နွေမှာ ငိုသော ရွာတရွာ // ဆင်ဖြူကျွန်းအောင်သိန်း
နွေမှာ ငိုသော ရွာတရွာ // ဆင်ဖြူကျွန်းအောင်သိန်း
(၁၉၇၈၊ ဇွန်၊ ရှုမဝ မဂ္ဂဇင်း။)
---
“ဟေ့ အေးမ၊ နင့်ကို ဆရာဝန်ကြီးက မှာလိုက်တယ်ပေါ့၊ ဘာပြုလို့မှန်မှန်လာပီး မကုသာလဲတဲ့၊ မေးလိုက်သယ်ဗျား”
ကိုဖိုးဒန်၏ အသံသြသြကြီးကို နွားစာစဉ်းရင်း ကြားလိုက်ရသဖြင့် စံဝမှာ နွားစာစဉ်းခုံမှ ထလာခဲ့သည်။ ဤနွားစာစဉ်းခုံမှာ နန်းတိုင်ဖြင့် စဉ်းရခြင်းလောက် မပင်ပန်းသော်လည်း မွဲမှောင်နေသော သူ့ကျောပြင်ကြီးနှင့် ရင်ဘတ်မှ ချွေးစေးများ စီးကျနေ၏။ လက်သန်းတလုံးစာမျှ ရှည်သော ရွှေရောင် ကောက်ရိုးဖတ်ကလေးတွေမှာ စံဝရင်ဘတ်တွင် ကပ်နေ၏။ ရင်ဘတ်သာမက လက်မောင်း၊ လည်ပင်း၊ ခြေသလုံးများ တွင်ပါ ချွေးစေးကြောင့် ကပ်နေကြပေသည်။
“ဗျို့၊ အစ်ကိုဖိုးဒန်”
ဖဲထီးကြီး ချိုင်းကြားညှပ်လျက်၊ လွယ်အိတ်နွမ်းနွမ်း တလုံး လွယ်လျက် ဆက်လျှောက်လာရာမှ ကိုဖိုးဒန် ဆတ်ကနဲ ရပ်ရင်း မော့ကြည့်၏။
“မင့်မိန်းမ မိမှေးက မှာလိုက်ပါ့ဗျား”
စံဝက ဘာမျှမမေးရသေး၊ သူက အလိုက်တသိ သတင်းပေး၏။
“ဆားပေးနေသာ တွေ့လို့ တန်းစီပြီး ဝယ်လိုက်ဦးမယ်တဲ့”
စံဝတို့ ကန်စွန်းပင်လှရွာဘက်တွင် ဆားအခက်အခဲကလေးတော့ အနည်းအပါး ရှိ၏။ တခါတခါမှ သမဝါယမက ဖြန့်ဝေရောင်းချသော ဆားမှာ အနီကြီးတွေ အခဲကြီးတွေရယ် ဖြစ်သည်။ သို့ကြောင့် ယခုလို ဆားဖြူဖြူ ကလေး လွတ်လပ်စွာ ဝယ်ခွင့်ရခိုက် နေပူခံပြီးတန်းစီကျန်ခဲ့ခြင်း ဖြစ်သည်။ လယ်သူမတယောက်အတွက် နေပူခြင်းမှာ မည်သို့မျှ မထူးဆန်းပါချေ။
“သာဖြင့် နေပါဦး၊ ခုနက ဘာအော်သာလဲဗျ။ အေးမ ဆိုလား ကြားလိုက်ပါတယ်”
“အေး ဟုတ်သယ်၊ မြို့က မျက်ခမ်းစပ်ဆရာဝန်ကြီးက အေးမကို မှာလိုက်လို့ ပြောရသာပါကွာ၊ စကားပြောရသာလည်း ကောင်းပါ့၊ ခံတွင်းကလည်း ချဉ်ပေါ့ကွာ၊ ပေးစမ်း မင့်ဆေးလိပ်”
စံဝပါးစပ်တွင် ပြောင်းဖူးဖက် ဆေးလိပ်တလိပ် တန်းလန်းပါသည်။ နွားစာ စဉ်းနေစဉ် တလျှောက်လုံး မီးခိုးငွေ့ကို တမျှဉ်းမျှဉ်း ထုတ်ကာ ပါးစပ်ဖြင့် ကိုက်ထားသဖြင့် ဖင်စီခံသည် ဆေးလိပ်ကိုယ်ထည်ထဲသို့ ချိုင့်ဝင်နေပြီ။ မီးလည်း သေနေပြီ။ ကိုဖိုးဒန်က ထိုဆေးလိပ်ကို ဆွဲဖြုတ်ယူကာ ဖင်စီခံကို ဖျစ်ညှစ်လိုက်၏။ သွားရည်များသည် ဖင်စီခံထဲမှ ကြွက်မြီးတန်းကာ ကျဆင်းသွား၏။
“ငါ့လခွေးသယ်မှပဲ၊ သွားရည်တွေကလည်း သောင်းကပ်နေပြီ၊ မီးကလည်း မရှိ၊ လွင့်သာပစ်”
“အား အား မပစ်ပါနဲ့ဗျာ၊ မီးခတ် ရှိပါသယ်ဗျ”
နွားစာစဉ်းသည့်နေရာသို့ ပြေးကာ ဓာတ်ဆီမီးခြစ်ကို ယူလာသည်။ ထိုအချိန်ဝယ် ကိုဖိုးဒန်က ကနဖျင်းအောက်ရှိ မြင်းခုံနောက်မှီ ခုံတန်းလျားသို့ ရောက်နေပြီ။ ရေအိုးအသစ် ကလေးထဲမှ ရေများကို မှုတ်သစ်ဖြင့် သောက်နေရာက ...
“သယ်လဲ အေးပါကလားကွ၊ မြောင်းခွအိုးလား၊ ယမ်းဖိုကုန်းအိုးလား”
တချက်လှမ်းမေးပြီးမှ ကုန်အောင်သောက်သည်။
“ဆရာဝန်ကြီးက ဘာမှာလိုက်သာလဲဗျ၊ ပြောပါဦး”
စံဝက မီးခြစ်လှမ်းပေးရင်း၊ ဝင်ထိုင်ရင်း မေးသည်။
“အေးမက မျက်သားကျင်သာ၊ မင့်ဒွေးလေးက မျက်မွှေးစိုက်သာ၊ မှာလိုက်သာကတော့ နှစ်ယောက်လုံးပဲ။ ပျောက်စရှိရင် တလက်စတည်း ပျောက်သွား စေချင်သယ်တဲ့၊ စိတ်မချလို့ ယောက်ျားက မလွှတ်ရင်လည်း ယောက်ျားပါ ခေါ်ခဲ့တဲ့”
“လုပ်ရော့မယ် ဒီဒေါက်တာကြီးကတော့”
ထိုသို့စံဝပြောအပြီးတွင် နှစ်ယောက်စလုံး ဟဲကနဲ ရယ်မိကြသည်။ အပြုံးရိပ်များ သည်လည်း မျက်နှာပြင်ပေါ်တွင် တင်ကျန်ရစ်သည်။
မျက်ခမ်းစပ် ပပျောက်ရေး စီမံကိန်းဖြင့် သည်မြို့နယ်သို့ ရောက်ရှိလာသော ဆေးအဖွဲ့မှ သည်ဆရာဝန်ကို ကန်စွန်းပင်လှ အပါအဝင် ကျေးရွာများမှ လူများ ခင်မင် လေးစားကြသည်။ သူ့ထံရောက်လာသော မျက်စိနာ၊ မျက်ခမ်းစပ်၊ မျက်မွေးတို၊ ကြက်မျက်သင့်၊ မျက်သားကျင် စသော မျက်စိဝေဒနာသည်များမှာ တောသူတောင်သား အများစုဖြစ်ရာ၊ သန့်ရှင်းလှပါသည်ဆိုသူထံမှ မည်သည့်အနံ့ မနံပါဆိုစေကာမူ အနည်းဆုံး “နေစော်”တော့ နံသေး၏။
ဤသို့ နေစော်၊ ချွေးစော်၊ ပုပ်ညံ့သော ကိုယ်နံ့နံသူများအား နှာခေါင်းမရှုံ့၊ မျက်နှာမပျက်ဘဲ စမ်းသပ်ကြည့်ရှုသည်။ ရယ်စရာမောစရာ ကလည်း အလွန်ပြောတတ်သည်။ ထို့ကြောင့် စံဝတို့ ကိုဖိုးဒန်တို့က “လုပ်ရော့မယ် ဒီဒေါက်တာကြီး ကတော့” ဟု ကျေနပ်ရင်းနှီးစွာ ဆိုကြခြင်းဖြစ်၏။
“အမယ် မင့်ဟိုဘက်က ဥသျှစ်ပင်တို့တယ်ပင်ကုန်းတို့ကျတော့ မလာတာကြာတဲ့ လူတွေဆီကို သူကိုယ်တိုင် ထွန်စက်စီးပြီး သွားသတဲ့ဗျား”
“ဝေးလည်း ဝေးသာကိုးဗျ”
“အေးပေါ့၊ ဝေးလို့လည်း သူကိုယ်တိုင် လိုက် ထင်ပါ့ကွာ၊ ခါတိုင်းဆိုရင် ခုလို တပေါင်း၊ တန်ခူး၊ ကဆုန်ဟာ မျက်စိနာသမားတွေရဲ့ ငရဲ မဟုတ်လား”
ကိုဖိုးဒန်က ခြစ်ခြစ်တောက်ပူနေသော နေပူပြင်ဘက်သို မှိတ်တုတ်မှိတ်တုတ် လုပ်ကာ ဝေ့ကြည့်ရင်း ပြောလိုက်လေသည်။ ထိုအခါ ငရဲရွာ၏ ငရဲကာလများကိုလည်း စံဝမှာ အာရုံပြက်ပြက် ထင်မြင်လာရ ပေသည်။
“နေမြင့်လေ အရူးရင့်လေ” ဆိုသောစကားကို စံဝအတွက် ထားခဲ့ကြရော့ထင့်။ နေမြင့်လာသည်နှင့်အမျှ စံဝ မနေသာ မထိုင်သာ ဖြစ်ရသည်။ ဖြစ်ရသည့်အကြောင်းရင်း ကလည်း မိမှေးအော်သံကြောင့်ဖြစ်ပေ၏။ အော်သံသည် အမယ်လေးလည်း မဟုတ်၊ ကယ်တော်မူကြပါဟူ၍လည်း အသံမလာ။ ဆွမ်းခံဝင်ချိန်လောက်ဆိုလျှင် ကျိတ်၍ငိုသံထက် နည်းနည်းမျှသာ သာလွန်သော ညည်းသံ ငိုသံကို ကြားကြရပြီ။ သည့်နောက်တွင် နေ၏အပူရှိန် မြင့်တက်လာသလောက်၊ ငိုညည်းသံများလည်း မြင့်တက်ကျယ်လောင်လာချေတော့၏။
မိမှေး မျက်စိနာပြီ။မျက်စိနာစတုန်းက “မိမှေး နင် မပေါ့နဲ့ဟယ်” ဟုသာ သတိပေးနိုင်သည်။ သမီးရည်းစားဘဝတွင် ရှိသေးသဖြင့် သည့်ထက်ပို၍ စံဝ မပြောတတ်။ သို့သော် ချစ်သူကို ကြည့်သော မျက်လုံးတွင် အချစ်ရည်ကို တပါတည်း ဖုံးပေးလိုက်ပြီးသားဖြစ်သောကြောင့် မျက်စိနာတော့မည့် မိမှေးမျက်လုံးကလေးတွေ ကြည့်ရသည်မှာ စံဝစိတ်ထဲ၌ ပတ္တမြားခဲကလေးတွေရယ် ကျက်သရေရှိလှ၏။ တင့်စံပယ်လှ၏။ ကာယကံရှင် မိမှေးအဖို့ မသက်သာလှပါ။ မျက်လုံးထဲ ဖုံတွေ ဝင်သလို၊ သဲတွေ ဝင်သလို ခိုးလိုးခုလုဖြစ်လာသည်။
“အမေရေ ကျုပ် မျက်စိများ နာချင်သလား မသိဘူး”
အမေ့ကို ပြောပြမိသည်။
“ပြစမ်း အပု”
မိမှေးအမည်သည် မိမှေးသာဖြစ်၏။ သို့ပေမယ့် အစ်မများ၊ အရီးကြီး၊ အရီးလေးတို့က ချစ်စနိုး အပု ခေါ်ရာမှ ဆွေမျိုးများနှုတ်ဖျားတွင် အပု ဖြစ်ခဲ့ရ၏။
အမေက မျက်လုံးမျက်သားများကို ကြည့်ပြီး
“ဆားလေး ကွင်းထားလိုက်၊ ပျောက်သွားပါလိမ့်မယ်”
ဟု ပြောသည်။ မိမှေးလည်း မဆိုင်းမတွပင် ဆားအိုးထဲမှ ဆားနည်းနည်းယူပြီး ကျောက်ပြင်ဖင်ပေါ် တင်သည်။ ပုလင်းဖြင့် ကြိတ်သည်။
ယင်းသို့ ကျောက်ပြင်မှောက်ပြီး ကြိတ်ထားသော ဆားကို လက်ညှိုး တံတွေးတို့ပြီး မျက်လုံးကို ကွင်းသည်။ အပေါ်မျက်ခွံနှင့် အောက်မျက်ခမ်းတို့တွင် ဆားမှုန်လိမ်းထားသဖြင့် သူတပါးနှင့်မတူ တမူထူးခြား၍ နေပေသည်။ စံဝတို့ ကာလသားတသိုက် မျက်လုံးထဲတွင် ထိုနေ့ညနေက မိမှေးအလှဆုံးဖြစ်နေ၏။ ကိုဖိုးဒန်ပင် စံဝရင်ဘတ်ကို တံတောင်ဖြင့်တွက်ရင်း
“မင့်အမျိုးသမီးကို ငါတောင် ကြိုက်ချင်လာပြီဟေ့၊ ရွယ်မတူသာ ခက်သယ်”
ဟု မှတ်မှတ်ရရ ပြောသွား၏။
ကာယကံရှင် မိမှေးမှာကား မသက်သာရှာပါ။ ဆားကြိတ်ပြီး အုံသော်လည်း မပျောက်။ မျက်စိနာလေပြီ။ နေမြင့်လာသလောက် မျက်လုံး မျက်သားတွင် အခံရခက် လာသည်။ ပို၍ပို၍ နာကျင်လာသည်။ ကိုက်ခဲလာသည်။ ခေါင်းအုံးပေါ် မျက်နှာအပ်ပြီး
ဖင်ဘူးတောင်းထောင်ကာ တအား အော်ရတော့သည်။
အပျိုကလေး အရွယ်ကလေးမို့ ရှက်သည်။ ကိုယ့်အော်သံကို သူတပါးကြားမည် စိုး၍ ချုပ်တည်းပြီး အော်၏။ ညည်း၏။ ချုပ်တည်းရင်း၊ ထိန်းရင်ဖြင့် ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အထိ ကျယ်လောင်မြင့်တက် သွားသည်ကိုကား မိမှေး မသိတော့ပြီ။
“အပုလေး ထမင်းစားဦးလေ”
ထမင်းစားချိန်တွင် အမေ ရောက်လာပြီး ပြောသည်။
“အမယ်လေး မစားချင်ဘူး အမေရဲ့၊ မပြောပါနဲ့”
ဤနှယ် မျက်စိစူးနေချိန်တွင် အလင်းရောင်သည် ရန်သူဖြစ်၏။ နာကျင်ကိုက်ခဲ နေသော မျက်စိအတွက် အလင်းတတန်းသည် လှံတချောင်းဖြစ်၏။ ထို့ကြောင့် မိမှေးအမေမှာ ဉာဏ်ကူရသည်။ မိမှေး ဖင်ဘူးတောင်းထောင်နေသော အခန်းကို ဘေးက စောင်တွေ အထပ်ထပ် ကာသည်။ အလင်းရောင် အားကောင်းနေသေးလျှင် ဖျာတွေပါ ကာရံသည်။
“အပု မျက်စိဖွင့်တော့လေ၊ အမေ ထမင်းထည့်လာတယ်၊ နှမ်းဆီမွှေးမွှေးလေးနဲ့”
မိမှေး ထထိုင်သည်။ မျက်လုံးဖွင့်ကြည့်သည်။ ကြည့်နိုင်သော်လည်း အကိုက်အခဲ၊ အနာအကျင် မပျောက်။ တအီးအီး တဟီးဟီးဖြင့် ထမင်းတလုပ်စားသည်။ အရသာ မရှိ။
အရသာ ရှိသည်၊ မရှိသည်ထက် မျက်စိဝေဒနာက အခံရခက်လှသည်။
“မျက်စိက သိပ်ပြီး စူးတာပဲ အမေရဲ့”
ဟု ပြောသည်။
“အပု ခဏနေဦး၊ အမေ ဆီးဖြူသီးခြောက် သွားသွေးလိုက်ဦးမယ်၊ ငိုမနေနဲ့နော်”
ချော့မော့ပြောပြီး ဒေါ်သော့ ပြေးထွက်သွားသည်။ မိမှေး တီးတိုးညည်းတွားရင်း
ကျန်ခဲ့သည်။ ထိုသို့ ကိုယ့်အော်သံ၊ ကိုယ့်ညည်းသံကို လျှော့လိုက်တော့မှ သူတပါး၏ ညည်းသံ၊ အော်သံများကို မိမှေး ကြားရသည်။
“ဪ၊ ငါတယောက်တည်း မဟုတ်ပါလား”
မှန်ပေ၏။ သည်ရာသီကား မျက်စိနာရာသီတည်း။ မိမှေးတို့ ဘိုးဘွားလက်ထက် ကတည်းက သည်အချိန်ရောက်တိုင်း မျက်စိနာကြသည်။ မျက်စိစူး၍ အော်သံများ ညံခဲ့သည်။ ယခုလည်း မိမှေးနည်းတူ ကုန်းအော်နေသူပေါင်း နှစ်ဆယ်ခန့် ရှိနေပေ၏။
နွေနေ့လယ်၏ အောက်၌ ပူလောင်လွန်းသဖြင့် ငြိမ်သက်နေသောရွာငယ်မှာ မျက်စိနာသမားတို့၏ အော်ညည်းသံဖြင့် ညံနေသည်။ အခြားသူများမှာ မည်သို့မျှ မခံစားရစေကာမူ စံဝတယောက်က ဂနာမငြိမ်ဖြစ်နေရသည်။
ယခု မိမှေးအသံ လျော့သွားတော့မှ စံဝ နေသာထိုင်သာရှိသွား၏။ မျက်လုံးများကမူ မိမှေးကို မြင်ရနိုး လှမ်းမျှော်ကြည့်ဆဲ။ စိုးရိမ်စွာဖြင့် ပြူးကြောင်နေဆဲ။ဒေါ်သော့သည် မကြာမီ အကြမ်းပန်းကန် တလုံးကိုင်လျက် မိမှေးရှေ့သို့ ရောက်လာသည်။ ပန်းကန်ထဲ၍ ဆီးဖြူသီးခြောက်နှင့် ဆားကို သောက်ရေအေးဖြင့် သွေးပြီး ထည့်ထား၏။
“ဒါလေး လိမ်းလိုက်ရအောင် အပုလေး နော်”
သောက်ရေအိုးမှ ရေသည် အေး၏။ ထိုရေအေးကို မျက်ခွံပေါ် လိမ်းလိုက်သောအခါ မိမှေး နေသာထိုင်သာရှိသွား၏။ နေသာထိုင်သာ ရှိသောအချိန် အတွင်း၌ ထမင်း တပန်းကန် ကုန်အောင် စားလိုက်နိုင်၏။ သို့သော် သောက်ရေအေး၏ အစွမ်းသည် ကိုက်ခဲစူးရှနေသော မျက်သား မျက်ဆန်ကို ခဏတဖြုတ်သာ သက်သာအောင် စွမ်းဆောင်နိုင်သည်။ အအေးစွမ်းကုန်ချိန်တွင် မျက်လုံး ပြန်လည်ကိုက်ခဲလာသည်။
နာကျင်စူးရှလာသည်။ မိမှေး ကုန်း၍အော်ပြန်ပြီ။ဘယ်ကိုပဲကြည့်ကြည့် မွဲခြောက်သော ကျန်တီးကုန်းမြေကိုသာ မြင်ရသော ကန်စွန်းပင်လှရွာ။ သစ်ပင်တွေ ကြည့်သော သေနာနာ ကုပ်ချည့်ချည့်သာမက၊ ကမ္မဋ္ဌာန်းကောင်နယ် အရိုးပြိုင်းပြိုင်း။
ကန်ရေသည် နေအပူကြောင့် အငွေ့ပြန်ကာ ခန်းသည်။ သည်မျှဖြင့် မပြီးသေး၊ ရေကန်မျက်နှာပြင်ပေါ် ဖြတ်သန်းတိုက်ခတ်လာသော လေပူကြီးက ရေကို စုပ်ယူ သွားသေး၏။
ဘယ်အိမ်ကို ကြည့်ကြည့်၊ အိမ်ပေါ်တွင် လူမရှိ။ အိမ်အောက်တွင်သာ ယပ်တခတ်ခတ်၊ အဝတ်တယမ်းယမ်း ရှိနေကြသည်။ ဤအချိန်တွင် ဤသို့လျှင် မျက်စိနာ ရောဂါများသည်လည်း ဤနည်းအတိုင်း ဖြစ်ပွားသည်မှာ ယမန်နှစ်ကမှ မဟုတ်။ လွန်ခဲ့သော ဆယ်နှစ်ကမှ စသည်မဟုတ်။ ဟိုးနှစ်ပေါင်းများစွာက စသည်။ ကြာတောင်း ကြာလှပြီ။
မျက်စိနာသည်။ နာပြီးသည့်နောက် ပြီးပြီးပျောက်ပျောက် ထွက်ခွာမသွားပေ။ မျက်ခမ်းစပ်၊ ကြက်ဆူးထွက်၊ တိမ်ထွက်၊ မျက်သားကျင်နှင့် မျက်မွေးစူး၊ မျက်မွေးတို ရောဂါများကို ချန်ပစ်ခဲ့သေးသည်။ တိမ်နှင့် ကြက်ဆူးမှာ မျက်စိကွယ်ရန် စတင်ခြင်း ဖြစ်သည်။
ဤမျှ သမနိရှည်ခဲ့သော ရောဂါအတွက် ဆေးဝါးဟူ၍ မည်မည်ရရ မရှိသည်မှာ အံ့သြစရာကောင်းလှသည်။ မျက်စိ ကျိန်းတိန်းတိန်းနေသည်ဆိုလျှင် ဆားကို ကြိတ်ပြီး ကွင်း၏။ မျက်စိနာချင်သလိုလိုဖြစ်လာလျှင် မန်ကျည်းခေါက်သွေးလူး၊ ဆီးဖြူသီးခြောက် သွေးလူး၊ နံ့သာဖြူ၊ သွေးလိမ်း။
မျက်စိနာပြီဆိုလျှင်လည်း ဆီးဖြူသီးခြောက်၊ မန်ကျည်းခေါက်နှင့် နံ့သာဖြူမှ တိုးမလာ၊ တက်မလာချေ။ သည်ဆေးမြီးတိုများဖြင့် သက်သာလိုလျှင် သက်သာ၊ ပျောက်ကင်းလိုလျှင် ပျောက်ကင်းပေရော့။ မသက်သာ မပျောက်ကင်း၍မူ မျက်စိနာသော ရက်ရှည်ကြာလာပါက တိမ်စွဲပေရော့။
အော်သံဟစ်သံ ညည်းသံများသည် နေမြင့်လေလေ ပြင်းထန်လာလေလေဖြစ်၏။ နေကပူပူ၊ သူတို့အော်ဟစ်သံက တဆူဆူနှင့် စံဝမှာ ငိုချင်သလိုလို ဖြစ်နေရသည်။
အော်ညည်းသံများသည် မွန်းတိမ်း၍လည်း မလျှော့သေး။ မွန်းလွဲ၍လည်း မပျော့သေးချေ။ တစထက်တစ နေအေးလာသည်။ နေအေးလာသည်နှင့်အမျှ အပူအားလည်း လျော့ပါး သွားသည်။ အားကုန်ညည်းတွား အော်ဟစ်နေသော မျက်စိနာသမားများ၏ အသံလည်း တိမ်၍တိမ်၍ တိုး၍တိုး၍ သွား၏။ နောက်ဆုံး နေလုံးပျောက်ကာ အမှောင်ဖုံးလာတော့မှ အော်ညည်းသံများ ရပ်စဲသွားလေ၏။
စံဝမှာ မိမှေးအသံကို ကြားရသောနေရာတွင် တနေ့လုံး မနေနိုင်ပေ။ နွားစာ စဉ်းစရာ၊ နွားစာ ရေခပ်စရာ၊ တောတက် အဖော်ရှာစရာ ကိစ္စများ ရှိသေးရာ မွန်းတိမ်းလောက်ကပင် ထွက်သွားရာ မီးခွက်ထွန်းချိန် လောက်ကျမှ ညစာစားပြီး မိမှေးတို့ အိမ်ဘက်သို့ လျှောက်လာနိုင်တော့သည်။
မိမှေးအသံကို စံဝ ကြားရသည်။ မီးရောင်မကျတကျတွင် သနပ်ခါးအဖွေးသား လိမ်းထားသော မိမှေးကို မြင်ရသည်။
“အင်း အခုတော့လည်း စကားစမြည်ပြောလို့၊ ဖြီးလို့လိမ်းလို့ပါကလား”
စံဝရင်ထဲ အေးသွားသည်။ ငြိမ်းသွားသည်။
သည်အအေးအငြိမ်းက တညတာမျှသာဖြစ်၏။ နောက်တနေ့ ဆွမ်းခံဝင်ချိန် လောက်က စပြီး တရွာလုံးရှိ မျက်စိနာသမားတွေ အော်ဟစ်ကာ ငရဲခံကြရမည်။ ည မီးခွက်ထွန်းချိန်တွင် ရေမိုးချိုးပြီး လူကောင်းနှင့်မခြား စားကာသောက်ကာနေမည်။ နောက်တနေ့ ဆွမ်းခံဝင်ချိန် ရောက်ပြန်လျှင် ...
“ကျုပ် မကြည့်ရက်ဘူး ဒေါ်အေးသာရယ်၊ သူ့ကိုယ်စား ကျုပ်ပဲ ဝင်ပြီးခံလိုက်ချင်သယ်”
တရက်ဖြင့် မပျောက်၊ နှစ်ရက်ဖြင့် မပျောက်၊ သုံးရက်ဖြင့်လည်း ပျောက်ကင်းခြင်း မရှိသော မျက်စိနာရောဂါကို ဘယ်ပုံ ကုစားရမည်။ ဘယ်ပုံ နှိမ်နင်းရမည်ဟု စံဝ မသိချေ။ သူသိသည်က သူကြိုက်သော မိမှေးနေ့တိုင်းတစေ နှိပ်စက်နေသော မျက်စိနာရောဂါကို ဓားဖြင့် နုပ်နုပ်စဉ်းပစ်ချင်သည်။ သည်ရောဂါမှာ အကောင်အထည် မရှိ၊ စဉ်း၍ မရ၊ ခုတ်၍ မရ။ သို့ဖြစ်လျှင် မိမှေးကိုယ်စား သည်ဝေဒနာကို သူ ခံလိုက်ချင်သည်။ သူ့ရင်ထဲက စေတနာကို မိမှေးတို့ ခြေရင်းအိမ်က ဒေါ်အေးသာကို ဖွင့်ပြောမိ၏။
“ကဲ စံဝရဲ့၊ နင့်မျက်စိနာသာနဲ့ သူ့မျက်စိနာက ပျောက်မလားတဲ့။ နှစ်ယောက် နာသာပဲ အဖတ်တင်တော့မပေါ့”
“သာလည်း ဟုတ်သာပဲ အင်း”
စံဝ မကြံတတ်ပါ။ အင်းရှည်ကြီးကိုသာ မသက်မသာ ညည်းပြီး ရွာပြင်သို့ ငေးကြည့်လိုက်မိ၏။ သူငေးကြည့်ရာဘက်တွင် ရွာခရိုးသည် မွဲအိုသော ဖုန်မှုန့်ဝတ်ရုံကို ခြုံထား၏။ မြင့်မားသော ရှားစောင်းပြာသာဒ်ပင်တို့သည် ခါးကျိုးမကျအောင် အနိုင်နိုင် အားတင်းထားကြရသည်။
“မြောက်ရွာက ဆေးဆရာဆီမှာ မျက်စိနာပျောက်တဲ့ဆေးများ ရနိုင်မလား။ သည့်ပြင်ရောဂါတွေတော့ စွမ်းသာပဲ”
စံဝ ခေါင်းခါသည်။
“ရောက်ခဲ့ပြီးပါပြီဗျာ”
မြောက်ရွာမှ ဆေးဆရာသည် သူငယ်နာ မီးယပ်နိုင်၏။ အဖျားအနာလည်း တော်၏။
မျက်စိနာကိုမူကား သူလည်း မတတ်နိုင်ရှာပေ။
“နံ့သာဖြူကိုသာ သွေးပြီး လိမ်းကြပါကွာ”
မည်မည်ရရ အမည်ခံထားသော ဆေးဆရာကိုယ်တိုင်က မျက်စိနာကို အရှုံးပေးထားသောအခါ စံဝမှာ ခိုကိုးရာမဲ့တော့သည်။ သို့သော် သူသည် အားမလျော့။
“ဆေးကောင်းဝါးကောင်းများကလည်း ရှားလိုက်သာဗျာ၊ အဲအဲ ပုရပိုဒ်တန်း ဘုန်းကြီးရဲ့ မျက်စဉ်း စွမ်းလှဆိုပဲ”
“မျက်စိထဲ ခတ်ရတဲ့ မျက်စဉ်းတဲ့ စံဝရဲ့၊ ရမ်းရမ်းလုပ်လို့ ကန်းသွားမှ ဟုတ်ပေ့ ဖြစ်နေမယ်”
“ခက်သာပဲဗျာ ဟင်း”
နောက်တနေ့ နံနက် နေထွက်မည်ကို စံဝ ကြောက်နေသည်။ နောက်တနေ့ နေထွက်ပြီး မကြာမီပင် ရယ်မောသံများပျောက်ကာ အော်ဟစ်ညည်းတွားသံများ ကြားရမည်။
“ကျုပ် ကျုပ် ဘာလုပ်ရမလဲဗျာ”
“ငါလည်း မပြောတတ်ဘူး စံဝရယ်”
အမှန်အားဖြင့် စံဝသာ မဟုတ်၊ ကန်စွန်းပင်လှတဝိုက်မှ လူများပါ ဘာလုပ်ရမည် မသိဘဲ မျက်စိနာရောဂါကို ငုံ့ခံခဲ့ကြသည်။ မျက်ကြောသေ၊ မျက်ခမ်းစပ်၊ မျက်မွေးတို၊ မျက်တောင်စိုက်နှင့် မျက်သားကျင်ရောဂါများကိုပါ မချစ်ခင် မနှစ်သက်ဘဲနှင့် ရင်ဝယ် ပွေ့ပိုက်ထားခဲ့ကြရသည်။
စံဝ မှတ်မိသေးသည်။ ထိုနွေက ဥဩငှက်တို့ပင် အသံမကြည်လင်တော့ဟုထင်ရသည်။ ထို့ထက်ပိုပြီး စံဝ မှတ်မိရခြင်းမှာ
မိမှေးအတွက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသော စံဝကိုယ်တိုင်ပါ နောက်တနေ့တွင် မျက်စိနာရောဂါ ခံစားရသောကြောင့်တည်း။
မျက်စိနာနှင့် စပ်လျဉ်းသော မကောင်းသတင်းများကို ထိုနှစ်ကမှ မှတ်မှတ်ရရ ကြားမိသည်။ မြေစူရွာမှ မျက်စိနာသော ကလေးတယောက်မှာ သမားယောင် တယောက်၏ မျက်စဉ်းကို ခတ်မိရာ ဗျောက်အိုးပေါက်သလို ပေါက်ကွဲသွားခဲ့သည်။ စမ်းတွင်းမှ မျက်စိနာသူတယောက်မှာ ဝေဒနာကို မခံရပ်နိုင်သည့်အတွက် ရေတွင်းထဲ ခုန်ချသေဆုံးသွားရှာသည်။ သည်နှစ်ကျမှ မိုးဦးကလည်း ခေါင်လိုက်သည်မှာ နယုန်လပြည့်ကျော်မှ မိုးစတင်ရွာသည်။ မျက်စိနာများမှာလည်း မိုး၏ အအေးဓာတ်ကို ရသည်နှင့်တပြိုင်နက်၊ နင်နေခဲ့ ငါသွားမယ် ဆိုဘိအလား ပျောက်ကွယ်သွားတော့၏။
အတိတ်ဆိုးသည် မဝေးသေးပေ။ အတိတ်ဆိုးသည် မဟောင်းအိုလှသေးချေ။ ထို့ကြောင့် မျက်စိနာ မျက်ခမ်းစပ်၏ ခြေရာလက်ရာများကို ကန်စွန်းပင်လှတွင် တွေ့ နေရသေး၏။ မြင်နေရသေး၏။ မိမှေးမှာ ရက်ရှည်လများ မျက်စိနာသောရောဂါကို နှစ်စဉ်ဆက်ပြီး ရရှိခံစားခဲ့ရ သဖြင့် မျက်ကြောသေနေသည်။ မျက်ကြောသေသမားမှာ မျက်တောင်ကော့ဖြင့် ကြည်လင်သော မျက်စိပိုင်ရှင် ဖြစ်မလာတော့ပြီ။ မျက်တောင်သည် “စင်း” နေသည်။ မျက်လုံးသည် မှေးနေသည်။ တပေါင်းကုန် တန်ခူးဆန်းလျှင် ပတ်ကြမ်းတိုက်ကာ ရောက်လာလေ့ရှိသော မျက်စိနာ။ မျက်စိနာ နှိပ်စက်သမျှ ကုန်းခံနေရသော ကန်စွန်းပင်လှရွာ။
သည်ရွာ သည်အရပ်သို့ မျက်ခမ်းစပ်တိုက်ဖျက်ရေးအဖွဲ့ ရောက်လာလေသောအခါ တိမ်မမြင်ဘဲ ရွာသောမိုးကို ချိုးရဘိသို့ စံဝတို့ အံ့ဩရသည်။ တုန်လှုပ်ရသည်။
“မျက်သားကျင်သာ၊ မျက်မွေးစိုက်သာလည်း ကုသတဲ့ဟေ့”
မျက်ခမ်းစပ်နှိမ်နင်းရေးအဖွဲ့ ရောက်လေရာ ရွာတိုင်းက ဝမ်းသာအယ်လဲ ကြိုဆိုသည်။ စားကောင်းသောက်ဖွယ်ဖြင့် ဧည့်ခံသည်။ သွေးသားရင်းချာပမာ ခင်မင်ကြသည်။ ယင်းခင်မင်ရင်းစွဲတွင် ရယ်စရာမောစရာကို အတည်ပေါက်ပြောတတ်သော ဆရာဝန်ကြီးအကြောင်း ရောက်သွားလျှင် ပြုံးမိကြ၏၊ ရွှင်မိကြ၏။
“အေးဗျာ၊ မျက်စိထဲထည့်ဖို့ ပေးလိုက်တဲ့ မျက်စဉ်းကိုဖဲ့၊ ဟိုအနာထည့်၊ သည်အနာထည့် လုပ်မယ့်တတ်ယောင်ကားသမားတွေ ဒုက္ခဖြစ်လိမ့်မယ်တဲ့ဗျား၊ သတိလည်း ပေးလိုက်သေးသယ်”
ဆေးလိပ်တတို ကုန်ပြီမို့ ကိုဖိုးဒန်လည်း ဖဲထီးကို ချိုင်းညှပ်လျက် လွယ်အိတ်ကို ကောက်လွယ်လိုက်သည်။
“သွားဦးမယ်ဟေ့၊ ကလေးတွေလည်း နေပူထဲ သိပ်မထွက်ပစေနဲ့”
စံဝ ခေါင်းညိတ်ပြနေစဉ်၊ ထန်းတောမြို့ အုပ်အုပ်ထဲမှ ဥသြတွန်သံချိုသည် လေဟုန်စီးလျက် ရောက်ရှိလာသည်။ သည်နှစ်တွင် တွန်ကျူးသော ဥဩသံကား ကြည်မြချိုသာနေပြီ ဆိုရပေမည်တည်း။
---
#ဆင်ဖြူကျွန်းအောင်သိန်း
#နွေမှာငိုသောရွာတရွာ
#shared_by_louis_augustine
Comments
Post a Comment