နောက်ဆုံး မျက်မှန် // ဂျိုဇော်

နောက်ဆုံး မျက်မှန် // ဂျိုဇော်

(မြားနတ်မောင် မဂ္ဂဇင်း၊ အတွဲ(၄)၊ အမှတ် (၁၀)။ သြဂုတ်လ၊ ၁၉၉၅)

---

ကျွန်တော့်မှာ မျက်မှန်နှစ်လက် ရှိသည်။ တလက်သည် ရေဘင်အမျိုးအစား အစိမ်းရောင် မျက်မှန်ဖြစ်၍ တလက်မှာ ဈေးပေါသည့် အနက်ရောင် ကော်ကိုင်းမျက်မှန်ကြီး ဖြစ်၏။

မျက်မှန်နှစ်လက်စလုံး နေကာ မျက်မှန်များချည့် ဖြစ်လေသည်။ ကျွန်တော်သည် ပါဝါမျက်မှန်ပါ တပ်ချင်သဖြင့် မျက်စိကျွမ်းကျင်သူ သုံး လေးယောက်ကို ပြကြည့်ဖူးသော်လည်း သူတို့အားလုံးက “မျက်စိ ကောင်း‌သည်၊ ပါဝါမျက်မှန် တပ်ဆင်ရန် မလို” ဟု တညီတညွတ်တည်း မှတ်ချက် ပေးကြလေသည်။

ထို့ကြောင့် ယခုအချိန်အထိ ထို နေကာမျက်မှန် နှစ်လက်ကိုပဲ တလှည့်စီ တပ်ဆင်နေရဆဲ ဖြစ်ပါသည်။ မနက် မိုးလင်းလို့ သွားတိုက်၊ မျက်နှာသစ်ပြီးလျှင် ကျွန်တော် မျက်မှန်တပ်ပါသည်။ မျက်မှန်နှစ်လက်ကို ဘီးနှင့် မှန်နှင့်အတူ အိပ်ရာဘေးက စားပွဲလေးပေါ်မှာ ထားသည့်အကျင့် ရနေသည်မှာ ကြာပြီ။ တခါတရံ ခေါင်းဖြီးပြီးမှ မျက်မှန်တပ်သည်။ တခါတရံ မျက်မှန်တပ်ပြီးမှ ခေါင်းဖြီးသည်။ တခါတရံ ခေါင်းမဖြီးဘဲ မျက်မှန်တပ်သည်။ မနက်မိုးလင်းသည်နှင့် ခေါင်းမဖြီးဘဲ နေချင်နေမည်။ မျက်မှန်မပါဘဲ မနေတတ်တော့။ ထိုမျက်မှန်နှစ်လက်သည် ကျွန်တော့်အဖို့မှာတော့ ခါးဝတ်ပုဆိုးနှင့် အတူတူပင် ဖြစ်၏။

မိုးလင်း မိုးချုပ် မျက်မှန် မပြုတ်ဘဲ နေသည့်အတွက် တစုံ တယောက်က လှောင်ပြောင်လာလျှင် ကျွန်တော် ရှက်သွားလိမ့်မည် မဟုတ်ပါ။ တစုံတယောက်က ကဲ့ရဲ့လာလျှင် ကျွန်တော် ဒေါသ ဖြစ်သွားလိမ့်မည် မဟုတ်ပါ။ တစုံတယောက်က ချီးမွမ်းလာလျှင်လည်း ကျွန်တော် သိပ်ပြီး အောက်ခြေလွတ်သွားလိမ့်မည် မဟုတ်ပါ။

ကျွန်တော်သည် … ကလေးဘဝတုန်းကတည်းက မျက်မှန်ချစ်သူတယောက် ဖြစ်ခဲ့၏။ ပွဲဈေးတန်း လမ်းလျှောက်လျှင် ဘာအရုပ်မျှ မပူဆာဘဲ၊ မျက်မှန်ကိုပဲ တန်းတန်းစွဲ လက်ညှိုးထိုးသည်ဟု အမေက ပြောဖူးသည်။ ပလပ်စတစ်၊ ကော်၊ ဂျပ်စက္ကူ တခုခုဖြင့် လုပ်ထားသည့် မျက်မှန်သာ ဝယ်ပေးလိုက်၊ မချွတ်တမ်း တပ်ဆင်ထားတတ်သည်ဟု အမေက ပြောပါသည်။

ဟုတ်မည်၊ ကျွန်တော် ကလေးဘဝက ရိုက်ထားသည့် ဓာတ်ပုံ တော်တော်များများသည် မျက်မှန်ကလေးများနှင့်ချည့် ဖြစ်၏။ ဆိုင် မဆိုင် တော့ မသိပါ။ ယခု တီဗွီထဲက မျက်မှန်ကြော်ငြာသော ကလေးလေးပုံကို မြင်တိုင်း ကျွန်တော်၏ ကလေးဘဝကို လွမ်းနေတတ်ပါသည်။

ဆိုင် မဆိုင်တော့ မသိပါ။ ကျွန်တော် လူပျိုပေါက်ဘဝ၊ ကျွန်တော် ပထမဆုံး ချစ်ခဲ့ဖူးသူသည် မျက်မှန်ကလေးနှင့် ဖြစ်ပါသည်။ အလှတပ်သည့် နေကာမျက်မှန် မဟုတ်ပါ။ တကယ်ကို မျက်စိအားနည်းသဖြင့် တပ်ထားရသည့် ပါဝါမျက်မှန်ကလေး ဖြစ်၏။ မျက်မှန်ကလေးနှင့် သူ့မျက်နှာကို မြင်ရတိုင်း ကျွန်တော့်ရင်သည် ကြည်နူးမှုဖြင့် သိမ့်သိမ့် ခုန်နေတတ်၏။ တခါတရံ မျက်မှန်ချွတ်ထားသည့် သူ့မျက်နှာကို မြင်ရလျှင် ကျွန်တော် ရင်မခုန်ပါ။ အရုပ်ဆိုးသည်ဟုပင် ထင်မိသေး၏။ မျက်မှန်ကို ချစ်တာလား၊ မျက်နှာကို ချစ်တာလား ကိုယ့်ဟာကိုယ် မကွဲပြားခဲ့။ သေသေချာချာ တွေးကြည့်မှ မြင်နေကျ “မျက်မှန်ကလေးနှင့်မျက်နှာ”ကို ချစ်တာမှန်း သဘော ပေါက်တော့သည်။

ကျွန်တော်သည် မျက်မှန်များကို သဘောကျသလို မျက်မှန်နှင့် လူများကို ရိုးရိုးသာမန်မျက်နှာနှင့် လူများထက် ပိုပြီး စိတ်ဝင်စားပါသည်။ မျက်မှန်နှင့် လူတယောက်ကို တွေ့ လိုက်လျှင် စေ့စေ့စပ်စပ် မဟုတ်တောင်မှ (ကြည့်ခွင့် မရတောင်မှ) အမှတ်ထင်ထင်လေးတော့ ကြည့်လိုက်မိသည်ချည့် ဖြစ်၏။ ထိုသူ တပ်ထားသည့် မျက်မှန်အမျိုးအစား၊ ပုံသဏ္ဌာန်၊မှန်၏ အရောင်၊ ကိုင်းပုံစံနှင့် အရောင်၊ ထိုမျက်မှန်နှင့် ထိုသူ၏ မျက်နှာကျ လိုက်ဖက်မှု ရှိ မရှိ…စသည်ဖြင့် ဝေဖန်ရေး လုပ်နေမိတတ်ပါသည်။

ထိုထက်ပို၍ အခွင့်သာလျှင်တော့ မျက်မှန်နောက်ကွယ်က မျက်လုံးများ၏ အကြည်ဓာတ်၊ အမြင်ခွန်အား၊ မှန်ကို ဖြတ်သန်းလာသော အမြင် အာရုံအပေါ် မျက်လုံးများ၏ သိမှု၊ ထိုအာရုံအပေါ်မှာ ထိုသူ၏ တုံပြန်မှု... စသည်ဖြင့် အတွေးဆန့်နေ မိတတ်ပါသည်။

ယခုအချိန်မှာတော့ ကျွန်တော်သည် မျက်မှန်များကို သဘောကျရာ၌ မျက်စိ မကောင်းသဖြင့် တပ်ရသည့် ပါဝါမျက်မှန်များထက် မျက်စိအကောင်း အပေါ်မှာ ဖုံးအုပ် တပ်ဆင်ထားသည့် ရောင်စုံ နေကာမျက်မှန်များကို ပိုပြီး စိတ်ဝင်စားနေပါသည်။ နေကာမျက်မှန်ကို အရောင်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံ တပ်ဆင်ရန် ဆန္ဒရှိသော်လည်း ယခုအချိန်အထိတော့ အစိမ်းရောင် ရေဘင် မျက်မှန်နှင့် အနက်ရောင် ကော်ကိုင်းမျက်မှန် နှစ်လက်ကိုပဲ တလှည့်စီ တပ်ဆင်နေရဆဲ ဖြစ်၏။

မျက်မှန်နှစ်လက်ကို တလှည့်စီ တပ်ဆင်နေသည် ဆိုသော်လည်း ကျွန်တော့်စိတ်က မမှန်။ တခါတရံ ရေဘင်မျက်မှန်ကိုပဲ ... တလ ကိုးသီတင်း မချွတ်တမ်း တပ်ဆင်နေတတ်၏။ ထိုအခါ ကော်ကိုင်း မျက်မှန် သည် စားပွဲကလေးအပေါ်မှာ ဖုန်တက်နေတော့၏။ တခါတလေကျတော့လည်း ကော်ကိုင်းမျက်မှန်ကြီးကို စွဲစွဲမြဲမြဲ တပ်နေရာ ရေဘင်မျက်မှန်ခမျာ တလှည့် ဖုန်တက်ရပြန်လေ၏။ တခါတလေကျတော့လည်း မျက်မှန် နှစ်လက် သူမသာ ကိုမသာ တန်းတူအခွင့်အရေး ရကြလေသည်။

ကျွန်တော့်စိတ်သာ မဟုတ်၊ လူတွေ စိတ်ကလည်း မမှန်ကြ။ တချို့က ကျွန်တော့်ကို ရေဘင်မျက်မှန်နှင့် လိုက်သည်ဟု ပြောကြ၏။ တချို့က ရေဘင်မျက်မှန်နှင့် အလွန် အကြည့်ရ ဆိုးသည်ဟု ပြောကြပြန်သည်။ တချို့က ကော်ကိုင်းမျက်မှန်နှင့် လိုက်သည်ဟု ပြောကြ၏။တချို့က ကော်ကိုင်း မျက်မှန်နှင့် အလွန် အကြည့် ဆိုးသည်ဟု ပြောကြပြန်သည်။ တခါတလေ ကျတော့လည်း လူတယောက်တည်းကိုက သည်နေ့ ရေဘင်မျက်မှန်နှင့် လိုက်သည်ဟု ပြောခဲ့ပြီး နောက်တနေ့ကျ ရေဘင်မျက်မှန်နှင့် မလိုက်၊ ကော်ကိုင်းနှင့်မှ လိုက်သည်ဟု ပြောပြန်လေ၏။

ကျွန်တော်၏ မျက်မှန်နှစ်လက်အပေါ် ရွေးချယ်ခြင်းသည် သူတို့ အကြိုက်၊ သူတို့ ဝေဖန်ရေးနှင့် ပတ်သက်ခြင်း ရှိ မရှိ၊ သူတို့သြဇာ ပါ မပါ ကျွန်တော် တခါမှ မတွေးမိခဲ့ဖူးပါ။ သူတို့ အကြိုက်ကို လိုက်ပြီး တပ်ဆင် နေတာလား၊ သူတို့အကြိုက်ကို ဆန့်ကျင်ဖီလာပြုပြီး တပ်ဆင်နေတာလား၊ ကျွန်တော် တခါမျှ မတွေးမိခဲ့ဖူးပါ။ ဝေဖန်ခံရပြီးမှ ပြုလုပ်ခြင်းနှင့် ပြုလုပ်ပြီးမှ ဝေဖန်ခံရခြင်းကလည်း ကာလရှည်ကြာ ကြိမ်ဖန်များလာတော့ လုံးလည် လိုက်နေပြီဖြစ်ရာ ကျွန်တော်လည်း ဦးနှောက်အခြောက်ခံပြီး မတွေးတော့ပါ။ နောက်တခု မသေချာတာက ... အလင်းရောင်ရှိနေလို့၊ အမြင် အာရုံတွေ ရှိနေလို့၊ လူတွေ ရှိနေလို့ ကျွန်တော် မျက်မှန်တပ်နေတာလား။ အလင်းရောင် မလို၊ အမြင်အာရုံတွေ မလိုဘဲ၊ လူတွေမလိုဘဲ ကျွန်တော့် ဗီဇကိုက တပ်ချင်လို့ တပ်နေတာလား။ အဲသည်လိုလည်း ကျွန်တော် သေသေ ချာချာ မတွေးတောခဲ့ဖူးပါ။

ဘာပဲဖြစ်ဖြစ် သည်နေကာမျက်မှန်နှစ်လက်နှင့် ကျွန်တော်ကတော့ အထာကျ အရိုးစွဲခဲ့ပြီ။ ရေဘင်အစိမ်းရောင်နှင့်ဆိုလျှင် ကျွန်တော်၊ ကော်ကိုင်း အနက်နှင့်ဆိုလျှင် ကျွန်တော်ဟု ပတ်ဝန်းကျင်က လက်ခံထား သလို ကျွန်တော်ကလည်း ပတ်ဝန်းကျင်ကို ရေဘင်အစိမ်း သို့မဟုတ် ကော်ကိုင်းအနက် မှတဆင့်ပဲ လက်ခံတတ်တော့သည့်အကျင့် ဖြစ်နေခဲ့ သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ။ သို့သော် မနေ့ကတော့…

ကျွန်တော် အိပ်ရာမှ ထကာစက အကောင်း ဖြစ်၏။ သွားတိုက်၊ မျက်နှာသစ်ပြီးတော့လည်း အကောင်းဖြစ်၏။ ခေါင်းဖြီးပြီး ရေဘင်မျက်မှန်ကို ကောက်တပ်လိုက်မှ ချက်ချင်းဆိုသလို အမြင်အာရုံ မှုန်ဝါးလာကာ မျက်ရိုးတွေ ကိုက်လာတော့၏။ မျက်ရည်ပူတွေ ကျလာ၏။ ခေါင်းကိုက်ပြီး ဇက်ကြောပါ တက်လာလေတော့၏။

မျက်မှန်ကို ချက်ချင်း ချွတ်ပြီး မျက်ရည်ပူတွေ သုတ်ရသည်။ မျက်နှာ ထပ်သစ်သည်။ မျက်စိကို ရေအေးအေးနှင့် ဆေးသည်။ ဝေဒနာ သက်သာ သွားသလို ရှိ၏။ ခဏနားပြီး ရေဘင်ကို မတပ်တော့ဘဲ ကော်ကိုင်းမျက်မှန် ပြောင်းတပ်ဖို့ စဉ်းစားမိသည်။ လူကလည်း မျက်မှန်တပ်နေကျဆိုတော့ မျက်မှန်မပါလျှင် မနေတတ်။ မျက်မှန်မပါလျှင် ဦးခေါင်းမှာ မျက်နှာ မပါ သလိုကြီး ခံစားရသည်။ မျက်စိတွေ၊ မျက်တောင်မွေးတွေ၊ နှာခေါင်းရိုးတွေ ကလည်း သည်အတိုင်း မနေတတ်ကြတော့။ အလင်းရောင်စူးစူး ဒဏ်ကို မခံနိုင်။ လေပြင်းပြင်းတိုးသည့်ဒဏ်ကို မခံနိုင်။ ဖုန်းနည်းနည်း ထူသည့် ဒဏ်ကို မခံနိုင်။ နှာခေါင်းရိုးနှင့် နားရွက်တွေကလည်း ပေါ့ဟာဟာ ဒဏ်ကြီးကို မခံနိုင်။ ကိုယ့်စိတ် ကိုယ်နှိုက်ကိုက မျက်မှန်မပါဘဲ ပတ်ဝန်းကျင်ကို လက်ခံရမှာ ဝန်လေးနေသည်။

ဒါနဲ့ပဲ ကော်ကိုင်းမျက်မှန်အနက်ကို ပြောင်းတပ်ကြည့်လိုက်သည်။ အံ့သြစရာ။ ရေဘင်တုန်းကလိုပင် မျက်ရိုးတွေကိုက်၊ မျက်ရည်ပူတွေဝဲ၊ ခေါင်းကိုက်၊ ဇက်ကြောတက်လာပြန်၏။ ကျွန်တော် အကြီးအကျယ် တုန်လှုပ်သွားသည်။ မျက်မှန်တပ်လာတာ ကြာပြီ။ သည်လို တခါမှမဖြစ်ဖူးခဲ့။ မျက်မှန် နှစ်လက်စလုံး ယူကာ ထိတ်လန့် တန်လှုပ်စွာဖြင့် မျက်စိကျွမ်းကျင် သူထံ သွားခဲ့ရသည်။

မျက်စိကျွမ်းကျင်သူက သူ တတ်ကျွမ်းသည့် အတတ်ပညာမျိုးစုံ အပြင် ကွန်ပျူတာ အကူအညီပါယူလျက် အမျိုးမျိုး စစ်ဆေး၏။ ဘက်ပေါင်းစုံမှ စမ်းသပ် ရောဂါရှာဖွေ၏။ ဘာရောဂါမျှ မတွေ့။ မျက်စိ၊ မျက်ကြော၊ သုံးဆယ့်နှစ်ကောသ အကုန် အကောင်း။ ခွဲစိတ် ပြုပြင်စရာ မလို။ ဆေးထိုး ဆေးစားစရာ မလို။ မျက်စဉ်းခတ်စရာ မလို။ ဆေးမျက်မှန်၊ ပါဝါမျက်မှန် တပ်စရာ မလို။ နေကာမျက်မှန် ပြောင်းတပ်ချင်လျှင် ပြောင်းတပ်။ မတပ်ချင်လျှင် သည်အတိုင်းနေဟု အကြံပေးလိုက်လေသည်။

ကျွန်တော်လည်း မျက်မှန်နှစ်လက်ကို အိတ်ထဲထည့်၊ ဝတ်လစ်စလစ် မျက်နှာကြီးဖြင့် စိတ်ပျက်လက်ပျက် ပြန်လာခဲ့ ရတော့၏။ မျက်စိထဲ အလင်းရောင် စူးစူးတွေက တိုး၊ လေက တိုး၊ ဖုန်းတွေ သဲတွေ ဝင်။နှာခေါင်း ရိုးနှင့် နားရွက်မှာလည်း ပေါ့ဟာဟာကြီးနှင့် တလမ်းလုံး ဒုက္ခရောက်လာ၏။

အိမ်ပြန်ရောက်မှပဲ မျက်နှာသစ်၊ အခန်းကို အလုံပိတ်၊ အမှောင်ချ၊ ခေါင်းမြီးခြုံ အိပ်လိုက်မှ နေသာ ထိုင်သာ ဖြစ်သွားတော့သည်။

နောက်နေ့၊ နောက်နေ့များမှာ မျက်မှန်ပြဿနာကြောင့် ကျွန်တော့် မှာ အခန်းထဲက အပြင် မထွက်ရဲလောက်အောင်ပင် ဖြစ်နေ၏။ သည်ကြားထဲ တည့်လိုတည့်ငြား၊ အခြား အခြားသော နေကာမျက်မှန်များ ဝယ်တပ် လာခဲ့သည်မှာ တော်တော်များပြီ။ မျက်မှန်ဒီဇိုင်းနှင့် မှန်အရောင်သာ ပြောင်းလဲသည်။ဝေဒနာက မပြောင်းလဲ။ ကျွန်တော်နှင့် ကမ္ဘာပေါ်မှာ ရှိသမျှ နေကာမျက်မှန်များ အားလုံးနှင့် မတည့်တာကတော့ သေချာနေပြီ။ သည်အတိုင်း ဝတ်လစ်စလစ် မျက်နှာကြီး နှင့်လည်း ကျွန်တော့်မှာ မနေတတ်။ ငယ်နုစဉ် ကတည်းက အရိုးစွဲလာသည့် မျက်မှန်တပ်သည့် အကျင့်ကြီးက ကျွန်တော့်ကို ကောင်းကောင်းကြီး ဒုက္ခ ပေးနေပြီ။

မျက်မှန်တလက်ကတော့ တပ်ကို တပ်မှ ဖြစ်မည်။

“လာဗျို့၊ ခင်ဗျားကို မျှော်နေတာ”

မျက်မှန်ဆိုင်က လူသည် ကျွန်တော့်ကို မြင်သောအခါ အလွန်အမင်း ဝမ်းသာသွားပုံ ရလေသည်။ ဝမ်းသာပေမပေါ့၊ သူ့ဆိုင်က နေကာမျက်မှန် အတော်များများ ကျွန်တော် ဝယ်ထားပြီးပြီကိုး။ သူ့ဆိုင် လာသာ လာခဲ့ရသော် လည်း မျှော်လင့်ချက် သိပ်မရှိလှ။ သူ့ဟာသူ ဘယ်လို နောက်ဆုံးပေါ် နေကာမျက်မှန်ကြီးပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ ဒီပုတ်ထဲက ဒီပဲတွေပဲ ဖြစ်ဖြစ် နေသည်။

“ခင်ဗျားအတွက် မျက်မှန်အသစ်တလက် ရထားတယ်ဗျ”

ကျွန်တော် ပခုံး တွန့်ပြလိုက်၏။ အရင်တခေါက်ကလည်း ဒီစကားပဲ သူ ပြောခဲ့သည်။

“ဒီမှာ တပ်ကြည့်စမ်းပါဦး”

ကျွန်တော် သူ့ လက်ထဲက မျက်မှန်ကို ဆွဲယူပြီး စိတ်မပါ့တပါဖြင့်

တပ်ကြည့်လိုက်သည်။

“မှန်တို့၊ ကိုင်းတို့၊ ဘောင်တို့ ကြည့်ဦးလေဗျာ”

“မလိုပါဘူးဗျာ...အဓိက က ဟို ဝေဒနာတွေ မပေါ်ဖို့ပဲ မဟုတ်လား”

သူလည်း ကျွန်တော့်အကြောင်း သိနေပြီမို့ ဘာမျှ မပြောတော့ပေ။ ခေါင်း တညိတ်ညိတ်နှင့် ပြုံးပြီး ကြည့်နေလေ၏။

၅ မိနစ်...

၁ဝ မိနစ်...

နာရီဝက်...

၁ နာရီ...

ဟား.... ဟုတ်လှချည်လား။ အမြင်လည်း မဝါး၊ မျက်ရိုးလည်း မကိုက်၊ မျက်ရည်ပူလည်း မကျ၊ ခေါင်းကိုက် ဇက်ကြောတက်လည်း မဖြစ်တော့။ ဝေဒနာဆိုးတွေ မပေါ်တော့ပြီ။ စိတ်ချမ်းသာလို့လား မသိ၊ ခေါင်းက ပိုပြီး ကြည်လာ၏။

ကျွန်တော်သည် မျက်မှန်ကလေးကို လှည့်ပတ်ကိုင်တွယ် ပွတ်သပ်ရင်း သဘောကျမဆုံး ဖြစ်နေမိတော့၏။

“ဒါ ဘာအမျိုးအစားလဲ၊ အရောင်နဲ့ ဖိုတိုဂရေး မပါတာတော့ သေချာတယ်။ ပါဝါတွေ၊ ဆလင်ဒါတွေများ ပါသလား”

“နိုး....နိုး၊ ရိုးရိုးမျက်မှန်ပါပဲဗျာ”

“ဝမ်းသာလိုက်တာဗျာ။ ဒီမျက်မှန်နဲ့ ကျွန်တော်နဲ့ တည့်သွားပြီ။ ကိုင်းပြော၊ ဘယ်လောက် ပေးရမှာလဲ”

“အလကား မတ်တင်းလေ၊ ခင်ဗျားအတွက် မေတ္တာလက်ဆောင်ပေါ့ဗျာ။ ယူသာ သွားပေတော့”

“ဟာ...အားနာစရာဗျာ။ ဒါနဲ့ မှန်က ဘာအမျိုးအစားတုန်းဗျ”

မျက်မှန်ဆိုင်ရှင်က ချက်ချင်း မဖြေ၊ ပြုံးလို့သာ နေ၏။ မရမက မေးတော့မှ သူ ဖြေသည်။ သူ့ အဖြေ ကြားလိုက်တော့ ကျွန်တော် မျက်လုံးပြူး သွားသည်။

“အဲဒါ ကိုင်းအဟောင်းကြီးထဲ ရိုးရိုး မှန်ကြီး ထည့်ပေးထားတာ”

---

#ဂျိုဇော်
#နောက်ဆုံးမျက်မှန်

#shared_by_louis_augustine
#sbla


Comments