ဆွမ္မားဆက်မောန်ကို မုန်းတယ် // ပါပီယွန်

ဆွမ္မားဆက်မောန်ကို မုန်းတယ် // ပါပီယွန်

(မက္ကဇင်ပါပီရဲ့ ထရော်မာများ)

---

ဆွမ္မားဆက်မောန် ( Somerset Maugham ) ဆိုတာ အလကားကြီးဗျ။ ခင်ဗျားတို့သူ့စာတွေသွားမဖတ်ပါနဲ့၊ အလကားဟာတွေ။ ကျွန်တော်တော့ အရက်မူးမူးနဲ့သူ့စာတွေဖတ်ပြီး မျက်ရည်ကျရတယ်။ ကျွန်တော့်နှလုံးသားကို လာလာဆုပ်ချေပစ်လိုက်သလိုပဲ။ ဘယ်တော့မှ မဖတ်လေနဲ့။ ဖတ်ခဲ့ဖူးတယ်ဆိုရင်တောင် သတိပြန်မရမိအောင်ကြိုးစားပါ။ ခင်ဗျား ခြေတဖက်ဆာနေတဲ့ “ဖိလစ်” ဆိုတဲ့ ကောင်လေးဖြစ်သွားလိမ့်မယ်။ လေလွင့်နေတဲ့ မိန်းမတယောက်ကို ကိုးကွယ်မိတဲ့ ကောင်လေးတယောက်ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တော့ မဖတ်တော့ဘူး။ ဒါပေမယ့် ကျွန်တော်ခုပြောချင်နေတာက အဲ့ဒီ “လူ့နှောင်ကြိုး” ဆိုတဲ့ ဂန္ထဝင်ဘုတ်အုပ်ကြီးမဟုတ်ဘူး။ ခပ်တိုတိုလေးနဲ့ ထိရှသွားစေတဲ့ ဝတ္ထုတိုလေးတပုဒ်ဗျ။ The Unconquered ဆိုတဲ့ဝတ္ထု။ သေချာတော့ မမှတ်မိတော့ဘူး။ ကျွန်တော့် မှတ်ဉာဏ်ထဲ ပေါ်လာသလောက် ပြန်ပြောကြည့်မယ်ဗျာ။

ဇာတ်အိမ်တည်ထားတဲ့ နေရာက ဒုတိယကမ္ဘာစစ်နာက်ခံကာလ ပြင်သစ်ပြည်မှာပေါ့။ ပြင်သစ်တတိုင်းပြည်လုံး အဲဒီ့အချိန်က ဂျာမန်တွေရဲ့ကျူးကျော်မှု ခံထားရတဲ့အချိန်ကိုး။ အဖွင့် ဇာတ်ဝင်ခန်းက ဘယ်လိုလဲဆိုတော့ မူးမူးရူးရူးနဲ့ လျှောက်သွားကြရင်း ဂျာမန်စစ်သားတစုဟာ ပြင်သစ်ကျေးလက်က ယာတောအိမ်လေးတခုဆီရောက်သွားကြတယ်။ သူတို့ အဲ့ဒီအိမ်လေးထဲ ဝင်သွားကြတော့ ( ရေတောင်းသောက်ဖို့လားမသိဘူး ) အိမ်ရှင်အဖိုးကြီးအဖွားကြီး လင်မယားနဲ့တွေ့တယ်။ သူတို့ကို လိုလားဟန်မပြတဲ့အပြင် မနှစ်မြို့တဲ့ မျက်နှာအမူအရာတွေနဲ့ဆက်ဆံလာတယ်။ အဲ့ဒီအချိန်မှာ အောင်နိုင်သူ ဂျာမန်ဆိုတဲ့ စိတ်ကြီးကလည်း ဝင်၊ အရက်ကလည်း အတော်မူးနေကြတဲ့ Hans နဲ့ သူ့အဖော်စစ်သားတို့ဟာ ယာတောပိုင်ရှင် အဖိုးကြီးနဲ့ အချင်းများကြရောဆိုပါတော့။

အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ သူတို့ကို အင်မတန် ရွံရှာစက်ဆုတ်တဲ့ဟန်နဲ့ အခန်းပေါက်ဝကနေ ကြည့်နေတဲ့ ပြင်သစ်တောသူမလေး တယောက်ဗျ။ မူးကမူး၊ သွေးကလည်း ကြွနေတဲ့ Hans တယောက် အဖိုးကြီးကို လက်သီးနဲ့ ပိတ်ထိုးပစ်လိုက်ပြီး သူ့အဖော် စစ်သားကို “မင်းဒီအဖိုးကြီးကို ငြိမ်အောင် ကိုင်ထားလိုက်စမ်း” လို့ လှမ်းပြောရင်း သူတို့ရဲ့သမီးပြင်သစ်မလေးကို အခန်းတံခါးပိတ်ပြီး အဓမ္မပြုကျင့်နေတာလေ။ အဖွင့်ဇာတ်ဝင်ခန်းကဒါပဲ။ ခင်ဗျားတို့ စိတ်ထဲမှာ Hans ဆိုတဲ့ဂျာမန်စစ်သားကို မုန်းပြီပေါ့။ မျက်စိထဲလည်း မြင်ယောင်လာမယ်။ သံခမောက်အောက်က နှာခေါင်းကောက်ကောက်၊ ကောက်ကျစ်တဲ့ မျက်လုံးတွေ၊ ရင်ဘတ်မှာ ဆုရ သံစကြာတံဆိပ်တပ် ယူနီဖောင်းနဲ့ လူယုတ်မာ ဂျာမန်စစ်သား။ တကယ်တမ်းတော့ မဟုတ်ဘူးရယ်။

အဲ့ဒီလို အဖြစ်အပျက်တွေဖြစ်အပြီး နောက်ရက်တခုမှာ Hans ဆိုတဲ့ကောင် အဲ့ဒီယာတောလေးကို ပြန်ရောက်လာပြန်တယ်။ တုန်လှုပ်ကြောက်ရွံ‌နေတဲ့ မျက်လုံးပြာပြာ၊ ရွှေရောင်ဆံပင်တိုတိုနဲ့ ယဉ်ကျေးတဲ့ဂျာမန်လေးတယောက်က လာတောင်းပန်နေတယ်။ ကျွန်တော်မှားပါတယ်ဗျာ။ အရက်တွေ အလွန်အကျွံ မူး‌နေခဲ့တော့ ဘာလုပ်ခဲ့ မိမှန်း မသိပါဘူး။ ကျွန်တော် မိကောင်းဖခင် သားသမီးပါဗျာတဲ့။ အဖွားကြီးက ကြောက်စိတ်မပြေသေးတဲ့ မျက်နှာနဲ့ သူ့ကို ငေးကြောင်‌ကြည့်နေသလို အဖိုးကြီးကတော့ အံတင်းတင်းကြိတ်လို့ အဝေးကို ငေးနေတယ်ပေါ့။ သူတို့သမီးပြင်သစ်ကျေးတောသူလေးခမျာ ညစ်နွမ်းခဲ့ရပြီ မဟုတ်လား။ လွယ်လွယ်နဲ့ခွင့်လွှတ်ရတဲ့ကိစ္စလားဗျာ။ အဲ့ဒီနေ့က ဘာစကားမှ မဆိုဖြစ်ခဲ့ကြဘူး။

နောက်နေ့တွေမှာလည်း ဂျာမန်စစ်သားလေး Hans အဲ့ဒီယာတောလေးဆီထပ်ရောက်လာပြန်တယ်။ နောက်ထပ် တရက်၊ နောက်ထပ် တနေ့၊ စစ်ကြီးအတွင်း ရှားပါးငတ်မွတ်ကြတဲ့ ကာလကြီးဆိုတော့ တပ်ကရလာတဲ့ ရာရှင်ထဲက ဝက်ပေါင်ခြောက်ကလေး၊ ဝိုင်ပုလင်းလေးတွေ 
“ဦးနဲ့ဒေါ်ဒေါ်တို့အတွက်ပါ ခင်ဗျာ” ဆိုပြီး ယူယူလာပေး၊ စကားစမြည်တွေပြော၊ ယာတောအိမ်လေးက လုပ်ငန်းဆောင်တာလေးတွေ ကူပေးနဲ့၊ အချိန်တွေ ကြာစပြုလာတဲ့ တနေ့မှာ အမယ်အိုကြီးက သူ့ကို စကားခေါ်ပြောတယ်။

“ဒီမယ် မောင်ရင်လေး .... ခုအဒေါ့် သမီး Annette တယောက် မင့်ကိုယ်ဝန်ကို လွယ်ထားရပြီကွယ်” တဲ့။
ခပ်လှမ်းလှမ်းမှာ အိမ်မှုကိစ္စတွေလုပ်နေတဲ့ ပြင်သစ်မလေးကို လှမ်းကြည့်လိုက်တော့ သူ့ကို မျက်နှာလွှဲထားရင်း အံတင်းတင်းကြိတ်လို့ နာကျည်းနေဟန်လေး။ အဖိုးကြီးကတော့ သက်ပြင်းချရင်း ခေါင်းကို တွင်တွင်ခါလို့ပေါ့။ အဲ့ဒီအချိန်မှာပဲ Hans တယောက် ခံစားချက်တခု ဖြစ်လာတယ်။ ပါးရိုးကြီးကြီး၊ အရပ်မြင့်မြင့်၊ ရွက်ကြမ်းရေကျိုလောက်ပဲ ရှိတဲ့ ပြင်သစ်တောသူလေးကို သူအင်မတန် မေတ္တာသက်ဝင်စိတ်တွေဖြစ်သွားတယ်။ အဲ့ဒီကောင်မလေး သူ့ရင်သွေးလေးကို မွေးပေးတော့မယ်။ သူ့ဘဝဟာ ဒါပါပဲ ဆိုတဲ့ စိတ်ချမ်းသာမှုတခု ရလိုက်တယ်။

Hans ပြောလိုက်တယ်။ “ကျွန်တော် ဦးနဲ့ ဒေါ်ဒေါ်တို့သမီးကို လက်ထပ်ချင်ပါတယ်။ လက်ထပ်ပြီးရင်လည်း ဒီယာတောလေးမှာပဲ သေတပန်သက်တဆုံး နေသွားချင်ပါတယ်။ ခွင့်ပြုပါခင်ဗျာ” တဲ့။ နားမလည်တဲ့ အကြည့်နဲ့ကြည့်နေတဲ့ အဖိုးကြီးနဲ့ အဖွားကြီးကို သူဘယ်သူဆိုတာပြောပြလိုက်တယ်။ သူဟာ ဂျာမန်ဆွေကြီး မျိုးကြီး၊ သူကောင်းတ‌ယောက်ကနေ ဆင်းသက်လာတဲ့ သူကောင်းတယောက်ဖြစ်ကြောင်း၊ ဘာလင်တက္ကသိုလ်မှာ ပညာသင်ကြားဆဲ ကျောင်းသားတယောက် ဘဝကနေ စစ်ကြီးဖြစ်လာတော့ မျိုးချစ်စိတ်ကြောင့် စစ်ထဲလိုက်လာတာဖြစ်တဲ့အကြောင်း၊ သူ့မိဘတွေဆီကို စာတစောင်ရေးပြီး သူလက်ထပ်တော့မယ်ဆိုတာ အကြောင်းကြားမယ်၊ ကြွယ်ဝတဲ့ မိဘတွေဆီက စက်မှုလယ်ယာသုံး ယန္တရားတွေဖြစ်တဲ့ ထွန်စက်တွေ ဘာတွေ လှမ်းမှာပြီး တပ်ကထွက်စာတင်၊ ဟော့ဒီယာတောလေးမှာ အေးအတူ ပူအမျှ လယ်ယာတွေထွန်ယက် စိုက်ပျိုးရင်း နေထိုင်သွားတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အစရှိသဖြင့်ပေါ့။

တရက်မှာတော့ Annette တယောက် Hans ကိုပိုပြီး စိတ်နာစရာအဖြစ်အပျက်တခုဖြစ်လာသေးတယ်။ ကျူးကျော်သူတွေကို ခုခံစစ်ဆင်နွှဲနေတဲ့ သူ့ချစ်သူ ပြင်သစ်ကျောင်းဆရာ တော်လှန်ရေးသမားလေးဟာ တိုက်ပွဲမှာ ကျဆုံးသွားပြီဖြစ်တဲ့အကြောင်း ကြေးနန်းရောက်လာတာကိုး။ အဲဒီခံစားချက်ကို Hans က စာနာ နားလည်ပါတယ်။ ဂျာမန်တွေ ဘယ်သူနဲ့ စစ်ပြုနေတယ်ဆိုတာလည်း သူမှ စိတ်မဝင်စားတော့တာ။ သူသိတာ သူချစ်တဲ့ ပြင်သစ်မလေး၊ သူ့ရင်သွေးလေးကိုး။ Annette တယောက်သူ့ကို ဘယ်လိုနာကျည်းနေပါစေ၊ တနေ့နေ့တော့ သူ့ကို ခွင့်လွှတ်လာနိုင်မယ်လို့ သူယုံကြည်တယ်လေ။ ဒီလိုနဲ့ သူ့မူလ အစီအစဉ် တပ်ကို ထွက်စာတင်ဖို့ စီစဉ်၊ မိဘတွေဆီ အကြောင်းကြား အစရှိသဖြင့် လုပ်နေလိုက်တယ်။ ကောင်မလေးရဲ့ကိုယ်ဝန်ကလည်း တဖြည်းဖြည်းရင့်မာလာနေသလို Hans နဲ့ ယာတောက မိသားစုရဲ့ ဆက်ဆံရေးကလည်း သံယောဇဉ်တွယ်တာစ ပြုလာနေပြီ။ သူချစ်တဲ့ ပြင်သစ်မလေးကလည်း ခုဆို သူ့ကိုအရင်လောက် မုန်းတီးတာမျိုး မရှိတော့ဘူး။ တခါတလေ စကားလေးဘာလေး ပြန်ပြောစပြုလာပြီပေါ့လေ။

တပ်ကထွက်စာတင်တဲ့ ကိစ္စနဲ့ရှုပ်နေတော့ သုံးလေးရက်လောက်ကြာသွားတဲ့ Hans တယောက် အားနာနဲ့ ယာတောအိမ်လေးဆီ မနက် မိုးကောင်းကောင်းမလင်းသေးခင် အပြေးလေးရောက်လာပြန်တယ်။ ဝမ်းသာအားရဖြစ်နေတဲ့ အမယ်ကြီးက ခြံပေါက်ဝကနေ ဆီးကြိုပြီး သူ့ကို အော်ပြောလိုက်တယ်။ “မောင်ရင်ရေ၊ မနေ့ကပဲ Annette တယောက်မီးဖွားတယ်၊ ယောက်ျားလေးဟဲ့” တဲ့။ လှိုက်ခနဲ ပျော်သွားတဲ့ စိတ်နဲ့ Hans တယောက် အမယ်အိုကြီးကို ပွေ့ဖက်လှုပ်ရမ်းလိုက်ရင်း အိမ်ထဲကို အပြေးကလေး ဝင်လာမိတယ်။ ဘယ်မှာလဲ ငါ့ချစ်ဇနီးလေး ဘယ်မှာလဲ ငါ့သားကလေး။ အခန်းထဲမှာ မတွေ့ပါလား။ အမေ ဘယ်မှာတုံးဗျ အမေ့သမီးနဲ့ မြေးလေးက။ ထိတ်ထိတ်ပျာပျာ ဖြစ်သွားတဲ့ အမယ်ကြီးက တအိမ်လုံးကို လိုက်ကြည့်တယ်။ တကြော်ကြော်အော်တယ်။ “Annette သမီး ... ဟဲ့ကောင်မလေး ဘယ်ရောက်သွားတာတုံး၊ ခုလေးတင် အခန်းထဲမှာပါ။” သူတို့နှစ်ယောက် အိမ်ထဲမှာ ပျာယာခတ်နေတုန်း အိမ်ပေါက်ဝမှာ လူရိပ်တခု တွေ့လိုက်ရတယ်။ ညဝတ်အိပ်ဝတ်စုံ ဖို့ယို့ဖားယားကြီးနဲ့ Annette၊ ရေတွေလည်း တကိုယ်လုံး စိုရွှဲလို့။ Hans မျက်နှာကို ပြုံးရင်း စိုက်ကြည့်နေတယ်။ ခပ်တိုးတိုးလေးပြောတယ်။

“ဆံပင်ရွှေရောင် မျက်လုံးအပြာလေးနဲ့၊ ရှင့်လိုပဲ အင်မတန်ချောတဲ့ ဂျာမန်လေး သိလား၊ အသက်လည်း ပြင်းလိုက်တာရှင်၊ နောက်ဖေးချောင်လေးထဲမယ် မနည်းကို ရေနှစ်သတ်လိုက်ရတယ်”

အမယ်ကြီးက ဘုရားဘုရားလို့ ရေရွတ်ရင်း လဲကျသွားသလို။ ဂျာမန်စစ်သားလေး Hans တယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတဲ့တိရစ္ဆာန်တကောင်လို စူးစူးဝါးဝါးအော်ဟစ်ရင်း ဒယီးဒယိုင် နဲ့ ယာတောအိမ်လေးထဲကနေ ထွက်ခွာသွားခဲ့တယ်။ 

ဇာတ်လမ်းက ဒါပါပဲကွာ။ ကျွန်တော် ပြောခဲ့ဖူးသလိုပါပဲ။ ဆွမ္မားဆက်မောန် မကောင်းဘူးဗျ။ သွားမဖတ်လေနဲ့။ ခင်ဗျားတို့ကို အနာတရ ဖြစ်စေလိမ့်မယ်။ ခင်ဗျားမနှစ်မြို့စရာတချို့ပြလိမ့်မယ်။ ပြီးရင် အာရုံကို တခြားလွှဲထားမယ်၊ မျှော်လင့်ချက်ကလေးတွေနဲ့ပျော်အောင် ဖန်တီးလိမ့်မယ်။ ယာတောအိမ်ကလေးထဲ လယ်သမားလေးနဲ့ သူ့ဇနီး၊ အဖိုးကြီး အဖွားကြီး၊ သူတို့မြေးကလေး အစရှိသဖြင့် ခင်ဗျားတွေးချင်သလို တွေးလို့ရအောင် မျှော်လင့်ချက်တွေ ပေးထားလိမ့်မယ်။ ဒါပေမယ့် အဆုံးသတ်မှာ ခင်ဗျားတို့နှလုံးသားကို ထုခွဲသွားလိမ့်မယ်။ နောက်ဆုံး ဇာတ်သိမ်းခန်းကို ဖတ်ခဲ့စဉ်က ကျွန်တော် ကယောင်ကတမ်းနဲ့ ခါးကြားကိုစမ်းလိုက်မိသေးတယ်။ ခါးကြားမှာ ပစ္စတို တလက် အသင့်ရှိနေခဲ့ရင် ကိုယ့်နားထင်ကိုယ်တေ့ပြီး ပစ်ချလိုက်မိမယ်ထင်တယ်။ အဲ့ဒါ ဆွမ္မားဆက်‌မောန်ပဲ။ ကျွန်တော်သူ့ကို မုန်းတီးတယ်ဗျာ။

---

(Genius Bookhouse Page မှ ကူးယူပြီး ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။ )

---

#ပါပီယွန်
#ဆွမ္မားဆက်မောန်ကိုမုန်းတယ်

#shared_by_louis_augustine
#sbla

Comments