တယောက်တည်း // ငြိမ်းကျော်

တယောက်တည်း // ငြိမ်းကျော်

(ဖြူနီညိုပြာမဂ္ဂဇင်း အတွဲ(၁) အမှတ်(၁)၊ ဧပြီလ၊ ၁၉၆၉)

---

(၁)

“ ဟင်း ... အပိုတွေ မယုံပေါင် ”

ယဉ်က ခေါင်းကိုငဲ့၍ ပြုံးထေ့ထေ့နှင့်။

“ မောင် တကယ်ပြောတာ ယဉ်ရဲ့။ ယဉ့်ကို မောင်ဘယ်လောက်ချစ်တယ်ဆိုတာ မောင်အသိဆုံးပဲ။ ယဉ်မယုံတော့ မောင်စိတ်မကောင်းဖြစ်ရတယ် ”

“ အို…မောင်ကလည်း၊ မောင့်ကို ယဉ် ကျီစားနေတာပါ၊ မောင့်အချစ်ကို ယဉ် မယုံဘဲနေမလား မောင်ရယ်၊ မျက်နှာကြီး အိုမထားစမ်းပါနဲ့။ အကြည့်ရဆိုးလိုက်တာ မှန်း…. ”

ကျွန်တော့်မေးစေ့ကို ဆွဲယူ၍ ပြုံးသည်။ ယဉ့်လက်ဖဝါးနုနုထွေးထွေးက နွေးလှသည်။ ယဉ့်လက်မောင်းကို ဆွဲယူလိုက်သည်။ ကျွန်တော့်ရင်သည်ခုန်လာ၏။ ယဉ်လည်း သည်အတိုင်းရှိပေလိမ့်မည်။ ယဉ့်မျက်လုံးသည် လဲ့နေ၏။ နှုတ်ခမ်းက အပြုံးသည် ဝေနေ၏။ ယဉ်သည် မျက်လွှာချလိုက်သည်။ ကျွန်တော့်ရင်ခွင်ထဲသို့ ဆွဲယူလိုက်သည်။ တယောက်ကိုတယောက် တင်းတင်းကျပ်ကျပ် ဖက်ထားမိသည်။

“ မောင်… ”

ခေါင်းကိုမော့ရင်း တိုးတိုးဆိုသည်။

“ မောင့်ကို သိပ်ချစ်တယ်ကွယ်။ မောင်ယုံပလား ”

ခေါင်းညိတ်ပြလိုက်သည်။ ယဉ့်ပါးပြင်ကို ဆွဲယူလိုက်သည်။ ပါးချင်းအပ်ထားလိုက်သည်။ ရင်ထဲ၌နှလုံးသွေး အခုန်မြန်လှချေ၏။ နမ်းရန်မဝံ့၊ ခွာရန်မရဲ။

“ မောင့်ကို ယဉ်ဘယ်တော့မှ မခွဲဘူး၊ ဖြစ်ရာဘဝကို ယဉ် ရင်ဆိုင်ရဲတယ် မောင် ”

“ ယဉ့်ကို မောင်ယုံပါတယ်။ ဒါပေမယ့် အခြေအနေကိုတော့ မောင်စိတ်မချဘူး။ မောင့်ဘဝကို မောင်နားလည်လို့ ဒီစကားပြောရတာပါ။ ညောင်သီးစားနေရတဲ့ အချိန်ပေတယ်လို့ လေးသံကိုလည်း နားစွင့်ရသေးတယ် ယဉ် ”

ယဉ်က ခေါင်းခါသည်။

“ ယဉ် ပြောပြပြီးပါပကောလား မောင်ရယ်။ တချိန်ကျရင် ယဉ့်မိဘက သဘောတူလာရပါစေ့မယ်။ သဘောတူလာတဲ့အထိ ယဉ် ကြိုးစားမယ်။ မောင်ကိုယ်တိုင်လည်း ယဉ့်မိဘနဲ့ တွေ့ဖူးတယ်။ စကားလည်း ပြောကြည့်ဖူးတယ်။ ဒါနဲ့တောင် ယဉ့်မိဘစိတ်ကို မရိပ်မိဘူးတဲ့လားကွယ်။ ဖေဖေရော မေမေပါ ဂုဏ်မက်တဲ့အစားထဲက မဟုတ်ပါဘူး မောင်။ ယဉ့်ကို ဖေဖေနဲ့မေမေတို့ နှစ်ယောက်စလုံးက သမီးအိမ်ထောင်ရှင်အဖြစ် ရွေးတဲ့လူဟာ အရာရာမှာ ထိပ်တန်းရောက်ဖို့မလိုဘူး။ သမီးတို့ အိမ်ထောင်ရေးအတွက် လိုအပ်တဲ့ပြည့်စုံမှု ဖန်တီးနိုင်ရင် တော်ပါပြီတဲ့ ”

“ အဲဒီလိုအပ်တဲ့ ပြည့်စုံမှုတွေဆိုတာက ဘယ်ရွေ့ဘယ်မျှ အတိုင်းအတာဆိုတာ ခက်တယ်ယဉ်ရဲ့။ ပြီးတော့ ယဉ့်အိမ်ကို မောင်လိုက်တာ ယဉ့်ချစ်သူ တယောက်အနေနဲ့ မဟုတ်ဘူး။ ယဉ့်သူငယ်ချင်းအနေနဲ့ လိုက်ရတာ။ ယဉ့်မိဘကို ဂုဏ်မက်တယ်လို့ မောင် မစွပ်စွဲပါဘူး။ ဒါပေမဲ့ မောင်စိုးရိမ်တာ မလွန်ဘူးလို့ မောင်တော့ထင်တာပဲ။ ဘာပြုလို့ဆိုတော့ တချိန်ချိန်မှာ နှလုံးမြေကျအဖြစ်မျိုးနဲ့ ကြုံရမှာကို မောင်ကြောက်လို့ပဲ ယဉ်။ ဒါဟာလည်း ယဉ်နဲ့ခွဲရမှာကို မလိုချင်လွန်းလို့ တွေးမိတာပဲ။ ယဉ့်ကို ချစ်လွန်းလို့ ပူပန်ရတဲ့စိတ်ကို ဘယ်သူတားနိုင်မလဲ ယဉ် ”

ယဉ်သည် ကျွန်တော်တွေးသလို တွေးမိချေပြီထင်၏။ ကျွန်တော်ကြောင့်ကြသလို ကြောင့်ကြမိချေပြီထင်၏။ နှလုံးညစ်ထွေးဖွယ်စကားတို့ကို တမင်ပြောနေသည်မဟုတ်မှန်း ယဉ်သဘောပေါက်မိပြီထင်၏။ ကျွန်တော်ဆိုလိုသော အဓိပ္ပါယ်ကို ပြည့်ပြည့်စေ့စေ့ သိမြင်နိုင်ကောင်းပေပြီ။ ယဉ့်မျက်နှာသည် အခြေအနေအားလုံးကို ပေါင်းရုံးချင့်စာ၍ ယတိပြတ်ဆုံးဖြတ်သည့် အရိပ်အခြည်ဖြင့် တည်ငြိမ်လာသည်။ ညှိုးနွမ်းခြင်းလည်း မရှိ၊ ကြည်နူးခြင်းလည်း မပေါ်သော မျက်လုံးကို ကျွန်တော်တွေ့ရသည်။

“ ဒါဖြင့် မောင် ယဉ့်ကို ခုပဲခေါ်။ မောင်ခေါ်ရာနောက် ယဉ်လိုက်မယ်။ ယဉ် တကယ်ပြောတာနော်။ မောင် သွားစို့ ”

သူ့စကားကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်ရလေသည်။

“ အို…မောင် ဒီလိုပြောတာ မဟုတ်ဘူး ယဉ်။ ယဉ့်ကို မောင်ယုံပါတယ်။ မောင့်ကို အထင်မမှားစေချင်ဘူး ယဉ်ရယ်။ မောင်ပြောတာက…. ”

“ တော်ပါတော့ မောင်ရယ်။ ဟင့်အင်း….ယဉ်မကြားချင်ဘူး။ ခုပဲ မောင့်နောက်ကို ယဉ် လိုက်မယ်။ အဆင်းရဲဒုက္ခဆိုတာလည်း ယဉ်ခံနိုင်ပါတယ်။ ဘာမဆိုရင်ဆိုင်ဖို့ သတ္တိအပြည့်နဲ့ပါ မောင်။ ဟိုအရင်က မောင်ပြောပြောနေတဲ့ တကယ်ချစ်ရင် တကယ်စွန့်စားဝံ့တယ်ဆိုတာ ခုလက်တွေ့ပြမယ်။ လာ မောင်၊ ထ၊ သွားမယ် ”

ယဉ်သည် ထိုင်ရာမှ ထလိုက်သည်။ ကျွန်တော့်လက်ကို ဆွဲယူလိုက်သည်။

“ မောင့်စကားကို ယဉ်နားမထောင်တော့ဘူးလား။ မောင့်ကို အရွဲ့မတိုက်ပါနဲ့ ယဉ်။ မောင်ပြောချင်တာက တချိန်မှာ ပြဿနာဝင်လာရင် ယဉ် မောင့်ဘက်က ရပ်ဖို့ပဲ ”

“ သြော်…တချိန်ဆိုတာက ဝေးပါသေးတယ်။ ခုပဲ မောင်စိတ်ချရအောင် လိုက်မယ်လို့ ပြောပါပကော၊ သွားမယ်လေ၊ လာလို့ဆို ”

ကျွန်တော့်ကို အတင်းဆွဲ၍ခေါ်သည်။ ယဉ် စိတ်ထိခိုက်လောက်အောင် ခံစားနေရမှန်း ကျွန်တော် သိသည်။

“ ယဉ်ကကွယ် သိပ်ခက်တာပဲ။ မောင့်ကို တမျိုးသဘောပေါက်နေတယ် ”

“ မပေါက်ပါဘူး၊ မေတ္တာဆိုတာကို လက်တွေ့နဲ့တိုင်းတာပြမှ မောင်က ယုံချင်တာမို့ပါ။ ဘာလဲ တကယ်ပေါင်းဖို့ ခေါ်ပါဆိုတော့ မခေါ်ချင်ဘူးလား။ လက်ထပ်ဖို့အထိ ယဉ့်ကို ချစ်တာမဟုတ်ဘူးပေါ့။ ယဉ့်ကိုယူဖို့ကျတော့ မောင် သွေးကြောင်နေသလား ”

“ ခေါ်ချင်တယ် ယဉ်၊ သာပြီးခေါ်ချင်တယ်။ ဒါပေမဲ့ ယဉ်ဒုက္ခရောက်မှာကို မောင်မလိုလားဘူး။ မောင့်စီမံကိန်းကို ယဉ်သိလျက်သားနဲ့ ”

ယဉ်က ခေါင်းကိုသာ ခါမြဲခါ၏။

“ အို မလိုပါဘူး။ ငရဲတွင်းမှာပဲ နေရနေရ၊ ယဉ်နေနိုင်တယ် ”

“ ပြောပါ ယဉ်၊ ယဉ် မောင့်ကို နည်းနည်းမှ မသနားဘူး ”

ထိုစကားကြောင့် ယဉ်သည် ငိုင်ကျသွားသည်။

“ မောင့်ကို နားလည်ပါ ယဉ်ရယ် ”

ယဉ်သည် ကျွန်တော့်ကို ကြည့်သည်။

“ ချစ်လွန်းလို့၊ မခွဲချင်လွန်းလို့ ရင်ထဲကထွက်လာတဲ့ စကားတွေပါ။ နှလုံးသားထဲက မျိုသိပ်ထားလို့ မရတဲ့အထိ ဖြစ်နေရတဲ့ ယဉ်ကို ချစ်တဲ့စိတ်ပါ ”

ယဉ့်ကို ကျွန်တော် စေ့စေ့ကြည့်သည်။ ပခုံးနှစ်ဖက်ကို ဆွဲယူလိုက်သည်။ ကျွန်တော့်ရင်ခွင်ထဲသို့ အလိုက်သင့်ဝင်လာသည်။ “ မောင်က ယဉ့်ကိုမယုံဘူး ” ဟု ဆိုသည်။ “ ယုံပါတယ် ယဉ်၊ ယုံရလွန်းလို့ မယုံနိုင်စရာတွေ ဖြစ်မလာရအောင် ပြောနေရတာတွေပါ ” ဟု ပြန်ပြောလိုက်သည်။ ထိုစကားကို နှစ်သက်ဟန်ထင်၏။ ကျေအေးသောသဘောနှင့် ပြုံးလေသည်။ ထို့နောက် နှစ်လိုကြည်ဖြူစွာဖြင့် ကြာရှည်သော အနမ်းများ။ မည်ရွေ့မည်မျှ ကြာရှည်သွားပြီကို သတိမမူမိ။ ပတ်ဝန်းကျင်တွင် ဆောင်းမြူများ သန်းလာသည်။

“ ပြန်စို့ မောင် ”

လူချင်း ခွာလိုက်သည်။

“ မိဆွေလည်း စောင့်နေရတာ ပျင်းလှရောပေါ့ ”

“ မောင့်စိတ်ကတော့ ခဏလေးမှ တကယ့်ခဏလေးပဲ ”

လက်ချင်းတွဲ၍ ကန်စပ်မှ ကုန်းမြင့်ဆီသို့ လှမ်းတက်ကြသည်။ အင်းလျားလမ်းပေါ်သို့ ရောက်သည်အထိ လက်တွဲမဖြုတ်ကြ။ ဘွဲ့နှင်းသဘင် အဆောက်အအုံနောက်ဘက် ဆင်ဝင်ဘက်သို့ ဆက်လျှောက်သည်။ ဆင်ဝင်အောက်တွင် ‘ အနောက်လေနတ်သား ’ အမည်ရှိသောကားက စောင့်နေသည်။ ကားအနီးသို့ ရောက်သောအခါ ဒရိုင်ဘာအဘိုးကြီးသည် အိပ်ငိုက်လျက်ရှိသည်။ နောက်ဘက်ထိုင်ခုံပေါ်တွင် ဝတ္ထုစာအုပ်တအုပ်ကို ပျင်းပျင်းရိရိဖတ်နေသော မိဆွေကို တွေ့ရသည်။ မိဆွေသည် ယဉ့်အချစ်ဆုံး သူငယ်ချင်းဖြစ်သည်။ ကျွန်တော်နှင့်လည်း တတန်းတည်းသား သူငယ်ချင်း ဖြစ်သည်။

“ စောင့်လိုက်ရတာ လေးသင်္ချေနှင့် ကမ္ဘာတသိန်း။ ဘာတွေလုပ်နေကြလဲ မသိဘူး ”

(၂)

အိမ်သို့ပြန်ရောက်သောအခါ အတန်မျှ မိုးချုပ်နေပြီ။
အဖေသည် ကြက်သွန်ချိန်ရာမှ ကျွန်တော့်ကို လှမ်းပြောသည်။

“ သား ပြန်လာတာ နောက်ကျလှချည်လား ”

“ ဟုတ်ကဲ့ အဖေ၊ ကိစ္စလေး တခုရှိလို့ မိုးချုပ်သွားတာပါ ”

“ အေး အေး၊ ဒါဖြင့်လည်း မင်းညီနဲ့ ညီမတို့နဲ့ တခါတည်း ထမင်းဝင်စား၊ အဖေတော့ စားပြီးပြီ ”

“ အမေကော အဖေ ”

“ ပွဲဈေးထွက်တယ်လေ။ တော်ကြာမှ ကောင်မလေး ထမင်းသွားပို့လိမ့်မယ် ”

ရှပ်အင်္ကျီချွတ်ရင်းနှင့် အဖေ့အနီးတွင် ထိုင်လိုက်သည်။ ထိုအခိုက် ကလေးတယောက်က ရေနံဆီလာဝယ်သဖြင့် ကျွန်တော်က ရောင်းပေးရင်း…

“ လွင်ညွန့်တို့ကော လာသေးလားအဖေ ”

ရေနံဆီဝယ်သူကလေးထံမှ ပိုက်ဆံတမတ်လှမ်းယူရင်းနှင့် အဖေက ဖြေသည်။

“ လာတယ်ကွ၊ ဟိုအိမ်မှာ ရှိတယ်ထင်ရဲ့ ”

‘ ဟိုအိမ် ’ ဆိုသည်မှာ ကျွန်တော်တို့အိမ်နှင့် ခြေရင်းဘက်တအိမ်ကျော်ကို ဆိုလိုသည်။ ကျွန်တော့်သူငယ်ချင်း ဝင်းဆွေနှင့် မြင့်ကြည်တို့နှစ်ယောက် ငှားနေကြသော အိမ်ဖြစ်သည်။ ဝင်းဆွေက မိဘဆွေမျိုးအရင်းအခြာမရှိ၊ တယောက်တည်းသမား၊ မြင့်ကြည်ကလည်း သူ့နည်းတူဖြစ်သည်။ ဝင်းဆွေက ညဘက်တွင် သတင်းစာတိုက်၌ အလုပ်လုပ်၍ နေ့ဘက်တွင် ကျောင်းတက်သည်။ ကျွန်တော်နှင့် တတန်းတည်းသားဖြစ်သည်။
မြင့်ကြည်ကမူ ရုံးစာရေးလုပ်နေသည်။ ထိုအိမ်သည် ကျွန်တော်တို့ သူငယ်ချင်းတတွေ ဆုံရာသမဂ္ဂဖြစ်သည်။ ကျွန်တော်သည် ထိုအိမ်သို့ သွား၍နေသည်။

“ သား ထမင်းသွားစားလေ ”

“ ဟုတ်ကဲ့ ” ဟုဆိုကာ မီးဖိုချောင်သို့ ထွက်လာသည်။ ညီနှင့် ညီမတို့က ခူးခပ်ပေးသည်။ ထမင်းစားနေခိုက်တွင် ဌေးမြိုင်၊ အပါလွင်နှင့် ကြည်ရွှင်တို့ ရောက်လာကြသည်။

“ စားကြဦးကွာ ”

“ စားပြီးပြီ ” ဟု ဖြေကြသည်။

“ ဒီနေ့ တွေ့လိုက်ပါတယ်ကွာ၊ ဝမ်းသာပါတယ် ” ဟူသော ဌေးမြိုင်၊ စကားပြောမည်အပြုတွင် “ ငါကတော့ အထီးကျန်ပဲ၊ ဒါပေမဲ့ မင်းကိုကြည့်ပြီး ကြည်နူးမိပါတယ် ” ဟူသော ကြည်ရွှင့်စကား၊ တဆက်တည်း “ သုံးလေးလကြာရင် ငါတို့ ဒီကျောင်းက ခွာရတော့မယ်။ ဘွဲ့ရပြီးတဲ့နောက် ချစ်တဲ့သူနဲ့နေရဖို့ အရေးလည်း မင်းကြိုးစားရဦးမှာပါကလား သူငယ်ချင်းရာ…ဟင် ” ဟု အပါလွင့်စကား။ တစုံတရာ ပြန်ပြောမည့် ကျွန်တော့်ကို ဌေးမြိုင်က လက်ကာပြရင်း “ ထမင်းပြီးအောင်စား။ ဟိုအိမ်ကျမှ အေးအေးဆေးဆေး ပြောကြတာပေါ့။ လွင်ညွှန့်လည်း ရောက်နေတယ် ” ဟုဆို၍ ကမန်းကတန်းနှင့် ဝအောင် စားလိုက်ရသည်။ ပြီးမှ ထိုအိမ်သို့သွားကြသည်။

“ သိပ်ပြေလည်နေတယ်ပေါ့၊ ကြားပါတယ်၊ သာဓုပါပဲ ”

မြင့်ကြည်က နောက်လိုက်သည်။ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေသော လွင်ညွှန့်က….

“ မင်းနဲ့ ယဉ်နဲ့ စာကြည့်တိုက်ရှေ့က ဖြတ်သွားတာ မဟုတ်လား။ အဲဒီအချိန်မှာ ငါက စာကြည့်တိုက်အပေါ်က ကြည့်နေတာ ” ဟု ပြုံးစစနှင့်ဆို၏။
သူတို့က ဝိုင်း၍နောက်ကြ ပြောင်ကြသည်။ ဝမ်းသာသော အထိမ်းအမှတ်ဟုဆိုကာ လက်ခုပ်လက်ဝါး တီးလိုက်ကြသေးသည်။ သူတို့နည်းတူ ကျွန်တော်က ပြန်၍ နောက်သည်။ စသည်။ သူတို့နည်းမက ဝမ်းသာရသည်။ သို့သော်…

“ ယဉ့်ကို ချစ်မိတာ မှားများမှားနေသလားလို့ တခါတခါ တွေးမိတယ် ”

“ ဟာ…မင်းတော်တော်ညံ့နေသေးတဲ့ ကောင်ပဲ ” ဟု အပါလွင်က ဆို၏။

“ အေးလေ၊ ခုထိလာသေးတယ်၊ ပထမကတည်းက ကောင်မလေးက သူ့ကို သိပ်အခွင့်အရေးပေးလို့ ချစ်တယ်လို့ဖွင့်ပြောခိုင်းတာတောင် ဒီငတိက မပြောချင်ဘူးလေးဘာလေးနဲ့။ ခုလည်း ချစ်မိတာ မှားများမှားနေသလားတဲ့ ”

“ ဒီမယ် သူငယ်ချင်း။ လောကမှာ လူတန်းစားကွဲပြားတယ်ဆိုတဲ့ ငါ့စကားကို လက်ခံကြမှာမဟုတ်ဘူး၊ အလွှာချင်းမတူဘူး သူငယ်ချင်း၊ သူက ချမ်းမြေ့ရိပ်မြုံက ပေါက်ပွားလာတာ၊ ငါက လူဆင်းရဲရဲ့ သားသမီးကွ။ သူ့အဖေကဆိုရင် ဌာနတခုမှာ အကြီးဆုံးအရာရှိ၊ သူ့အမေကလည်း အရာရှိကြီး။ တိုက်နဲ့ကားနဲ့။ ငါ့မှာကတော့ မင်းတို့အသိပဲ။ ငါ့အဖေက ဒူလာစွဲလို့ အိမ်ဆိုင်ထိုင်ရောင်းနေရတယ်။ အမေက အကြော်သည်။ ဘဝချင်းရော၊ ဘဝပတ်ဝန်းကျင်ချင်းရော ဘယ်လိုမှမတူဘူး။ ဒါတွေဟာ အကြီးမားဆုံးပြဿနာပဲ။ ယဉ်ကရော ဒီအတားအဆီးတွေကို ကျော်နိုင်မတဲ့လား။ ယဉ်ဟာ မိန်းမတွေထဲက မိန်းမတယောက်ပဲ။ ထူးခြားတဲ့ သတ္တိရှိနိုင်တယ်ပဲ ထားဦး။ သူ့ပတ်ဝန်းကျင်ကို ဘယ်အတိုင်းအတာအထိ လွန်ဆန်ရဲပါ့မတဲ့လဲ။ ဒါပါ ”

“ ဒါကတော့ ယဉ့်မေတ္တာကို မင်းအထင်သေးတာပဲ ”

ကြည်ရွှင်က ဒေါနှင့်မောနှင့် ဆို၏။

“ မဟုတ်ပါဘူး ” ကျွန်တော်ငြင်းသော်လည်း ကြည်ရွှင်က လက်မခံ။

“ မေတ္တာတရားဟာ အင်အားကွ၊ မေတ္တာတရားဟာ သတ္တိကွ။ ကောင်မလေးက မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ ငါတို့က သိတယ်။ တို့သိသလောက် မင်းမသိဘူး။ မေတ္တာတရားဟာ ဘယ်လောက်ခက်တဲ့ အခက်အခဲကိုမဆို ကျော်လွှားနိုင်တယ်ဆိုတဲ့ ကဗျာဆရာရှယ်လီရဲ့ ကဗျာကို မဖတ်ဖူးရော့သလားကွာ ”

“ ဒီမယ်…တချိန်ကျလို့ မင်းတို့ပြဿနာ ဝင်လာပြီဆိုရင် ငါတို့က အစွမ်းကုန် ကူညီမယ်။ ထောင်ကျကျ၊ တန်းကျကျ၊ ဒါ တို့ရဲ့ကတိပဲ ”

အပါလွင်က ဆိုလိုက်သည်။

(၃)

ဘွဲ့ယူပြီး နှစ်ပတ်အကြာတွင် ဖြစ်၏။
တဝမ်းတခါးအတွက် အလုပ်ရှာရသည့်ထုံးစံအတိုင်း ခြေဆန့်နေခဲ့ရ၍ ယဉ်နှင့် မတွေ့ဖြစ်။ သည်နေ့နံနက်ပိုင်း အပြင်သို့ အလုပ်စနည်းနာထွက်မည်အပြုတွင် ယဉ့်သူငယ်ချင်း မိဆွေရောက်လာသည်။ စာတစောင်ထုတ်ပေးပြီး ချက်ချင်းလိုက်ခဲ့ရန် မိဆွေက ပြောသည်။ သုတ်သီးသုတ်ပျာ အခြေအနေများကြောင့် ဌေးမြိုင်တို့လူစုက အကဲခတ်နေသည်။

မောင်….
ယဉ်တော့ ရင်ကွဲရလိမ့်မယ် မောင်ရယ်။ မေမေတို့ သဘောတူတဲ့လူနဲ့ ပေးစားကြတော့မလို့တဲ့။ ယဉ်မကြံတတ်တော့ဘူး မောင်။ ငိုချင်နေတာပဲသိတယ်။ မောင် မိဆွေတို့အိမ်က စောင့်နေပါ။ ယဉ်အဆင်ပြေတဲ့အချိန် ထွက်လာမယ်။
ယဉ်

ထိုစာကိုဖတ်ပြီးတခဏ၌ သောကမီးသည် တမြေ့မြေ့လောင်မြိုက်လာသည်။ ရင်နှလုံးပူဆာ ညှိုးနွမ်းလာသည်။ ဌေးမြိုင်တို့ဘက်သို့ စာကို လှမ်းပေးလိုက်သည်။ သူတို့အားလုံးမှာ ဖတ်ပြီးပြီးချင်း မျက်လုံးဝိုင်းကုန်ကြသည်။

“ အချိန်မရှိဘူး၊ သွားရအောင် ” 

မိဆွေက ပြောသည်။

“ ဟေ့…ဘာမှ စဉ်းစားမနေနဲ့။ တခါတည်းသာ ခေါ်လာ။ တို့ဒီက အားလုံးအဆင်သင့်ဖြစ်နေမယ်။ သွား သွား ” 

ကြည်ရွှင်က ပြောသည်။
မိဆွေက သူ့ကားကို စက်နှိုးလိုက်သည်။ အပါလွင်က ကားပေါ်ကျွန်တော် မတက်မီ….

“ ဒီကိုသာ ခေါ်လာ။ ဒီကနေ လုံခြုံရာနေရာတွေ တို့ပို့ပေးမယ်။ မပူနဲ့ ” ဟုမှာသည်။
ဆယ့်ငါးမိနစ်အကြာတွင် မိဆွေတို့အိမ် ရောက်လာသည်။ မိဆွေက ယဉ့်ဆီသို့ တယ်လီဖုန်းဆက်သည်။ “ စောင့်ပါ ” ဟု ဆိုသည်။ တနာရီနီးပါးအကြာတွင် ယဉ် ရောက်လာသည်။ တွေ့လျှင်တွေ့ချင်း ငိုသည်။ မိဆွေက ရှောင်ထွက်သွားသည်။

“ ဘယ်လိုလုပ်မလဲ မောင်ရယ် ”

ကျွန်တော့်ရင်တွင် ခေါင်းအပ်၍ ရှိုက်သံနှင့်ဆိုသည်။ ပြီးမှ အကျိုးအကြောင်းရှင်းပြသည်။ အကျဉ်းအားဖြင့်ဆိုရသော် အမြင့်ဆုံးဘွဲ့နှစ်ခုကို နိုင်ငံခြားမှ ယူလာသူ၊ ဆွေကြီး မျိုးကြီး ဂုဏ်ဒြပ်ကြီးရှိသူတဦးနှင့် သူ့မိဘ သဘောတူကြောင်း၊ ကျွန်တော်နှင့် မည်သို့မျှသဘောမတူကြောင်း၊ ထို့ကြောင့် တလနှစ်လအတွင်း လက်ထပ်ရန် သူ့မိခင်က စီစဉ်နေကြောင်းတို့ပင် ဖြစ်သည်။

“ ဒီအရေးတွေကို မောင်တွေးမိလို့ လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကတည်းက ပြောခဲ့တာမဟုတ်လား။ ငိုမနေနဲ့ ယဉ်။ မောင်တို့ သတ္တိရှိရလိမ့်မယ်။ ယဉ့်မေတ္တာတရား၊ သစ္စာတရားတွေကို သတ္တိစိတ်ပေါ်မှာ လုံးဝအခြေစိုက်ရလိမ့်မယ်။ ဒီမယ် ယဉ်…ယဉ် မောင့်ကို ချစ်တယ် မဟုတ်လား။ ယဉ် တကယ်ဖြေ ”

ယဉ်က ခေါင်းညိတ်ပြရင်း …

“ ချစ်တယ် မောင်။ သိပ်ချစ်တယ်။ ချစ်ရလွန်းလို့ ရင်တွေလည်း ကွဲထွက်တော့မတတ် ယဉ့်မှာ ခံစားနေရပြီ ” ဟု ရှိုက်သံရော၍ ဖြေသည်။

“ ယဉ် မောင်နဲ့ ခွဲနိုင်သလား ”

“ အို…မောင်ရယ်၊ ဘယ်လိုများ မေးလိုက်တာလဲ။ မခွဲနိုင်လို့ ခုလို လာတွေ့နေရတာပေါ့ ”

ကျွန်တော် အံကြိတ်မိသည်။ ယဉ့်ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ယဉ်သည် ကျွန်တော့်မျက်လုံးကို စိုက်ကြည့်နေသည်။

“ လာလေ ယဉ်၊ သွားမယ်။ ဒရိုင်ဘာအဘိုးကြီးကို ‘ လမ်းထိပ်ခဏသွားမယ်။ ဒီကနေစောင့်ပါ ’ လို့ ပြောထားပြီး မောင်တို့ လွတ်ရာပြေးကြရအောင် ”

ယဉ်သည် ငိုင်တိငိုင်တိုင်နှင့် ကျွန်တော့်ကို ကြည့်နေသည်။

“ ယဉ် ဘယ်လိုလုပ်နေတာလဲ၊ ထ။ တော်တော်ကြာ မိဆွေအိမ်က လူကြီးတွေ ပြန်လာရင် ခက်ကုန်မယ်။ လာ ”

ယဉ့်လက်ကို ဆွဲလိုက်သည်။

“ မဖြစ်ဘူး ထင်တယ်မောင် ”

“ ဘာလို့ မဖြစ်ရမှာလဲ။ ဘာလဲ မောင်နဲ့နေရင် ဟိုလူ့လက်ထဲမှာလို ချမ်းချမ်းသာသာ မနေရမှာ စိုးလို့လား ”

“ အို မဟုတ်ပါဘူး မောင်ရယ်။ ယဉ့်ကို ဒီလိုမပြောပါနဲ့။ ယဉ်သေမိလိမ့်မယ် ”

မျက်ရည်ပေါက်တွေက သူ့ပါးပြင်သို့ လိမ့်ဆင်းလာသည်။

“ တချိန်တုန်းကတော့ ယဉ်က မောင့်ကို သွေးကြောင်တယ်ဆို။ ခု တကယ်တမ်း သွေးကြောင်တာက ဘယ်သူလဲ ယဉ်။ ဟင်…ယဉ် ဖြေစမ်းပါ ”

“ မဟုတ်ဘူး မောင်။ မောင်ပြောသလို မဟုတ်ဘူး။ ယဉ်လုပ်ချင်သလို လုပ်သွားရင် မေမေသေလိမ့်မယ်။ မေမေ့မှာ နှလုံးရောဂါရှိတယ်။ ယဉ့်သတင်းကြားရင် မေမေသေလိမ့်မယ်။ ယဉ် မေမေ့ကိုငဲ့ရဦးမယ် ”

“ ဒီအကြောင်းပြချက်တွေက ဝတ္ထုတွေထဲမှာ မောင်အများကြီး ဖတ်ဖူးပါတယ် ယဉ်။ ရိုးနေပါပြီ ”

ယဉ်သည် ကျွန်တော့်လက်ကို ဖျစ်ညှစ်ကာ “ အပြောရက်စက်လိုက်တာ မောင်ရယ်။ ယဉ့်မေတ္တာတရားကို ယဉ်ပဲ သိပါတယ် ” ဟု ဆိုသည်။

“ ကဲ…ယဉ် တခုပဲ ဖြေပါ ”

ယဉ်သည် မာကျောသော ကျွန်တော့်စကားကြောင့် မျက်လုံးဝိုင်းသွားသည်။

“ ဒီလိုဆို ယဉ့်မေမေ့စကားကို နားထောင်လိုက်မယ်ပေါ့ ”

ငေးကြည့်နေရုံမှအပ လုံးဝမဖြေ။

“ ဖြေလေ ယဉ် ”

ကျွန်တော့်ရင်ထဲတွင် ဆူလှိုက်နေသည်။ ယဉ်သည် ငိုနေသည်။

“ ဖြေလို့ဆိုတာ… ”

အော်ဟစ်လိုက်သလို ဖြစ်သွားသည်။ ယဉ်သည် ချုံးပွဲချ၍ ငိုသည်။ သူ့ပခုံးကိုလှုပ်ကာ ကျွန်တော်မေးသည်။ ကြိမ်ဖန်များစွာ မေးလိုက်သည်။ ဆူဆူညံညံအသံကြောင့် မိဆွေသည် အိပ်ခန်းဘက်မှ ထွက်လာသည်။ အံ့အားသင့်သောအကြည့်နှင့် ကျွန်တော်တို့နှစ်ယောက်ကို ကြည့်သည်။ မိဆွေသည် ယဉ့်အပါးသို့ တိုးကပ်လိုက်သည်။ ယဉ်က မိဆွေကို ဖက်ကာငိုသည်။

“ ဖြေလို့ဆိုတာ ယဉ် မဖြေတော့ဘူးလား၊ ရက်စက်တာက ယဉ်ပါ ”

မိဆွေက “ ယဉ် ဖြေလိုက်လေကွယ် ” ဟု ဝင်ထောက်သည်။ အတန်ကြာမှ…

“ နားထောင်လိုက်ရပေမဲ့ မောင့်ကို ယဉ်ချစ်ပါတယ်။ မောင့်ကိုပဲ ချစ်ပါတယ်။ အို…ယဉ့်ကို သတ်သွားပါတော့ မောင်ရယ် ”

ပြတ်သားသွားပေပြီ။ အပြီးတိုင်ဆုံးရှုံးသွားပြီဟု သိလိုက်ရပါပြီ။ စကားမဆိုသာတော့ပြီ။ သတိလက်လွတ်လည်း ဖြစ်ရပါပြီ။ ယဉ့်ရှေ့တွင် မည်မျှကြာအောင် ရပ်နေမိသည်မသိ။ သိသည့်ခဏ၌ ရုတ်ခြည်းပင် ထိုအိမ်ပေါ်မှ ဆင်းလိုက်သည်။ ယဉ့်ငိုသံသည် ပဲ့တင်ခတ်နေသည်။

(၄)

“ ဟေ့ ဘယ်နှယ့်လဲ၊ ဘာတဲ့လဲ၊ ဘယ်လို စီစဉ်ခဲ့သလဲ ”

ဝင်းဆွေက အိမ်ထဲသို့ မရောက်သေးသော ကျွန်တော့်ဆီသို့ အပြေးထွက်၍မေးသည်။ အိမ်ပေါ်သို့ ရောက်သောအခါ ဌေးမြိုင်၊ မြင့်ကြည်။ လွင်ညွှန့်၊ အပါလွင်နှင့် ကြည်ရွှင်တို့က ဝိုင်း၍မေးကြသည်။ ရှည်ရှည်ဝေးဝေး မဖြေလိုတော့။

“ ယဉ် သူ့အမေစကားကို နားထောင်သွားပြီ ”

“ ဟင် ”

ကြည်ရွှင်က “ ဟင် ” ခနဲ အာမေဍိတ်ပြုလိုက်သည်။ အားလုံးမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ မျက်စိမျက်နှာ ပျက်သွားကြသည်။ ငိုင်နေကြသည်။ တယောက်ကို တယောက် စကားတလုံးမျှ မပြောမိကြ။ အတန်ကြာသော် ကြည်ရွှင်က ဟိုလိုလို သည်လိုလို အိမ်ပေါ်မှ ဆင်းသွားသည်။ ထို့နောက် တယောက်ပြီးတယောက် အိမ်ပေါ်မှ ရှောင်သွားကြသည်။
အိပ်ရာပေါ်သို့သွားလှဲ၍ စိတ်သက်သာရာ ရှာမိသည်။ ရင်ထဲ၌ မီးတောက်နေသည်ထင်၏။ မြည်တမ်းဖွင့်ဟလို၍ ဌေးမြိုင်တို့လူစုကို မျှော်မိသည်။ သို့သော် ညဉ့်နက်သည်အထိ ပြန်မလာကြသေး။
နှစ်ပါးသွားတုန်းကမူ လက်ခုပ်လက်ဝါး ဝိုင်းတီးပေးခဲ့ကြသည်။ သို့ရာတွင် အလွမ်းခန်း အပူတိုက်ကျတော့မူ ကျွန်တော်တယောက်တည်း။ ။

---

#ငြိမ်းကျော်
#တယောက်တည်း

#shared_by_louis_augustine
#sbla

Comments