ည // မောင်တင်ဦး

ည // မောင်တင်ဦး

---

ရန်ကုန်ညသည် တိတ်ဆိတ်စ ပြုလာပြီ။ လူအသွားအလာ ကျဲတောက်စ ပြုလာသော လမ်းကြားလေးတခုပေါ်တွင် ရှိသည့် စတိုးဆိုင်လေးတခု၏ ဆိုင်အတွင်းခန်းထဲ၌ အသက်ခပ်လတ်လတ်အရွယ် မိန်းမကြီးတယောက်သည် ဒူးတုပ်ထိုင်ရင်းဖြင့် ဘုရားရှိခိုး စာအုပ်ငယ်လေးတခုကို ဖွင့်ကာ တိုးညင်းညင်းဖြင့် ဗလစ်ဗလစ် ရွတ်ဖတ်သရဇ္ဈာယ်နေလေသည်။ ဒီပတ်ဝန်းကျင်တွင် ဆိုင်ရှင်မိန်းမကြီး၏ ဝတ်ရွတ်သံသာ ကြားရလောက်အောင် ခြေသံများ ကျဲပါး၍ လူသံများ တိုးတိတ်နေလေသည်။ ဆိုင်ပိတ်ချိန်လည်း နီးနေပြီဖြစ်သည်။

ထိုအချိန်တွင် ဆိုင်ကောင်တာရှေ့သို့ ပိန်ရှည်ရှည် ဖြူဖျော့ဖျော့ အရိပ်တခု ဝင်လာသည်ကို ဆိုင်ရှင်မိန်းမကြီးသည် သတိထားမိသောကြောင့် သူ၏ ဘုရားရှိခိုးစာအုပ်လေးကို ပိတ်ကာ “ဘာများ အလိုရှိပါသလဲ” ဟု စကားစပင် မဆုံးသေးခင် - 

“အစ်မကြီး၊ အစ်မကြီး မမှတ်မိဘူးလား၊ ကျနော်လေ”

ရင်းနှီးလွန်းလှသော အသံကို နား၌ ကျက်မိသွားပြီးဖြစ်သော အစ်မကြီးသည် မျက်မှောင်တချက်ကြုံ့၍ ပိန်ဖျော့ဖျော့ အရိပ်ရှည်ကြီးကို အကဲခတ် ကြည့်လိုက်လေမိချင်းတွင်

“ဟယ် အောင်မလေး မောင်လေးရယ်၊ မသေကောင်းမပျောက်ကောင်း၊ ငါ့မှာ နင့်ဆီက အဆက်အသွယ်မလာတော့လို့ တခုခု ဖြစ်နေပြီ ထင်နေတာ၊” ဟု မချိတင်ကဲ အာလုပ်သံပြုပြီးသော အစ်မကြီးသည် ဆိုင်ဘေးဘီဝဲယာကို အကဲခတ်၍ သူ၏ မောင်လေး ပိန်ဖျော့ဖျော့ကြီးအား ဆိုင်အတွင်းခန်းထဲသို့ ခေါ်သွင်းကာ ဆိုင်တံခါးကိုပါ ပိတ်ချလိုက်လေသည်။
 
ဆိုင်တွင်းခန်းထဲတွင်မူ ဆိုဖာအခမ်းနား၊ စားပွဲကုလားထိုင် ဘာမှမရှိ၊ အနားဖွာစပြုနေသော သင်ဖြူးဖျာတချပ် ခင်းထားသည်။ စတီးရေနွေးအိုးတအိုးနှင့် အဖန်ရည်ကြမ်းခွက် အနားပဲ့လေး တလုံး ချထားသည်။ “မောင်လေး” သည် ထို သင်ဖြူးဖျာပေါ်၌ပင် တင်ပျင်ခွေချိတ်၍ ထိုင်ချလိုက်ကာ အစ်မကြီးဖြစ်သူ၏ ဆိုင်အခင်းအကျင်းကို မျက်စိကစားနေလေသည်။

“ဟိုကနေ တခါတည်း ရန်ကုန်ထိ ဆင်းလာတာဆိုတော့ အရှုပ်အရှင်းကင်းအောင် ခရီးလမ်းမှာ အဆက်အသွယ် တမင်မလုပ်ပဲ လာခဲ့လိုက်တာ စိတ်ပူရအောင် လုပ်မိပြီ။ ဘာမှတော့ သိပ်မပြောင်းလဲသွားသလိုပဲ အစ်မကြီးရယ်။ အရင်လိုပဲ သန်သန်မာမာနဲ့ ဈေးရောင်းနေတာ စိတ်ချမ်းသာစရာ ကောင်းလိုက်တာ”

“အော်၊ မပြောင်းလဲဆို ငါက ဈေးပဲ ရောင်းတတ်တာကိုးအေ့၊ ပြောင်းလဲတဲ့ သူတွေကတော့ ပြောင်းလဲကုန်ပါပြီရယ်။” အစ်မကြီးသည် ထိုစကားအဆုံး၌ တိမ်ဝင်သွားသော အသံကို ချောင်းဟန့်လျှက် ဖုံးလိုက်ကာ “နင် ဟိုမှာ အဆင်ကော ပြေရဲ့လားဟယ်၊ ဖြူဖျော့ပြီး ပိန်သွားလိုက်တာ၊ ဒီတခေါက် ပြန်လာတယ် ဆိုတာ အောင်လာလို့ ပေါ့နော်” ဟူ၍ ပဋိသန္ဓာရ ပြောရှာလေသည်။
 
ထိုစကားကြားသော် မောင်လေးသည် ရွှင်လန်းသွားဟန်တူ၍ အပေါ်သွားလေး ပေါ်သည်ထိ ပြုံးတုံ့လေး ပြုံးလိုက်သည်။ ဖြူဖျော့ဖျော့ အောက်လင်းမီးမှိန်မှိန်အောက်တွင် ဖြူဖျော့နွမ်းနယ်သယောင် ထင်ရသော သူ့မျက်နှာမှာ သွေးရောင် ပြန်တက်လာပြီး မျက်လုံးများမှာလဲ တောက်ပလာလျှက် ရှိသည်။ ထို့ပေရာ အစ်မကြီး၏ စိတ်ထဲတွင် လွန်ခဲ့သော သုံးနှစ်က မပြောမဆိုနှင့် ရန်ကုန်မှ ထီးတည်း မထွက်ခွာသွားသေးခင်တုန်းက မောင်လေးကဲ့သို့ပင် စိတ်ထဲမှာ မြင်လာပြန်လေသည်။ မောင်လေးသည် သူ့ ဝသီအတိုင်း သဘောကျစရာရှိသည့်အခါ ပြုံးလိုက်သေးတတ်တာက အရင်လာတတ်သည့် အကျင့် မပျောက်သေးကြောင်း သိလိုက်ရသဖြင့်လည်း အစ်မကြီးမှာ ဝမ်းသာရပြန်သေးသည်။ 
 
“အောင်မြင်ဖို့ကတော့ နီးနေပါပြီ အစ်မကြီးရယ်၊ ကျနော် ဒီတခေါက် ပြန်လာတယ် ဆိုတာကလဲ အဲ့အတွက် လုပ်စရာရှိတာ စီစဉ်စရာ ရှိတာတွေ စီစဉ်ဖို့ လာတာလေ၊ နောက်ပြီး ပြောရရင်၊ ဒီတခေါက် ကိစ္စဝိစ္စတွေ ပြီးတာနဲ့ ကျနော့်အစ်မကြီးရယ်၊ မိန်းမရယ်၊ သားရယ်၊ သုံးယောက်ကို အဆင်ပြေအောင် ထားနိုင်ပြီလို့တော့ ကျနော်ထင်ပါတယ်။ အဲ့တာကို အသိပေးချင်တာကြောင့်မို့လဲ ပါပါတယ်၊ အခု ပြန်လာတယ် ဆိုတာကလေ...”
 
စကားလက်စ မသတ်နိုင်ခင်ပင် ချောင်းတဟွတ်ဟွတ် ဆိုးလာလေသည်။ မောင်လေးသည် နှုတ်ခမ်းကို လက်ကိုင်ပုဝါဖြင့် အလျင်အမြန် သုတ်လိုက်သည်။ စိုးရိမ်တကြီးဖြင့် ထလာသော အစ်မကြီးကို လက်ကာပြကာ “မိုးအကုန်တုန်းက ငှက်လေ၊ ကွီနိုင်တထုပ်လုံး ကုန်တာတောင် နည်းနည်း ကျန်နေသေးတာ၊” ဟု ဘာမှ မဖြစ်သလို ပုံစံနဲ့ ခနဲ့တဲ့တဲ့ ပြောသည်။ ဒီမောင်လေး လိမ္မာချင်ရက်သားနဲ့ ဘာမဆို ခနဲ့တဲ့တဲ့ အမြဲလုပ်လွန်းတာမို့ ဒုက္ခအမြဲရောက်တာဟု အစ်မကြီးသည် ဂရုဏာဒေါသော စိတ်ထဲ၌ အပြစ်တင်မိနေသေးသည်။
 
“အင်းပေါ့လေ၊ အပြီး ပြန်လာတယ်ဆိုရင်တော့ အစ်မကြီး တကယ် ဝမ်းသာပြီ ငါ့မောင်ရယ်။ နင့်သားလေး ပဉ္ဇင်းတက်တုန်းက ဆိုရင် ငါ့မှာ နင်သာရှိသေးရင် သပိတ်လွယ် ယပ်ကိုင်ပြီး လိုက်လာဦးမှာ‌ တွေးပြီး မျက်ရည်ကျသေးတယ်။ နင့်မိန်းမကတော့ စိတ်မာသားပဲ၊ ရဟန်းဒကာမရှိလဲ ရအောင် ပဉ္ဇင်းတက်ပြမယ် ဆိုပြီး ရအောင်တော့ တက်သွားသားအေ။ နင့်သားကတော့ ကြီးလာလေလေ နင်နဲ့ တူလာလေလေပဲ၊ အဲ့ကောင်လေးများ အိမ်လာရင် နင့် သတိရလိုက်တာအေ” ဟု အစ်မကြီးလဲ ချုပ်တီးရသမျှ မောင်လေးအပေါ် အလွမ်းတို့အား အိတ်သွန်ဖာမှောက် သယ်နေသည်ကို မောင်လေးသည် အေးအေးဆေးဆေးဖြင့်ပင် အရောင်လဲ့နေသော စူးစမ်းသည့် မျက်လုံးအစုံဖြင့် ငယ်စဉ်ကကဲ့သို့ပင် နားထောင်နေလျှက်ပင်။ သို့သော် သူ့မိန်းမအကြောင်းနှင့် စပ်လာလျှင်ကား မျက်လုံးတို့ အရောင်မှိန်သွားလိုက်၊ ချောင်း တဟွတ်ဟွတ် ဆိုးလာလိုက်ဖြင့် မူပျက်လာတတ်သည်ကို ရိပ်စားမိသော အစ်မကြီးသည် ပြေရာပြေကြောင်းဖြင့်၊
 
“နင် အခု ငါ့ဆိုင်ပေါ်တောင် ပြန်ရောက်နေပြီပဲ။ ဖြစ်ပြီးတာတွေကို မေ့လိုက်၊ နင်လဲ နင့်စိတ်ဓာတ်၊ နင့်ခံယူချက်အတိုင်း ယောကျာ်းသိက္ခာနဲ့ အညီ ကြိုးစားခဲ့ပြီးပြီ၊ တို့ အားလုံး ကောင်းစားဖို့ ကြိုးစားခဲ့ပြီးပြီပဲ၊ သူလဲ စိတ်နာရင်တောင်မှ ငယ်ရည်းစားပဲအေ၊ နင့်မျက်ခွက်ကြည့်ရုံနဲ့ စိတ်ပြန်ပြေသွားလိမ့်မယ်။ ကဲ၊ ပြော၊ နင့်မိန်းမအိမ် ပြန်ချင်လား၊ လမ်းထဲက ဆိုက်ကားနဲ့ ငါ နင့်ကို ခေါ်တင်သွားမယ်။ အို ငါပါ လိုက်ခဲ့မယ်၊ ကိုယ့်မောင်အရင်းပဲ၊ ငါပြေရာပြေကြောင်း နင့်ကို လက်ခံဖို့ ပြန်ပြောပေးမယ်။ ငါ့ဆိုင်က ဘာမှ မဖြစ်ဘူး၊ ဒီချိန်လောက်ဆို ရှူးရှဲထုပ်လာဝယ်တဲ့ အရက်သမားလောက်ပဲ လာတာအေ၊ ပျင်းတောင် ပျင်းသေးတယ်။ ငါ့မောင်ဟာ တမိတည်း ပေါက်လို့ တယောက်တည်းရှိမဲ့ မောင်၊ အိမ်ကို ဆွမ်းရပ်နေကျ ပစ္ဆိမာရုံကျောင်း ဆရာတော်ကြီးက တနေ့ လူချွန်လူကောင်းဖြစ်မယ် အတတ်ဟောခဲ့တဲ့ မောင်၊ ဘာမှ မျက်နှာ ငယ်နေစရာမလိုဘူး၊ မျက်နှာငယ်စရာလဲ မရှိဘူး၊ မျက်နှာငယ်စရာ ရှိလာရင်လဲ အစ်မကြီး ငုံ့မခံဘူး။ တဲ့ရှင်းပေးမယ်။” ဟု နှစ်သိမ့်ပြန်လေရာ
 
“နေပါဦး၊ အစ်မကြီးရယ်၊ ကျနော် ဒီဆိုင်မှာပဲ သီတင်းတပတ် နှစ်ပတ်လောက်တော့ နေပါရစေဦး။ နောက်ပြီးကျမှ သူတို့ဆီ ကျနော်တယောက်တည်းပဲ သွားပါ့မယ်။ သွားတုန်းကလဲ ကျနော် တယောက်တည်း ကိုယ့်အစ်မ အရင်းအချာတောင် မသိရစေပဲ ဟိုက လိုအပ်ချက်အရ အရဲစွန့်ပြီး သွားခဲ့ရတာ။ အခုလဲ သူတို့ စိတ်နာနေမှန်းသိသိနဲ့ မိန်းမဆီကို၊ သားဆီကို ကျနော်တယောက်တည်း ပြန်ပြီး အတတ်နိုင်ဆုံး နားဝင်အောင် ဖြောင်းဖျပါ့မယ်။ ပြောမဲ့သာပြောတာ၊ ကျနော့်မိန်းမ စိတ်မာတယ်ဗျ၊ ကျနော်ကလဲ လိုအပ်ချက်အရကော၊ ဗြုံးစားကြီး ဝုန်းဝုန်းဆို တက်သုတ်ရိုက်လိုက်ရတာကြောင့်ပါ အကုန်လုံးကို အသိမပေးပဲ သွားတာကို စိတ်ထဲမှာ တေးထားမှာပဲ။ တော်တော် အငြိုးတေး၊ စိတ်အစွဲမှတ် ကြီးတဲ့ မိန်းမ၊ အဲ့တော့ကာ ကျနော်လဲ အစ်မကြီးနဲ့ပဲ နေပြီး ဆိုင်ကိုလည်း ကူပေးရင်း အခြေအနေကို စောင့်ကြည့်ပါဦးမယ်လေ။”
 
“သာဓုကွယ်၊ သာဓု ငါ့မောင် ဘုန်းကြီးလို့ သက်ရှည်…”
 
ဆုပေးသံ မဆုံးသေးခင်မှာပင် ဆိုင်တံခါးကို တဒေါက်ဒေါက်ခေါက်သံ ကြားရသောကြောင့် အစ်မကြီးသည် မောင်လေးကို မျက်ရိပ်ပြကာ - 
 
“ဘယ်သူလဲဟဲ့၊ ညကြီးမင်းကြီး”
 
“သမီးတို့ သားအမိပါ။ ကိစ္စလေး ရှိလို့ အစ်မကြီးဆီ ထွက်လာတာ”
 
နှစ်ယောက်လုံး အသံကို ကျက်မိသည်နှင့် တပြိုင်နက် အစ်မကြီးသည် ဆိုင်အတွင်းခန်းထောင့်မှ စတိုခန်းကြီးဆီသို့ မျက်စိပစ်ပြလေသည်။ မောင်လေးကလဲ သွက်သွက်လက်လက်ဖြင့် ထို စတိုခန်းကြီးတွင်းသို့ ဝင်၍ တံခါးကို အပြင်မှ ဂျက်ချပြီးသည်နှင့် အစ်မကြီးလဲ တံခါးကို ထဖွင့်ပေးလေရာ မျက်နှာချေ ဖြူမှုန်မှုန် လိမ်းကျဲထားသော သတ်လတ်ပိုင်း မိန်းမတယောက်နှင့် သားဖြစ်သူ လူငယ်ပေါက်စတယောက် ဝင်လာကြပြီးလျှင် ခင်းထားသော သင်ဖြူးဖျာအနားဖွာပေါ် သုတ်သုတ်ဖြင့် ကောက်ထိုင်လိုက်လေသည်။
 
“အို၊ အိမ်က မသုံးတော့တဲ့ ဆက်တီတွေ အစ်မကြီးဖို့ ပေးမယ်ဆိုတုန်းက မယူဘူး၊ မိသားစုချင်း အလကားပေးတာပါဆို။”
 
“ငါ့ဆိုင်က ကျဉ်းကျုပ်ကျုပ်နဲ့ နင့်ဆက်တီတွေ ဘာလုပ်ရမှာတုံး၊ မြေကြီးပေါ် အပြားလိုက် ထိုင်ရတာပဲ ကောင်းပါတယ်အေ။ သွေးလေမျှတယ်၊ ကျန်းမာရေးလဲ ကောင်းတယ်အေ့။ ကဲ ဆိုပါဦး လာရင်းကိစ္စရယ်။”
 
မိန်းမဖြစ်သူက အနီရောင် ပွဲတက်ပိုက်ဆံအိတ် အသစ်ကြီးထဲမှ စာအိတ်ပန်းရောင်လေးတခုကို ထုတ်ပေးပြီး အစ်မကြီးကို လှမ်းပေးသည်။ သား ဖြစ်သူကတော့ ဘေးနားမှာ ဂဏန်းတွက်စက်ဖြင့် ပေသီးခေါက်လိုက်၊ စာရင်းစာအုပ်လေးထဲ ချရေးလိုက် လုပ်နေသည်။ အစ်မကြီးလဲ ကြောင်တောင်အမ်းဖြင့်ပင် စာအိတ်လေးကို လှမ်းယူလိုက်ပြီး
 
“မင်္ဂလာဆောင်ဖိတ်စာပဲ၊ နင်တို့ အမျိုးထဲကလား၊ ‌အော် အေး မေ့နေလိုက်တာ၊ ငါ နင့်ဆီက လှည့်ထားတာလေး တခါတည်း ယူသွားဦး။ ” ဟု ဆိုကာ အကြွေသိမ်းသည့် သံဗူးပိန်လေးကို ဖွင့်၍ ပိုက်ဆံ ရေနေခိုက်တွင်။
 
“မဟုတ်ဘူး၊ မင်္ဂလာဆောင်မှာက သမီး။”
 
“ဘာပြောတယ်အေ”
 
“ဟုတ်တယ်လေ၊ သမီး နောက်အိမ်ထောင်ပြုတော့မလို့၊ အခု သတို့သားက တော်လိုက်တာ ဆိုတာ။ သူ့အဖေကြီး မမာရှာတော့ အဖေဆီက ပွဲရုံကို သူပဲ ဦးစီးဦးဆောင် လုပ်နေရတာလေ ။ သမီးအရင်ယောကျာ်း အိမ်ပေါ်က ဆင်းသွားပြီး လက်ကားဆိုင်လေးလဲ အရှုံးပေါ်နေတုန်းက သူက ငွေပင်ငွေရင်းစိုက်ပြီး ဆိုင်လေးကို ပြန်ကယ်ထားတာ။ သားကိုလဲ တအားအလိုလိုက်တာ၊ ပွဲရုံပညာလဲ သူပဲ သင်ပေးနေတာပေါ့။ အခု သားလဲ သမီးတို့ လက်ကားဆိုင် စာရင်းအင်းကို နိုင်နင်းနေပြီဆိုတော့ စုထားတဲ့ ပိုက်ဆံနဲ့ သူ့အတွက် ပွဲရုံလေး ထပ်ထောင်၊ နောက်ပြီး အဲ့က ကျန်တာကို အခု သူနဲ့ လက်ထပ်ပြီး စီးပွားပါ တခါတည်း ဆက်လိုက်တော့မယ်။ တခါတည်း ကြီးပွားသွားတာပေါ့ အစ်မကြီးရယ်။ အော် ဒီအမူးသမားတွေကလဲ မြန်မြန် အန်ဖတ်ကို မဆို့နိုင်ဘူး၊ ညကြီးအချိန်မတော် နောက်ဖေးလမ်းကြားမှာ ချောင်းတဟွတ်ဟွတ်နဲ့…”
 
အစ်မကြီးသည် ငွေထည့်သည့် သံဗူးပိန်လေးကို ကိုင်ကာ ငိုင်သွားသည်။ နောက်ထပ် ဆက်ပြောသော စကားတို့ကို ဆက်မကြားရတော့၊ ထို့ကြောင့် လက်တချက်ကာပြကာ သူ့ ယောင်းမဟောင်း၏ မဟာစီမံကိန်းကို စောဒက တက်လေသည်။
 
“နေပါဦးဟဲ့၊ နောက်ယောကျာ်းယူရအောင် နင့်လင်ကြီး ငါ့မောင်က အလတ်ကြီး ရှိသေးတဲ့ဟာ၊ ဘယ့်နှယ့် အရင်ယောကျာ်းလဲ၊ အဲ့ နင့်လင်ကြီးကလဲ အခု နင့်ဘေးက နင့်သားရဲ့ အဖေအရင်း...”
 
အစ်မကြီး စကားပင် မဆုံးသေး၊ သားဖြစ်သူက တစခန်း ထပြန်လေသည်။
 
“ဘာအဖေလဲ၊ အဖေစိတ်ရှိတဲ့သူမှပဲ အဖေဗျ။ မာမီ့ကို စိတ်ကုန်လို့ ဘယ်သူ့မှ သတင်းမပေးပဲ ခြေရာဖျောက်သွားတဲ့ သူကို အဖေခေါ်စရာလား၊ စဉ်းစားလဲ ပြောဦး ကြီးကြီးရာ၊ မာမီ အခုယူမဲ့ ယောကျာ်းက အဲ့ အဖေဆိုတဲ့သူ ထားတာထက် ပိုပြီး အိမ်တဆောင် မီးတပြောင် ထားနိုင်တာ…”
 
မိန်းမ သည် သား အား မျက်ရိပ်တချက်ပြလေသော် သားသည် စိတ်ကုန်ခြင်းကြီးစွာသော မျက်နှာဖြင့် ဆိုင်ရှေ့သို့ ထွက်သွားလေသည်။ ထို့နောက် ချွေးအနည်းငယ် ပြန်သွားသော မျက်နှာကို လက်သုတ်ပုဝါဖြင့် အသာသုတ်ရင်း စကားဆက်သည်။
 
“အစ်မကြီးမောင် ကျတော့ ငယ်ရည်းစားမို့ကို၊ ဒါပေမဲ့လဲ ဘာမှမှ မဖြစ်ထွန်းတာ၊ လက်သွက်ခြေသွက်နဲ့ အသိပညာတော့ ပြည့်စုံပါရဲ့၊ ဒါပေမဲ့ မကြီးပွားချင်တာ ခက်တယ် အစ်မကြီးရေ။ လက်ကားဆိုင် လက်ရင်းလေး စည်ပင်လာလို့ သူ့ကို စာရင်းကိုင်ခိုင်းမိပါတယ်။ အမလေး၊ အလုပ်သမားတွေ နည်းနည်း မျက်ရည်ချူရုံနဲ့၊ သုမေဓာ သူဌေးသားကြီးကျနေအောင် ပေးပေးပစ်တာ စည်းစိမ်ကုန်အောင်။ သူ့ စာအုပ် တပြုံတခေါင်းကြီးကလည်း ဒီခေတ်လို ရှားပါးသတ်ဖြတ်နေတဲ့ ခေတ်ကြီးမှာ ဘာလုပ်လို့ ရမှာလဲ၊ ကု|လားခေါ်ပြီး ရှင်းခိုင်းတာတောင် သူ့အပုံကြီးက ငါးသောင်းခွဲပဲ ရတယ်။ အဲ့ စာအုပ်တွေ ကြည့်လဲ မကြည့်ချင်ဘူး။ သူ့ဆီကို လာနေတဲ့ အဘိဓမ္မာ၊ အဘိဓမ္မာချင်း ထပ်နေအောင် ပြောတဲ့ အပေါင်းအသင်းဆိုတာတွေကိုလဲ နားမခံသာဘူး။ ဟော ကြည့်လေ၊ တိုင်းရေးပြည်ရေး အခြေအနေလဲ ဆိုး၊ စီးပွားရေးလဲ ကြပ်တည်းလာရော သားကော မယားကော ပစ်ပြီး ကိုယ်လွတ်ရုန်းပြေးတော့တာပဲ။ အဲ့ကတည်းက သူ့ဆို ကျမ သေပြီလို့ပဲမှတ်..မှတ်..၊ အမလေး ဘုတ်ကနဲပဲ သူခိုးများကပ်လား သေချာကြည့်ပါဦး၊ သားရေ”
 
“ကြောင်တွေနေမှာပေါ့ အမေရယ်။ သူတို့ မြူးတဲ့ ရာသီလေ၊ ဟားဟား၊ အမေကဖြင့် လန့်ရော့မယ်။”
 
အစ်မကြီးသည် ထိုသားအမိ ပြောသော စကားကိုရော၊ ဟားကနဲ ရယ်သံများကိုရော နားမခံသာတော့ပဲ ဝုန်းဆို ကောက်ထလိုက်ကာ 
 
“နင်တို့ အခုလို ဖိတ်တယ်ဆိုတာ ဘာသဘောလဲ”
 
အစ်မကြီးသည် ခုနင်တုန်းကပင် ပြုံးတုံ့အေးဆေးသော မျက်နှာဖြင့် မျှော်လင့်ချက်ကြီးစွာ ရှေ့ရေး စိတ်ကူးယဉ်နေသော မောင်လေး၏ မျက်နှာကို ပြန်မြင်ယောင်လာမိကာ အသားများ တဆတ်ဆတ် တုန်အောင် ဒေါသများ ထွက်လာသည်ကို မိန်းမသည် အရေးမစိုက်ဟန် အေးအေးဆေးဆေးဖြင့် ခွန်းတုံ့ပြန် စကားဆိုလေသည်။
 
“ဒါကတော့ ဒီလိုလေ၊ အရင်ယောကျာ်းနဲ့ မပတ်သက်တော့ပေမဲ့ အစ်မကြီးက ဆိုင်ကနေ ပစ္စည်းယူရောင်းနေတာမလား၊ ပိုက်ဆံလိုလာရင်လဲ လာလှည့်နေကျလေ။ ဖောက်သည်ဆက်ဆံရေးတော့ ရှိသေးတာ။ ဒီဆက်ဆံရေးလေးတော့ဖြင့် ထောက်ပြီး လာဖိတ်တာပါ။”
 
“တော်၊ နင်တို့ ကုန်သည်စကားတွေ ငါမကြားချင်ဘူး။ နောက်ဆို နင်တို့ ငါ့ဆိုင်အရိပ်လဲ လာမနင်းနဲ့၊ မျက်နှာလဲ လာမပြနဲ့၊ ငါလဲ နင်တို့ဆီ ပစ္စည်းလဲမယူ၊ ဘာမှလဲ မချေးဘူး၊ ပြန်၊ ပြန်ကြ၊ တကတည်းတော် နောက်လင်ယူတာ အရင်ယောကျာ်းရဲ့ အစ်မကို လာဖိတ်တယ်တဲ့ ကြားလို့မှ ကောင်းကြသေးရဲ့လားအေ၊ လောကကြီးရယ်၊ ခေတ်ပြောင်းကတည်းက အကုန်လုံး ကပြောင်းကပြန်ကို ဖြစ်နေတော့တာပဲ။ ”
 
ထိုသို့ ခုနစ်သံချီဟစ်နေစဉ် သား သည် ဆိုင်ထဲဆီသို့ အပြေးပြန်ဝင်လာကာ “ဒယ်ဒီဖုန်းဆက်တာ၊ ကုန်တွေကို အဝေးပြေးဂိတ်မှာ ယူစစ်နေလို့တဲ့၊ ရှော့ရှိတယ် အမြန်လာပါတဲ့” ဟူသော စကားတို့ကို အမေနှင့် နှစ်ကိုယ်ကြား တီးတိုးပြောဆိုကြပြီးသော် “စိတ်မရှိပါနဲ့ဗျ၊ အရေးကြီးကိစ္စရှိလို့ ပြေးရဦးမယ်။ လာ မာမီ ပြန်ကြစို့” ဟူသော စကားအစုံကို စိတ်မပါ့တပါ ပြောဆိုကာ ဆိုင်ပေါ်မှ ဆင်းပြေးကြလေသည်။
 
ထိုအခါ အစ်မကြီးလဲ စတိုခန်းထဲက မောင်လေးဖြစ်သူကို ရုတ်တရက် သတိရသွားသည်။ အလျှင်အမြန် တံခါးသွားဖွင့်ကြည့်သော် မောင်လေး မရှိတော့၊ အတွင်းမှ ဂျက်ချကာ အမြဲပိတ်ထားတတ်သော ပြုတင်းတံခါးလေးမှာ ပွင့်လျှက်။ ထို ဟ နေသော ပြုတင်းတံခါးမှ ဆန်းစ လရောင်သည် စာရွက်ခေါက်ကလေး တခုပေါ် မှိန်ဖျော့ဖျော့ ဖြာကျနေလေသည်။
 
စာရွက်ခေါက်လေးကို ဖွင့်ကြည့်လိုက်သောအခါ သွေးများ ရေစိုကွက်များကြားမှ အသော့လေး ရေးထားသော လက်ရေးသည် လရောင်အောက်တွင် ထင်ရှားစွာ ပေါ်လာလေသည်။

“အစ်မကြီး၊ ဟိုကိုပဲ ပြန်ပါတော့မည်။ နှောင်ကြိုးမရှိတော့ပါ။ အမျှ မဝေပါနှင့်၊ နောင်ဘဝအတွက် စိတ်မသန့်ပါလျှင် ပစ္ဆိမာရုံ ကိုယ်တော်ကြီးထံတွင် သက်ပျောက်ဆွမ်းကပ်ပေးပါ။ မောင်လေး”
 
ဆိုင်ပြင်တွင်မူ မြို့ပြ၏ အမှောင်တွင်းသို့ သက်ဆင်းကွယ်ပျောက်သွားကြကုန်သော သားအမိနှစ်ဦး၏ ကျောပြင်ကို မျက်စိတဆုံး ကြည့်နေသော အရိပ်ဖြူလွလွကြီးသည် နောက်သို့ ပြန်မလှည့်ကြည့်စတမ်း ကျောခိုင်းလိုက်သည်။
 
ညမှောင်ကြားမှ ဆန်းစ လရောင်သည် သူလျှောက်သော လမ်း၌ အပြစ်ကင်းမဲ့စွာ ဖြာကျနေလေသတည်း။

---

#မောင်တင်ဦး
#ည

#shared_by_louis_augustine
#sbla

Comments