တကယ့်နိုင်ငံရေး // အောင်သင်း
တကယ့်နိုင်ငံရေး // အောင်သင်း
(၂၀၀၃)
---
ကျွန်တော် မကြာခဏ သတိရနေမိသော အဆိုအမိန့် ကလေးတခုကို ပြောလိုက်ချင်ပါသည်။ ပြောကြား ခဲ့သူမှာ “ဆာရစ်ချတ်လစ်ဗင်းစတုန်း” ဆိုသော ပညာရေး ပါရဂူကြီးဖြစ်လျက် သူ၏ဟောပြောချက်များကို စုပေါင်းထားသည့် “ပညာရေး၏ လုပ်ငန်းဆောင် တာများ (Some Tasks for Education)” ဟူသော စာအုပ်တွင် ဖတ်လိုက်ခဲ့ဖူးခြင်း ဖြစ်ပါသည်။
“သိပ္ပံပညာက လက်တဖက်မှာ အဏုမြူဗုံး၊ လက်တဖက်မှာ ပင်နီဆလင် ကိုင်ပြီးပေးနေတာပဲ။ ဘာကိုရွေးမလဲ။ ရွေးတဲ့အတိုင်း ကမ္ဘာကြီး ကံကြမ္မာ ဖန်လာမှာပဲ”
ယခုတလော ကမ္ဘာ့သတင်းတွေကို နားထောင်လိုက်တိုင်း အရွေးမှားတော့မည် ထင်ပါရဲ့ဟု အောက်မေ့နေမိသည်။ ဘယ်နေရာကို လှမ်းကြည့်လိုက် ကြည့်လိုက် စိတ်ချလက်ချ ငြိမ်းငြိမ်းချမ်းချမ်းနေရသော နေရာရယ်လို့ မတွေ့ ရသလောက် ဖြစ်နေသည်။ အားလုံး ကျီးလန့်စာစား ဖြစ်နေကြရသည်။ စစ်ရေးမက်ရေး၊ အကြမ်း|ဖက်သမားဘေးတွေက တစီစီဖြစ်နေချိန်တွင် ‘ဆားစ်’ လို ရောဂါဘေးတွေက ဝင်မှောင့်လိုက်ပြန်သေးသည်။
ဂျပန်လူမျိုး ရုပ်ရှင်ဒါရိုက်တာကြီး “အာကီရို ကူရိုဆာဝါ” သည် ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ရာ သုံးပုံနှစ်ပုံလောက်သော ကားများက ဂန္ထဝင်ကား တွေဖြစ်သည်ဟု ရုပ်ရှင်ပညာရှင်များက လက်ခံရသည်။ အင်တာဗျူးတခုတွင် “ခင်ဗျားရဲ့ ရုပ်ရှင်ကား တွေအားလုံးဟာ အချုပ်အားဖြင့် လူ့လောကကို ဘယ်လိုများ စကားဆိုချင်ပါသလဲ” ဟု မေးရာ သူက ပြန်ဖြေလိုက်သည်မှာ “လူတွေဟာ ဒီထက်ပိုပြီး သာတောင့်သာယာ ချမ်းသာစွာ နေနိုင်ပါလျက် ကိုယ့်ဘာသာ ဆင်းရဲတွင်းနက်အောင် လုပ်နေကြတယ် ဆိုတဲ့ စကားကို ပြောနေတာပါပဲ” တဲ့။
ထိုစကားများကိုလည်း ကျွန်တော် မကြာခဏ သတိရမိသည်။ နောက်စကားလေး တခွန်းကိုလည်း တဆက်တည်း ပြောလိုက်ချင်ပါသေးသည်။ မေးလိုက်သည်က “ဒီနေ့ ဂျပန်လူ့အဖွဲ့အစည်းမှာ မျက်စိ အောက်မှာတင် ခြစားကြတာ၊ လာဘ်စားကြတာတွေကို မြင်နေပါလျက် ကိုယ်နဲ့မဆိုင်သလို လက်ပိုက် ကြည့်နေကြတယ်။ ဒီလို ကောက်ကောက်ကွေ့ကွေ့ ဖြစ်နေတာတွေကို ဖြောင့်ပစ်ရမှာပဲ။ မဖြောင့်နိုင်ရင် တနေ့မှာ ဒုက္ခပေးလိမ့်မယ်"
နောက်စကား တခွန်းကို ဖောက်သည်ချ လိုက်ရဦးမည်။ ကမ္ဘာ့ရုပ်ရှင်ပွဲတော် တခုတွင် “ပီတာ အိုတူး" ဆိုသော ရုပ်ရှင်မင်းသား(အို) ကြီးပြောသွားသော စကားပင်ဖြစ်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်က ထိုမင်းသားကြီးကို အလွန်စွဲခဲ့ရသည်ကို မှတ်မိနေပါသေးသည်။ သူပြောတာက “ဒီနေ့ကမ္ဘာကြီးမှာ ဖြစ်နေ သမျှ အနိဋ္ဌာရုံအစုစုအတွက် ရုပ်ရှင်တွေဟာ တာဝန် မကင်းပါဘူး” တဲ့။ ဟုတ်ပါ့။
ရုပ်ရှင်ကားတွေကို ကြည့်လိုက်ပြန်လျှင်လည်း သတ်နည်းမျိုးစုံ၊ လိမ်နည်းကောက်နည်း အဖုံဖုံ နှင့် “ဒုစရိုက်ထရိန်နင်” ကို တွင်တွင်ကြီး ပေးနေသည် ဟုပင် ဆိုလောက်ပါပေသည်။ ဆင်ဆာမဲ့ ဗွီဒီယိုကား တွေဆိုလျှင် ပိုလို့ပင်ဆိုးသေးသည်ဟု ပြောကြပါသည်။ “ပြောကြပါသည်” ဟု ဆိုလိုက်ရခြင်းက ဗွီဒီယို ကားတွေကို ကြည့်ချိန်မပေးနိုင်တော့ပြီ။ အာရုံလည်း မထက်သန်တော့ပြီ။ ထို့ကြောင့် မြန်မာ့ရုပ်သံနှင့်၊ မြဝတီရုပ်သံကလာသော တရုတ်ကား၊ ကိုရီးယားကားလေး တွေလောက်ကိုသာ ကြုံသည့်အခါ အပျင်းပြေ ကြည့်မိတော့သည်။ သည်တော့ လူငယ်တွေ ပြန်ပြောမှ ထိုထို သော ရုပ်ရှင်၊ ဗီဒီယိုကားတွေအကြောင်းကို သိရတော့သည်။ ကျွန်တော့်သား အငယ်ဆုံးကောင်က ဗွီဒီယို အခွေ၊ စီဒီအငှားဆိုင် ဖွင့်ထားလေတော့ “ဟေ့ကောင် ယုတ်တီး ယုတ်ပတ်၊ စုတ်တီးစုတ်ပဲ့ အနိဋ္ဌာရုံကားတွေ ကိုတော့ မတင်နဲ့ကွာ” ဟု ပြောမိပါသေးသည်။ သူက “ဟာ ဖေဖေကလဲ ကျွန်တော် ဒီလောက်အထိ အောက်တန်း မကျပါဘူး” တဲ့။
“အေး၊ မင်းက ဒီလောက်အထိ အောက်တန်း မကျပါဘူးဆိုလို့ ဝမ်းသာတယ်။ ဒါပေမယ့် အဲဒီ လောက်ထိ မကဘဲ အဲဒီထက် အောက်တန်းကျတဲ့ လူတွေရှိနေလို့ ဒီကားမျိုးတွေ ထွက်လာတာပေါ့။ ဒါကြောင့် ကမ္ဘာကြီး အောက်တန်းကျလာတာ ရုပ်ရှင် တွေရဲ့ ပယောဂ မကင်းဘူးလို့ မင်းသားဟောင်းကြီး ပီတာအိုတူးက ပြောခဲ့တာ”
နောက်စကား တခွန်းကို ပြောလိုက်ရပါဦးမည်။ ဘယ်သူရေးသည်၊ ဘယ်သူက ပြောခဲ့သည်ကို တော့ဖြင့် မမေးလိုက်ပါနှင့်။ ကျွန်တော် ငယ်ငယ်က (လွန်ခဲ့သော နှစ်ပေါင်း လေး,ငါးဆယ်က) ဖတ်ခဲ့ဖူးတာ ဖြစ်လေတော့ ဘယ်မှာ မှတ်မိတော့ပါမည်နည်း။ ကျွန်တော် မှတ်မိသလောက်-
“ကျွန်ုပ်တို့ ငြိမ်းချမ်းရေးကို လိုချင်လျှင် ကလေးတွေကို လက်နက် ဖြုတ်သိမ်းပစ်ရမည်” တဲ့။ ဟုတ်ပါ့။
ကြည့်စမ်း။ ကလေးကစားစရာတွေကို ကြည့်လိုက်စမ်းပါဦး။ သေနတ်တွေ၊ လက်ပစ်ဗုံးတွေ၊ တိုက်လေယာဉ်တွေ။ ဓားတွေ လှံတွေ။ ကုန်ကုန်ပြောလိုက်ရလျှင် ကျိုက်ထီးရိုးဘုရားက ပြန်လာလျှင် “ဒက်ဒက် ဒက်ဒက်” မြည်သော စက်သေနတ် သုံးလက် လောက်တော့ ပါလာတတ်သည်။ စင်စစ် ကျိုက်ထီးရိုး ဘုရားပွဲဆိုသည်မှာ ယဉ်ကျေးမှု တကာတို့တွင် အမြင့်ဆုံး ဘာသာရေးပွဲ မဟုတ်ပါလား။ သည်လို ပွဲမျိုးမှာပင် စက်သေနတ်တွေ တဒက်ဒက် ဖြစ်နေလေတော့ ကောင်းနိုင်ပါတော့မည်လား။ ခုတော့ မြို့နယ် ရပ်ကွက် ဘုရားပွဲကလေးများ၏ လမ်းဘေးဈေး၌ပင် တရုတ် ဇာတ်လမ်းတွဲကားထဲက “ကျန်ကျောင်း ဦးထုပ်၊ ကျန်ကျောင်းဓား” တို့ကို ရောင်းနေကြသည်။ ဒါတွေကို လူကြီးမိဘတွေကလည်း လိုလိုချင်ချင် ဝယ်ပေး နေကြသည်။ ကလေးတွေကလည်း ကျန်ကျောင်း ဓားလေးတွေ တရမ်းရမ်းနှင့် ကစားနေကြသည်။ ဟိုးအရင် ကျွန်တော်တို့ခေတ်ကလို မြင်းရုပ်၊ ဇော်ရုပ်၊ မင်းသား မင်းသမီးရုပ် မဟုတ်ကြတော့ပြီ။ သူတို့တတွေ နှစ်နှစ်ခြိုက်ခြိုက်ကစား နေကြသည့် ‘တီဗွီဂိမ်း’ ဆိုတာကို ကြည့်လိုက်ပြန် တော့လည်း ကျွန်တော် ကြည့် မိသလောက် “ဟိုအကောင်ကို သ|တ်ဟ"၊ “ဒီအကောင်ကို ဖြတ်ဟ" ဆိုတာမျိုးတွေချည်းသာ ဖြစ်နေသည်။ တခုမျှ မေတ္တာစိတ်ကိုမညွှန်း၊ ကလေးတွေက “သ|တ်ဟ ဖြတ်ဟ” နှင့် ကြီးပြင်းလာကြရသည်။ သည်ကလေးတွေ ကြီးလာလျှင်တော့ ဘာတွေလုပ်ကြမည်ကို ဗေဒင် မေးနေစရာ မလိုတော့ပြီ။ ဘယ်လို သတ်ရလျှင် ကောင်းမည်လဲ ဘယ်လိုဖြတ်ရလျှင် ကောင်းမည်လဲ ဆိုတာလောက်ကိုသာ တွေးနေတော့မည်ပေါ့။ သည်လို ဖြစ်နေတာတွေကို တွေးလိုက်မိတော့ ဒီကနေ့ လူကြီးတွေ ပြောနေတတ်ကြသော “ဒီခေတ်လူငယ် တွေ မကောင်းတော့ဘူး။ လူကြီးသူမမှန်း မသိ၊ ရိုင်းလာကြတယ်” ဟူသော စကားတွေကို ရယ်ချင်လာ မိသည်။ ကျွန်တော့် ခေါင်းထဲမှာ မေးခွန်းတွေ အစီအရီ ပေါ်လာတတ်သည်။
ပထမဆုံး ပေါ်လာလိုက်သည့် မေးခွန်းက ကလေးတွေ မရိုင်းအောင် လူကြီးတွေက ဘာလုပ်ပေးသလဲ ဟူသော မေးခွန်းဖြစ်သည်။
တွေ့သလောက် ပြောလိုက်ရလျှင် ယုတ်တီး ယုတ်ပတ် ရုပ်ရှင်တွေ ရိုက်တာ လူကြီးတွေဖြစ်သကဲ့သို့ အရက်ချက်ရောင်းတာလဲ လူကြီးတွေပါပဲ၊ ဘိန်းဖြူ ချက်ရောင်းတာလဲ လူကြီးတွေပါပဲ။
ဤသို့ စိတ်ပျက်လက်ပျက် ဖြစ်နေချိန်တွင် ကလေးသူငယ် ဗုဒ္ဓဘာသာ သင်တန်းကျောင်း ကလေးတွေ အစီအရီပေါ်လာသည်။ ကျွန်တော့် ကိုလည်း ဟောပြောပို့ချပေးပါရန် ဖိတ်ကြားသောကြောင့် မကြာခဏဆိုသလို သွားရောက် ဟောပြော ပေးရပါသည်။ သွားရောက် ဟောပြောရသော ကျောင်းများမှာ တောင်ဥက္ကလာ သင်္ကန်းကျွန်းအစပ်တွင်ရှိသော “ငါးကျမ်းပြန်” ကျောင်းတိုက်၊ မှော်ဘီဘက်တွင်ရှိသော “ရှင်ဆေကိန္ဒာရာမ” ကျောင်းတိုက်၊ ဗဟန်းဘက်တွင် ရှိသော “ရွှေတောင်ကုန်းရိပ်သာ” တို့ဖြစ်သည်။
နွေရာသီ ကျောင်းပိတ်ရက်လောက်တွင် ကျောင်းသား ကျောင်းသူတို့မှာ သာမဏေငယ်များ၊ သီလရှင်ကလေးများ ဖြစ်နေကြသည်။ သီလရှင် ကလေးများကိုပင် သီလရှင်ဟုမခေါ် ‘သိက္ခာရှင်’ ကလေးတွေဟု ခေါ်သည်။ ဤဝေါဟာရကလေးကို ကျွန်တော် သဘောကျမိသည်။ ထိုဝေါဟာရကို စတင်သုံးစွဲလိုက်သူကိုလည်း အထင်ကြီးမိသည်။ ‘သိက္ခာရှင်’ ဟုအမည်ခံလိုက်သောကြောင့် သိက္ခာကို စောင့်ထိန်းရန်လိုအပ်ကြောင်း သတိပေးနေသကဲ့သို့ ဖြစ်သွားသည်။
အသက်အရွယ် ပညာရည်အားဖြင့် ဆိုလျှင် မူလတန်းမှ တက္ကသိုလ်အဆင့်လောက်အထိအောင် ပါဝင်သည်။ အချို့ကိုရင်ကလေးတွေ၊ သိက္ခာရှင် ကလေးတွေဆိုလျှင် အရွယ်အားဖြင့် ငယ်လွန်းလှသေးသည်။ အငယ်ဆုံးဆိုလျှင် ငါးနှစ်လောက်သာ ရှိသေးသည်။ ဒီလိုဆီးစေ့လောက် ကလေးတွေကို ဘာသာရေး သင်တန်းပေး၊ ရိပ်သာဝင်၊ တရားမှတ် အလုပ် ခိုင်းတော့ ဘယ်မှာ အကျိုးရှိမှာလဲဟု မေးစရာ ရှိသည်။ တခွန်းတည်း ပြောလိုက်ချင်ပါသည်။ ဗွီဒီယိုကြည့်၊ ကာရာအိုကေဆို၊ တိရစ္ဆာန်ရုံသွား၊ ငါးမျှား လုပ်နေကြ တာတွေထက်တော့ အများကြီး ပိုကောင်းပါသည်။
သူတို့လေးတွေမှာ လက်အုပ်ချီတာကအစ၊ ဦးချတာကအစ စနစ်တကျနည်းမှန်လာသည်။ ဆွမ်းစားတာကအစ ဇွန်းသံ၊ ပန်းကန်သံ အသံမမြည်အောင် သတိထားတတ်လာသည်။ လမ်းလျှောက် တာက အစ၊ မျက်လုံး ကြည့်တာကအစ အိန္ဒြေသိက္ခာ နှင့် ဖြစ်လာကြသည်။ ဒါမျိုးတွေကို မိဘများက အိမ်မှာကြပ်ကြပ်မတ်မတ် သင်ပေးနိုင်ကြသည်မဟုတ်။ ကိုယ့်အလုပ်နှင့်ကိုယ် ပြေးကြလွှားကြ ရုန်းကန်နေကြရ သည်။ သူတို့ ‘ပါးစပ်မပြတ်လှုပ်’ နိုင်ဖို့ မိဘတွေက ‘လက်မပြတ်လှုပ်’ နေကြရသည်။ ဒါတွေက (ခုခေတ် လူငယ်တွေစကားနှင့် ဆိုလျှင်) အကင်းပဲ ရှိသေးသည်။ သည်ထက်ပိုလာသည်က ကုသိုလ် အကုသိုလ်ကို သိလာကြသည်။ မိမိစိတ်ကို ဘယ်လို ထားရမည်ကို သိလာကြသည်။ ရတနာသုံးပါး၊ မိဘ ဆရာသမားကို ရိုသေရကောင်းမှန်း သိလာကြသည်။ မပြစ်မှားကောင်းသော အရာတွေကို သိလာကြသည်။ သည်လောက် အထိ သိလာကြလျှင်ပင် နည်းနည်း နောနော အကျိုး ကျေးဇူးလား။ ဓာတ်ခွဲခန်းတွင် အောက်ဆီဂျင်ဓာတ် ထုတ်ဖော်ပုံကို သိရန်ထက် ကုသိုလ် အကုသိုလ်ကို သိရန် ပိုလို့အရေးကြီးသည်ဟု ကျွန်တော် ထင်မိသည်။
မကြာသေးမီက ကွန်မြူနစ်ဝါဒ၊ ရုပ်ဝါဒ အကြီးအကျယ် ခေါင်းထောင်လာခဲ့ဖူးသည်။ ဘာသာရေးသည် တော်လှန်ရေးစိတ်ဓာတ်ကို တွေဝေ စေသောကြောင့် ဘိန်းနှင့်တူသည်ဟု ဆိုခဲ့ကြသည်။ ဘုရားဆိုတာတွေ၊ ဘာသာရေးဆိုတာတွေကို ပစ်ပယ် ရုံမျှမက ရှုတ်ချသည့်အဆင့်သို့ပင် ရောက်ခဲ့ပါသေး သည်။ ဘုရားရှိခိုးလိုက်မိလျှင်ပင် “မတိုးတက်သော" “ဖောက်ပြန်သော” စသည်ဖြင့် “သော တရာ့ခြောက် ဆယ်” တိုင်အောင် ဝေဖန်ပြစ်တင်တတ်ကြသည်။ သို့သော် ဘာသာရေးသည် နှစ်ပေါင်းထောင်ချီပြီး လောကကို စောင့်ရှောက်ခဲ့ကြောင်း သူတို့မေ့နေကြသည်။ ဘာသာရေးကို အစားထိုးနိုင်သော သဘောတရား သူတို့မှာမရှိ။ ထို့ကြောင့် ဘာသာရေးမဲ့သော လူ့အဖွဲ့အစည်း၊ တိုင်းပြည်နိုင်ငံတို့သည် မရှုမလှ ပြိုကွဲခဲ့ရသည်။
စကားစပ်လာသောကြောင့် စကားရှည်လိုက်ရပါဦးမည်။
ကျွန်တော်က ကွန်မြူနစ် မဖြစ်ဖူးခဲ့သော်လည်း သိချင်တတ်ချင်သော ဝါသနာကြောင့် ကွန်မြူနစ် သင်တန်း၊ ဆိုရှယ်လစ်သင်တန်းတွေကို တက်ခဲ့ဖူးသည်။ တခုသော ဗုဒ္ဓဟူးနေ့၌ ကျွန်တော်တို့လမ်း အောက်ထိပ်က လက်ဘက်ရည်ဆိုင်တွင် စာပေ အပေါင်းအသင်း၊ စာပေတပည့်များနှင့်ထိုင်ပြီး စာကြောင်းပေကြောင်း ပြောနေကြသည်။ မြသန်းတင့် ကလည်း ရောက်လာလိုက်သေးသည်။ ထိုအခိုက်တွင် ကွယ်လွန်သူ “လယ်ဝေး သခင်ကြည်ရှိန်” ပေါက်လာ တဲ့ပြီး ဆိုင်းမဆင့် ပတ်မပျိုး -
“ဘယ်လိုလဲ ကိုအောင်သင်းရဲ့၊ ခင်ဗျားတို့ကွန်မြူနစ်ဝါဒက ငါးသုံးလုံးလောက်တောင်မှ သက်တမ်း မရှည်ပါကလား” တဲ့။
ကျွန်တော့်သူငယ်ချင်း ကွန်မြူနစ်ဝါဒီ မြသန်းတင့်ကြီးပင် အိန္ဒြေမဆောင်နိုင်ဘဲ ရယ်ပါလေတော့သည်။
ထိုအချိန်က ငါးသုံးလုံးစီးကရက်က နှစ်တရာ ပြည့်ပွဲခံနေချိန်ဖြစ်ရာ မြသန်းတင့်ရော ကျွန်တော်ပါမက တဝိုင်းလုံး ရယ်မောလိုက်မိကြပါသည်။ သခင် ကြည်ရှိန်သည် ကွန်မြူနစ်တို့၏ ရန်သူဖြစ်သည်။ ထို့ကြောင့်သာ သည်လိုလှောင်သည်ပဲ ဆိုစေဦးတော့ သူပြောသည့်စကားကို ဆင်ခြေတက် ငြင်းပယ်ရန် အလွန်ခက်သည်။ အကြောင်းက ဆိုဗီယက် ကွန်မြူနစ် တော်လှန်ရေးက ၁၉၁၇ တွင် ဖြစ်ခဲ့သည်။ နှစ် ၇ဝ ကျော်တွင် ပြိုကွဲခဲ့ရသည်။ ငါးသုံးလုံး စီးကရက်က နှစ်တရာပြည့် ဖြစ်လေတော့ ငါးသုံးလုံးက သူ့ထက် သက်တမ်းရှည်သည်ဟု ဆိုရမည်သာ ဖြစ်သည်။ ထို့ကြောင့် သခင်ကြည်ရှိန် ပြောမည်ဆိုလျှင်လည်း ပြောလောက်ပါပေသည်။
ဗုဒ္ဓသာသနာ ပေါ်ထွန်းခဲ့သည်မှာ နှစ်ပေါင်း ၂၅ဝဝ ကျော်ခဲ့ပြီ ဖြစ်လေတော့ ငါးသုံးလုံးကိုပင် မယှဉ် နိုင်သော ကွန်မြူနစ်ဝါဒမှာ စကားထဲပင် ထည့်ပြောလို့ မဖြစ်တော့ပြီ။ ရှေးခေတ် မြန်မာနိုင်ငံ၏ ပညာရေးကို ဘုန်းတော်ကြီးကျောင်းများက ဦးဆောင်ခဲ့သည်။ ထို့ကြောင့် ဘာသာရေး အဆုံးအမကို ငယ်စဉ်ကပင် စွဲလမ်းစွာ ခံယူကျင့်သုံးရကောင်းမှန်း သိခဲ့ကြသည်။ ရှေးခေတ် မြန်မာ့လူ့ဘောင်တွင် ဆိုးသွမ်းဟော့ရမ်းမှု၊ ပြစ်မှုကျူးလွန်မှု မရှိမဟုတ်၊ ရှိခဲ့သည်။ သို့သော် အခြား အခြားသော ဗုဒ္ဓသာသာ မဟုတ်သည့် နိုင်ငံများနှင့် ယှဉ်လိုက်လျှင် အလွန့်အလွန် နည်းပါးခဲ့သည်။
ယခုအခါတွင် ဗုဒ္ဓသာသနာပြု ပုဂ္ဂိုလ်ကြီး အဖြစ် ကမ္ဘာတွင်ထင်ရှားနေသော ဆရာကြီး ဦးဂိုအင်ကာ၏ အဘိုးက သူ့ခေတ်သူ့အခါတွင် ကြုံခဲ့ရ သော ဖြစ်ရပ်အရ “သူခိုးမရှိသော တိုင်းပြည်" ဟုပင် ဥဒါန်းကျူးခဲ့ရသည်။ သူက ကျေးလက်တောရွာများသို့ နောက်လိုက်နောက်ပါ လှည်းသမားများနှင့်အတူ ကုန်စည် လှည့်လည်ပြီး ရောင်းခဲ့ရသည်။ တနေရာတွင်တော့ ဇရပ်ပေါ်မှာ အိပ်ကြရသည်။ နံနက်တွင် ခရီးဆက်ကြတော့ သူ့ငွေအိတ်ကို စရပ်ပေါ်တွင် မေ့ကျန်ခဲ့ရာ လေး,ငါး,ခြောက်မိုင်လောက်ရောက်မှ သတိရသည်။ ထို့ကြောင့် ပြူးပြူးပျာပျာ ဖြစ်လျက် လှည်းသမားတွေကို ပြန်လှည့်မောင်းဖို့ပြောသည်။ လှည်းသမားတွေက ဘာမျှမထူးခြားသလို “အပြန်ကျတော့ ယူပေါ့” ဟုသာပြောသည်။ သည်လောက်ထိအောင် ကြာခဲ့သည့်နောက် ပြန်သွားလျှင်လည်း တွေ့နိုင်တော့မည်မဟုတ်ဟုတွေးကာ ရှေ့ကိုသာ ခရီး ဆက်ရတော့သည်။ သုံးလေးရက်ရှိမှ နောက်ကြောင်း ပြန်လာသောအခါ သူ့ငွေအိတ်ကို လက်ရာမပျက် တွေ့ရသည်တွင်မှ အံ့အားအသင့်ကြီး သင့်ရတော့သည်။
ဤသည်မှာ မိမိ မရထိုက်သော သူတပါး၏ ပစ္စည်းကို မယူရဟူသော ဘာသာရေးအဆုံးအမကြောင့် မည်သူကမျှ မယူခဲ့ခြင်း ဖြစ်ကြောင်း သိသာလှ ပါပေသည်။
ထို့နောက် အင်္ဂလိပ်ခေတ်သို့ ရောက်သော အခါတွင်မူကား ဘုန်းကြီးကျောင်းပညာရေးမှာ မှေးမှိန် လာခဲ့ရသည်။ လူငယ်အများစုမှာလည်း ရှင်ပြု၊ သာမဏေ သုံးရက်လောက်သာ ဝတ်ဖူးလျက် ပုတီးစိပ် ကိုပင် အလွတ်ကျက်ချိန် မရလိုက်သော အမည်ခံ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြလေတော့သည်။
ဤသည့်နောက် စစ်ကြီးက ဖြစ်လာလိုက်၊ ဂျပန်ဝင်လာလိုက်၊ ဖက်ဆစ်တော်လှန်ရေး၊ ပြည်တွင်း ဆူပူမှုစသည် စသည်ဖြင့် အမိုက်အကန်း စရိုက်ကြမ်းဖို့ အကြောင်းများသည်သာလျှင် လွှမ်းလာလေတော့သည်။ မူးမိုက်ယစ်ဝေစေသော ပစ္စည်းတွင်လည်း ရှေးက ထန်းရည်၊ ကစော်၊ အရက်၊ ဆေးခြောက်၊ အလွန်ဆုံး ဘိန်းအထိသာ ရှိခဲ့သည်။ ယခုတော့ ထိုထို သော ယစ်မျိုးပစ္စည်းများထက် အဆမတန် စွမ်းအင် ထက်မြက်သည့် ယစ်မျိုးတွေမှာ နာမည်ကိုပင် မှတ်လို့ မနိုင်အောင် ပေါ်လာခဲ့လေသည်။
ထိုသို့သော ကာလဆိုးကြီးမှ လူငယ်တို့ ထွက် မြောက်နိုင်အောင် လက်တွဲခေါ်ဆောင်နိုင်သည်မှာ ဘာသာရေးခံယူချက်သာလျှင် ရှိပေတော့သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ အခြေခံခဲ့ သည့်အတိုင်း ဗုဒ္ဓဘာသာအုတ်မြစ်ကို ခိုင်ခိုင်မာမာကြီး တည်ဆောက်ရပေလိမ့်မည်။ နိုင်ငံရေး စီမံကိန်းကြီး တွေ၊ စီးပွားရေး စီမံကိန်းကြီးတွေ ဘယ်လောက်ပင် ကြီးကျယ်ခမ်းနားနေစေဦးတော့၊ မည်မျှပင် သပ်ရပ် ကောင်းမွန်နေစေဦးတော့ စာရိတ္တအုတ်မြစ် မခိုင်မာလျှင် ဖွဲပုံပေါ်လှံစိုက်သလို ယိုင်လဲမည်သာ ဖြစ်ချေသည်။
ထို့ကြောင့် ယနေ့“ငါးကျမ်းပြန်” ကဲ့သို့သော ဘုန်းတော်ကြီးကျောင်းများက လူငယ်ပြုစုပျိုးထောင်ရေးစခန်း သာသနာပြုလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်တော်မူနေကြသည်ကို “ဘုန်းကြီးတွေအလုပ်”၊ “ဘာသာရေးလုပ်ငန်း” ဟု ခပ်တိမ်တိမ် မတွေးဘဲ အလွန့်အလွန်အရေးကြီးသော နိုင်ငံရေး၊ စီးပွားရေးစသော အရေးတကာတို့ထက် အရေးကြီး သော “အရေးတော်ပုံကြီး” ကို ဆင်နွှဲနေသူများအဖြစ် ဝိုင်းဝန်း ကူပံ့သင့်သည်ဟု ယူဆမိပါသတည်း။ ။
(၁၇. ၈. ၂၀ဝ၃)
---
#အောင်သင်း
#တကယ့်နိုင်ငံရေး
#shared_by_louis_augustine
Comments
Post a Comment