အနီနဲ့အပြာ // မောင်တင်ဦး

အနီနဲ့အပြာ // မောင်တင်ဦး

---

ကိုဘသာတယောက် မောမောဖြင့် ဘတ်စ်ကားထိုင်ခုံပေါ် ဒရောတောပါး ထိုင်ချလိုက်သည်။ ဘတ်စ်ကားက ကြေးရတတ်ရပ်ကွက်ထဲ ဖြတ်တဲ့ မှန်လုံကားမျိုးမဟုတ်ပဲ၊ ဈေးသိမ်းပြန် လူတန်းစားစီးကားမို့ အဲကွန်းပျက်နေရတဲ့ကြားထဲ ရန်ကုန် နွေနေ့လည်ခင်းပူပူကြီးထဲမှာ ဘယ် ငနူက ဘတ်စ်ကားပြုတင်းပေါက်ကို ပိတ်သွားသည်မသိ၊ ကိုယ့်ဘာသာ မောနေရတဲ့ ကြားထဲ လူငွေ့သူငွေ့ကြား လှောင်ပိတ်ပြီး ခံနေရတဲ့ အတွင်းပူကော၊ အပြင်က နေရောင်က ကားမှန်ပေါ် ကျပြီး ဟပ်တဲ့ အပြင်ပူပါ စုပြီး ကင်ခံနေရရာ၊ ကိုဘသာလည်း ဒေါသထွက်ထွက်ဖြင့် ကားမှန်တံခါးကို တွန်းဖွင့်လိုက်သည်။ ရန်ကုန်ဘတ်စ်ကား ကားမှန်တံခါးကို ပွင့်အောင် တဖက်သို့ တွန်းထုတ်ရသည်မှာ အများသိသည့်အတိုင်းပင် ဆစ်စီးဖတ်စ်တယောက်တည်း တောင်ထိပ်ပေါ် ကျောက်တုံးတွန်းတင်ရသလို ဖြစ်နေသည့်ကြားမှပင် ကိုဘသာတယောက် ရှိသမျှအား အကုန်ဖွင့်ရင်း ဝုန်းဆို တွန်းထုတ်လိုက်သည်တွင်၊

“ဟေ့ ရှင်ဘယ်လိုဖြစ်နေတာလဲ၊ ရှေ့မှာ လူတယောက်လုံးရှိနေတာ မမြင်ဘူးလား၊ ကိုယ်ချင်းစာစိတ်မရှိဘူးလား။”

အသံလာရာကိုကြည့်လိုက်တော့ ရှေ့ဖက် ထိုင်ခုံမှ ခေတ်ဆန်ဆန်၊ ကလစ်နှစ်ဖက်ညှပ် ဆံစုံချ၊ နှုတ်ခမ်းနီနီနဲ့ သာလိကာမလေး ဖြစ်နေသည်။ သူကလဲ မျက်နှာကြီး စူပုပ်လို့၊ သုခမိန်ကြီးပေါင်ချိန်ထက်တောင် သူ့မျက်နှာက ညိုနေသေးသည်။ အိမ်မှာ အဲကွန်းခန်းထဲ အနေများလို့ ထင်၏။ နေပူထဲနေရတာချင်းတူတူ သူကပဲ ပိုအိုက်နေပုံဖြင့် လက်သည်းနီနီဆိုးထားသော လက်သွယ်သွယ်လေးဖြင့် တီရှပ်ကိုယ်ကျပ် အနီရဲလေး၏ လည်ပင်းပေါက်ကို ဆုပ်ကာ လေဝင်စေရန် တဖျတ်ဖျတ်ခပ်ရင်း ရှဲဒိုးနီ‌ဖျော့ဖျော့ ဆိုးထားသော မျက်ခွံလေးကို ရှုံ့လို့ ဒိုင်းကနဲ မျက်စောင်းနီနီ ပစ်နေလေသည်။ ပေါက်တဲ့နဖူး မထူးတော့တာမို့ ကိုဘသာ လဲ ချွေးထွက်နေသော နဖူးဆံစများကို ကပိုကယို သပ်တင်ကာ

“ကိုယ်ချင်းစာစိတ်ရှိရဖို့ သူကပဲ ပြောရတယ်ရှိသေးတယ်၊ ကြည့်ပါဦး ရှေ့လူနောက်လူမကြည့်ပဲ တံခါးကြီးကို အဆုံးထိ ဖွင့်ထားတာ၊ ကိုယ့်ဘာသာကိုယ်လဲ ပြန်ကြည့်ပါဦးကွာ။”

လို့ စကားနာပြန်ထိုးသည်တွင် အနှီ သာလိကာမကလေးသည် မျက်နှာလေး ရဲကနဲ ဖြစ်သွားပြီး စကားပြန်နိုင်ထိုးဖို့ရာ မျက်ကလူးဆန်ပြာ ဖြင့် ကိုဘသာအား အကဲခတ်ပြန်ရင်း၊

“ဟာ ဘဲကြီးကလဲ စာသင်တဲ့ ဆရာလုပ်နေပြီးတော့ သူများကို ကိုယ်ချင်းစာတရား မရှိဘူးလေး၊ ဘာလေးနဲ့၊ ကိုယ့်ကိုယ်ကိုယ်ပဲ အရင်ပြန်ကြည့်ဦးရှင့်၊ နာသုံးနာ တဲ့၊ ကိုယ်ကတောင် အများအတွက် အနစ်နာခံပေးရဦးမယ်၊ ဆရာရှင့် ဆရာ၊ သူတဖက်သားကို တဖက်စောင်းနင်း မပြောသေးခင် ကိုယ့်ပုံစံကိုယ်လဲ အရင်ကြည့်ပါဦး၊ သင်ရမဲ့ အတန်းနောက်ကျလို့ ပြေးနေရတဲ့ ပုံစံနဲ့၊ သူကပဲ သူများကို လာဆုံးမနေရတယ်၊ ဘယ်လိုဆရာလဲ မသိပါဘူး”

ဟု ထိထိမိမိ စကားနိုင်ပြန်လုလေရာ ကိုဘသာလဲ သူ့ ဘယ်ဖက် အိပ်ထောင်ထဲတွင် ထိုးထွက်နေသော အနီနဲ့အပြာ နှစ်ချောင်းကိုလည်းကောင်း၊ ကပိုကရို ဖြစ်နေသော အကျီဖြူဖျင်လက်ရှည်ကိုလည်းကောင်း၊ ကိုယ့်တပည့်သားအရွယ် ကောင်မလေးနဲ့ ဘာမဟုတ်တဲ့ ပြုတင်းပေါက်ကိစ္စလေးအတွက် ဖက်ပြီး ရန်ဖြစ်နေသော သူ့ကို ပြူကြည့်ပြူကြည့် လုပ်နေသော လူထုကြီးအားလည်းကောင်း သတိထားမိလာ၍ ရှက်ရွံ့ခြင်း ပြင်းစွာ ဖြစ်ပြီးလျှင် ပြုတင်းပေါက် တံခါးလေးကို ထိုင်ခုံနှစ်ခုံ၏ အလယ်ကြား ၃၈ မျဉ်းပြိုင်လေးတွင် စစ်ပြေ ငြိမ်းသွားစေရန် အလို့ငှာ ယောကျာ်းအားနဲ့ပဲ ဆွဲပေးလိုက်ရတော့မှပင် အနီမလေးလဲ အောင်နိုင်သူအပြုံးဖြင့် ပြန်လှည့်သွားကာ သူ့အဖော် ကောင်မကလေးတယောက်ဖြင့်တွတ်တီကျွတ်စီနေပြန်လေ၏။

ကိုဘသာလဲ မိမိကို စောင်းငဲ့ကြည့်နေကြကုန်သော မျက်လုံးအစုံတို့ကို အားနာသော ချွေးစိုအပြုံးလေးဖြင့် တုံ့ပြန်ပြီးသော နဂိုကလဲ အတွေးသမားဖြစ်သည့်အညီ အနီမလေး ပြောသွားသည့် အကြောင်းအရာများကို တောင်တောင်အီအီ ထိုင်စဉ်းစားမိနေလေသည်။ ယနေ့ ဖြစ်ရပုံမှာ တကယ်တော့ ဟိုအတန်းမှ သည်အတန်းသို့ ပုံမှန်အတိုင်း မြို့ပတ်ဘတ်စ်ကားဖြင့် ကူးရသည့်ကြားထဲတွင် ယနေ့တွင်မူ ကိစ္စလေးတခု ကြားကခံနေ၍ နောက်ကျနေပြန်သောကြောင့် ကျောင်းသို့ ပုံမှန် စီးနေကျ လူကုံထံဘတ်စ်မှန်လုံကိုပင် မစောင့်နိုင်တော့ပဲ ကြုံရာကားဖြင့် လာခြင်းဖြစ်သည်။ ကျူရှင်ခေတ် ဘုန်းမီးနေလ တောက်တုန်းက ဂုဏ်ထူးဦးသိန်းနိုင်ဆိုတဲ့ ဆရာကြီးဆိုရင် လေယာဉ်ပျံနဲ့တောင် ရန်ကုန်မန္တလေး ကူးပြီး စာသင်နိုင်တာတဲ့ ဆို‌သော အရပ်စကားတီးတိုးကို ကြားဖူးနားဝဖြင့် လေယာဉ်မစီးနိုင် နေပါစေ ဘသာတော့ ကား‌လေးစီးရရင် တော်ပါပြီဆိုတဲ့ စိတ်ကူးလေး ယဉ်မိသော်လည်း

“ခင်ဗျား ရူးနေလား၊ သုံးရာနဲ့ စီးရတဲ့ကားကို ဘာလို့ နှစ်သောင်းတန် လာထည့်နေတာလဲ၊ ”

“မဟုတ်ပါဘူး‌ဗျာ၊ ကျနော့်မှာ သုံးစရာ ဒါပဲရှိ၊ ”

“မလိုချင်ဘူး အကြွေမပါရင် မစီးနဲ့၊ ”

ဟူသော ကျွတ်စီသံတွေကြောင့် စိတ်ကူးကားလေးပေါ်မှ ဘုတ်ဆို မြေပြင်စီးပွားရေး အရှိတရားပေါ်သို့ ကျွမ်းပြန်၍ ကျလေတော့သည်။

စီးပွားရေး အကျပ်အတည်းဆိုသည်မှာ စကားထဲ ထည့်ပြောဖို့ကို မလိုလောက်သည့် အမှန်တရားပင်ဖြစ်သည်။ ကိုဘသာ တို့လို ကော်လံဖြူမကျ ကော်လာပြာမကျ ကျူရှင်ဆရာဆို ခံရပိုခက်သည်။ သုံးရက်တခါ ရေလျှော်ဝတ်ရသည့် ဝတ်နေကျ အင်္ကျီအဖြူလေးကတောင် သူ၏ မွဲညစ်ပေတေနေသော ဖြစ်အင်ကို ဟန်ဆောင်ဖုံးဖိပေးခြင်းမှပင် မတတ်နိုင်ရှာတော့ပေ။ လူကလဲ လူပျိုကြီးမို့ သူကိုယ်တိုင် ထမင်းချိုင့်ကို ရှိစုမဲ့စုလေးနဲ့ လှအောင် ပြင်ပြီး စာသင်ထွက်ရသည်။ ဒီနေ့လို လလယ်ရက်တွေဆို ဘာစားလို့ စားရမှန်း မသိတဲ့အခါမျိုးမှာ ပဲပြားနှစ်တုံးလောက်ကို ပါးပါးလှီးပြီး ပဲငံပြာရည်လူးရင်း ပဲကြာဇံဖြင့် ရောပြီး၊ ပဲပြုတ်ထမင်းနဲ့ တွဲကာ သူကိုယ်တိုင် ချက်ပြုတ်ထည့်လာသော စတီးထမင်းချိုင့်လေး၏ ရောင်ပြန်ဟပ်ပေါ်တွင် ဆရာကိုဘသာ၏ မျက်နှာမှာ ကားတချက်ခုန်သွားလိုက် ပဲပိစပ်ရုပ် ပေါ်လာလိုက်၊ ကားတချက်ခုန်သွားလိုက်၊ စားတော်ပဲရုပ် ပေါ်လာလိုက်နဲ့ နေလေသောကြောင့် မရှိရှိသော စိတ်အားလေးမှာ ပုလုကွေးဖြစ်လာအောင်ထိ ငယ်လာသဖြင့် ဆက်မကြည့်နိုင်တော့ပဲ မျက်နှာကို လွှဲလိုက်မိသောအခါ။
အစောက ကိုဘသာနှင့် စကားများခဲ့သည် သာလိကာနီလေးသည် အခုတော့လဲ သူမဟုတ်သလို မေ့ပျောက်လျှက် သူငယ်ချင်းမလေးနှင့် ပျော်ပျော်ပါးပါး စကားတွတ်ထိုးနေသည်ကို မြင်နေရပေသည်။ သူငယ်မ ကြည့်တော့ ကိုဘသာ စာသင်နေသည့် ဝိုင်းမှ အတန်းအကြီးဆုံး ကျောင်းသူလောက်ပဲ ရှိသေးသည်။ အခုတော့လဲ နေပူရှိန်ကော၊ စောနက များခဲ့သည့် စကားရှိန်ကောကို မေ့ကာ လူငယ်ဘာဝ ရောက်တတ်ရာရာကို သူငယ်ချင်းနဲ့ ပြောရင်းဆိုရင်းဖြင့်ပင် ရယ်မောနေပြန်‌ပေပကော၊ သစ်ရွက်လှုပ်တာတောင် လှုပ်တယ်တော့ဆိုပြီး ရယ်တတ်သည်ဟု နာမည်ကြီးသည့် လူငယ်တို့၏ စိတ်သည် အပြောင်းအလဲ တယ်မြန်ပါဘိကော။ သို့သော် အပြောင်းအလဲ မြန်သော လူငယ်စိတ်သည် တဇွတ်ထိုးပင် ဆန်လင့်ကစား၊ သူမှန်သည်ထင်ရင် မှန်သည့်ဖက်မှ တအားကုန် ရပ်တည်ရင်း ၎င်းစိတ်ဖြင့်ပင် တလောကလုံးကိုပင် စစ်ကြေညာတတ်‌ပေသည်။ ယခုလဲ သူ၏ လေအေးခံယူခွင့် အခွင့်အရေးလေး ထိပါးပြီဟု ထင်သောကြောင့်သာ အနီမယ်လေးသည် ကိုဘသာနှင့် စကားများရခြင်း ဖြစ်ပေသည်ကိုပင် ရှုပါ။ ၎င်း တဇွတ်ထိုးစိတ်ကလေးသည် သူ့မူလက ကောင်း၏ဆိုး၏ မရှိသော အဖြူထည်လေးမျှသာ ဖြစ်သောကြောင့်၊ ထိုအဖြူကို မည်သူ အရောင်ဆိုးသနည်း၊ အရောင်ဆိုးမည့်တူတူ ထို တဇွတ်ထိုးအဖြူထည်လေးအား စင်ကြယ်နီရဲ‌သော၊ မဟုတ်မခံသည်ကို စနစ်တကျ ‌ဖြေရှင်းတတ်သော သတ္တိအဖြစ် သွန်သင်ခြယ်မှုန်းပေးရမည်မှာ မည်သူတို့၏ တာဝန်ပေနည်း။ ယမန်နှစ်က သွားရင်းလာရင်း စက်ဘီးတိုက်သော ဒဏ်ရာကြောင့် ကျိုးထားသော ပုခုံးမှ ဆစ်ကနဲ နာလာသည်ကို စုတ်သပ်ရင်း လူငယ်တန်း နောက်ဆုံးနှစ် ကိုဘသာတယောက် ရှေ့က မြီးကောင်ပေါက်နီမလေး ဖြစ်အင်ကို သူ့ဖာသာ ကောက်ချက်ချပြီး ထိုင်ခုံဆိုဖာနောက်ကို အသာမှီလျှက် သက်ပြင်းချသည်တွင် -

“ပူကလဲပူ ဗိုက်ကဆာနဲ့ဟာ၊ စီစဉ်ထားသေးလား ကောင်မရေ”

“ဘာမှ မပူနဲ့၊ မြန်မာပလာဇာမှာ ဆင်းမယ်လေ၊ ဘွန်ချွန်းထဲ ခနဝင်ခိုမယ်၊ ကြက်ကြော်မှာစားမယ်၊ ပြီးရင် နေအေးရင် ပြန်မယ်လေ”

“ဘာလဲ မြန်မာပလာဇာရောက်တိုင်း ဘွန်ချွန်းပဲ သွားနေရအောင် ဘွန်ချွန်းမှာ ချော်ကစ်(ချစ်)နေရတဲ့ ဘဲလေး လာလာထိုင်လို့လား”

“ဟားဟား ဘယ်ကလာ ပေါက်ပေါက်ရှာရှာကွာ”

မြီးကောင်ပေါက်နီမလေးမှာ ဆံပင်ညိုညိုကလေးများ ဟိုဒီယိမ်းသွားရလောက်အောင် ခေါင်းလေးကို ခါယမ်းလိုက်ကာ ပေါ့ပေါ့ပါးပါးပင် ရယ်ချလိုက်လေရာ ကိုဘသာ၏ မှေးကနဲ စင်းလာသော မျက်လုံးလေး ကျွိဆို ပြူးသွားလေသည်။ ပေါ့ပါဘိ၊ ပါးပါဘိ။ သူတို့ တကိုယ်လုံးကို မဆိုထားဘိ သူတို့၏ လက်ကလေးများကအစပင် ယခုနှစ်ဆန်းပိုင်းတုန်းဆီက လုပ်စရာအလုပ် မရှိတော့သဖြင့် သိမ်ကြီးဈေးမှာ ကုန်စိမ်းထမ်းရဖူးရှာသည့် ကိုဘသာ၏ ဘုရားစူး အနီအပြာကိုင် ဆရာလက် ထက်ပင် ကျော့မော့‌နေပေ၏။ ၎င်း ကျော့မော့သော လက်ကလေးများတို့သည် ယနေ့ စီးပွားရေးအခြေအနေတွင်း ကိုယ်ထူကိုယ်ထ ပိုက်ဆံရှာဖို့ မပြောနှင့် အိမ်က ပေးတဲ့ မုန့်ဖိုးကိုတောင် လက်ဖျားနဲ့ ကိုယ်တိုင်ထိတွေ့ဖူးလောက်မည် မထင်သေး။ (ဘဏ်ကတ်သုံးသော ခေတ်ရောက်ပြီကိုး) ၎င်း ကျော့မော့သော လက်ကလေးများတို့သည် ချက်ပြုတ်ကြော်လှော်ဖို့ မပြောနှင့် ထမင်းပေါင်းအိုးနားပင် ယောင်လို့တောင် သန်းဦးမည် မဟုတ်သေး။ ရင်လေးသွားရပြန်တော့သည်။ “ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝ အခြေအနေ၊ ကိုယ့်အားကိုယ်ကိုးမှ ကိုယ်သာ သခင်ဖြစ်ပေ” ဆိုသည့် ရာဇာဝင်းတင့် သီချင်းလေးကို ကြားယောင်လာမိသည် ထင်နေရာ အသံပို၍ပို၍ ကျယ်လာသဖြင့် ဘေးဘီကြည့်မိသော် ယာဉ်ကြောပိတ်နေသော ဘတ်စ်ကားဘေးမှ ထီလှည်းလေး ဖြတ်သွားခြင်းကြောင့်ပါပေ။ ထီသည်ကပင် “ဟောဟို ပြုတင်းပေါက်ဘောင်က ကျူရှင်ဆရာလေး၊ ထီထိုးမလား၊ ကိုယ်ပိုင်ကျောင်းထောင်ဖို့၊ အတန်းတွေကူးတဲ့အခါ ကားလေးနဲ့ ကူးနိုင်ဖို့ ကံစမ်းပါဦး” ဈေးပြန်ခေါ်နေသဖြင့် အားနာနာနှင့် လက်လှမ်းခါပြရင်း မိမိအိတ်တွင်းမှ ထိုးထောင်ထွက်နေရှာသော အနီအပြာ နှစ်ချောင်းကို မရဲတရဲ ဆုပ်ကိုင်မိကာ ရှေ့သို့ ခေါင်းပြန်အလှည့်တွင် ရှေ့တူရူက လှုပ်လီလှုပ်လဲ့ ယိမ်းနေသော ခေါင်းနီကလေးက ကိုဘသာအား ဖမ်းစားလိုက်ပါတော့သည်။

ကိုဘသာမှာ ငေးမိပြီဆိုရင် ရေဆုံးမြေဆုံးထိ တည်တည်ကြီး ငေးမိတတ်သော အကျင့်ရှိလေသည်။ သူငေးသော အရာတို့မှာ သူ စာသင်နေရင်း အမှတ်မထင် ယူကြည့်မိသော တပည့်လေးတ‌ယောက်၏ အရောင်လွင့်နေသော အင်္ဂလိပ်ဖတ်စာအုပ် ဖြစ်ရင်ဖြစ်မည်။ ဈေးထဲ ပဲပြားသွားဝယ်ရင်း ဈေးသည်က လက်သိပ်ထည့်ပေးလိုက်တဲ့ အကြွေနှစ်ရာတန်က ခြင်္သေ့နှစ်ကောင် ကျောချင်းပူးနေတာမျိုး ဖြစ်ချင်ဖြစ်မည်။ သူက ငေး ပြီဆိုလဲ ရိုးရိုးမနေ၊ တွေးပါတွေးသည်။ ၎င်းအတွေးတို့မှာ သူ့ဟာသူ ခေါင်းထဲမနေပဲ ပြင်ပဘဝသို့ ပွင့်အံလာသောအခါ သူတခါဖတ်ဖူးသော နာမည်မေ့နေသည့် ပြင်သစ်ဝတ္ထုတပုဒ်ထဲက ဇာတ်လိုက်လို စည်းအပြင်ရောက်ဖို့ တစတစ နီးလာတတ်သည်။ သူ တွေးတတ်သည်တို့မှာလဲ တခြားမဟုတ်၊ “ဈေးသည်အဒေါ်ကြီးပဲ ခေါင်းနဲ့ကျော ပိုက်ဆံမှားကပ်မိလို့ပဲလား၊ တမင်များ မှားကပ်ထားပြီး ငါ့ကို အချဉ်မှတ် အမ်းလိုက်ရတာလား၊ ဒါဆို ဒီပိုက်ဆံကို ဘယ်လိုသုံးရမလဲ၊ သုံးပစ်တော့ ဒီရွက်နုပ်လေး လက်ခံမိတဲ့သူကရော ငါ့ကို ဘယ်လိုထင်မလဲ” ဆိုတာမျိုးတွေကအစ “စာအုပ်မှာ လေ့ကျင့်ခန်းတွေလဲ ကျောင်းက စုံအောင် မသင်ဘူး။ ထုတ်ပေးတဲ့ စာအုပ်ကလဲ ငါ့ထက် နည်းနည်းလေး ပိုမသာရင် ရှိမယ်၊ ညစ်တာကတော့ ငါ့နီးနီး၊ ဒီကလေးတွေ ပညာဘယ်လိုရအောင်သင်ကြမှာပါလိမ့်၊ ဒီတိုင်းကြီး သင်သွားပြီး ထွက်လာတဲ့ ကလေးတွေကရော ဘယ်လိုတွေ ဖြစ်ကုန်ပါလိမ့်” ဟု တွေးတာမျိုးတွေ ဖြစ်သည်။ (ထို ခြင်္သေ့နှစ်ကောင်ပူး ရွက်နုပ်လေးသည် ကိုဘသာ မက်မက်မောမော ဖတ်လေ့ရှိသည့် ဘောဂဗေဒဘာသာရပ်ဆိုင်ရာ အနီဖုံးစာအုပ်‌လေးတအုပ်၏ စာမှတ်ကတ်ပြားအဖြစ် ယခုထက်တိုင်ရှိနေဆဲဖြစ်ပါသည် - စာရေးသူ)

ယခု ကိုဘသာ ငေးမိသည်မှာ အခြားမဟုတ်၊ ရှေ့က အနီမလေး၏ ဆံညှပ်ကလစ်ကလေးများ ဖြစ်ပါသည်။ ကလစ်ကလေးများမှာ ဖဲပြားနီ အပါးလေးများကို လျော့လျာ့ကလေး ချည်ထားသည့် ဖဲစည်းကလေးဖြင့် တန်ဆာဆင်ထားလေရာ ဆံပင်လေးနဲ့အတူ ဖဲစလေးများ သွယ်၍ ပြေဆင်းသွားသည်မှာ အင်မတန် ကြည့်ပျော်ရှုပျော် ရှိသည့်ထဲ လှုပ်ယမ်းနေသော ခေါင်းလေး၏ ဟန်နှင့် ဖဲကြိုးစလေးများ အလိုက်သင့် ဝဲပျံနေသောကြောင့် ပို၍ပင် ရုပ်လုံးကြွလှပနေသည်။ ၎င်း ဘာမှ အရေးမပါသော ဖဲကြိုးစ နီနီလေးများကို ကိုဘသာတယောက် အချိန်အကြာကြီးကြည့်ပြီး စဉ်းစားခန်း ဝင်ပြန်နေသည်မှာ အချိန်အတော်ကြာသွားပြီး မြန်မာပလာဇာ မှတ်တိုင်နီး၍ ကလေးမနှစ်ယောက် ဝုန်းဆို ထရပ်လိုက်မှသာလျှင် အသိပြန်ဝင်လာပါတော့သည်။ ရုတ်ချည်း ဣန္ဒြေကို ပြန်ဆယ်လျှက် အတွေးစကိုဖြတ်ကာ နောက်ကျောအမှီကို မှီ၍ သက်ပြင်းရှည် လေးတွဲ့တွဲ့တခုကို ချလိုက်ပြန်ပါသေးသည်။ ဘာတွေတွေးမိပြီး ဘာတွေ ရင်လေးလို့ ဘာတွေ သက်ပြင်းအေး ချနေရသလဲ ဆိုတာကတော့ ကိုဘသာ တဦးတည်းအပြင် ဘယ်သူမှ ပိုမသိနိုင်တော့။

ကားကြီးသည် ဆင်ခြေဖုံး မှတ်တိုင်လေး တခုတွင် ကျွီကနဲ ထိုးရပ်လိုက်ရာ ကိုဘသာလဲ သုတ်သုတ်ပင် ဆင်းလိုက်သွားပြီး နာရီကို တချက်ကြည့်မိရာ အတန်းဝင်ရမည့် အချိန်ထက်ပင် ဆယ်မိနစ် စွန်းနေသဖြင့် လမ်းတွင် တွေ့သော ကယ်ရီတစီး ငှားကာ ဝိုင်းသို့ အရောက်ပြေးရပြန်သည်။ တကယ်ကတော့ လမ်းလျှောက်ဖို့ ဖြစ်သည်၊ သို့သော် အထက်တွင်ပြောခဲ့သော ကြားခံကိစ္စလေးတခု (သို့မဟုတ်) မိမိ သုံးနေကျ လက်စွဲတော် မာကာပင် မင်ကုန်နေ၍ ဝိုင်းအတွက် မင်အိုးအသစ် ရှာကြံဝယ်နေရခြင်းတည်းဟူသော ကိစ္စကြောင့် စရိတ်ပွန်းပြီးသည့်ကြားထဲ ယခုကဲ့သို့ အတန်းနောက်ကျ၍ ကယ်ရီငှားရ‌သောကြောင့် လက်ထဲတွင် ရှိစုမဲ့စု ကျစ်ထားရသည့် နှစ်ထောင်ပင် ထပ်ပါသွားတော့၏၊ ကိစ္စမရှိ၊ ညနေစာကို ထမင်းချိုင့်ထဲက ဟင်းချန်စားလို့ ရသေးသည်။ နောင်ရေးတွေ ‌တွေးပြီး ‌ဆွေးနေရစဉ် ချိုင့်ခွက်ဖြစ်နေသဖြင့် ၁၂ ရာသီ ရေဝပ်နေသော ရေအိုင်လေး‌နောက်ရှိ စာသင်ဝိုင်းရှိရာ မြေညီတိုက်ခန်းလေးသို့ ကယ်ရီဆိုက်သဖြင့် ကယ်ရီပေါ်မှာ ထမင်းချိုင့်ကို ဆွဲကာ ကျင်လည်စွာ ခုန်အဆင်း

“ဟော ဆရာကိုဘသာ လာပြီ၊ ဒီနေ့ ရှင် နည်းနည်းနောက်ကျနေလို့ ကျွန်မ ကလေးတွေကို တချက်ဝင် ကြည့်ပေးထားတယ်နော်။”

ကိုဘသာ အိမ်ခန်းနံရံတွင် ချိတ်ထားသည့် “ကာနဂဝါ ရေလှိုင်းများ” ဟူသော ဂျပန်သစ်ထွင်းပုံနှိပ်ပန်းချီထဲမှ ရေလှိုင်းကြီးသည် ဝုန်းဆို ကိုဘသာကို လာမှန်လေ‌တော့သည်။ (တကယ်တော့ သူခုန်ဆင်းလိုက်သည့် နေရာသည် ရေအိုင်ဖြစ်နေသဖြင့် ခြေသလုံးရေလာပက်ခြင်းသာ ဖြစ်နိုင်ပါသည်။) ကိုဘသာ၏ ဘတ်စ်ကား တိုးစီးလာရသမျှ၊ မင်အိုးအတွက် ဒေါင်းတောက်အောင် ပြူးပြဲရှာလာရသမျှ၊ ဘတ်စ်ကားပေါ်တွင် စကားများရသည် စိတ်ညစ်ညူးရသည်မှ အစ အကုန်လုံးကို ရှင်းထုတ်သွားသည့် ရေလှိုင်းသဖွယ် စကားအေးလေးကို လွှင့်ထုတ်ပေးလိုက်သည့် နေ့ခင်းပင်လယ်ကလေးမူကား ဘလောက်စ်အင်္ကျီ အပြာနုရောင်၊ ထဘီ အပြာဗြောင်ချောကို အချိုးကျဝတ်လျှက် စာမေးနေသည့် ကျောင်းသူတယောက်၏ စာအုပ်ပေါ် လက်ဖြင့် ထောက်ပြနေရင်း လေကလေး တချက်ဝေ့လိုက်သဖြင့် သူ့အလိုလိုစင်းပြီး ကျလာသော ဆံနက်ရောင်တင်းတိမ်သားကို နေ့စဉ် ဝတ်နေကျ ဝတ်စုံလေးများအား လက်ဖြင့် ကိုယ်တိုင်လျှော်ရလိုက်၊ ထမင်းချိုင့်အတွက် ဟင်းကိုယ်တိုင်ချက်ရင်း ဆီပူပေါက်ခံထိလိုက်ဖြင့် ဆီပူကွက်နေသည့်အထဲ သွေးကြောလုံးလေးများပါ ထောင်ထနေသည့် လက်မို့မို့လေးအဆုံးမှ သေးသွယ်သော လက်ချောင်းအိအိလေးများဖြင့် အသာလစ်ဟလိုက်လေကာ အမောတကော မျက်ကလူးဆန်ပြာဖြစ်နေသော ကိုဘသာ တယောက်အား (သူကိုယ်‌တိုင်က အလုပ်ပင်ပန်း၍ နွမ်းနယ်နေရသည့် ကြားထဲတွင်) လှစ်ကနဲ သွားတက်ကလေးများ ပေါ်အောင် ပြုံးပြလိုက်ပေသည်။

“မကြည်ပြာရယ်၊ ကျနော့်ဘာသာ နောက်ကျတာနဲ့ပဲ ဆရာမတော့ အလုပ်ပိုနေပြန်ပါပြီ၊ ဟေ့ ကလေးတွေ ဆရာ သင်နေတာ မဟုတ်ဘူး ဆိုပေမဲ့လဲ ဆရာမ စကားလဲ သေချာနားထောင်ဦးနော်၊ ထမင်းစားပြီးတာနဲ့ သားတို့သမီးတို့ဆီ ဆရာပြန်လာမယ်ကွ”

ဆရာမလေး မကြည်ပြာမှာ ဘာမှမပြော၊ သူ့သဘောနဲ့သူ ပြုံးတုံ့ရင်း ဆံပင်လေးကို လက်ဖြင့် အသာ သပ်တင်ကာ အမှတ်ခြစ်လက်စ ဘောပင်အနီဖုံးကလေးကို သူ့အလိုလို ပြေကျလာသော နဖူးဆံစပေါ်သို့ ကလစ်သဖွယ် ဖြစ်သလို ညှပ်၍တင်လိုက်လေရာ ဘတ်စ်ကားပေါ်မှ အမျှင်ပြတ်သွားသော အတွေးစသည် ကိုဘသာ၏ စိတ်ထဲတွင် တဖန်ပြန် ဆက်နွယ်လာ‌နေမိတော့လေသည်။

၎င်းမှာ အခြားမဟုတ်၊ ဆရာမလေး မကြည်ပြာအား သည်တပတ် ဆရာလခကလေးများ ရလာရင် ရှိစုမဲ့စုကလေးများထဲမှ ဖဲ့ပြီး ဘတ်စ်ကားပေါ်မှ ပေါ်ကြော့နီမ‌ကလေး ပန်သည့် အနီရောင် ဖဲကြိုးဆံညှပ်က‌လစ်ကလေး တစုံ ဝယ်ပေးလိုက်ရန် ဖြစ်ပါတော့သတည်း။

---

#မောင်တင်ဦး
#အနီနဲ့အပြာ

#shared_by_louis_augustine
#sbla

Comments