ဇာတ်လမ်းဆိုတာ ဘာလဲ // အောင်သင်း

ဇာတ်လမ်းဆိုတာ ဘာလဲ // အောင်သင်း

(ရှုမဝရုပ်စုံမဂ္ဂဇင်း ဧပြီ၊ ၁၉၇၅)

---

မသိဘူးလားဆိုတော့လဲ သိတယ်၊
သိသလားဆိုတော့လဲ မသိဘူး။
လာမမေးရင် သိတယ်၊
လာမေးရင် မသိတော့ဘူး။

ဤစကားစုကလေးများ၏ အဓိပ္ပာယ်ကို ကြာလေသဘောကျလေ ဖြစ်လာပါသည်။ မကြာခဏ ရွတ်နေမိတတ်ပါသည်။ သိသလိုလိုနှင့် အပြောရ ခက်သော ပြဿနာများကို ကြုံတိုင်း ဤစကားစုကို သတိရမိပါသည်။ စာဖတ်သူလည်း ကြုံဖူးမည် ထင်ပါသည်။

သူငယ်ချင်းတယောက်က အမှတ်မထင် ဘယ်လက်နဲ့ ညာလက်ဆိုရင် ဘယ်လိုလုပ်ပြီး ခွဲခြားပြောမလဲဟု မေးဖူးပါသည်။ ကျွန်တော် မဖြေတတ်ခဲ့ပါ။ ဒီဟာက ဘယ်လက်၊ ဒီဟာက ညာလက်ဆိုပြီး လက်ကို မြှောက်ပြရန်တော့ လွယ်ပါသည်။

သို့သော် သရုပ်ခွဲပြီး ပြောရန်မှာ အတော်ခက်ပါသည်။ အဘိဓာန်တွင် ကြည့်သောအခါ မြောက်ဘက်ကို မျက်နှာမူထားရင် အနောက်ဘက်က လက်သည် ဘယ်လက်ဖြစ်သည် ... စသည်ဖြင့် အရပ်မျက်နှာနှင့် တွဲဖက် ညွှန်ပြထားပါသည်။ သို့သော် မိမိကိုယ်ခန္ဓာတခုထဲတွင် ညွှန်ပြရန် ခက်ပါ သည်။ လပေါင်းများစွာကြာမှ နှလုံးခုန်တဲ့ဘက်ဟာ ဘယ်ဘက်ပေါ့ဟု တွေးမိပါသည်။ ဒါတောင် ဆရာကြီးရွှေဥဒေါင်း၏ လျှို့ဝှက်သည်းဖိုဝတ္ထုတပုဒ်တွင် လူတသောင်းတွင် တယောက် တွေ့ရန်ခဲယဉ်းသော “လက်ယာဘက်တွင် နှလုံးတည်နေမှု” ဟူသော စကားကို တွေ့လိုက်ရ၍ ခွကျနေပါသေးသည်။ ဤသို့လျှင် သိပါလျက် အပြောခက်သော ပြဿနာပေါင်းမြောက်မြားစွာ ရှိသည့်အနက် ‘ဇာတ်လမ်းဆိုတာ ဘာလဲ”ဆိုသည်မှာလည်း ပြဿနာတခု ဖြစ်သည်ဟု ထင်မိပါသည်။

ဇာတ်လမ်းဆိုတာ ဘာလဲ။

ဇာတ်လမ်းဆိုတာ ဘာလဲ၊ လူတိုင်း သိကြပါသည်။ သို့သော် ပြောစမ်းပါ ဆိုလျှင်ကား အူလည်လည် ဖြစ်နေတတ်ကြပါသည်။ (ကျွန်တော်လည်း ဖြစ်ပါသည်။) ကျွန်တော်၏ မိတ်ဆွေ လူပေါင်းသုံးဆယ်လောက်ကို မေးကြည့်ဖူးပါသည်။ အချို့မှာ စာသမား ပေသမားများ ဖြစ်နေ၍ ရုတ်တရက် မဖြေပါ။ အချို့ကမူ “ပြောလို့ မဖြစ်ဘူးကွ” ဟု ဖြေသွားကြပါသည်။ များသော အားဖြင့် တွေ့ရသော အဖြေများမှာ ...

“ဇာတ်လမ်းဆိုတာ အဖြစ်အပျက်ပေါ့”

“ပြဇာတ်တို့ ဝတ္ထုတို့ရဲ့ ကျောရိုးပေါ့”

“ဇာတ်ဆောင်တွေ လှုပ်ရှား လုပ်ဆောင်တာကို မှတ်တမ်းတင်ထားတာပေါ့"

“အဖြစ်အပျက်တွေကို အစီအစဉ် လုပ်ထားတာပေါ့”

စသည်ဖြင့် အမျိုးမျိုး ဖြေကြပါသည်။ ဇာတ်လမ်းဆိုတာ အဖြစ်အပျက် ဆိုရင် အဖြစ်အပျက်တိုင်းဟာ ဇာတ်လမ်းလားဟု ပြန်မေးလိုက်သော အခါတွင်ကား ...

“ဟာ မဟုတ်ဘူးဗျ၊ ခွတော့ ခပ်ကျကျပဲဗျို့”

ဟု စသည်ဖြင့် ပြော၍ ရယ်မောကြပါသည်။

“အဖြစ်အပျက်တွေကို အစီအစဉ်ကျအောင် လုပ်ထားတာဆိုရင် နိုင်ငံတော်အလံ သယ်ယူလာပုံ အဆင့်ဆင့်ကို ရုပ်ရှင်သတင်းကားပြရင် ဇာတ်လမ်း ခေါ်မလား” စသည်ဖြင့် ပြန်မေးလိုက်သောအခါတွင်လည်း ထိုနည်းတူပင် အူလည်လည် ဖြစ်သွား တတ်ကြပါသည်။

သူတို့ကလည်း ပြန်ပြီး မေးတတ်ကြပါသည်။

“ကဲ ... လုပ်စမ်းပါဦး၊ ခင်ဗျားကလဲ ဖြေပြဦးမှပေါ့ဗျာ၊ ဇာတ်လမ်း ဆိုတာ ဘာလဲ”

“ကျွန်တော်လဲ မပြောတတ်ဘူးဗျ၊ ဒါကြောင် ခင်ဗျားတို့ကို မေးကြည့်နေရတာပေါ့”

ဤသို့လျှင် ဟိုမေး၊ သည်မေး မေးပြီး ဤဆောင်းပါးကို ရေးမိခြင်း ဖြစ်ပါသည်။

အဘယ်ကြောင့် ‘ဇာတ်လမ်း” အကြောင်းကို ဤမျှ ရေးကြီးခွင်ကျယ် လုပ်နေသနည်းဟု မေးစရာရှိပါသည်။ ဒီဝတ္ထုက ဇာတ်လမ်း သိပ်ကောင်းတာပဲ၊ ဒီရုပ်ရှင်က ဇာတ်လမ်းမကောင်းဘူး စသည်ဖြင့် ကျွန်တော်တို့ ပြောတတ်ကြပါသည်။ ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်း ဖတ်လိုသူများအတွက် ဘယ်သူ ဘယ်ဝါ ရေးလိုက်သော ဘာဝတ္ထုကြီး စသည်ဖြင့်လည်း စာအုပ်ကြော်ငြာ တတ်ကြပါသည်။ ဤသို့လျှင် ဇာတ်လမ်းကောင်းတယ်၊ ဇာတ်လမ်းမကောင်းဘူး စသော အဆင့်တွင်ကား ပြဿနာမပေါ်သေးပါ။

သို့သော် ဇာတ်လမ်းပဓာန ဝတ္ထု၊ ဇာတ်လမ်းမဲ့ ဝတ္ထု စသည့် ဝေါဟာရ များ ပေါ်လာသည့်အခါ “ဇာတ်လမ်းဆိုတာ ဘာလဲ” ဆိုသော ပြဿနာက ခပ်ရေးရေး ဝင်လာပါပြီ။

ထို့ပြင် ဝတ္ထုတို ကိစ္စတွင် ဇာတ်လမ်း ဘာမှမပါဘူး၊ ဇာတ်လမ်း လုံးဝ မရှိဘူး၊ “ဝတ္ထုတို” မှာ ဇာတ်လမ်းမရှိဘူး စသည့် အပြောအဆိုများ ဝင်လာသော အခါ “ဇာတ်လမ်းဆိုတာ ဘာလဲ” ဟူသော ပြဿနာက ပို၍ တက်လာပါတော့သည်။

သည်ထက် ပြဿနာတက်လာသော ကိစ္စလည်း ရှိပါသေးသည်။

မကြာသေးမီက နာမည်ကြီး စာရေးဆရာတဦးက ရုပ်ရှင်ရိုက်ခွင့်အတွက် ရုပ်ရှင်ရိုက်မည့် အကြောင်းအရာ (subject) ကို တင်ပြပြီး ရုပ်ရှင်ဇာတ်လမ်း စိစစ်ရေးအဖွဲ့သို့ ခွင့်တောင်းသည်။ အဖွဲ့က ဇာတ်လမ်းတင်ပြပါဟု ဆိုသည်။ ထိုစာရေးဆရာက “ကျုပ်ရိုက်မယ့် ရုပ်ရှင်ကားမှာ ဇာတ်လမ်းမပါဘူး ဇာတ်လမ်းဆိုတာ ခင်ဗျားတို့က ဘာကို ပြောချင်တာလဲ၊ ဇာတ်လမ်းမပါဘဲ ရိုက်မယ့် ရုပ်ရှင်ကားအတွက် ဇာတ်လမ်းအကျဉ်းကို ဘယ်လိုလုပ် တင်ပြနိုင်ပါ့ မလဲ” စသည်ဖြင့် ပြောကြဆိုကြသည်ဟု ခပ်သဲ့သဲ့ ကြားလိုက်ရပါသည်။

ထိုစာရေးဆရာနှင့် စီစစ်ရေး အဖွဲ့ကတော့ ဘယ်လိုဆက်ပြီး ဆွေးနွေးကြသည် မသိပါ။ ကျွန်တော့်မှာကား ပြဿနာဖြစ်နေရစ်ပါတော့သည်။ ယခုတိုင် ကျွန်တော်လည်း ရေရေရာရာ မပြောတတ်သေးပါ။ ကျွန်တော် မှတ်သားဆင်ခြင်မိသမျှကိုတော့ ကျွန်တော်နှင့်ဘဝတူ ဝတ္ထုဖတ်သမားများအား တင်ပြလိုက်ပါသည်။

ဆရာကြီး အီး၊ အမ်၊ ဖော်စတာ (E. M. Forster) ဟောပြော ပို့ချ ချက်များ ဖြစ်သော ဝတ္ထုသဘော ရှုထောင့်အသွယ်သွယ် (Aspects of the novel) စာအုပ်သည် အတော်လေး သြဇာကြီးပါသည်။ ဇာတ်လမ်း (Plot) နှင့် ပတ်သက်လျှင် သူ၏ အဆိုအမိန့်ကို ညွှန်းကြသူ အတော်များသည်။ မြန်မာပြည်တွင်လည်း ဆရာဇော်ဂျီ၊ ဆရာတက်တိုးတို့လို စာပေပညာရှင်များက ညွှန်းပြခဲ့ဖူးသောကြောင့် စာဖတ်သူလည်း တွေ့ဖူးပြီး ဖြစ်ပါလိမ့်မည်။ သို့သော် ထပ်မံဖော်ပြလိုက်ပါသည်။ ဆရာကြီးက အဖြစ်အပျက် (Story)နှင့် ဇာတ်လမ်း (Plot)ကို ဤသို့ခွဲခြားပြပါသည်။

“ရှင်ဘုရင်ကြီး နတ်ရွာစံသည်။ ထို့နောက် မိဖုရားကြီးလည်း နတ်ရွာစံ လေသည်။”

ဤသည်မှာ အဖြစ်အပျက် (Story)မျှသာ ဖြစ်သည်။ ရှေ့ဖြစ် နောက်ဖြစ်သဘော၊ အချိန်ကာလသဘောကသာလျှင် လွှမ်းမိုးနေသည်။ အဖြစ် အပျက်တို့ချင်း ဆက်စပ်မှု မရှိ။

“ရှင်ဘုရင်ကြီး နတ်ရွာစံလေ၏။ ထို့ကြောင့် မိဖုရားကြီးလည်း ရင်ကွဲ နာကျ၍ ကံတော်ကုန်လေသတည်း။”

ဤတွင် ဇာတ်လမ်း(plot)ဖြစ်လာလေပြီ။ ဇာတ်လမ်းတွင် ရှေ့နောက် အချိန်ကာလသဘောထက် ကျိုးကြောင်းဆက်စပ်မှု သဘောက ပို၍ လွှမ်းမိုး လာသည်။

“မိဖုရားကြီး ကံတော်ကုန်လေပြီ။ ပထမသော် အကြောင်းရင်းကို မသိကြကုန်၊ နောင်သောအခါမှ ရှင်ဘုရင်ကြီး နတ်ရွာစံသည့်အတွက် ရင်ကွဲနာ ကျရကြောင်း သိရလေသတည်း။”

ဤအဆင့်တွင်ကား ကျိုးကြောင်းဆက်စပ်ထားသဖြင့် ဇာတ်လမ်း ဖြစ်လာရုံမျှမက ရှေ့ဖြစ်နောက်ဖြစ် အချိန်ဇယားစဉ်ကို ဂရုမပြုတော့ဘဲ ကျိုးကြောင်းဆက်စပ်မှုတွင် မြှုပ်ကွက်ကလေး ထည့်ထားခြင်း စသည်တို့ကြောင့် ဇာတ်ရှိန်မြင့် လာနိုင်သော ဇာတ်လမ်း ဖြစ်လာလေပြီ။

ဇာတ်ဆောင် စရိုက် သရုပ်ပီရန် ပြေပြစ်ဆီလျော်စွာ ပြောင်းလဲတိုးတက် သင့်သည်။ ဇာတ်လမ်းမှာမူ အံ့အားသင့်စရာကလေး ပါသင့်သည်။ အချုပ်ကိုဆိုလျှင် “ပြီးတော့ ဘာဖြစ်သလဲ”ဟု မေးလျှင် အဖြစ်အပျက် (story) ဖြစ်၍ “ဘာပြုလို့လဲ” ဟုမေးလျှင် ဇာတ်လမ်း(plot) ဖြစ်သည်။ (ဤသည်တို့မှာ ဆရာကြီးဖော်စတာ၏ အဆိုအမိန့်များ ဖြစ်ပါသည်။) 

ဆရာကြီး ဆွန်းမားဆက်မွန်ကမူ ...

“အချို့ပညာရှင် နိဿရည်းဆရာများက အဖြစ်အပျက်နှင့် ဇာတ်လမ်း ပြတ်ပြတ်သားသား ခွဲခြားလိုက်ပုံကို ကျွန်ုပ်နားမလည်နိုင်ဟု ဆိုချင်သည်။ ဇာတ်လမ်းဆိုသည်မှာ အဖြစ်အပျက်ချထားစရာ ဇယားစဉ်မျှသာ ဖြစ်သည်” ဟု ဆိုပါသည်။

ဆရာကြီး ဖော်စတာ၏ အာဘော်ကို ချူပ်ကြည့်လျှင် “ဇာတ်လမ်း ဆိုသည်မှာ အဖြစ်အပျက်များကို ကျိုးကြောင်းဆက်စပ်ပြထားသော ဖြစ်စဉ်၊ မြှုပ်ကွက်ကလေးများ ထည့်သွင်းခြင်းအားဖြင့် နှစ်သက်ဖွယ်ဖြစ်အောင် ပြုလုပ် နိုင်သည်။” ဤသို့ယူရမည် ထင်ပါသည်။

တဖန် ဆန်းစစ်ပုံ နောက်တမျိုးကိုလည်း တင်ပြချင်ပါသေးသည်။ ဤသဘောတရားမှာ ယခုမှပေါ်လာနေသည် မဟုတ်ပါ။ ကြာလှပါပြီ၊ ရှေးဟောင်း ဂရိပြဇာတ်များခေတ်ကပင် ပေါ်ခဲ့သော ရှုထောင့်များ ဖြစ်ပါသည်။ ဇာတ်လမ်းတခုတွင် ပါဝင်နေတတ်သော လက္ခဏာ တို့မှာ ... 

၁။ ရည်ရွယ်ချက် (စေတနာ)ပြောင်းပြန်ဖြစ်ခြင်း၊ (Reversal of intention)

၂။ သိလာခြင်း(Recognition)

၃။ ကြမ္မာဆိုးဝင်ခြင်း (Tragic incident or Catastrophe)

ရည်ရွယ်ချက် ပြောင်းပြန်ဖြစ်ခြင်း

ရည်ရွယ်ချက် ပြောင်းပြန်ဖြစ်ခြင်း ဆိုသည်မှာ စေတနာကြောင့် ဝေဒနာ ဖြစ်ခြင်း၊ “စိုင်ကော်လို့ ချုံပေါ်ရောက်ခြင်း၊ ပေါ့စေလို၍ ကြောင်ရုပ်ထိုး ဆေး အတွက်လေး၊ မြို့ဝန်မင်းစောင်မလို့ ထောင်ကျ” ဆိုသည့် သဘာမျိုး ဖြစ်ပါသည်။ ဆဒ္ဒန်မင်းက မေတ္တာကြောင့် အင်ကြင်းပင်ကို ဦးကင်းနှင့် ဝှေ့ရာ စူဠသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ ခါချဉ်ထုပ်ကျပြီး ဆင်မင်းအား အငြိုးဖွဲ့မှားခြင်းမျိုး ဖြစ်ပါသည်။ စေတနာကောင်းဖြင့် ပြုပါလျက် ဆိုးကျိုးပေးခြင်း၊ စေတနာဆိုးဖြင့် ပြုပါလျက် ကောင်းကျိုးပေါ်ခြင်း စသည်တို့ဖြစ်ပါသည်။ ကျွန်တော်တို့၏ ကိုယ်တွေ့ဘဝတွင်လည်း မကြံသော်လည်း ဖြစ်၊ ကြံသော်လည်း နစ်ခြင်း၊ စေတနာကြောင့် ဝေဒနာဖြစ်ရခြင်း စသည်တို့ မကြာခဏ ကြုံကြရသည်ဟု ထင်မိပါသည်။

သိလာခြင်း

သိလာခြင်းဆိုသည်မှာ အမြင်မှန် ရလာခြင်း၊ အမြင်သစ်ကို ရလာခြင်းကြောင့် ဇာတ်ဆောင်အချင်းချင်း တဦးကို တဦး ချစ်လာမှု၊ မုန်းလာမှုတို့ကို ပေါ်ပေါက် စေသော သဘောဟု ဆိုပါသည်။ ဆဒ္ဒန်ဆင်မင်း၏ အစွယ်ကို ရသောအခါမှ ဆင်မင်း၏ မေတ္တာကို သိရသောကြောင့် စူဠသုဘဒ္ဒါမှာ နောင်တပူပန်ခြင်းဖြင့် ရင်ကွဲနာကျရသော သဘောမျိုး ဖြစ်ပါသည်။

ကြမ္မာဆိုးဝင်ခြင်း

ကြမ္မာဆိုးဝင်ခြင်း ဆိုသည်မှာ (ကံမကောင်း၍) ကြမ္မာဆောင် သားကောင် ဆိတ်ဖြစ်ရခြင်း၊ သေကြေပျက်စီးကြရခြင်း စသည်တို့ကို ဆိုလို ပါသည်။ ပဋာစာရီဝတ္ထုတွင် လင်ဖြစ်သူ ကိုဒါသ မြွေကိုက်သေဆုံးခြင်း၊ သားငယ် နှစ်ဦး ရေနစ် စွန်ချီဖြစ်ရခြင်း၊ မြေငလျင်ကြောင့် မိဘနှစ်ပါး ပျက်စီးရခြင်း စသည်တို့ ဖြစ်ပါသည်။ မမြင်သာသော ကံအကြောင်းတရားကြောင့် ဘေးဆိုးကြီးများ ကျရောက်ခြင်းကြောင့် ဇာတ်ဆောင်တို့၏ ဘဝလမ်းကြောင်း ပြောင်းသွားရသည့် သဘောဖြစ်ပါသည်။

တဖန် ထိုသုံးမျိုးစလုံးကြောင့် အားပြိုင်မှုတို့ ဖြစ်ပေါ်လာတတ်ခြင်းကို လည်းကောင်း၊ ထိုသုံးမျိုးစလုံး၏ အကျိုးမှာ ဘဝလမ်းကြောင်း ပြောင်းလဲ စေခြင်းသာလျှင် ဖြစ်ကြောင်းကိုလည်းကောင်း သတိပြုမိပါသည်။

ဤသည်တို့မှာ စာအုပ်ထဲတွင် တွေ့ရသော သဘောတရားများ ဖြစ်ပါသည်။ ကျွန်တော့်ဘဝ ဇာတ်ကြောင်းကို ဆရာမောင်ထင် ပြောသကဲ့သို့ ဝိပဿနာ တင်ကြည့်သောအခါတွင်လည်း ဘဝလမ်းချိုးမှတ်တိုင်များသည် ထိုသုံးမျိုးနှင့် ပတ်သက်နေတတ်သည်ဟု သတိပြုမိပါသည်။ ကျွန်တော်သည် ကျောင်းဆရာတယောက်ဖြစ်ရာ ကျွန်တော်၏ ပတ်ဝန်းကျင်မှာ ကျောင်းသားပတ်ဝန်းကျင် ဖြစ်သည်ဟု ဆိုရပါမည်။ ထို့ကြောင့် ကျောင်းသားမြောက်မြားစွာတို့၏ ဘဝနှင့် ထိတွေ့ခဲ့ရပါသည်။ သူတို့လည်း သူတို့၏ဘဝဇာတ်ကြောင်းများကို ရင်ဖွင့်လာကြခြင်း၊ အကူအညီတောင်းခြင်း၊ အကြံဉာဏ်တောင်းခြင်း စသည်တို့ ပြုတတ်ကြပါသည်။ သူတို့ပြောသမျှ အဖြစ်အပျက်တို့အနက် စိတ်ဝင်စားဖွယ်ရာ ရှိလှ၍ မမေ့နိုင်သော အဖြစ်အပျက် တို့ကို ပြန်လည်ဆင်ခြင်ကြည့်သောအခါတွင်လည်း ဤသုံးမျိုးနှင့် ပတ်သက်ကြောင်း သတိပြုမိပြန်ပါသည်။

ထို့ပြင် “ရတနာပုံ”၊ “ပန်းသာမစာဥ” တို့မှ စ၍ ဂျာနယ်ကျော်မမလေး၏ “သွေး”၊ မြသန်းတင့်၏ “ဓားတောင်” စသည့် ဝတ္ထုများကို ဆင်ခြင်ကြည့်လိုက် သောအခါတွင်လည်း ဤသုံးမျိုးပါဝင်နေသည်ကိုပင် တွေ့ရပြန်ပါသည်။ ယုတ်စွ အဆုံး မြန်မာ့အသံ ဇာတ်လမ်းပမာ ကဏ္ဍတွင် ရေပန်းစားခဲ့သော သော်တာဆွေ ၏ “လူ့မနော” ဒန့်ဒလွန်သီး ဇာတ်လမ်းကလေးသည်ပင် ဤသဘောတရား မလွတ်ကြောင်း သတိပြုမိပါလိမ့်မည်။

တခု သတိပြုသင့်သည်မှာ ဤသုံးမျိုးစလုံးမှာ အပြောင်းအလဲတို့၏ အကြောင်းရင်းများ ဖြစ်နေကြောင်းပင် ဖြစ်ပါသည်။ ဇာတ်ဆောင်တို့၏ ဘဝ လမ်းကြောင်း ပြောင်းလဲမှုကို ပဓာနထား၍ သုံးသပ်သော ရှုထောင့်ဖြစ်သည်ဟု ဆိုသင့်ပါသည်။ ထို့ပြင် စေတနာပြောင်းပြန်ဖြစ်ခြင်းနှင့် သိလာခြင်းတို့မှာ စိတ်ပိုင်းနှင့်သက်ဆိုင်သည်ဖြစ်၍ ဇာတ်လမ်းနှင့်သာမက ဇာတ်ဆောင်နှင့်လည်း ပတ်သက်နေကြောင်း သတိပြုသင့်ပါသည်။ ဆိုလိုသည်မှာ ဘေးဆိုး ကြမ္မာ ဆိုးတခုသည် မိမိအလိုဆန္ဒမပါဘဲ ဝင်ရောက်လာနိုင်သော်လည်း ပထမနှစ် ချက်မှာ မိမိ၏ စိတ်စေတနာနှင့် ဆက်စပ်နေသည်ဟု ထင်ရပါသည်။ (ထို့ကြောင့် ဝတ္ထုရေးသူသည် ဘေးဆိုးကြမ္မာဆိုးဝင်ရောက်ခြင်းကို မိမိစိတ်ကြိုက် ထည့်သွင်း နိုင်ခွင့် ရှိကောင်းရှိမည်ဖြစ်သော်လည်း ပထမနှစ်ချက်ကိုမူ ဇာတ်ကောင်၏ စေတနာကိုပါ ထည့်သွင်းစဉ်းစားရပေလိမ့်မည်ဟု ကောက်ချက်ချနိုင်လိမ့်မည် ထင်ပါသည်။)

အရစ္စတိုတဲလ်ကမူ “ဇာတ်လမ်းကောင်းကြီးများ၏ ဇာတ်ကွက်များတွင် စေတနာပြောင်းပြန်ဖြစ်ခြင်းနှင့် သိလာခြင်းတို့ ပေါင်းစပ်နေတတ်သည်” ဟု ဆိုပါသည်။ သို့သော် ထိုခေတ်က အလွမ်းဇာတ်ကြီးများ ခေတ်စားနေချိန် ဖြစ်ကြောင်းကိုလည်း သတိပြုသင့်ပါသည်။ ကျွန်တော်လည်း မြန်မာပြည်တွင် နာမည်ကြီးခဲ့သော အကယ်ဒမီရုပ်ရှင်ကားကြီးများဖြစ်သည့် “ချစ်သက်ဝေ”၊ “ရတနာပုံ”၊ “ဘဝသံသရာ” ရုပ်ရှင်ကားများကိုလည်းကောင်း၊ မြန်မာလူမျိုးတို့ကြိုက်နှစ်သက်ကြသော “အာရာဒါးနား”၊ “အက်ခ်ဖူးလ်ဒိုးမာလီ”၊“မားသား အင်ဒီးယား” စသည့် အိန္ဒိယရုပ်ရှင်ကားများကိုလည်းကောင်း သတိရမိပါ သေးသည်။

အချုပ်ကို ဆိုရလျှင် အထက်ပါ လက္ခဏာသုံးမျိုးအနက် တမျိုး ကြောင့်လည်းကောင်း၊ နှစ်မျိုးကြောင့်လည်းကောင်း၊ သုံးမျိုးစလုံးကြောင့် လည်းကောင်း ဘဝအပြောင်းအလဲ ဖြစ်သွားခြင်းကိုပင် ဇာတ်လမ်းဟု ဆိုရမည် ထင်ပါသည်။

ထို့ကြောင့် ကျွန်တော်တို့ ယနေ့ ယေဘုယျ ပြောဆိုနေကြသည့် သဘောအရဆိုလျှင် ဇာတ်လမ်းဆိုသည်မှာ ဇာတ်ဆောင်တို့၏ ဘဝလမ်းကြောင်း အသိအမြင်ကို (မမျှော်လင့်ဘဲ) ပြောင်းလဲသွားစေသည့် အဖြစ်အပျက်များကို ကျိုးကြောင်းဆက်စပ်ပြထားသော ဖြစ်စဉ်တခုဟု ဆိုချင်မိပါသည်။

‘မမျှော်လင့်ဘဲ’ ဟူသော စကားလုံးကို ထည့်လိုက်ပါသည်။ ဝတ္ထုဆိုသည်မှာ လူ့ဘဝကိုတင်ပြရန် ဖြစ်ကြောင်းကိုလည်း သဘောပေါက်ပါသည်။သို့သော် ဝတ္ထုသည် အနုပညာပစ္စည်းတခုဖြစ်ရာ အနုပညာ၏ ပဓာနလက္ခဏာများဖြစ်သော အံ့သြခြင်း၊ ထိတ်လန့်ခြင်း စသည့်ရသများ ပါသင့်သည်ဟုလည်းယူဆမိပါသည်။ ဘဝကို တင်ပြသော်လည်း ဘဝစင်းစင်းကြီးဖြစ်နေလျှင် ဇာတ်လမ်းဟု လက်ခံကြရန် ခဲယဉ်းကြောင်းကိုလည်း သတိပြုမိပါသည်။

“မင်းဥစ္စာက ဇာတ်လမ်းကလေးဆိုတော့ ထူးထူးဆန်းဆန်းများလားလို့ နားထောင်နေတာ၊ တော်ပါတော့ကွာ” ဆိုသော စကားမျိုးကိုလည်း ကြားဖူးကြလိမ့်မည် ထင်ပါသည်။ (ထူးထူးဆန်းဆန်းဆိုရာ၌ မည်သည့်အတိုင်းအတာအထိ ထူးဆန်းသင့်သည်ဆိုသော ကိစ္စကိုမူကား သီးခြားစဉ်းစားရမည် ဖြစ်ပါသည်။)

အထက်တွင် တင်ပြခဲ့သော အနက်ဖွင့်ချက်ကို အလုပ်ဖြစ်ရုံ၊ စကားပြောဖြစ်ရုံ မည်ကာမတ္တ အနက်ဖွင့်ချက်မျှသာ ဖြစ်သည်ဟု တစုံတယောက်က ဆိုလာလျှင်လည်း ကျွန်တော် မငြင်းလိုပါ။

သို့သော် တခုတော့ ရှိပါသည်။ ကျွန်တော်တို့ ဒီကနေ့ သုံးစွဲပြောဆို နေကြသော “ဒီဝတ္ထုဇာတ်လမ်း ကောင်းတယ်” “ဟို ရုပ်ရှင်ဇာတ်လမ်း မကောင်း ဘူး” “ဇာတ်လမ်းကို ပြောစမ်းပါဦး” စသည်တို့မှာ ဤအချက်များပေါ်တွင် အခြေခံ၍ ပြောနေခြင်းဖြစ်သည်ဟု ထင်မိပါသည်။

ထို့ပြင် ရုပ်ရှင်စာစောင်များတွင် တွေ့ရသော ရုပ်ရှင်ဇာတ်လမ်းအကျဉ်းချုပ်၊ မလိခ၏ မြန်မာဝတ္ထုအညွှန်းတွင်တွေ့ရသော ဇာတ်လမ်းအကျဉ်းချုပ်၊ မဂ္ဂဇင်း အခန်းဆက်ဝတ္ထုကြီးများတွင် တွေ့ရသော ပြီးခဲ့သော ဇာတ်လမ်း အကျဉ်းချုပ် စသည်တို့ကို စိစစ်သောအခါတွင်လည်း ကျွန်တော် အနက်ဖွင့် ခဲ့သည့် သဘောမျိုးကို အခြေခံပြီး အကျဉ်းချုပ်ရေးထားကြောင်း တွေ့ရပါသည်။

မည်သို့ပင်ဖြစ်စေ “ဇာတ်လမ်းဆိုတာ ဘာလဲ” ဟူသော မေးခွန်းကြောင့် ကျွန်တော့်မှာ ဦးနှောက်ခြောက်ခဲ့ရတာ အတော်ကြာပြီဖြစ်ရာ ကျွန်တော်နှင့် ဘဝတူ ဝတ္ထုဖတ်သမားများအား လက်ဆင့်ကမ်း၍ ပြဿနာ မျှဝေလိုက် ရသောကြောင့် အတော်လေး ဝန်ပေါ့သွားပါသည်။ ထို့ကြောင့် ကျေးဇူးတင်ပါသည်။

---

#အောင်သင်း
#ဇာတ်လမ်းဆိုတာဘာလဲ

#shared_by_louis_augustine
#sbla

Comments