ဗန်ဂိုးနှင့် မွန်ရိုး (ဘာသာပြန်) // စိုးသိဏ်း

ဗန်ဂိုးနှင့် မွန်ရိုး (ဘာသာပြန်) // စိုးသိဏ်း

(ဟန်သစ်မဂ္ဂဇင်း၊ အမှတ်(၂)၊ ၁၉၈၉။)

THE PURPOSE OF THE MOON by Tom Robbins


---

[၁]

ဗင်းဆင့်ဗန်ဂိုးသည် သူ့နားရွက်တဖက်ကိုဖြတ်၍ မယ်ရီလင် မွန်ရိုးထံ ပို့လိုက်သည်။ မယ်ရီလင်မွန်ရိုးသည် အလွန် ကြည်နူး ဝမ်းသာစွာဖြင့် သူမ၏အလုပ်၊ သူမ၏ ရေကူးကန်၊ သူမ၏ ကနွဲ့ ကလျ လမ်းလျှောက်ဟန်၊ သူမ၏ တယ်လီဖုန်း၊ သူမ၏ ‌ေ|သကြောင်း ကြံစည်မှု စသည်တို့ အပါအဝင် အရာအားလုံးကို စွန့် လွှတ်၍ ဗင်းဆင့်ဗန်ဂိုးနှင့် အတူနေရန် ပြင်သစ်ပြည်တောင်ပိုင်းသို့ ပြောင်းရွှေ့သွားသည်။

သူတို့နှစ်ဦး သက်ဆုံးတိုင် ပျော်ရွှင်စွာပေါင်းသင်း နေထိုင်ကြ ပါရဲ့လား။ ဟင့်အင်း၊ ဘယ်သူမှ ထိုသို့မနေရပါ။ သို့သော် သူတို့သည် ယင်းသို့နေသွားရသည်ဟု ဟန်ဆောင်ခဲ့ကြ၏။ ကျွန်ုပ်တို့ ဟန်ဆောင်သောအရာများ တကယ် လက်တွေ့ ဖြစ်လာတတ်သည့်အလျောက် ပျော်ရွှင်မှုအတုသည်လည်း ပျော်ရွှင်မှုအစစ် လောက်တော့ ကောင်းပါသေးသည်။

[၂]

ဗင်းဆင့်ဗန်ဂိုးသည် သူ့နားရွက်တဖက်ကိုဖြတ်၍ မယ်ရီလင် မွန်ရိုးထံ ပို့လိုက်သည်။ ပါဆယ်ထုပ်ကလေးကို သူမ ဖွင့်ကြည့်ပြီး ဗန်ဂိုး၏နားရွက်ကို မြင်ရသောအခါ သူမ၏ ကမ္ဘာကျော် အပြုံးကို ပြုံးလိုက်သည်။

မယ်ရီလင်မွန်ရိုးသည် ထိုနားရွက်ကို သူမ၏မှန်တင်ခုံပေါ်ရှိ နှင်းဆီသားဘူးလေးထဲ၌ ထည့်ထား၏။ သူမသည် မကြာခဏ ဆိုသလို ထိုဘူးထဲမှ နားရွက်ပြတ်လေးကို ထုတ်ယူကာ လက်နှင့် ပွတ်သပ်ပေးသည်။ လေနှင့် မှုတ်သည်။ လက်သည်းနှင့် ကုတ်ခြစ်ပြီး တခစ်ခစ်ရယ်သည်။ တခါက သူမသည် ထိုနားရွက်ကို ငွေကြိုးလေးနှင့်တွဲကာ ပါတီပွဲတခုသို့ နားဆွဲအဖြစ် ဆွဲသွားသည်။ နားရွက်ပိုင်ရှင်အား ကျေးဇူးတင်ကြောင်း စာရေးဖို့ သူမ ရည်ရွယ်ထားသော်လည်း တခါမှ မရေးဖြစ်ချေ။ ဗင်းဆင့်ဗန်ဂိုးသည် အရူးတယောက်လား။

မယ်ရီလင်မွန်ရိုးသာ အရူးတယောက် ဖြစ်ချင်ဖြစ်မည်။ တကယ်တော့ ဗန်ဂိုးသည် မွန်ရိုးအား ဂုဏ်ပြုလိုက်ခြင်း ဖြစ်ပြီး မွန်ရိုးကလည်း ကရော်ကမည်လုပ်၍ လက်ခံခဲ့သည်။

[၃]

ဗင်းဆင့်ဗန်ဂိုးသည် သူ့နားရွက်တဖက်ကို ဖြတ်၍ မယ်ရီ လင်မွန်ရိုးထံ ပို့လိုက်သည်။ ရက်သတ္တပတ် အနည်းငယ် အကြာတွင် ထိုနားရွက်ပါသော ပါဆယ်ထုပ်သည် ဗန်ဂိုးထံ ပြန်ရောက် လာ၏။ “လိပ်စာရှင် ကွယ်လွန်သွားပြီ” ဟူသော စာတန်းလေးကို ပါဆယ်ထုပ်ပေါ်၌ ရိုက်နှိပ်ထားသည်။

ဗင်းဆင့်ဗန်ဂိုးသည် ထိုကိစ္စနှင့်စပ်လျဉ်း၍ စုံစမ်းကြည့်ရာ ဟုတ်မှန်ကြောင်း သိရလေသည်။ သူ သုတေသန လုပ်ကြည့်ရာတွင် မယ်ရီလင်မွန်ရိုး၏ ခင်ပွန်းဟောင်း ဂျိုးဒီမက်ဂျီယိုက သူမ၏ အုတ်ဂူတွင် သုံးရက်တခါ လတ်ဆတ်သော နှင်းဆီနီများ လာ ထားပေးဖို့ မှာကြားခဲ့ကြောင်း သိရှိရသည်။ ထိုနှင်းဆီပွင့်များချရန်မှာ ဂျိုးဒီမက်ဂျီယို မသေမချင်း မဟုတ်ပါ။ ဟောလိဝုဒ်သက်တမ်း အတွက်မျှ မဟုတ်ပါ။ ဟောလိဝုဒ်ရုပ်ရှင်များနှင့် သင်္ချိုင်းများ တည်ရှိသရွေ့အထိ မဟုတ်ပါ။ ထာဝရလုပ်သွားရန် ဖြစ်ပါသည်။ ဗင်းဆင့်ဗန်ဂိုးသည် ဝက်ရူးပြန်နေသော နေကြာပန်းတပွင့် ကိုမှီကာ ဤသို့ပြောလိုက်၏။

“ကမ္ဘာကြီးပျက်ပြီးတဲ့အခါ ဂျိုးဒီမက်ဂျီယိုဟာ သူ့ ပိုက်ဆံ တွေ ပြန်ရလိမ့်မယ်”

[၄]

ဗင်းဆင့်ဗန်ဂိုးသည် သူ့နားရွက်တဖက်ကိုဖြတ်၍ မယ်ရီလင် မွန်ရိုးထံ ပို့လိုက်သည်။ မယ်ရီလင်မွန်ရိုးကလည်း သူမ၏ ခြေသန်းလေးကိုဖြတ်၍ ပြန်ပို့လိုက်သည်။ ထို့နောက် ဗင်းဆင့် ဗန်ဂိုးသည် သူ့မျက်ခွံတဖက်ကို လှီးဖြတ်၍ ပို့လိုက်သည်။ မယ်ရီလင်မွန်ရိုး၏ မျက်ခွံတဖက်ကို ဗန်ဂိုးစာတိုက်မှ လက်ခံ ရရှိ၏။ ၎င်းတို့သည် တစထက်တစ ပိုမိုရင်းနှီးလာကြသည်။

၎င်းတို့နှစ်ယောက် လက်သူကြွယ်၊ လျှာနှင့်ချက် အပြန် အလှန် ပေးပို့ကြသည်။ တနေ့တွင် ဗင်းဆင့်ဗန်ဂိုးသည် သူ့ နှလုံးကိုဖြတ်၍ ဟောလိဝုဒ်သို့ သယ်ပြေးသည်။ သို့သော် ထိုအချိန်၌ မယ်ရီလင်မွန်ရိုးသည် ဗင်ဂိုးနှင့် အလဲအလှယ်လုပ်သည့် ကိစ္စကို ငြီးငွေ့နေပြီဖြစ်၍ ဝါရင်ဘီတီနှင့် တီဝါးနားမြို့သို့ လိုက်ပြေးသွားလေသည်။ ဗင်းဆင့်ဗန်ဂိုး အကြီးအကျယ် ကြေကွဲသွားသည်။ သို့တစေ သူအံ့သြစရာမလိုပါ။ ချစ်ခြင်းမေတ္တာသည် ထိုသို့ ဖြစ်တတ်စမြဲ မဟုတ်လား။

[၅]

ဗင်းဆင့်ဗန်ဂိုးသည် သူ့နားရွက်တဖက်ကိုဖြတ်၍ မယ်ရီလင် မွန်ရိုးထံသို့ ပို့လိုက်သည်။ မကြာမီ၌ မယ်ရီလင်မွန်ရိုးသည် ပါရီသို့ လေယာဉ်ဖြင့်သွားကာ ကားတစီးငှား၍ ကိုယ်တိုင်မောင်းပြီး ပြင်သစ်ပြည်တောင်ပိုင်းရှိ ဗင်းဆင့်ဗန်ဂိုးနှင့် သွားတွေ့လေသည်။ မွန်ရိုးနှင့် ဗန်ဂိုးတို့သည် မုန့်အတူ စားပြီးနောက် သူမက ဗန်ဂိုး၏ နားရွက်တဖက်ကို အပ်နှင့် ပြန်ချုပ်ပေးလိုက်သည်။

[၆]

ဗင်းဆင့်ဗန်ဂိုးသည် သူ့နားရွက်တဖက်ကိုဖြတ်၍ မယ်ရီလင် မွန်ရိုးထံ ပို့လိုက်သည်။ ထိုနားရွက်ကိုမြင်သောအခါ မယ်ရီလင် မွန်ရိုးသည် လခြမ်းပုံကို မျက်စိထဲ မြင်ယောင်မိသဖြင့် လရောင် အောက်တွင် နာရီအတော်ကြာကြာ ထိုင်ကြည့်နေမိလေသည်။

သူမက ဗန်ဂိုးထံ တယ်လီဖုန်းဆက်ပြီး “လမှာ ရည်ရွယ်ချက် ဆိုတာ ရှိလား” ဟု မေးလိုက်သည်။

ဗင်းဆင့်ဗန်ဂိုးသည် ထိုမေးခွန်းကိုစဉ်းစားပြီး ပေါကြောင်ကြောင်နိုင်သည်ဟု ဆုံးဖြတ်လိုက်၏။

ဘဝမှာ အရေးကြီးဆုံးမေးခွန်းမှာ မိမိကိုယ်ကို သတ်သေရန် သင့်၊ မသင့်ဟူသော မေးခွန်းဖြစ်ကြောင်း အဲလ်ဘတ်ကမူးက ရေးသားခဲ့သည်။

အရေးကြီးဆုံးမေးခွန်းမှာ “အချိန်၌ အစနှင့်အဆုံး” ဟူ၍ ရှိ၊ မရှိ မေးရန်ဖြစ်ကြောင်း တွမ်ရော်ဘင်စ်က ရေးခဲ့သည်။ ကမူးသည် ခုတင်ဘက်မှားပြီး အိပ်ရာပေါ်မှ ဆင်းခဲ့ခြင်း ဖြစ်မည်။ တွမ်ရော်ဘင်စ်သည် နှိုးစက်သံပတ်ပေးရန် မေ့လျော့ ခဲ့ဟန် တူ၏။

အရေးကြီးသော မေးခွန်းတမျိုးတည်း ရှိသည်။ အချစ်ကို လက်မလွတ်အောင် ဘယ်သူ လုပ်တတ်ပါသလဲ။

ဤမေးခွန်းကို သင်ဖြေလျှင် ကျွန်ုပ်ကိုယ်ကျွန်ုပ် သတ် သေ၊ မသေဆိုတာ သင့်အား ပြောပြပါမည်။

ဤမေးခွန်းကို သင်ဖြေလျှင် အချိန်မှာ အဆုံးမစ ရှိ၊ မရှိ ပြဿနာ၏အဖြေကို ကျွန်ုပ်က သင့်အား ပြောပါမည်။

ဤမေးခွန်းကို သင်ဖြေလျှင် လမှာ ရည်ရွယ်ချက်ဆိုတာ ရှိ၊ မရှိ ကျွန်ုပ်က သင့်အား ဖွင့်ပြောပါမည်။

[၇]

ဗင်းဆင့်ဗန်ဂိုးသည် သူ့နားရွက်တဖက်ကိုဖြတ်၍ မယ်ရီလင် မွန်ရိုးထံ ပို့လိုက်သည်။

“မင်းလုပ်ပုံက အောက်တန်းကျလွန်းသကွာ”ဟု ပေါလ်ဂိုဂင် က စိတ်ပျက်စွာပြောသည်။

“နောင် နှစ်ပေါင်းများစွာကြာတဲ့အခါ၊ မင်းသေသွားတဲ့အခါ မင်းရဲ့အနုပညာအလှနဲ့ အမှန်တရားထက် မင်းနားရွက်ဖြတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လူတွေက မင်းကို သတိရနေလိမ့်မယ်”

ဗင်းဆင့်ဗန်ဂိုးသည် ပတ်တီးများစည်းထားသည့်ကြားမှ ပေါလ်ဂိုဂင်အားကြည့်၍ ပြုံးလိုက်သည်။

“မပူပါနဲ့။ ပန်းချီအနုပညာဟာ သူ့ကိုယ်သူ တာဝန်ယူတတ် ပါတယ်။ ငါသေတဲ့အခါ ကမ္ဘာကြီးက ဘယ်လိုထင်ထင် ငါ မစိုးရိမ် ပါဘူး။ အရေးကြီးတာက ဘဝပဲ။ အရေးကြီးတာက အချစ်ပဲ” နောက်နေ့တွင် ပေါလ်ဂိုဂင်သည် သူ့ဇနီးကိုစွန့်၍ တဟီတီကျွန်းသို့ ထွက်သွားလေသည်။

“ဂိုဂင်ဟာ သနားစရာကောင်းလိုက်တာ။ ငါပြောတာကို သူ တဝက်ပဲ သဘောပေါက်တယ်” ဟု ဗင်းဆင့်ဗန်ဂိုးက သက်ပြင်းချရင်း ပြောသည်။

[၈]

ဗင်းဆင့်ဗန်ဂိုးသည် သူ့နားရွက်တဖက်ကိုဖြတ်၍ မယ်ရီလင် မွန်ရိုးထံ ပို့လိုက်သည်။ ထို့နောက် သူ ချက်ချင်း နောင်တရပြီး အကြီးအကျယ် စိတ်ဓာတ်ကျသွားသည်။

“ငါ ဘာကြောင့် အတင့်ရဲပါလိမ့်။ နားရွက်ဆိုတာ သိပ် တန်ဖိုးရှိတယ်။ တကယ်လို့ မွန်ရိုးက ငါ့နားရွက်တွေကို သဘော မကျရင် ဘယ်နှယ့်လုပ်မလဲ။ သူ့ဆီ ဝိုင်အိုလက်ပန်းပွင့်တွေ ပို့လိုက် သင့်တယ်။ ဒါမှမဟုတ် အာလူးတွေဖြစ်ဖြစ်၊ သွားတိုက်ဆေးဖြစ် ဖြစ်၊ ထင်ရှားတဲ့ ပန်းချီစုတ်ချက်တွေဖြစ်ဖြစ် ပို့ပေးသင့်တယ်။ ငါ့နားရွက်ပြတ်ကြီးကို သူစိတ်ညစ်မှာပါပဲ။ ငါလုပ်တာ လွဲသွားပြန် ပါရောလား” ဟု ဗင်းဆင့်ဗန်ဂိုး တွေးမိသည်။

ထိုသို့ တယောက်တည်းစိတ်ညစ်နေစဉ် အမေရိကန်နိုင်ငံမှ စာတစောင် ရောက်လာသည်။

“ခင်မင်ရသော မစ္စတာ။ ပိုးသားပိုက်ဆံအိတ်လေး ပို့လိုက်တဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်”

ဗင်းဆင့်ဗန်ဂိုး စိတ်ပေါ့သွားပြီး အားရပါးရ ပြုံးလိုက်မိသည်။ နှုတ်ခမ်းနှစ်ဖက် နားရွက်တက်ချိတ်အောင် သူ ရယ်လို့တော့ မရ။

သူ့တွင် နားရွက်တဖက် မရှိတော့ပြီ။

[၉]

ဗင်းဆင့်ဗန်ဂိုးသည် သူ့နားရွက်တဖက်ကို ဖြတ်ပစ်လိုက်လေသည်။ ထိုနားရွက်ကို မယ်ရီလင်မွန်ရိုးထံ ပေးပို့လိုက်ချင်သည်။ သို့သော် ဘယ်လိုပေးပို့ရမှန်း သူမသိ။

လူကိုယ်တိုင်လည်း သူ သွားမပို့နိုင်ပါ။ မိမိနှင့်မွန်ရိုးကို ကြားက ဆက်သွယ်ပေးမည့် မိတ်ဆွေမရှိ။ သူမ၏ ရုပ်ရှင်ကုမ္ပဏီသို့ ပို့လိုက်လျှင် စာရေးမက လွှင့်ပစ်လိုက်မှာ သေချာသည်။

အမြန်ရထားနှင့်ပို့ရ ကောင်းမည်လား။ ယူနိုက်တက် ပါဆယ် လုပ်ငန်းမှတဆင့် ပို့ရကောင်းမည်လား။ “ဘရဲင့်” ပို့ဆောင်ရေး လုပ်ငန်းကိုပဲ တာဝန်လွှဲလိုက်ရမည်လား။

ဗင်းဆင့်ဗန်ဂိုး၏နားရွက်မှာ သူ၏မေတ္တာပင် ဖြစ်၏။

သမားရိုးကျနည်းလမ်းများဖြင့် ပေးပို့နိုင်စွမ်း မရှိရကား ဗန်ဂိုး သည် ဂျုံခင်းထဲသို့ထွက်၍ ကျီးကန်းတကောင်အား ပို့ခိုင်း လိုက်လေသည်။

---

#စိုးသိဏ်း
#ဗန်ဂိုးနှင့်မွန်ရိုး

#shared_by_louis_augustine
#sbla

Comments