ခေတ်ပညာတတ် မျောက်တကောင်၏ဆုတောင်း // မြင့်သန်း
ခေတ်ပညာတတ် မျောက်တကောင်၏ဆုတောင်း // မြင့်သန်း
(၁၉၉၅)
---
စိတ်ကူးရှိခဲ့သည့်အတိုင်း မမက်နိုင်ခဲ့သော အိပ်မက်ကြောင့် ကျွန်တော်သည် အိပ်မက်အတွင်းမှ ခုန်ထွက်ရန် ကြံစည်ခဲ့မိသော်လည်း မအောင်မြင်။ စာနာစိတ်မရှိသော အိပ်မက်သည် ရပ်ချင်ရာတွင် ရပ်သွားသောအခါ၌ ကျွန်တော်ဟာ တခုခုလုပ်သင့်ပါသလား။ သီချင်းတပုဒ်ဆိုရန် စိတ်ကူးရ လိုက်မိသော်လည်း ကျွန်တော် ဆိုတတ်သော သီချင်းတပုဒ်မျှ မရှိသဖြင့် ကျွန်တော်သည် သီချင်းကို မဆိုနိုင်။ သီချင်းတပုဒ်မျှမရခဲ့သူတယောက်အဖို့ လေချွန်ရန် စိတ်ကူးသည်ဆိုခြင်း မှာလည်း မဖြစ်နိုင်သော စိတ်ကူးတခုသာ မဟုတ်ပါလား။ အကယ်၍နှင့် အကယ်၍သာလျှင် တယောက်ယောက်က မဖြစ်နိုင်သော စိတ်ကူးဆိုတာ မရှိဘူးဟေ့ဟု ကျွန်တော့်ကို အတိုက် အခံပြောမည်ဆိုလျှင် ကျွန်တော်က မဖြစ်နိုင်သောစိတ်ကူးများကို ပေါပေါလောလော အနည်းဆုံး တကျပ်ဖိုးသုံးခုဖြင့် ရောင်းပါမည်။
ကျွန်တော် သိုလှောင်သိမ်းထားခဲ့သော စိတ်ကူးထည် အများအပြားမှာ ယခုအခါ ရာဝင်အိုးထဲမှ ခုန်ထွက်၍သွားခဲ့ကြပါပြီ။ အတောင်ပေါက်၍ ပျံသွားခဲ့ကြသော စိတ်ကူးထည်များအတွက် များစွာ သောကမပွားရသည်မှာ တခုသောကာလတွင် အတောင်ညောင်းလာကြသည့်အခါ သင့်တင့်လျောက်ပတ်ရာတွင် သူတို့နားနေကြလိမ့်မည်ဟု မှန်းဆ တွေးကြည့်မိသော ကြောင့်သာ ဖြစ်ပါသည်။ မှန်းဆ ဆင်ခြင်ကြည့်၍ မရနိုင်ခဲ့သည်မှာ ခြေထောက်ပေါက်၍ ရာဝင်အိုးထဲမှ ခုန်ထွက်သွားကြသော စိတ်ကူးထည်များ အကြောင်းသာ ဖြစ်ပါသည်။ ခြေထောက် ပေါက်၍ တကယ် ဘဝကြီးအား မြည်းစမ်းကြည့်ရန် ထွက်ခွာသွားသော ကျွန်တော်၏ စိတ်ကူး ထည်များအကြောင်း စဉ်းစားကြည့်မိသည့်အခါတိုင်း ကျွန်တော့်တွင် သောကပွားရပါသည်။ မြို့ပြ၏ ရနံ့ကို မခံစားဖူးခဲ့ကြသော ကျွန်တော်၏ ရိုးအသည့် စိတ်ကူးထည်များနှင့် စင်းအ ကြသော စိတ်ကူးထည်များသည် မြို့ပြ၏ ညစ်နွမ်းစပြုနေသော လေထုအတွင်း မည်သို့ ရှင်သန် ကြပါမည်လဲ။ ဆူးလှေး ထူပြောရာ မြို့ပြ၏ လမ်းမများပေါ်တွင် ထောင်ကျော်ပေးရသော ဝေါ့ ကင်းရှူး သို့မဟုတ် လေဒီရှူးများကို မဝယ်ဝတ်နိုင်ရှာသော ကျွန်တော်၏ စိတ်ကူးထည်များမှာ မည်သို့ ခရီးဆက်ကြပါမည်လဲ။ လမ်းမြှောင်ကလေးများအကြားမှ ထွက်လာကြသော နှုတ်စာစာ အသံဝါဝါနှင့် ကောင်ကလေးများက စိတ်ကူးဆိုတာ သရုပ်မမှန်ဘူး၊ စိတ်ကူးဆိုတာ သရုပ်မှန် မဟုတ်ဘူးဟု ဆိုကာ လက်ညှိုးငေါက်ငေါက်ထိုး၍ ဆဲဆိုကြလျှင် ကျွန်တော်၏ အရွယ်မရောက်တရောက် စိတ်ကူးထည်ကလေးများက မည်သို့ ချေပပါမည်လဲ။ မြို့ပြ၏ တံခါးရွက်များ အကြားမှ ကျွန်တော်သည် ချောင်းကြည့်မိပါ၏။ မြို့တော်၏ တံဆိပ်မှာ ကပ်ဖကာရေးသလို မဟုတ်ဘူးလား ဟူ၍လည်း သိချင်ပါသည်။ စိတ်မနှံ့သူ တယောက်ယောက်က လောက၏ ရင်ပြင်တခုလုံးကို ဆေးရောင်ခြယ်ခဲ့ပြီ ထင်၏။ ရောင်စဉ် များ၏ သဟဇာတဖြစ်ပေါ်မှုဆိုင်ရာ သီအိုရီကို ဖော်ထုတ်ခဲ့သူ၏ ငိုကြွေးသံကို ကျွန်တော် ကြားလိုက်မိပြီထင်၏။ နက်မှောင်သော ဆံကေသာများ၊ အစိမ်းရောင် တောင်တန်းကြီးများ၊ ချိုသော အချစ်များ၊ လှပသော ရေဆေးကားချပ်များ၊ သာယာသော တေးအဖွဲ့အစပ်များ စသည့် စသည့်များ ဘယ်မှာလဲ။ ယတိပြတ်အဖြေ တစုံတရာရရန် ကျွန်တော်က ဆင်ခြင်ခြင်း နည်းလမ်းတကျဖြင့် ရှင်းမပြနိုင်သော်လည်း-ဒေးဗစ်ဟျူမ်းနှင့် တွေ့ သည့်အခါ မေးကြည့်လိုက် ပါမည်။
ဒေးဗစ်ဟျူမ်း ဘယ်မှာလဲ
ရွှေတောင်ကြီး ဘယ်မှာလဲ
စိတ်ကူးထည်များ ဘယ်မှာလဲ။
---
ခါးသောအချစ်နှင့် လမ်းဆုံ လမ်းခွတနေရာတွင် တိုးခဲ့ဖူးသော သူငယ်မတယောက်က ချစ်ခြင်း၏ မျက်နှာလိုက်မှုအကြောင်း ပြောပြပါသည်။ ချစ်ခြင်း၏ မျက်နှာလိုက်မှုကို ကျွန်တော် ကြားခဲ့ရဖူးသော်လည်း ဒင်္ဂါးပြားကဲ့သို့ မျက်နှာမလိုက်သော ကံတရားအကြောင်းကို နှုတ်ခမ်းမွေးရေးရေးနှင့် ကျွန်တော့်မိတ်ဆွေတယောက်က ပြောလေ့ရှိသည်ကို ကြားခဲ့ရ ဖူးပါသည်။ အဘယ့်ကြောင့် သူမ ချော်လဲခဲ့ရသည်ကို သူမကသာ ပြောမပြလျှင် တကယ့် အကြောင်းရင်းကို မည်သူမျှ သိကြရလိမ့်မည် မဟုတ်ပါ။ သို့သော်လည်း သူမ၏ ဒေါက်မြင့်မြင့် ဖိနပ်ကြောင့် သူမ လမ်းလျှောက်သွားသည့်အခါတိုင်း လှနေသေးကြောင်းကို ကျွန်တော်၏ မျက်လုံးများက မြင်ရသကဲ့သို့ သင်တို့လည်း မြင်ရလိမ့်မည် ထင်ပါသည်။ မမြင်ရဘူးဟု တစုံတယောက်က ပြောလျှင်မူ ထိုကိစ္စသည် ကျွန်တော်နှင့် စဉ်းငယ်မျှ မဆိုင်ကြောင်း ငြင်း ဆိုရပါလိမ့်မည်။
မုန်းတီးဖွယ်သော အလွမ်းများ၊ ခါးသော အချစ်များ စသည်များကို နားထောင်နေစဉ် မှာပင် ဆောင်း၏ နှင်းစက်များမှာ ကွယ်လွန်ခဲ့ကြပါပြီ။ နေ၏ ရောင်ခြည်များက အလင်းရောင် ကို ရစေသည်မှာ မှန်သော်လည်း ထိုအပူဒဏ်ကို ကျွန်တော်က မခံနိုင်သဖြင့် သူမအား လောက ရင်ပြင်တွင် ရှင်သန်နေဆဲဖြစ်သော ချစ်ခြင်းများအကြောင်းကို ပြောပြတော့မည်ဟု စဉ်းစားမိပါ သည်။ စဉ်းစားခြင်းနှင့် ဆင်ခြင်ခြင်းသည် အတူတူပဲလား၊ တသီးတခြားစီလားဟု ဆိုသော ပြဿနာကို ဤနေရာတွင် ကျွန်တော် မစဉ်းစားတော့ပါ။
သို့သော်လည်း ဤနေရာတွင်ပင် မုန်းတီးခြင်းများကို သင့်တင့်လျောက်ပတ်ရာ၌ စွန့်ပစ်၍ ချစ်ခြင်းများအကြောင်းကို သို့မဟုတ် ချစ်ခြင်းအကြောင်းများကို ပြောရပါမည်။ မုန်းတီးခြင်းများကို စွန့်ပစ်ရန်မှာ ဝန်လေးစရာတခု မဟုတ်သော်လည်း အကယ်၍ ကျွန်တော်တို့၌ ချစ်ခြင်းနှင့် ချစ်တတ်ခြင်းများ ရှိသေးသည်ဟု ဆိုလျှင် ကျွန်တော်သည် မုန်းတီးခြင်းများ ကို စွန့်ပစ်နိုင်လိမ့်မည် မထင်လှပါ။ ကျွန်တော်က ကျွန်တော့်၌ ချစ်ခြင်းသည် ရှိ၏။ ကျွန်တော့်၌ မုန်းတီးခြင်းသည် ရှိ၏ဟု ခိုင်ခိုင်မာမာပြောလျှင် သင်တို့က ရယ်ကြပါလိမ့်မည်။
နယ်နိမိတ် သတ်မှတ်ရန်မှာလည်း မြေတိုင်းရုံးက ကောင်လေးပြောသကဲ့သို့ မလွယ် လှပါ။ စည်းရိုးကို ပိုင်ဆိုင်မှုနှစ်ခုအကြားတွင် ချမည်ဆိုလျှင် ခိုင်ခိုင်မာမာဖြစ်ရန် ထိုစည်းရိုး ကို သံဆူးကြိုးဖြင့်သော် လည်းကောင်း၊ အုတ်၊ အင်္ဂတေဖြင့် သော် လည်းကောင်း ကာရပါမည်။ မဓမတိုင်ထောင်၍ ကျူထရံ ကာနိုင်သော်လည်း မဓမတိုင်သည် အုတ်၊ အင်္ဂတေများကဲ့သို့ သက်တမ်းရှည်ကြာပါမည်လားဟု သည်မှာ သံသယရှိစရာ ဖြစ်ပါသည်။ စိတ်ကူးထည်များ ပေါ်ပေါက်ရာ ခန်းမဆောင်၏ အတွင်းသို့ သံဆူးကြိုးများ၊ အုတ်နှင့် အင်္ဂတေများ သယ်ဆောင် သွားရန် ကျွန်တော် ကြံစည်မိပါသည်။ သံမဏိဆူးကြိုးများ ပေါ်ပေါက်ရာ ခန်းမဆောင်၏ အဝ၌ အရည်ပျော်ခဲ့ကြသောအခါ ကျွန်တော့်၌ သံသယများစွာ ပေါ်ပေါက်ခဲ့ရပြီ။ သင်္ခါရတရား ၏ ရပ်တန့်မနေသော နိယာမများသည် ယခုအခါ ဘော့(ဗ်) ဒိုင်လင်၏ ကာလတရားများ ပြောင်းလဲခဲ့ပြီဆိုသော တေးသွားနှင့် သံပြိုင်ဆိုလိုက်ကြပါတော့သည်။
ချစ်ခြင်းကို လည်းကောင်း၊ မုန်းတီးခြင်းကို လည်းကောင်း၊ ခုံမင်ခြင်းနှင့် တွယ်တာ ခြင်းကို လည်းကောင်း မနှစ်မြို့ ခြင်းနှင့် မလိုမုန်းတီးခြင်းများကို လည်းကောင်း အဘယ်ကြောင့် ကျွန်တော်တို့သည် ဒြပ်မဲ့အရပ်မှ သယ်ဆောင်လာခဲ့ကြပါသနည်း။ စိတ်ကူးထည်များ ပေါ်ပေါက်ရာ ခန်းမဆောင်၏ တံခါးဝအနီး၌ ဘဝ၏ ပြိုကွဲပျက်စီးခြင်းနှင့် တည်ဆောက်ခြင်းများ စတင်ခဲ့ကြောင်းကို အမြဲတစေ ငြင်းဆိုလေ့ရှိသည့် ဆင်ခြင်တုံတရား များလှသော ပညာတတ် လူအ၊ လူန တယောက်နှင့် တွေ့ စမ်းပါရစေ။ မနေ့မနက်ကပင် စာပို့သမားက ပေးထားခဲ့သော စာများအနက် ချစ်ခြင်း၏ မျက်နှာလိုက်မှုများကို ပြောလေ့ရှိသည့် သူငယ်မ၏ လက်ထပ်ပွဲ အတွက် ဖိတ်ကြားစာတစောင် ရရှိခဲ့ကြောင်း သူ့ကို ပြောပြချင်ပါသည်။
ဝမ်းသာခြင်းများနှင့် ဝမ်းနည်းခြင်းများကို ဝေငှခံစားနိုင်ရန်အတွက် သင်တို့ထံသို့လည်း ပို့လိုက်ပါမည်။ သင်တို့သာ ပစ္စုပ္ပန်တံခါးဝထိပ်က စောင့်နေကြပါတော့။
ကျွန်တော်နှင့် စိတ်ကူးထည်အချို့တို့သည် ဖွင့်ထားသော တံခါးမှ ဝင်ရောက်လာခဲ့ကြသော်လည်း တံခါးရွက်မှာ တရွက်သာဖွင့်ထားကြောင်း သတိထားမိကြပါသည်။ သို့သော်လည်း အမိတ်ဒိန်ကို အနီးအနားတွင် မတွေ့ မိပါ။ ကာလတရားတို့သည် ပြိုပျက် ပြောင်းလဲ ခဲ့ပါပြီ။ ကမ္ဘာကြီး၏ လေထုများ ပို၍ ညစ်ညမ်းလာခြင်းနှင့် သံပရာသီးတို့၏ အချဉ်ဓာတ် လျော့ပါးလာခြင်းများအတွင်း တစုံတရာ ဆက်သွယ်နေပုံမှာ တိုက်ရိုက်လော၊ သွယ်ဝိုက်၍ လောဟု ယုတ္တိဗေဒဆရာများက စဉ်းစားဆင်ခြင်နေကြစဉ် ကျွန်တော်တို့မှာ ထဘီလိုလို၊ စကပ် လိုလို ဝတ်ထားသော ကောင်မလေးများကိုသာ ငေးကြည့်နေမိကြပါသည်။
မြူအိုးဖုတ်နေကြသော ကောင်ကလေးများ၊ လက်ယက်တွင်းများဆီသို့ ရေခပ်ဆင်းကြသော ကောင်မကလေးများက အိုဇုံးအလွှာပေါက်ကွဲနိုင်မှုကိစ္စကို များစွာ အရေးကြီးသည်ဟုမထင်ကြ။ ကျွန်တော်နှင့် ကျွန်တော်၏ စိတ်ကူးထည်များကမူ ထိုအကြောင်းများကို မဆွေး နွေးချင်လှပါ။ ကောလိပ်ကျောင်းတုန်းက သင်ကြားတတ်မြောက်ခဲ့သော ဆင်ခြင်နည်းလမ်းကျ စွာဖြင့် အမှန်တရားကို ဖွေရှာနည်းမှာ ကျွန်တော်တို့ဆရာ၏ ဆေးတံအိုးထဲတွင်ပင် လောင်ကျွမ်းပျောက်ဆုံးခဲ့ပါသည်။ ဆင်ခြေတခု တည်ဆောက်ပြရန်မရှိသည့် ဆင်ခြင်တုံတရား နည်းပါးမှုများအကြောင်းကို ပညာတတ်များပြောသကဲ့သို့ မပြောဘူးဟုဆိုလျှင် ကျွန်တော်တို့ စတင်ရန် နေရာတစကို လိုပါလိမ့်မည်။ ထိုနေရာကို နိဂုံးဟုသာ ခေါ်ကြပါတော့။
အစပေါင်းများစွာကို စတင်ရန်အတွက် နိဂုံးတခုရှိရန် လိုအပ်သည်ဟု ဆိုခြင်းကို ကျွန်တော်က လက်မခံရန် အကြောင်းမရှိပါ။ အနုပညာသည် အနုပညာအတွက်ဟု ကြွေးကြော်ကြသည်ကိုလည်း သံသယမဖြစ်မိသောကြောင့် ကျွန်တော်၏ စိတ်ကူးထည်များကို ခြံဝင်းခတ်ကာ ထိန်းကျောင်းမထားမိခဲ့။ မြူအိုး ဖိဖုတ်နေကြသော ကောင်ကလေးတသိုက်ကမူ ကျွန်တော်၏ စိတ်ကူးပုံများကို သဘောမကျ၊ မကျေနပ်ကြ။ မြို့ စော်နံသဟေ့၊ ကောလိပ်ကျောင်းက အနံ့ရသဟေ့ စသဖြင့် အော်ဟစ်ကြပါသည်။ ခါးကလေး နွဲ့၍ လည်းကောင်း၊ တင်ကလေးကို လှုပ်၍ လည်းကောင်း၊ လမ်းလျှောက်တတ်သော ကောင်မကလေးများအကြောင်းကို ကျွန်တော်ကပြောပြသောအခါ အားလုံးက နားထောင်နေကြသည်မှာ သုဿာန်ထဲက လူသေကောင်များလိုသာ ဖြစ်တော့သည်။ ကျွန်တော်က ကျွန်တော်၏ စိတ်ကူးထည်များအား ခါးကလေးနဲ့၍ လည်းကောင်း၊ တင်ကလေးလှုပ်၍ လည်းကောင်း၊ လမ်းလျှောက်တတ်ရန် သင်ပေးမည်ဟု ကြံစည်မိပါသည်။ စင်စစ် ထိုအကြံအစည်မှာ များစွာ ဆိုးရွားလှသော အကြံအစည်တခု မဟုတ်ပါ။ ခေါင်းမာ လှသော စိတ်ကူးထည်အများကမူ ကျွန်တော်၏ အကြံအစည်ကို သဘောမကျရုံသာမက ကဲ့ရဲ့ပြစ်တင်ကြပါတော့သည်။ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာသော အတင်းအဖျင်း ပြောသံများကို ကြားခဲ့ပါပြီ။ ထို့ပြင် ဆယ်ရတီစုံဝတ်ထားသော ကောင်မကလေးနှင့် နိုင်ငံခြားပြန် သင်္ဘောအင်ဂျင်နီယာကလေး၏အကြောင်းများ။ ငါးစိမ်းသည် ကောင်မလေး၏ ယောက်ျား အရက်သမားက နောက်မိန်းမယူသည့် အကြောင်းများ စသည့် စသည့်များကို ကျွန်တော်၏ စိတ်ကူးထည်များက ကြားသိခဲ့ရပြီးဖြစ်၍ ကျွန်တော်၏ အကြံအစည်အပေါ်သို့ အပြစ်တင်လာ ခြင်းသာ ဖြစ်ပါသည်။
ကျွန်တော်က ခေါင်းပုံဖြတ်ခြင်းကို လက်မခံနိုင်ကြသော အနုပညာသည်တို့၏ လှုပ်ရှားမှုအကြောင်း ရှင်းပြမည်ဟု စဉ်းစားလိုက်မိသော်လည်း မြို့ပြလူ့အဖွဲ့အစည်းအတွင်း သာယာ သယောင် ရှိခဲ့ပြီဖြစ်သော ကျွန်တော်၏ စိတ်ကူးထည်များက စိတ်ဝင်စားပုံ မပြကြပါ။ နွားစာ စဉ်းပြီးသွားပြီဖြစ်သော ကောင်ကလေးတယောက်ကသာ ကြက်ဥချိုးဖြင့် အလျင်ခံတားသော ထန်းရည်တလုံး ဝယ်တိုက်လျှင် ကျွန်တော်ပြောသမျှ နားထောင်မည်ဟု ဆိုပါသည်။ ကျွန် တော်ပြောသည်ကို နားထောင်မည့်သူ အနည်းဆုံး တယောက်ရှိခဲ့ပြီဖြစ်သောကြောင့် ကျွန်တော်က ထန်းရည်နှစ်လုံးထပ်၍ ကောင်ကလေးကို ပေးလိုက်ပါသည်။ တိမ်ဆိုင် တိမ်ခဲများပေါ်တွင် ခုန်ပေါက်ရင်း ကျွန်တော် ပြောနေခဲ့သမျှအပေါ် ကောင်ကလေးက ဟုတ်ကဲ့... ဟုတ်ကဲ့ လိုက်နေသည်ကိုပင် ကျွန်တော်က ကြားတချက်၊ မကြားတချက်။ ဟုတ်ကဲ့သံ လုံးဝမကြားရသော အခါတွင်မူ နွားစာစဉ်းပြီးသွားသော ထိုကောင်ကလေးမှာ ထန်းရည်မူးမူးနှင့် အိပ်ပျော်ခဲ့ပြီဖြစ် ကြောင်း ကျွန်တော် သိလိုက်ရပါတော့သည်။ ထိုအသိမှာ ဆင်ခြင်ခြင်း လုံးဝမပါသော တိုက်ရိုက်သိဟု အများက ဆိုပါသည်။
သေတပန်သက်တဆုံး ကျွန်တော်သည် ကျွန်တော်၏ အိမ်ထဲက မီးလင်းဖိုနံဘေးတွင် ထိုင်ရင်း ငယ်ငယ်က ကြိုက်ခဲ့ဖူးသော မိန်းမလှများအကြောင်းကို လည်းကောင်း၊ သို့မဟုတ် မိုဟန်ဂျိုဒါရိုနှင့် ဟာရပ္ပမှ အရင်းတည်ခဲ့သော ယဉ်ကျေးမှုများအကြောင်းကို လည်းကောင်း၊ သို့တည်းမဟုတ် ဗာတင်ဘူဘာ၏ “ငါ၏ငါ”နှင့် “သူတို့၏ငါများ” အကြောင်းကို လည်းကောင်း၊ စဉ်းစား၍သာ နေနိုင်လိမ့်မည်မဟုတ်ပါ။ ကျွန်တော်၏ ဝင်းခြံတံခါးကို ဖွင့်ကာ လောကရင်ပြင် တခွင်တွင် လမ်းပျောက်နေကြသော ကျွန်တော်၏ စိတ်ကူးထည်များကို သွားရောက်ရှာဖွေနေ မည်ဟု စဉ်းစားမိပါသည်။ မသိခြင်းကို သာယာသူများအနက်မှ ဆာရိုယန်တယောက်ပင် ခပ် စောစောက သူ၏ ဝင်းခြံတံခါးကို ဖွင့်ကာ ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း ကြားလိုက်ရပါသည်။ ဝေးလံသောအရပ်မှလာသော အသံများအနက်
တောင်ပြင်၊ ရွက်ဆင်၊
ရွှေပြုန်းဆို ရွာအနောက်ဆီက၊
ချောင်းပေါက်ကိုဝင်။
ပြန်ချင်ပြီ ညီမောင်လှရဲ့၊ ပြန်ချင်ပြီ ညီမောင်လှရဲ့ …
ဟူသော အပိုဒ်မှာ နားထဲတွင် ပဲ့တင်ထပ်နေပါပြီ။ အိမ်ပြန်ချင်ပြီဆိုသောအခါတွင် တမ်းချင်း များအားလုံး တသံတည်း ဖြစ်သွားခဲ့ပြီလား မပြောတတ်တော့ပါ။ ချစ်ခြင်း၏ အတွင်းသို့ သာ တိုးခွေ့ဝင်သွားခဲ့ပြီဖြစ်သော ထိုသူငယ်မကမူ အိမ်သို့ ပြန်လာလိမ့်မည်မဟုတ်တော့ပါ။ ကာလနှင့် အာကာသတို့၏ ဘောင်ခတ်မှုများအတွင်း၌ပင် သူမသည် စိတ်ကူးထည်များကို ပုံရုပ်ဖော်၍ ပျော်ပါးကာသာ နေရစ်ခဲ့ပါပြီ။
ဝင်းခြံအတွင်းမှ ထွက်လာခဲ့ပြီးနောက် ကျွန်တော်သည် ဝင်းခြံတံခါးကို ဖွင့်၍ထားခဲ့ ပါသည်။ ကျွန်တော့်နောက်ကွယ်တွင် ကျွန်တော်၏ စိတ်ကူးထည်များ ဝင်လိုဝင်၊ ထွက်လို ထွက် လုပ်နိုင်ကြပါသည်။ ဒေးဗစ်ဟျူမ်းသာ အလည်လာဖြစ်လျှင် သူ့အဖို့လည်း အခက်အခဲ ရှိမည် မဟုတ်တော့ပါ။ လေထန်သော တောင်ကုန်းတနေရာမှ ရပ်၍ ကျွန်တော်၏ ဝင်းခြံကို ကြည့်နေမိပါသည်။ ကျွန်တော်၏ ဝင်းခြံအတွင်း သာယာစိုပြည်စေချင်ပါသည်။ မြက်သစ်ရွက် တို့လည်း စိမ်းလန်းကြပါစေ။ ပန်းများလည်း ပွင့်ကြပါစေ... ပွင့်နိုင်ကြပါစေ။ ဥတုရာသီများ လည်း သင့်တင့်လျောက်ပတ်ပါစေ။ မြို့ပြနှင့် ကျေးလက်တို့၏ ရနံ့များလည်း ညစ်နွမ်းစပြု နေသော ကမ္ဘာ့လေထုကြီးအတွင်း၌ပင် ခိုအောင်းရန် တနေရာရကြပါစေ။ ကျွန်တော့်အဖို့ မှာမူ ရာစုနှစ်များစွာ ကုန်ဆုံးသည်၏တိုင် ကျွန်တော်၏ စိတ်ကူးထည်များနှင့် ကျေနပ်စွာ ပေါင်းသင်းနေထိုင်ရင်း အဆုံးတွင် ဤသို့ ဇာတ်ပေါင်းလေ၏ … ဟူသော နိဂုံးတခုကိုသာ ရရပါစေလေ။
---
#မြင့်သန်း
#ခေတ်ပညာတတ်မျောက်တကောင်၏ဆုတောင်း
#shared_by_louis_augustine
Comments
Post a Comment