စကားမပြောဖူးသေးတဲ့ဝတ္ထု // ဆောင်းဝင်းလတ်

စကားမပြောဖူးသေးတဲ့ဝတ္ထု // ဆောင်းဝင်းလတ်

(FACES မဂ္ဂဇင်း)

---

၁၉၈၈ ခုနှစ် တနိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် လမ်းပေါ်ထွက်ကာ တပါတီ အာဏာရှင်စနစ်ဆိုးကြီး အပြီးသတ် နိဂုံးချုပ်ရေး၊ အရပ်သား အစိုးရပေါ်ပေါက်ရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထိုအရေးတော်ပုံကြီးပြီးခါစတွင် မိသားစု စားဝတ်နေရေးအတွက် မြန်မာ့ပင်လယ်ပြင်သို့ ပြန်ထွက်ကာ လစာရ သင်္ဘောစက်ဆရာ အလုပ်လုပ်ဖို့ ကျွန်တော်ကြိုးပမ်းသည်။ ထိုင်းနှင့်မြန်မာဖက်စပ် ငါးဖမ်းသင်္ဘော လုပ်ငန်းအတွက် လူတွေ ခေါ်နေတယ်ဆိုသည့် သတင်းကြားရ၍ သွားပြီး လျှောက်လွှာတင်ထားခဲ့သည်။

အလုပ်မှမခေါ်မီစပ်ကြားတွင် ရန်ကုန်ယောမင်းကြီးလမ်းဘေး သစ်ပင်ရိပ်၌ ထိုင်ကာ စာအုပ်ရောင်းခဲ့သည်။ ကျွန်တော့်မှာရှိသော စာအုပ် တချို့တဝက်နှင့်၊ ရှုမဝမဂ္ဂဇင်းမှ ဆရာမောင်ဆွေတင့် ကူညီပံ့ပိုးပေးသော စာအုပ်မျိုးစုံတချို့ကို ထိုင်ရောင်းရာ အရေးအခင်းကြီး ပြီးခါစ မို့လားတော့မသိ။ စာအုပ်ဖတ်ချင်သူ တော်တော်များများကို ကြုံတွေ့ရသည်။ ဝယ်ကြသည်။

အရေးအခင်းကြီး ပြီးခါစတွင် စာနယ်ဇင်းတချို့ ပြန်မထွက်နိုင်ကြ သေးပေ။ အလုပ်သမားများကလည်း ဟိုရောက်သည်ရောက် ပျောက်သည့်သူ ပျောက်ဆုံးနေဆဲမို့ လုပ်ငန်းပြန်စဖို့ တာစူနေဆဲကာလ။ ထို့ကြောင့် စာဖတ်ချင်သူတချို့က စာအုပ်လာဝယ်ကြသည်။ ယောမင်းကြီးလမ်းနှင့် မလှမ်းမကမ်း နဝဒေးလမ်းတွင် နေထိုင်သော စာရေး ဆရာကြီး ဦးတက်တိုးတို့ သားအဖ မနက်ခင်း လမ်းလျှောက်ထွက်ရင်း ကျွန်တော့်ဆီဝင်လာကာ စာအုပ်ဝယ်ယူ အားပေးသွားလေ့ရှိကြသည်။ ဦးဝိစာရအိမ်ရာတွင် နေထိုင်သော ကွယ်လွန်သူ ကျွန်တော့်မိတ်ဆွေ စာရေးဆရာ မောင်မောင်အေးအောင်၏ သားလေးနှင့် သမီးလေးလည်း ဖြတ်သွားဖြတ်လာ ကျွန်တော့်ဆီ စာအုပ်ဝယ်ယူ အားပေးသွားကြပါသည်။ ပြီးတော့ ယောမင်းကြီးလမ်းထဲမှာနေသော ကျွန်တော့်ငယ်သူငယ်ချင်း ဇော်ဝင်းတင်ကလည်း မကြာခဏ စာအုပ်လာဝယ်ကာ အားပေးပါသည်။ တရက်ခြား နှစ်ရက်ခြားဆိုသလို ကျွန်တော်၏လမ်းဘေး စာအုပ်ဆိုင်ကလေးကို ရောက်လာတတ်သူမှာ ဆရာပန်းချီမောင်ဒီခေါ် ဦးမျိုးညွန့်ဖြစ်သည်။ သူက ကျွန်တော့်ဘေးမှာ လာထိုင်ကာ စကားစမြည် ပြောတတ်သည်။ မလှမ်းမကမ်းလမ်းဘေး လက်ဖက်ရည်ဆိုင် လေးမှာ လက်ဖက်ရည်သွားဝယ်ပြီး အတူသောက်ကြသည်။

ဆရာမောင်ဒီ ကျွန်တော့်ဆီ မလာဖြစ်သည့် တရက်တွင် ယောမင်းကြီးလမ်းထဲ၌ လူစုလူဝေး ရုတ်တရက် ဖြစ်ပေါ်လာသည်။ ကျွန်တော်နှင့်ဘဝတူ လမ်းဘေးဈေးသည်များထဲတွင် ခင်မင်ခါစ ဖိနပ်ချုပ်သမားလင်မယား၊ ကြာဆံဟင်းခါးနှင့် အသုပ်စုံရောင်းသော အညာသားကလေးတို့ဆီကလည်း သတင်းကောင်းကြားရသည်။ ထို့အပြင် ထီးပြင်သမားဆီကလည်း သတင်းကြားရသည်။

“ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီလမ်းထဲကို လာလိမ့်မယ်။ ဒါကြောင့် လူတွေစုပြီး သူ့ကို ဆီးကြိုနေကြတာ”တဲ့။

၁၉၉ဝ ပြည့်ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး မစတင်မီ ဒီမိုကရေစီ ကြိုးပမ်းသူ ပါတီများအားလုံး ရုံခန်းတွေ ဖွင့်ကြဆဲ၊ ပါတီဆိုင်း ဘုတ်တင်နေကြဆဲကာလ။ ယောမင်းကြီးလမ်းထဲတွင် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ် တခန်းကလည်း ဖွင့်ခါစ။

“ဒေါ်အောင်ဆန်းစုကြည်က ဆိုင်းဘုတ်တင်ပွဲမှာ မိန့်ခွန်းလာပြောတာတဲ့” ဟုလည်း လမ်းဘေးဈေးသည်တချို့က ကျွန်တော့်ကို ပြောပြကြသည်။ ကျွန်တော်တို့လည်း ကိုယ့်ဆိုင်ကိုယ် သိမ်းကြပြီး လူထုကြီးကြားထဲ တိုးဝင်လိုက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတာကို ၈၈ အရေးအခင်းကာလအတွင်း ရွှေတိဂုံဘုရားအနောက်မုခ်တွင် ကျွန်တော် အဝေးမှ ကြားဖူးခဲ့ပြီးပြီ။ ထိုစဉ်က တကွင်းလုံး ပြည့်နေ၍ စင်မြင့်အနီးသို့ ကျွန်တော်မရောက်ခဲ့။ အဝေးမှပင် ရပ်၍ ကျွန်တော် နားထောင်ခဲ့ရသည်။ ခုလည်း ကျွန်တော် စင်မြင့်နှင့် တော်တော်လှမ်း လှမ်းမှာ ရောက်နေသည်။ မကြာမီ ဒေါ်အောင်ဆန်းစုကြည် ရောက်လာသည်။ အဝေးမှပင် သူ့မိန့်ခွန်းကို ကျွန်တော် နားထောင်ခဲ့ရသည်။

၁၉၉၅ ခုနှစ်၊ ကျွန်တော် အဖမ်းခံရသည်။ ထောင်ထဲရောက်ခဲ့သည်။ ထောင်ထဲမှာ နိုင်ငံရေးပါတီပေါင်းစုံက လူတချို့ ရောက်နေကြသည်။ ကျွန်တော်က နိုင်ငံရေးပါတီဝင်မဟုတ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ပန်းချီကောက်ကြောင်း Sketch ကို ရေးဆွဲမိ၍ ထောင်ကျခဲ့ရခြင်းသာ။

“ကိုဆောင်း အဖမ်းခံရပုံ ပြောပြစမ်းပါဦး” ဟု ထောင်ထဲတွင် ဆုံစည်းရသော နိုင်ငံရေးပါတီတခုမှ မိတ်ဆွေ အကျဉ်းသားတယောက်က မေး၍ ပြောပြရသည်။

“ဒီလိုဗျ၊ အဲဒီညနေက ရန်ကုန် ဗိုလ်အောင်ကျော်လမ်းထဲက ဖြတ်ပြီး လမ်းလျှောက်လာရင်း နိုင်ငံခြားသင်္ဘောလိုင်းလိုက်နေတဲ့ သူငယ်ချင်း တယောက်နဲ့တွေ့တယ်။ သူက ဝမ်းသာအားရနဲ့နှုတ်ဆက်တော့ လမ်းဘေးမှာ ခဏရပ်စကားပြောကြတယ်။ သူက စာအုပ်တအုပ် အမှတ်တရ လက်ဆောင်ပေးတယ်။ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို နိုင်ငံခြားက သူသယ်လာတဲ့စာအုပ်။ လေဆိပ်က တာဝန်ရှိသူတွေက တရားဝင်ခွင့်ပြုလို့ သူယူခွင့်ရလာတဲ့စာအုပ်။ ကမ္ဘာကျော် Times မဂ္ဂဇင်း စာအုပ်ပါဗျာ။ စာအုပ်ရဲ့ မျက်နှာဖုံးမှာ တနှစ်အတွင်း ထူးခြားတဲ့နိုင်ငံ တကာက လူတချို့ရဲ့ ပုံတူပန်းချီကောက်ကြောင်း Sketch ပုံလေးတွေကို ဖော်ပြထားတယ်။ ဒီလူတွေထဲမှာ အောင်ဆန်းစုကြည်ရဲ့ပုံလည်း ပါတယ်။ ကျွန်တော်က ဘီယာဆိုင်ကြီးတဆိုင်ထဲဝင်ပြီး စားစရာ သောက်စရာတွေမှာရင်း တယောက်တည်းထိုင်ပြီး စားသောက်နေတယ်။ ကျွန်တော်က စားရင်းသောက်ရင်း လွယ်အိတ်ထဲက Times မဂ္ဂဇင်းကို ထုတ်ကြည့်တယ်။ ကျွန်တော်က ပန်းချီဆွဲတာ ဝါသနာပါ တယ်လေ။ ဒါနဲ့ ကျွန်တော့်လွယ်အိတ်ထဲမှာ အသင့်ပါလာတဲ့ A4 စက္ကူအဖြူတရွက်ပေါ်မှာ မင်အနက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကို ကြည့်ပြီး ထိုင်ရေးနေမိတယ်။ တော်တော်တူတယ်ဗျ။ တော်တော်ကောင်းတယ်။ ကျွန်တော် ထိုင်နေတဲ့စကားပွဲနားက လူတယောက်ဖြတ် လျှောက်သွားတယ်။ သူက အဲဒီစားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်ပဲ။ လူရွယ် တယောက်ပါ။ သူဌေးလေးတယောက်ဆိုပါတော့ဗျာ။ ကျွန်တော့်ထက်တော့ အသက်ငယ်ပုံရပါတယ်။ သူဖြတ်လျှောက်သွားပြီး သူ့ဆိုင်ရဲ့ ကောင်တာစားပွဲကတဆင့် သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတွေဆီ တယ်လီဖုန်း လှမ်းဆက်လိုက်တာကိုး။ သူ့ဆိုင်ထဲမှာ လူတယောက်က ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ မဂ္ဂဇင်းစာအုပ်နဲ့ ပုံတူပန်းချီထိုင်ရေးနေပါ တယ်ဆိုပြီး လှမ်းအကြောင်းကြားလိုက်တာကိုး။ မကြာပါဘူးဗျာ။ အရပ်ဝတ်တွေနဲ့ရော ယူနီဖောင်းတွေနဲ့ရော လူလေးငါးဆယ်ယောက်က ကျွန်တော့်ဆီရောက်လာပြီး ကျွန်တော့်ပစ္စည်းတွေ သိမ်းတယ်။ လူကို ဖမ်းတယ်။ ကျွန်တော် သူတို့ကို ရှင်းပြတယ်။ ဒီစာအုပ်ရလာတဲ့ အကြောင်းအရင်းနဲ့ ပုံဆွဲတာဝါသနာပါလို့ ဒီပုံကို ထိုင်ရေးနေတဲ့ အကြောင်း၊ ပြီးတော့ ဒီမဂ္ဂဇင်းစာအုပ်က တရားဝင်နိုင်ငံထဲသွင်းခွင့်ရလို့ စာအုပ်ဆိုင်တွေမှာတောင် ရောက်နေတဲ့စာအုပ်ဆိုတာလည်း ရှင်းပြတယ်။ မရဘူး။ ပြီးတော့ ကျွန်တော့် လွယ်အိတ်။ ဒီလွယ်အိတ်ကို သူတို့ သိမ်းဆည်းခွင့် မရှိဘူးဆိုတာလည်း သူတို့ကို ကျွန်တော်ပြောတယ်။ ကျွန်တော့်လွယ်အိတ်ထဲမှာ ‌ေ|သနတ်မပါဘူး။ ဓ|ားမပါဘူး။ မှတ်စုစာအုပ် ကလေးရယ်၊ ဘောလ်ပင်ရယ်၊ ဆော့ဖ်ပင်တချောင်းရယ်၊ A4 စက္ကူ သုံးရွက်ရယ်၊ Times မဂ္ဂဇင်းရယ် ဒါပဲပါတယ်။ စားသောက်ဆိုင်ထဲက စားပွဲလေးမှာ ကျွန်တော်တယောက်တည်း အေးအေးလူလူထိုင်ပြီး စားရင်းသောက်ရင်း ဒီပုံတူရုပ်ပုံပန်းချီလေးကို ထိုင်ရေးနေတာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အခွင့်အရေးဆိုတာ သူတို့အားလုံးကို ကျွန်တော် ပြောတယ်။ ကျွန်တော့်လွယ်အိတ်နဲ့ ကျွန်တော်ရေးဆွဲထားတဲ့ ပုံတူပန်းချီ စာရွက်ပြန်ပေးဖို့ သူတို့ကိုပြောတယ်။ မရဘူး။ ခင်ဗျားတို့ ခေါ်တဲ့နောက် ကျွန်တော်လိုက်မယ်၊ ကျွန်တော့်ပစ္စည်းတွေ ကျွန်တော် ပြန်ယူထားမယ်ဆိုပြီး လွယ်အိတ်ကို လူတယောက်ဆီက ကျွန်တော် ပြန်ဆွဲယူတော့ မပေးဘဲနဲ့ သူတို့အချင်းချင်း ဘာလှမ်းပြောလိုက်လဲ ဆိုတော့ 'မှတ်ထား မှတ်ထား။ သူ ဘယ်လိုလွယ်အိတ်ကို ပြန်ဆွဲယူလဲဆိုတာ မှတ်ထား။ သူ ဘာပြန်ပြောနေလဲဆိုတာလည်း မှတ်ထား။ ငါတို့ရဲ့ အလုပ်တာဝန်ဝတ္တရားကို နှောင့်ယှက်နေတာကွ' တဲ့။ ပြီးတော့ ကျွန်တော့်ကို ခေါ်သွားကြတာပေါ့ဗျာ”

“ကိုဆောင်းကို ဘယ်နေရာခေါ်သွားကြတာလဲ”

“မသိဘူးဗျ။ ကျွန်တော့် မျက်လုံးတွေကို အဝတ်နဲ့ စည်းနှောင်ပြီး လက်ထိတ်ခတ်ခေါ်သွားကြတာ”

“ဘယ်လောက်ကြာလဲ”

“အကြာကြီးပေါ့ဗျာ”

“စစ်ကြောရေးပေါ့ဟုတ်လား”

“ဒါပေါ့ဗျာ၊ မေးကြမြန်းကြ၊ စစ်ဆေးကြနဲ့ မအိပ်ရပါဘူး”

“ဘာအဓိကထားပြီးမေးလဲ”

“ကျွန်တော် ဘယ်ပါတီကလဲ၊ နိုင်ငံရေးပါတီ ဘယ်ပါတီထဲ ဝင်ထားလဲ၊ အခု ဒီပန်းချီကိုရေးပြီး ရှေ့ဆက် ဘာတွေဝါဒဖြန့်ဖို့ အစီ အစဉ်ရှိလဲ၊ ဒီပုံကိုရေးဆွဲပြီး အောက်က ဘာစာတန်းတွေထည့်ဖို့ တွေးထားလဲ၊ ဘယ်သူတွေဆီ ပို့မှာလဲ ဒါတွေ မေးတာပေါ့” 

“ကိုဆောင်းက ဘာပြောလိုက်လဲ”

“ကျွန်တော်က ရှင်းရှင်းပဲပြောလိုက်တယ်။ ဝါသနာပါလို့ ပန်းချီ ရေးတာ။ ဘာမှဝါဒဖြန့်ဖို့မဟုတ်ဘူး။ ဘယ်နိုင်ငံရေးပါတီမှလည်း ဝင်မထားဘူး။ ကိုယ့်ဟာကိုယ် ဒီပုံကို အိမ်မှာထိုင်ရေးနေလည်းရတယ်။ ခုဟာက ဘာပြဿနာမှမရှိဘူးဆိုပြီး စားသောက်ဆိုင်မှာ စာရွက်သေးသေးလေးပေါ် ထိုင်ဆွဲတာလို့ ပြောတာပေါ့ဗျာ”

“သူတို့က လက်ခံလား”

“လက်မခံဘူးဗျ။ Times မဂ္ဂဇင်းမျက်နှာဖုံးမှာပါတဲ့ အခြားနိုင်ငံက ထင်ရှားတဲ့ ပုဂ္ဂိုလ်တချို့ရဲ့ပုံကိုကျတော့ ပန်းချီပုံကူးမဆွဲဘဲနဲ့ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကိုမှ ရွေးပြီးကူးဆွဲရတာလဲလို့ပဲ ထပ်တလဲလဲ မေးကြတော့တာပဲ”

“ဒီတော့ ဘယ်လိုဖြေပေးရလဲ”

“ကျွန်တော်က ပြောလိုက်တယ်လေ။ ကိုယ့်နိုင်ငံက ကိုယ့်လူထုအတွက် ဆောင်ရွက်နေတဲ့ အမျိုးသမီးမို့ သူ့ကို လေးစားလို့ဆိုပြီး ပြောလိုက်တယ်”

“ဘယ်လိုပြောကြပြန်လဲ”

“ကြမ်းတယ်ဗျ။ နောက်တခါ ပုံဆွဲချင်သေးလားတဲ့။ ဒါကတော့ ပန်းချီကို ငယ်ငယ်တည်းက ဝါသနာပါတာဆိုတော့ ဆွဲချင်တဲ့စိတ်ပေါ်လာရင် ဆွဲဦးမှာပဲဆိုတော့ ဆွဲချင်ဦးကွာ၊ ဆွဲချင်ဦးကွာဆိုပြီး ပါးရိုက်တယ်၊ လက်သီးနဲ့ထိုးတယ်၊ ကျောက်စရစ်ခဲ ဂဝံကျောက်ခဲသေးသေး လေးတွေပေါ်မှာ ဒူးထောက်ထိုင်ခိုင်းပြီး လက်နှစ်ဖက်ကို မြှောက်ထား ခိုင်းတယ်၊ ခြေသလုံးတွေကို ဆေးလိပ်မီးနဲ့ထိုးတယ်၊ ဆေးလိပ်မီးနဲ့ မထိုးခင်မှာ ခြေဆင်းထိုင်ခိုင်းထားပြီး ရာဘာပိုက်လုံးနဲ့ ခြေထောက် ညို့သကျည်းနှစ်ဖက်ပေါ် လှိမ့်သေးတယ်ဗျ။ ဆံပင်ဆွဲပြီး မျက်နှာကို ရေထဲနှစ်ထားတော့ အသက်ရှူရတာ တော်တော် ခက်တာပဲဗျာ။ ကျွန်တော်က ဆံပင်ခပ်တိုတိုဆိုတော့ ကျွန်တော့်ခေါင်းကို သူတို့လက်နဲ့ဖိပြီး ရေတိုင်ကီထဲနှစ်လိုက်၊ ပြန်ဖော်လိုက်၊ မေးလိုက်၊ ပြန်နှစ်လိုက်နဲ့ အတော် ဆိုးတဲ့ညတညလို့ ဆိုရလိမ့်မယ်ဗျ”

“ကျွန်တော်တို့တုန်းကလည်း ဒီလိုပါပဲ။ နောက်တော့လည်း ပုဒ်မတွေ၊ စွဲချက်တွေနဲ့ ကိုဆောင်းလိုပဲပေါ့ဗျာ။ တရားရုံးရောက်၊ တရားသူကြီးက အမိန့်ချ။ ထောင်ထဲရောက်၊ ဒါခေါက်ရိုးကျိုး ပုံသေနည်း ဟောင်းကြီးအတိုင်းပဲပေါ့။ ဟောဟိုမှာ ထိုင်နေတဲ့ ကောင်လေးနှစ် ယောက်ဆိုရင် တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့က တရားပွဲ သွားနားထောင်ပြီးပြန်အလာ ဘတ်စ်ကားဂိတ်မှာ အဖမ်းခံရပြီး ထောင်ထဲရောက်လာတာ။ တယောက်က မကွေးမြို့က။ ရန်ကုန် ခဏလာရင်း အဖမ်းခံရတာ။ တယောက်က ရန်ကုန်ရွှေဂုံတိုင်ရပ်ကွက်က။ ဟောဒီ ညီလေးကျတော့ သင်္ကြန်ကားနဲ့ရေပက်ခံထွက်ရင်း လမ်းမှာ ခဏနားတုန်း ကားလမ်းဘေးကို ဘယ်ကားက လွင့်ကျကျန်ခဲ့မှန်းမသိတဲ့ ရေပက်ခံ ဦးထုပ်လေးဆောင်းထားမိလို့ ထောင်ထဲရောက်လာတာ။ ဦးထုပ်မှာ ခွပ်ဒေါင်းအရုပ်ပါလို့ဗျ”

စသဖြင့် ကျွန်တော်တို့တတွေ အသီးသီး ကိုယ်အတွေ့အကြုံ လေးတွေ ပြန်ပြောကြသည်။ ရယ်မိပြုံးမိကြသည်။ ကြာကြာတော့ စကားစမြည် မပြောဖြစ်ကြ။ ဖြတ်သွားဖြတ်လာ ခဏတာမျှသာ။ တတွဲတွဲ နေတာမြင်သွားရင်လည်း ပြဿနာ ရှာခံရတတ်ကြသေးသည်။

ထောင်ထဲမှာ အာဏာပိုင်တွေဆီ လျှို့ဝှက်သတင်းပေးသူ တချို့ကလည်း ရှိနေသေးသည့်ကာလ။ ဘာအကြောင်းအရာပြောနေသည်ကို မသိကြဘဲ အဲဒီလူနှစ်ယောက် အာဇာနည်နေ့အကြောင်း တိုးတိုးတိုးတိုးနဲ့ ပြောနေကြပါတယ်ဆိုပြီး သတင်းပေးလိုက်သည့်အတွက် ချက်ချင်း အကျဉ်းထောင်ဝန်ထမ်းတချို့ ရောက်လာကာ ဘယ်ကိုခေါ်သွားမှန်း မသိတော့ဘဲ ကျွန်တော်တို့နှင့် ပြန်ဆုံခွင့် မရတော့သူတွေလည်း ရှိပါ၏။ ထောင်ထဲမှာက လူပေါင်းစုံ စိတ်ရောင်စုံ၊ နေရာထိုင်ခင်း အကျဉ်းအကျပ် အနှောင်အဖွဲ့တွေကလည်း အနေအထားအမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး။ အကန့်အသတ်၊ အချုပ်အချယ်၊ အနှိပ်အကွပ်တွေကလည်း လက်တကမ်းမှာ။ ကိုယ့်တကိုယ်စာ နေရာထိုင်ခင်းလေးမှာ ကိုယ့်အသက်တာကိုသာ ကြံဖန်တွေးဆကာ မနက်ဖြန် ငါဘာဖြစ်မလဲဆိုတာ မရေရာကြသည့်အချိန်။ တချို့သောညသန်းခေါင်ယံသမယ ခပ်ကြမ်းကြမ်းဖိနပ်သံများ၊ တချွင်ချွင်မြည်သော သံခြေကျင်းသံများ၊ သော့ခလောက်ဖွင့်သံ၊ တံခါးကြီးများကို ဝုန်းခနဲဆွဲဖွင့်သံများနှင့်အတူ..

“အားလုံးခေါင်းတွေငုံ့ထား။ လှည့်မကြည်နဲ့၊ မော့မကြည့်နဲ့ ” ဟုဆိုကာ

“မင်းထွက်”

“မင်း”

“ပြီးတော့မင်း”

“ပစ္စည်းအမြန်ယူ”

စသည့်အသံများ ကြားရကာ အကျဉ်းသားတချို့ ခေါ်ထုတ်သွားတာမျိုး။ တခါတခါကျတော့ ထမင်းထိုင်စားနေဆဲ ဘွားခနဲရောက် လာကြကာ

“လာလိုက်ခဲ့”

ဟုဆိုပြီး လုံးလုံးလျားလျားကြီး အခန်းထဲသို့ ပြန်ရောက်မလာကြ သူတွေလည်း ကြုံရဖူးပြီ။ သည်ကြားထဲမှာ ထန်းသီးကြွေခိုက် ကျေးနင်းခိုက်ဆိုသော ရှေးလူကြီးသူမများ စကားကလည်း မှန်ပါ့။ မှတ်မှတ်ရရ ဇွန်လ ၁၉ ရက် မနက်ခင်း ထောင်ဝင်းထဲမှာ သက္ကရာဇ် ၁၂၉၇ ခုနှစ်ကတည်းက တည်ထားသော စေတီငယ်တဆူရှိသည့် ပရိဝုဏ်သို့ အကျဉ်းသား လူရွယ်တယောက်က သူအလုပ်လုပ်သည့် တောင်ယာစိုက်ခင်း များထဲမှ သူခူးလာသည့် သပြေပန်းစည်းကလေးကိုကိုင်ကာ ရောက်လာပြီး ဘုရားပန်းအိုးမှာ ကပ်လှူပူဇော်သည်။ ပြီးတော့ သူ့စိုက်ခင်းဆီ သူပြန်သွားကာ လုပ်စရာရှိတာလုပ်နေသည်။ မကြာပါပေ။ သက်ဆိုင်ရာ တာဝန်ရှိ လူသုံးယောက်က တောင်ယာခင်းဆီ ရောက်လာကြပြီး အကျဉ်းသား လူရွယ်လေးကိုမေးသည်။

“စောစောတုန်းက ဘုရားမှာ မင်းပန်းသွားကပ်တယ်ဆို”

“ဟုတ်ကဲ့”

“ဘာဖြစ်လို့ကပ်တာလဲ”

“ဘုရားဝင်းထဲ တံမြက်စည်းလှည်းရင်း ပန်းအိုးလည်း ဆေးကြောရင်း ပန်းကပ်ခဲ့တာပါ”

“ဟုတ်ရဲ့လား။ ဒီနေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးမွေးတဲ့ရက်မို့ သူ့အတွက် ဘုရားမှာ ပန်းကပ်ပြီး မင်းဆုတောင်းနေတယ်လို့ ငါတို့ သတင်းရတယ်”

“မဟုတ်ရပါဘူးဗျာ။ သူ့မွေးရက်ဘယ်ရက်ဆိုတာ ကျွန်တော်မှမသိတာ”

“လာ လာ၊ အခုချက်ချင်း မိန်းဂျေးကို မင်းလိုက်ခဲ့။ ဟိုကျမှ အရာရှိတွေမေးတာ မင်းဖြေရှင်း”

ဟုဆိုပြီး ကတိုက်ကရိုက်ဆွဲခေါ်သွားတာခံလိုက်ရသူကိုလည်း ကျွန်တော်ကြုံရဖူးပြီ။ သူ့ကိုဘယ်နေရာပို့လိုက်သည်မသိ။ ကျွန်တော် ထောင်ကလွတ်လာသည်အထိ သူနှင့် ပြန်မဆုံမိကြတော့ပေ။ တခုတော့ ထောင်ထဲမှာ ကျွန်တော် ဗဟုသုတ ရလိုက်သည်။ ဒီဖြစ်ရပ်ပေါ် မူတည်ကာ ဒေါ်အောင်ဆန်းစုကြည် မွေးဖွားသည့်ရက်ကို ကျွန်တော် သိလိုက်ရခြင်းပင်။ သတင်းပေးသူနှင့် ဝန်ထမ်းတွေကြောင့် ခုလို ကျွန်တော် ဗဟုသုတတခု တိုးလာပါလားဟု ကြံဖန်ပြီး ကျေးဇူးတင်လိုက် ရပြန်သည်။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက တကြိမ် စိတ်လှုပ်ရှား စိတ်ဝင်စားခဲ့ဖူးသော ကျွန်တော်သည် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲကိုတော့ မှတ်မှတ်ရရပြန်လည်နိုးထ စိတ်လှုပ်ရှားခြင်း ဖြစ်ရ၏။

ကျွန်တော်ကား ဘယ်ပါတီဝင်မှလည်း မဟုတ်သေးချေ။

သို့သော် ယခုရွေးကောက်ပွဲမှာတော့ဖြင့် မဲရုံသို့ သွားလိုက်ဦးမှပါပဲပေဟု စိတ်အာရုံတွင် အာရုံငြိတွယ်မိလာ၏။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို သတိထား စောင့်ကြည့်နေမိ၏။ နှစ်ရှည်လများသော့ခတ်ပိတ်ဆို့ထား ခြင်းခံခဲ့ရသော နိုင်ငံရေးပါတီတချို့ ရုံးခန်းတံခါးများ ပြန်ဖွင့်ခွင့်ရလာကြသလို မဲဆွယ်စည်းရုံးဟောပြောခြင်း ခရီးစဉ်တချို့လည်း ရှိလာခွင့်ရလာ ကြသည်။

တရက် ကျွန်တော် နေထိုင်သည့်ရပ်ကွက် မြက်ရိုင်း တောကြီး တကွက်ကို လူတချို့ ခုတ်ထွင်ရှင်းလင်းနေကြတာ မြင်ရသည်။ ကွင်းပြင်ကျယ်ပုံစံမျိုး ပေါ်လွင်လာတော့ ဖုန်ထူထူကို ရေစုပ်စက်တွေ ရေပိုက် လုံးတွေနှင့် ဖုန်သိပ်အောင် ရေဖြန်းကြသည်။ စင်မြင့်ကြီး ဝိုင်းဝန်းပြီး တည်ဆောက်နေကြတာလည်း တွေ့ရသည်။

လမ်းပေါ်မှာသွားလာနေသော ကား၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီးတော်တော်များများတွင် စတကာလေးတွေ ကပ်ထားတာ မြင်ရစပြုပြီ။ အောက်ခံအနီ၊ ကြယ်ဖြူပွင့်နှင့် အဝါရောင် ခွပ်ဒေါင်း။ ပြီးတော့ ရွေးကောက်ပွဲ သီချင်းသံတွေ ဝေစီလျက်။ နောက်ရက်တွေမှာကျတော့ သက်ကြီးရွယ်အိုများအပါအဝင် လူလတ်ပိုင်း၊ လူငယ်ပိုင်းများသာမက ကလေးငယ်တချို့တို့က ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ့သမီး ဒေါ်အောင်ဆန်းစုကြည်တို့၏ ရုပ်ပုံပါသော အင်္ကျီများ၊ တီရှပ်များ၊ စပို့ရှပ်များကို ဝတ်ဆင်ကာ လမ်းတွေပေါ်မှာ သွားလာနေကြတာ တွေ့လာရသည်။ အိမ်များ၊ ဈေးဆိုင်များမှာလည်း အနီရောင်အောက်ခံ ကြယ်ဖြူတပွင့်နှင့် အဝါရောင်ခွပ်ဒေါင်းပါသော စတကာတွေ၊ အလံတွေကို တွေ့လာရပြီ။

တရက် တမနက်မှာတော့ ကျွန်တော်နေထိုင်သည့်ရပ်ကွက်၏ လယ်ရိုင်း၊ မြေရိုင်း၊ ကွင်းရိုင်းကြီးထဲမှာ လူထုပရိသတ်က သိန်းဂဏန်းပမာဏ ရောက်လာကြသလို ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ ဆိုက်ကားတွေလည်း ပြည့်ကျပ်လျက်။ နေ့လယ်ခင်းကျတော့ ပိုပြီးစည်ကားပြည့်လျှံလာသည်။ ကွင်းပတ်လည်မှာလည်း ဒေါင်းအလံတွေက တလွင့်လွင့်။ သစ်ကိုင်းတွေပေါ်မှာလည်း ဒေါင်းအလံတွေတလွင့်လွင့်။

ညနေခင်း လူထုအင်အားပိုများလာသည်။ တရားဟောစင်မြင့်ကြီးနှင့် အတော်ကလေးဝေးသော မြေပပ်ကြားအက် ခရောင်းတောကွင်းရိုင်းကြီးထဲက ပိတောက်ပင်ရိပ်မှာ ကျွန်တော်နှင့် ကျွန်တော့်ဇနီးက မတ်တတ်ရပ်လျက်။ လူထုကြားသို့ ကျွန်တော်တို့မတိုးဝှေ့နိုင်။ အဝေးမှပင် သူဘာပြောသွားမလဲဆိုတာ နားစွင့်ကြရတော့မည်။

ကျွန်တော်တို့ ရပ်နေသည့် ပိတောက်ပင်ရိပ်သို့ မူလတန်းကျောင်း သူကျောင်းသားအရွယ်ကလေးငယ်တစု ရောက်လာကြသည်။ သူတို့အားလုံး ဒေါ်အောင်ဆန်းစုကြည်ပုံပါသော တီရှပ်အင်္ကျီများ ဆင်တူဝတ် ဆင်ထားကြသည်။ လူတချို့က သူတို့လေးတွေကို မုန့်နှင့် အချိုရည်ဘူးများ လာရောက်ကာ ဒါနပြုသွားကြသည်။

သားသည် အမေတယောက် သူခါးထစ်တွင် ချီထားသော နို့စို့ အရွယ်ကလေးငယ်လေးကို ဝတ်ဆင်ပေးထားသည်ကလည်း ဒေါ်အောင်ဆန်းစုကြည်ပုံပါသော အင်္ကျီကလေး။ ချစ်စရာလေး။ တချို့ကလေး အဖေ၊ ကလေးအမေများကလည်း သူတို့ ရင်သွေးငယ်လေးများ၏ နဖူးပြင်၊ ပါးပြင်မှာ အနီကြယ်ဖြူ၊ အဝါခွပ်ဒေါင်းပုံပါ စတကာလေးတွေ ကပ်ပေးထားကြတာ ချစ်စရာလေးတွေ။

မလှမ်းမကမ်းမှာတော့ အဘွားကြီးတယောက်က အောင်သပြေ ပန်းစည်းကိုကိုင်လျက်။ သူကလည်း ကြိုရမည့်သူကို သပြေခက်နှင့် ကြိုတော့မည်ပေါ့။

ဟိုအဝေး ရေတမာပင်လေး အရိပ်မှာတော့ လူငယ်လေးတစုက ပန်းချီကားချပ်ကြီးတချပ်ကို ဆေးသားစိုစိုနှင့် လက်သွက်သွက်၊ ရေးချက်ကောင်းကောင်း၊ စုတ်ချက်ညက်ညက်ဖြင့် ထိုင်ရေးနေဆဲ။ သူတို့ရေးနေတာက ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်၏ပုံ။ ပန်းချီကားကြီးပြီးသွားတော့ ဟိုး ထင်းရှူးပင်ထိပ် ပိုင်းသို့တက်ကာ ချိတ်ဆွဲထားလိုက်ကြပြန်သည်။

ညနေ ၆ နာရီ ဆယ်မိနစ်။ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ပရိသတ်ကြီးအား စကားပြောမည့်နေရာသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီတဲ့။ လူထုပရိသတ်ကြီးက အလံတွေဝှေ့ယမ်း၊ ပန်းတွေ လက်ကမ်း၊ ရုပ်ပုံကားချပ်တွေတင့်လျှမ်းလျှမ်းမှာ ကျန်းမာပါစေ၊ ကျန်းမာပါစေ၊ ကျန်းမာပါစေဟု ကြွေးကြော်သံပြုလျက်။ ခဏကြာတော့ ဟိုအဝေး စင်မြင့်ထက်ဆီမှ စကားပြောသံက ပရိသတ်ကြီးဆီဝေ့ဝဲပြီး သဲသဲကွဲကွဲ လွင့်ပျံလာသည်။

“အောင်မယ်၊ သူစကားပြောတဲ့ အသံလေးကလည်း သူ့မျက်နှာလေးလို ချိုနေတာပဲတော့။ ငါတော့ မသေခင်မှာ သူ့နဲ့စကားပြောဖူးအောင် သူ့နားသွားပြီး စကား ပြောချင်သေးတယ်တော့” ဟု ကျွန်တော်တို့နားမှ အဘွားကြီးက အားရပါးရပြောချလိုက်တော့ ဘေးပတ်ဝန်းကျင်က လူတွေ မျက်နှာပြုံးရိပ်ဝေသွားတာ ကျွန်တော် သတိထားလိုက်မိသည်။

အဘွားရယ်၊ အဘွားရော ကျွန်တော်ရော ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားမပြောဖူးကြသေးပါဘူး။ တခါမှ မပြောဖူးကြသေးတာပါ။ ဒါပေမဲ့ အဘွားတို့ ကျွန်တော်တို့ လူထုကြီးရဲ့ ရင်ထဲကစကားလုံးတွေကို သူနားလည်နေခဲ့တာ အနှစ် ၂ဝ ကျော်ကြာခဲ့ပါပြီ အဘွားရယ်ဟု ကျွန်တော်ပြောလိုက်ချင်ပါသည်။

---

#ဆောင်းဝင်းလတ်
#စကားမပြောဖူးသေးတဲ့ဝတ္ထု

#shared_by_louis_augustine
#sbla

Comments