နံပါတ် ၅၂၈ // ကျော်ငြိမ်း (တောင်တွင်း)

နံပါတ် ၅၂၈ // ကျော်ငြိမ်း (တောင်တွင်း)

(ကလောင်သစ် စာမျက်နှာသစ်)

---

အရှေ့ကခွက်ကို ကြည့်တော့ ဗလာနတ္ထိ။

နေ့လည် ဆယ်နာရီကျော်ရှိပြီမို့ သူ့၏ ဗိုက်မှာ တဂျုတ်ဂျုတ်မည်နေလေသည်။ နေပင် အတော်မြင့်နေပြီ။
အမှန်က နံနက်စာတောင် သူမစားရသေးပေ။
ညီငယ်လေးကို ငုံ့ကြည့်ရာ နှစ်ခြိုက်စွာ အိပ်မောကျနေပေရှာသည်။

လက်ထဲရှိသည့် ငွေလေး ၆၀၀ နဲ့ ညီလေးအတွက် နံနက်စာ ဝယ်ကျွေးပြီးနောက် သူ့လက်ထဲ ဘာမှမကျန်။
ဘေးနားက ညီလေးဖိနပ်ကို ထီးရိုးတံလေးဖြင့်ထိုးထားရလေသည်။ ပျောက်သွားလျင် ပြန်ဝယ်ဖို့မလွယ်သည်မှာ ကိုယ်တိုင် အသိဆုံးပင်။ ထိုဖိနပ်လေးကို ညီလေး အရမ်းကြိုက်မှန်းသူသိသည်။
နေ့စဥ်တောင်းရမ်းရသည့် ငွေလေးတချို့ကို စုပြီး ညီလေးအတွက် ဖိနပ်တရံဝယ်ပေးနိုင်ခဲ့သည်ကို တွေးရင်း ကြည်နူးမိသည်။ 

ဗိုက်ဆာ၍ ရေတငုံသောက်ရင်း ညီလေး၏ မျက်နှာပြင်အား သေချာစွာကြည့်မိသည်။
ဘာမှမသိရှာသော၊ အပြစ်ကင်းစင်ရှာသော ညီငယ်လေး။
“ကိုကို” “ကိုကို” နှင့် ပါးစပ်က တတွတ်တွတ်ခေါ်ပြီး ရယ်ပြ ပြုံးပြတတ်သော ချစ်စရာ့ ညီငယ်လေး။

လောကဓံကို သူမမှု၊ ပတ်ဝန်းကျင်ကြောင့် သူမပျက်စီးခဲ့။
အသက်အရွယ်ငယ်နေသဖြင့် အလုပ်ရှာမရခဲ့။
သို့သော် နောက်တနှစ်လောက်နေရင် လမ်းထိပ်က စားသောက်ဆိုင်တွင် စားပွဲထိုးအလုပ်ကို သူလုပ်နိုင်ပေလိမ့်မည်။

သမ္မာအာဇီဝကျသော အလုပ်ဖြင့် ပိုက်ဆံရှာပြီး ညီလေးကို လုပ်ကျွေး ပြုစုပျိုးထောင်ရပေဦးမည်။
ညီလေးအား ပညာတတ်ကြီးဖြစ်စေရမည်ဟု ကြုံးဝါးရင်းထွေးပွေ့ထားပြီး သူ ခေတ္တမှေးလိုက်သည်။
မိဘမေတ္တာမရခဲ့သော်ငြားလည်း အကိုကြီးတယောက်၏ မေတ္တာကို ညီလေးအား သူရစေချင်ပါသည်။

---

နံပါတ် ၅၂၈

အခန်းနံပါတ်က ၅၂၈
အခန်းပေါင်းများစွာထဲက
ထိုအခန်းလေးသည် နှလုံးသား၏
အနက်ရှိုင်းဆုံးနေရာတွင် သီးသန့် တည်ရှိနေလေတော့သည်။

---

#ကျော်ငြိမ်းတောင်တွင်း
#နံပါတ်၅၂၈

#shared_by_louis_augustine
#sbla

Comments