ကာလီမ၏မာန // မောင်သိန်းဆိုင်

ကာလီမ၏မာန // မောင်သိန်းဆိုင်

(၁၉၇၂)

---

စင်စစ် သူသည် စာတတန်ပေတဖွဲ့ ရေးသား ချီးပရလောက်အောင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တဦးကားမဟုတ်ပါချေ။

မစ္စက် “အင်ဒီရာဂန္ဒီ” လို လူဦးရေ သန်းငါးရာရှိသော တိုင်းပြည်တပြည်၏ ခေါင်းဆောင် လည်းမဟုတ်။ “ရှာမေလာတဂိုး” လူကြိုက်များလှသော ရုပ်ရှင်မင်းသမီးချောလည်း မဟုတ်။ သူကား တလ ဆယ့်ငါးကျပ်မျှသော အသပြာဖြင့် အိမ်တကာလည်၍ အဝတ်ဖွပ်လျှော်ရသော ကု|လားမတယောက်သာတည်း။

သည်အကြောင်းချင်းတသည် သူ၏ အတ္ထုပ္ပတ္တိမဟုတ်။ သူ၏ ချစ်ဇာတ်လမ်းမဟုတ်။ လူသားတယောက်တွင်ရှိအပ်သော အရည်အချင်းနှင့် အတွင်းစိတ်သန္တာန်ကို တင်ပြချီးပလိုခြင်းသာ အဓိကတည်း။

အိမ်ဖော်ခေါ်ထားသော မိန်းကလေး တောသို့ ပြန်သည်ဆိုလျှင်ပင် အိမ်တွင် ကသီလင်တဖြစ်ကုန်တော့သည်။ ကမောက်ကမဖြစ်ကုန်တော့သည်။ အိမ်တာဝန်၊ ကလေးတာဝန်၊ ချက်ရေးပြုတ်ရေးတာဝန်များ အိမ်ရှင်မအပေါ် ပိကျလာတော့သည်။

သည်တော့ အိမ်နီးနားချင်းတယောက်က မရှုရက်နိုင်သည့်အလား အကြံတခုပေးလာသည်။ အဝတ်လျှော်သော ကု|လားမတယောက်ငှားဖို့။ သို့ဖြင့် “ကာလီမ” သည် အိမ်သို့ ရောက်လာရတော့သည်။

ကာလီမသည် အသက်နှစ်ဆယ်ကျော် သုံးဆယ်နီးပါးရှိပြီး လုံးကျစ်ပြည့်တင်းသော ကိုယ်နှင့် သနားကမား ရုပ်ရည်ကို ပိုင်ဆိုင်သည်။ အကယ်၍ အသားမှာ ညစ်ထေးမနေဘူးဆိုလျှင်၊ အဝတ်အစားတို့ စုတ်ချာမနေဘူးဆိုလျှင် ကာလီမသည် ကြည့်ပျော် ရှုပျော်ရှိသော မိန်းမတယောက်ဖြစ်မည်မှာ သေချာသည်။

“နာမည်ဘယ်လိုခေါ်သလဲ”

“ကာလီမ ပါ”

“နေတော့ကော”

“သာကေတ”

“တလ ဘယ်လောက်ပေးရမှာလဲ”

“တဆယ့်ငါးကျပ်”

“အဝတ်တွေ ကောင်းကောင်း လျှော်ပေးရမယ်နော်”

“စိတ်ချပါ အစ်ကို”

သည်လိုဖြင့် အိမ်တွင် ကာလီမအလုပ်ဝင်သည်။ အလုပ်ဝင်သည်ဆိုသော်လည်း မှတ်ပုံ မတင်ရပါ။ ခန့်စာမပေးရပါ။ ချက်ချင်းဆိုသလိုပင် အဝတ်ပုံကြီးတပုံနှင့် ဆပ်ပြာတတောင့် ထိုးအပ်လိုက်သည်။ ကာလီမသည် ရေချိုးခန်းသို့ ဝင်ကာ တဗုန်းဗုန်း၊ တဒိုင်းဒိုင်းနှင့် ဖွပ်လျှော် လေတော့သည်။

အလုပ်ဝင်လျှင်ဝင်ချင်းပင် အိမ်ရှင်မက ကာလီမကို သဘောကျသွားတော့သည်။

“သိပ်မြန်တဲ့ကု|လားမ၊ ကြည့်ပါဦး၊ အဝတ်တပုံကြီးကို ဗျပ်ကယ်ဗျပ်ကယ်နဲ့ လျှော်သွားလိုက်တာ အဝတ်တွေလည်း သိပ်ဖြူတာပဲ။ ဆပ်ပြာကုန်လည်း သိပ်သက်သာတာပဲ”

ကာလီမသည် အဝတ်လျှော်ပေးရုံသာမက ကြမ်းတိုက်ပေးသွားသည်။ ပန်းကန် ဆေး ပေးသွားသည်။ အိမ်ရှင်မအတွက် သနပ်ခါးသွေးပေးသွားသည်။ သန်းရှာပေးသွားသည်။ ကာလီမသည် ကလေးတွေနှင့်လည်း ရယ်ရယ်မောမော ဆက်ဆံသွားသည်။ အားလုံးက သဘောကျသည်။ ကလေးတွေကပင် “နာမည်က ကာလီမ၊ နေတာက သာကေတ” ဟု ရွှတ် နောက်လိုက်ကြသေးသည်။

ပထမ ရက်သတ္တပတ်မှာတော့ ကာလီမသည် အားလုံး၏ အလိုကျဖြစ်နေသည်။ သည် အတွင်း ကာလီမ၏ဘဝကို စစ်ဆေး‌စေ့ငုံကြသည်။ ကာလီမတွင် ယောက်ျားရှိသည်။ ကလေးငယ် ရှိသည်။

“သူ ဘာကောင်းသလဲ အစ်မ။ ကာလီမနော် အဝတ်လျှော်ပြီး ပိုက်ဆံရှာပေးတယ်။ သူက အရက်သောက်ပစ်တယ်။ မယားငယ်ယူတယ်။ ဒါကြောင့် ကာလီမ စိတ်ဆိုးဆိုးနဲ့ သူ့ကို အိမ်ပေါ်က မောင်းချပစ်လိုက်တယ်”

ရက်သတ္တပတ်လွန်မြောက်၍ ရှစ်ရက်မြောက်သောနေ့မှာမူ ကာလီမဗွေဖောက်လာသည်။ အဝတ်တွေ ကောင်းစွာမဖြူ၊ ဆပ်ပြာတိုက်ပြီး နာနာမဖွပ်ဘဲ ရေထဲနှစ်ဆေးကာ ရေညှစ်ပြီး လှန်းပေးခဲ့သည်။ ထို့ကြောင့် ရှပ်အင်္ကျီလက်ခေါက်လို၊ လည်ကုပ်လို၊ ကော်လံလို နေရာများမှာ ချေးတို့ ပေကျံဆဲ ပေကျံနေသည်။

ဤသည်နှင့် ပတ်သက်၍ ကာလီမ ဖြေရှင်းချက်ထုတ်သည်။

“မနက်ကတည်းက ကာလီမ ဘာမှ မစားခဲ့ရဘူး အစ်မ၊ ဗိုက်ထဲမှာ အစာမရှိဘူးနော်၊ အလုပ်မလုပ်နိုင်ဘူး အစ်မရယ်”

သည်တော့လည်း ကာလီမကို ဝိုင်း၍သနားကြသည်။

“စောစောက ပြောရောပေါ့ ကာလီမရယ်။ တို့အိမ်မှာက လူတယောက်စာ ထမင်းဟင်းဆိုတာ အမြဲပိုနေတာ။ နောက်ကျရင် ပြောမနေနဲ့ ကိုယ့်ဘာသာ တခါတည်း ခူးခပ်စား သိလား” 

သည်အထိ ကာလီမကို အခွင့်အရေးပေးလိုက်ကြသည်။

သို့တိုင်အောင်လည်း ကာလီမသည် တခါတရံ အိမ်မှာ ထမင်းစားရပါလျက် အဝတ် တို့ကို ပြီးစလွယ် ဖွပ်လျှော်သွားတတ်ခြင်းမျိုး ရှိသည်။ ပြောလျှင် ဟုတ်ကဲ့၊ ဟုတ်ကဲ့နှင့် ခေါင်းညိတ်သွားတတ်သော်လည်း လက်တွေ့ တွင်မူ ပြီးစလွယ်လုပ်သွားလေ့ရှိသည်။ ထို့ကြောင့် သူအဝတ်လျှော်ပြီဆိုလျှင် အိမ်ရှင်မက နံဘေးမှ ထိုင်စောင့်ရသည်။ ထိုင် စောင့်နေစဉ်တွင် လျှော်သောအဝတ်သာ ဖြူသည်။ မျက်စိလစ်သည်နှင့် တပြိုင်နက် ပြီးစလွယ် လုပ်မြဲ။ ကြာတော့လည်း ကာလီမအပေါ် စိတ်ပျက်လာရသည်။ ချော့တလီ ချောက်တခါနှင့်ပင် ပထမလကုန်လွန်သွားခဲ့သည်။ ဒုတိယလသို့ ရောက်လာသည်။

ပထမလအတွက် ငွေရှင်းပေးစဉ်ကပင် အိမ်ရှင်မက ရာဇသံပေးသည်။

“ဒီမယ် ကာလီမ၊ ညည်း ဒီအချိုးအတိုင်းဆိုရင်တော့ အစ်မတို့နဲ့ ကြာရှည်မဖြစ်ဘူး။ အခုအချိုးအတိုင်း ချိုးမယ်ဆိုရင် မနက်ဖြန်ကစပြီး မလာနဲ့တော့။ အချိုးကို ပြင်မယ်ဆိုရင် လာခဲ့။ ဒါပဲ”

ကာလီမသည် နောက်တနေ့တွင် ရောက်လာသည်။ ကောင်းကောင်း ဖွပ်လျှော်ပေးမည် ဟူသော ဝန်ခံချက်ဖြင့် ဖြစ်သည်။ အစပထမတရက် နှစ်ရက်တွင်သာ ဟန်ကျသည်။ နောက်ရက်များတွင် ကာလီမ ယိုးဒယားဟန်မပျက်၊ တခါတရံ ရေကိုပင် စင်အောင်မညှစ်သဖြင့် အဝတ်တွေမှာ ရေစော်နံလျက် မာခေါက်ခေါက်ကြီး ဖြစ်နေတတ်သည်။

“မဖြစ်ဘူး၊ ဒီကု|လားမ တော်မလိုလိုနဲ့ အတော်ဆိုးတဲ့ဟာမ။ သူ့အစား တခြားတယောက်ရှာမှ ဖြစ်မယ်”

ကာလီမ၏ နေ့တွက်ကို တွက်ကြည့်သည်။ တနေ့ ငါးမူးနှုန်းနှင့် ကျသမျှကို ရှင်း ပေးလိုက်သည်။

“ဒီမယ် ကာလီမ”

“ဟုတ်ကဲ့အစ်မ”

“မနက်ဖြန်ကစပြီး တို့များအိမ်ကို အလုပ်ဆင်းဖို့ မလိုတော့ဘူး သိလား”

“ဘာဖြစ်လို့လဲ အစ်မရယ်”

“ဘာဖြစ်ရမှာလဲ၊ ညည်းလျှော်တဲ့အဝတ်တွေက စင်မှမစင်ဘဲ၊ ပြောင်မှ မပြောင်ဘဲ။ ငါ့မှာ ညည်းလျှော်ပြီးသားတွေ ထပ်ထပ်ချည်း လျှော်နေရတယ်။ ဒီတော့ မထူးဘူးအေ။ ညည်း နေ့တွက်တွေယူ။ မနက်ဖြန်ကစပြီး အလုပ်မဆင်းနဲ့တော့ သိလား”

အလုပ်ခန့်တုန်းကလိုပင် ဖြစ်သည်။ နို့တစ်မပေး၊ ဘာမပေးနှင့် ကာလီမကို အလုပ် ဖြုတ်လိုက်သည်။ သို့တိုင် နောက်တနေ့ အချိန်တန်လျှင် ကာလီမရောက်လာသည်။ တားနေသည့် ကြားမှပင် သူ့ဘာသာ အဝတ်ဟောင်းများကို ရေဘုံဘိုင်အောက် ပုံချပြီး ဖွပ်လျှော်ပေးသွားသည်။ နောက်နေ့၊ နောက်နေ့တွေမှာလည်း ဝတ္တရားမပျက်၊ ကာလီမသည် အလုပ်ကထုတ် သော်လည်းမထွက်။ ပိုက်ဆံလည်းမတောင်း။ ကြာတော့ သနားလာကာ ငွေရှင်းပေးရပြန်သည်။

“ကာလီမပြောမယ် အစ်မ၊ ဒီလို ဒီလို ရှိတယ်။ ကာလီမလေ အစ်မတို့တအိမ်တည်းမှာ အဝတ်လျှော်ရတာမဟုတ်ဘူး။ တအိမ်တည်းဆိုရင်လည်း မစားလောက်ဘူး အစ်မ။ ဒါကြောင့် တနေ့တနေ့မှာ သုံးလေးအိမ် လျှော်ရတယ်။ ဒါမှ ထမင်းဝတယ် အစ်မ။ အစ်မ စဉ်းစား ကြည့်ပါ။ အဝတ်တွေ ဒီလောက်၊ ဒီလောက် သုံးလေးအိမ် လျှော်ရတယ်နော်၊ မောတယ် အစ်မ။ တခါတလေ အစ်မတို့အိမ်ရောက်ရင် လက်တောင်မမြှောက်ချင်တော့ဘူး။ ဒါကြောင့် အဝတ် မဖြူတာပါ အစ်မရယ်”

ကာလီမ၏ ဖြေရှင်းချက်ကို ကြားရပြန်တော့ ခါးတိုင်းလိုပင် ခွင့်လွှတ်ရပြန်သည်။ ကျေနပ်လိုက်ရပြန်သည်။

“ဒီလိုလုပ်အေ၊ ညည်း အစ်ကိုရှိတယ် မဟုတ်လား။ သူက ရုံးပြင်ကနားသွားရတယ်။ လူကြီးလူကောင်းတွေနဲ့ တွေ့ ရတယ်။ ဒီတော့ သူ့အဝတ်ကဖြူမှ ဖြစ်မယ်။ သူ့အဝတ်ကို ဂရု စိုက်လျှော်။ ကျန်တဲ့ ကလေးအင်္ကျီတွေ ဘာတွေကိုတော့ သိပ်ဂရုမစိုက်ချင်နေ။ ဒါပေမဲ့ အိမ် တွေကို အလှည့်ကျနဲ့သွား။ သုံးရက်မှာ တကြိမ်လောက် တို့အိမ်ကို စောစောလာ၊ တို့အိမ်က ပြီးမှ သူများအိမ်သွား ဟုတ်လား”

သည်လိုဖြင့် ပြေလည်မှုရကာ ကာလီမ တတိယလ မြဲပြန်သည်။ သို့တိုင်အောင်လည်း အဝတ်တွေက ပေကျံပြီ။ တခါတရံ ရက်ပျက်တတ်သေးသည်။ သုံးလေးရက်ကြာအောင် မလာဘဲ နေချင်နေတတ်သည်။ မေးပြန်တော့လည်း ဆင်ခြေဆင်လက်အပြည့်နှင့်။ ညက ကလေးနေမကောင်း၍ အိပ်ရေးပျက်ပြီး မလှုပ်ချင်တာနှင့်၊ ပင်ပန်းတာနှင့်၊ ဆာတာနှင့်။

“ညည်းနဲ့ငါတော့ မဖြစ်ပါဘူး ကာလီမရယ်။ ရှိကြီးခိုးပါရဲ့။ ငါ တခြားလူခေါ်ပါရစေ။ ညည်း မလာပါနဲ့တော့”

အဘယ်သို့ပင်ပြောပြော၊ ကာလီမ မလာဘဲမနေ။ အဝတ်တွေ ကြိုပြီးလျှော်ထားလျှင် အိုးတိုက်ပေးသွားသည်။ အိုးကြိုတိုက်ထားလျှင် စကားစမြည် ပြောပြီး ပြန်သွားတတ်သည်။ ကာလီမနှင့် ပတ်သက်၍ အခြားပြဿနာများ ရှိသေးသည်။ ငွေကို လကုန်မှ ရှင်းခိုင်း၍မရ။ ကြိုတောင်းတတ်သည်။ တောင်း၍ မရလျှင် ချေးသည်။ တခါတရံ ကြိုယူငွေက လစာထက်ပင် နှစ်ဆလောက်များနေတတ်သည်။ မပေး၍လည်းမရ။ အမေ အသည်းအသန်ဖြစ်၍၊ ကလေးဆေးထိုးချင်၍နှင့်။ တခါတရံ စားစရာမရှိ ဆိုသဖြင့် ဆန်ပေးလိုက်ရသေးသည်။ ဆေးလိပ်အစ၊ မီးခြစ် အစ၊ သကြားအစ၊ ဆားအစ ထောက်ပံ့ရသေးသည်။

မလာနှင့်ပြောလည်း လာသည်။ နှင်လျှင်လည်း ပြုံးပြုံး ပြုံးပြုံးနှင့် ပေကပ်နေတတ်သည်။ ကာလီမ၏ တာဝန်သည် တနေ့ထက်တနေ့ ပိလာသည်၊ လေးလာသည်၊ ခက်သည်က သည်အကြားမှာ မကြာခဏဆိုသလို အဝတ်အစားများ ပျောက်ပျောက်သွားတတ်ခြင်းပင်။ ကလေးဘောင်းဘီ၊ ဂါဝန်၊ လုံချည် စသည့် အဝတ်အစားဟောင်းများ ပျောက်ပျောက်သွားတတ်သည်။ ပျောက်စက ပျောက်မှန်းမသိ။ ဝတ်မည်ကြံကာမှ မရှိဘဲ ဖြစ်နေတတ်သည်။ ဤသည်နှင့် ပတ်သက်၍လည်း အိမ်ရှင်မက ကာလီမကို စွပ်စွဲသည်။

သည်လိုနှင့် တနေ့ကျတော့ အကြီးမားဆုံး ပြဿနာပေါ်လာသည်။ ကလေးဆွဲကြိုး ပျောက်ခြင်းတည်း။

ရွှေက ဘာမျှမဖြစ်လောက် အဖိုးမတန်။ သို့သော် ကလေးအား အမှတ်တရလက်ဆောင် ပေးထားသည့်ပစ္စည်းဖြစ်၍ နှမြောကြသည်။

အဲသည်နေ့က ကာလီမတို့သားအမိ အစောကြီး ရောက်နေသည်။ ကြိုတင်ငွေတောင်းသည်။ အိမ်ရှင်မက မပေးနိုင်ဟု တင်းနေသည်။ ကာလီမသည် ဆွဲကြိုးရှင်သမီးငယ်အား ရေ ချိုးပေးခဲ့သည်။ သူပြန်သွားပြီး ခဏကြာတော့ ဆွဲကြိုးပျောက်ကြောင်း သိရသည်။ အိမ်မှာ နေရာအနှံ့ရှာသည်။ မတွေ့။ အဆုံးမတော့ ကာလီမကို ယိုးစွပ်တော့သည်။ ကာလိမ ခိုးသည်ဟု စွပ်စွဲသည်။

“ညည်း မယူလို့ ဘယ်သူယူမှာလဲ။ ညည်းပဲရှိတာ၊ ညည်းပဲ သမီးကို ရေချိုးပေးတာ။ ပစ္စည်းကတန်ဖိုးမရှိပေမဲ့ အမှတ်တရ ပေးထားတာအေ့။ ယူထားရင်ပြန်ပေး။ ညည်းတောင်းတဲ့ ပိုက်ဆံလည်း ပေးမယ်”

အိမ်ရှင်မက ချော့တခါ၊ ချောက်တလီဖြင့် တောင်းသည်။

“ကာလီမ မယူဘူး အစ်မ၊ ကာလီမ ဒါမျိုး မလုပ်ဘူး”

ကာလီမက ခါးခါးသီးငြင်းသည်။

“အိမ်မှာ လုံချည်တွေ၊ ဂါဝန်တွေ၊ ဘောင်းဘီတွေ မကြာခဏပျောက်တယ်၊ ညည်းပဲ နေမှာပဲ။ တို့ကတော့ သနားလိုက်ရတာ၊ ထောက်ပံ့လိုက်ရတာ။ ညည်း ဒါမျိုးလုပ်တာ ဘာ ကောင်းသလဲ”

မည်သို့ပင် ပြောပြော ကာလီမသည် မျက်ရည်ကလယ်ကလယ်နှင့် ငြင်းသည်။

“ကာလီမ မယူဘူး အစ်မ”

သို့ဖြင့် အဆုံးမှာတော့ ပစ္စည်းကို နိဗ္ဗာနပစ္စယော ဟောတု သဘောထားလိုက်ရတော့သည်။ လက်လျှော့လိုက်ရတော့သည်။ ကာလီမတို့ သားအမိလည်း ပြန်ကြတော့သည်။ အဲသည် ညနေမှာပဲ ပျောက်သော ဆွဲကြိုးကို အိပ်ရာထဲမှ ပြန်တွေ့ ရသည်။ အမှန်က သမီးသည် ညက အိပ်ရာထဲမှာ လူးရင်းလှိမ့်ရင်း ဆွဲကြိုးပြတ်ကျခဲ့ပုံရသည်။ ခေါင်းအုံးအောက်မှာ ပိနေသည်။ မနက်ထတော့ ဆွဲကြိုးမရှိသည်ကို သတိမထားမိ၊ ရေချိုးပြီးမှ သတိထားမိခြင်း ဖြစ်သည်။

ပြီး အဝတ်များ ပျောက်ဆုံးခြင်းနှင့် စပ်လျဉ်း၍လည်း လက်သည်ကို ရှာတွေ့ ကြပြန်သည်။ စင်စစ် အဝတ်ကို တန်းမှာ လှန်းစဉ်၌ ကလစ်ကို ကောင်းစွာမညှပ်၊ လေတိုးသောအခါ အဝတ်လွင့်ကျသွားသည်။ အိမ်နောက်ဖေး လမ်းကြားမှာက ပလတ်စတစ်ကောက်သူ၊ ဘူးခွံ ကောက်သူတို့ ဒုနှင့် ဒေး ဖြတ်သန်းသွားလာနေကြသည်။ ပိုင်ရှင်မမြင်လျှင် သူတို့က ကောက်ယူသွားကြသည်သာ ဖြစ်သည်။

သည်အကြောင်းတွေ သိလာရတော့ တအိမ်လုံး စိတ်မကောင်း။ အထူးသဖြင့် ကာလီမ နှင့် ပတ်သက်၍ဖြစ်သည်။ ကာလီမအား အမျိုးမျိုးစွပ်စွဲကာ နင်ပဲငဆ ပြောခဲ့မိသော အိမ်ရှင်မသည် ပို၍စိတ်မကောင်းဖြစ်ရသည်။ နောင်တရနေသည်။

“ကာလီမကို အုန်းပွဲ ငှက်ပျောပွဲနဲ့ လိုက်တောင်းပန်ရပုံပေါ်နေပြီ။ အေးလေ မနက်ဖြန် သူလာမှ တွေ့ ရတော့မှာပဲ”

သို့သော် နောက်တနေ့တွင် အခါတိုင်းလို ကာလီမှ ပေါ်မလာ။ နောက်နေ့ နောက်နေ့တွေမှာလည်း ကာလီမ ရောက်မလာတော့။ ကာလီမ၏ အရိပ်အယောင်ကိုသော်မှ မတွေ့ရ တော့။ သည်လိုနှင့် ရက်အတန်ကြာခဲ့သည်။

တနေ့မှာတော့ ကာလီမနှင့် လမ်းမှာ အမှတ်မထင်ဆုံးရသည်။ သည်ကပင်စ၍ နှုတ် ဆက်ရသည်။

“ဟေ့ ကာလီမ၊ အံမာ ပျောက်ချက်သား ကောင်းလှချည်လား၊ နင့်အစ်မ နင့်ကို ခဏ ဏမေးနေတယ်၊ အိမ်ဘက်လှည့်ဝင်လိုက်ဦး”

ကာလီမသည် မျက်လွှာချထားသည်။ မြေကြီးကို စိုက်ကြည့်ရင်းက စကားဆိုးသည်။

“အစ်ကိုတို့အိမ်ကို ကာလီမ ဘယ်တော့မှ မလာဘူးလို့ ဆုံးဖြတ်ထားတယ် အစ်ကို”

“အိုဟို တယ်ကြီးကျယ်ပါလား၊ ဆိုစမ်းပါဦး ဘာဖြစ်လို့”

ကာလီမ၏မျက်နှာမော့လာသည်။ မျက်နှာရှိ အကြောစိုင်တို့မှာ ဆုံးဖြတ်ချက်ဖြင့် တင်းမာလာသည်။ မျက်ဝန်းတို့သည်လည်း စူးရှတောက်ပနေသည်ဟု ထင်နေရသည်။ ကာလီမထံမှ စကားသံများ ထွက်ပေါ်လာသည်။

“အစ်ကိုသိတဲ့အတိုင်း ကာလီမဆင်းရဲတယ်၊ စားစရာမရှိဘူး။ ဒါပေမဲ့ ကာလီမမှာ လက်နှစ်ဖက်ရှိတယ် အစ်ကို၊ ကာလီမ လက်နဲ့ လုပ်စားတယ်၊ အဝတ်မဖြူဘူးနော်၊ ကာလီမ အပြစ်ပါ၊ ကာလီမ အမှားပါ။ အဝတ်မဖြူလို့ အစ်ကိုတို့ စိတ်ဆိုးတယ်နော် ကာလီမ ခံပါတယ်။ ရိုက်ရင်လည်း ခံမှာပဲ အစ်ကို။ ဒါကြောင့် အဝတ်တွေ မဖြူလို့ အစ်ကိုတို့ စိတ်ဆိုးပြီး မလာနဲ့ပြောတယ်နော်၊ ကာလီမ စိတ်မနာဘူး၊ လာပါတယ်။ ဒါပေမဲ့ အခုဟာက ကာလိမ မယူဘဲ ယူတယ်ပြောတယ်။ ကာလီမ မခိုးဘဲ ခိုးတယ်ပြောတယ်။ ကာလီမ ငတ်သေချင်သေပါစေ၊ သူတပါးပစ္စည်း ဘယ်တော့မှ မခိုးဘူး စိတ်ချ။ အစ်ကို လူကြီးပဲ၊ စဉ်းစားကြည့်ပါ၊ လက်နဲ့ လုပ်စားတဲ့လူကို အစ်ကိုတို့ သူခိုးစွပ်စွဲတယ်၊ မကောင်းဘူးရှိတယ် အစ်ကို။ ကာလီမသိက္ခာ အများကြီးကျတယ်။ ဒါကြောင့် ကာလီမ အများကြီးစိတ်ဆိုးတယ်။ အခု ကာလီမမှာ အလုပ် မရှိဘူး၊ စားစရာမရှိဘူး၊ ဒါပေမဲ့ အစ်ကိုတို့အိမ်ကို တသက်လုံး ပြန်မလာဘူး၊ ဒါပါပဲအစ်ကို ကာလီမ သွားမယ်”

ကာလိမသည် မျက်စိအောက်မှ ထွက်ခွာသွားသည်။ အရည်ပျော်ဆင်းမတတ် ပူပြင်း နေသော ကတ္တရာလမ်းကို ဖိနပ်မဲ့ ခြေဖဝါးဖြင့် နင်းကာ ဖြတ်ကျော်သွားသည်။

အံ့သြသည်လား ထူးခြားဆန်းကျယ်သည်လား၊ ဝမ်းသာ ကျေနပ်မိသည်လားမသိ၊ တစုံတခုသော ခံစားချက်ဖြင့် ကြက်သီးမြမြထကာ ကာလီမ၏ ကျောပြင်ကို ငေးစိုက်ကြည့် နေမိသည်။

“ဪ ... ကာလီမ”

ရင်ထဲမှ ယင်းသို့လည်း ဥဒါန်းကျူးလိုက်မိပါသည်။

---

#မောင်သိန်းဆိုင်
#ကာလီမ၏မာန

#shared_by_louis_augustine
#sbla

Comments