အမြတ်အစွန်း // မြသန်းတင့်


အမြတ်အစွန်း // မြသန်းတင့်

 (၁၉၄၅)

---

(၁)

ဆိုင်တွေ ဖျက်ထားသဖြင့် ပန်းဆိုးတန်း ပလက်ဖောင်းတို့သည် ဟာလာ ဟင်းလင်းနှင့် ဖြစ်လျက်ရှိလေသည်။

လာဘူသည် အုတ်နံရံကိုမှီရင်း ဆေးလိပ်ကို အားရပါးရ ဖွာလိုက်သည်။ အနောက်မှ ညနေခင်း၏ ပူပြင်းသော နေရောင်သည် သူ့မျက်နှာ ပေါ်သို့ တည့်တည့်ထိုးထားလေသည်။

သူ့ရှေ့တွင် စာအုပ်များ ပြန့်ကျဲနေသည်။ ခဏခဏ လာ၍ မွှေနှောက်သွားကြသော စာအုပ်ဝယ်သူတို့ကြောင့် စာအုပ်များမှာ လမ်းဘေး ပလက်ဖောင်းပေါ်တွင် ဖရိုဖရဲ ဖြစ်ချင်တိုင်း ဖြစ်နေသည်။ သည်လို ပြန့်ကျဲနေသော စာအုပ်တို့ကို နေ့စဉ် တခါလည်းမဟုတ်၊ နှစ်ခါလည်း မဟုတ် ပြန်၍စီရသည်မှာလည်း ကြာသော် စိတ်မရှည်နိုင်တော့ချေ။

ယခုမူ သူ့ အသက်မှာ ၅ဝ ကျော်လေပြီ၊ သူ့အသက် ၁၅ နှစ်အရွယ်တွင် သူ့အမေ ဆုံးခဲ့လေသည်။ သူ့အမေမှာ ဘင်္ဂလားတွင် ဆုံးခဲ့၍ သူ့အဖေသည် သား လူမမည်နှင့် ဗမာပြည်သို့ ရောက်လာခဲ့၏။

တညလုံး တိတ်ဆိတ်လျက်ရှိစဉ် ကြိုးခုတင်ပေါ်တွင် တမာကူ အိုးကို ရှူကာ ည ည ထ၍ သံချောင်းခေါက်ရသည့် အရသာ၊ ကောင်းကင်မှ မှိတ်တုတ် မှိတ်တုတ် လက်နေကြသော ကြယ်တို့ကို ကြည့်ရင်း သူ့အမေနှင့် ငယ်စဉ်က နေခဲ့ရသည့် ဘင်္ဂလားပြည်ကို အောက်မေ့လွမ်းဆွတ်ရသည့် အရသာကို သူ နှစ်ခြိုက်ခဲ့မိသည်။

လာဘူသည် ဗယာကြော်ဒယ်အိုးကို ပခုံးတွင် ထမ်းပိုးနှင့် ထမ်းကာ ရန်ကုန်မြို့၏ လမ်းတကာကို လျှောက်ရောင်းခဲ့သည်။ ထိုစဉ်တုန်းကလည်း သူ့အဖို့မူ ဒယ်အိုးထဲသို့ ဆင်းကျသွားသော ဗယာကြော်လုံး လေးတွေကိုသာ ကမ္ဘာကြီးဟု ထင်ခဲ့သည်။ ရောက်စကမူ ဗမာပြည်တွင် သူ အတော် အနေရခက်သည်ဟု အောက်မေ့မိသည်။ ဗမာတွေ့တိုင်း “အစ်ကို” ဟု ခေါ်ရအောင် စကားသင်ရသည်မှာ သူ့အဖို့ တော်တော် ခက်သည်။ နောက်ပြီး ‘ဗယာကြော်’ ကို ဗမာလို နားလည်အောင် အော်ရသည်မှာ တော်တော်ပင် စိတ်ပျက်စရာ ကောင်းသည်၊ သူ နား လည်သည်မှာ သူတို့ဘာသာစကားမှလွဲ၍ ဘာမျှ နားမလည်။

အစတော့ ‘ဆပ်’လို့ ခေါ်ရသည်။ နောက် လန်ချားကု|လားတွေ “ဘေးကို ဘေးကို” ဟု အော်သည်ကို အားကျလာသောအခါ သူ့အဖေ ထံတွင် ဗမာစကားကို ပြောကြည့်သည်။ ဗမာကလေးတွေ တွေ့တိုင်း ဗမာလို မပြောတတ် ပြောတတ်နှင့် ပြောသည်။ သည်အခါတုန်းက ဗမာကလေးတွေက သူ့ကို လှောင်ကြ၊ ပြောင်ကြသည်ကိုလည်း အမှတ် ရလေသည်။

နောက် ကြာတော့ ဗမာပြည်မှာ သူ ပျော်လာလေသည်။ ဗမာ ထမင်းကိုစား၍ ဗမာပြည်တွင် ခေါင်းချလိုသည်။

ကမ္ဘာစစ်ဖြစ်သောအခါ သူ့ အဖေ ဒရဝမ်စောင့်သော အလုပ်ရုံမှ မန်နေဂျာနှင့် အလုပ်ရှင်တို့ အိန္ဒိယသို့ လေယာဉ်ပျံနှင့် ပြေးကြသည်။ ထိုအချိန်တွင် လာဘူသည် အသက် ၄ဝ ကျော်လေပြီ။ သူ့အဖေသည် အသက် ၇ဝ ရှိလေပြီ။ သူတို့သားအဖနှင့် သူသည် ကိုယ်ပိုင်ယာဉ်ဖြင့် ပန်းတောင်း၊ တောင်ကုတ်ကိုဖြတ်၍ ပြေးကြလေသည်။ သို့သော် သူ့အဖေမှာ တောင်ကုတ်မရောက်ခင် တောင်တက်တခုတွင် အမောဆို့ကာ ဆုံးရှာလေသည်။

လာဘူသည် စိတ်ပျက်ပျက်နှင့် ဗမာပြည်ထဲသို့ ပြန်လာလေသည်။ အရင်ကမှ ဘင်္ဂလားတွင် မနေလိုသည့်အထဲတွင် ယခုလို သူတယောက်တည်း သွားရမည်ဆိုတော့ သူ မသွားချင်၊ မသွားလိုတော့။ ဘင်္ဂလားမှာဆိုလျှင် အစာငတ်တာတို့၊ အဓိကရုဏ်းတို့နှင့် တွေ့ကာ အတိဒုက္ခ ရောက်ချင်ရောက်နိုင်သေးသည်။ ဗမာပြည်မှာဆိုလျှင် ထမင်းတော့ စားရသေးသည်ဟု တွက်မိသည်။

အမှန်အားဖြင့် ချောင်ချောင်လည်လည် စားရ၍ စီးပွားဖြစ်နိုင်မည့် စားကျက်တွေ အများကြီးရှိသည့် ဗမာပြည်ကို လာဘူ ခင်တွယ်သည်။ ဗမာပြည်တွင် နေလိုသည်။

(၂)

လာဘူသည် အုတ်နံရံကို စောင်း၍ မှီလိုက်သည်။ နေမှာ ကျဲကျဲတောက် ပူတုန်းပင် ရှိသေးသည်။ မလှမ်းမကမ်းတွင်စီ၍ ဆိုက်ထားသော ကားများကိုလည်းကောင်း၊ အရောင်တွေ တဖိတ်ဖိတ်လက်ကာ လေလှုပ်တိုင်း ကစားနေသည့် ခန်းဆီး အစိမ်းနုကလေးများဖြင့် ခံ့ညား လှသည့် ဟိုတယ်ကြီးကိုလည်းကောင်း ကြည့်မိသည်။

လူကုံထံ ကု|လားနှစ်ယောက် ကားပေါ်မှ ဆင်းလာကြသည်။ လာဘူသည် သူ့ ဖြစ်စဉ်တွေကို စဉ်းစားမိနေ၍ အနားရောက်လာသည် ကို မသိလိုက်။

“ဟေး...”ဟု ခေါ်လိုက်မှ သူတို့အနားသို့ ထပြေးမိသည်။ အနားသို့ သွားရပ်သော်လည်း ဘာမျှမပြော၍ အမိန့်ကို နာခံရန် ရပ်နေသည်။

ကု|လားနှစ်ယောက်သည် ကားနားတွင် ရပ်ကာ စကားကောင်းလျက်ရှိ သဖြင့် သူတို့ခေါ်သည့် လာဘူကိုပင် မေ့နေကြသည်။

“အိုင်ဆေး၊ ဒါတ်(စ)က ချန်ဒရာရဲ့သမီးနဲ့ တောင်းတော့မလို့ဆို” ကု|လားတယောက်က သူ့အဖော်ကို မေးသည်။

“အလကားပါဗျာ၊ သူတို့ဟာက သိပ်မသေချာပါဘူး၊ တော်တော် ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတယ်”

“ဘယ်လိုလဲဗျ”

“ဒါတ်(စ) နဲ့ အရင်က စေ့စပ်ထားတာဗျ။ နောက် ဒါတ်(စ) က သူ့ အလုပ်အကိုင်တွေ ပျက်သွားတော့ ဟိုက ခပ်အင်အင်လုပ်နေတာပေါ့။ အစတုန်းက ဒါတ်(စ) က တော်တော် ချမ်းသာတာကိုဗျ။ အို.. အဲဒီတုန်းကများ စတူဒီဘေကာကြီးစီးပြီး တအိမ်နဲ့ တအိမ် ရွှေလမ်း ငွေလမ်း ဖောက်သလိုပဲ။ နောက်တော့ ဒါတ်(စ) ဓားပြတိုက်ခံရရော၊ ပစ္စည်းတွေလည်း အကုန်ပြုတ်၊ အဝတ်တထည် ကိုယ်တခုနဲ့သာ ကျန်တော့ ဟိုက ငြင်းပြီး ဒီပြင်ကောင်တယောက်နဲ့ တွဲနေတာပေါ့”

“စေ့စပ်တာက စေ့စပ်တာပဲ ရှိတာပဲဗျ။ ဒါတ်(စ) မှာ ပစ္စည်းတွေ ပြုန်းပြီးတော့ တရားစွဲလည်း ဘယ်သူနိုင်မှာလဲ။ ကောင်မ အဖေဘက်က နိုင်မှာပေါ့။ လာဘ်ထိုးလိုက်ရင် ခင်ဗျား တရားသူကြီး ဘာခံနိုင်ဦးမှာလဲ။ ပြီးတော့...”

“ဆပ်”

လာဘူက ကြောက်ကြောက်ရွံ့ရွံ့ ခေါ်လိုက်၍ သူတို့နှစ်ဦး လှည့် ကြည့်ကြသည်။

“အေး၊ ဒီကားကို ကြည့်ထားစမ်း” ဟု လှည့်ပြောလိုက်ကာ ဟိုတယ်ပေါ်သို့ စကားတပြောပြောနှင့် တက်သွားကြသည်။ လာဘူသည် သူတို့နှစ်ဦး၏ အင်္ဂလိပ်ကုတ်အင်္ကျီများနှင့် လည်စည်းအစင်းလေးတွေကို မျက်စိထဲတွင် မြင်နေလေသည်။

(၃)

လာဘူသည် စာအုပ်ပုံရှေ့တွင် ပြန်၍ထိုင်ရင်း ကားလေးကို ကြည့်ကာ သွားရည်ယိုမိလေသည်။

“ဗမာ့ခေတ်၊ ဟံသာဝတီ၊ နေ့စဉ်သတင်းစာ”

“အရေးပေါ် ညနေသတင်းစာ”

ဗမာသတင်းစာ ရောင်းသူတို့ အော်သံကြားမှ သူ့ရှေ့ စာအုပ်ပုံတွင် တင်ထားသော ယနေ့ထုတ် အင်္ဂလိပ်သတင်းစာများကို အမှတ်ရ တော့သည်။

“အင်း... သတင်းစာ ရောင်းရဦးမှာပါလား”

သူသည် သတင်းစာကို ခေါက်၍ လက်မောင်းပေါ်တွင် တင်ရင်း လက်တဖက်က သတင်းစာကို မြှောက်ကာ လာသမျှ လူတိုင်းအား အော်၍ ရောင်းသည်။

“နယူးတိုင်း အစ်ကို၊ ဘားမင်း အစ်ကို...”

လာဘူသည် ဗမာစကားကို ရည်ရည်လည်လည် တတ်လေပြီ၊ ဘင်္ဂလားမှာဆိုရင် သူ့လို အောက်တန်းစားမှာ သတင်းစာ ရောင်းဖို့ မဆိုထားနှင့်၊ သည့်ထက် အောက်တန်းကျသော အလုပ်မျိုးကိုတောင် ရချင်မှ ရပေမည်။ နဝါခါလီနယ် အငတ်ဘေးတုန်းက ပါသွား၍ လမ်းဘေး မြောင်းထဲတွင်သော်လည်း အသက်ဆုံးရှုံးခဲ့ကောင်း ဆုံးရှုံးပေလိမ့်မည်။

ခုတော့ သူ့အဖို့ ချာပါတီကိုစားကာ လမ်းဘေး ပလက်ဖောင်း ကောက်ရိုးမွေ့ ရာထက်တွင် ကောင်းကောင်းကြီး အိပ်နိုင်ပေပြီ။ ပြီးတော့ မြောက်မြားစွာသော အင်္ဂလိပ်စာအုပ်တို့ကိုလည်း ပိုင်ဆိုင်သူ ဖြစ်လေသည်။ သူ့ စာအုပ်များမှာ အချို့ ဟောင်းနွမ်းလှပေပြီ၊ ထိုစာအုပ်များမှာ သူ့အဖေ ဒရဝမ်လုပ်သည့် တိုက်မှ ကြေးရတတ်တို့ ဖတ်ကြသော အင်္ဂလိပ်ဝတ္ထုစာအုပ်များ၊ အင်္ဂလိပ်ပြန်၍ ဝင်အလာတွင် အိမ်တအိမ်မှ ရလိုက်သော အင်္ဂလိပ်လို ရေးထားသည့် နိုင်ငံရေး စာအုပ်များ ဖြစ်ပေသည်။

သည်စာအုပ်တွေကို သူ ဘာစာအုပ်မှန်းလဲ မသိ၊ ဘာတွေရေး ထားမှန်းလဲ မသိ၊ သို့ရာတွင် သည်စာအုပ်တွေမှာ သူ့ အဖို့ ငွေထုပ် ကြီးဟုပင် ထင်မိပါသည်။ အနည်းဆုံး ညဆိုလျှင် ထိုစာအုပ်များကို ခေါင်းပေါင်းဖြင့်ထုပ်၍ ခေါင်းအုံး လုပ်ရသေးသည်။ ထို့ကြောင့် သည်စာအုပ်တွေသာလျှင် သူ၏ ဝမ်းရေးကို ထိန်းပေးသည့် ရတနာများဖြစ်သည်။ အနည်းဆုံး ပိုက်ဆံမရှိလျှင် သည်စာအုပ်တွေကို ကု|လား သို့မဟုတ် ကြေးရတတ်တွေ အိမ်သွားပြီး ရောင်းလျှင် ဖတ်ဖို့မဟုတ်တောင် အလှထားဖို့ ဈေးပေါပေါနှင့် ဝယ်ယူပေလိမ့်မည်။

“အစ်ကို... သတင်းစာ အစ်ကို့၊ စာအုပ်တွေလည်း ရှိတယ်” သူသည် သူ့စာအုပ်ပုံရှေ့တွင် ရပ်လာသော လူရွယ်နှစ်ယောက် အား ဖိတ်ခေါ်သည်။

“ဒီဟာတွေက ဘယ်လောက်လဲ”

“အဲဒီစာအုပ်တွေက ငါးမူးပါ ဆပ်၊ ဒါက တကျပ်၊ ဒါတွေက တကျပ်ခွဲ”

သူသည် စာအုပ်တွေကို ပြနေသည်။ စာအုပ် ကောင်းသည်၊ မကောင်းသည်ကို သူ မသိ၊ သူ့အဖို့တွင် စာအုပ်အထူကြီးတွေကို ဈေး အများဆုံးထား၍ စာအုပ် အပါးဆုံးကို ဈေးပေါပေါနှင့် ရောင်းသည်။

“ဒီစာအုပ် ငါးအုပ်ယူမယ် အဘိုးကြီး၊ လေးကျပ်လုပ်ပါ”

“မလျှော့ဘူး အစ်ကို၊ ဒါက တခွန်းတည်းပဲ ပြောတာပါ”

“လေးကျပ်ခွဲ လုပ်ဗျာ”

ပြောပြောဆိုဆို ကျပ်တန်လေးရွက်နှင့် မတ်စေ့ နှစ်စေ့ကို ထုတ်ပေးပြီးနောက် ထွက်သွားကြသည်။ လာဘူသည် မကျေမနပ်နှင့်ပင် ပိုက်ဆံကို ကောက်ယူလိုက်သည်။ သို့ရာတွင် သူ့အဖို့တော့ သည်လေး ကျပ်ခွဲသည် စာအုပ်ထက်ပင် အရာရောက်လေသည်။ သည် လေးကျပ်ခွဲနှင့် သူ့အိတ်ထဲ၌ ပိုက်ဆံသုံးမတ်ပါ ပေါင်း ငါးကျပ်တမတ်သည် သူ့အဖို့ များလှစွာသော အသပြာထုပ် ဖြစ်လေသည်။

သူသည် ပိုက်ဆံကို အဝတ်တခုနှင့် လိမ်ကာ ခါးကြားထဲတွင် ထိုးထားလိုက်သည်။ ဤမျှသော အသပြာသည် တောင်ကုတ်ကိုဖြတ်ကာ အိန္ဒိယသို့ ပြေးစဉ်အခါမှလွဲ၍ တခါမျှ မကိုင်ဖူးခဲ့ဟု ဆိုနိုင်လေသည်။

ညအဖို့ဆိုလျှင် သူ့ခေါင်းအုံးထုပ်သည် လေးအုပ်စာအတွက် နိမ့်ကျသွားသော်လည်း သူ့တွင် လေးကျပ်ခွဲမျှသော အသပြာသည် တိုး၍ ချမ်းသာလာပေပြီ။ သို့ရာတွင် ဘာပဲဖြစ်ဖြစ်၊ သူသည် ငါးကျပ် လေးပဲ မျှသော အသပြာကို ပိုင်ဆိုင်သူ ဖြစ်လေသည်။ နောက်တွင် ဤအရင်းပေါ်မှာ အမြတ်အစွန်းတို့ ထွက်လာမည် မဟုတ်ပါလော။

(၄)

ယနေ့ညအဖို့ လာဘူသည် သူ့ စက်ရာကို ရှာလေသည်။ ခါတိုင်း ပန်းဆိုးတန်းတိုက်ဘေး ချောင်ကျကျတွင် အိပ်သည်။

သည်နေ့ညတော့ သည်လိုနေရာတွင် သူ အိပ်၍မဖြစ်တော့၊ သူသည် အသပြာ ငါးကျပ်လေးပဲ ပိုင်သူဖြစ်လာ၍ သည်လို ချောင်ကျသောနေရာတွင် အိပ်မဖြစ်တော့။ တကယ်လို့များ လာလုရင် ခက်ရချည့်...။

သူသည် အသပြာ ငါးကျပ်လေးပဲကြောင့် လူစည်သော ပလက်ဖောင်းပေါ်တွင် လျှောက်ရင်း ဆူးလေဘုရားလမ်း ဘိုင်စကုတ်ရုံများ ဘက်သို့ ရောက်လာခဲ့သည်။ ရေခဲရောင်းသူတို့ အော်သံ၊ ကားသံ၊ လူသံ တွေဖြင့် ညံနေသည်။

သို့ရာတွင် သူ့အဖို့ သည်လို ဆူသံညံသံများကြားမှ ကြားရသော မလှမ်းမကမ်း ကု|လားဘိုင်စကုတ်ရုံမှ ချိုအေးသော ကု|လားသီချင်းသံ သည် သူ နာပျော်ဖွယ် ရှိလှသည်။

“ဒီနေရာ အိပ်မှပဲလေ”

သူသည် မီးရထား ရုံးကြီးရှေ့ ပလက်ဖောင်းဘေး၊ သံဝင်း ထရံနားတွင် သူ့ စာအုပ်ထုပ်ကို ချလိုက်သည်။ အိပ်တော့မည်ဟု အထုပ်ကို မှီလိုက်၏။

“ဟေ့...ခွေးကု|လား သူများခေါင်းရင်းက...သွား” ငှက်ဆိုးထိုးသံကြောင့် လန့်ဖျပ်သွားသည်။

“အစ်ကိုနဲ့ အဝေးကြီး အစ်ကို”

“အောင်မာ... ကု|လားက လူများနေရာလည်း ယူသေးရဲ့”

လာဘူသည် တော်တော် စိတ်ပျက်သွားသည်။ ပလက်ဖောင်းပေါ် တွင် နေရာ အကျယ်ကြီးရှိပါလျက် ပလက်ဖောင်းကိုပင် နယ်ချဲ့လိုက် ကြသေးသည်။

“သွား သွား...မလာနဲ့”

ငေါက်လွှတ်လိုက်သည်။ လာဘူသည် အထုပ်ကို ရွှေ့ကာ ကွန်တီ နင်တယ်ဘေးတွင် နေရာယူလိုက်သည်။ သူသည် ပက်လက်လှန်ကာ စာအုပ်ထုပ်ကို ခေါင်းအုံးလိုက်သည်။

ယနေ့... ငွေလေးကျပ်ရှစ်ပဲကို ရလိုက်ပြီ။ မနက်ဖြန် ပလက်ဖောင်း ပေါ်တွင် ချရောင်းက စာအုပ်တွေ ကုန်မည်။ ရောင်းရငွေနှင့်ဆိုလျှင် အရင်းတော်တော် ရှိလာပြီ။ စာအုပ်တွေကုန်လျှင် အနည်းဆုံး ငွေနှစ်ဆယ် အစိတ်လောက်တော့ ပိုက်မိပြီ။ နောက်... ငွေရင်းအနည်းငယ်ရှိလျှင် ကွမ်းယာဆိုင် ထောင်မည်။ သူ့အဖို့ ဗမာပြည်မှာ နေရသည်မှာ အမြတ်ချည်းဖြစ်သည်။ ဆုံးရှုံးစရာဟူ၍ ဘာမျှ မရှိ။

သူသည် ရှေ့ရေးကို တွေးရင်း အိပ်ပျော်သွားလေသည်။

(၅)

နောက်တနေ့ နေခြည်ပြုသည်နှင့် လာဘူသည် စာအုပ်ထုပ်ကို ပိုက်၍ ထွက်ခဲ့သည်။ ပထမဆုံး ချာပါတီစားကာ လူအစည်ကားဆုံး၊ ဒါလဟိုဇီ လမ်းထောင့်တွင် သူ့ စာအုပ်ထုပ်ကို ဖြေပြီးနောက် ပလက် ဖောင်းပေါ်တွင် အခံ့သား ချထားလိုက်သည်။

စာအုပ်များကို တအုပ်ချင်း ဖုန်သုတ်ကာ ကျကျနနကြီး ခင်းထားသည်။ သည်လိုဆိုတော့ သူ့ကိုယ်သူ အသပြာ ငါးကျပ်ခွဲနှင့် စာအုပ် ဆိုင်ကို ပိုင်သူပါတကားဟု သွေးမြောက်မိသည်။

“ဒီနေ့ စာအုပ်တွေထဲက ဆယ်အုပ်လောက်ရောင်း၊ သုံးရက် လောက်ရှိရင် စာအုပ်တွေကုန် အရင်းတွေ စုမိ၊ အမြတ်တွေရ” 

သူ့တွက်ကိန်းနှင့် သူ ကြည်နူးနေသည်။ သို့ရာတွင် မနက် ၁ဝ နာရီလောက်အထိ စာအုပ်ဝယ်သူဆို၍ တယောက်မျှ မပေါ်လာသေး။ လမ်းသွားလမ်းလာ လူတွေက သူ့ကိုတောင် မျက်စောင်းထိုးသွားကြသေးသည်ဟုပင် ထင်မိသည်။

ထင်ရရုံသာမဟုတ်၊ တကယ်ပဲ သူ့ကို မျက်စောင်းထိုးသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့ရှိ စာအုပ်တို့မှာ တအုပ်စီ ဖြန့်ခင်းထား၍ ပလက်ဖောင်းတွင် ရှုပ်ယှက်ခတ်နေသောကြောင့် ဖြစ်သည်။

လာဘူသည် သူ့စာအုပ်ဆိုင်ကိုသာ ကြည့်၍ ကြည်နူးနေမိသည်။

“ဟေး... ကု|လား အပ္ပနား”

လာဘူသည် သူ့စိတ်ကူးနှင့်သူ ရူးနေစဉ် ခေါ်သံကို မကြားလိုက်။ ကြားသလိုလိုရှိသော်လည်း သူ့ အမည် အပ္ပနား မဟုတ်၍ မထူးလိုက်။

“ဟေး.... ကု|လားကြီး၊ ခေါ်တာ မကြားဘူးလား... အူကြောင်ကြောင်နဲ့”

လှည့်ကြည့်လိုက်ရာ ယူနီဖောင်းဝတ်ထားသော မြူနီစီပယ် ပုလိပ် နှစ်ယောက် သူ့ ဘေးတွင်ရပ်ကာ စာအုပ်တွေကို ကြည့်နေသည်။

“ခေါ်တာ မကြားဘူးလား၊ နားပင်းသလား”

“ဆပ်... ဘာလိုချင်သလဲ ဆပ်”

“ဘာမျှမလိုချင်ဘူး၊ ခင်ဗျား လမ်းဘေး ပလက်ဖောင်းမှာ ဆိုင်တွေ မခင်းရဘူးဆိုတာ နားမလည်ဘူးလား”

“မခင်းပါဘူး ဆပ်”

“မခင်းလို့လား၊ ဒီမှာ လမ်းသွားလမ်းလာတွေ အနှောင့်အယှက် ဖြစ်တယ်၊ ခင်ဗျား ဒဏ်ငွေဆောင်ပါ၊ ပြီးတော့ နောက်လည်း ဒီလို မရောင်းနဲ့”

ဒဏ်ငွေ ဒဏ်ငွေ ဆိုသည်မှာ သူတို့ကို ငွေစ ပေးရတော့မည်။ ဥပဒေအရ ဒဏ်ဆောင်ရမည် မဆောင်ရသည်ကို လာဘူ မသိ။ သို့ရာတွင် သူတို့လက်ထဲမို့၊ သူ့ပဝါထဲမှ ငွေစကို ပေးလိုက်ရမည်မှာ သေချာ ပေပြီ။

“အစ်ကို... ပိုက်ဆံမရှိပါဘူး ဆပ်”

လာဘူသည် မုသား သုံးလိုက်သည်။

“နားမလည်ဘူးလေ...မရှိရင် ဂါတ်လိုက်ခဲ့”

ခက်ပြီ။ ဥပဒေက ပိုက်ဆံမပေးနိုင်ရင် ထောင်ထဲမှာ နေရသည့် အကြောင်းကို သူ ခုမှ နားလည်ပြီ။ ထောင်ဆိုသည်မှာ အင်မတန် ကျဉ်းကျပ်၍ မစင်နံ့၊ ကျင်ငယ်နံ့တို့ဖြင့် နံစော်လှသည်ဟု ကြားဖူးသည်။ မတတ်နိုင်၊ ငွေကိုပင် ပေးရတော့မည်။

“အစ်ကို... ငါးမူးယူပါ ဆပ်”

“အောင်မာ.... အစိုးရကိုများ အဖေ အောက်မေ့နေသလား”

တယောက်က သူ့ကို ငေါက်သည်။ တယောက်ကမူ သူ့ စာအုပ်တွေကို လျှောက်ကြည့်ရာ...။

“ဟေ...ဟိုမှာ” ဟု သူ့ စာအုပ်တွေကို လက်ညှိုးထိုးပြသည်။ သူ့မှာ အကြီးအကဲနှင့်တူသည်၊ ခါးတွင်လည်း ခြောက်လုံးပြူးကြီး ထိုးထားသည်။

“အဘိုးကြီး ဒီစာအုပ်တွေ ဘယ်ကရသလဲ”

“ဆပ်... သခင် အိမ်ကပါ ဆပ်”

“ဘယ်... သခင်လဲ”

“ခု ဘင်္ဂလားပြန်သွားပြီ ဆပ်... မရှိတော့ဘူး ဆပ်”

“ဒါ... ကွန်မြူနစ်စာအုပ် အစိုးရက သိမ်းတယ်” ဟု ရဲပုလိပ်မင်း က ဆိုသည်။

ကွန်မြူနစ်စာအုပ် ဆိုပါကလား၊ ကွန်မြူနစ်စာအုပ် ဆိုသည်မှာ ဘာကို ခေါ်ပါသနည်း။ လာဘူအဖို့ ကွန်မြူနစ်ဆိုသည်မှာ ဘာကို ခေါ်သည်မသိ၊ စာအုပ်မှာ အတူတူချည်းဖြစ်သည်။ တခုတော့ ရှိသည်။ အရုပ်ပါသည့်စာအုပ်နှင့် မပါသည့် စာအုပ်ကိုတော့ လာဘူ ကောင်းကောင်းသိသည်။

“အဘိုးကြီး အူကြောင်ကြောင်နဲ့၊ လာ... ဒီစာအုပ်တွေကိုယူပြီး ဂါတ် လာပို့လှည့်...”

ဂါတ်ဆိုသည့် စကားကို တခါပြောပြန်ပြီ။ ဂါတ်ဆိုသည့် စကားကို ကြားတိုင်း သူ့ပဝါထဲမှ ငွေစတွေ ထွက်ထွက်သွားရသည်။

“ကဲ... ကဲ အဘိုးကြီး စာအုပ်တွေ ထုပ်ပြီးလိုက်ခဲ့။ ပြီးတော့ ပလက်ဖောင်းပေါ်မှာ စာအုပ်ချရောင်းတဲ့အတွက်က ဒဏ်ငွေ ငါးကျပ် ဆောင်၊ ခု စာအုပ်တွေ့တာက ဂါတ် လိုက်ခဲ့ပေတော့”

လာဘူသည် မျက်ရည်တွေပင် ကျလာသည်။ တသက်လုံး တဦးတည်းပိုင်ခဲ့သော ငွေ ငါးကျပ်မျှသော အသပြာ သူ၏ နောင်ရေးအတွက် အားကိုးရသည့် ရတနာ၊ ထိုအရာများ အကုန်ဆုံးရှုံးရလေပြီ။ သူသည် စာအုပ်ထုပ်ကို ခေါင်းတွင်ရွက်ကာ ပိုက်ဆံထုပ်သော ပဝါ ကလေးကို ဖြန့်လျက်။ မျက်ရည်ကိုသုတ်ရင်း ပုလိပ်နှစ်ယောက်၏ နောက်သို့ လိုက်လာခဲ့လေသတည်း။

---

#မြသန်းတင့်
#အမြတ်အစွန်း

#shared_by_louis_augustine
#sbla

Comments