ပြာ // ကျော်ဟိန်း

ပြာ // ကျော်ဟိန်း

(မဟေသီမဂ္ဂဇင်း ၁၉၈၆၊ အောက်တိုဘာလ)

---

ဝိညာဉ်ကင်းမဲ့နေပြီဖြစ်သော ဦးဘမော်၏ ရုပ်အလောင်းသည် အဖိုးတန် ကျွန်းခုတင်ကြီးပေါ်တွင် ငြိမ်သက်စွာလဲလျောင်းလျက် ရှိနေပါသည်။ ဦးဘမော်၏ ကိုယ်ခန္ဓာပေါ်တွင် လွှား၍တင်ထားသော ဇာပဝါပါးမှ တဆင့် ဦးဘမော်၏မျက်နှာကို ဝိုးတဝါးမြင်နေရသည်။

မှိတ်ထားသောမျက်လုံး၊ ပိတ်ထားသော နှုတ်ခမ်းအစုံ နှင့် မျက်နှာအကျမှာ အသုဘမချခင်၊ မပုပ်မသိုးအောင် ဆေးထိုးထား၍ ညိုပုပ်နေသော်လည်း သက်ရှိထင်ရှားရှိစဉ်က ဦးဘမော်သည် ဣန္ဒြေကြီးမားကြောင်း ဂုဏ်ရှိန်ထည်ဝါကြောင်း သိသာလွန်းနေသည်။

ရုပ်အလောင်းဘေးတွင် ယှဉ်လျက်ချထားသော ခေါင်းသေတ္တာမှာ အဖိုးတန်သစ်ကိုထွင်းပြီး ဖဲစတို့ဖြင့် မွမ်းမံ ထားသဖြင့် အထူးအော်ဒါမှာပြီး လုပ်ထားကြောင်း ပေါ်လွင်နေသည်။

ခေါင်းသေတ္တာတွင် ကမ္ဗည်းထိုးထားသော ဦးဘမော်၏ အသက်နှင့် ဘွဲ့ထူး၊ ဂုဏ်ထူးအရည်အချင်းများမှာ ရှည်လျားလွန်းသဖြင့် တရားဥပဒေလောကတွင် ဉာဏ်ပညာ ကြီးသူ၊ ဝါရင့်သူ၊ ဗဟုသုတအတွေ့ အကြုံ ရင့်သန်ကြွယ်ဝသူ တယောက်ဟု ခန့်မှန်းနိုင်ပေသည်။

“ကဲဟေ့ . . .၂ နာရီထိုးပြီ။ ထွက်ဖို့ လုပ်ကြတော့” 

ယောက်ျားကြီးတယောက်၏ အသံ ခန့်ညားသောကြောင့် အိမ်တွင်းရှိလူများနှင့် အိမ်အပြင်ဘက်တွင် ရောက်ရှိနေကြသော လူများတို့သည် လှုပ်လှုပ်ရှားရှားဖြစ်သွား လေတော့သည်။

ဦးဘမော်၏ သားသမီးများက ဦးဘမော်၏ ရုပ်အလောင်းကို ခုတင်ပေါ်မှ ယူယစွာပွေ့ချီပြီး ခေါင်းအတွင်းသို့ ညင်သာဖြည်းညင်းစွာ ထည့်သွင်းလိုက်လေသည်။

ဦးဘမော်သက်ရှိထင်ရှားရှိစဉ်က ပိုင်ဆိုင်သော သိန်းပေါင်းများစွာထဲမှ မတ်စေ့တစေ့ကို ရွေးချယ်ပြီးနောက် ဦးဘမော်၏ အာခံတွင်းသို့ ထည့်လိုက်သည်။

ထိုမတ်စေ့တစေ့သည် သူဌေးကြီးဦးတမော် အတွက် နောက်ဆုံးလက်ခံလိုက်နိုင်သော ငွေကြေးပမာဏပင် ဖြစ်ပေသည်။

ကွယ်လွန်သူ ဦးဘမော်၏ သားအကြီးဆုံးသည် ဩဇာတိက္ကမကြီးသူတဦးဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဒုတိယသားသည် အထူးကု ဆရာဝန်ဖြစ်ခြင်းကြောင့် လည်းကောင်း၊ တတိယသမီး၏ အိမ်ထောင်ဖက်သည် အထူးကုဆရာဝန်ကြီးတယောက်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ စတုတ္ထသားသည် ဌာနတခုမှ အရာရှိတယောက် ဖြစ်သည့်ပြင် သူ၏ အိမ်ထောင်ဖက်အမျိုးသမီးသည် မန္တလေးမှ ချမ်းသာကြွယ်ဝသော လုပ်ငန်းပိုင်ရှင်၏ တဦးတည်းသော သမီးဖြစ်ခြင်းကြောင့်လည်းကောင်း၊ ပဉ္စမသမီးဖြစ်သော အငယ်ဆုံးအမျိုးသမီးသည် ဆေးတက္ကသိုလ်(၁)မှ နောက်ဆုံးနှစ် ကျောင်းသူတဦးဖြစ်ခြင်းကြောင့်လည်းကောင်း၊ သားသမီးများ၏ဂုဏ်သိက္ခာရှိမှု၊ ပညာအရည်အချင်း ပြည့်ဝမှု့တို့အပြင်၊ ဦးဘမော်ကိုယ်တိုင်က ချမ်းသာကြွယ်ဝသော ပညာတတ်ကြီး တဦးဖြစ်ခြင်းတို့ကြောင့် ပတ်သက်ရာ၊ ပတ်သက်ရာ ဆွေမျိုး မိတ်ဆွေသင်္ဂဟအပေါင်းမြောက်များစွာဖြင့် ဦးဘမော်၏ ဈာပနအခန်းအနားသည် အလွန့်အလွန် ကြီးကျယ်ခမ်းနားစွာ စည်ကားသိုက်မြိုက်လွန်းလှပေတော့သည်။ အသုဘချရာ လမ်းတလျှောက်တွင် မြင်ရသူများအဖို့

“ဒီလောက်များတဲ့လူတွေ၊ ဒီလောက်များတဲ့ကားတွေ အမှတ်တရပဲဟေ့” ဟူ၍ပြောရလောက်အောင် ဖြစ်စေတော့သည်။

ကြံတောသုသာန်အနီးရှိ ကြည့်မြင်တိုင် အထက(၁) ကျောင်းရှေ့သို့ ဦးဘမော်၏ ရုပ်ကလပ်ကို တင်ဆောင်လာသော နိဗ္ဗာန်ယာဉ်ရောက်ရှိချိန်တွင် ဦးဝိစာရ လမ်းပေါ်ရှိ ဦးဘမော်၏ နေအိမ်မှ အသုဘပို့ယာဉ်များမှာ ထွက်လာ နေဆဲရှိသေးသည်။

ထိုအချိန်တွင် ဝေဠုဝန်ဘက်မှ အသုဘချလာသော အသုဘယာဉ်တစီးသည် မျက်နှာချင်းဆိုင်အရပ်မှ ဦးဘမော်၏ ဈာပနပို့ ကားတန်းရှည်ကြီးကိုမြင်သဖြင့် အလျင်ဦးအောင် ဝင်နိုင်ဖို့အတွက် အမြန်မောင်း၍ ဝင်လိုက်သည်။

ဤသို့ အမြန်မောင်း၍ ဝင်လိုက်ကာမှ ဦးဘမော်၏ အသုဘယာဉ်နှင့် ခေါင်းချင်းဆိုင်တိုက်မိမလိုဖြစ်သွားပြီး ဂိတ်ပေါက်ဝတွင် နှစ်စီးစလုံးဝင်မရဘဲ ပိတ်ဆို့သွားလေသည်။

တဦးတယောက်က အလျှော့ပေးမှ ဖြစ်မည့်အခြေအနေမျိုး ရောက်သွားချိန်တွင် ဦးဘမော်၏ ဈာပနအဖွဲ့မှ လူတယောက်သည် မျက်နှာထားတင်းစွာဖြင့် ဆင်းလာကာ ဟိတ်ဟန်ပြနေလေသည်။

တဘက်အဖွဲ့မှဆင်းရဲနွမ်းပါးဟန်ရှိသော မိန်းမ ရွယ်တဦးသည်လည်း နိဗ္ဗာန်ယာဉ်ကားမောင်းသူဘေးမှဆင်းလာပြီး သူတို့အလျင်ဝင်ပါရစေဟု ကျိုးနွံစွာ တောင်းဆိုသည်။

ထိုအမျိုးသမီးမှာ တဘက်အဖွဲ့မှ တဦးတည်းသော အသုဘပို့သူ ဖြစ်လေသည်။ ကားမငှားနိုင်သဖြင့် ခေါင်းသယ်သည့် နိဗ္ဗာန်ယာဉ်နှင့်အတူ အသုဘချရန် လိုက်ပါ လာခြင်းဖြစ်သည်။ မီးသင်္ဂြိုဟ်ရာဌာနသို့ ရောက်ရမည့်အချိန် ထက်များစွာ နောက်ကျနေပြီဖြစ်၍ စိတ်စောနေပုံလည်းရလေသည်။ ဦးဘမော်အဖွဲ့မှလူကလည်း သူတို့ရှေ့က စုတ်ချာ လွန်းသော အသုဘရှင်ကို အလျင်ဝင်ခွင့်ပြုလျှင် နိမိတ်မကောင်းဟု ယူဆကာ သူတို့ပဲအလျင်ဝင်မည်ဟု အရေးဆိုသည်။

ထိုသို့ သူအလျင်ဝင်မယ် ငါအလျင်ဝင်မယ်နှင့် အပြန်အလှန် ငြင်းခုံနေကြသဖြင့် အသုဘလိုက်ပို့ကြသည့် ကားများထဲမှ လူများမှာလည်း ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်တော့သည်။

အတန်ကြာမှ မိန်းမရွယ်က အလျှော့ပေးလိုက်လေသည်။

ဦးဘမော်၏ ဈာပနအဖွဲ့သည် ကြားမှဖြတ်၍မဝင် နိုင်အောင် တစီးနှင့်တစီး ကပ်၍ မောင်းကာကြံတော သုသာန်ဝင်းထဲသို့ အနိုင်ရစွာ ဝင်သွားကြသည်။ မိန်းမရွယ်သည် သူရှေ့မှ ထွက်သွားကြကုန်သော ကားတန်ရှည်ကို ကြည့်ရင်း . . .

“ငါ့နှယ်နော် ဒီအချိန်ထိ အရှုံးပေးနေရတုန်းပါပဲလား။ ကိုအုန်း.. ရှင်ဟာ ကျွန်မဘဝကို လူတကာအနိုင်ကျင့်ဖို့အတွက် ဘယ်အချိန်အထိ နှိပ်စက်နေဦးမှာလဲ”

ဟု နိဗ္ဗာန်ယာဉ်ထဲမှ ခင်ပွန်းဖြစ်သူ၏ ရုပ်ကလာပ်ရှိရာကို မကျေနပ်စွာ လှည့်ပြောလိုက်လေသည်။

သူ့လင်တော်မောင် အသုဘကိစ္စပြီးလျှင် ဆက်လက် တာဝန်ယူ ဖြေရှင်းရမည့် သူမ၏ လက်ရှိဘဝကို မြင်ယောင်လာသည်။ ဦးအုန်းဘဝပျက်သော အချိန်ကျမှ သူနှင့် အိမ်ထောင်ကျခဲ့ရ၍ ဦးအုန်း၏ ပထမအိမ်ထောင်မှပါလာသော လူမမယ်ကလေး လေးယောက်နှင့်အတူ ဒုက္ခရောက်ရတော့မည့် သူ့ဘဝရှေ့ရေးကို စိတ်ဆင်းရဲစွာ တွေးမိသည်။ ဦးအုန်း ဈာပနကိစ္စတွင်လည်း နိဗ္ဗာန်ယာဉ်မောင်းသူက ကားခမယူဘဲ အခမဲ့လိုက်ပို့၍သာ တော်တော့သည်။ ရပ်ကွက်ထဲမှ အသုဘ လိုက်ပို့လိုသူများရှိသော်လည်း ကားငှားစရိတ်မရှိသဖြင့် တောင်းပန်ပြီးထားခဲ့ရသည်။ ရပ်ကွက်တွင်းမှာ အပ်ထားခဲ့ရသော လင်ပါကလေး လေးယောက်၏ ညနေစာဖြေရှင်းရေး ကိစ္စကို အလန့်တကြားစဉ်းစားမိသည်။

မိန်းမရွယ်သည် ဤနေရာတွင် ဆက်လက်ရပ်တည်ရန် မစွမ်းနိုင်တော့ပေ။ အာရုံပြောင်းသည့်အနေဖြင့် နိဗ္ဗာန် ယာဉ်မောင်းသူအား စောင်းငဲ့ကြည့်လိုက်သည်။

“ဆရာကြီး ကျွန်မ ခင်ပွန်းအလောင်းကို ခဏလေး စောင့်ပေးပါ။ ခဏလေးပါရှင်။ မီးသင်္ဂြိုဟ်တဲ့ ဌာနတာဝန်ခံက ကျွန်မကိုအချိန်မီရောက်အောင် ဟိုနေ့တည်းက အတန်တန် မှာထားတာရှင့်။ သင်္ဂြိုဟ်စရိတ် ငွေအစိတ်ပြည့်အောင် ရှာနေတာနဲ့ နောက်ကျသွားတာ။ ဒီကားတွေနောက်က ရှင်လိုက်ခဲ့တော့။ ကျွန်မဟိုကပဲ စောင့်နေတော့မယ်”

ဟု ပြောဆိုကာ ကြံတောသုသာန်တွင်းရှိ ဂူများကြား ထဲမှဖြတ်ကာ မီးသင်္ဂြိုဟ်ရာဌာနဆီသို့ သုတ်ခြေတင်တော့သည်။

ဦးဘမော်၏ သားသမီးများက ဦးဘမော်၏ ရုပ်အလောင်းအား နောက်ဆုံးကြည့်ခြင်းအဖြစ် ခေါင်းအဖုံးဖွင့်ကာ ဂါရဝပြုနေကြသည်။

ဤသို့ ဂါရဝပြုရင်း ပူဆွေး ငိုကြွေးနေကြသည့် ဦးဘမော်၏ သားသမီးများထဲမှ အငယ်ဆုံးသမီးဖြစ်သော ဆေးကျောင်းသူ၏ ငိုကြွေးဟန်မှာ မြင်ရသူအဖို့ ထိခိုက်ကြေကွဲ စေတော့သည်။

သူမအနေနှင့် ဖခင်ဖြစ်သူ ဦးဘမော်လိုလူမျိုး၏ ကြီးကျယ်လွန်းသော ဂုဏ်သိက္ခာ၊ ပညာအရည်အချင်းများနှင့် တူညီသော သားနားခန့်ထည့်သည့် အုတ်ဂူတခုကို မိခင်၏ အုတ်ဂူအနီးတွင် ဖခင်အတွက် အမှတ်တရအဖြစ် စိုက်ထူထားစေချင်သည်။

သို့သော် ဦးဘမော်၏ ရောဂါများကြောင့် မီးသင်္ဂြိုဟ်တာ အကောင်းဆုံးပဲဟု အစ်ကို၊ အစ်မများ၏ စီစဉ်မှုကို မတတ်သာသည့်အဆုံး၌ လက်ခံလိုက်ရခြင်းဖြစ်သည်။

ဦးဘမော်၏ ငြိမ်သက်နေသော မျက်နှာပြင်ကို ငေးကြည့်ရင်း . . . မီးသင်္ဂြိုဟ်ရာတွင် ဘယ်လိုဖြစ်မလဲဟု တွေးမိလိုက်သည့်ခဏတွင် ထိုဆေးကျောင်းသူလေးသည် ဖခင်ဖြစ်သူအား နှမြောတသစွာ အတင်းဖက်တွယ်ထား လေတော့သည်။

သူ့ဖခင်နှင့်အတူ လိုက်သေမည်ဟု တစာစာ အော်ဟစ် ငိုကြွေးလေသည်။ သူမ၏ အပြုအမှုကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။ ထိန်းမရ၊ သိမ်းမရ ရှုပ်ထွေးကုန်တော့သည်။

နောက်ဆုံး အစ်ကို၊ အစ်မများက ညီမလုပ်သူအား ဖျောင်းဖျပြောဆို ဆွဲခေါ်ကာ ကြံတောသုသာန်မြေထဲမှ ထွက်ခွာသွားချိန်တွင် ကျွန်းသားဖြင့်ပြုလုပ်ထားသော ဦးဘမော်၏ အဖိုးတန်ခေါင်းသေတ္တာကြီးသည် မီးရထားသံလမ်းများကိုဖြတ်၍ ကန့်လန့်ထည့်ထားသော သံလမ်း (သံဘီးလုံးများ ပျက်စီးကုန်ပြီ) များမှတဆင့် မီးသင်္ဂြိုဟ်ရာ အခန်း(၂)အတွင်းသို့ ရောက်ရှိသွားလေတော့သည်။

အတွင်းတံခါးကို ပိတ်ပြီးနောက် အပြင်တံခါးကို ထပ်ဆင့်ပိတ်လိုက်ချိန်တွင် ဦးဘမော်၏ ကြီးကျယ်ခမ်းနားသော အဆောင်အယောင်များသည် ကြံတောသုသာန်မြေထဲမှ ရုတ်တရက် မျက်လှည့်ပြလိုက်သကဲ့သို့ ပျောက်ကွယ်ရှင်းသွား တော့သည်။

ထိုအခါမှ ကြံတောဂိတ်ဝတွင် စောင့်နေခဲ့ရသော ဦးအုန်း၏ ဈာပန နိဗ္ဗာန်ယာဉ်သည် မီးသင်္ဂြိုဟ်ရာဌာနရှိရာသို့ ဝင်ရောက်လာလေသည်။

ကြိုတင်ရောက်နှင့်နေသော မိန်းမရွယ်သည် အလုပ် သမားအဖွဲ့၏ အကူအညီဖြင့် နိဗ္ဗာန်ယာဉ်ထဲမှ သူမခင်ပွန်း၏ ရုပ်ကလာပ်ကို ထုတ်ယူပြီး သံဘီးတပ်လှည်းပေါ် တင်လိုက်သည်။ မိန်းမရွယ်၏ အပြုအမှုများသည် သေဆုံးသွားသူကို ဇာချဲ့မနေတော့ဘဲ အိမ်တွင်ကျန်ခဲ့သော အသက်ရှင်သူများ၏ လက်ရှိအခြေအနေကိုရှင်းရန် တွေးတောပူပင် ကြောက်လန့် နေပုံရလေသည်။

သင်္ဂြိုဟ်ဌာန တာဝန်ခံလုပ်သူက သံဘီးတပ်လှည်းကို

တွန်းရင်း . . .“ကြည့်ဦးမလား”ဟု မေးရာတွင် မိန်းမရွယ်သည် . . .

“တော်ပြီ တသက်လုံး အနိုင်ယူ ဒုက္ခပေးတဲ့ဟာကြီး ... သွားတော့”

ဟု သံယောဇဉ်ကင်းစွာ ပြောလိုက်သည်။ သက်ဆိုင်ရာ စာရွက်စာတမ်းများကို တာဝန်ခံလုပ်သူအား လှမ်းပေးပြီး မီးသင်္ဂြိုဟ်ရာ အခန်းတွင်းသို့ ခင်ပွန်းဖြစ်သူ၏အလောင်းကို ထည့်လိုက်သည်ကိုပင် မကြည့်တော့ဘဲ ကျောခိုင်းထွက်သွား တော့သည်။

တာဝန်ခံသည် ထိုမိန်းမရွယ်အား စောစောက ဆေးကျောင်းသူလေးနှင့် နှိုင်းယှဉ်ပြီး အံဩစွာ ငေးမောကြည့်နေသည်။ ပြီးမှ အခန်း (၂) တံခါးကို ဖွင့်လိုက်သည်။ ဦးဘမော်၏ ရုပ်အလောင်းသည် မီးတဟုန်းဟုန်း တောက်လောင်နေဆဲ။ မီးလောင်နေသော ဦးဘမော်၏ အလောင်းကို သံချောင်းရှည်များဖြင့် ထုရိုက်ချိုးဖဲ့ကာ အောက်ချိုင့် ကလိုင်တွင်းသို့ ထိုးသွင်းလိုက်ပြီးနောက် ကျောခိုင်းထွက် ခွာသွားသူ မိန်းမရွယ်၏ ခင်ပွန်းဖြစ်သူ ဦးအုန်း၏ အလောင်းကို အပေါ်မှဆက်လက်၍ ထည့်သွင်းလိုက်သည်။

ဦးအုန်း၏အလောင်းသည် ဤတနေ့တာအတွက် နောက်ဆုံးသင်္ဂြိုဟ်ရမည့်အလောင်း ဖြစ်လေသည်။

ဂျပန်ပြည်လုပ် မော်တာ(၁၅) ကောင်အားကိုယ်စီရှိသော မီးစက်ကြီးနှင့် တရုတ်ပြည်လုပ် မီးစက်ကြီးတို့၏ အပူရှိန်ကြောင့် အလောင်းများသည် နာရီပိုင်းအတွင်း လောင်ကျွမ်း ကြေမွကာ ပြာအဖြစ် ရောက်ရှိသွားလေသည်။ ၎င်းပြာများသည် လူတို့၏အဆီပါသောကြောင့် မြေဩဇာအဖြစ်ပင် အသုံးမဝင်နိုင်ပေ။

ဦးဘမော်၏ ပြာများသည်လည်းကောင်း၊ ဦးအုန်း၏ ပြာများသည်လည်းကောင်း၊ အခန်း ၁၊ ၂၊ ၃၊ ၄၊ ၅ ထဲမှ တနေ့တာ မီးရှို့ထားသော လူတန်းစားပေါင်းစုံတို့၏ ပြာများသည် လည်းကောင်း အမှိုက်သိမ်းသည့် လက်တွန်းလှည်းမှတဆင့် သင်္ဂြိုဟ်စက်အနောက်ဘက်ရှိ တွင်းတခုထဲသို့ သွန်ချလိုက်ချိန်တွင် အားလုံးသည် အရောရော အနှောနှောဖြစ်၍ သွားချေပြီတည်း။

---

#ကျော်ဟိန်း
#ပြာ

#shared_by_louis_augustine
#sbla

Comments