ဘာအရေးကြီးဆုံးလဲ // ဖေမြင့်
ဘာအရေးကြီးဆုံးလဲ // ဖေမြင့်
(နှလုံးသား အာဟာရ ရသစာများ (၂))
---
လွန်ခဲ့သော နှစ်အနည်းငယ်က ဆီယက်တဲလ်မြို့တွင် အထူးအိုလံပစ်ပွဲတပွဲ ကျင်းပခဲ့သည်။
သည်အထဲက မီတာ ၁၀၀ ပြေးပွဲတခုတွင် ယှဉ်ပြိုင်သူ ကိုးဦး ပါဝင်သည်။ တာလွှတ်မည့်နေရာတွင် တန်းစီနေကြသည့် ၎င်းပုဂ္ဂိုလ် ကိုးဦးစလုံးသည် ကိုယ်အင်္ဂါမသန်စွမ်းသူ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများချည်း ဖြစ်၏။
တာလွှတ်ဒိုင်က သေနတ်ဖောက်လိုက်သည့်အခါ အားလုံးပင် စ၍ ပြေးကြသည်။ တရှိန်ထိုး တာထွက်ခြင်းမျိုးမဟုတ်သော်လည်း အားလုံးပင် သူ့ထက်ငါ ပန်းတိုင် အရင်ရောက်အောင် အားပါးတရ ပြေးကြခြင်း ဖြစ်၏။
သို့သော် အားလုံးထဲမှာ ကောင်လေးတယောက်က ခြွင်းချက်ဖြစ်နေသည်။ သူက ကတ္တရာစေးပြေးလမ်းပေါ် လဲကျသည်။ နှစ်ကြိမ်ဆက်တိုက် လဲကျပြီးသည့်နောက်တွင် သူ ဆက်မပြေးတော့ဘဲ အော်၍ ငိုလေသည်။
ကောင်လေး ငိုသံကြားသည့်အခါ ပြေးနေသူ ရှစ်ယောက်စလုံး အရှိန်သေသွားသည်။ အဲသည်နောက် အားလုံးပင် ရပ်လိုက်ကြကာ နောက်ဘက် ပြန်လှည့်လာသည်။ လဲနေသောကောင်လေးဆီသို့ တယောက်မကျန် ပြန်လာကြခြင်း ဖြစ်သည်။
ဒေါင်းဆင်ဒရုန်းရောဂါကြောင့် ဉာဏ်ရည်ချို့တဲ့နေသည့်ကောင်မလေးက ကောင်လေးအား ဦးစွာ ငုံ့၍ နမ်းလိုက်ပြီးနောက် “ ဒါဆို ကောင်းသွားမှာပါ ” ဟု ဆိုသည်။
သည်နောက် ကိုးယောက်စလုံး လက်ချင်းချိတ်ကာ ပန်းတိုင်ဆီသို့ အတူတကွ လမ်းလျှောက်ချီတက်သွားကြသည်။
သည်ရှုခင်းကို မြင်တော့ ပွဲကြည့်စင်များပေါ်မှ ပရိသတ်အားလုံး ထရပ်မိကြသည်။ ထို့နောက် လက်ခုပ်သြဘာပေးလိုက်ကြသည့်အသံများမှာ ဆယ်မိနစ်မျှကြာအောင် သောသောညံသွားလေသည်။
[မူရင်း။ ။အမည်မသိရေးသူ၏ What's Really Important]
---
#ဖေမြင့်
#ဘာအရေးကြီးဆုံးလဲ
#shared_by_louis_augustine


Comments
Post a Comment