှင် ဟာရိုးအဂ္ဂညူးက စားမြုံ့ပြန်သည်။
သတင်းစာဆရာ ဒေးဗစ် ဗာဂါမီနီက အောက်ပါ
အတိုင်း မှတ်တမ်းတင်ခဲ့သည်။
၁၉၄၅ ခု၊ သြဂုတ်လ ၆ ရက်နေ့တွင် အမှတ် ၅၀၉ လေတပ်အုပ်စုမှ အီနိုလာဂေးလေယာဉ်သည် လူပိန်ကလေးဟု ခေါ်ကြသည့် ရှည်မျောမျော ဘူးရှည်တခုကို သယ်ဆောင်၍ ထွက်လာခဲ့သည်။ ထိုဘူးရှည် တဖက်တွင် ယူရေနီယန် ၂၃၅ အပိုင်းအစကလေး များစွာကို ထည့်ထားသည်။ ယင်းမှာ အဏုမြူဗုံးပင် ဖြစ်သည်။ တန်နီယန်းစခန်းမှ ထွက်ခွာလာပြီး ခြောက်နာရီခွဲအကြာ ဟီရိုရှီးမား စံတော်ချိန် ၈ နာရီ ၁၇ မိနစ် အချိန်တွင် အထူးစီမံ ပြုလုပ်ထားသည့် ဗုံးခန်းတံခါးသည် ပွင့်ထွက်လာကာ လေထီးနှင့် ဗုံးသည် အောက်သို့ ကျသွားသည်။ လေယာဉ်မှူး ဗိုလ်မှူးကြီး ပေါတဗက်သည် ဗုံးကြဲလေယာဉ်မှူး ဗိုလ်မှူးဖာရီဗီးထံမှ လေယာဉ်ထိန်းခလုတ်ကို ပြန်ယူပြီး လေယာဉ်ကို နောက်ပြန်လှည့် စက်ကုန်ဖွင့်၍ ဟီရိုရှီးမား နယ်နမိတ်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ နောက်နှစ်မိနစ် အကြာ ၁၅ မိုင်အကွာတွင် အပြင်းထွက်ပြေးလာခဲ့သော အီနိုလာဂေးသည် ကိုင်လှုပ်လိုက်သလို သိသိသာသာကြီး လှုပ်ယမ်းတုန်ခါ သွားသည်။ တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီး ရောဗတ်လူဝစ်က သူ့ပျံသန်းမှု မှတ်တမ်းစာအုပ်တွင် “ဘုရား၊ ဘုရား” ဟူသော စာလုံးကိုသာ ရေးနိုင်သည်။
ဗုံးသည် ဟီရိုရှီးမားမြို့ အနောက်မြောက်ပိုင်း အထက်ပေ ၁၅၀၀ က ပြာလဲ့ကြည်လင်နေသော ကောင်းကင်ထဲတွင် ပေါက်ကွဲသွားသည်။ အချင်းပေ ၂၅၀ ခန့်ရှိသော မီးလုံးကြီးတခုသည် နေမှ ပဲ့ထွက်လာသော အလုံးကြီးတလုံးကဲ့သို့ အထက်ကောင်းကင်တွင် အတန်ကြာ တွဲလွဲချိတ်နေသည်။ နောက်တခဏအတွင်းတွင် ဂျပန်အမျိုးသား ၆၄,၀၀၀ တို့သည် မီးလောင်ကျွမ်းသွားခဲ့ကြသည်။ သို့မဟုတ် ကြေမွသွားခဲ့ကြသည်။ နောက်ထပ် ဂျပန်လူမျိုး ၂၆,၀၀၀ တို့သည်လည်း မီးလောင်ကျွမ်းသွားကြသည်။ ဒဏ်ရာများ ရခဲ့ကြသည်။ နျူထရွန်နှင့် ဂမ္မာရောင်ခြည်တို့ ဖြာထွက်သွားမှုကြောင့် မိနစ်ပိုင်း၊ နာရီပိုင်း၊ ရက်ပိုင်း၊ လပိုင်း၊ နှစ်ပိုင်းများတွင် သေဆုံးခဲ့ကြသည်။ (ယခုတိုင်လည်း သေဆုံးနေကြဆဲ ဖြစ်သည်။)
ထိုဗုံးကြောင့် မိုင်တရာ ပတ်လည်တွင် ကြီးမားဝင်းလျှပ်သော မီးရောင်တခု လက်ခနဲ ပြက်သွားခဲ့သည်။ ဆယ်မိုင်အကွာမှ ကြားရသော ပေါက်ကွဲသံကြီးကြောင့် ဟီရိုရှီးမားမြို့မှ အဆောက်အအုံ တိုက်တာ ၆၈၄၀ တို့သည် လှုပ်ခါ ပြိုကျသွားကြသည်။ မြို့လယ်ခေါင် တမိုင်ပတ်လည်တွင် မီးတောက်ကြီး တဟုန်းဟုန်း တောက်နေသည်။ မြေပြင်တွင် လောင်ကျွမ်းသွားသော လူများ၊ တိုက်တာ၊ အဆောက်အအုံများ၏ ပြာများသည် ပန်းထုတ်လိုက်သည့်နှယ် အထက်သို့ ထိုးတက်လာပြီး ဟင်းလင်းပြင် အောက်ခြေနှင့် သွားတိုးမိသည့်အခါတွင် ပြားချပ်သွားသော မှိုထီးဆောင်းသကဲ့သို့ ဖြစ်နေသည်။ မီးလောင်ကျွမ်းသွားသော တိမ်တိုက်များ အောက်ခြေရှိ လွတ်လပ်လေဟာနယ်ထဲသို့ လေအေးကြီး တိုးဝင်လာခဲ့ကာ ထိုလေအေးစီးကြောင်းကြီးသည် အရှိန်ကောင်းလာခဲ့ကာ တနာရီလျှင် မိုင်လေးဆယ်ခန့်တိုက်သည့် လေပြင်းကြီးတခု ဖြစ်လာခဲ့သည်။ မီးမုန်တိုင်းကြီးနှင့် လေမုန်တိုင်းကြီး အစွမ်း ပြခြင်းဖြစ်တော့သည်။ မီးမုန်တိုင်းကြီး အပြင်ဘက်တွင် စုတ်ဝဲမှုတ်ဝဲများ တဝိုက်တွင်မူ အပူလှိုင်း ပြင်းထန်လှသဖြင့် အရာဟူသမျှ ပြာမှုန့်များအဖြစ် ပြောင်းကုန်တော့သည်။ တဏခအတွင်းတွင် မြေကြီးပေါ်မှ မီးလောင်ပြင်သည် ၄ မိုင်ပတ်လည်ကျယ်သည့် မီးပင်လယ်ပြင်ကြီးအဖြစ်သို့ ပြောင်းသွားခဲ့သည်။
ပေါက်ကွဲပျက်စီး ပြိုကျသွားသော အရာမှန်သမျှသည် အောက်မှ ပင့်တင်လိုက်သော လေပြင်း၏ အရှိန်ကြောင့် အပျက်အစီး၊ အစ အန၊ အကျိုးအပဲ့၊ အပိုင်းအစဖြစ် အထက်သို့ တဟုန်ထိုး ပျံတက်လာခဲ့ကြကာ အောက်တွင် ကျိုးကျိုးကျွမ်းကျွမ်း မြည်နေအောင် မီးလောင်နေသော မြေပြင်အထက်တွင် တွဲလွဲဆိုင်းနေကြသည်။ ဟီရိုရှီးမားမြို့တဝိုက်ရှိ မြစ်များမှ ရေတို့သည် အပူရှိန်ကြောင့် အငွေ့ဖြစ်ကာ ပျံတက်လာခဲ့ကြပြီး ကောင်ကင်သို့အရောက် မိုးသီးကြီးများအရွယ် မိုးစက်မိုးပေါက်ကြီးအဖြစ် ရွာချကြပြန်သည်။ အိုင်အိုးနစ်ဓာတ် ပြွမ်းနေသော လေထုသည် မိုးကြိုးပစ်သည့် နေရာအနီးမှ အနံ့ကဲ့သို့လည်းကောင်း၊ လျှပ်စစ်နံ့မွှန်နေသည်။ အလယ်မှ မုန်တိုင်းကြီးအနီးတွင် မုန်းတိုင်းငယ်ကလေးတွေ ဝိုင်းပတ် တိုက်ခတ်နေသည့်အတွက် သစ်ပင်များသည် အမြစ်မှ ကျွတ်ထွက်လဲပြိုကာ အပျက်အစီးများသည် လေထဲတွင် ပျံဝဲနေကြသည်။‘
ကယောင်ကတမ်းဖြစ်နေသော အသက်ရှင် ကျန်သူများသည် မီးလောင်ကျွမ်းနေသော တစ္ဆေသရဲများသဖွယ် အပျက်အစီးပုံများ ကြားထဲမှ ထွက်လာကြပြီး ဦးတည့်ရာကို ပြေးလွှားနေကြသည်။ အပူရှိန်မိရုံ၊ အနည်းငယ် လောင်ကျွမ်းရုံမျှသာ ဒဏ်ရာရသူများသည် ထိုငရဲမီးကြီး ဘေးပတ်ပတ်လည်တွေ ဟိုဟိုသည်သည် သွားလာကာ ဆွေမျိုးသားချင်းများကို လိုက်ရှာနေကြသည်။ ဟီရိုရှီး မားမြို့အလယ်ကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်သုံးစင်းစလုံးတွင် နေရာလပ်မရှိအောင် အလောင်းတွေ တင်ကျမ်းပြည့်နေသည်။ အပူရှိန်ပြင်းလွန်းသဖြင့် မြစ်ရေထဲသို့ ဆင်းပြေးရာမှ ရေနစ်သေကြခြင်း ဖြစ်သည်။
တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များသည် တဖြည်းဖြည်းဖြင့် ပြန့်၍လာသည်။ အဆောက်အအုံပျက်တွေထဲတွင် ပိတ်မိနေသူတို့က သူတို့ကို မီးထဲမှ ကယ်ရန် အော်ဟစ်အကူအညီ တောင်းကြသည်။ တချို့ပြေးလွှားနေသူများက အကူအညီပေးကြသည်။ တချို့ကလည်း ကမ္ဘာမီးလောင်နေချိန်တွင် မည်သူ့ကိုမျှ မကယ်နိုင်။ မြို့တော်ရှိ တချို့ရပ်ကွက်များမှ မီးတွေပတ်လည် ဝိုင်းလောင်နေသဖြင့် အထဲသို့လည်း ဝင်မရ၊ အပြင်သို့လည်း ထွက်၍မရဘဲ ဖြစ်နေကြသည်။ ဒုက္ခသည်များသည် ပန်းခြံများ၊ ကွက်လပ် များထဲတွင် စုရုံးနေကြရသည်။ သို့တိုင် မီးဒဏ်မခံနိုင်တော့ဘဲ သေကုန်ကြသည်။ မသေဘဲ ကျန်ရစ်သူတို့က မိမိတို့အနီးသို့ တဖြည်းဖြည်း ရောက်လာသော မီးတောက်များကို ငြိမ်းသတ်ကြသည်။ အားလုံး အော်ဟစ်လျက်၊ ငိုယိုလျက်၊ ဆဲရေးတိုင်းထွာလျက်၊ မြည်တမ်းလျက်၊ ထင်မြင်ချက်များကို တယောက်တဖုံ ပြောဆိုလျက်၊ လေယာဉ်တစင်း နိမ်နိမ့် ပျံဝဲနေသည်ကို စစ်သေနတ်ဖြင့် လိုက်ပစ်နေသည်ဟု ပြောသူက ပြောကြသည်။ အငွေ့ပျံ၍ မိုးရွာချသည်ကို ဓာတ်ဆီလောင်း၍ မီးရှို့နေခြင်းဖြစ်သည်ဟု ထင်မြင်ချက်ပေးသူကပေးသည်။
ကျန်ရစ်သူများသည် ပထမနာရီ သုံးဆယ်လုံးလုံး မီးလောင်နေသော မြို့ပျက်ကြီးထဲတွင် တစ္ဆေများလို လျှောက်သွားနေကြသည်။ ကြောက်ဖွယ်လိလိ အပျက်အစီးများကို အထိတ်တလန့်ကြည့်ကြသည်။ ပြာပုံတွေထဲကို တူးရှာကြသည်။ အဆောက်အအုံပျက် တွေကို လှန်လှောကြသည်။ ရသမျှပစ္စည်း၊ ရသမျှ စားသောက်ဖွယ်တို့ကို ယူကြသည်။ လျှပ်စစ်ဓာတ်မရှိတော့။ ရေပိုက်တွေ ကျိုးပျက်သွားကြပြီ။ ဆေးရုံပေါင်း ၄၅ ရုံ ရှိသည့်အနက် ၃ ရုံသာ မပျက်မစီး ကျန်ရစ်ခဲ့သည်။ ထိုဆေးရုံများမှ ဆရာဝန် ၂၉၀ အနက် ၂၈ ယောက်သာ ကျန်ရစ်သည်။ သူနာပြု ၁၇၀၀၀ အနက် ၁၆ ယောက်သာ ကျန်ခဲ့သည်။
နောက် ခြောက်လအကြာတွင် စုဆောင်းရရှိသော သတင်းများအရ အရပ်သား ၉၀,၀၀၀ နှင့် စစ်သား ၁၀,၀၀၀ သေဆုံးခဲ့ပြီး နောက်နှစ်ပေါင်းများစွာ ကြာသည်အထိ သွေးကင်ဆာရောဂါနှင့် ဓာတ်ရောင်ခြည် ဖြာထွက်မှုကြောင့် ဖြစ်သည့် ရောဂါတို့ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ကြသည်။
သြဂုတ်လ ၉ ရက်နေ့တွင် နာဂါဆာကီမြို့ပေါ်သို့ နောက်ထပ် အဏုမြူဗုံးတလုံး ကြဲချခဲ့သည်။ ဟီရိုရှီးမားနှင့် နာကာဂါဆာကီမြို့ နှစ်မြို့တွင် အဏုမြူဗုံး နှစ်လုံးဒဏ်ကြောင့် စုစုပေါင်း လူဦးရေ ၁၄၀,၀၀၀ သေဆုံးခဲ့ကြရသည်။
အသက် ၆၀ ကျော်အရွယ်ရှိ အဘွားအို ဆူဇူကိုနုမာတာသည် သေးသေးညှက်ညှက်ကလေးဖြစ်သည်။ အဏုမြူ ဗုံးချလိုက်စဉ်က သူသည်လည်း ကာဝါမိုတိုကဲ့သို့ပင် ဗုံးပေါက်ကွဲမှုစက်ဝန်း ဗဟိုချက်မထဲ ရောက်နေသည်။ သူသည် ဟီရိုရှီးမားမှာ မွေးပြီး ဟီရိုရှီး မားမှာ ကြီးပြင်လာသဖြင့် ဟီရိုရှီးမားမြို့သူ စစ်စစ်ဟု ဆိုနိုင်သည်။ နုမာတာသည် ထိုစဉ်က အသက် ၂၁ နှစ်ရှိပြီး စစ်ဘက်ဆက်သွယ်ရေးဌာတခုတွင် အလုပ်လုပ်နေသည်။ ဗုံးကျစဉ် ပေါက်ကွဲမှုကြောင့် သူအလုပ်လုပ်နေသည့် အဆောက်အအုံသည် ပြိုကျ သွားကာ သူ့ခြေထောက်တဖက်သည် ပြတ်သွားခဲ့သည်။ ထိုနေ့ညတွင် သူ့ကို ဆေးရုံသို့ ပို့လိုက်သော်လည်း သုံးရက်လုံးလုံး ဆေးရုံတွင် ဆရာဝန်မရှိ၊ ဆေးမရှိ၊ သူနာပြုမရှိ၍ ဝေဒနာကို အလူးအလဲခံစားနေရသည်။ သူ့ဘယ်ခြေထောက်သည် သွေးဆိပ်တက်စပြုနေပြီ။ မကြာမီ သူသေတော့မည်ကို နုမာတာ သိလေပြီ။ သူ့ချစ်သူသည် သူ့ကို လာတွေ့လိမ့်မည်ဟု သူမျှော်သည်။ (သို့ရာတွင် သူ့ချစ်သူမှာ တိုက်ပွဲတွင် ကျဆုံးသွားပြီကို နောင်ရက်အနည်းငယ်အကြာတွင် သိခဲ့ရသည်။) တတိယမြောက်နေ့တွင် ဆရာဝန်တယောက် လာကြည့်ပြီး သူ့အသက်ရှင်စေရန်အတွက် ခြေထောက်ကို ဖြတ်ပစ်ရမည်ဟု နုမာတာကို ပြောသည်။
“ဒီတော့ ကျွန်မက ဒေါက်တာရယ်၊ ကျွန်မခြေထောက်ကို ဖြတ်လိုက်ရင် ကျွန်မတသက်မှာ ဘယ်အိမ်ထောင်ပြုလို့ရတော့မှာလဲ၊ ဘယ်မှာ အလုပ်လုပ်လို့ရတော့မှာလဲလို့ ပြောတယ်၊ ဒီတော့ ဒေါက်တာက ဒီမှာ မင်းတယောက်တည်း ဒီလို လူနာရှိတာမဟုတ်ဘူး၊ မင်းလို လူနာတွေ အများကြီးပဲ၊ မင်းစဉ်းစားထားလေလို့ ပြောပြီး ဆရာဝန် တခြားလူနာတွေကို လိုက်ကြည့်နေတယ်၊ စိတ်ပျက် လိုက်တာ မပြောပါနဲ့ရှင်၊၊ တချက်တည်းနဲ့ သေသွားပါစေလို့ပဲ ဆုတောင်းမိတယ်၊ သေပစ်လိုက်ချင်တယ်“
အမှောင်ထဲတွင် စကားပြောနေသည့် သူ့လို လူနာသုံးယောက်၏ အသံကို သူကြားရသည်။ သူတို့က သူ့ကို အကြံပေးနေခြင်း ဖြစ်သည်။ သူတို့ အသံများမှာ သဲသဲကွဲကွဲမရှိ။ မပီမသဝိုးတိုးဝါးတားတွေဖြစ်သည်။ ပထမအသံမှာ ထွေးနေသည်။
“ကျွန်မတော့ ယောက်ျားသံလား၊ မိန်းမသံလားဆိုတာတောင် ခွဲခြားလို့မရတော့ဘူး” ဟု သူက ပြောသည်။ ဒုတိယအသံမှာ စကားလုံးတော့ ကွဲသည်။ သို့ရာတွင် သူ့အသံမှာ လေသံကလေးမျှသာ ကြားရသည်။ ဘာပြောနေသည်ကိုလည်း သူကောင်းကောင်း နားမလည်။
“နောက်တသံလည်း မောပြီး ဟောဟဲလိုက်နေတဲ့ အသံရှင်၊ ဒါပေမယ့် သူ့စကားလုံးတွေကိုတော့ သဲသဲကွဲကွဲ ကြားရတယ်၊ သူက တို့သုံးယောက်က မကြာခင် သေတော့မှာတဲ့၊ ဒါပေမယ့် နင်က ဘာမျှ မဖြစ်သေးဘူးတဲ့၊ အကောင်းကြီး ရှိသေးတယ်တဲ့၊ နင်ခြေ ထောက်ကလေး တဖက်ကို ဖြတ်လိုက်ရင် အသက်ရှင်နေဦးမှာတဲ့၊ ဘာဖြစ်လို့ အသေခံမှာလဲ၊ မသေနဲ့ဦး၊ နေဦး၊ မသေနဲ့ဦး၊ မသေနဲ့ဦး၊ ခြေထောက်ကို ဖြတ်လိုက်၊ မသေနဲ့လို့ ပြောနေတယ်၊ ဒီတွင် ဖြတ်ပစ်မယ်လို့ ဆုံးဖြတ်ပြီး ဆရာဝန်ကို ခေါ်ပေးပါလို့ လှမ်း ပြောလိုက်တယ်။”
ဤသည်မှာ သြဂုတ်လ ၆ ရက်နေ့က ဟီရိုရှီးမား၏ ရုပ်ပုံလွှာအချို့ ဖြစ်သည်။ ကာဝါမိုတိုနှင့် နုမာတာတို့မှာ ကံကောင်းထောက်မ၍ မသေမပျောက် ကျန်ရစ်ခဲ့သူများ ဖြစ်ကြသည်။ သြဂုတ်လ ၉ ရက်နေ့တွင် နာဂါဆာကီကို နောက်ထပ် ဗုံးတလုံး ကြဲချပြန်သည်။ နှစ်မြို့ပေါင်း လူ ၁၄၀,၀၀၀ လောလောဆယ် သေဆုံးခဲ့ရပြီး ဓာတ်ရောင်ခြည်မိသည့် နောင်အမျိုးဆက်များအထိ တဖြုတ်ဖြုတ်သေ နေကြဆဲ ရှိသေးသည်။
ယခုအချိန်၌ ဟီရိုရှီးမားတွင် ချခဲ့သည့် အဏုမြူဗုံးသည် အလွန်ခေတ်နောက်ကျသွားကာ ထိုထက်အဆများစွာ ပြင်းထန်သည့် ဟိုက်ဒရိုဂျင်ဗုံးတွေ ပေါ်နေလေပြီ။
သိပ္ပံပညာရှင်များ၊ ဒဿနဆရာများ၊ စာရေးဆရာများ၊ ဘာသာရေးခေါင်းဆောင်းများ၊ သမိုင်းဆရာများက ဟီရိုရှီးမားအဖြစ်ဆိုးနှင့် ပတ်သက်၍ ကျင့်ဝတ်အရ မည်သူတွေမှာ တာဝန်ရှိသနည်းဟု ဆွေးနွေးငြင်းခုံခဲ့ကြသည်။
အမေရိကန် ကဗျာဆရာ ရောဗတ်ပဲင်းဝါးရင်းက ‘အရုဏ်သစ်’ ဆိုသည့် ကဗျာတပုဒ်စပ်သည်။ ထိုကဗျာတွင် တင်နီယွန်ကျွန်း လေတပ်စခန်းမှ အီနိုလာရေး လေယာဉ်ကြီးတက်လာပုံ၊ အေအီအိုအီ တံတားပေါ်သို့ ရောက်လာပုံ၊ ဗုံးကြဲချပုံတို့ကို ဖွဲ့ခဲ့သည်။ ‘ကမ္ဘာကြီး၏ အလင်းရောင် ပြောင်းသွားခဲ့ပြီး၊ အိပ်မက်တခုလို အရောင်းပြောင်းသွားခဲ့ပြီ’ ဟု ဖွဲ့ကာ အီနိုလာဂေး လေယာဉ် ပေါ်မှ အဖွဲ့သားများ၏ အောင်ပွဲကျင်းပပုံတို့ကို ဖွဲ့ပြီးနောက် အောက်ပါစာကြောင်းများဖြင့် အဆုံးသတ်ထားသည်။
အိပ်မပျော်ခင်မှာ တချို့လူတွေ စဉ်းစားမယ်ဆိုတာ ဘာမျှ ယုံမှားဖွယ်မရှိ
တယောက်ကတော့ တွေးမိတယ်။
ငါ့တယောက်တည်းမှာ (တာဝန်ရှိတယ်။)
ဒါပေမယ့် တချို့ကျတော့လည်း
ဘုရင်းသခင်နဲ့ ကရုဏာတော်နဲ့
သူရာမူးယစ်မှုထဲမှာ
မည်းနက်တဲ့ မျက်နှာကျက်ကြီးကို
ကြာကြာငေးစိုက်ကြည့်မနေဘဲ (အိပ်ပျော်သွားတယ်)
ရောဗတ်ပဲဝင်းဝါရင်းသည် ဟီရိုရှီးမား၊ အီနိုလာဂေးလေယာဉ်အဖွဲ့သားများ၏ အိပ်မပျော်သော ညများနှင့် အိပ်မပျော်သော ညများတွင် မြင်မက်သည့် ခြောက်အိပ်မက်များအကြောင်းကို ရေးပြသွားခဲ့သည်။
အဏုမြူဗုံးကြဲချရန် ဆုံးဖြတ်ပေးခဲ့သည့် သမ္မတထရူးမင်းက မိမိ ထိုဆုံးဖြတ်ချက်ကို ပေးရခြင်းမှာ အလွန်ရိုးစင်း၍ ရှောင်လွှဲမရသောအကြောင်းကြောင့် ပေးရခြင်းဖြစ်သည်။ ထိုအကြောင်းမှာ ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်ရေးဖြစ်သည်ဟု မကြာခဏ အလေးအနက် ထုတ်ဖော်ပြောဆိုခဲ့သည်။ အဏုမြူဗုံးကို ထုတ်လုပ်ရာတွင် ခေါင်းဆောင်ခဲ့သည့် နျူကလီးယား သိပ္ပံပညာရှင် အိုပင် ဟိုင်းမားက “ခပ်ရှင်းရှင်း ပြောရရင် ကျွန်တော်တို့ သိပ္ပံပညာရှင်တွေဟာ မဟာပြစ်မှု ဒုစရိုက်ကို နားလည်ခဲ့ကြပြီ၊ အဲဒီအသိကို ကျွန်တော်တို့ ဘယ်တော့မှ ဖျောက်ပစ်လို့ ရတော့မှာ မဟုတ်ဘူး” ဟု သိပ္ပံပညာရှင်များ၏ ကွန်ဖရင့်တခုတွင် ပြောခဲ့သည်။ သိပ္ပံပညာရှင် များသည် လူသားများအနေဖြင့် ယခင်က ပြစ်မှုဒုစရိုက်၏ သဘောကို မသိခဲ့ကြောင်း၊ အဏုမြူဗုံး ထုတ်လုပ်ပြီးမှ ပြစ်မှုဒုစရိုက် သဘောကို နားလည်လာခြင်းဖြစ်ကြောင်း အိုပင်ဟိုင်းမားက ဖြောင့်ချက်ပေးသွားခြင်းဖြစ်သည်။
---
#မြသန်းတင့်
#အီနိုလာဂေးမိုးစက်ပွင့်ဖြူဖြူဟီရိုရှီးမားညချမ်း
#shared_by_louis_augustine
Comments
Post a Comment