လက်ပြ ဝေးဝေး // သိုက်ထွန်းသက်

လက်ပြ ဝေးဝေး // သိုက်ထွန်းသက်

(ခရမ်းနုရောင်ပွင့်သစ်ဝတ္ထုတိုများ၊ အရုဏ်ငှက်စာပေ၊ ၁၉၈၃)

---

(က)

တသိမ့်သိမ့်ဖြင့်။

ဧရာဝတီသည် လွန်ခဲ့သော ဆယ်နှစ်တုန်းကလိုပင် ငြိမ့်ငြိမ့်ညင်ညင် တသွင်သွင် စီးဆင်းနေဆဲ။ မင်းဝံတောင်တန်းသည်ပင် အဖြောင့် အတန်းမပျက်။ အချို့အမှိုင်းမပျက်။ ယုတ်စွအဆုံး သူထိုင်နေကျ ကျောက်လှေကားထစ်လေး။ သူ့အပေါ်မှာ မိုးထားသည့် ဆီးပင်ရိပ်။ သူကျောပေးထားသည့် ကမ်းနားဈေးအို၏ မျက်နှာစာ။ မည်သည့်အရာမျှ မခြားနား။ ငယ်ငယ်တုန်းကလိုပင် တရင်းတနှီး ခံစား အောက်မေ့ နိုင်သည်ချည်း။ သို့တစေ ဆယ်စုနှစ်တခေတ်သည် သူ့ ကျောပြင်ပေါ်မှာ ဖြတ်သန်းကျော်သွားခဲ့ပြီ။ ဆယ်နှစ်ကာလ နေရောင်အတည့်အစောင်းနှင့် သူ့အရိပ်များ အရှည်အတို၊ အဆုတ်အတိုး ဖြစ်လာရသည်။

သူသည် ပန်းနုဆည်းဆာတချိန်မှာ မောင်လူသစ် (ဂေါဝိန်) ဟူသော ကင်ပွန်းတပ် မင်္ဂလာအခမ်းအနားလေးတခု ကျင်းပခဲ့ပုံကို တရေးရေး မြင်ယောင်နေမိသည်။ သည်စဉ်ကမူ လှိုင်းခေါင်းဖြူ ပြိုးပြက်တို့ သူ့ခြေရင်း ရေစပ်ဆီ အပြေးလာရိုက်ပုတ်သည်ကိုပင် သူ့အား ကောင်းချီးပြုနေသည်ဟု အထင်ရောက်ခဲ့သည်။ သူသည် လှိုင်းအိလေးတွေပေါ် အလိုက်သင့်ထိုင်နေသော နေဝန်း၏ အသွေးအရောင်ကို စတော်ဘယ်ရီသီးနှင့် တင်စားခဲ့မိသည်။

ဟီရာကလစ်တပ်စ် အမည်ရှိ ခေါမ အဘိဓမ္မာဆရာ၏ အဆို အမိန့်တခုကို အမှတ်မထင် သတိရသည်။ စက္ကန့်နှင့်အမျှ ပြောင်းလဲ နေသော မြစ်ရေစီးမှာ မောင်လူသစ် (ဂေါဝိန်) ပြောင်းလဲခြင်းအား ဆင်ခြင်ကြည့်မိသည်။ မြစ်တမြစ်တည်းမှာ ရေနှစ်ခါ ချိုးလို့မရဘူး။ လွန်ခဲ့သော ဆယ်နှစ်က ဆီးပင်ရိပ် ကျောက်လှေကားထစ်မှာထိုင်ပြီး ဝင်လုဆဲ နေမင်းကြီးကို ငေးမောကာ အချစ်ဝတ္ထုတွေ နွဲ့နွဲ့လေးတွေ ရှာဖွေခဲ့ဖူးသည့် မောင်လူသစ် (ဂေါဝိန်) နှင့် စကားပြောချင်နေသည်။

သူသည် မြစ်လယ်ကောင်မှာ အိပဲ့အိပဲ့ လှုပ်ခတ်ရွေ့လျားနေသော ‘ငှက်’ လေးအား လွမ်းဆွတ်ဆွတ် ကြည့်နေမိသည်။ ငှက်လေးပေါ်မှာ “အေးအေး” ကို မြင်ရသည်။

(ခ)

တရက်လျှင် ၂၁ နာရီမျှ အိပ်မောကျတတ်သော ကမ်းနားဈေးသည် ယခုတော့ ဆူဆူညံညံ၊ စည်စည်ကားကား။ မြင့်မားသော တာရိုးကြီးပေါ်မှာ ကမ်းနားဈေးကြီးသည် နာရီပေါင်းများစွာ အထီးကျန် ဖြစ်နေတတ်သောကြောင့် ယခုလို ရှုပ်ထွေးစိမ်းစိုမှုများ ရှိတတ်သော နံနက်ခင်း အချိန်များသည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံနေတတ်သည်။

မောင်မောင်သည် ဈေးဝယ်များ တိုးဝှေ့သွားလာနေကြသည့် လမ်းကျဉ်းလေးမှာ ကတ်သီးကတ်သတ် ထိုင်နေသည်။ သူသည် ခိုတောင် မုန့်တီတောင်းလေးတခုဘေးမှာ ဆောင့်ကြောင့်ထိုင်ရင်း မုန့်တီ စားနေသည်။ ပန်းကန်လုံးထဲမှာ မုန့်တီမျှင်များ တလုတ် နှစ်လုတ်စာမျှသာ ကျန်တော့သည်။ သူသည် မုန့်တီဝါဝါထိန်ထိန်များ ခဏနှင့် စားကုန်သွားမှာ စိုးနေဟန် ရှိသည်။

သူက ဖြူသန့်သော ပိတ်စနှင့် ရစ်ပတ်စည်းထုပ်ထားသော ဟင်းချိုအိုးလေးပေါ်မှာ ပန်းကန်လုံးလေး ရစ်ဝဲလိုက်သည်။ မုန့်တီသည် မိန်းကလေးများသည် အုန်းမှုတ်ခွက် လက်ကိုင်ရှည် တပ်ထားသော ဟင်းရည်ခပ် ယောက်ချိုကို မြေအိုးထဲနှစ်နေသည်။ မိန်းကလေးသည် ဟင်းချိုရည်အိုးအား ရစ်ပတ်ထားသော ပိတ်စလေးကဲ့သို့ ဖြူသန့်ကြည်လင်သော အလှပိုင်ဆိုင်ပြီး မုန့်တီမျှင်လေးတွေအား ထိန်ထိန်ဝါသွားစေသည်။ နနွင်းရောင်များသော သနပ်ခါးထူထူကို တမက်တမော ရှိဟန် တူသည်။ မောင်မောင်က မိန်းကလေးအနားမှာ စကားတတွတ်တွတ် ဆိုနေသည်။ ခိုတောင်မုန့်တီသည် မိန်းကလေးသည် ရှက်မျက်တောင် ချထားသည်။ မောင်မောင်သည် သူ့ပခုံးစွန်းမှ ကပ်ဖြတ်သွားသော ထဘီ နားများကိုပင် ဂရုမစိုက်မိ။ “အေးအေးရယ် ဖြေပါ” ဟု ထပ်ကာ ထပ် ကာ ဆိုနေသည်။ ကြာတော့ မိန်းကလေး၏ နှုတ်ခမ်းပါးပါးက စကား သံချိုချို ထွက်လာရ၏။

“နက်ဖြန်ကျ အဖြေပေးပါ့မယ်နော်”

(ဂ)

သူသည် ဆယ်နှစ်ကျော်က ခိုတောင်မုန့်တီသည် မိန်းကလေးအား သတိရနေမိသည်။ ဟောဒီ ဆီးပင်ရိပ်လေးမှာ မောင်မောင်ဆိုတဲ့ ကောင်လေးတယောက် အေးအေးကို မျှော်နေလိမ့်မည်။ အေးအေးတို့ ငှက်လေးက ဒီနေ့မှာ ကြာလိုက်တာ။ ဟော၊ ဟိုမှာ၊ ဟိုမှာ သောင်ပြင်ကို ပတ်ပြီး ဧရာဝတီကို အလိုက်သင့် ဖြတ်လာတဲ့ ငှက်လေးဟာ အေးအေးတို့ ငှက်လေးလား။ သင်္ဘောကြီးတစင်းသည် ဆန်တက် ခုတ်မောင်းသွားရင်း လှိုင်းလုံးမို့မို့များ ပေါက်လွှတ်ပဲစား ထားပစ်ခဲ့သည်။ သည် လှိုင်းလုံးကြီးတွေက အေးအေးတို့ငှက်လေးကို စော်စော်ကားကား ထမ်း မ,ပစ်လိုက်လိမ့်မည်ဟု မောင်မောင် မတွေးမိ။ ရက်စက်လိုက်တာ။ ငှက် လေးသည် သူ့ဝမ်းဗိုက်ထဲက သက်ရှိ သက်မဲ့ ဟူသရွေ့ ဧရာဝတီထဲ သွန်ချပစ်လိုက်ပြီ။

သူသည် မောင်လူသစ် (ဂေါဝိန်) ၏ ‘ရွှေရင်ဆို့ ဇာတ်ကြောင်း’ အမည်ရှိ ဝတ္ထုတိုလေးထဲက ရုပ်ပုံလွှာများကို ပြန်လည်ခံစားမိသည်။ သူ့မျက်စိထဲမှာ ပြေးလွှား၊ လှုပ်ရှား စုဝေး ဝိုင်းအုံ ရှုပ်ထွေးနေသည်။ သူ့ နားထဲမှာ ဆူညံ၊ အော်ဟစ်၊ မေးမြန်း၊ ဖြေကြား လုံးထွေးနေသည်။ ဝတ္ထုလေးကြောင့် ဖြစ်ပေါ်သွားသော ဂယက်လေးများကို တွေးမိတော့ ယခုပင် ရင်ထဲမှာ နွေးခနဲ ဖြစ်သွားသည်။

မည်သို့ပင်ဖြစ်စေ နှစ်ဆယ့်ငါးပြားတန် ဗေဒင်စာစောင်ငယ်လေး ပေါ်မှာ ဖွားမြောက် သန့်စင်ခဲ့သော သူသည် မောင်လူသစ် (ဂေါဝိန်) ဟူသော အမည်သစ်တခု ပိုင်ဆိုင်ရခဲ့ပြီ။

(ဃ)

သူသည် ကမ်းစပ်မှာ ချောချောမောမော မေးတင် ဆိုက်ကပ်လာသော ငှက်လေးထဲမှာ အေးအေး ပါမလာနိုင်တော့မှန်း နားလည်လိုက်သည်။ သူသည် မြင့်မားသော ကမ်းပါးတထစ်မှာ ရပ်ထားသော ရေစည် လှည်းအား စိတ်ဝင်စားနေမိသည်။ ရေစပ် ဖောင်ငယ်လေးပေါ်ရှိ ရေစုပ် စက်ကတဆင့် ရေဖြည့်ယူနေသော ရေစည်လှည်းကို အတန်ကြာ ငေးမောနေမိသည်။ နက်ပိန်းပြောင်ရွှဲသော ကျွဲကြီးနှစ်ကောင်သည် ရွှံ့ရေ များလူးကာ ရုန်းထလာသည်။ ဆွဲအားကြောင့် လျော့ရဲရဲ သံကွင်းဆက်များ တင်းလာသောအခါ ကျွန်းသစ်လုံးကြီးများ လျှောတိုက်ပါလာသည်။ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားသော မော်တော်ခေါင်မိုးပေါ်က ပေပါခွံများကို တဝုန်းဝုန်း ကန်ချနေကြသည်။ ရေထဲမှာ ဗွမ်းခနဲ ဗွမ်းခနဲ ကျလာသော ပေပါများကို ကမ်းပေါ်သို့ ဆယ်ယူနေကြသည်။ မော်တော် မှ ကမ်းနားသို့ ထိုးထားသော ကုန်းပေါင်များသည် အိပဲ့ အိပဲ့။ အလိုက်သင့် ဟန်ချက်ညီ ပြေးဆင်းလာသော အလုပ်သမားကြီးများ၏ ပခုံးပေါ်မှာ ကုန်စည်ဝန်ထုပ်များ။

ရုတ်တရက် သူသည် ကိုဝင်းလှိုင်ကို သတိရလာသည်။ ကိုဝင်းလှိုင်ကြောင့် မောင်လူသစ် (ဂေါဝိန်) ၏ အဓိပ္ပာယ် ပိုမို ပြည့်စုံလာရသည်ဟု ပြန်လည် ဆင်ခြင်မိသေးသည်။

ကိုဝင်းလှိုင်က ဘိလပ်မြေသမ္ဗန်ကို လက်ညှိုးထိုးပြနေသည်။ သူက ကိုဝင်းလှိုင် ညွှန်ပြရာ သမ္ဗန်ပတ်ဝန်းကျင်ကို လိုက်ကြည့်မိသည်။ ဧရာဝတီကို ဖြတ်တိုက်လာသော တော်သလင်းလေသည် ပူပြင်း ပါးလျား လွန်းသည်။ ကုန်တင်ကုန်ချ လုပ်သားကြီးတွေ၏ ခြေထောက်များကြားမှ ပေပေရေရေကောင်လေးများ တိုးဝှေ့နေကြသည်ကို မြင်ရ၏။ အိတ် ပေါက်အိတ်ပြဲများက သွန်ဖိတ်ကျသည့် ဘိလပ်မြေများ ပေကျံ ဖြူဖွေးနေသော ကောင်လေးတွေ၏ လက်ချောင်းများကို အဓိပ္ပါယ်ဖွင့်နေမိသည်။ ကိုဝင်းလှိုင် နှစ်ဆယ့်ငါးပြားတန် စာစောင်ငယ်လေးမှာ စာပေ ပျိုးခင်းလေး လုပ်နေရသည့် သူ့ကို မတန်တဆ ခြောက်လှန့်ပြနေသည် ဟုအထင်ရောက်သွားမှာလည်း စိုးရိမ်နေဟန် တူသည်။

“ဝတ္ထုသဘောတရားတွေ၊ ရသစာပေ ဖွင့်ဆိုချက်တွေ ဘာဘာ ညာညာ အစ်ကို နားမလည်ဘူး။ ပြောလည်း ပြောမပြတတ်ဘူး။ စိတ်ကူးယဉ် ချစ်ကိစ္စလေးတွေရဲ့ အပြင်ဘက်မှာလည်း ဝတ္ထုလေးတွေ ရှိနေသေး တယ်။ ဝတ္ထုရေးစရာလေးတွေ ရှိနေသေးတယ် ဆိုတာကိုသာ...”

သူ ဂေါဝိန်ကို တခေါက်ပြန်ရောက်တော့ မေးကြည့်မိသေးသည်။

မည်သူ့ဆီကမျှ ကိုဝင်းလှိုင် လိပ်စာသစ်ကို မေးမြန်းတောင်းယူရရှိခွင့်မကြုံခဲ့။

အင်္ကျီတုံးလုံး ကလေးငယ်များ ဝါးဖောင်ထိပ်က နေ၍ ဧရာဝတီ၏ လျှို့ဝှက်သော အတွင်းပိုင်းထဲဆီ ခေါင်းထိုးငုပ်လျှိုးသွားသည်ကို မြင်လိုက်၏။

(င)

“ဗေဒင်ထူး စာစောင်တွေ၊ ဗေဒင်ထူး စာစောင်တွေ”

လက်ပွေ့ သတင်းစာ ရောင်းသမားတဦးသည် ဈေးလမ်းကျဉ်း လေးထဲမှာ တိုးဝှေ့ရင်း အော်နေသည်။ ဈေးသည်၊ ဈေးဝယ် တော်တော် များများသည် ထူးစာစောင်အား ပေါ့ပေါ့ပါးပါးပင် ဝယ်ယူနေကြသည်။ တနင်္လာနေ့တိုင်း ထုတ်ဝေသော နှစ်ရွက် ရှစ်မျက်နှာ စာစောင်ငယ်လေး၏ မျက်နှာဖုံးတွင် လာမည့် သောကြာနေ့ ရုံတင်ပြသမည့် မြန်မာ ရုပ်ရှင်ဇာတ်ကားမှ မင်းသမီးသစ်၏ စိုပြည်ဖွံ့ဝေသော အလှ။ နောက်ကျောဖုံးမှာ မြန်မာ မျက်စိကုဝိဇ္ဇာ၏ ကြော်ငြာ။ အတွင်းစာမျက်နှာ ၄၊ ၅ က ဗေဒင်။ ခုနစ်ရက်သားသမီးတို့သည် တနင်္လာပေါင်း မြောက်မြားစွာ ကို ဖြတ်ကျော်ရင်း ရှေ့ရေး အိပ်မက်များကို ပုံဖော်ကြည့်နေကြသည်။ ဗေဒင်ကို ယုံကြည်ကိုးစားလွန်း၍တော့ မဟုတ်တန်ရာ။ နှစ်ဆယ့်ငါး ပြားတန် စာစောင်ငယ်ပေါ်ကလည်း မည်မျှကြီးကျယ်သော မျှော်လင့် ချက်များ ရရှိနိုင်မလဲ။ သို့တစေ ဂေါဝိန် ပတ်ဝန်းကျင်က ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်များသည် ထူးစာစောင်လေးကို သူတို့ ဖတ်မှတ် လေ့လာ အပ်သော စာစောင်လေးတခုအဖြစ် အသိအမှတ်ပြုထားကြသည်။

ကဗျာ၊ ကာတွန်း၊ ကြော်ငြာ၊ ဖတ်စရာ မှတ်စရာတွေထဲမှာ ဝတ္ထုတိုလေး တပုဒ်ကိုလည်း ယှက်နွှယ် ဖွဲ့စည်းထားသေးသည်။

ယခု တနင်္လာမှာ မောင်လူသစ် (ဂေါဝိန်) ၏ “ဆဋ္ဌမ သမုဒ္ဒရာ” ဝတ္ထုတို။ သူသည် စက်ချုပ်ခုံကိုမှီပြီး သူ့ မမ၏ စီရင်ချက်အား ငံ့လင့်နေသည်။ မခင်မြင့်သည် ခွေးခြေခုံလေးပေါ် ဝဖိုင့်သော ခန္ဓာကိုယ်ကြီးကို မမျှမတတင်ပြီး သူ့ ဝတ္ထုကို ဖတ်နေသည်။ မခင်မြင့် နောက်မှာ စက်ချုပ်သင် ကောင်မလေးတွေထဲက ကျစ်ဆံမြီးရှည်လေးသည် သူ့အား ခိုးကြည့်နေသည်ကို သတိထားမိသည်။

“ကောင်းလည်း မကောင်းဘူး”

ထင်ထားသည့်အတိုင်းပင် မခင်မြင့်က တုံ့ပြန်လာ၏။

“ဒါက ဘဝသရုပ်ဖော်ဗျ၊ ခင်ဗျားကြိုက်တတ်တဲ့ ချစ်တာတွေ၊ ကြိုက်တာတွေ မပါဘူး”

သူက မခင်မြင့်ကို စသလိုနှင့် လူတတ်ကြီး လုပ်နေမိသည်။

“အင်္ကျီစတွေ ဈေးတက်လို့ ဖောက်သည်တွေမလာတာ နင် မသိဘူးလား။ စိတ်ညစ်ရတဲ့အထဲ နင့်ဝတ္ထုဖတ်ရတာ ဘာမှန်းလဲ မသိဘူး။ တာရိုးဘေးက ဖိုးခွေးတို့၊ အရက်ဖုန်းတို့၊ ပြီးတော့ ရှက်စရာကြီးတွေလည်း ပါသေးတယ်”

သူက စိတ်ညစ်သွားသော သူ့မမ ဝဝဖိုင့်ဖိုင့်ကြီးကို ကြည့်ရင်း သနားလာသည်။ သူက “စက်ချုပ်တာ အလုပ်မဖြစ်ရင်လည်း ဒေါ်ဝက်ကြီးနဲ့ ဆက်သွယ်ပေါ့” ဟု ပြောင်စပ်စပ်ဆိုတော့ မမက ကတ်ကြေးနှင့် ရွယ်သည်။

မည်သို့ပင် ဖြစ်စေကာမူ သူ ပထမဆုံး ရေးသားခဲ့သော ဘဝသရုပ် ဖော် ဝတ္ထုလေးကိုပင် ကိုဝင်းလှိုင်ကြီးက “ဒေါ်ဝက်နှင့် သမီးများ ကြော်ငြာ” ဟု ဆိုလာသောအခါ မကျေမနပ် ဖြစ်နေမိသေးသည်။

သူသည် နှစ်ဆယ့်ငါးပြားတန် စာစောင်လေးများမှာ ဝတ္ထုတိုပေါင်း နှစ်ဆယ်ကျော်ရေးပြီးသောအခါတွင် ဂေါဝိန်ကို ထားရစ်ခဲ့ရသည်။

တခါက သူ့ဝတ္ထုတို တပုဒ်တလေကိုပင် ဖတ်ဖြစ်ခြင်း မရှိခဲ့သော မခင်မြင့်ကြီးအား နှုတ်ဆက်ရန် သတိရလာမိသည်။ မခင်မြင့်သည် သူ့ ပရိသတ်။ သူက မခင်မြင့်တို့ အသည်းစွဲဖူးသည့် စာရေးဆရာ။ ကမ်းနားဈေးအိုလေးသည် ဓမ္မာရုံလေးလို ဆိတ်ငြိမ်နေသည်။

(စ)

မခင်မြင့် ခန္ဓာကိုယ် တဝက်ပျောက်ဆုံးသွားခြင်းအပေါ်မှာ မယုံနိုင်သလို ဖြစ်နေမိသည်။

“ပိန်သွားတယ်နော်၊ မမမြင့်”

“နင်လည်း တို့ဘက်ကို ပေါ်မလာတော့ဘူး။ နင့်အမေ ဆုံးတော့မှပဲ နင့်မိဘတွေဆီ လာတော့တယ်။ ဒါလည်း ဘယ်နေ့ပြန်မလဲ၊ နက်ဖြန်လား”

“မပြန်လို့ ဘယ်သူက ထမင်းကျွေးထားမလဲ မမမြင့်ရ” မခင်မြင့်ထံက အလိုမကျသော တုံ့ပြန်သံ ကြားရလိမ့်မည်ဟု မျှော်လင့်မိသည်။ သို့သော် သူမက ငေးကြည့်နေသည်။ “ကလေး ဘယ်နှယောက် ရပြီတုံး” လက်နှစ်ချောင်း ခွဲ ထောင်ပြလိုက်သည်။

“အိမ်ထောင်ကျသွားကတည်းက လူရော၊ အဝှာရော ပျောက်သွားလိုက်တာနော်”

အသံထွက်အောင် ရယ်မိသည်။ အင်္ကျီကိုက်ခုံဘေးမှာ ရပ်နေသော ကောင်မလေးတွေထံကလည်း ရယ်သံချိုလွင်စွာ ကြားလိုက်ရသည်။ သည်ကောင်မလေးတွေထဲမှာ ဆယ်နှစ်ကျော်က ကျစ်ဆံမြီးလေးကို ရှာကြည့်မိသေးသည်။

“နင် စာမရေးနိုင်တော့တာကို ပြောတာပါ”

“ဘာဖြစ်လို့ စာမရေးနိုင်တော့ရမှာလဲ အစ်မကြီးရ။ ကျွန်တော် စာရေးနေတုန်းပဲဥစ္စာ၊ မောင်လူသစ်”ပဲ။ အဲ၊ ‘ဂေါဝိန်’တော့ ဖြုတ်ပစ် လိုက်ပြီ”

မခင်မြင့် မျက်နှာပေါ်မှာ ယုံကြည်လက်ခံမှု အရိပ်အယောင်များ မတွေ့ရ။

“ဘယ်မှာ ရေးတာလဲ၊ ထူးစာစောင်မှ မရှိတော့တာဘဲ”

သူ့ကို နှစ်ဆယ့်ငါးပြားတန် စာစောင်လေးပေါ်က မောင်လူသစ် (ဂေါဝိန်) အဖြစ်ထက် တိုး၍ မမြင်နိုင်သေးသော မခင်မြင့်အပေါ်မှာ အလိုမကျ ဖြစ်မိသည်။ သူ ရေးသားနေသော မဂ္ဂဇင်းအမည်ကို ရွတ် ပြမိသည်။

“မဖတ်ဖူးပေါင်”

သူ အတော်စိတ်ပျက်မိသည်။ သူ ဆယ်နှစ်ကျော် စားဝတ်နေရေး တဖက်နှင့် ရုန်းကန်တည်ဆောက်ခဲ့သော စာပေဘဝလေးကို သူ့ ဝတ္ထု တိုလေးများ တလျှောက်လုံး ဖတ်လာခဲ့သည့် မခင်မြင့်လို ပရိသတ် ကမှ အသိအမှတ်ပြုခြင်း မရှိလျှင်။ သူ မောပန်းနွမ်းနယ်သွားရသည်။ သည်တော့မှ ဈေးထဲမှာ ဖြတ်သန်းလာစဉ် “စာမရေးဖြစ်တော့ဘူးလား၊ စာရေးဆရာလေး” ဆိုသည့် သူ့ မိတ်ဆွေဟောင်းများ၏ နှုတ်ဆက်စကား အနက်ကို နားလည်လာရသည်။

သူသည် ဝတ္ထုတိုလေးများ ပါဝင်သော ‘လများ’ ကိုပင် မိုက်မဲစွာ ရွတ်ပြလိုက်မိသေးသည်။ မခင်မြင့်က

“တို့ ဘယ်မဂ္ဂဇင်းမှ မဖတ်ဖြစ်ပါဘူး၊ ဝယ်လည်း မဝယ်နိုင်ဘူး။ ဖတ်ချိန်လည်း မရပါဘူး”

သူက လစဉ်ထုတ် မဂ္ဂဇင်းစောင်ရေနှင့် သန်းသုံးဆယ်ကျော် လူဦးရေကို အချိုးချကြည့်မိသည်။

သရုပ်ဖော်ပုံလေးများနှင့် စွတ်စိုလှပသော သူ့ဝတ္ထုတိုလေးကို မတွေ့မိသော မခင်မြင့်အပေါ်မှာ ငြူစူခဲ့ခြင်းအတွက် ရှက်ရွံ့သွားမိသည်။ ဟို လွန်ခဲ့သော ဆယ်နှစ်ကျော်က နှစ်ဆယ့်ငါးပြားတန် စာစောင်လေး ပေါ်က မောင်လူသစ် (ဂေါဝိန်) နှင့် ယခု မဂ္ဂဇင်း စာမျက်နှာများပေါ်က ‘မောင်လူသစ်’ တို့ကို နှိုင်းယှဉ်စဉ်းစားမိသည်။

သူသည် စက်ချုပ်ခုံပေါ်က အပြင်ဘက်သို့ လှမ်းကြည့်လိုက်သော အခါ ဧရာဝတီ၏ ငြိမ့်ငြိမ့်ညင်ညင် ရေအလျဉ်ကို မြင်နေရသည်။ မခင်မြင့်သိသော မောင်လူသစ် (ဂေါဝိန်) ဆိုသည်မှာ မနေ့က မြစ်ရေစီးနှင့်အတူ မရှိတော့။

မခင်မြင့်တို့သည်လည်း မဂ္ဂဇင်း စာမျက်နှာများပေါ်က “မောင်လူသစ်” ၏ ဖြတ်သန်းခြင်းကို သတိထားမိခြင်း မရှိလိုက်။ အချိန်ကာလ အားဖြင့်။

နေရောင်ပြိုးပြက်အောက်မှာ စီးဆင်းနေသော ဧရာဝတီ၏ ရေအလျဉ်ကိုပင် တုံ့နှေးတုံ့နှေး နိုင်လွန်းသည်ဟု ထင်နေမိသေးသည်။

---

#သိုက်ထွန်းသက်
#လက်ပြဝေးဝေး

#shared_by_louis_augustine
#sbla

Comments