သူ့ကုသိုလ်ကံ // ပီမိုးနင်း
သူ့ကုသိုလ်ကံ // ပီမိုးနင်း
(၁၉၃၉)
---
ကိုကွန်းသည် ရန်ကုန်မြို့၌ နေခဲ့သည်မှာ နှစ်ပေါင်းအစိတ်ကျော်ခဲ့လေပြီ။ ထိုနှစ်ပေါင်းအစိတ် အတွင်း ပွဲစားကုန်သည် ထီးထမ်းလမ်းလျှောက်အလုပ်များကို လုပ်ခဲ့လေရာ တခါတခါ၌ အတော်အတန်ငွေကြေးရရှိခဲ့၏။ အခါများစွာ၌ကား ငွေကြေးကျပ်သည်သာ များတတ်လေသည်။
သို့နေခဲ့ရာ ပိုက်ဆံကြေးငွေ အထူးပါးရှားသော ၁၉၃၈ ခုနှစ်၌ “အကြံကုန်ဂဠုန်ဆားချက်” ဟူသော စကားကဲ့သို့ မိမိမကျွမ်းကျင်သော အလုပ်တခုကိုစ၍လုပ်၏။ ထိုအလုပ်ကိုမကျွမ်းကျင် သောကြောင့် မိမိကိုယ်ကိုမိမိ ကျွမ်းကျင်သည်ဟု မှတ်ထင်လေ့ရှိ၏။ အကြောင်းမူကား - ဆေးများကို တဖုံလျှင် ငါးမတ်၊ တကျပ်ခွဲနှင့် ဖော်စပ်ကာ ပုလင်းကလေးတပုလင်းကို တကျပ်ခွဲ ငါးမတ်နှင့် ကြော်ငြာ၍ရောင်းခြင်းသည် ကျိန်းသေအမြတ်အစွန်းရဖို့သာ ရှိသည်။ အခြားဆေးကုန်သည်များလည်း အသီးသီး မော်တော်ကားစီး၍နေရသည်။ ငါကား ကြော်ငြာ များကို အမျိုးမျိုးလည်း ရေးနိုင်၏၊ ဆေးများကို ဖော်စပ်၍ သတင်းစာများ၌ ကြော်ငြာပြီးရောင်းလျှင် အမြတ်အစွန်း ဧကန်ရချိမ့်မည်။ ၎င်းအလုပ်ထက် ကျိန်းသေသောအလုပ် မရှိဟု အောက်မေ့ကာ ပွဲပြ၍ရသော ငွေကလေးတရာနှင့် “အာယုသီဟလေဆေးကြီး” ဟု ဖော်စပ်ပြီးလျှင် ရှိသမျှသော ၉၆ ပါးရောဂါတို့ကို ပျောက်သည်ဟု ညွှန်းလေ၏။ သို့ဖြစ်သောကြောင့် ဘယ်ရောဂါသည်မှ အဝယ်အခြမ်းမရှိဘဲ အရင်းမြုပ်၍နေလေ၏။
အိမ်လခကလည်းပူ။ စားစရာလည်းမရှိ။ ဆေးကိုစား၍လည်း မနေနိုင်။ အကြီးအကျယ် ဒုက္ခကြီးဖြစ်၍နေလေ၏။ ထိုငွေရင်းတရာကို ဤတနင်္ဂနွေနေ တပတ်အတွင်း ပြန်၍ရလျှင်ရ မရလျှင် ဤအရပ်မှာ ဤအိမ်နှင့် နေနိုင်ဖို့မရှိ။ အရပ်ကိုလည်း မခွာချင်။ ၎င်းမှာ အခြွေအရံ မယားတယောက်နှင့် သားသမီးလေးယောက်ရှိလေ၏။
ငွေတရာကို အဘယ်မှာရှာ၍မျှမရ။ အသိမိတ်ဆွေဟူ၍လည်း အကျွမ်းတဝင် လူယုံ မရှိသူဖြစ်လေရာ အဘယ်ကိုမှလှည့်၍ အားကိုးအားထားမတွေ့ ။ သို့ဖြစ်လေရာ အိမ်တံခါးဝတွင် ပက်လက်ကုလားထိုင်နှင့်ထိုင်ကာ မည်သူတယောက် လမ်းမှားပြီး ငွေတရာပေးဖို့ရန် ရောက်လာ ပါမလဲဟု အိမ်ရှေ့ကိုမျှော်ကာ တွေးတောငေးမော၍နေလေ၏။ အဘယ်ကမှ ပေါ်မလာသည်ကို တွေ့ ရသောအခါ များစွာ စိတ်ပျက်လျက် တကိုယ်လုံး ပျော့၍ကျသွားလေ၏။ သို့ကျသွားရာ၌ အိမ်ရှေ့တွင် မိုတိုကားနှင့် ဖြတ်၍သွားသူများကို မြင်ရသောအခါ သင်းတို့တွေ ဘယ်အတွက်ကြောင့် ဒီလိုနေနိုင်ပါသလဲဟု တွေးတောပြီး ငါကား မဖြစ်နိုင်ဘူးလားဟု အောက်မေ့လေ၏။ သို့ကြည့်၍နေခိုက်တွင် မဖြစ်နိုင်တော့ပါဘူးဟု အောက်မေ့ကာ အထက်မျက်နှာကြက်ကို ကြည့်လိုက်ရာ ရက်မတခုမှာ သံချောင်းကြီးရိုက်၍ထားသည်ကို မြင်ရလေ၏။ ထိုအခါ ဒီသံချောင်းကြီးမှာ ကြိုးတပ်ပြီး ငါ့လည်ပင်းကိုချိတ်လိုက်ရရင် ဒီအပူ ငြိမ်းချေရဲ့ဟု တွေးလေ၏။ အကြောင်းမူကား ငွေကြေးအတွက် ပူသောအပူသည် ရင်မှာမီးရှို့၍နေပေ၏။ ဘယ်ကိုမှ အားမကိုးရသော လောကကြီး၌ နေရခြင်းသည် သုသာန်မှာနေရသကဲ့သို့ ဖြစ်လေ၏။ သွားလာနေကြသည်ကို မြင်ရသည့်အခါ သူတို့မတော့ကာ လွန်စွာအေးချမ်းပါကလား၊ ငါ့မှာသာ ပူနေရတယ်။ သူတို့မှာ ကိုယ်စီကိုယ်ငှ ပရိယေသနဝမ်းစာအတွက် တခုစီရှိကြလို့ပဲ ချမ်းသာကြပါပေတယ်။ ငါ့အတွက် ကားအဘယ်မှာမျှ အလုပ်မရှိ၊ အခစားကျွန်အလုပ်သော်မှ ရဖို့ရန်ခက်လှပါကလား စသည်နှင့် တွေးရင်း ငါ၏ဒုက္ခ၊ ငါ၏ဒုက္ခဟု ပုတီးစိပ်နေလေ၏။
သို့အတန်ကြာနေမိသောအခါ ထီလက်မှတ်ရောင်းသော ထီစာရေးဘအိုသည် ပြုံးရယ်လျက် ကိုဘိုးကွန်း ဘာငေးနေသလဲ၊ အခုထီဖွင့်နေပြီ ခင်ဗျားသိရဲ့လားဟု မေးလျက်ဝင်လာလေ၏။ ကိုဘိုးကွန်းသည် မိမိ၏ကံကို ယုံကြည်သူတယောက် ဖြစ်လေ၏။ ဤသို့ အကျပ် အတည်း အခက်အခဲထဲမှ ငါကံကောင်းတတ်တာပဲ။ ငါထီပေါက်တယ်လို့များ သတင်းများရမလား လို့ အောက်မေ့ကာ ပက်လက်နေရာမှထ၍ ထိုင်ပြီး အိတ်ထဲမှ ထီလက်မှတ်ကလေးကို ထုတ်ကာ ကြည့်လေ၏။
“ငါသတင်းစာလည်း မကြည့်ရဘူး၊ ဟေ့ ထီဖွင့်မှန်းလည်း မသိရဘူးကွ”
ဘအို “ပေါက်စဉ်စာရင်းတွေ ကျုပ်မှတ်လာခဲ့တယ်” ဟု ပြောကာ မှတ်၍ထားသော စက္ကူတချပ်ကို ထုတ်၍ကြည့်လေ၏။ ထိုစက္ကူမှာ ဒိုင်ယာရီစာအုပ်မှ ဆုတ်ဖြတ်သောစက္ကူ အစကလေးဖြစ်လေ၏။ ခဲတံနှင့် မထင်မရှား ရေး၍ထားသော ဂဏန်းတွေကို ထိုစက္ကူ၌ ကြည့်လေ၏။ သို့ကြည့်ရင်း ကိုကွန်း၏လက်မှတ်ကို ဆတ်ခနဲဆွဲ၍ယူကြည့်ပြီး ဟာ ခင်ဗျား ထီပေါက်နေပါပကော၊ ပထမဆုဗျ။ ဂဏန်းကိုတိုက်ကြည့်ကြလေ၏။ ထီပေါက်သည်မှာ အမှန်ဖြစ် ၍နေကြောင်း သိရလေ၏။ ပိုက်ဆံမရှိ၍ အလွန်တရာ စိတ်ညစ်၍နေသော ကိုကွန်းမှာ သိန်းထီ ပေါက်သည်ဟု သိရသောအခါ ကရတော့မလို ခုန်ရတော့မလို အရူးလိုလိုဖြစ်၍သွားလေ၏။ မိမိမျက်စိကို မယုံနိုင်အောင်ရှိလေ၏။ ဂဏန်းကို အကြိမ်ကြိမ်တိုက်၍ ကြည့်လေ၏။ သို့တိုက်၍ ကြည့်လေရာ မိမိပေါက်ဂဏန်းများသည် ဘယ်ကိုမျှ ပျောက်ပျက်၍မပြေး၊ ပေါက်ဂဏန်းအတိုင်း ရှိနေသည်ကို တွေ့ ရလေ၏။ ထိုအခါကျမှ ရင်ထဲ၌ရှိသော အလုံးကြီး သက်လျောကာ အခုမှ အေးပါလေရာဗျား ငါ၌ ပူသမျှတို့သည် လွင့်စဉ်ပပျောက်လေပြီ။ စိုးရိမ်ကြောင့်ကြစရာ လုံးလုံးကြီး မရှိတော့ပေ။ ငါ့သားတွေကို ရှင်ပြုမည်။ ဘယ်သူနှင့်မျှမတူအောင် နိပါတ်တော်များ ခင်းကျင်း၍ ပြုမည် စသည်ဖြင့် ပြောလေ၏။ ဇမ္ဗူမှာ ငါလိုလူရှိသေးသလား။
“သိန်းထီပထမဆု တယောက် တည်း ပေါက်တဲ့ယောက်ျား”
ဘအို။ ။ ဒါတော့ ဘ၀ကကုသိုလ်ကိုဗျ။
ကိုကွန်း။ ။ ဘဝကကုသိုလ်ပေမဲ့ ဒီလိုငွေကြေးကျပ်တုန်း၊ ငွေကြေးလိုနေတုန်း၊ မျှော်လင့် စရာမရှိတုန်း လာပြီး အကျိုးပေးတာဟာ ရှားတဲ့ကုသိုလ်ပေါ့။ ကိုကွန်းထီပေါက်သည် ဆိုသော သတင်းသည် အနှံ့အပြား ကျော်ကြား၍သွားလေ၏။ အသိမိတ်ဆွေတို့သည် ဝမ်းသာကြောင်းကို ပြောရန် စုရုံး၍လာကြလေ၏။ ငွေကြေးကျပ်တည်းစဉ်က မတွေ့ ရသော မိတ်ဆွေသူငယ်ချင်း တို့သည် အခါရှေးဦးပထမ ရောက်လာကြလေ၏။
သူဌေးဦးလွင်က ငွေကို လိုသလောက်ယူ၍သုံးပါဟု စာတစောင်ရေး၍ ပေးလိုက်လေ၏။ ထိုစာနှင့်အတူ ချက်စာအုပ်တအုပ်ကို ပေးလိုက်လေ၏ ။ ၎င်းချက်စာအုပ်က လက်မှတ်များနှင့် ငွေများကို မိမိ၏ဘဏ်မှ လိုသလောက်ထုတ်၍ယူရန် ပြောလေ၏။ သို့သော်လည်း ငွေတသောင်း ထက် မကျော်စေရဟု စကားပါရှိလေသည်။ သားများကို ရှင်ပြုရန်အရေးကို ရှေးဦးပထမ ဂရုစိုက်လေ၏။
သို့အတွက် ငွေနှစ်ထောင်ကို ဘဏ်မှထုတ်ပြီးလျှင် ယုံကြည်စိတ်ချရသော ဆွေမျိုးဉာတိများကို သားလေးယောက်ရှင်ပြုရန် လွှဲအပ်လေ၏။ ထိုရှင်ပြုအခမ်းအနားမှာ လွန်စွာ ကြီးကျယ်လေ၏။ ကိုကွန်းသည် ဆေးဆိုင်ကို ဂရုမစိုက်တော့ပေ။ ဆင်းရဲသောဆွေမျိုးတယောက်အား ပေးလိုက်လေ၏။ အိမ်လခပူသော အိမ်ရှင်အားလည်း လခများကို ခြောက်လအတွက် အပိုပေး၍ထားလေ၏။ အကြောင်းမူကား မိမိထီပေါက်သောအိမ်ကို ရုတ်တရက် မစွန့်လိုပေ။ ထိုအိမ်ကိုဝယ်မည်ဟူ၍ပင် အကြံပြုလေ၏။ ရှင်ပြုမင်္ဂလာအခမ်းအနားပြီးသောအခါ အလှူအတွက် အိမ်၌ရှုပ်ပွေနေသည်ကို ရှင်းရန်ရှိလေ၏။ ကိုကွန်းသည် ရှုပ်ပွေ၍နေသော အိမ်ထဲတွင် ထိုမှဤမှ လှည့်ပတ်ကာ လျှောက်၍ကြည့်ရင်း ငါ့မှာ မိန်းမလည်းမရှိ၊ သို့အတွက် ဤပစ္စည်းတွေကို ရှင်းလင်းသုတ်သင်ဖို့ရန် အင်မတန်ခက်တာပဲ။ မလှကို ငါ ရအောင်ကြံလိုက်ရရင် တော်လေမလား၊ မလှဟာ အလွန်လိမ္မာတဲ့မိန်းမ၊ ရုပ်ရည်မှာလည်း အသက်သုံးဆယ်ဆိုပေမယ့်လို့ ထိုအသက်နှစ်ဆယ်အရွယ်ကလေးလို့ ထင်ရတယ်။ မျိုးရိုးဂုဏ်လည်း ရှိတယ်။ သဘောသကန်လည်း ကောင်းတယ်။ အသိမ်းအဆည်း အလုပ်အကိုင်မှာလည်း တော်တယ်။ အရာရာမှာ လာဘ်မြင်တဲ့မိန်းမ၊ ငါသူ့ကိုရရင် ဂုဏ်ကျက်သရေတခုပဲ စသည်ဖြင့် တွေးရင်း ကုလားထိုင်စားပွဲ၊ ဖလားစုံကွမ်းအစ်၊ ထွေးခံ၊ ပန်းကန်၊ ရေတကောင်း စသည်တို့၏ အလယ်၌ လျှောက်ကာ တွေး၍နေလေ၏။
သို့တွေး၍နေခိုက်တွင် မိမိ၏နောက်၌ ခြေသံကိုကြားရသဖြင့်.. လှည့်ကြည့်လိုက်ရာ မလှကိုယ်တိုင် အိမ်ပေါ်ကိုတက်၍လာသည်ကို မြင်ရလျက် အတိုင်းမသိ ဝမ်းသာလုံးဆို့၍သွားလေ၏။ အံ့အားလည်းသင့်၍နေလေ၏။
“ဪ...မလှတယောက်တည်းလား”
“တယောက်တည်းပါပဲ”
“ဘာကိစ္စနှင့် လာပါသလဲ။ အင်မတန်ထူးဆန်းတဲ့ လာပုံပါကလား”
မလှ “မထူးဆန်းပါဘူး၊ တယောက်နဲ့တယောက် အခြားလူမှမဟုတ်ဘဲ။ အခု ကိုကွန်း မှာလည်း ဒီအလုပ်တွေကို ကူညီသိမ်းဆည်းမယ့်အဖော်မရှိ၊ ဒါကိုကျွန်မတွေးပြီး လာတာပဲ” ဟု ပစ္စည်းများကို လက်နှင့်ပြရင်း ပြောလေ၏။
ကိုကွန်း။ ။ မလှအတွေးအခေါ် အင်မတန်ရှိပါပေတယ်၊ ဒီလိုအရေးထဲမှာ အခုလို သတိရတာ အင်မတန်ကျေးဇူးတင်ပါတယ်၊ ကျုပ်တို့ဒီဟာတွေကို ဘယ်ကစလို့ ဘယ်လိုလုပ်ရမယ်ဆိုတာ မတွေးတတ်အောင်ရှိတာပဲ။ မလှတို့လို လူတယောက် ကြီးကြပ်စီမံမှ ဖြစ်မြောက်မှာပဲ။
မလှ။ ။ဩော် ဒုက္ခဒုက္ခ ယောက်ျားများဟာ မိန်းမ မပါရင် ဘာမှနေရာမကြဘူး၊ ဒါ့ကြောင့် သျှောင်ရှိရင် ဆံထုံးရှိမှဖြစ်နိုင်တယ်လို့ ပြောကြတာပဲထင်ပါရဲ့။
ကွန်း။ ။ မိန်းမက အိမ်ရှင်၊ ယောက်ျားက အပြင်လူဆိုတာလို မလှ တဆိတ်လောက် အိမ်ရှင်လိုသဘောထားပြီး စီမံလုပ်ကိုင်လိုက်စမ်းပါ။
မလှ။ ။ အိမ်ရှင်လိုသဘောထားနေဖို့မဟုတ်ပါဘူးတော်၊ အိမ်ရှင်ပဲဆိုလိုက်ပါတော့။
ကွန်း။ ။ အဟုတ်ပဲလားမလှရယ်၊ တကယ်ပြောတာလား။ တကယ်ပြောတာဖြစ်ရင် ကျုပ်လောက် ကုသိုလ်ကံကောင်းတဲ့လူ မိုးအောက်မှာ ရှိမယ်မထင်ပါဘူး။
“အဟုတ်ပြောတာပါ။ အဟုတ်ပါပဲလို့ မှတ်လိုက်ပါ”
“ဒီလိုဖြင့် ဝမ်းသာလိုက်တော့မယ်။ ဝမ်းသာရတော့မှာလား”
“ဝမ်းသာပါတော့” ထိုအခါ ကိုဘိုးကွန်းက မလှ၏လက်ကိုဆွဲကိုင်ကာ နမ်းရှုပ်လေ၏။ ထိုနောက် အတန်ကြာမှ လက်ကိုလွှတ်လိုက်လေ၏။
လက်ကိုနမ်းလို့ ဘာအရသာရှိသလဲ။ ဟုတ်ကဲ့ လူကိုနမ်းမှ သေသေချာချာ အရသာရှိတာ၊ နို့ပေမဲ့ လူတွေမြင်မှာစိုးလို့ လူကို ချမ်းသာပေးလိုက်တယ်။ လူကိုတော့ကာ တကယ်ပိုင်မှ။
ကိုင်းလေ ... အလုပ်ရှိပါသေးတယ်ဟု ပြောပြီး အသိမိတ်ဆွေ သူငယ်ချင်းများကိုခေါ်၍ အိမ်၌ သုတ်သင်ရှင်းလင်းလေ၏။ အောက်၌ ရှင်း၍ပြီးသောအခါ အဖော်များကို ပြန်ဖို့ရန် ခွင့်ပေးလိုက်လေ၏။ မလှသည်ကား ဟိုဟိုဒီဒီလျှောက်ကာ အိမ်ပေါ်သို့ အမှတ်တမဲ့ တက်သွား လေ၏။ သို့ တက်သွားရာ ကိုကွန်း၏အိပ်ရာခန်းသို့ သွားလေ၏။ အိပ်ရာရှုပ်နေသည်ကို သပ်ရပ်စွာ ခင်းကျင်း၍ပေးလေ၏။ နောက်အတန်ကြာသောအခါ ကိုကွန်း အိမ်ပေါ်ကိုတက်၍ ကြည့်လေ၏။ မိမိ၏အိပ်ရာပေါ်၌ မလှအိပ်ပျော်သလိုနေသည်ကို တွေ့ ရလေ၏။ ကိုကွန်းသည် လွန်စွာ အံ့အားသင့်လျက် ခြေဖျားထောက်ကာ အပါးသို့ ကပ်သွားလေ၏။ မလှအိပ်၍နေသည်မှာ တစောင်းဖြစ်လေ၏။ သို့တစောင်းအိပ်၍နေရာ ညာဘက်ခြေမှာ ကွေးလျက် ဘယ်ဘက်ခြေမှာ ဆန့်လျက်၊ လက်ဝဲဘက်မှာ စောင်းလျက်နေလေ၏။
ဘယ်ခြေက ဖြူဝင်းသော တံကောက်ခွက်သားကလေးနှင့် ခြေသလုံးကလေးများသည် ကိုကွန်း၏ စိတ်ကို နဖားကြိုးတပ်ကာ ဆွဲသည့်အလား မလှ၏အနားကို ရောက်သောအခါ တကိုယ်လုံး မလှဘက်သို့ ကိုင်းညွတ်၍သွားလေ၏။ စိတ်ကိုအနိုင်နိုင်ချုပ်၍ ထားရလေ၏။ ထိုကဲ့သို့ မြင်ရသောအခါ ဆင်နှာမောင်းကဲ့သို့ သွယ်ပျောင်းပြေပြစ်သော ဒူး၊ ပေါင်၊ သလုံး သားများ၏ ချောမွေ့ခြင်း ညက်ညောခြင်းကို ကိုင်တွယ်စမ်းသပ်မိသကဲ့သို့ အထင်အမြင်ပေါက်လေတော့သတည်း။ တင်ပါးကလေး ခါးကလေးမှာ အရိုးမရှိ။ အသားပုံပကတိ လုံးအိအိကလေးကို တအားပွေ့တော့မည့်အလား လက်နှစ်ဖက်ကို ဆန့်ကာ အပါးသို့ရောက်၍သွားလေ၏။ ထို့နောက် ကပျာကယာ ချာလည်လည်၍ နောက်ပြန်ပြီးလျှင် ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓော ဟူသော ဂါထာကို ရွတ်လိုက်မှ ဘာလိုလို ညာလိုလို ဖြစ်ချင်သောစိတ်သည် ပြေပျောက်၍သွားလေ၏။ နောက်ပြန်၍လှည့်လိုက်သောအခါ မလှသည် ခုတင်နံဘေးမှာ ရပ်လျက် ဆံပင်ကို ထုံးပတ်၍နေလေ၏ ။
“ကိုကွန်း ခုတင်ကဘာဖြစ်တာလဲ”
“ကိုယ့်ကိုယ်ကို မလှအိပ်နေတာမြင်ရတော့ကာ ကိုယ့်ကိုယ်ကို အစိုးမရသူတယောက် ဖြစ်၍သွားရတယ်။ ဘာ့ကြောင့် အစိုးမရတယ်ဆိုတာတော့ကာ မပြောပါရစေနဲ့တော့။ ကိုယ့်ကိုယ်ကို အစိုးမရသူတယောက်ဟာ ဖြစ်ချင်တာတွေ ဖြစ်တာပေါ့။ မမေးပါနဲ့တော့လေ၊ အဖြေရခက်လွန်း လို့ပါ”
“ဒီလိုဖြင့် ကျွန်မသွားတော့မယ်” ဟု ပြောပြီး အိမ်ပေါ်မှ ဆင်း၍သွားလေ၏။ ကိုကွန်းသည် လိုက်၍သွားလေ၏။ သို့သွားရင်း မလှနေပါဦး၊ မလှမသွားပါနဲ့ဦး၊ မလှစိတ်ဆိုးသလား စသည်ဖြင့် တောင်းပန်သော်လည်း မလှသည် ပြန်၍မကြည့်။ ထိုအခါ နောက်မှနေ၍ လက်ကိုဆွဲပြီး မလှကို ရင်ခွင်ထဲသို့ ပွေ့ယူကာ တအားဖျစ်ညှစ်လေ၏။ ထိုအခါ မလှက ကိုကွန်း၏ ရင်ခွင်မှ ရုန်းထွက်ပြီး ကိုကွန်း၏ပါးကို လက်ရာနှင့်ပွတ်လိုက်လေ၏။ ကိုကွန်း၏ စိတ်မှာ ရှက်ကိုးရှက်ကန်း ဖြစ်၍သွားလေ၏။ မလှရယ်မောလျက် စိတ်မဆိုးပါနဲ့ ကျွန်မအလကားလုပ်တာပါ။
“နာလိုက်တာ အလကားလုပ်လို့သာ တကယ်များလုပ်ရင် သွားတွေထွက်ကုန်မှာပဲ” ဟု ပြောကာ မိမိပါးကိုပွတ်လေ၏။ ထိုနောက် မလှသည် အိမ်ပေါ်မှဆင်း၍ သွားလေ၏။ ကိုကွန်း လည်း လိုက်၍သွားလေ၏။ သို့သော်လည်း မိမိဘာလုပ်ဖို့. လိုက်၍သွားသည်ကို မသိပေ။ မလှ၏ ညှို့ဓာတ်ဆွဲဆောင်ရာသို့ လိုက်ပါသကဲ့သို့ သွားလေ၏။ အိမ်အောက်မှာ ရှင်းလင်း၍နေသည်ကို တွေ့ ရသောအခါ ကိုကွန်းက ခုမှရှင်းလင်းသွားတော့တာပဲ၊ မိန်းမများကလုပ်မှ ရှင်းရှင်းလင်းလင်း ရှိပေတော့တာပဲ။ မလှသည်ကား ၎င်း၏စကားကို နားမထောင် အိမ်ပေါ်မှဆင်းကား မိမိအိမ်သို့ သွားလေ၏။ ကိုကွန်းလည်း လိုက်၍သွားရာ မလှ၏အိမ်သို့ ရောက်လေ၏။ မလှ၏အိမ်ခန်းမှာ မိမိခါတိုင်းရောက်ရှိခဲ့သည့်အခန်းလို မဟုတ်ပေ။ ကြီးကျယ်ခမ်းနားစွာ ပြင်၍ထားသည်ကို တွေ့ ရလေ၏။ ကိုကွန်း၏ စိတ်၌အံ့သြကာ မလှလည်း ထီများပေါက်လေရော့သလား ခါတိုင်း အခန်းနဲ့ မတူပါလား အင်မတန်ကြီးကျယ်ခမ်းနားပါကလားဟု မေးလေ၏။ ပီယာနိုကြီးတလုံးကို လှေကားအနီးမှာ မြင်ရလေ၏။ ထိုပီယာနိုကိုဖွင့်ပြီး ထိုင်ကာ ဘောလယ်တပုဒ်ကို တီး၍ စမ်းလေ၏။ သို့သော်လည်း ကောင်းစွာ မဖြစ်သဖြင့် ထပြီး မိမိ၏အပါး၌ မတ်တတ်ရပ်၍နေသော မလှအား လက်ကိုဆွဲကာ ပီယာနိုကိုတီးရန် အထိုင်ခိုင်းလေ၏။ မလှသည်ကား မငြင်းမဆန်ဘဲ ဝင်ကာ ဘောလယ်ကိုပင် တီးလေ၏။ သို့ ဘောလယ်ကိုတီးရာမှ အင်္ဂလိပ်တေးများကို လျှောက်၍ တီးလေ၏။ ထို့နောက် မြန်မာတေးကြီး ဘွဲ့ကြီးများကို တီးပြန်လေ၏။ ကိုကွန်းသည် လွန်စွာ ကြည်နူးလျက် အနီးရှိ ကုလားထိုင်ပေါ်မှ ထိုင်လျက် ပီယာနိုနှိပ်သော မလှ၏လှပသောလက်ချောင်း ကလေးများကို ကြည့်ကာ စိတ်ထဲ၌ ချီးမွမ်း၍နေလေ၏။
ထိုအတွင်း မိမိမှာ များမကြာမီက ငွေကြေးလွန်စွာကျပ်တည်းလျက် အသက်သေလုခမန်း ဖြစ်၍နေသည်ကို ပြန်၍တွေးကာ ယခုအခြေအနေနှင့် လွန်စွာခြားနားပါကလား။ ငါကုသိုလ်ကံ ထူးလှပေသည်။ ငါငွေကြေးလွန်စွာ ကျပ်တည်းစဉ်က ငါဒီအဖြစ်မျိုးကို ရောက်နိုင်မည်ဟု မတွေးမိပေ။ ယခုသည်ကား ငါမတွေးနိုင်သော အဖြစ်မျိုးကို ရောက်၍နေလေပြီ။ ဟိုအခါက မော်တော်ကားစီး၍ သွားသူများကို မြင်သည့်အခါ ငါသူတို့နှင့် မတူနိုင်ပါဘူးဟု တွေးခဲ့မိ၏။ ယခုကား ငါသည် မော်တော်ကားကို စီးနိုင်လေပြီ။ ပူစရာဟူ၍ အဏုမြူမျှ မရှိတော့ပေ။ ငါ့မှာ မရှိစဉ်အခါက မည်သူတဦးတယောက်မှ ငါ့ကို ကြည့်ရှုမည့်သူ မပေါ်လာပေ။ ယခုအခါ ခင်မင်သည်ဆိုသော မိတ်ဆွေသည် ရှောင်၍ပင်မရအောင် ရှိလေ၏။ ဒီမိတ်ဆွေတွေကို ငါအလို မရှိတော့ပေ စသည်ဖြင့် တွေး၍နေလေ၏။ ကိုကွန်းသည် ချက်ချင်း လတ်တလောဘဝကူးသူ၏ အလား ဆင်းရဲငြိုငြင်ပူပင်မှောင်ကျသောဘဝမှ ခမ်းနားတောက်ပြောင်သောဘဝသို့ ရောက်ခဲ့သည် သာမက မိမိအချစ်ဆုံးသော မိန်းမတယောက်နှင့် စခန်းသွားနေရသောဘဝသို့ရောက်ခဲ့လေ၏
“ကိုကွန်း ပျော်ရဲ့လား”
“ချစ်ရာအကောင်းဆုံးဆိုတဲ့ နတ်ကညာတပါးက နတ်တူရိယာနဲ့ ဖျော်ဖြေနေတာကို နားစည်းစိမ်ခံနေရသည်မှာ မပျော်ဘဲနေနိုင်ပါ့မလား
“ရှင် သားကလေးတွေအတွက် မပူဘူးလား”
“ကျုပ် သားကလေးတွေအတွက် ဘာပူစရာရှိသလဲ။ ငွေကြေးတွေအများကြီးရှိတာပဲ”
“ငွေအများကြီးရှိတာနဲ့၊ ဒီအမိုက်အမဲတွေနဲ့ ဘာဆိုင်သလဲရှင့်၊ ဒီအမိုက်အမဲတွေကို ငွေကြေးအပ်ပြီး စိတ်ချလက်ချ သွားနိုင်ပါ့မလား”
“ဒီလိုဆိုရင် မလှတို့အရှိသားပဲ၊ ကြည့်နေတော့မှာလား”
“ကြည့်မနေပါဘူး၊ ကြည့်မနေပေမဲ့ကာ ပျက်စီးမယ့်လူများကို ဘယ်သူမှမကယ်နိုင်ဘူး”
ဒီလိုဖြင့် ငွေကြေးပေးထားခဲ့လို့ စိတ်မချရ။ လူယုံကိုအပ်သော်လည်း စိတ်မချရ၊ သေတာထက်ဆိုးတာတော့မရှိဘူး။ ကျုပ် သေမယ့်အကောင်တွေကို မွေးထားခဲ့တာ။ သေဘေးနဲ့တော့ တွေ့ကြမှာပဲ၊ ဆင်းရဲဒုက္ခတွေ့တတ်မယ့်အကောင်မျိုးကို မွေးတော့ကာ ဆင်းရဲဒုက္ခတွေ့ ချင်တွေ့မှာပဲ။ သတ္တဝါတဦးအတွက် တဦးက ပူပင်ကြောင့်ကြသမျှတွေဟာအပိုပဲ စသည်ဖြင့် ကိုကွန်းက ပြောလေ၏။ ကိုကွန်းမှာ မလှနှင့်စကားပြောရသည့်အတွက် ၎င်း၏စိတ်မှာ သားသမီးများအတွက်ပင် မပူမပင်မကြောင့် မကြသောစိတ်များ ပေါ်၍လာလေ၏။ လောကကြီး၌ အဖြစ်အပျက်သဘောတရား ကြည့်ကာ အကုန်အစင်သိ၍သွားသလို ဖြစ်လေ၏။ မိမိ၏သားသမီးသည် သူတပါးက ညှဉ်းဆဲ၍နေဦး မိမိ၏စိတ်၌ ပူပင်ခြင်းဖြစ်မည်မဟုတ်ပေ။ မိမိ၏သားသမီးသည် အလိုအလျောက် ဖြစ်စေ သူတပါးနှိပ်စက်၍ဖြစ်စေ ဒုက္ခဆင်းရဲတွေ့အံ့ မိမိမှာ အဘယ်ကိစ္စရှိအံ့နည်း ဟူသော စိတ်မျိုး ပေါ်ပေါက်၍လာလေ၏။ စင်စစ်အားဖြင့် ထိုအကြောင်းအရာများကို မလှနှင့်အတူ ခဏမျှ ဆွေးနွေးရခြင်း၌ အလင်းဉာဏ်ကို ရဘိသကဲ့သို့ ဖြစ်လေ၏။
“ကိုင်း...အောက်ကိုဆင်းကြစို့။ ကျွန်မ အိမ်ဘယ်လောက်သားနားတယ်ဆိုတာ ရှင်သိရအောင်” ဟု ပြောပြီး ရှေ့ကဆင်း၍သွားလေ၏။ ကိုကွန်းလည်း လိုက်၍သွားလေ၏။ အိမ်လှေကားမှစ၍ မြင်သမျှအခမ်းအနားတို့ကို အံ့သြလေ၏။ မလှအိမ် အင်မတန်ကြီးကျယ် နေပါကလား အရင်ကနဲ့မတူပါကလားဟု တွေးလေ၏။ မီးဖိုချောင်၌ အရင်ကမြင်ခဲ့သလို အိုးတွေ၊ ခွက်တွေ၊ မီးသွေးတွေ၊ ထင်းတွေ ရှုပ်ပွေ၍မနေတော့ပေ၊ ယခုမြင်ရသည့် မီးဖိုချောင်ကား ပြောင်လက်သန့်ရှင်းသော စားပွဲခန်းကဲ့သို့ ဖြစ်၍နေသည်ကို တွေ့ရလေ၏။ မလှကလည်း မိမိ၏ မီးဖိုချောင်ကိုကြည့်ကာတလှည့် ကိုကွန်းကိုကြည့်ကာတလှည့် ပြုံးစိစိနှင့်လုပ်၍နေလေ၏။ မလှဧကန် ထီပေါက်ပါပြီဟု စိတ်မှာတွေးမိလေ၏။ မလှသည်ကား တစုံတရာ မပြောဘဲ မီးဖိုနံရံကခလုတ်ကို နှိပ်လိုက်ရာ တံခါးအရှင်တခု ပွင့်၍သွားလေ၏။ ထိုအခါ ကိုကွန်းမှာ သာ၍ပင် အံ့သြလေ၏။ ထိုအခန်း၌ ရေပန်းများနှင့် ကျောက်ရေစည်တခုကို တွေ့ ရလေ၏ ။ မလှသည်ကိုကွန်း၏မျက်နှာကိုကြည့်ကာ ရှင်အံ့သြသလား ဟုမေးလျက် အခန်းတွင်းသို့ ဝင်ပြီး ဒီရေစည်ဟာ ဒီလိုအိပ်ပြီး ရေချိုးတယ်ဟု ပြောပြီး ရေစည်ထဲမှာဝင်ပြီး အိပ်လေ၏။ မလှ၏ မျက်နှာမှာလည်း လွန်စွာ ကျက်သရေရှိသော အသွင်ပေါ်၍ နေလေ၏။ ကိုကွန်း၏ စိတ်၌ ပစ္စည်းဥစ္စာ ဂုဏ်အခြေအနေဆိုတာ လူကိုကျက်သရေရှိအောင် ဆောင်တတ်တာမျိုးပဲဟု တွေးလေ၏။ ကိုကွန်း၏စိတ်၌ ဤမျှလောက် ဂုဏ်ကျက်သရေရှိအောင် ခမ်းနားသော အိမ် ပိုင်ရှင် မလှသည် မိမိနှင့် စုံမက်ပေသည်။ မိမိသည် လွန်စွာကံကောင်းသူဖြစ်၏။ မလှသည် နာမည်နှင့်လိုက်အောင် လှသူ ဂုဏ်ကျက်သရေလည်း ရှိသူဖြစ်၏။ မလှမှာ အသက်သုံးဆယ် အရွယ်မျှ ရှိသော်လည်း အသက် နှစ်ဆယ်ဟု စိတ်ထဲ၌ မှတ်ထင်ရ၏။ အသက်လေးဆယ် အရွယ်ရှိသူ မိမိမှာ ထိုမျှလောက် ကံကောင်းသူမှာ ဟုတ်မှဟုတ်ပလားဟု အောက်မေ့လေ၏။ ထိုအတွင်း မလှသည် လှပသော လက်ချောင်းကလေးများနှင့် ဘုံများကို လှည့်လိုက်ရာ ရေပန်းမှ ရေများကျ၍လာလေ၏။ ပျော့ပျောင်းသော ထဘီမှာလည်း ခါး၊ တင်၊ ပေါင်တို့၌ ကပ်ကာ ကျော့ရှင်းသော တင်ပါးအခွက် အချိုင့်အဖုအထစ်များကို ရုပ်လုံးပေါ်အောင်ဖော်လေ၏။ မလှသည် ဘုံပိုင်ကိုပြန်၍ ပိတ်လိုက်လေ၏။ ကိုကွန်းအိမ်ပေါ်က ဗီရိုပေါ်မှာ အထုပ်တခုရှိတယ် သွားယူလိုက်ပါဟု ခိုင်းလေ၏။ ကိုကွန်းသည် အိမ်ပေါ်သို့ လျင်မြန်စွာ ပြေးတက်၍သွားလေရာ ခြေသုံးလှမ်းနှင့် ရောက်၍ သွားသည်ဟု ထင်မှတ်ရလေ၏။ ဗီရိုပေါ်က အထုပ်ကို ယူ၍ ဆင်းလာ ရာ၌လည်း လှေကားနှင့်ခြေမထိ အောက်မေ့ရလေ၏။ ၎င်းအထုပ်ကို လှပသော မလှအနား၌ ချ၍ ထားလေ၏။ မလှက အထုပ်ဖြေပြီး ကျွန်မ ဒါတွေ အယူခိုင်းသည့်အတွက် စိတ်ဆိုးသလားဟု မေးလေ၏ ။ အထုပ်ကို ဖြေလိုက်သောအခါ သစ်လွင်သော ကတ္တီပါလုံချည်၊ ပိုးအင်္ကျီ၊ ကတ္တီပါဖိနပ် စသည်များကို တွေ့ ရလေ၏။
“ကိုကွန်း စိတ်မဆိုးပါဘူး၊ ဒါတွေကိုဝတ်မှ မဝတ်ရသေးဘဲ”
မလှ “ဟုတ်တယ် မဝတ်ရသေးဘူး၊ ဒီကနေ့ပဲ တိုက်ကယူလာပါတယ်။ ဘာလုပ်ဖို့လဲ သိရဲ့လားဟု မျက်လွှာကိုချကာ မေးလေ၏။ ဒီအဝတ်တွေဟာ မင်္ဂလာဆောင် သတို့သမီးဝတ်ဖို့ အဝတ်ပဲ၊ အခု ကျွန်မ ဝတ်စမ်းကြည့်မလို့။ ကိုကွန်းသည် ဘာကိုဆိုလိုသည်ဟု သိသော်လည်း မမေးဝံ့အောင် ရှိလေ၏။ မလှသည် စိုသော အဝတ်ကိုချွတ်ကာ ထိုအဝတ်များကို လဲလေ၏။ ကိုကွန်းသည်ကား မျက်နှာကိုလွှဲလျက် နေလေ၏။ မလှဘက်သို့ မျက်နှာပြန်၍ လှည့်လိုက်သော အခါ မလှမှာ ဝတ်ပြီးဆင်ပြီး ဖြစ်လေ၏။ ဝတ်ပြီးဆင်ပြီးသောအခါ အလွန်ချောမောလှပ သည်ကို တွေ့ရလေ၏။ ကိုကွန်း သွားရအောင်ဟု လက်ကို ဆန့်တန်း၍ ပေးလိုက်လေ၏။
ကိုကွန်းသည် လက်ကိုဆီး၍ ဆုပ်ကိုင်လေ၏။ လက်ကို ကိုင်လိုက်သော အရှိန်သည် လျှပ်စစ်ကြိုးကို ကိုင်မိသလို သွက်သွက်ခါ၍ ကိုကွန်း၏လက်သို့ ကူးစက်လေ၏။ ကိုကွန်းသည် ပီတိသောမနဿဖြစ်လျက် မျက်လုံးကိုမှေး၍ နေလေ၏။ ထိုအခိုက် ပြင်းထန်စွာ မြေငလျင်လှုပ် သဖြင့် တိုက်ပြို၍ကျလေရာ ကိုကွန်းထိုင်၍နေသော နေရာအထက်ရှိ သံချောင်းကြီးတပ်၍ ထားသော ရက်မကြီးသည် ပြုတ်ကျပြီးလျှင် ဦးခေါင်းကိုဖောက်ကာ ကိုကွန်းရော အိပ်မက်ရော ချုပ်ငြိမ်း ကွယ်ပျောက်ရှာလေသတည်း။
---
#ပီမိုးနင်း
#သူ့ကုသိုလ်ကံ
#shared_by_louis_augustine
Comments
Post a Comment