နေဝင်မြင်သည် ဝရွှေပြည် // တိုက်စိုး

နေဝင်မြင်သည် ဝရွှေပြည် // တိုက်စိုး

---

ကျွန်တော်တို့အဖွဲ့သည် လူနည်းနည်းနှင့်စုံလှပေ၏။ ထိုအထဲတွင်အမတ်ပါသည်။ ပန်းချီဆရာများ ပါသည်။ ကျောက်စာသမားပါသည်။ ငေးတတ်တွေးတတ်သူပါသည်။ ပါဝင်သူတို့သည် တဦးနှင့်တဦး အလုပ်မတူ၊ စရိုက်မတူဖြစ်သော်လည်း အင်းဝမြို့ဟောင်းကို မြင်လိုသောစိတ်တွင်မူ အားလုံးအတူတူပင် ဖြစ်လေသည်။ အင်းဝမြို့တည်နှစ်သည် ခြောက်ရာနီးနီး ရှိခဲ့ပြီဖြစ်၏။ ထို့အပြင် မြန်မာမင်းတို့သည် ကိန်းခန်းအရ မင်းနေပြည်ကို တနေရာမှတနေရာသို့ ရွှေ့တတ်ကြသော်လည်း အင်းဝကား လေးကြိမ်တိုင်တိုင် မင်းနေပြည် အဖြစ် ရပ်တည်ခဲ့လေသည်။ သို့ဖြင့် ထည်ဝါသော ထိုအမည်ကို နားတွင်စွဲနေကြသော ကျွန်တော်တို့သည် တခုသောညနေခင်း၌ ခေတ္တခဏတည်းခိုနေသော မန္တလေးမှ ဂျစ်ကားတစီးဖြင့် ထွက်ခွာခဲ့ကြလေသည်။

ကားသည် အမရပူရကိုဖြတ်၍ သွားရလေသည်။ ထိုမှအလွန် လက်ပံပင်အတန်းလိုက်စီ၍ သွားရလေသည်။ ထိုမှအလွန် လက်ပံပင် အတန်းလိုက်စီ၍ပေါက်နေသော လမ်းအတိုင်းလာခဲ့ရာ ကွမ်းတယာ ညက်ခန့်အကြာတွင် အင်းဝတံတားအစကို ကျွန်တော်တို့ မြင်ရလေတော့သည်။ တံတားသည် ဧရာဝတီကိုခွ၍ စစ်ကိုင်းဘက်သို့ ဦးတည်ထားသည်။ ဧရာဝတီနှင့် မြစ်ငယ်တွေ့ဆုံရာသည် အင်းဝတည်း။ “ရွှေဝ-ဝနေ တည် မယ်တို့ပြည် သာသည်ကျွန်းထိပ်တက်” ဟူသော ယမကသံပေါက်သည် အင်းဝတည်နေဟန်ပြသည့် အညွှန်းတည်း။ ကားသည် တံတားသို့မရောက်ခင် ဘယ်ဘက်သဲသောင်ပြင်သို့ ကွေ့ဆင်းကာ သောင်စပ်အထိ သွားရ၏။ ထိုမှတဆင့်ကူးတို့ဖြင့် တဖက်သို့ကူးရလေသည်။ တဖက်ကမ်းသို့ရောက်ချိန်၌ နေအတော် စောင်းလေပြီ။ ကျွန်တော်တို့လူသိုက်လည်း လာလမ်းကို ပြန်လှည့်ကြည့်မိ၏။ ကျန်ခဲ့သည့် သောင်စပ်တွင် ထီးမယိုင့်တယိုင်၊ ထုံးမဖြူတဖြူနှင့် မြေစိုက်စေတီနှစ်ဆူရှိသည်။ နောက်နားကျကျတွင် ကျောင်းအိုအိုနှင့် ထန်းပင်ရှိသည်။ ရှေ့ရေစပ်တွင် ငှက်(သမ္ဗန်)ကလေးများ ကပ်လျက်ထားရှိသည်။ ရေပေါ်တွင် ငှက်တစင်း - နှစ်စင်း တကျွီကျွီနှင့် လှော်ခတ်သွားလာနေကြသည်။ ဤသည်တို့ကို နောက်ကနေရောင်ရိုက်နေသည့် ရှုခင်း၌ ကျွန်တော်တို့ ငေးနေမိကြသည်။ အတန်ကြာမှ ကျွန်တော်တို့အထဲရှိ ပန်းချီဆရာများ လှုပ်လှုပ်ရွရွဖြစ်ကာပန်းချီဆွဲရန် သူတို့နေရစ်မည်ဟု ဆိုလေသည်။ ကျန်လူတို့လည်း နေလုံးမပျောက်ခင် အင်းဝနန်းတော်ရာသို့ ရောက်အောင်ဟု ခရီးဆက်ကြပြန်လေသည်။ နန်းတော်ရာဟု ကျွန်တော်ဆိုလိုက်သည်။ ဆိုလိုက်ရခြင်းမှာ အင်းဝသည် ရာဇဝင်သက်တွင် အလွန် ကြာညောင်းခဲ့သော်လည်း မြို့လက္ခဏာဟူ၍ အလွန်ရှားပါးသောကြောင့် ဖြစ်လေသည်။

လှည်းလမ်းကြောင်းအတိုင်းကားတဖြည်းဖြည်းမောင်းရင်းက ကျွန်တော်တို့၏ မျက်စိဝန်းသို့ဝင်လာသော ကျုံးအို၊ မြို့ရိုးအို၊ မျှော်စင်အို၊ အုတ်ကျောင်းအိုတို့သည်သာလျှင် မင်းနေပြည်ဟူ၍ ထွန်းကားခဲ့ကြောင်း အမှတ်အသား ဖြစ်လေ တော့သည်။ ကျုံးမှာလည်းရေကင်းလေပြီ။ မြို့ ရိုးမှာလည်း မြေ၌ပေါ်တချို့ မြုပ်တချို့ ဖြစ်ပြီ။ မျှော်စင်မှာလည်း ငလျင်ဒဏ်ဖြင့် တဖက်ယိုင်နေပြီ။ အုတ်ကျောင်းမှာလည်း သံဃာဟူ၍မရှိပြီ။ သတိရမိပါသေး၏။ သတိုးမင်းဖျားသည် အင်းဝကို မင်းနေပြည်အဖြစ် စတင်ရွေးချယ်ခဲ့လေသည်။ ကြံဆကြည့်လျှင် မြစ်ရေဝိုင်းရံနေသည့် အခြင်းအရာသည် ထိုခေတ်ထိုအခါအတွက် သဘာဝအကာအကွယ်သဘောရောက်သောကြောင့်လည်း ဖြစ်တန်ရာ၏။ ဥတုရာသီလည်းကောင်း၍၊ ဆန်ရေ စပါးလှိုင်သည့် လယ်ကွင်း တဆယ့်တခရိုင်နှင့် စပ်နေသောကြောင့်လည်း ဖြစ်တန်ရာ၏။ မြေကောင်းရေကောင်းကိုအမှီ ရထားသော မင်းအဆက်ဆက်တို့သည် အင်းဝမြို့ကို ပြုပြုပြင်ပြင်လုပ်ခဲ့ ကြလေသည်။ လုပ်ဆောင်ခဲ့သည့်အတိုင်း မြို့ပြတန်ဆောင်းလည်း ပြည့်စုံလာသည်။ မျိုးရိက္ခာလည်း ဖြီးခိုင်လာသည်။ ပျိုအိုမရွေး ပါဝင်ပျော်ရွှင်သော ရာသီပွဲတွေလည်း အစဉ်အလာရှိလာသည်။ စာဟော၊ စာပြော၊ စာပြိုင်၊ စာနိုင်လုပ်ကြသော အခြင်းအရာတို့လည်း နန်းတွင်းနန်းပြင် နှံ့လာသည်။ အလှအပ အယဉ်အကျေးလည်း အဘက်ဘက်က တိုးပွားလာသည်။ ဤသို့သော အလုပ်အဆောင် အစီအရင်တို့တွင် သတိုးမင်းဖျား၏အနွယ် ရွှေနန်းကြော့ရှင် နရပတိဆောက်လုပ်ခဲ့သည့် နန်းတော်လည်းပါလေသည်။ ထိုမင်းနန်းတည်ခဲ့ပုံကို ယခုထက်တိုင်အုတ်ကျောင်း တံတိုင်းအပြင် ဘက်တွင်ရှိနေသော ရွှေနန်းတည်ကျောက်စာကပင် သက်သေခံလျက်ရှိပေသည်။ ထိုကျောက်စာကို ရှေးဟောင်းသုတေသနဌာနက စောင့်ရှောက်ထားလေသည်။ ကျောက်စာကား အတန်ပင်ပျက်စီးခဲ့ပြီ။ ကျောက် အလွှာလွှာက ကွာကျကာ စာလုံးများပင်မထင်တော့ပြီ။ ကျောက်စာသမားလည်း ကြိုးစား၍ ဖတ်ပါလေ၏။ ဖတ်၍ရသော နန်းတည်အစီအရင်တွင် နတ်ပူဇော်၍၊ ပရိတ်ရေဖြန်း၍၊ နွားချေး၊ နွားနို့၊ ထောပတ်၊ တင်လဲ စသည်ဖြင့် မြေကိုကျံ၍၊ ငြမ်းဆင်၍၊ တံပိုးခရာသံလွင်တီးမှုတ်၍၊ ရွှေကနက်၊ ငွေကနက် နှက်စေခဲ့သည်ဟူ၍ သာ အမြွက်မျှ သိရလေသည်။ အုတ်ကျောင်းဝင်းသို့ ကျွန်တော်တို့ဝင်ခဲ့ပြန်၏။ ကျောင်းအမကား မိဖုရားခေါင်ကြီး မယ်နုဖြစ်လေသည်။ ကျောင်းကား ငလျင်ဒဏ်ကိုလည်း ခံခဲ့ရသည်။ ရာသီဥတုဒဏ်ကိုလည်း ခံခဲ့ရသည်။ သို့ပင်လည်း မုခ်ဦး ပြာသာဒ်မှမျှော်ကြည့်သော် မန်ကျည်းပင်တွေကြား၌ ဘုံသုံးဆင့်နှင့် ပုံပန်းမပျက်ဘဲ ရှိနေသေးသည်ကို မြင်ရလေသည်။ အဆော်၊ စိုင်ပေါင်၊ တုရင်၊ စုလစ် စသည့် အလုပ်အဆောင်များနှင့်တကွ ခံ့ခံ့ထည်ထည်ရှိနေသေး သည်ကို မြင်ရလေသည်။ ပမာဆိုရသော် ပျိုရွယ်စဉ်အခါက အလုံးအရပ်ကောင်းခဲ့သူ အသရေရှိခဲ့သူတဦးကို... အိုဆင်းရဲ၊ နာဆင်းရဲ၊ လူမှုဆင်းရဲတို့ ကြုံခဲ့ရပြီးသည့်နောက်တွင် မြင်တွေ့ရသည့်အခါ ငယ်ရိပ်ငယ်ယောင် ကျန်နေသေးသကဲ့သို့ပင်တည်း။

ကျွန်တော်တို့လည်း ရှေ့နောက်မကျန် လှည့်ပတ်ကြည့်ရှု ကြသည်။ ကျွန်တော်တို့နှင့်အတူပါသော အမတ်မင်းလည်း ခေါင်းတညိတ်ညိတ်နှင့် “လူထုအားကိုအများကြီးသုံးခဲ့ရမှာပဲ” ဟု ထင်မြင်ချက်စ၍ ပေးလေသည်။ သူ့ထင်မြင်ချက်ကိုဆက်ရသော် ဤသို့ဖြစ်၏။ ရှေးမင်းတို့သည် မင်းထိုက်စိုးတန် ရွှေနန်းအဆောင်ဆောင်လည်း တည်ခဲ့ကြသည်။ အလှူဒါန အကြီးအကျယ်လည်း ပြုခဲ့ကြသည်။ တဖန်အင်းဝ၏ အာဏာ စက်သည် နယ်ကျဉ်းကျဉ်းမျှသာ ပြန့်ခဲ့သည့်အခါလည်းရှိ၏။ ထိုအခါ၌သော် ပြည်တိုင်းကားချဲ့ထွင်ရင်း အနီး အစပ်ပြည်များ၊ မင်းများနှင့် စစ်မက်ဖြစ်ပွားခဲ့လေသည်။ အင်းဝ၏အာဏာစက်သည် မြန်မာနိုင်ငံ တဝန်းလုံးကို လွှမ်းမိုးခဲ့သည့်အခါလည်းရှိ၏။ ထိုအခါ၌သော် အင်းဝနန်းပလ္လင်ကို အရယူသူများ ပေါ်ပေါက်ခဲ့လေသည်။ ထိုပလ္လင်ပေါ်တွင် မြန်မာလည်းထိုင်ခဲ့၏။ ရှမ်းလည်းထိုင်ခဲ့၏။ ထိုသို့သော ကိစ္စအဝဝတို့၌ ရွှေနန်းသခင်တို့သည် လူထု၊ (ဝါ) တောသူတောင်သားတို့၏ အားအပေါ် အလွန်အမှီသဟဲပြုခဲ့မည် ဟူသတည်း။

ဟုတ်၏။ ကျွန်တော်တို့ရပ်နေရာမှ လှမ်းမျှော်ကြည့်လျှင် ချုံပုတ်၊ ညောင်ပင်တို့ကိုလည်းကောင်း၊ ပဲခင်း၊ ပြောင်းခင်း၊ ငရုတ်ခင်းတို့ကိုလည်းကောင်း၊ သက်ငယ်မိုး၊ ဝါးထရံကာနှင့် အိမ်စုကလေးများကိုလည်းကောင်း မြင်ရလေသည်။ ထိုမှလွန်သော် ထန်းတော၊ ယာတော၊ လယ်တောများကို ရေးရေးမြင်ရပြန်လေသည်။ ထိုလုပ်ခင်းတို့တွင် မှီတင်းနေထိုင်ကြသူများကား တောသူတောင်သားတို့ပင် ဖြစ်လေသည်။ သူတို့သည် ဤရေမြေ၌ပေါက်ဖွားကာ ဤ‌ရေမြေ၌လယ်ထွန်၍လည်းကောင်း၊ ထန်းတက်၍လည်းကောင်း၊ လှေဖြင့် ဆား၊ ငါးပိတင်ကာ ကုန်သွယ်၍လည်းကောင်း ဝမ်းစာရှာခဲ့ကြလေသည်။ ရှာရသမျှမှ စည်းကြပ်သည်အလိုက် အခွန်သွင်းခဲ့ရ၏။ ထို့အပြင် အသည် (လူလွတ်) ဖြစ်ခဲ့မူ တဆယ့်နှစ်မှုမင်းတိုင်းဟူသော တမာစေး၊ လျှော်၊ အုံတုံခေါက်၊ ဥသျှစ် စသည်ကိုဆက်ရ၏။ အစုသားဖြစ်ခဲ့မူ တာဝန်ခွဲဝေသည့်အလိုက် ကိုယ့်အစုနှင့်ကိုယ် မင်းမှုထမ်းရ၏။ ထိုအသည် ထိုအစုသားတို့၏ လုပ်အားဖြင့် အင်းဝနန်းမြေသည် ထည်ဝါခဲ့လေသည်။ သူတို့၏ အရောင်ကြောင့် အင်းဝမြို့သားတို့သည် ပါးပြောင်ခဲ့လေသည်။

အမှောင်ရိပ်လည်း သန်းလာလေပြီ။ စစ်ကိုင်းတောင်ရိုးဘက်၌လည်း မီးတလက်လက်ရှိလေပြီ။ လာလမ်းအတိုင်း ကျွန်တော်တို့ပြန်ခဲ့ကြရာ သောင်စပ်တွင် ပန်းချီဆရာများအလုပ် လက်စသိမ်းနေသည်ကို တွေ့ရလေသည်။ သူတို့သည် သူတို့၏ ကသိုဏ်းဝန်းထဲသို့ဝင်ခဲ့သော ရှုခင်းကိုပိတ်ကားပေါ်သို့ အမိဖမ်း၍ တင်လိုက်နိုင်သည့်အတွက် ဝမ်းသာ၍မဆုံးရှိနေကြသည်။ သူတို့သည် နန်းတော်ရာသို့ မရောက်ခဲ့ရသည်ကို နှမြောတသခြင်းဖြစ်ပုံမရ။ အင်းဝနန်း ပြောင်လက်ခဲ့သည်ဖြစ်စေ၊ အင်းဝနန်း မှေးမှိန်ခဲ့သည်ဖြစ်စေ၊ ပြည်ထဲရေးအပြောင်းအလဲ၌ သူတို့၏အာရုံသည်မရောက်။ ဆောင်းရာသီညနေစောင်းတို့တွင် ထာဝရမြင်နေရမည့် ဤရှုခင်း၊ နှလုံးမွေ့လျော်စရာ ဤသဘာဝ၌သာ သူတို့၏အာရုံသည် ကျက်စားခဲ့သတည်း။

---

#တိုက်စိုး
#နေဝင်မြင်သည်ဝရွှေပြည်

#shared_by_louis_augustine
#sbla

Comments