ကျွန်တော်နှင့် ကျွန်ုပ်၏ ဖေဖေ // သုမောင်

ကျွန်တော်နှင့် ကျွန်ုပ်၏ ဖေဖေ // သုမောင်

(ငွေတာရီ မဂ္ဂဇင်း၊ အောက်တိုဘာလ၊ (၁၉၈၃) ခုနှစ်)
 

---

( ၁ )

“ နေစမ်းပါဦး မေမေရယ်၊ ဒါလောက်... ကတ်သီးကတ်သတ်နိုင်တဲ့ ဖေဖေ့လို လူမျိုးကို ဘာဖြစ်လို့ ရွေးယူရတာလဲ ”

ကျွန်တော်သည် ဖေဖေနှင့် မေမေက မွေးဖွားသော သားလေးယောက်အနက်တွင်... ရယ်စရာ မောစရာကိုသာ အမြဲ ပြောတတ်သော၊ စိတ်ညစ်စရာကြုံလျှင်လည်း အလျင်စလို စိတ်ညစ်တတ်သော၊ ဒေါသဖြစ်စရာ ရှိလျှင်လည်း ချက်ချင်း ဝုန်းဝုန်းဒိုင်းဒိုင်း လုပ်တတ်သော သားတယောက် ဖြစ်ပါသည်။

သားဆိုးဟု မပြောနိုင်သော်လည်း သားများထဲတွင် စိတ်နုသော၊ ခံနိုင်ရည် မရှိသော သားတယောက်ဟု ပြော၍ရပါသည် ခင်ဗျား... ။

အစ်ကို မောင်ဝဏ္ဏ၊ ညီလတ် မောင်ရူပ၊ ညီငယ် ဉာဏ်ပေါ် ( မင်းလူ ) တို့သည်ကား... ခံစားချက် တစုံတခုရှိလျှင် ရင်ထဲ၌သာ ခံစားတတ်ကြပြီး အပြင်သို့ ဖွင့်ထုတ်တတ်ကြသူများ မဟုတ်ကြပါ။ သဘောကတော့လည်း... ကလေးက|လား မဆန်ကြပါ။ ကျွန်တော်သာလျှင်... အသက် သုံးဆယ်ကျော်မှ ကလေးက|လား ဖြစ်နေခြင်းကို ဆိုလိုပါသည်။

ထို့ကြောင့်လားတော့ မသိ... ။ ကျွန်တော်သည် အဖေ့နားတွင် အမြဲတမ်း ကပ်နေတတ်သလို... စိတ်ထဲတွင် တစုံတရာ မခံမရပ်နိုင် ဖြစ်လာသော အခါမျိုးတွင်... အမေ့ထံသို့ သွားပြီး အမေ့ကို ချွဲခြင်းအမှု ပြုတတ်ပါသည်။

ချွဲသည် ဆိုရာ၌... တကယ့်ကို ကလေးငယ် တယောက်ကဲ့သို့ ချွဲခြင်း ဖြစ်ပါသည်။

အမေ့ကို သူအိပ်သော အိပ်ရာပေါ်သို့ ကျွန်တော် ခေါ် ပါသည်။ တင်ပျဉ်ချိတ် ထိုင်ခိုင်းပါသည်။

ပြီးနောက်... အမေ၏ ပေါင်ပေါ်တွင် ကျွန်တော် ခေါင်းမှီပြီး ကျွန်တော် မကျေနပ်သည်များကို ပြောကြား ရင်ဖွင့်လေ့ ရှိပါသည်။ 

ထိုအခါ... အမေသည် ကျွန်တော်၏ ဆံပင်ကို ပွတ်သပ်ပေးရင်း "ဗုဒ္ဓါနံ ဇီဝတဿ..." အစချီသော မြတ်စွာဘုရား၏ အသက်အန္တရာယ်ကို တစုံတယောက်က ရန်မပြုနိုင်မှု နိုင်ဘိသို့... ကျွန်ုပ်အားလည်း ဤသို့ ဖြစ်ပါစေသတည်း... ဟူသော အဓိပ္ပာယ်ရသည့် ဂါထာကို ရွတ်ဆို ပေးရှာပါသည်။ ထိုသို့သောအခါ... ကျွန်တော်၏ တထိတ်ထိတ် ခုန်နေသောရင်သည် ငြိမ်သက် အေးချမ်းရပါ၏။

အဖေကမူ တမျိုး... ။ အဖေသည် ကျွန်တော်တို့ကို... သားသမီးကဲ့သို့ အေးချမ်းစွာ မဆက်ဆံဘဲ သူငယ်ချင်းများကဲ့သို့ ပူးပူးကပ်ကပ် ဆက်ဆံလေ့ ရှိသည်ဖြစ်ရာ... ပြဿနာ ဖြစ်စရာရှိလျှင် အမေနှင့် မဖြစ်တတ်ဘဲ အများအားဖြင့်... အဖေနှင့်သာ ဖြစ်တတ်ခဲ့ပါသည်။

ကျွန်တော်သည်... မိသားစုထက် သူငယ်ချင်းများကို ပို၍ ခင်တွယ်တတ်သော အလေ့အထရှိသူ ဖြစ်၏။ ထို့ကြောင့် ထင်သည်။ အဖေ့ကို အမေ့ ထက် ခင်တွယ်မှု ပိုနေမိသည်။

အဖေနှင့် အနေနီးသမို့လား မသိ... ။ ကျွန်တော်သည် အဖေနှင့် ခဏခဏ ရန်ဖြစ်ရပါသည်။ ဘာအကြောင်း အရင်းခံကြောင့်ပဲ ဖြစ်ဖြစ်ပေါ့ဗျာ... ။

စာရေးဆရာချင်း ဆိုတော့လည်း... ဘာကလေးပဲ ဖြစ်ဖြစ်... စကားတလုံး အပေါ်မှာ အကျအနကောက်၍ သဘောရှိရိုး ထုံးစံရှိလေသည်။ ကျွန်တော်နှင့် အဖေ မကြာခဏ အခင်း များရသည်မှာလည်း... စာရေးဆရာချင်းချင်းမို့ စကားအထအနကောက်ရာမှ စတင်ခဲ့ရသည်ချည်းသာ ဖြစ်ပေသည်ဟု ကျွန်တော် ထင်မိသည်။

အင်း ... စာရေးဆရာကြီးတို့သည် ကြီးသည်ငယ်သည် မဟူ... စကားအရာ၌ မာနကြီးတတ်ကြပါသလား။ စာရေးဆရာတွင် အပွင့်အခက်တွေ မရှိပါ။ ထိုနည်းတူ... ရာထူးကြီးသည် ငယ်သည် ဟူ၍... မရှိပါ။ စာရေးဆရာ ဟူသော ဂုဏ်ပုဒ်ရရှိရန် ဘာဂုဏ်၊ ဘာရာထူး၊ ဘာငွေကြေးမှ မရှိအပ်ပါ။

စာရေးဆရာသည် စာရေးရမည်။ အတွေး ကောင်းရမည်။ ထိုအတွေးသည်လည်း တစုံတယောက်အတွက် မဟုတ်ရဘဲ... လူအများစုအတွက် ဖြစ်ရမည်ဟု ကျွန်တော်တော့ဖြင့် ယုံကြည်ထားပါသည်။

ကျွန်တော်ကလည်း... ကျွန်တော်ပဲဗျာ။ ယခုပင်လျှင်... ပြောရင်းဆိုရင်းနှင့် စကားတွေ စကတည်းက ကားပြီး... ဘယ်ရောက်လို့ ဘယ်ရောက်မှန်း မသိတော့ပါဘူး။

ကိုင်း .. ‘တစ်'ကနေ ပြန်စပြီး ပြောပါတော့မည်။

ကျွန်တော်က အမေ့အား... ဒီလောက် ကတ်သီးကတ်သတ်နိုင်သော အဖေ့အား ဘာကြောင့် ယူရတာလဲဟု... ကျီစယ်သောအခါ အမေက... “ ချစ်လို့ပေါ့ သား ရယ် ” ဟု ဖြေပါသည်။ အင်း ... အချစ် ဟူသည် ကတ်သီးကတ်သတ်နှင့်၊ အရွယ် နှင့်... မဆိုင်သော ကိစ္စပါလားဟု စာရေးဆရာ သုမောင် မှတ်ချက်ချရတော့မတတ်ပဲဗျို့...။

( ၂ )

စောစောက ပြောသလို... စာရေးဆရာအချင်းချင်း ဖြစ်သည့်အလျောက် စကားတလုံးပေါ်တွင် အကျအန ကောက်တတ်ကြသည်ကို စကား ဆက်ပါရစေ...။ 

တနေ့တွင်... ကျွန်တော်နှင့် ကျွန်တော့်ဖခင်တို့ (စာရေးဆရာချင်း သဘော) စကားများကြပါသည်။ အကြောင်းမူကား... တခြား ဟုတ်ပါရိုးလား။

ကျွန်တော်တို့ ညီအစ်ကိုများသည် အဖေ့ထံမှ အမွေများ ရခဲ့ပါသည်။ ငွေကြေး ဂုဏ်ဓန၊ တိုက်တာ အိမ်ခြေ မဟုတ်ရပေါင်။ ဦးနှောက် အတွေးခေါ် ပညာဉာဏ် စသည့်... ကိစ္စဝိစ္စများ ဖြစ်ပါသည်။ ထိုအထဲတွင် ကျွန်တော်သည် ထူးထူးခြားခြား အများနှင့် မတူဘဲ အမွေတခု ပိုရခဲ့ပါသည်။

မော်တော်ကားပြင် ဝါသနာပါခြင်း ဖြစ်၏။ ဒါကလည်း... ငယ်ငယ်က ကျောင်းမှ ပြန်လာလျှင် အခြား အိမ်နီးချင်း ကလေးများလို ဆော့ချိန်၊ ကစားချိန် သိပ်မရလှဘဲ... ဖေဖေ၏ လုပ်ငန်းတွင် တတ်အားသရွေ့အုတ်တချပ်၊ သဲတပွင့် ပါဝင်ကူညီရပေါင်း များသဖြင့် အကျင့်ပါနေခြင်း ဖြစ်တန်ရာ၏။ ဘယ်သူ ဘာပြောပြော... ကျွန်တော်တော့ဖြင့် ဦးနှောက်အမွေသည် အမြတ်ဆုံးဟု ယုံကြည်ပေသည်။

ယခု ကျွန်တော် ပြောချင်သဖြင့် ပါးစပ် တယားယား ဖြစ်နေသည်မှာလည်း အဖေပေးသော ဦးနှောက်အမွေများထဲမှ စာရေးတတ်သော အမွေနှင့် ကားပြင်တတ်သော အမွေတို့၏ ပဋိပက္ခပင် ဖြစ်တော့သည်။

နားသောတ ဆင်ကြည့်ကြပါ ခင်ဗျား... ။

...

ကျွန်တော်တို့အိမ်တွင် အဖေမာလီကု|လားကြီး၏ သားတယောက် ရှိပါသည်။ မောင်ပန်းသီး၊ ကု|လားလိုအခေါ် ပါနီး...။ သူသည်လည်း ကျွန်တော့်ထံမှ အမွေတခု ရပါသည်။ တော်ရုံတန်ရုံ... ဆီပျောက်၊ မီးပျောက်၊ ဘီးပေါက်၊ ဘရိတ်ပေါက်လောက်တော့ သူလုပ်တတ်အောင် ကျွန်တော်သင်ထားပေးပါသည်။ အမွေ ပေါ့ဗျာ။

အဲ ... တနေ့တွင် ပန်းသီးသည် ကျွန်တော် မသိဘဲလျက် ကားကို ခိုးမောင်း၏။ မောင်း၏... ဆိုရာ၌ ရှေ့နည်းနည်း တိုး၊ နောက်နည်းနည်း ဆုတ်.. သည်လောက်ပါပဲ။ 

သို့သော်... ကျွန်တော် နားရင်းတီး၏။ ဒါတော့... မရ၊ စည်းကမ်းထားရမည်။ ကောင်းပြီ၊ ကားကို ထားတော့... ။ အလိုလိုက်လွန်း၍ အခွင့်အရေး ယူပါ များလျှင်... မခက်လား။ မတော်မသင့်သည့် ကိစ္စမျိုးမှာ အတင့်ရဲလာလျှင်... မခက်ပါလား။ ဒါက... စကားအဖြစ် ပြောတာပါ။ စကားအဆုံးစွန် ပြောတာပါဗျာ။ သည်ကလေးက ကျွန်တော်သာ မွေးလျှင် ကျွန်တော့်သားလောက် ရှိတာ...၊ ခုမှ ( ၁၃ ) နှစ်။

မည်သို့ပင် ရှိရှိ...၊ မြန်မာစာပါမောက္ခ ဦးမောင်မောင်ကြီး ပြောဖူးသလို... စည်းကမ်းသည် စလုံး လုံးကြီးတင် ဆန်ခတ် ရှေ့ကပေါက်နှင့် ( စီး ) မစီးရ။ “အထက်မှ အောက်သို့ စီးသည့် သဘော၊ အမိန့်သဘော ပါသည် ” ဟု၊ စည်းမျဉ်းသားသည့် သဘော... စလုံးညသတ် ရှေ့ကပေါက် (ဝစ္စပေါက်လည်း ခေါ်ကြသည်)နှင့် စည်းရမည်တဲ့... ။

ဘာပဲဖြစ်ဖြစ်... ပန်းသီးကို နားရင်းတီးသည်မှာ.. ထို“ စည်းကမ်း ”ကြောင့် ပင် ဖြစ်သည်။

သို့သော်... ကျွန်တော်၏ အဖေသည် “ စည်းကမ်း ” အရာတွင် ကျွန်တော့်အား အပေါ် စီး၍ “ စည်းကမ်း ” ရှိသူ ဖြစ်လေရာ... မောင်ပန်းသီး ကားခိုးမောင်းသည့် ကိစ္စနှင့် ပတ်သက်၍ ကျွန်တော့်အား နားအရင်းသို့ဝင်အောင် တီးခြင်း ဖြစ်ပါသည်။

“ ဟေ့ကောင် ...၊ ပန်းသီး... ကားခိုးမောင်းတာ မင်း မသိဘူးလား ”

မသိချင်ယောင်ဆောင်၍... “ မသိဘူး ဖေဖေ ” ဟု လိမ်လိမ်မာမာ လိမ်လိုက်ရသည်။ ထိုနံရောအခါ... အဖေက “ အေး ...၊ မင်းတို့ချင်း ကျေနပ်ရင် ပြီးတာပါပဲ ” ဟု ပြောပြီး တဆောင့်ဆောင့် ထွက်သွားတော့သည်။

တနေ့လုံး... နေလို့ထိုင်လို့ မရတော့။ ဒါသည်ပင်... စာရေးဆရာ ဟူသော ဝေါဟာရကို ကျွန်တော် ခုံမင်ခြင်း ဖြစ်သည်။

အဖေ ကျန်းမာရေး မကောင်းစဉ်... အိပ်ရာထဲ လဲနေတုန်းက... သလိပ်ခတ်လျှင် အဖေ့ပါးစပ်နား လက်ခုပ်ကပ်ပြီး သူ့တံတွေးကို ကျွန်တော် ခံခဲ့သည်။ အဖေ့ကို "အဖေ"ဟု ကျွန်တော် သိသည်။

အဲ ... စာရေးဆရာ အချင်းချင်း အနေနှင့်ကား စကားတလုံး၊ တလုံးကို အဖေမှ မဟုတ်၊ ဘယ်စာရေးဆရာ ဖြစ်ဖြစ်... ကျွန်တော် ဂရုစိုက်တတ်သည်။

ကောင်းပြီ... ၊ ဘာတဲ့တုံး... ၊ “ မင်းတို့ချင်း ကျေနပ်ရင် ပြီးရော... ” ထိုစကားပေါ့။ “ မင်း ကျေနပ်ရင် ပြီးရော ” ဆိုလျှင်... ကျွန်တော် ခံသာသည်။ “ မင်းတို့ချင်း ” ဆိုသည့်အတွက် ကျွန်တော်နှင့် ထိုကု|လားလေး မောင်ပန်းသီးကို တတန်းတည်းထားရာ ရောက်သည်ဟု ကျွန်တော် ယူဆသည်။ သည်ကိစ္စနှင့် ပတ်သက်၍ အဖေ့အား ကျွန်တော်က စောဒက တက်သောအခါ ...

“ ငါပြောတာ ရှင်းရှင်းလေးပဲကွ ” ဟု လူကြီးစကား၊ ပညာရှိစကား ပြောရှာသည်။ ကျွန်တော် ခံလိုက်ရပါ၏တည်း။ သို့သော်... စောစောက ပြောသလို စာရေးဆရာသည် စကား အစအန ကောက်တတ်သည်။ ပြီးတော့... ရှုံးပြီဆိုလျှင် ပို၍ အခံရခက်တတ်၏။ ဒါကြောင့်... တနေ့လုံး မအီမသာ...။

---

ညနေစောင်းတွင် ကိုဝင်းဦး ( ထရမ်းပက် ) ကျွန်တော့်ကို သီချင်းတိုက် လာခေါ်ပါသည်။ ( ၂၈ )လမ်းမှ ဂီတဝါသနာ အလွန် ကြီးမားသူ ဦးစိန်ဝင်းအိမ်မှာတဲ့... ။ ဟိုရောက်တော့... ရုတ်တရက် သီချင်း မတိုက်နိုင်။ စိတ်ထဲမှာ တနုံ့နုံ့၊ အဖေ့ပေါ်တွင် မည်သို့မျှ သဘောမထား၊ ကျေနပ်သော်လည်း... စာရေးဆရာ သုမောင်က ဆရာကြီး ဦးသာဓု အပေါ်တွင်ကား စကားတလုံးအတွက် ဘယ်လိုကြီးမှန်း မသိပါဘူးဗျာ...။

တော်တော်ကြီးကြာမှ... သီချင်းတိုက်မှု လုပ်ဖြစ်သည်။ နောက်ပိုင်းတော့... လိမ္မော်ရည်ကလေး ဘာကလေး သောက်ရင်း ပြုရင်း... စိတ်လက် ကြည်လင်သွားတော့သည်။ 

ကျွန်တော် စိတ်ညစ်နေသည်ကို သိ၍လားတော့... မပြောတတ်။ စပယ်ဦး တေးသံသွင်းမှ ကိုသန်းလွင်လည်း အားနာပါးနာဖြင့် ထပြန် သွားရှာသည်။ စိတ်မကောင်း... ။ သူလည်း သူ့ စီးပွားရေးနှင့် သူမို့... မင်းသား စိတ်ညစ်နေသဖြင့် သီချင်းပင် မတိုက်နိုင်ဟု ထင်သွားလျှင် မကောင်း... ။ သူ့ကို အားနာတာရော၊ နည်းနည်း စိတ်ရွှင်လာတာကိုရော ပေါင်းပြီး သီချင်းကို ဖြစ်အောင် တိုက်လိုက်သည်။ အကောင်းစားကြီး တော့ မရ...။ အဖြစ်သာ ရသည်။ ကျွန်တော့် အပြစ်ပါပဲဗျာ... ။

သီချင်းတိုက်ခြင်းကိစ္စ ပြီး၍ ခြေပစ်လက်ပစ် စိတ်လျော့နေလိုက်ကြသော အခါသမယတွင်... ဆရာ ဘိုကလေးတင့်အောင် (အစ်ကိုလေး) ရောက်ချလာပါသည်။

စကား ဝိုင်းဖွဲ့ ကြသောအခါ... ကျွန်တော်၏ စိတ်သည် ကျွန်တော်၏ ဖခင်ကြီးထံသို့ လွင့်ပျံသွားပြန်သည်။

ဆရာ... ဒါကတော့ ဘယ်လို ဘယ်ချမ်းသာ... ဟု ဖေဖေ ပြောလိုက်သော စကားတခွန်းနှင့် ပတ်သက်၍... ဇီဇာချဲ့မိပါသည်။ ဘိုကလေးတင့်အောင် (ဤသို့ ခေါ်မှ လေးစားရာ ရောက်ပါသည်ဟု သူက ပြောပါသည်) သည် ဖေဖေ့ သူငယ်ချင်း ဖြစ်သဖြင့်... စကားကြုံ ခရီးကြုံ တိုင်တည်ခြင်း ဖြစ်ပါသည်။

ဘိုကလေးတင့်အောင်သည် ခွက်ပြီးသား သူ၏ ပါးများ ခွက်သည်ထက် ခွက်အောင် ပြုံးနေပါသည်။ ပြီးမှ ...

“ ဟေ့ ... ဗလကြီးရ...၊ လူကြီးနဲ့ လူငယ်ဆိုတာ အမြဲ ရန်ဖြစ်တတ်တယ်၊ မင်း အဖေဟာ စာပေရော၊ ရုပ်ရှင်ရော အောင်မြင်တာ... ဒီလို စကားကို ကတ်သီးကတ်သတ် ပြောတတ်လွန်းတဲ့ ပညာကြောင့်ပေါ့ကွ ”

ဟု... ပညာရှိစကား ပြောပြန်သည်။ ခံလိုက်ပေဦး သုမောင်... ။

ထိုအချိန်ကလေးတွင် ကျွန်တော်၏ စိတ်သည် မိခင်ကြီးထံသို့ လွင့်ပျံသွားပြန်ပါသည်။ ကျွန်တော်၏ မိခင်သည် တခါက စကားတခွန်း ဆိုခဲ့ဖူးပါသည်။

“ ဟဲ့ ... သား...၊ မှတ်ထား...၊ ‘အဖေ' ဆိုတာ... အခြားနာမည် သုံးလို့ မရဘူး၊ ‘အဖေ'ဟာ ‘အဖေ'ပဲ တဲ့ ”

“ တယ်ဟုတ်တဲ့ ငါ ပါလား ” ဟု ကိုယ့်ကိုယ်ကိုယ် ထင်မိခဲ့သော ကျွန်တော်သည်... ကောလိပ်ဂျင်နေဝင်း “ ပန်းပန်လျက်ပါ ” ဇာတ်ကားတွင် မြတ်လေးကို ပြောသော စကားတခွန်းကို သတိရမိပါတော့သည်။ “ ငါဟာ ငပေါ ... ငပေါ ... ငပေါ လို့ ငါ့အဖေက ပြောတယ် ”

( ၃ )

ထရမ်းပက်ဝင်းဦးသည် ကျွန်တော် စိတ်လှုပ်ရှားနေသည်ကို သိသည့်အလား... စန္ဒရားခုံပေါ် သွားထိုင်ပြီး ပျော်စရာကောင်းသည့် တေးတပုဒ်ကို လက်သံ စမ်းနေပါသည်။ ကျွန်တော့်ကို ချော့သည့်သဘော... ။

ထိုစဉ်ခါတွင် ဦးစိန်ဝင်းသည် သူနှင့် အသက်တူ ရွယ်တူလောက် ရှိပြီဖြစ်သော တယောပြားလေးကို ပင့်ကူအိမ်များကြားမှ ထုတ်ယူလာပြီး ...

“ ကိုင်း ... မင်းသား၊ တို့ သီချင်းတွေ ဆိုကြရအောင်ပါ ” ဟု ကျွန်တော့်အား ချော့ပြန်ပါသည်။ သူတို့သည် ဖေဖေ့ကို အလွန် လေးစားကြသည့်လူများ ဖြစ်ပါသည်။

အစ်ကိုလေး ခေါ် (သူ့ကို သည်လို ခေါ်မှ ကြိုက်သည်) ဆရာဘိုကလေးတင့်အောင်က စည်းနှင့် ဝါးကို ကိုင်ပြီး လိုက်လာသည်။ သူတို့သည် “ မေ့ပါနိုင် ” စသော... ကြည်နူးဖွယ် သီချင်းများကို အသံစမ်းနေကြပါသည်။

“ နေကြပါဦးဗျာ...၊ ကျွန်တော်ဆိုချင်တဲ့သီချင်း ဆိုပါရစေ... ” ဟု ပြောလိုက်သောအခါ ကိုဝင်းဦးက... “ ဘာသီချင်းလဲဗျ ” ဟု မေးပါသည်။

“ ကျွန်တော့် နောက်ကသာ လိုက်တီးဗျာ ”

သူတို့သည် ကျွန်တော် ဘာဆိုမည်ကို စောင့်နေကြပါသည်။ ကျွန်တော် ဆိုချလိုက်ပါသည်။ တဝက်တပျက်မှ စ၍ ... ။

ရေး - ရွှေတိုင်ညွန့်

ဆို - ဒေါ်ကြည်အောင်

မယ်တော်ဘုရား... စကားတခွန်းလောက်... မေးစမ်းပါရစေ... အကျွန်ုပ်၏ မွေးသဖခင်သည်... မေတ္တာ သဘော... ချစ်ပါသလော... ပြောပြပါ... အခါခါ မေးလေသည်... 

ဝေဒေဟီ... ဖြေမဆည်နိုင်ပြီ... ချစ်တာတွေ... အမေ ပြောပြပါမည်... ခမည်းတော်ဘုရားအပေါ် ...အထင်တော် မမှားသင့်ပြီ... မင့် အပေါ် ...အကြင်နာ သနားတာတွေ ပိုပါသည်... သားလူမမည်... ငယ်ရွယ်စဉ်က အတည်... တကျွန်း... ခူနာရယ်ကြောင့်... ညည်းကာ... ငိုရှာသည်... မောင့်ဖခင် အာခံတွင်းမှာ... သွင်းကာ... သိပ်ရသည်... ဪ... ချစ်လှတဲ့... သားဘပေမို့... အမေ ရင်ထုကာ... မရှုရက်နိုင်ပါပြီ... မင်းအနာ... မသတီ လောက်စရာပ... ပြည်ပေါက်တာတောင်... မျိုကာ... ချရှာသည်... ။

သီချင်း ဆုံးဆုံးချင်း... ကျွန်တော် ထ ပြန်ခဲ့သည်။ ဦးစိန်ဝင်းသည် လည်းကောင်း၊ အစ်ကိုလေးသည် လည်းကောင်း၊ ကိုဝင်းဦးသည် လည်းကောင်း... မျက်ရည်ဝိုင်းလျက် ကျန်ရစ်၏။

( ၄ )

အိမ်ပြန်ရောက်သောအခါ... ကျွန်တော် အဖေနှင့် ရန်မဖြစ်တော့ပါ။

“ ဖေဖေ... သား နောက်နောင်ကို ဖေဖေ့ကို စိတ်နဲ့တောင် ရန်မဖြစ်တော့ပါဘူး ”

ဖေဖေက “ ငါက... မင်းကို ဘာပြောနေလို့လဲ၊ မင်း ဘာသာ... ဖြစ်နေတာ မဟုတ်လား ”

ကျွန်တော်... ဖေဖေ့ပါးကို နမ်းလိုက်ပါသည်။

ကျေးဇူးတင်ပါသည် ဖေဖေ ခင်ဗျား... ။ ထိုနည်းတူ.. အစ်ကိုလေး၊ ဦးစိန်ဝင်းနှင့် ကိုဝင်းဦး(ထရမ်းပက်)တို့ အားလည်း ကျေးဇူးတင်လျက်... ။ ။

---

#သုမောင်
#ကျွန်တော်နှင့်ကျွန်ုပ်၏ဖေဖေ

#shared_by_louis_augustine
#sbla

Comments