ဘာသာစကားနှင့် ရသစာပေ // အောင်သင်း
ဘာသာစကားနှင့် ရသစာပေ // အောင်သင်း
(စဉ်းစားစရာလေးတွေ)
---
ဘာသာစကားဆိုသည်မှာ-သာမန်အားဖြင့် ဖွင့်ဆိုရလျှင် ကျွန်တော်တို့ နေ့စဉ် ပြောဆိုနေကြသည့် စကားများပင် ဖြစ်ပါသည်။ သို့သော် ဘာသာဗေဒ ပညာရှင်တို့ကမူကား လူတဦးနှင့်တဦး ဆက်သွယ်ကြရာတွင် တဦး၏စိတ်၌ ရှိသောအကြောင်း အရာကို အခြားလူတဦးက နားလည်အောင် ပြုလုပ်သည့် အသံသင်္ကေတများ ဖြစ်သည်ဟု ဖွင့်ဆိုကြပါသည်။
မှန်ပါသည်။ စကားဆိုသည်မှာ အသံသင်္ကေတများပင် ဖြစ် ပါသည်။ ထိုအသံသင်္ကေတများကို အရေးသင်္ကေတ ပြုလုပ်လိုက် သောအခါ “စာ”ဖြစ်လာပါသည်။ မိတ်ဆွေ ယခုမြင်နေရ သော အရာများမှာ အရေးသင်္ကေတများဖြစ်၍ အသံထွက်ပြီး ရွတ်ဖတ် ကြည့်လိုက်လျှင် အသံသင်္ကေတဖြစ်လာလျက် ကျွန်တော်၏ စကားများ ထွက်လာပါလိမ့်မည်။
ဘာသာစကားသည် လူနှင့် တိရစ္ဆာန်တို့၏ ခြားနားမှုတွင် အရေးပါဆုံးသော အချက်ကြီး ဖြစ်နေပါသည်။ ကမ္ဘာပေါ်ရှိ သတ္တဝါ အားလုံးအနက် လူကို အမြင့်ဆုံး သတ္တဝါဖြစ်စေခဲ့သည့် ကိရိယာကြီး တခုလည်း ဖြစ်ပါသည်။ စား၊ ဝတ်၊ နေရေးကဲ့သို့ပင် နေ့စဉ်သုံးစွဲနေသော ပစ္စည်းကြီးတခုလည်း ဖြစ်ပါသည်။ အရေးပါလှသော စွမ်းအားကြီးလှသော လူ့လောက၏ ဆက်သွယ်ရေး ပစ္စည်းကြီး တခု ဖြစ်ပါသည်။
သို့ပါလျက်နှင့် ဘာသာစကား၏ စွမ်းရည်မှာ ကျေနပ်ဖွယ်ရာမရှိသေး၊ ပီပြင်သော ဆက်သွယ်မှုကို ပေးနိုင်စွမ်း မရှိသေးဟု ယူဆကြသည်။ မိမိစိတ်၌ သိသမျှ၊ ခံစားမိသမျှကို ကူးပြောင်းပို့ဆောင် မပေးနိုင်သေးဟု ယူဆရပါသည်။
အထူးသဖြင့် “ခံစားမှု” ကို ကူးပြောင်း သယ်ဆောင်ပေးနိုင် စွမ်းမရှိဟု ယူဆရပါသည်။ ဥပမာ “ကျွန်တော် သိပ်ပျော်တာပဲ” ဟု ကျွန်တော်ကပြောလိုက်လျှင် ကြားရသူက ကျွန်တော် ပျော် ကြောင်းကိုသာ သိရပါသည်။ ကျွန်တော်၏ ပျော်မှုကို မခံစားနိုင်ပါ။ ထို့အတူ ကျွန်တော် “သိပ်ဝမ်းနည်းတာပဲ” ဟု ဆိုလိုက်လျှင်လည်း ကြားရသူက ကျွန်တော် ဝမ်းနည်းကြောင်းကိုသာ သိရ၍ ကျွန်တော်၏ ဝမ်းနည်းမှုကို မခံစားရပါ။ ထို့ကြောင့် ဘာသာ စကားသည် အသိပေးရန် လောက်မျှသာ အသုံးဝင်၍ ခံစားမှုကို ပို့ဆောင်ပေးရန် အတွက် ထက်မြက်သော စွမ်းရည်မရှိဟု ယူဆကြရပါတော့သည်။
ထို့ကြောင့် ခံစားမှုကို သယ်ဆောင်နိုင်ရန် လူတို့ ထပ်ဆင့် ကြိုးပမ်းကြရာတွင် ရသစာပေကို တွေ့လာကြရသည်ဟု ဆိုချင်ပါသည်။ ထို့ကြောင့် ခံစားမှုကို သယ်ဆောင်နိုင်ရန် အထူးပြုပြင်မွမ်းမံထားသော ဘာသာစကားကို ရသစာပေဟု ခေါ်ချင်ပါတော့သည်။ ဤသို့အားဖြင့် ရသစာပေသည် ရေးသူ(ပြောသူ) ၏ လောကအမြင်၊ ဘဝအမြင်နှင့် ပတ်သက်သည့် ခံစားမှုကို ထိုက်သည့် အားလျော်စွာ သယ်ယူပို့ဆောင်ပေးနိုင်သည်ဟု ထင်မိပါသည်။ ထို့ကြောင့် သာမန် ဘာသာစကားနှင့် ရသစာပေတို့သည် အတန်အသင့် ခြားနားသွား သည်ဟု ထင်မိပါသည်။
ဦးပုည လုပ်ပုံကိုင်ပုံလေးတခုကို ကျွန်တော် တင်ပြလိုက် ပါသည်။
“ယောက်ျား” ဟူသော ဝေါဟာရတခုအပေါ် ဘာသာစကား အမြင်နှင့် ဦးပုည၏ အမြင် နှိုင်းယှဉ် ပြလိုပါသည်။
ယောက်ျား ဟူသော ဝေါဟာရ အပေါ် ဘာသာစကား ရှုထောင့်က မြင်တွေ့ ရပုံကို ရှေးဦးစွာ တင်ပြလိုပါသည်။ မြန်မာ အဘိ ဓာန် အကျဉ်းချုပ်တွင် ဤသို့ဖွင့်ပါသည်။
ယောက်ျား-န/ယောက်ျား/(၁)အဖို ဖြစ်သော လူသား။ (နတ်ယောက်ျား၊ နတ်မိန်းမ စသည်ဖြင့်လည်း သုံးသည်။) ပုလ္လိင် ဇာတ်။ (၂) အိမ်ထောင်ရှင်လင်သား။ လင်။
အထက်ပါ ဖွင့်ဆိုချက်ကို ကြည့်ပါ။ ဘာသာစကားရှု ထောင့်မှ ဘာများ လိုပါသေးသနည်း။ သဒ္ဒါ သဘောအရ-န-ဟု နာမ်ပုဒ် ဖြစ်ကြောင်းကိုလည်း ပြသည်-/ယောက်ျား/ဟု အသံထွက်ကိုလည်း တင်ပြသည်၊ အနက်ထွက်ပုံများကိုလည်း ပြသည်။ အသုံးထူးများကိုလည်း ထည့်သွင်း ပြသည်။ အဘိဓာန်၏ တာဝန် ပြည့်စုံနေပါပြီ။
ဤမျှဆိုလျှင် ဘာသာစကား၏ “ယောက်ျား” ကို ကျွန်တော်တို့ နားလည်ကြပါပြီး။
ဦးပုည၏ “ယောက်ျား”ကို ကျွန်တော် တင်ပြပါတော့မည်။ရှည်ဝေးသော်လည်း သည်းခံဖတ်ရှုလိမ့်မည်ဟု ကျွန်တော်မျှော်လင့် ပါသည်။
ရှေးဦးစွာ “ဝိဇယ” ပြဇာတ်မှ “ဝိဇယ” မင်းသားနှင့် ပတ်သက်၍ ဦးပုည စရိုက်မွှမ်းပုံကို တင်ပြလိုပါသည်။ သီဟပူရပြည်၌ သီဟဗာဟု မင်းကြီး နန်းစံစဉ် သားတော်ကြီး ဝိဇယ မင်းသားက ကျွန်းသင်းပင်း ခုနှစ်ရာနှင့်အတူ ပြည်သူ ပြည်သားများအပေါ် နိုင်ထက်ကလူ ရမ်းကားနေကြသောကြောင့် ပြည်သူ ပြည်သားတို့ မခံမရပ်နိုင်တော့ဘဲ၊ ရွှေနားတော်ကြား ဟစ်အော် သံတော်ဦး တင်ကြသည်။ မင်းကြီးလည်း သားတော်ကြီး ဝိဇယ အား ခေါ်၍ မေးသည်။ ဝိဇယမင်းသား လျှောက်တင်ပုံကို ကြည့်ပါ-
“...ပြည်မတိုင်းသား၊ မူးမတ်များတို့၊ ကြားတိုင်း မြင်တိုင်း၊ ဆိုးယုတ်တိုင်းကို၊ ဟုတ်တိုင်းမတင်၊ သားတော် သော့သွမ်း၊ ဟော့ ရမ်းသည့်အမှု၊ တထောင်လောက်ပြုလို့မှ၊ တခုသာ တင်ပါသည်။ ခုတင်သည့်လူ၊ ပြည်သူပြည်သား၊ မူးမတ်များတို့၊ တရားမမှန်၊ စကား ကိုချန်သောကြောင့်၊ ရာဇဒဏ်ခတ်သင့်လှပါတော့သည် ဘုရား။”
အထက်ပါအတိုင်း ဝိဇယမင်းသားက မိမိကျူးလွန်ခဲ့သမျှကို ဝံ့ဝံ့စားစား အမှန်အတိုင်း ဝန်ခံသည်။ ဘုရင်မင်မြတ်ကလည်း “ပြည်သူများစွာ၊ မသဒ္ဓါက၊ ငါမချစ်ပြီ” ဟု သတ်စေ အမိန့်ချမှတ်သည်။ မယ်တော် မိဖုရားကြီးက သားအတွက် ငိုကြွေးသည်။ ဝိဇယမင်းသားက မယ်တော်အား တင် လျှောက် ဖြေသိမ့်ပုံကို ကြည့်ပါဦး-
“ ...ပတ်ကုံးဝိသယ၊ သုံးဘဝမှာ၊ ဆုံး စမြော် မြင် မြင်သမျှ၊ တည်မကျ သင်္ခါရဝဲ၊ သေစမြဲမို့၊ လွဲမချော်၊ သား တော် မစိုးရိမ်လှပါ။ သုံးရွာဆံကျင်၊ ဘုရားရှင်မှ၊ သင်္ခါရမင်း၊ နယ်အတွင်းမှာ၊ ငယ်စရင်းပါ၊ ဓမ္မတာဝဋ်၊ သံသာညွတ်က၊ မလွတ်သာ၊ ခန္ဓာငြိမ်းရပါသေးတယ်။ မယ်မယ့် ကျက်သရေ၊ သားဖုန်းဝေမှာ၊ မသေမီက၊ တိုင်းပြည်တရိုး၊ သဝေထိုးအောင်၊ အဆိုးကြီး ဆိုးလိုက်ရမှ၊ လှလှကြီး သေဝံ့ ပါတော့ မယ်။ သတ္တဝါထုံးစံ၊ တသန္တာန်တွင်၊ နှစ် တန် သေမြဲ၊ မဟုတ်ပါ၊ ...တရစ်ပတ်ပတ်၊ ဖြစ်တတ်ပျက်ပြန်၊ လံကဓောနှင့် ... လောကဓံ၊ ကံနှင့် ကတ္တား၊ သည်တရားများကို၊ သားတော် ရွှေစင်၊ အစင်းအစင်း၊ မုန့်တီဟင်းသကဲ့သို့၊ ကွင်းကွင်းကြီး ထင်လွန်းလို့၊ ပူပင်သောက မရှိပါ။ သမ္ဘာကြွယ်လှ၊ မဟာ နွယ်သပေတဲ့၊ မယ်ဘုရားဆွေးနယ်ကို၊ ဧလွယ်အောင် ဉာဏ်ဖန်လို့၊ စံတော်သာမူရစ်ပါ မြတ်မယ်တော်ဘုရား”
အထက်ပါ သံတော်ဦး တင်ချက်ကို ကျွန်တော် စကားပြေ ပြန်ပြနေစရာ မလိုပါ။ ဤစာကို ယခင်က တခါမျှ မတွေ့ ဖူးသေးဘဲ ယခုမှ တွေ့ရစေဦးတော့ စာဖတ်သူ ကောင်းကောင်း နားလည်နိုင်ပါသည်။ ဝိဇယမင်းသား၏ စိတ်နေ စရိုက်ကိုလည်း သိနိုင်ပါသည်။ သို့သော် ခရီးသွားဟန်လွဲ ဆိုသလို ဦးပုည၏ ဆိုပုံ၊ မိန့်ပုံ တခုတော့ ဖြင့် တင်ပြချင်ပါသေးတယ်။ လောကဓံတရား၏ ပြောင်းပြန် ဖြစ်တတ်ပုံကို “လံကဓော” ဟု ပြောင်းပြန် စကားလိမ် လုပ်ထားပုံကို ကျွန်တော် သဘောကျလှပါသည်။ ထို့ပြင် သဒ္ဒါသဘောတွင် ကတ္တား ဆိုသည်မှာ ပြုသူ၊ ကံဆိုသည်မှာ ခံရသူ ဖြစ်သည်။ တခါတရံ ကိုယ်က တွယ်လိုက်ရ၊ နောက်တချီတွင် ကိုယ်က ခံလိုက်ရဟူသော သဘောကို ပေါ်လွင်စေလှသည်ဟု ထင်မိပါသည်။ ဦးပုညသည် ဝိဇယမင်းသား၏ စရိုက်ကို အထက်ပါ အတိုင်းမွှမ်းခဲ့ပါသည်။
ဆဒ္ဒန်ဆင်မင်း ဝတ္ထုတွင် ဦးပုညက သောနုတ္တရ၏ စရိုက်ကို မွှမ်းထားပုံကို ကြည့်စေချင်ပါသေးသည်။
စာဖတ်သူ သိပြီး ဖြစ်သည့်အတိုင်း မိဖုရား စူဠသုဘဒ္ဒါက လမ်းညွှန် စေခိုင်းသဖြင့် သောနုတ္တရမုဆိုးသည် ဆဒ္ဒန်ဆင်မင်း၏ အစွယ်ကို ဖြတ်ရန် ဆဒ္ဒန်အိုင်ကြီးသို့ ခရီးထွက်ခဲ့သည်။ သောနုတ္တရ မုဆိုး၏ ကန္တရ ခရီးကြမ်းကို ကြည့်ရုံမျှနှင့် သူ၏ ဇွဲသတ္တိ ကို သိနိုင်လောက်သည်။
“....ချုံကိုခုတ်ပိုင်း၊ အင်တိုင်းကိုထွင်၊ သစ်ပင်ကိုဖောက်၊ ချောက်ကိုခုန်ကျော်၊ ညွှန်ပေါ်တုံးခင်း၊ ထုံးအင်းမြစ်ရေ၊ ခြားဆီးနေလည်း လှေလုပ်၍ကူး၊ အထူးထူးပရောဂဖြင့်၊ ခင်မ သုဘဒ္ဒါ မှာလိုက် သည့်အတိုင်း၊ မဆိုင်းမတွ၊ အသက်ကို မငဲ့ပဲ၊ တဆယ့်နှစ်ထပ်သော တောကြီးကိုလွန်၍ ဆဒ္ဒန်အိုင်တွင်းသို့၊ ကျော်နင်းပေါက် ရောက်လေ့တော့သတည်း။ မုဆိုးမိစ္ဆာ စွန့်စား၍ လာခဲ့သော ဗရာဏာသီ မြို့ထွက်ရက်ကို စစ်လျှင် ခုနှစ်နှစ်၊ ခုနှစ်လ၊ ခုနှစ်ရက် သက်သက်သို့စင် ကြာသတည်း။”
ခရီးခက်ခဲပုံ၊ ရက်လရှည်ကြာ သွားရပုံတို့ကို ချင့်ကြည့် လိုက်လျှင် မုဆိုး၏ ဇွဲသတ္တိ ပေါ်လာပါသည်။
ဤသို့နှင့် မုဆိုးက ဥမင်ထဲက လေးနှင့်ပစ်သည်။ ဆင်မင်းက ဥမင်ကိုချိုး၍ မုဆိုးကို ဖမ်းယူပြီး သတ်မည်ပြုလျက် စစ်မေးသည်။ မုဆိုးတင်လျှောက်ပုံကို ကြည့်ပါ-
“လူအိုမုဆိုး၊ ကျွန်တော်မျိုးကား၊ ကိုယ်ကျိုးဆန္ဒ၊ ကိုယ့်ကိစ္စ ကြောင့်၊ သတ်ရသည်မဟုတ်ပါ။ ကာသိမင်း၏ သက်နှင်းတောင်ညာ၊ သုဘဒ္ဒါဟု၊ အဆာကျယ်လှ၊ ရှင်ဘုရင်မကြီးက၊ မြမရှား၊ စိန်မရှားအလွန်ပင်များသည်ကို၊ နားလေး လေဟန်၊ ဆင်စွယ်မှ ပန်လိုသည်။ သာမန်ဂုဏ်ငယ်၊ ဆင်နက်စွယ်များကိုလည်း၊ နားဝယ်လက်မခံ၊ ညှီစော် နံ၍၊ ရွံပါသတဲ့ ဘုရား... ”
“...အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်၊ ကြံဘော်ကြံဘက် သုံးဦးသား အနက်တွင်းမှ၊ ကံကွက်ကျား၍ ငမိုက်သား မုဆိုးလေ နင်ချည်းပင် သေစေတော့ဟု၊ ငွေတောင်ကြီးအဟန်၊ ဆဒ္ဒန်မင်းမြတ်၊ ကျွန်တော့်အား သတ်လျှင်လည်း၊ မလွတ် နိုင်ရာ၊ သေရပါတော့မည်။ ဂရုဏာရှေ့ရှု၊ လွှတ်တော်မူ လျှင်လည်း၊ လူမလိမ္မာ၊ ကျွန်မိစ္ဆာသည်၊ ချမ်းသာရပါတော့မည်ဘုရား။”
တပါးသူများကို ရှုတ်ချပြောဆို၍ တရားခံအဖြစ် သွင်းသည်။ ကာယသတ္တိ ကောင်းသလောက်၊ စာရိတ္တသတ္တိ ညံ့ဖျင်း ကြောင်း ပေါ်လာသည်။
ဆဒ္ဒန်ဆင်မင်းက အကြောင်းစုံသိ၍
“နန်းမတောင်ညာ၊ သုဘဒ္ဒါတို၊ မလာကြခင်၊ စွယ်တော်ရှင်ကို၊ လျင်လျင်ဖြတ်ချိုး၊ သင် မုဆိုးစိတ်ရှိတိုင်း ပြုပါတော့...” ဟု ခွင့်ပေးလိုက်ပြန်သော အခါ တွင်ကား...
“မုဆိုးပေတလူ၊ အခေါက်ထူလည်း၊ သူနှင့်ဆင်မင်း ရန်ဘက် ချင်းကဲ့သို့၊ ချက်ချင်းထကြွ၊ ကများကတည့်၍ လွှကြီးကို ကိုင်လျက်၊ ဖြတ်မည်ဟု တက်သော်လည်း မတက်နိုင်ချေ။ ပန်းဟိုက်၍နေသည်တွင်၊ မြေနှင့်ပွတ်ကာ၊ ဦးခေါင်တော် ညွှတ်ရှာ၍၊ ဖြတ်သာအောင် ပြုတော်မူပေ၏။ မုဆိုးညစ်ထေး၊ ငမိုက်ခွေးလည်း၊ လေးစွန်တောင်နှင့်၊ အာဘာဘောင်ကိုလှန်၊ ဒိုင်းထောက်၍ ကန်ပြီးလျှင်၊ ထက်သန် မြမြ၊ ကြောက်မတ်ဖွယ် လွှကြီးနှင့် အာစကို ဖြတ်တိုက်၊ ဦးနှောက်သို့ ခိုက်လေအောင်၊ အလျားလိုက် ထိုးသွတ်၊ စွယ်ရင်းကို ပွတ်သည်တွင်၊ ပေါက်လွှတ်ဗလပွာ၊ ကန်ကျိုး၍ လာသကဲ့သို့၊ အာခံတွင်းမှ၊ သွေးချောင်း ကျလျက်၊ ဒုက္ခဝေဒနာကြီးစွာ ဖြစ်တော်မူလေ၏”
တဘက်က အညံ့ခံသောအခါ မည်သို့ပြုမူကြောင်း ပေါ်လွင်လှပါသည်။ အစွယ်ကိုပင် ရိုးရိုးမဖြတ်၊ စွယ်ရင်း ထိအောင် ရက်စက်စွာ ဖြတ်သည်။ မုဆိုး၏ စရိုက်ကို ဤသို့ မွှမ်းပါသည်။
ကျွန်တော် များများ ပြောစရာမလိုတော့ပါ။ ဘာသာစကား အလိုအရ “ယောက်ျား”ကို အနက်ဖွင့်ပုံနှင့် ဦးပုည၏ အနက်ဖွင့်ပုံ တို့ခြားနားပါသည်။ ဦးပုညက ခံစားမှုကို ထည့်သွင်း၍ အနက်ဖွင့် ပါသည်။ ပေါ်လွင်လှပါသည်။ သို့သော် “ယောက်ျား” ဟူသော ဝေါဟာရ တလုံးမျှ သုံးမသွားပါ။ သို့ပါလျက် “ယောက်ျား” ဟူသော ဝေါဟာရသံမှာ ကျွန်တော်တို့ ရင်ထဲတွင် မြည်လျက်ကျန်ခဲ့သည်ဟု ကျွန်တော်ခံစားမိပါသည်။
---
#အောင်သင်း
#ဘာသာစကားနှင့်ရသစာပေ
#shared_by_louis_augustine
Comments
Post a Comment