အယူအဆနဲ့အလွဲ // သော်တာနှင်း

အယူအဆနဲ့အလွဲ // သော်တာနှင်း

(ကလောင်သစ် စာမျက်နှာသစ်)

---

- ၁၉၈၈

ကိုဖိုးယုံကြီးကတော့ ထုံးစံအတိုင်းလှလို့ပလို့ပါဗျာ။ ကေ ကို တဖက်လဲဖြီးရင်း ရွာထဲက မယ်လေးတွေ ငေးမလားဆိုတဲ့အတွေးနဲ့ ပြင်လာဆင်လာတယ်။

“ဟေ့ကိုယ့်လူရ လူကြီးလူကောင်းတွေနဲ့သွားတွေ့မှာလား”

“မဟုတ်ဘူး”

“အလုပ်ခွင်ကိုကိုး တယ်လှလို့ပါလား”

“ကျုပ်အတွက်ရော ခင်ဗျားတို့အတွက်ရော အခုထိဆန်းသေးသလား”

“ဆန်းတယ်ကွ မင်းဆံပင်က အဲ့လိုဖြီးတာ အခုမှမြင်ဖူးတာ”

ဟုတ်လည်းဟုတ်ပါတယ်။ ဒီနေ့မတိုင်ခင်က စပါးအကောက်ဆင်းတဲ့ မယ်တယောက် ကိုဖိုးယုံရင်ထဲ ကပ်ငြိထားတာကြောင့်ပဲ။ ကပ်ငြိတယ်ဆိုပေသိ ငတိကသူ့ကိုယ်သူလည်းဘာဖြစ်တယ်မသိရှာဘူး။ မတွေ့ရရင် မျှော်နေမိတာတော့ဖြစ်သေး။ 

မျက်လုံးထဲလည်း အကြိမ်ပေါင်းမရေမတွက်နိုင်ဘဲ အမျိုးသမီးများ မြင်ဖူးတွေ့ဖူးနေခဲ့ပြီ။ ဒီတကြိမ်...ဒီတကြိမ်။ မြို့ကလာတဲ့ မဟေသီလေးတွေလည်း မြင်ဖူးပါရဲ့...။ အယ်...ဒါပေမယ့် ဒီမဟေသီက လှသလိုလိုယဥ်သလိိုလို။ ကိုဖိုးယုံမတွေးတတ်တော့ပါ။ 

ကိုဖိုးယုံတို့အိမ်မှာ မိသားစုသုံးယောက်သာရှိတယ်။ အကိုအကြီးဆုံးက အခုသူပုန်ဆိုလား ဘာဆိုလား အစိုးရအခေါ်အဝေါ်အရ။ တော်လှန်ရေးသမားလေးဖြစ်သွားခဲ့တယ်။ သူဟာ ငယ်ငယ်ထဲက အမေအားအကိုးရဆုံးသားအဖြစ် ခြောက်နှစ်တိုင်တိုင်ပညာသင်ကြားခဲ့ပြီး မြို့မှာအထက်တန်းနဲ့ ကျောင်းပြီးတယ်။ မြို့မှာအနေကြာလာလို့၊ အဝေးရောက်မိသားစုလေးအပေါ်အရမ်းကိုကြင်နာ၊ အထောက်အကူပြုရှာတယ်။ 

တက္ကသိုလ် ပထမနှစ်ပြီးလို့ရွာကို တခေါက်ပြန်ရောက်လာခဲ့ပြီး လုံးလုံးပျောက်သွားခဲ့တယ်။ မြို့မှာပဲ ကျောင်းပြန်တက်နေသလား။ ဒါမှမဟုတ်မိန်းမပဲ ယူသွားသလားဆိုတာ ကိုဖိုးယုံတို့ သားအမိခင်ဗျာ မသိရှာ။ အမှန်တော့ တော်လှန်ရေးသမားလေးဖြစ်သွားခဲ့တာပဲဖြစ်တယ်။ ပုံမှန်ဆို အကို့အထောက်အပံ့ဖြင့်မိသားစုမှာ လောက်ငှ နေခဲ့ပေမယ့် အခုခင်ဗျာ အကိုဟာ မရှိတော့...။ ကိုဖိုးယုံက ရွာမှာသူ့တက်သမျှ အမေ့ကို ရှာကျွေးရင်း အေးအေးလူလူရှေ့ဆက်နေခဲ့တယ်။ အရင်ကတော့စက်ဘီးအပြင်ဆိုင်သေးသေးလေးမှာပဲ အကူလုပ်ပြီးနေနေခဲ့တယ်။

အခုတော့ဒီလောက်နဲ့မရတော့ပေ။ ရှေ့ဆက်စရာတွေကိုတော့ နုံနုံအအ ငတိကလေးခင်ဗျာတွေးရှာ၊ သိရှာတယ်။ ဘာရည်မှန်းချက်မှလည်း မရှိသလို၊ မိန်းမယူဖို့လည်းမသိရှာ။ သူသိတာအမေ...။

“ဟေ့ဆရာချက် ဒီနေ့နောက်ကျတယ်နော်”

“အေးကွ ကားတွေမရပ်တာကွ”

ဟေ ကားတွေ ဒီစကားကြားတော့ကိုဖိုးယုံလည်း အံသြနေခဲ့တယ် ကားတွေ ဘာကားတွေလဲ။

“အကိုချက် ဘာကားလဲဗျ”

“အော် လမ်းကြုံကားတွေပါ ငါမင်းတို့ရွာဘက်လာရင် အမြန်လမ်းမကြီးပေါ်ကို သုံးမိုင်လောက်ခြေကျင် ကျုံးရတယ်၊ ပြီးရင်လမ်းမပေါ်တက်၊ တွေ့ကရာ ကားတားပြီး လမ်းကြုံလိုက်ရတယ်။ ဒါဖြင့် ကားမရတဲ့ နေ့တွေတောင်ရှိသေး၊ ဒီနည်းနဲ့ပဲလာနေကျလေ”

“အယ် ဟုတ်ပြီဗျာ”

ကားတားတယ်ဆိုတာ ဘယ်လိုမျိူးလဲ။ ကိုဖိုးယုံ နားလည်သလိုလိုတော့ရှိခဲ့ပါရဲ့။ လမ်းမှာတွေ့သမျှကားနဲ့ လမ်းကြုံလိုက်လို့ရကြောင်း သဘောပေါက်သွားတယ်။ ဆိုက်ထဲအလုပ်ကြမ်းလုပ်လာတာတော့ အတော်ကြာပါပြီ တခါတလေဆို ပင်ပန်းလွန်းလှတယ်။ အနေကြာလို့ အသားကျတယ်ဆိုတာ တကယ်မရှိပါ။ လုပ်ရင်းလုပ်ရင်း လုပ်သလောက်ပင်ပန်းရတာချည်းပါ။ မြင်သူတကာတွေတော့ ပင်ပန်းမှန်း သိပေမယ့် တကယ်လုပ်ရတဲ့ကိုဖိုးယုံသာ အသိဆုံးပါ။ 

အကို့သတင်းကိုလည်း တနေ့တနေ့ မျော်ရသေးပါတယ်။ ဒါပေမယ့် ဘာအစအနမှမရခဲ့ပါ။ မြို့မှာရုတ်ရုတ်သည်းသည်းဖြစ်တယ်ဆိုတာတော့ ကြာမိပါရဲ့။ လူတွေ ဝိုင်းဒိုင်းကြဲ ဆူညံကြတာလည်း တနေ့တနေ့ကြားရပါတယ်။ ဒါပေမယ့် ကိုဖိုးယုံကြီးခမျာ ဘာဖြစ်မှန်းမသိရရှာ။ အဲ့လောက်ထိလည်း ဥာဏ်မီမှန်းမိမိ ကိုယ်ကိုယ် သဘောပေါက်ပါရဲ့။ 

ဒီလိုနဲ့သာရှေ့ဆက်လာခဲ့ရင်း အသက်၂၉နှစ်အရွယ် ကိုဖိုးယုံလည်း အချစ်အကြောင်းဘာမှန်းမသိတော့ ဘဝအကြောင်းဆိုလည်း ဘာမှန်းမသိဘဲ တအူအူတလည်လည်နဲ့ အလုပ်တွေနင်းကန်လုပ်ဖို့သာ တွေးတော့တယ်။ ဘယ်သူဘာပြောပြော မသိသော်လည်း သိဟန်ဆောင်ပြီး နေလာပြီး ကြာလာတော့ အနီးအနား ပေါင်းရသင်းရတဲ့လူတွေက သိရိပ်မိလာပြီးအမိဖမ်းခဲ့တယ်။

“ပြောဦးမယ်ကွ၊ ငါဟိုနေ့ကမြို့က ဆိုင်ကယ်တစီးဝယ်လာတာ၊ အခုထိတော့ဘာမှမဖြစ်သေးဘူးအကောင်းကြီးရှိသေးတယ်။”

“ဟာဆရာကြီး ဒီနားတော့ မယူလာနဲ့နော် ကျုပ်နားညီးလွန်းလို့”

“ဟာ ငါ့လခွီး ဆိုင်ကယ်ကွ၊ ထော်လှချီမှတ်နေလား မင်းဂျီးတော်”

“ကျုပ်ထော်လာဂျီလောက်သိတာရယ်”

“နောက်နေ့ငါယူလာပြမယ်ကွ”

ထုံးစံအတိုင်း ဆိုင်ကယ်ကြီးကို တဝူးဝူးနဲ့ ဆိုက်ထဲမောင်းချလာခဲ့တဲ့ ကိုဝတုတ်ကို ဖိုးယုံတယောက် ပြုံးပြူံးကြီးငေးကြည့်နေခဲ့တယ်။ သူ့စိတ်ထဲ အားကျတာလား မနာလိုတာလား ဘာတခုမှတော့မဖြစ်မိပါ။ အမှန်အတိုင်းဝန်ခံရရင် သူလည်းဒီလို လိုချင်မိတာတော့ရှိသေးတယ်။

“ဟာဆရာကြီး ခင်ဗျားဘီးက ကောင်းရောကောင်းရဲ့လား၊ ဝယ်ထားတယ်သာပြောတာ ချိုင့်တွေဂွက်တွေချည်းပဲ”

“ဖိုးယုံရေ မင်းဂျီးတော် ထဲမှ၊ ဆိုင်ကယ် ဘီးက ဒီလိုပဲကွ စလစ်ဖြစ်မှာဆိုးလို့ အဲ့လိုထည့်ပေးထားတာလေကွာ”

“နို့သိဘူးလေဗျာ”

“နေစမ်းပါဦး၊ မင်းအရင်က စက်ဘီးပြင်ဆိုင်မှာ လုပ်ဖူးတယ်လေ”

“ဒါပေမယ့်ဆရာကြီးရာ ကျုပ်ကိုအဲ့လူ တောက်တိုမယ်ရပဲ ခိုင်းတာ ဘာမှပေးမပြင်ဘူး၊ တခေါက်ရှိ ဟိုဟာလေးဝယ်ပေးပါဦး ညီလေးယုံ၊ ဒီဟာလေးဝယ်ပေးပါဦး အလွန်ဆုံးလုပ်ရ ဘီးလေးဖာရတာပဲ ဒါပင်မယ့် ကျုပ်ပျော်တယ်ဗျ အဲ့လူကို သိပ်ကျေးဇူးတင်ဦးမယ်၊ ကျူပ်ဘိုင်စကယ်လိုချင်တာလေ၊ သူ့ရဲ့ဘိုင်စကယ်လေးနဲ့ ခိုင်းတယ်။ ကျုပ်ဖြင့် သွားဝယ်ပေးနေရရင်ကို ကျေနပ်နေတာ၊ နောက်ပြီး အပေါက်ကလေးများဖာလိုက်ရရင် ကျုပ်အတွက်စိတ်ချမ်းသာစရာပဲ”

ကိုဖိုးယုံက စိတ်မချမ်းမြေ့စရာကြားက ကောက်ကာငင်ကာ ပျော်တယ် ထဖြစ်သွားတယ်။
ဒီလိုကျတော့လည်းနားထောင်သူတိုင်း ဂရုဏာစိတ်ကလေးဝင်ရင်း ကိုဖိုးယုံကြီးကိုသနားပြီး မှင်သက်ကြည့်နေမိတယ်။

“လာကွ၊ ဆိုင်ကယ်လိုက်စီးစမ်း ဖိုးယုံ”

“ဟာဆရာကြီး ကျုပ်ကြောက်တယ်ဗျ၊ ဘိုင်စကယ် စစီးတုန်းကတောင် ကျုပ် ခဏခဏမျက်ခွပ်စုတ်နေတာ၊ ကျုပ်အမေကစိတ်ပူရှာတယ်၊ နင့်မျက်နှာကြီး အိမ်မပါလာရင် ဘယ့်နှယ့်လုပ်မလဲတဲ့”

ဒီတခါတော့ ဘေးကလူတွေ ခွက်ထိုးခွက်လန် ရယ်လိုက်ကြတယ်။

“လာပါကွ၊ မင်း အခွင့်အရေးဆိုတာ နှစ်ခါမရဘူးနော်၊ မင်းနောက်က လှတင်ကြီးတောင်စီးချင်သပ ဆိုလို့ငါကလွှတ်အမြင်ကတ်နေတာနဲ့ပေးမစီးတာ။”

“ဟာ ကျုပ်လာပြီနော်၊ ကြည့်လည်းလုပ်ဦးနော်ဆရာကြီး၊ ကျုပ်အမေပြောသလိုမဖြစ်စေနဲ့ဦး”

ဖိုးယုံဟာ လွှတ်ခနဲပြောနေရင်း ဆိုင်ကယ်ပေါ် ခွတက်လိုက်တယ်။

“အေး မင်းအမေပြောတာထက် တကိုယ်လုံးပါ ပြန်မပါစေရဘူး”

ကိုဝတုတ်ကြီးလည်း ကျီစားရင်း ဆိုင်ကယ် တချက်ဝူးခနဲမောင်းနှင်ခဲ့တယ်။

“ဟေ့ကောင် ခါးမတို့နဲ့ ယားတက်တယ်ကွ”

“ကျူပ်ဘယ်မှာခါးတို့လို့လဲ”

“ဟေ့ကောင် ဟေ့ကောင် မင်းငါ့လုံချည် ဆွဲဖြဲနေတာလား”

“ကျူပ်ကြောက်လို့ပါဗျ”

“ဟောဒီကောင်”

“ကိုင်းကွာ ငါလည်း မင့်တပတ်လောက်လိုက်စီးခိုင်းတာ အင်္ကျီကိုပြဲပြီမှတ်နေတာ”

တောသားလူရိုးလေးဖြစ်တဲ့ ဘာမှကို မမြင်ဖူးမတွေ့ဖူးတဲ့ လူပီပီ အရာရာကိုစိုးရိမ်စိတ်၊ ကြောက်စိတ်တွေ ပြည့်နေခဲ့တယ်။ ထလျက်ခဲ ခွေးလျက်သလို လုံးပါးပါးလာခဲ့တယ်။ ဆိုက်ထဲ လည်း အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံနေရတယ်။ မလုပ်ဘူးလို့ပြောမယ်ဆိုရင်လည်း တခြားလုပ်စရာဘာမှရှိမနေခဲ့ပါ။ 
မကြာသော်...

သူ့ရဲ့ဇာတ်လမ်းလေးထဲမှာပဲ သူဟာနစ်မျောနေခဲ့တယ်။ သူ့အတွက် ချိုတလှည့်ခါးတလှည့် ဘဝကနေ အချိုတဖက်ပျောက်ပျက်ခဲ့ရပြီ။ အမေဟာ အကို့သတင်းတွေ ကြားလာရတော့ အတော်ပင်ရွှင်လန်းလာခဲ့တယ်။ အကိုက အသက်ရှိသေးတယ်ဆိုတဲ့အကြောင်း၊ အကိုဟာ သူ့ခံယူချက်ကိုအလေးထား တန်ဖိုးထားတယ်ဆိုတဲ့အကြောင်း၊ အကို့ဆီကစာရလာခဲ့တယ်။ အကိုပြောတဲ့ ဘာတဲ့ “တိုင်းပြည်အနာဂတ်အတွက်” ဆိုတဲ့စကားကိုတော့ အမေသာလျှင်သိပါတယ်။ ကိုဖိုးယုံတော့သဘောမပေါက်ခဲ့။ အကို့ဆီကတပတ်တိုင်တိုင် နှစ်ပတ်တိုင်တိုင် တခါတခါတော့ စာရလာပြန်တယ်။ မြို့မှာပါနာမည်ကြီးရုံတင်မကဘဲ ၁၉၈၈ အရေးခင်းလို့ခေါ်ကြတဲ့ပြဿနာကြီးက တော၊ မြို့ပါမကျန်၊ တနိုင်ငံလုံးအနှံ့စတင်လာခဲ့တယ်။ အမေဟာသူ့သားသူရဲကောင်းလေးကိုဂုဏ်ယူလို့မဆုံးတော့။ 

ဒီလိုသာသုံးလကြာပြီးနောက်တော့ စာမရလာခဲ့တော့ပြီ။ အကို့ဆီက အဆင်မပြေကြောင်းတွေ၊ မဖြစ်နိုင်ကြောင်းတွေခေါင်းစဥ်တပ်စာထဲအမြဲတွေ့နေရတော့၊ အမေလည်းစိတ်ရောလူရောခြေကုန်လက်ပန်းကျကာ နွမ်းလျခဲ့တော့တယ်။ 

အကို့ဆီက နောက်ဆုံးရခဲ့တဲ့စာမှာ အကို ကျွန်တော်တို့ မိသားစုကိုနှုတ်ဆက်သွားပြီဖြစ်ကြောင်း သိလိုက်ရတဲ့အချိန်မှာပင် သားအမိနှစ်ယောက်လုံး ထလျက်ခဲခွေးလျက်သလိုလုံးပါးပါးလာခဲ့တယ်။ အမေဟာ အသက်အရွယ်ကြီးသူဖြစ်လေရာ စိတ်ဝေဒနာတွေနဲ့ မမျှမတ ကျန်းမာရေးပါချို့တဲ့လာခဲ့ပြီ။ အမေအိပ်ယာထဲက မထနိုင်တာ တပတ်...။

အထက်ဖော်ပြပါ ကိုသက်ငွေ၏သတင်းစကားမှာ...

“ကိုသက်ငွေမိသားစုနဲ့ ဆိုင်ရာများသို့

သို့လူကြီးမိဘများ ကျွန်တော်တို့တောတွင်းအဖွဲ့သားမှ၊ အမှာစကားပါးစေလို၍...။ ကိုသက်ငွေခေါ် ကိုဂျစ်သည် မကြာမီအချိန်တွင် ၎င်း၏ခံယူချက်နဲ့ တိုက်ပွဲတွင် အသက်ဆုံးရှုံးခဲ့ရသည်ဖြစ်ကြောင်း၊ ဤအဖွဲ့ဝင်များမှ များစွာစိတ်မကောင်းဖြစ်ရသည်။ ကိုသက်ငွေဟာ တိုင်ပြည်မငြိမ်မသက်ချိန်၌ အာဏာရှင်အားတွန်းလှန်လို၍၊ ကျွန်တော်တို့များနဲ့အတူ တောတွင်းတိုက်ပွဲဝင်ခဲ့သည်မှာ ၉လတိုင်တိုင်ရှိပြီဖြစ်ပြီး ရက်အားဖြင့် ၁၅.၁၁.၈၈ ခုနှစ် ဝါရမိတ္တူလေး ရက်တွင်၊ ဤတိုင်းပြည်၊ ဤမိသားစု၊ ဤအသိုက်အမြုံကို အပြီးတိုင်နှုတ်ဆက်ခဲ့လေပြီဖြစ်သည်။ ၎င်း၏ရုပ်ကလပ်အား တာဝန်ယူ၍ အဖွဲ့သားများမှလုပ်သင့်သည်ကိုလုပ်ခဲ့ ပြီဖြစ်ကြောင်း၊ မိသားစုဝင်များကို စိတ်အစဥ်ဖြင့်၊ ဝမ်းနည်းပူဆွေးစွာ အသိပေးအပ်ပါသည်။ ကျွန်တော်တို့အမည်မဖော်လိုသူ အဖွဲ့သားများ...။”

“သာကီနွယ်ဝင် ဗမာတိုင်းသခင်”

စာကိုမြင်ပြီးတဲ့နောက်မှာအမေဟာ၊ ဘာမှမလုပ်နိုင်မကိုင်နိုင်၊ တမှိုင်မှိုင် တထွေထွေဖြစ်လာခဲ့တယ်။ ကိုဖိုးယုံကိုယ်တိုင်လည်း ရင်ထဲစို့သွားခဲ့ရတယ်။ အရင်ဆိုပျော်ရ၊ ရွှင်ရခဲ့တဲ့ဒီမိသားစုလေးမှာ... အခုတော့ဘာမှမရှိတော့။ 

ရွာနီးနားစပ်တင်မက ရွာပေါင်းစုံကလည်းရွာသူကြီးအပြောင်းအလဲတွေဖြစ်လာခဲ့တယ်။ ကိုသက်ငွေဟာရန်ဘက်မရှိဘူးဆိုရာတွင်၊ သူ့ရဲ့လုပ်ရပ်ဟာ၊ ရွာသူကြီးအပေါ်အများကြီးဖိအားသက်ရောက်စေခဲ့ပြီး၊ အဖြစ်အပျက်လေးတွေကြောင့် ကိုဖိုးယုံတို့သားအမိကို မကြည်လှတော့။ ရွာလူကြီးမကြည်သာသည့်အပြင်ရွာကလူတွေကပါ ဥပေက္ခာ ပြုလာကြတယ်။ 

တနေ့မှာ ကိုဖိုးယုံမထင်ထားတဲ့ ကိစ္စတခုပေါ်လာခဲ့တယ်။ ကိုဖိုးယုံဟာ လာမဲ့ဘေး ပြေးတွေ့ဖို့ မတတ်နိုင်ရှာတော့ အလုပ်မသွား၊ အပြင်မထွက် အိမ်တွင်းအောင်းနေလာခဲ့ပြန်တယ်။ တရက်မှာ ကိုဖိုးယုံဟာအမေ့ ကျန်မားရေးကြောင့်အရေးတကြီး သမားတော်အခေါ်သွားရပြန်တယ်။ သွားရတဲ့အချိန်ဟာ ညအတော်လင့်နေပြီဖြစ်သော်လည်း သူ့စိတ်ထဲရှိသည်မှာ အမေ...။ 

ရွာထဲမှာ သူကြီးအဖွဲ့သားများဟာလည်း ခိုးဆိုးလုယက်လာခဲ့တာ အတော်ကြာပြီဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ကိုဖိုးယုံ သမားတော်ခေါ်ဖို့ အထွက်တွင် ခိုးဆိုးလုယက်တဲ့ သူကြီးအဖွဲ့သားများနဲ့ ပက်ပင်းတိုးလေတော့တယ်။ ငနုံငအလေး ခင်ဗျာဘာမှမသိရှာပဲ၊ အဖွဲ့သားများမှာ အိမ်တွင်းခိုးရာပါပစွည်းများနဲ့ထွက်အလာတွင်...

“သူခိုးဟေ့ သူခိုးဟ လိုက်ကြ လိုက်ကြ”

မီးရောင်မှောင်ပျပျမှာ ပုဆိုး ခေါင်းအထိခြုံထားတဲ့သူခိုးတွေဟာလူစုခွဲ ပြီးတယောက်တနေရာဆီ ပြေးသွားကြတယ်။ မြင်သူ သည်သူခိုးကို အဲ့ဒီအခိုက်အတန့်မှာပင် တယောက်သာတွေ့လိုက်ရတော့တယ်။ အော်သံများအကြားတွင် ရွာဟာ ညမီးလုံးတိုင်များနဲ့ ဟိုဟိုဒီဒီ ပွက်ပွက်ညံသွားခဲ့တယ်။ ကိုဖိုးယုံဟာ၊ အသံကိုကြားပေမယ့် ဆက်မသွားလို့လည်းမဖြစ်ရှာတော့ သူ့လမ်းသူသာ ဆက်သွားနေခဲ့ရာ သူခိုးနဲ့ပင် ထိပ်တိုက်တွေ့ခဲ့ရတယ်။ သူခိုးဟာ၊ ကိုဖိုးယုံကို သူခြုံထားတဲ့ပုဆိုးစုတ်ကိုခေါင်းပတ်ပြီး၊ လက်သီးနဲ့ ဆင့်ထိုးခဲ့ရာ ကိုဖိုးယုံ တုံးခနဲ ခွေလျက်သားလဲကျသွားခဲ့တယ်။ သူခိုးဟာသူ့ရဲ့ခိုးရာပါပစ္စည်းကို ကိုဖိုးယုံလက်ထဲထည့်ကာ ဘေးကတုတ်တချောင်းဆွဲပြီးသူခိုးလိုက်ရှာတဲ့ဟန်ဖြင့် ထွက်ခွာသွားခဲ့ပြီဖြစ်တယ်။ ရွာသားများအနားရောက်တဲ့အချိန်မှာကိုဖိုးယုံက သူခိုးဖြစ်နေခဲ့ပြီ။

“ဟေ မင်းလားကွဖိုးယုံ၊ တယ်မိုက်ပါလား အေး ဟုတ်ပေသား အကိုက သူပုန် ညီကသူခိုး၊ မင်းတို့ သားအမိအပြင်လုံးဝမထွက်ဘဲ ဒီလိုပဲခိုးစားသလား ဟမ်”

“ဟေ့လူ မိုက်ရိုင်းလှချည်လား ခင်ဗျားဘာတွေ လာပြောနေတာလဲ”

“အောင်မာ သူခိုးကလူဟစ်လို့၊ မင်းကိုသောက်ခွက်မရိုက်တာတောင်ကံကောင်း၊ ဒီကောင့်ကို သူကြီးဆီပို့ကြဟေ့၊ သူတို့အပိုင်းနဲ့ သူတို့လုပ်ကြပါစေ တို့တွေလက်ပါရင်ဒီကောင်အသက်တောင်ကျန်မှာမဟုတ်ဘူး”

ကိုဖိုးယုံဟာဘာမှန်းမသိရှာဘဲ ရှင်းပြ၊ ငြင်းပြလို့မရဘဲ သူခိုးအဖြစ်နဲ့ သူကြီးဆီရောက်သွားခဲ့ရတယ်။ သူကြီးဟာ မိုးချုပ်ပြီဖြစ်ကြောင်း၊ မနက်ကျမှ စခန်းပို့မည် ဖြစ်ကြောင်းနဲ့ ရွာသားများလည်း အကုန်ပြန်ကုန်ကြတော့တယ်။ ကိုဖိုးယုံဟာ သူကြီးမျက်နှာသာမပေးမှု၊ ငွေအားမလိုက်နိုင်သောအဖြစ်နဲ့၊ နဂိုက တော်လှန်ရေးနဲ့ ပါဝင်ပတ်သက်သော အကိုအရင်းကြောင့် ထောင်ဒဏ် ပြင်းပြင်းထန်ထန်ကျခဲ့ရတယ်။ အလွန်ဆုံး၆နှစ်အဖြစ်အမိန့်ကျလေရာ။ ငွေအားမလိုက်နိုင်လျှင် ဒီ့ထက်ပိုဆိုးကြောင်း သူကြီးဆီမှကြားသိရခဲ့တယ်။ ဒီ့ထက်ပိုဆိုးမယ်ဆိုလျှင် ၆နှစ်အထက်ဟုဆိုရပေလိမ့်မယ်။ ထောင်တွင်းနှစ်အနည်းငယ်မျှမကြာလိုက်ပါ။ တော်လှန်ရေးကြောင့် သေဒဏ်သင့်တော့မည် လူငယ်များနဲ့ ပေါင်းမိခဲ့ရာမှ ထိုလူငယ်များနဲ့တခန်းထဲနေခဲ့ရာ၊ လူသတ်မူ၊ ရဲနှစ်ယောက်ကို အပိုင်းပိုင်းဖြတ်မူ၊ ထိုသူများနဲ့ ဆုံမိကြလေတော့တယ်။ ကိုဖိုးယုံ အခန်းအတွင်းမှလူများဟာ ထောင်ဖောက်ပြေးဖို့ စီစဥ်ကြရာတွင် ကိုဖိုးယုံအားတယောက်တည်း ကျန်ရစ်ခဲ့ရင် သူတို့ဘာလို့ပြေးသွားတာလဲ၊ ကြံစည်တာ ဘာလို့မပြောပြတာလဲ၊ အလိုတူအလိုပါ၊ ဟုစွတ်စွဲနိုင်ပြီး တခါတည်း သတ်ပစ်နိုင်တဲ့ကိန်းကို ဆိုက်နေပြီဖြစ်တယ်။ ကိုဖိုးယုံဟာကြောက်ကြောက်နဲ့ပင် သူတို့အနောက်ကိုလိုက်ရတော့မှာပဲ ဖြစ်တယ်။ ညတွင် အရင်ညများထက်ပိုလို့ပင်နက်သယောင်ယောင်ရှိတယ်။ ပုစဉ်းရင်ကွဲသံများနဲ့ ဖားအော်သံတချို့ဟာ ပတ်ဝန်းကျင်ရဲ ဆူညံမူကိုဖြိုခွဲနေသလို၊ ကိုဖိုးယုံရဲ့ရင်ကိုလည်း ပိုလို့တုန်လှူပ်စေခဲ့တယ်။ ထောင်ဖောက်ဖို့အကြံဟာ၊ လွန်ခဲ့တဲ့နှစ်လက ထောင်ဝင်စာလာတွေ့တဲ့ လူငယ်လေးတယောက်ကြောင့် ဖြစ်လာတာဖြစ်တယ်။ လူငယ်လေးရဲ့ပြောစကားမှာ လူယုံလွှတ်ထားပြီးဖြစ်ကြောင်း လာမယ့် ဥပုသ်နေ့တရက်ရက်ရွေးထားပြီ ဖြစ်ကြောင်းနဲ့၊ အရင်တပတ်ကပင် ထောင်တွင်းထွက်ပြေးမယ့်နေ့ကို အတည်ပြုရန်ရောက်လာခဲ့သေးတယ်။ ဖော်ပြပါအတိုင်း ကိုဖိုးယုံတို့ထောင်ဖောက်ပြေးတဲ့ကိစ္စဟာ ထွေထွေထူးထူးမခက်ခဲခဲ့။ ကိုဖိုးယုံဟာ လိုက်ပြေးဖို့ စိတ်ကူးမရှိပေမယ့် အမေဘယ်လိုနေမလဲ သူစိတ်မချတော့ပြီ။ အမေနာမကျန်းဖြစ်နေတာ ထောင်စကျတည်းက၊ အခုဆို တနှစ်ပြည့်တော့မလေ။ ကိုဖိုးယုံဟာဒီလိုနဲ့ လွတ်မြောက်လာခဲ့ပြီးအမေ့ဆီ သွားခေါ်ရန် ရွာသို့သွားမယ့်လမ်းမှာ၊ နေပြည်တော် အကျော် အမြန်လမ်းမကြီးပေါ်သို့တက်ခဲ့ရတယ်။ ကိုဖိုးယုံဟာ ထောင်အဝတ်အစား အဖြူဝမ်းဆက်၊ ခေါင်းပေါင်းအဖြူနဲ့ ထောင်ဖောက်ပြေးတဲ့အခါ ရေသုတ်ဝတ်အဖြူကို မျက်နှာတွင်စီးလာခဲ့တယ်။ လမ်းတွင်လည်းမချွတ်ရဲတာက သူ့အသိထဲ မဟုတ်တာလုပ်ရင် အလိုလိုကြောက်နေရတာကြောင့်ပဲ ဖြစ်တယ်။ သူဟာရွာကိုဘယ်လိုပြန်မလဲစဥ်းစားတဲ့အချိန်မှာပင် အကိုချက် ပြောဖူးတဲ့ကား တားစီးတာ ဆိုတဲ့စကားကိုသတိရသွားခဲ့တယ်။ အမြန်လမ်းမပေါ် အကြာကြီးရပ်စောင့်နေခဲ့တယ်။ 
ကားတစင်းပေါ်ဝယ်...။ 

“ဟေ့ဆရာကြီး ဒီတခေါက်အထွက်ပြီးရင် ဘယ်ဘက်ကိုတက်မယ်စိတ်ကူးလဲ”

“မူဆယ်ဘက်ပေါ့ကွာ နီးလည်းနီးတယ် အာရကေလည်း များမယ်”

“အတွေ့အကြုံရောများပြီလား”

“မများဘူးမောင်၊ ဦးဒီလောကထဲရောက်တာ တနှစ်တောင်မရှိသေးဘူးကွ”

“အော်”

ထိုသူနှစ်ယောက်ဟာစကားစမြည်ပြောကြရင်း အတန်ကြာငြိမ်သက်သွားကြတယ်။ အသက်ကြီးကြီးတယောက်က အင်မတန်အယူသီးသူဖြစ်ပြီး ကားခေါင်းခန်းတွင် နတ်ပုံ၊ ဘုရားပုံစုံလင်အောင်ချိတ်ထားခဲ့ရာ သူဒီလို ခရီးဝေးမထွက်မီ အရင်ပွဲတောင်လုပ်သေးတယ်ဆိုတယ်။

“ဟာဟေ့ အရှေ့မှာဖြူဖြူကြီး”

“ဘာမှစိတ်မပူနဲ့မောင်၊ ဝင်တိုက်ဝင်တိုက်ရတယ်တဲ့ ငါတိုက်ပြီကွ...”

“ဒုန်း...”

အဲ့အချိန်တွင် ကိုဖိုးယုံဘာမှမမြင်ရတော့။ အရှေ့မှာ မီးရောင်အစုံအလင် တဝင်းဝင်းလက်နေတဲ့ ကားကြီးဟာ ဘာမှန်းသေချာမသိဘဲ၊ သစ်ရွက်တွေအုပ်ထားတဲ့ တုတ်နဲ့လမ်းတားမိလိုက်တာပဲ ဖြစ်တယ်။ ကိုဖိုးယုံအခုတော့ဘာမှ မသိရတော့....။ သူ့ရင်မှာပူပင်စိတ်နဲ့မောဟိုက်မူတို့...ရုတ်ချည်းလွင့်ပျယ်ရတာလား။ သူအမေ့ဆီရောက်သွားပြီလား...။ ညဟာ နက်သထက်နက်လာပါပြီကလား၊ မှောင်သထက် မှောင်လာပါပြီကလား၊ မျက်လုံးအစုံနဲ့စိတ်အစဥ်တို့ ထာဝရအမှောင်ဖုံးရပါပြီကလား။ အသံမထွက်ဘဲ ရင်ထဲမှ ဦးခေါင်းကွဲ၊ အာဂေါင်ခြစ်အော်ဟစ်သံက “အမေ” တဲ့...။ 

---

#သော်တာနှင်း
#အယူအဆနဲ့အလွဲ

#shared_by_louis_augustine
#sbla

Comments