ပွင့်သစ်ပန်း // ကြည်အေး

ပွင့်သစ်ပန်း // ကြည်အေး

---

တသက်နှင့်တကိုယ် အခုလောက် တခါမှ ခေါင်းမရှုပ်ဖူးသေးဘူးဟု ဦးကျော်ဇော ထင်သည်။ သူသည် မနေ့ကမှထုတ်လာသော အိုပယ်ကားပေါ်ရောက်နေသည့်အဖြစ်ကိုပင် မေ့နေသည်။ ဘေး၌ထိုင်သော သမီးခင်စောနွယ်ကို မျက်စိစွေစောင်း၍ကြည့်သော် ကောင်မလေးသည် စကော့စျေးကို အထည်ဆန်းပြားတာတွေ့ရင် ဝင်မည်ရယ်လို့ သွားနေတာလောက်မှ စိတ်လှုပ်ရှားခြင်းမပြ။ 

ခင်စောနွယ်ကို သူ သိပ်နားမလည်ခဲ့။ သူက အကြီးမခင်စောကြွယ်လိုမဟုတ်။ ဒေါသဖြစ်သည့်အခါများ သိုးဖြူအုပ်ထဲက သိုးနက်မကလေးလို ဆဲရေးချင်သည်။ တခါတရံတော့လည်း စင်စစ် သမီးငယ်ကို ပိုလို့ချစ်သည် အမှန်ပါ။ သူက ဗွေဆိုးကလေးပါရှာလို့ မာဂရက်မင်းသမီးကလေးလို ဆိုးချင်တာဟု သဘောကျတတပင်ရှိသေးသည်။ သို့သော် ယခုတခါတော့ တကယ့်ကို စိတ်ရှုပ်သည်မှာ အမှန်တည်း။ 

“သမီးတို့နေမယ့်အိမ်က ရန်ကင်းအတွင်းဘက် တော်တော်ကျသလား” ဟု ဦးကျော်ဇောက စကားစလေသည်။ 

“တော်တော်ကျတယ် ပါပါ။ ဂွတ်တလစ်ဘက် နီးသွားတယ်”

“ဘတ်စ်ကားဆိပ်တို့၊ တဲပုတ်တို့ ပွနေတဲ့ဘက်ဆီပေါ့” ဟု ဦးကျော်ဇောက ဆင်းရဲခြင်းကို မနှစ်မြို့သောလေသံဖြင့် မေး၏။ ခင်စောနွယ်က ဘာမှပြန်မဖြေပဲ နှုတ်ခမ်းကို ပြန်၍တင်းတင်းစေ့သည်။ သူတို့သားအဖသည် ခင်ခင်မင်မင်မရှိသည်မှာ အတန်ကြာပြီ။ ငယ်ရွယ်စဉ်ကတော့ ခင်စောနွယ်၏ထူးခြားချက်ကလေးများဟာ ဆွေမျိုးများစုမိလျှင် ပြောရယ်စရာများဖြစ်ခဲ့သော်လည်း ယခုလို အသက်နှစ်ဆယ်ကျော်၍ သိပ်များများကြီး အကျော်မခံနိုင်တော့ဘူးဟု သားအဖနှစ်ယောက်စလုံး ထင်မှတ်လာသည့်အခါ နှစ်ယောက်သား စိတ်အခန့်မသင့်စရာဖြစ်လာသည်။ 

ငါမှားတာပဲ။ သူ့ကို အလုပ်လုပ်ခွင့်ပေးလိုက်တာ မှားတာပဲ။ သူ့ကို ရုံးအပေါင်းအသင်း ဖျက်တာပဲ ဟု ဦးကျော်ဇောက တွေးထင်သည်။

ကြည့်စမ်း ရုံးမှာလုပ်ရကတည်းက သူ့ရဲ့ဖြူဖွေးနုထွတ်နေတဲ့ ပါးပြင်တွေဟာ သွေးရောင်သန်းလာတယ်။ နဂိုက အသက်မရှိသလို အေးစက်တာဟာ ချက်ချင်း နွေးလာတာပဲ။ ငါက မြေပေါ် ခြေမကျ ထားထားလျက်နဲ့ တခါ ကားကြိုနောက်ကျလို့ မိုးရေထဲ ခြေဖဝါးတွေ အပေခံလို့ ဆာတယ်ဆိုပြီး အိမ်ပြန်လာတယ်ကော။ ပြီးတော့ ဆံပင်စမှာ မိုးပေါက်တင်တာကိုပဲ ပျော်နေလိုက်သေးရဲ့။ တယ်ပြီး ဆင်းရဲဇာတာပါတယ်နဲ့ တူတယ်။ ဟုတ်သလေ။ တလ ၂၉၇ ကျပ်ကို တလတလ ထုတ်ယူရမှာများ ရှက်ဖို့တောင်ကောင်းပါရဲ့သမီးရယ်။ ပြီးတော့ အလုပ်လုပ်တယ်ဆိုတာ ဂုဏ်သရေရှိမိန်းမတွေရဲ့ကိစ္စလို့များ သူ ထင်လေသလားကွယ်။ 

“ရှေ့က တိုက်သစ်တန်းလျားတွေစီနေတာ ရန်ကင်းမဟုတ်လား။ ပါပါတော့ တခါမှ မဖြတ်ဖူးပါဘူး” ဟု ပြောလိုက်ပြန်လျှင် “ဟုတ်တယ် ပါပါ။ အခု နွယ့်အတွက် ဖြတ်ဖူးမှတော့ ဝမ်းနည်းစရာများ ဖြစ်နေမလားမသိပါဘူး”

“အို ... ပါပါ့အသိတွေလည်း အများကြီး နေကြပါတယ်။ မောင်ဘကလေးတို့ ... မောင်ဘပွါးတို့ ... ”

“ရန်ကင်းမှာ ပါပါ့တပည့်တွေချည်းပဲ မဟုတ်ပါဘူး။ ပါပါနဲ့တန်းတူ နွယ်ရိုသေလေးစားတဲ့လူတွေလည်း အများကြီးနေကြပါတယ်”

ဦးကျော်ဇောသည် ဒေါသဖြစ်သွားသော်လည်း အခုလိုအချိန်မှာ ရန်မဖြစ်လိုသဖြင့် “ကဲ ... သမီးက လမ်းပြလေ။ ကွေ့စရာဝင်စရာရှိတော့ ပြောလိုက်ဦး” ဟု ကားမောင်းသူသို့ မေးငေါ့ပြလိုက်သည်။ ခင်စောနွယ်သည် ပြုံးသွားပြီး ကျေနပ်ဟန်ဖြင့် နေရာပြင်၍ ထိုင်လိုက်သည်။ ပြီးမှ သတိရသွားဟန်ဖြင့် ပြောလိုက်သေးသည်မှာ “ဘတ်စ်ကားတွေကတော့ ဖင်ထိုင်ခုံ တယ်မာတာပဲ ပါပါ။ ပြီးတော့ ဆင်ဖြူဆင်မည်းကားတွေထဲမှာ ပြည်တော်သာတစင်းမှ မရှိဘူး”

“ပါပါ့မှာ ကားနှစ်စီးပိုင်တာ ပေးနိုင်သားပဲ သမီး”

“ပါပါ သဘာကျပြီဆိုရင် ... ”

“ အေး ... ပါပါသဘောကျ မကျ အခုနာရီပိုင်းအတွင်းမှာ ပြောရမှာပဲ”

“ဒါပေမယ့် ဘတ်စ်ကားမှာထိုင်ရတာ တောင့်တောင့်တင်းတင်းလည်းရှိတယ်။ ခရီးသည်ချင်းလည်း စကားပြောလို့ရတယ်။ သမီး အခု တော်တော်မြန်မာဆန်ပြီး နှုတ်သွက်နေတာ ပါပါရဲ့”

ဦးကျာ်ဇောသည် တံတွေးထွေးချင်သည်။ သို့သော် မျိုချလိုက်ပြန်သည်။ သို့လျှင် နောက်ထပ်စကားမပြောကြပဲ ခင်စောနွယ်လျှောက်၍ ရ ထားသောအိမ်ခန်းရှေ့သို့ ရောက်သည်။ 

“ပါပါ မောနေမလားတော့ မသိဘူး။ လေးထပ်အပေါ်ဆုံးမှာပဲ ပါပါ။ နွယ် အားနာလိုက်တာ” ဟု သည်တခါတော့ ခင်စောနွယ်က ကောင်းမွန်စွာ ပြောသည်။

“တင်းနစ်ရိုက်နေတဲ့သူပဲကွယ်”

ဦးကျော်ဇောသည် အိပ်ခန်းဝတပေါက်ကို ဖြတ်ရတိုင်း မျက်နှာပျက်သည်။ ခင်စောနွယ်တို့နေမည့်အခန်းကို သည်လိုပဲ သူများတွေဖြတ်သွားမှာ။ သို့ပေမယ့် အဆုံးထိတော့ ကြည့်ရဦးမည်။

“ဟောဒီအခန်းပါပဲ ပါပါ”

ခင်စောနွယ်သည် လက်ပွေ့အိတ်ထဲမှ သော့ကို နှိုက်ကာ အခန်းကို ဖွင့်နေသည်။ သူပိုင်တဲ့ရတနာသေတ္တာကို ဖွင့်သလို ကြွားချင်ပုံကလေးလည်းမကင်း။ သမီး၏ သူလှစေချင်သလောက် မလှသောမျက်နှာကို ကြည့်သည်။ နုထွတ်သော ခြေဖျားလက်ဖျားများကို နှမြောသည်။ ခင်စောနွယ်၏ ကြံ့ခိုင်စပြုလာသော ကိုယ်လုံးကိုယ်ထည်ကို သတိပြုနေသည်။ တော်တော်ဆန်းတဲ့ သမီး။

တံခါးကို ဘွားကနဲဖွင့်လိုက်သော် အားလုံး လူနေနေသလို အကျအနပြင်ဆင်ထားသည်။ သားအဖနှစ်ယောက်သည် တယောက်ကိုတယောက် မကြည့်၊ စကားမပြောပဲ အိမ်ကို လှည့်လည်၍ကြည့်သည်။ ခင်စောနွယ်အဖို့ ကြည့်၍ မဆုံးစရာဖြစ်သော်လည်း ဦးကျော်ဇောသည် နှံ့အောင် ခဏပင်ကြည့်ရသည်။ 

ခု ဝင်ဝင်ချင်းအခန်းကတော့ ဧည့်ခန်းပေါ့။ သူတို့တည်ထားတဲ့ကုလားထိုင်ခုံက ကြိမ်ထိုးကိုး။ သစ်သားကတော့ အကွက်လည်း လှပါရဲ့။ အရောင်လည်း မဟော်ဂနီသွေးကျပါရဲ့။ ပုံကလေးလည်း ဆန်းပါရဲ့။ အဖိုးကတော့ သိပ်တန်မယ်မဟုတ်ဘူး။ နှစ်ရာကျော် သုံးရာနဲ့ ရတာမျိုးပဲ။ ပြီးတော့ မှီအုံးက ခပ်သေးသေး ခပ်ညံ့ညံ့ကလေးတွေမို့ ဘာမှ သိပ်ပြီးသက်တောင့်သက်သာတော့ ရှိမယ်မထင်ဘူး။ စာပွဲပေါ်ကန့်လန့်ဖြတ်ခင်းတဲ့ စားပွဲခင်းကလေးကလည်း အဖြူရိုးရိုးပိတ်ထူမှာ ပန်းနုနု ထိုးရုံပါကလားကွယ်။ ပန်းအိုးကတော့ ပန်းကန်ဆိုင်က ဝယ်တဲ့ဟာဖြစ်ရမယ်။ ပန်းကို ဝယ်လို့ ထိုးရပေလိမ့်မယ်။ ခင်စောနွယ် မင်းမှာ စိုက်စရာမြေကွက် မရှိပါကလား သမီးရယ်။

ဟောဒီထောင့်ကလေးမှာ မတ်တပ်မီးတိုင်ကြီးထားရင် အတော်ပဲ။ ဟိုဘက်ထောင့်က ရွှေငါးဖန်ချိုင့်ထားစရာပေါ့။ ဒီလိုထောင့်တွေမှာ ဟာနေတာ တယ်အရုပ်ဆိုးသကွယ်။ သြော် ဟောဟိုဟာက မီးဖိုခန်းနဲ့တူရဲ့။ သစ်သားစင်ကလေးတွေတော့ ရိုက်ထားလို့ပါကလား။ အိုးတွေ ခွက်တွေတောင် မှောက်လို့။ မီးဖိုကတော့ နည်းနည်းသန့်ပါလိမ့်မယ်။ ခုတလောပေါ်လာတဲ့ ၅၅ ကျပ်တန် ရေနံဆီမီးဖိုပဲ။ ဒါက လေမထိုးရဘူး။ အလိုလို တောက်တယ်။ ဒါနဲ့ ဘယ်သူက ထမင်းချက်ကျွေးပါ့မလဲနော်။

သြော် ... မီးဖိုချောင်နဲ့ကပ်လျက် သည်ဧည့်ခန်းဘက်ထောင့်က စားပွဲက ထမင်းစားပွဲနဲ့တူရဲ့။ အဲဒီမှာခင်းတဲ့ ဖယောင်းပုဆိုးနဲ့ ကြမ်းပေါ်ခင်းတဲ့ဖယောင်းပုဆိုးက အဆင်ချင်းဆင်နေတာ ဟန်မကျဘူး။ တကယ်ဆိုတော့ ထမင်းစားပွဲမှာ အဖြူခင်းတာပဲ ကောင်းတယ်။ အေးလေ စွန်းပေတော့ ဒိုဘီခတော့ ကုန်တတ်တာပေါ့။ ဒီပန်းကန်ဗီရိုကို ထမင်းစားပွဲနဲ့ဧည့်ခန်းထိုင်ခုံကြား ကန့်လန့်ကွယ်ကာပြီး ထားတာကတော့ နည်းနည်းရှုပ်ပေမယ့် သပ်သပ်စီ ဖြစ်သင့်သလောက်ဖြစ်အောင် ထင်ပါရဲ့။

“နံရံက သိပ်ပြီး ပြောင်လို့ ဝါနေတယ် သမီး။ အောက်ကတထွာလောက်ကို ဟောဒီပန်းကန်ဗီရိုအောက် နံရံကိုသုတ်တဲ့ ဆေးစိမ်းပြာရောင်ပဲ သုတ်ပေးလိုက်ရင် ကောင်းမယ်”ဟု သူက အကြံပေး၏။

“ဟုတ်သားပဲ ပါပါ”

“ပြီးတော့ ခန်းဆီးတွေက တကိုက် လေးကျပ်ခွဲတန်မဟုတ်လား။ နည်းနည်းပါးတယ်။ အဆင်ကလည်း အဝါအနီ များလှတယ်”

“အသားသိပ်မကောင်းတဲ့အစမှာ အရောင်ညို့ညို့ ရွေးလို့မဖြစ်ဘူး ပါပါ။ အသွေးမကျတတ်ဘူး”

“ဟုတ်မယ်လေ”

သူတို့၌ ထပ်ပြောစရာမရှိ။ သို့သော် ဦးကျော်ဇောသည် သူ၏နောက်ဆုံးသဘောကို ပြောရပေဦးမည်။

“နေပါဦး ပါပါ” ဟု ခင်စောနွယ်က တား၏။  

“အိပ်ခန်းကို ကြည့်ပါဦး”

ဟုတ်သားပဲ။ ကြည့်စမ်း။ အိပ်ခန်းလည်း ကြာရှည်ကြည့်လောက်စရာတော့ မဟုတ်လှ။ ဧည့်ခန်းတဝက်မျှရှိပြီး နှစ်ယောက်အိပ်ကုတင်ကို တထောင့်မှာ ခင်းတာ။ တထောင့်မှာ စာကြည့်စားပွဲတလုံးရှိတာ။ ကျန်တထောင့်မှာတော့ မှန်တင်ခုံရှိတာ။ နောက်ဆုံးတထောင့်၌ တံခါးဖောက်ထားပြီး တယောက်တည်းသာ လှည့်သာသော ရေချိုးခန်းသို့ ဝင်ရသည်ပဲ ပြောစရာရှိပြန်သည်။ ဦးကျော်ဇောသည် စေ့စေ့စပ်စပ် တထပ်ကြည့်ရပြန်သည်။

သည်လိုပဲ နေမှာပဲ။ မွှေ့ယာ၊ ခြင်ထောင်ကအစ သာမာန်ထက် မသာနိုင်ဘူးလေ။ အဲ ... မှန်တင်ခုံပေါ်မှာပဲ သမီးလိမ်းလေ့ရှိတဲ့ အဖိုးတန်ပေါင်ဒါ၊ ရေမွှေးများ တွေ့ရသည်။ ဒါတွေတောင် ကြာရှည် သည်အပေါ် တင်နိုင်ပါ့မလားကွယ်။ မှန်တင်ခုံမှာ စိတ်ရှည်လက်ရှည်ထိုင်ပြီး ပြင်ချင်လာရန် ထိုင်ခုံမှာ မှီအုံးမရှိ။ ဒါပေမယ့် နွယ်က ဆံပင်ကအစ ဘယာကြော်ခွေကလေးပဲ လွယ်လွယ်ခွေတာ မြင်ရသည်။ သမီးကြီးကြွယ်ကဖြင့် မနေ့တနေ့ကပဲ ဆံပင်ဖြတ်ပြီး ကောက်လာတာ ပွလို့ရွလို့။ ကလေးနှစ်ယောက်အမေနဲ့တောင် မတူအောင် ပျိုရွယ်သည်။

“ကဲ ... ဒါပဲ မဟုတ်လား” ဟု မေးကာ ဦးကျော်ဇောသည် သက်ပြင်းချလေသည်။ 

“ဘာလိုသေးလဲ ပါပါ”

“အို ... လိုပြီလား” ဟု ဦးကျော်ဇောသည် စိတ်မရှည်စွာ ပြောသည်။ သူသည် စကားအရှည်ကြီး ပြောစရာရှိသည့်အမူအရာပေါ်ရာ သမီးက အလိုက်တသိ ကုလားထိုင်များကို လက်ညှိုးထိုးပြရသည်။ သို့သော် ဦးကျော်ဇောသည် ဒါတွေကို ပျောက်ကွယ်သွားအောင် ပဉ္စလက်နည်းနှင့် ဖျောက်ချင်လိုက်ဟန်ဖြင့် လက်ကို ကွေ့ဝိုက်သပ်ဝှေ့လိုက်ကာ ထိုင်ဖို့ ငြင်းဆန်လေသည်။ 

“လိုပြီလား သမီး။ သမီးနေခဲ့တဲ့ ပါပါအိမ်နဲ့ တယ်ကွာပါကလား”

“ကွာတယ် ပါပါ။ ပါပါဟာ သမီးနှစ်ယောက်ကို အကောင်းဆုံးအိမ်မှာ ထားခဲ့တယ်။ အကောင်းဆုံးမွမ်းမံထားတဲ့အိမ်မှာ ထားခဲ့တယ်”

“ဟုတ်သလေ။ ကြမ်းပြင်ကအစ သမီးနှစ်ယောက် စကိတ်စီးလို့ရတဲ့ သစ်သားကွက်ရိုက်ကြမ်းပြင်။ လမ်းလျှောက်တော့ အသံမမြည်အောင် တူရကီကောဇောလည်း ခင်းတယ်။ ဧည့်ခန်းမပြောနဲ့။ အိပ်ခန်းက ထိုင်စရာဟာတောင် ဆိုဖာမှီအုံး အထူအထဲတပ်လို့”

“တလတခါလည်း ပိုးစွပ်၊ ဖဲစွပ်တွေ လဲပါတယ် ပါပါ။ ဆောင်းတို့၊ မိုးတို့ကျတော့ ပိုလို့နွေးတဲ့ သက္ကလပ်တုတို့၊ လင်နင်မွှေးပွတို့ စွပ်လို့ပေါ့”

“အဲ ... ဟုတ်ပြီ။ ပါပါ့အိမ်ဟာ အင်မတန်နေချင်စရာကောင်းတဲ့ အိမ်ခန်းစီးကအစ တကိုက် ၁၄ ကျပ်တန် တပ်တဲ့အိမ်။ သူများတကာ နိုင်လွန်ကို အင်္ကျီချုပ်ဝတ်ပေမယ့် စ , ပေါ်စ ၄၈ ကျပ်တန်ကို ခန်းစီး တပ်ခဲ့တယ်။ သမီးမွေးနေ့တုန်းကလေ”

“အို ... ဆန်းသမျှဟာ ပါပါ့အိမ် အရင်ဆုံးရောက်တာပါပဲ”

“အေးပေါ့။ ဂီတသေတ္တာဆိုတာ သူများမကြားဖူးခင် ပါပါ့ဧည့်ခန်းစားပွဲပေါ် တင်ခဲ့တယ်။ သမီးတို့ဖို့ပဲ အိပ်ရင် တေးသံမြည်တဲ့ ဂီတမီးတိုင်ပါ မှာဝယ်ပေးသေးတယ်”

“သမီးတို့အိပ်တဲ့ အခင်းဟာလည်း အမေရိကန်ဘိုင်စကုပ်ထဲကလိုပါပဲ ပါပါ။ ပိုးဖဲမှီအုံးတွေ၊ ပန်းနုရောင်အပွင့် ခြင်ထောင်တွန့်၊ ရေချိုးခန်းကအစ မှန်တွေ ပတ်ပတ်လည်ဝိုင်းလို့။ ကြွေဇလုံမှာ ရာဒလေဆပ်ပြာမြှုပ် ပြည့်လို့။ ကားနဲ့ ကားရုံမရှိတဲ့၊ တင်းနစ်ကုတ်နဲ့ ရေကူးကန်မရှိတဲ့၊ ဥယျာဉ်မရှိတဲ့ အိမ်ကို အိမ်လို့မထင်နိုင်အောင် သမီးတို့ကို ထားခဲ့တယ်။ စန္ဒရား၊ ရေဒီယိုဂရမ်မရှိတဲ့၊ ရေခဲသေတ္တာမရှိတဲ့၊ အစေခံအပြည့်မရှိတဲ့အိမ်ကို အိမ်လို့ မထင်နိုင်အောင် ထားခဲ့တယ်”

“ပါပါပြောတဲ့အတိုင်း တသက်လုံး နေခဲ့ရတယ်”

“သမီးတို့လက်ထဲမှာလည်း ဘဏ်မှာ လိုသလောက်ငွေထုတ်လို့ရတဲ့ ချက်လက်မှတ်စာအုပ်ကိုယ်စီနဲ့”

ဦးကျော်ဇောသည် ပြောရင်း ပျော်လာသည်။

“မေမေ မဆုံးခင်က ပေးခဲ့တဲ့ လက်ဝတ်လက်စားလည်း အပြည့်နဲ့”

“ပါပါဟာ ဘိလပ်မှာ ၁၃ နှစ်ကြာကြာ စာသင်ကြီးပြင်းခဲ့တာ အင်္ဂလိပ်လူမျိုးကို မေတ္တာမရှိပေမယ့် သူတို့ရဲ့အနေအထိုင် တန်းမြင့်တာတော့ ကြိုက်ခဲ့တာ။ ပါပါ့အိမ်မျိုးဟာ မြန်မာပြည်မှာ ချမ်းသာသူတိုင်း မနေရပါဘူး။ သမီးတို့တော့ နေခဲ့ရတယ်”

“အနှစ်နှစ်ဆယ်ကျော်ကျော်ဟာ တခါမှ မခွဲခဲ့ဖူးပါဘူး ပါပါ”

“သမီးကြွယ်ကတော့ အခုလည်း နေဆဲပဲ နွယ်”

“သူ့ယောက်ျားအိမ်က ပါပါ့အိမ်ထက် တခုသာလို့ ပါပါတောင် မခံချင်ဖြစ်ရသေးတယ်လေ။ ကြွယ့်အိမ်က ဆေးတံသောက်ခန်း သပ်သပ် ရှိတယ်”

ဦးကျော်ဇောသည် အနည်းငယ်တုံ့သွားဆဲ ခင်စောနွယ်သည် သူ့ဧည့်ခန်းကလေး၌ ဖုံ တင် မတင်ကို လက်နှင့် စမ်းကြည့်သည်။

“သမီးကို ဒီလိုအခန်းမြှောင်ကလေးထဲ လှောင်ထားဖို့ ခေါ်တဲ့သားမက်မျိုးကို ပါပါ ဘယ်တော့မှ ခွင့်မလွှတ်ဘူး”

“အို ... သမီးကတော့ သူ့ကို ဒီအတွက်ပဲ ကျေးဇူးတင်ပါသေးတယ်”

ဦးကျော်ဇောသည် ခင်စောနွယ်၏ အပြစ်ကင်းစွာ ပြုံးရယ်၍ သူ့အိမ်သူလှည့်ပတ်ကြည့်နေသော မျက်နှာကလေးကို အံ့သြစွာ ကြည့်၏။ သူကလေးသည် ခါတိုင်းထက် လှနေသည်ထင်၏။ သူ့မှာ စိတ်ဝင်စားစရာရှိသည့်အခါများမှာ သည်လိုပဲဖြစ်တတ်သည်။ အိမ်မှာတော့ အနှစ်နှစ်ဆယ်အတွင်း ဓာတ်ပြားအသစ်များ ဝယ်လာသည့်အခါ၊ စန္ဒရား၌ သီချင်းဆန်းတီးကွက် ထွင်လို့ရသည့်အခါများမှာ သူ သည်လိုဖြစ်တတ်၏။ ယခု ခင်စောနွယ်သည် မျက်နှာကလေးနီမြန်းကာ နှုတ်ခမ်းများပွင့်လန်းကာ နှင်းဆီပန်းအစွမ်းကုန်ပွင့်သလိုရှိ၏။ 

ဦးကျာ်ဇောသည် ဘေးပတ်လည်သို့ ယောင်ရမ်းလှည့်ကြည့်သော် စိတ်ဝင်စားစရာက မရှိ။ ရရစားစားသမားတို့ နေတတ်သည့် အိမ်ကျဉ်းကလေးပဲ။ သပ်သပ်ရပ်ရပ် နွေးနွေးထွေးထွေးတော့ ရှိသည်။ 

“သမီးကို ပါပါ နားမလည်ပါဘူးကွယ်။ တကယ့်အခြေကြီးကနေ ဒီလိုနေရာကို ဆင်းချင်တာ”

ခင်စောနွယ်သည် ပထမ ပြုံး၏။ ပြီးတော့ ယခုတလောတတ်လာသည့် မျက်စကလေးတဖက် ချီခြင်းကို ပြု၏။ ထို့နောက် ချိုးသံအုပ်အုပ်ကလေးဖြင့်

“ပါပါထားသလို ချမ်းချမ်းသာသာနေရတာ ရိုးလှပါပြီ ပါပါ။ ဟောဒါမျိုးကမှ တခါမှ မနေဖူးသေးဘူး။ အသစ်မွေးလာသလိုပဲ။ အားလုံး အဆန်းချည်းပဲ။ သူက အစပေါ့။ သူက ပါပါ့လို အလိုမလိုက်ဘူး။ ထမင်းချက်တာတွေ အဝတ်လျှော်တာတွေ သင်ရဦးမှာတဲ့ ပါပါရဲ့။ ကြည့်စမ်း ...”

---

#ကြည်အေး
#ပွင့်သစ်ပန်း

#shared_by_louis_augustine
#sbla

Comments