အစာအိမ်ရောဂါ // အဏ္ဏဝါစိုးမိုး

အစာအိမ်ရောဂါ // အဏ္ဏဝါစိုးမိုး

(ရွှေအမြုတေ၊ ဇန်နဝါရီလ၊ ၁၉၉၄ ခုနှစ်)

---

ယခုတခေါက် ရွာကို ပြန်ရောက်သည့် နေ့မှာပဲ ဆွေမျိုးထဲက အသုဘ တခုနဲ့ တိုးနေသည်။ ရွာလယ် လမ်းဆုံ လမ်းခွမှာ မြို့ကားကြီး ရပ်ပေး၍ ကားပေါ်မှ ခုန်ချလိုက်ချိန်မှာပင် မျက်နှာသုတ်ပဝါ အဖြူကို ဦးခေါင်းပေါ်မှာခေါက်တင်ပြီး လမ်းလျှောက်လာသော ကျွန်တော့် အဒေါ် ကို တွေ့လိုက်ရသည်။ ကျွန်တော်လာမယ် ဆိုတာကို မသိ၍ ကျွန်တော့်ကို လာကြိုတာမဖြစ်နိုင်သဖြင့် ဒေါ်လေး ဘယ်ကိုသွားမလို့လဲဟု နှုတ်ဆက်လိုက်ပါသည်။ မမျှော်လင့်ဘဲ တွေ့လိုက်ရ၍ အံ့သြဝမ်းသာသည့် မျက်နှာဖြင့် ကျွန်တော့်ကို ကြည့်နေပါသည်။

“ဟဲ့… ငစိုးပါလား လာမယ်ဆိုတာ အကြောင်းမကြား ဘာ မကြားနဲ့ ...နင့်ဦးကြီး ဦးအောင်တင်ဆုံးပြီ၊ ဒီနေ့ အသုဘချမယ်၊ ငါ အခု အသုဘ သွားပို့မလို့”

“ဟင်”

ကျွန်တော့် ပါးစပ်က ဟင်ခနဲ အသံ ထွက်သွားသည်။ ဆုံးပြီ ဆိုသည့် ဦးအောင်တင်၏ အမေနှင့် ကျွန်တော့် အဘွားတို့ ညီအစ်မ တဝမ်းကွဲ တော်သည်။ သို့ဖြစ်၍ ဒေါ်လေးနှင့် ဦးအောင်တင်တို့ မောင်နှမ နှစ်ဝမ်းကွဲ ဖြစ်မည်။ ကျွန်တော်နှင့် ဆိုပါမူ တူဝရီး သုံးဝမ်း ကွဲခန့် တော်ပေလိမ့်မည်။

ဦးကြီး အောင်တင်သည် ကျွန်တော်တို့ ရွာမှ သြဇာတိက္ကမ ရှိသူဖြစ်၍ ကျွန်တော်တို့ မိသားစု အပါအဝင် တရွာလုံးက အတင်းအဓမ္မ ဆွေမျိုးတော်ခြင်း ခံရသူ ဖြစ်သည်။ ဆစတကခေတ်၊ ပပကခေတ်မှစ၍ ကျေးရွာသမဝါယမခေတ်တိုင်အောင် ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့ သူဖြစ်၍ ရပ်သူ ရွာသားတိုင်းက အလေးထားနေရသူလည်း ဖြစ်သည်။

ဒီနေ့ အသုဘ ချမည် ဆိုတော့ ရပ်ရွာထုံးစံအတိုင်း ခေါင်းပိတ်ပြီး ဖြစ်၍ အလောင်းကို မြင်ခွင့် မရတော့သော်လည်း အသုဘပို့ မီလိုက်လို့ တော်ပါသေးရဲ့ဟု တွေးမိပြီး ဒေါ်လေးနှင့်အတူ အသုဘပို့ရန် လိုက် သွားပါသည်။ ခရီးရောက်မဆိုက် ကြုံကြိုက်ခြင်းဖြစ်၍ ခရီးသွား ပုံစံဖြင့်ပင် အသုဘပို့ရန် လိုက်သွားရတော့သည်။ ခရီးဆောင် လွယ်အိတ်၊ ဆွဲအိတ်တွေက တိုးလို့ တွဲလောင်း၊ ဂျင်းဘောင်းဘီနဲ့ ကင်မရာနဲ့ နေကာ မျက်မှန်နဲ့ ဆိုတော့ ကျွန်တော့်ကို မသိသူများက ကျေးရွာ သမဥက္ကဋ္ဌကြီး၏ ဈာပန သတင်းယူရန် လာသော သတင်းထောက်ဟု ထင်သွားနိုင်ဖွယ် ရှိသည်။

ဒေါ်လေးနှင့် ကျွန်တော်တို့ အသုဘ အိမ်ရှေ့သို့ ရောက်သွားသော အချိန်မှာပင် ကွယ်လွန်သူ၏ မိသားစု အပါအဝင် အတင်းအဓမ္မ ဆွေမျိုး တော်ထားကြသူတို့၏ စုပေါင်း ငိုကြွေးသံကြီးနှင့်အတူ ကြေးစည် နှက်သံ တချက် ထွက်ပေါ်လာသည်။ အသုဘ ချတော့မည် ဆိုသည့် အချက်ပေး သင်္ကေတ ဖြစ်သည်။ တတိယ ကြေးစည်နှက်သံနှင့်အတူ ခေါင်းတလား တင်ထားသည့် ဝါးထမ်းစင်ကို ကောက်ထမ်း ကြပြီး အလောင်းအိမ်မှ စထွက်လေသည်။ ဒေါ်လေးနှင့် ကျွန်တော်တို့လည်း ကျေးရွာ သမဝါယမ ဥက္ကဋ္ဌကြီး၏ ဆွေမျိုး စာရင်းဝင်များဖြစ်၍ အလောင်းထမ်းသူတို့၏ နောက်မှ ကပ်ပြီး လိုက်ပါခွင့် ရသူများကြားတွင် ရောဝင် လိုက်ပါခဲ့ကြသည်။ ကျွန်တော့်ကို မသိသူ ရွာခံသား အချို့က အခွင့်အရေးသမားထင်ပြီး မနာလိုသည့် မျက်လုံးများဖြင့် ကြည့်ကြသည်။ ဒေသထုံးစံအရ မျက်နှာကြီး အသုဘမို့ ဆိုင်းနဲ့ ဗုံနဲ့ ချသည် ဆိုသော်လည်း နှဲမပါ၊ လင်ကွင်းမပါဘဲ ပတ်မကြီး တလုံးတည်းကိုသာ အဆက်မပြတ် တီးနေသဖြင့် (ဒိန်းဒိန်းဗေဗေထီ) ဟုသာ သံမှန် ထွက်နေသည်။ (အဖေရေ စာရင်း ကွာနေတဲ့ ငွေငါးရာကို သမီးစိုက်လျှော်လိုက်ပါ့မယ် အဖေရဲ့... ဟို... ဟဲ့...ဟဲ့ ဟီး ဟီး) ဟု အော်ငိုလိုက်သောသမဆိုင် စာရေးမ (ကျွန်တော့်နှမလေးဝမ်းကွဲ)၏ ငိုချင်းချသံကြီးနဲ့ စည်းဝါးမကိုက် ဖြစ်နေသည်။ ရန်ကုန်က တချို့ အသုဘတွေလို လေမှုတ်ကိရိယာ ဘင်ခရာ အစုံအလင်ဖြင့် (လဝန်းလေးနဲ့ တူတယ် မေ့ကိုလားကွယ်... အသည်းထဲ စွဲနေပါသတဲ့ သူညာတယ်) မလုပ်နိုင်သဖြင့် အသုဘ ပို့ရတာ ဖီလင်မလာ ဖြစ်နေသည်။

ကျွန်တော်က ရန်ကုန်မှာ နေသော်လည်း ရွာက လာကြသည့် ကုန်သည်ပွဲစား၊ ဘုရားဖူးဧည့်သည်၊ ဆေးကု လူနာများမှ တဆင့် ရပ်သတင်း ရွာသတင်းတွေကို ကြားနေခဲ့ရသည်။ ဦးကြီး အောင်တင်တို့ မိသားစုတွေ စားဝတ်နေရေး ပြေလည်ပြီး အိမ်ကြီး ရခိုင်နှင့် တင့်တင့် တယ်တယ် ဖြစ်နေကြပြီ ဟူ၍ လည်းကောင်း၊ ညတည လူခြေတိတ်ချိန် မှာ အိမ်ကို ခဲပေါက်ခံရသည် ဟူ၍ လည်းကောင်း၊ အမူးသမားတယောက်က အိမ်ရှေ့က လာဆဲခြင်း ခံရသည် ဟူ၍ လည်းကောင်း၊ ကျေး ရွာ ကောင်စီ ညှိနှိုင်း အစည်းအဝေးမှ အပြန်မှာ အမည်မသိသူ တဦး က အမှောင်ရိပ်မှ ချောင်းရိုက်တာ ခံရသည် ဟူ၍ လည်းကောင်း၊ အဆိုး အကောင်း အကျိုးအကြောင်း အစုံအလင်ကို ကြားသိခဲ့ရသည်။

၁၉၇၅-ခုနှစ် လောက်ကဟု ထင်ပါသည်။ ကျွန်တော် ရွာကို တခေါက် ရောက်ခဲ့သေးသည်။ မြို့ကားကြီးက သမဆိုင်ရှေ့မှာ ရပ်ပေး၍ ကားပေါ်က ဆင်းလိုက်ပါသည်။ သမဆိုင်ရှေ့က ကုက္ကိုပင်မှာမညီ မညာရေးပြီး ကပ်ထားသည့် ကြော်ငြာ စာရွက်တရွက်ကို တွေ့ရသည်။ (သကြား တဆယ်သား မဲပေါက်ထားကြသူများ ယနေ့ နောက်ဆုံးထားပြီး ထုတ်ယူကြပါ) ဟူ၍ ဖြစ်သည်။ မဲပေါက်ထားသူများဖြစ်ဟန်တူသည့် အမျိုးသမီးများနှင့် ကလေးများ ကုန်ဝယ်စာအုပ်ကလေးတွေ ကိုယ်စီ ကိုင်ပြီး သမဆိုင်ရှေ့မှာ တန်းစီ နေကြသည်။ ကုန်ဝယ်စာအုပ် မပါသည့် အဘွားအို တဦးကမူ သတ္တုချိုင့်ကလေး တလုံးကို ကိုင်ပြီး ကုက္ကိုပင် ခြေရင်းမှာ ထိုင်နေသည်။ အသက် ခုနှစ်ဆယ်ခန့် ရှိပြီဖြစ်သည့် ထိုအဘွားအိုသည် ကျွန်တော့်ကို မမှတ်မိသော်လည်း ကျွန်တော်က အဘွားအိုကို မှတ်မိနေသေးသည်။ ရွာအရှေ့ပိုင်းက ရခိုင် လက်သမားကြီး ဦးအောင်မြသာ၏ ဇနီး အဘောင်ချေ ဖြစ်သည်။ ဤ အဘွားအိုကို ရွာသူရွာသားတွေက အဘောင်ချေ (ရခိုင်လို အဘွားလေး) ဟု ခေါ်ကြခြင်း ဖြစ်သည်။ အဘွားအိုသည် မျှော်လင့်ချက် တခုဖြင့် သမဆိုင် အတွင်းသို့ ငေးမော ကြည့်ရှုနေသည်။ မကြာမီ အတွင်းမှာပင် သမဆိုင်ထဲမှ ဦးကြီး ဦးအောင်တင် ထွက်လာတာကို တွေ့ရသည်။ အဘွားအိုသည် ထိုင်ရာမှ အားယူ ထပြီး ဦးကြီး အောင်တင်ကို ရှိခိုး ဦးတင်မတတ် တောင်းပန်စကားတခုကို ပြောလေသည်။

“အိမ်က အဘိုးကြီး အစာအိမ်ရောဂါကြောင့် ထမင်း မစားနိုင် လို့ပါ မောင်အောင်တင်ရယ်... နွားနို့လေးနဲ့ ရောပြီးတိုက်ချင်လို့ တဆယ်သားလောက် ရောင်းပါကွယ်...”

“မရောင်းနိုင်ပါဘူး ဆိုနေ ... ဒီအဘွားကြီး တော်တော်အပြောရ ခက်နေပါလား... ဟေ့ကောင် မောင်နီ မဲမပေါက်တဲ့သူ ဘယ်သူ့ကိုမှ မရောင်းနဲ့နော်...”

ဦးကြီးအောင်တင်သည် မဲမပေါက်သည့် အဘွားအိုကို သကြား တဆယ်သား မရောင်းနိုင်ကြောင်း ကြိမ်းမောင်း ပြောဆိုရုံသာမက ဆိုင်ထဲက သကြား ချိန်နေသူကိုပါ လှမ်းအော်ပြီး အမိန့်ပေးလိုက်သေးသည်။ ရန်ကုန်ကလာသော ကျွန်တော့်ကို ဆိုင်ရှေ့မှာ ရပ်နေတာ မြင်တွေ့သွားသောအခါ (နင် ဘာလာလုပ်တာလဲ) ဟု ဝတ်ကျေတန်းကျေ နှုတ်ဆက်ပြီး သူ့အိမ်ဘက်သို့ ဆက်လျှောက်သွားလေသည်။ ရန်ကုန်မှာနေသည့် တူသား တယောက်ကိုပင် သိပ် အမှုမထားသည့် ပုံမျိုးပြသွားလေသည်။ သကြား တဆယ်သားမျှ ဝယ်ချင်ရှာသည့် အဘွားအိုခမျာမှာတော့ ကျောခိုင်းထွက်သွားသည့် ဦးကြီးအောင်တင်၏ နောက်ကျောကို ကြည့်ပြီး ရပ်ကျန်နေခဲ့ ရပါတော့သည်။

သမဆိုင် ပတ်ဝန်းကျင်က ကြားရသည့် သတင်းစကားအရသိရ သည်မှာ ကျေးရွာ ခွဲတမ်းအရ သကြား တအိတ် ရောက်လာသည်ဟု ဆိုသည်။ သကြား တပိဿာကို သမဆိုင် ရောင်းဈေး တဆယ်ကျပ်သာ ဖြစ်သည်။ မှောင်ခိုက နှစ်ဆယ့်ငါးကျပ်ပေးပြီး ဆိုင်ရှေ့မှာပင် ထိုင်ဝယ်နေသည်။ ကျွန်တော် ဘာမှ စဉ်းစားမနေတော့ဘဲ သကြား တဆယ် သားကို နှစ်ကျပ်ပြားငါးဆယ် ပေးဝယ်ပြီး အဘောင်ချေ၏သတ္တုချိုင့်လေး ထဲသို့ ထည့်ပေးလိုက်ပါသည်။ ကျွန်တော် ဘယ်သူ့သား ဘယ်သူဘယ်ဝါ ဆိုတာ သိသွားသောအခါ အဘောင်ချေသည် ကျွန်တော့်လက်ကို ဆုပ်ကိုင်ပြီး သာဓု အကြိမ်ကြိမ် ခေါ်နေပါသည်။

အဲဒီနှစ်က နောက်ဆက်တွဲ ကြားရသည့် ဦးကြီး အောင်တင်၏ သတင်းတခုမှာ... လယ်ယာ စိုက်ပျိုးရေးအတွက် မြို့နယ်မှ ချပေးသည့် ဓာတ်မြေသြဇာအိတ် တချို့ကို မှောင်ခို ထုတ်ရောင်းပြီး တချို့တဝက်ကိုသာ လယ်သမားများသို့ ဦးရာလူ စနစ်ဖြင့် ရောင်းချသည်ဟု သိရသည်။ ဓာတ်မြေသြဇာ မရလိုက်သည့် လယ်သမားတဦးက အရက်မူးမူးဖြင့် ဦးကြီးအောင်တင်ကို ချဲလင်း ခေါ်သည်။ အမူးသမားကို ရှေ့တန်းရဲကင်းစခန်းက လာဖမ်းပြီး ယာယီ အချုပ်မှာ တည သိပ်ထားလိုက်သည်ဟု သတင်းစကား ကြားသိရသည်။ ဦးကြီးနှင့် နီးနီးကပ်ကပ် မနေရ၍ဦးကြီး၏ အကြောင်းစုံ၊ သတင်းစုံကို အကုန်အစင် မသိရသဖြင့် သိသမျှကြား သမျှတွေကိုသာ သူ့အသုဘ လိုက်ပို့ရင်း အမှတ်ရနေမိခြင်း ဖြစ်သည်။

ရွာအပြင် သုဿန်သို့ ရောက်သောအခါ ဦးကြီးအောင်တင်၏ အလောင်းကို ရွာမျက်နှာဖုံး၊ ဘုရား ဒါယကာ ကျောင်းဒါယကာကြီးများ မြှုပ်နှံထားရာ အုတ်ဂူတွေ အနီးမှာ အသာအယာ ချလိုက်ကြသည်။ အလောင်း မြေမြှုပ်တော့မည်ဖြစ်၍ ဒေသ ထုံးစံအရ သက်ဆိုင်သူတို့က သေသူနှင့် ပတ်သက်သည့် လွမ်းမောဖွယ်ရာလေးများကို ထုတ်ဖော်ပြော ဆိုပြီး ပြောငို ငိုကြသည်။ (ကိုအောင်တင်ရေ ... လက်တိုဂျင် ဆယ်ဘူးကို ကျွန်မ ဘယ်လို ခွဲတမ်း ချရမလဲတော့ ဟော့ ဟော့) ဟူ၍လည်းကောင်း၊ (တာဝန်ကျေ စပါးရောင်းသူ လယ်သမားဦးကြီးတွေကို ဒေါင်းခေါင်းလိမ်းဆီနဲ့ အပ်ချည်လုံးတွေ လွတ်လွတ်လပ်လပ် ရောင်းပေးမယ်လို့ ထပြောပါဦး အဖေရဲ့ ဟဲ့ ဟဲ့ ...) ဟူ၍ လည်းကောင်း၊ ပြောငိုကြရာ ကြားရသူတို့ မျက်ရည် မဆည်နိုင်အောင် ဖြစ်ကြရသည်။

ကွယ်လွန်သူ၏ မိသားစုနှင့် ဆွေတွေမျိုးတွေ အားရအောင် ငိုပြီးကြသည့်အခါမှာတော့ ညောင်မုတ်ဆိတ်ပင်ကြီး တပင်အနီးကသူကြီး ဦးရွှေဆိုင်၏ အုတ်ဂူအနီးမှာ အသင့်တူးထားသည့် တွင်းသို့ချ၍ မြေဖို့ လိုက်ကြပြီး အန္တိမဈာပနဖြင့် သူ့ဘဝဇာတ်ကိုသိမ်းလိုက်ကြပါတော့သည်။ သုဿန်မှ အပြန်တွင် ဦးကြီး အောင်တင်၏ အကြောင်း တချို့ကို ဒေါ်လေးက ပြောပြသည်။ သမ စာရင်းမှာ ငွေကွာနေတာကိုမြို့နယ်က မသိသေးဟု ဆိုသည်။ နေထိုင်မကောင်း ဖြစ်လာတော့ ဆေးဖိုးဝါးခ လို၍ သမငွေကို အကြိမ်ကြိမ် ဆွဲသုံးရာမှ ပြန်မထည့်နိုင်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

“ဦးကြီးက ဘာရောဂါနဲ့ ဆုံးတာလဲ ဒေါ်လေးရဲ့”

“အစာအိမ် ရောဂါတဲ့ကွယ်... မစားနိုင် မသောက်နိုင်နဲ့တချောင်ချောင် ဖြစ်နေတာ တနှစ်လောက် ရှိပြီ” 

“အော်... အစာအိမ် ရောဂါပဲကိုး”

ကျွန်တော့် ပါးစပ်က အော်... ဟု အသံ ထွက်သွားသော်လည်း ကျွန်တော် မအံ့သြမိပါ။ အဘယ့်ကြောင့်ဆိုသော် ယခု ဆယ်စုနှစ်တွေ အတွင်းမှာ အစာအိမ် ရောဂါတွေ အဖြစ်များကြပြီး အသေအပျောက်နှုန်း တွေ တိုးပွားလာနေ၍ ဖြစ်ပါသည်။

---

#အဏ္ဏဝါစိုးမိုး
#အစာအိမ်ရောဂါ

#shared_by_louis_augustine
#sbla

Comments