ကျွန်တော်တကယ်သေပါမည် // ဖေမြင့်

ကျွန်တော်တကယ်သေပါမည် // ဖေမြင့်

(၁၉၈၆၊ ချယ်ရီ မဂ္ဂဇင်း)

---

ဆေးရုံကဆင်းပြီး နောက်တနေ့ မှာပင် အမေ့ထံသို့ ကျွန်တော်သေဆုံးပြီဖြစ်ကြောင်း ကြေးနန်းရိုက်လိုက်သည်။

̎ကျော်ကျော်ဆုံးပြီ။ ဒါပဲ။

အမေနှင့်ကျွန်တော် ဘယ်တုန်းကမှမတည့်ပါ။ မတည့်ရုံမက တခါတလေမှာ တယောက်ကိုတယောက် သေသေချာချာပင်မုန်းကြသည်ဟုဆိုရပါလိမ့်မည်။

ကျွန်တော့်မှာ အမေတယောက်ထဲရှိပေမယ့် အမေ့မှာက သားသမီးလေးယောက်ရှိသည်။ ကျွန်တော့်အထက်က အစ်ကိုနှစ်ယောက်၊ အစ်မတယောက်။ ကျွန်တော်ကအငယ်ဆုံး။ သို့သော် အစ်ကိုတို့ ၊အစ်မတို့က အမေ့မှာမူလကရှိခဲ့သူများဖြစ်သည်။ အဖေနှင့်ရသည်က ကျွန်တော်တယောက်ထည်း။

ယခု အဖေမရှိတော့။ အဖေ ဆုံးသွားပါပြီ။ ကျွန်တော် ကိုးနှစ်သားမှာအဖေဆုံးခဲ့သည်။ အဖေရှိစဉ်ကတော့ အမေ့အိမ်မှာ အဖေနှင့်ကျွန်တော်က တဖွဲ့ ဖြစ်သည်။ သို့သော် အပယ်ခံအဖွဲ့ ။ အဖေနှင့်ကျွန်တော်က သားအဖလိုသာမက ရဲဘော်ရဲဘက်လို သူငယ်ချင်းလိုလည်းချစ်ကြသည်။ အဖေက ကျွန်တော့်ကို သူ သွားလေရာ နေရာတကာခေါ်သည်။ အရက်ဆိုင်မှာ သူကအရက်သောက် ၊ ကျွန်တော်က မြေပဲလှော်ဝါး။ တခါတရံ အမဲကြော်ဘာညာ စားရသည်။ အပေါင်းအသင်းစုံ၍ ခါတိုင်းထက်ပျော်သည့်အခါမျိုးတွင် ကျွန်တော့်ကိုပါ အရက်နည်းနည်းပါးပါး အချိုရည်နှင့်ရော၍ တိုက်တတ်သည်။

“ ငါ့သား နှစ်ပက်လောက်တော့ချနိင်တယ် ”အဖေဂုဏ်ယူသောစကား။

တခါတလေ အရက်ဆိုင်မှ အိမ်မပြန်ဘဲ ဖဲဝိုင်းသို့ ရောက်သွားတတ်သည်။ တည ကျွန်တော်တို့ သားအဖ ဖဲဝိုင်းမှာမိုးလင်းသည်။

ကျွန်တော်က ဝိုင်းဘေးမှာအိပ်လျက်။ မနက်ဝေလီဝေလင်း အိမ်ပြန်လာပြီးနောက် အမေ့ကို တံခါးမဖွင့်ခိုင်းရဲသဖြင့် ဖိနပ်ချွတ်မှာ အသာငြိမ်ထိုင်ပြီး အမေတို့ အိပ်ရာအထကို စောင့်ရသည်။

အမေက အိမ်ရှေ့ တံခါးဖွင့်ပြီးနောက်

“အော်၊ လူလိမ္မာသားအဖရောက်နေကြပြီလား၊ ဘာလို့ ပြန်လာကြသေးလဲ” ဟု သိမ်သိမ်မွေ့ မွေ့ အစချီသည်။

ထို့ နောက် တဖြေးဖြေးအရှိန်တက်ကာ အာကြမ်းလျှာကြမ်းဖြစ်လာပြီး အသုဘ၊ ကာလနာ၊ အမျိုးယုတ်၊ ခေါင်းမျိုး စသည်ဖြင့် ဝေါဟာရမျိုးစုံလင်စွာ ဆဲဆိုကြိမ်းမောင်းသည်။ ထို့နောက် အဖေ့ဆီိသို့ ပြေးသွားပြီး ပါးစပ်ကဆဲ၊ ဆံပင်ကို ဆောင့်ဆွဲ၊ ကျောကိုထုထောင်း ရိုက်ပုတ်လုပ်သည်။ အဖေက တခုခု ပြောတော့မလိုပြောတော့မလိုနှင့် ဘာမှမပြော။ ငုတ်တုတ်ကြီးထိုင်ကာ အမေလုပ်သမျှ စင်းခံသည်။ အဖေ့ကို စီမံပြီးသောအခါ ကျွန်တော့် အလှည့်။ ဘမျိုးဘိုးတူလေး၊ အမျိုးကောင်းလေး စသည်ဖြင့် အဖေ့ဂုဏ်ထူးဝိသေသအမျိုးမျိုး ကျွန်တော့်ကို လွှဲပြောင်းပေးအပ်သည်။

ကျွန်တော့်ဘဝတလျှောက်လုံးတွေ့ ရလတ္တံ့ သော အကုသိုလ်ကံအမျိုးမျိုး ၊ မကောင်းသောဘေးဆိုးအမျိုးမျိုးကို ကြိုတင်နိမိတ်ဖတ်သည်။ ကျိန်စာတိုက်သည်။ ပြီးလျှင် သည်မျှနှင့်မကျေနပ်သေးဘဲ ဝါးခြမ်းပြား၊ လက်ဝါး အစရှိသည့် လက်နက်ကိရိယာမျိုးစုံဖြင့် ရိုက်နှက်ခြင်းပြုလေသည်။ အဖေက အစပိုင်းတွင်ကြည့်နေပြီး အမေ့တုတ်များလာပြီဆိုသည့်အခါမှ ကျွန်တော့်ကိုအတင်းဆွဲယူပွေ့ ပိုက်ကာ

“မင်းက ရှာကျွေးနေရတယ်ဆိုပြီး ဒီလောက်ဗိုလ်မကျနဲ ၊ ဒို့ သားအဖ ဆင်းသွားမယ်”

ဟု အော်ပြောပြီး ကျွန်တော့်ကိုခေါ်ကာ အိမ်အောက်ဆင်းထိုင်သည်။ အမေက

“ကောင်းတယ်၊ သွားကြ၊ မြန်မြန်ဆင်းသွားကြ၊ တသက်လုံးပြန်မလာကြနဲ့” ဟု တခွန်းနှစ်ခွန်းအော်ဟစ်ပြောဆိုပြီးနောက် တဖြည်းဖြည်း ဒေါသအရှိန်ပြေကာ ပါးစပ်ကဗျစ်တောက်ဗျစ်တောက်ပြောရင်း ပွဲပြီးလေသည်။

သည်လိုပွဲမျိုးက ကျွန်တော်တို့ သားအဖဘဝမှာ မကြာခဏကြုံတွေ့ နေကျဖြစ်သည်။

တခါမှာတော့ အဖေနဲ့ အမေ သေသေချာချာရန်ဖြစ်သည်။ သေတ္တာထဲက အမေ့ဆွဲကြိုးပျောက်သွားသည့် ကိစ္စနှင့်ပါတ်သက်၍ဖြစ်သည်။ ခါတိုင်းလည်း ပိုက်ဆံပျောက်သည့်ကိစ္စနှင့်ပါတ်သက်၍ မကြာခဏစကားများတတ်သည်။ စကားများသည် ဆိုသည်မှာလည်း ထုံးစံအတိုင်းအဖေက တခွန်းနှစ်ခွန်း ဖြစ်ပြီး အဓိကအမေ့ဆူသံ ဆဲသံများချည်းဖြစ်သည်။ သည်တခါ၌ ပို၍ပြင်းထန်သည်။ အမေက ရပ်ကွက်လူကြီးတွေခေါ်ပြီး ရှင်းမယ်၊ ကွာမယ်လုပ်သည်။

အဖေက လူကြီးအခေါ်မစောင့်၊ သူ့ ဘာသာဆင်းသည်။ သို့ သော်သူ့ ချည်းမဟုတ်။ ကျွန်တော့်ကိုပါခေါ်သည်။

“ငါ့သား ဒီိမှာနေရင် ဒီမိန်းမနှိပ်စက်လို့ သေလိမ့်မယ်၊ သူ့ သားသမီးတွေကဝိုင်းနှိပ်စက်မယ်၊ အဖေနဲ့ လိုက်ခဲ့”

အမေက

“သားလေး မေမေနဲ့ နေခဲ့၊ သူနဲ့ လိုက်သွားရင် သားထမင်းငတ်လိမ့်မယ်၊ ငါ့သား လူဆိုးလူမိုက်လုံးလုံးဖြစ်မယ်” ဆိုပြီး ကျွန်တော့်ကိုပွေ့ ဖက်ထားသည်။

“သားအဖေ နဲ့ လိုက်ခဲ့၊ အဖေ နဲ့ နေရင်မုန့်မျိုးစုံစားရမယ်၊ သားလိုချင်တဲ့ သံပတ်ပေးရတဲ့ကားလေးလဲဝယ်ပေးမယ်”

အဲဒီတုံးက ကျွန်တော်ခြောက်နှစ်သားခန့် ရှိမည်။ အမေ့လက်ထဲက ကျွန်တော် ရုန်းထွက်မည်ပြုတော့ အမေကငုံ့ ကြည့်ပြီး “လိုက်သွားမလို့ လား” မေးသည်။ ကျွန်တော်ခေါင်းညိတ်ပြတော့

“အေး ကောင်းတယ်၊ မွဲချင်တဲ့ ခွေးပြာပုံမှာ လှိမ့်ဖို့ လိုက်သာသွား၊ အရက်သမားသားဖဲသမားသား အရက်သမားဖဲသမားဖြစ်မှာပဲ” ဆိုပြီး တွန်းထုတ်လွှတ်လိုက်သည်။

အဲဒီတုန်းက အမေဘယ်လောက်မုန်းလိုက်လေမည်မသိ။

ကျွန်တော်တို့ သားအဖ အဖေ့အမေအိမ်မှာ တလလောက်ကြာပြီးသည့်နောက် အမေ့အိမ်ပြန်ရောက်ခဲ့ကြသည်။ သည်နောက်လည်း မကြာခဏ ရန်ဖြစ်လိုက်၊ အမေက ဆူလိုက်ဆဲလိုက်။

သို့သော် သားအဖ နှစ်ယောက်တွဲ၍ကား အိမ်ကနောက်တခေါက် မဆင်းဖြစ်တော့ပါ။ အဖေသာ တခါတလေ လေးငါးရက်၊ တခါတရံ တလကိုးသီတင်း ဆိုသလို ပျောက်သွားလိုက်၊ အိမ်ပြန်လာလိုက်နှင့် ဆုံးပါးသွားသည်အထိ ဖြစ်သည်။

အမေက ကျွန်တော့်ကို ကျောင်းမှန်မှန်တက်ဖြစ်အောင်ကား ဂရုစိုက်တတ်သည်။ မနက် ကျောင်းမသွားမီ လိုအပ်သမျှပြင်ဆင်ပေးသည်။ မုန့်ဖိုးပေးသည်။ ဈေးဆိုင်တဖက်နှင့်ဆိုတော့ မနက်ပိုင်းဆိုလျှင် အမေ့မှာပျာယာခတ်၍ နေသည်။ အမေ့မှာ ဈေးထဲတွင် ကုန်ခြောက်ရောင်းသည့်ဆိုင်လေးတဆိုင် ရှိသည်။ အိမ်မှာလည်း ကုန်ပစ္စည်းတချို့ သိုလှောင်သည်။ အမေ့အရင်ယောက်ျားက ကုန်သည်ဖြစ်၍ အတော်အတန်ချမ်းသာသည်ဟု ဆိုသည်။

“ငါတသက်လုံး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနေလာတာ၊ နင်တို့ သားအဖ လက်ထက်ကျမှစိတ်ဆင်းရဲရတယ်” ဟု အမေအမြဲ ပြောတတ်သည်။ အမေ့ဆိုင်ကို ကျွန်တော် သွားလေ့မရှိပါ။ သူ့ သားတွေ၊ သမီးတွေကတော့ အမေနှင့်အတူ လုပ်ကြကိုင်ကြသည်။

ဈေးမှာ အလုပ်ကူလုပ်ရင်း မုန့်မျိုးစုံတွေစားကြသည်။ သူတို့ က တဖွဲ့ ဖြစ်သည်။ သူတို့ က တခါတခါကျွန်တော့်ကိုလည်း ဟိုဟာဒီိဟာ ခိုင်းချင်သည်။ အဖေက ပြောထားသည်။

“ဒီကောင်တွေ ခိုင်းတိုင်းမလုပ်နဲ့” ကျွန်တော်က အဖေ့စကားနားထောင်သည်။ သူတို့ ခိုင်းလျှင် ဘယ်အခါမှမလုပ်။ သူတို့ က ခိုင်းမရလျှင် ရိုက်ချင်ပုတ်ချင်သည်။ အဖေ့ ကိုတိုင်ပြောမယ် ခြိမ်းခြောက်ထားသဖြင့် မလုပ်ရဲ။ သို့သော် သူတို့ ကလည်း အမေ့ကိုတိုင်သည်။ အမေ့တိုင်လျှင် အမေကဆူသည်၊ ပူသည်၊ ရိုက်သည်။ ဘယ်လောက်ပင် ရိုက်ရိုက် ကျွန်တော်ကလည်း ခေါင်းမာသူဖြစ်သည်။ သူတို့ ခိုင်း၍ကတော့ ဘယ်အခါမှမလုပ်။ အမေခိုင်း၍လည်း ကျွန်တော်မလုပ်။ အရိုက်သာ ခံလိုက်သည်။ အမေ ဘာမှမတတ်နိုင်။ သည်ကောင်လေးကို ဘယ်လိုမှပြော၍ မရနိုင်၊ ရိုက်လျှင်လည်း အသားနာရုံသာရှိသည် ဟုသဘောပေါက်သွားသည်။ သို့သော် သဘောသာပေါက်သော်လည်း အမေ့ပါးစပ်၊ အမေ့လက်က အကျင့်မပျောက်သဖြင့် ကျွန်တော့်မှာ အဆဲခံရမြဲ၊ အရိုက်ခံရမြဲသာ ဖြစ်လေသည်။

အဖေတယောက် အားကိုးရှိသဖြင့်သာ တခါတခါသက်သာရာရခဲ့သည်။ သို့သော် အမြဲတမ်းတော့လည်း သူမကယ်နိုင်။ သူကလည်း အမေ့ကိုကြောက်ရသည်။ ပိုက်ဆံလိုလျှင် အမေ့ထံကတောင်းရသည်။ အမေ့ဆီက အဆဲအဆိုခံပြီးမှ ပိုက်ဆံရမြဲဖြစ်သည်။ တကယ်တော့ အဖေလည်း အလုပ်အကိုင်မရှိသူမဟုတ်။ အရေးပိုင်ရုံးမှာ စာရေးဖြစ်သည်။ သို့သော် အဖေသည် ရာထူး၌မြဲသည်ဟူ၍ မရှိ။ မကြာခန ရာထူးမှအချခံရသည်။ သို့သော် အလုပ်ပြုတ်နေချိန်ဖြစ်စေ၊ အလုပ်ရှိနေချိန်ဖြစ်စေ၊ အိမ်တွင်ကား စွဲစွဲမြဲမြဲနေလေ့မရှိပေ။ အပေါင်းအသင်းလာခေါ်လျှင် တနေကုန်တနေခန်း လိုက်ပါသွားမြဲဖြစ်သည်။ အိမ်မှာ မပြောမဆိုဘဲ ညအိပ်ညနေ လိုက်ချင်လိုက်သွားသည်။ သည်လိုနှင့် တနေ့သ၌ သူငယ်ချင်းအပေါင်း အသင်းများနှင့် တနေရာမှအပြန်အရက်မူးမူးနှင့် ဘတ်စ်ကားတွယ်စီးရာမှ လိမ့်ကျကာ အဖေသေဆုံးခဲ့ရသည်။

ထိုအချိန်က အမေသည် အိပ်ခန်းထဲတွင် ကျွန်တော့်ကိုဖက်၍ငိုသည်ကို ကျွန်တော်အမှတ်ရသည်။ ကျွန်တော်လည်းငိုသည်။ သို့သော် ငိုရင်းကပင် အမေဖက်ထားသော လက်ကိုဖြုတ်၍ ကျွန်တော်ထွက်လာခဲ့သည်။

---

အဖေ မရှိသည့်နောက် အမေ့အိမ်မှာ ကျွန်တော်တယောက်ထည်းသမားဖြစ်လာသည်။ အမေတို့ သားအမိတွေက ကျွန်တော့်ကို သူတို့ ပုံစံသွင်းချင်သည်။ အများ နှင့်တယောက်ဖြစ်သော်လည်း ကျွန်တော်ဘယ်တော့မှ အလျှော့မပေးခဲ့။

“ဒီိကောင်လေးဟာ သူ့ အဖေလိုပဲ ငါ့ကိုဒုက္ခပေးမယ့် ဂြိုဟ်ကောင်လေး၊ ထုံပေပေနဲ့ သူလုပ်ချင်ရာလုပ်မယ့်လူစားမျိုး” အမေအမြဲပြောသည်။

အမေ့သားသမီးတွေ အမေနှင့် ဈေးသွားကြ၊ ပိုက်ဆံတွေ ရေတွက်ကြသည်။ ကျွန်တော့်ကို ပိုက်ဆံသေတ္တာနား အကပ်မခံ။ သူတို့ မုန့်ဘိုးလိုလျှင် လိုချင်သလောက် နှိုက်ယူနေကြသော်လည်း ကျွန်တော်ကတော့ အမေပေးသလောက်သာရသည်။ သို့သော် အမေပေးဖို့ မေ့နေလျှင်လည်း ကျွန်တော်ဘယ်တော့မှ မတောင်း။ ဗိုက်ဆာလျှင်တော့ သူတို့ လစ်တုန်းအိုးထဲရှိတာ အကုန်ကျွန်တော်နှိုက်စားပစ်သည်။ သည့်အတွက် ပြဿနာ မကြာခဏပေါ်သည်။ ညဖက်ကျ သူတို့ လူစုက ဆူဆူညံညံအော်ဟစ်ပြီး စာဖတ်ကြသည်။ ကျွန်တော်ကတော့ သူတို့ ဝိုင်းမဝင်။ တထောင့်မှာထိုင်ပြီး စာရေးသလို ဂဏန်းတွက်သလိုနှင့် အချိန်ကုန်သည်။

အမေက သူ့ အလုပ်နဲ့ သူရှူပ်နေသဖြင့် စာဖတ်သည့်ကိစ္စကို ကြပ်မတ်မနေနိုင်။ တခါတလေ ခေါင်းခေါက်ရုံ၊ ကျောပြင်ကို လက်ဝါးနှင့်ဗြန်းကနဲ တချက်ရိုက်ရုံ ဗျစ်တောက်ဗျစ်တောက် ဆဲဆိုရေရွတ်ရုံလောက်ဘဲတတ်နိုင်လေသည်။

---

သည်လိုနှင့် သူတို့ တတွေ တက္ကသိုလ်ရောက်သူရောက်၊ ဆယ်တန်း(ခ) နှင့်အောင်ပြီး အလုပ်ထွက်လုပ်သူလုပ်သည့်အချိန်တွင် ကျွန်တော်ရှစ်တန်းမအောင်ဘဲ အိမ်ကထွက်ခဲ့သည်။ ထွက်ပြေးခြင်းတော့မဟုတ်။

ကမ်းရိုးတန်းသွားနေသည့် သူငယ်ချင်းအဖေမော်တော်တွင် အလုပ်သင်အနေနှင့်လိုက်မည်ဟု အမေ့ကိုပြောပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။ အမေက မတားပါ။ တား၍မရနိုင်ဆိုသည်ကို သူသဘောပေါက်ပြီးဖြစ်လိမ့်မည်။ မော်တော်နှင့် နှစ်နှစ်လောက်လိုက်နေသည့်အတွင်း မြို့သို့ ပြန်ရောက်သည့် အခါများတွင်လည်း အမေ့အိမ်သို့ ဆယ်ခါတခါဆိုသလိုသာ ကျွန်တော်ဝင်တော့သည်။ အမေကလည်းတွေ့ လိုက်လျှင် စကားကောင်းကောင်းပြောသည်မရှိ။ ဆဲလိုက်၊ ဆိုလိုက်၊ ဆူပူလိုက်ချည်းသာဖြစ်သည်။ ကျွန်တော့်ဘာသာ ကျွန်တော် လွတ်လွတ်လပ်လပ် နေထိုင်သမျှ၊ လုပ်ကိုင်သမျှအားလုံးမှာ သူ့ အတွက်ဆဲစရာ၊ ဆိုစရာချည်းဖြစ်သည်။ ကျွန်တော်တို့ လုပ်ခဲ့သည့် မဟုတ်တရုတ်ကိစ္စမှန်သမျှလည်း ဘယ်ကဘယ်လိုစုံစမ်းထားသည်မသိ၊ သူသိထားနှင့်သည်ချည်းဖြစ်သည်။ သည်လိုနှင့် ထမင်းတလုတ်အတွက်ကိုယ့်ဘာသာ ရှာဖွေတတ်လာသည့်အချိန်တွင် အမေ့အိမ်၊ အမေ့ဆိုင်ကို ကျွန်တော်ဝေးဝေးကရှောင်လာခဲ့ပါသည်။

မော်တော်မှာ နှစ်နှစ်ကြာပြီး ကုန်းပေါ်ကျွန်တော်ပြန်ရောက်သည်။ သို့သော် ရေမော်တော်မှ ကုန်းမော်တော်သို့ ရောက်ခြင်းသာဖြစ်သည်။ သံတွဲ ရန်ကုန် အဝေးပြေးလိုင်းကားတစီးမှာ ကျွန်တော်ယာဉ်နောက်လိုက်လုပ်ကာ တောင်ကုတ်တောင်ကြားလမ်းတလျှောက် လမ်းအိပ်၊ လမ်းစားဘဝနှင့် သုံးနှစ်နီိးပါး ကျင်လည်ခဲ့သည်။ ယာဉ်နောက်လိုက်ဘဝနှင့်တဖြည်းဖြည်း သင်မောင်းမောင်းရင်း ယာဉ်မောင်းသူ မဖြစ်တဖြစ်အချိန်တွင် သူဌေးကပြည်မြို့ တွင် ဝပ်ရှော့ထောင်သဖြင့် ကျွန်တော်အကူစက်ပြင်ဘဝသို့ ကူးပြောင်းသွားခဲ့သည်။ ပိုင်ရှင်နှင့်ကျွန်တော် အပြန်အလှန်နားလည်မှုရှိကြသဖြင့် ဝပ်ရှော့အလုပ်မှာ ကျွန်တော်ပျော်ပိုက်ခဲ့သည်။ တခါတလေ အမေတို့ကို သတိရသည်။ သို့သော် ကျွန်တော့်မျက်စိထဲမှာ အမေပြုံးနေသည်ကို မမြင်ရ။ ဒေါသထွက်နေသော မျက်နှာနှင့် ဆဲသံ၊ ဆိုသံတွေကိုသာ မြင်ယောင်ကြားယောင်သည်။

သံတွဲ ရန်ကုန် ကူးသန်းနေသည့် ကုန်သည်များထံမှ အမေတို့ သတင်းများမကြာခဏကြားရသည်။ ကျွန်တော့် ပါးစပ်ကမမေး၊ သူတို့ ဘာသာပြောကြခြင်း ဖြစ်သည်။ အမေ့ဆိုင် ရောင်းကောင်းလှသည့်အကြောင်း၊ အမေတို့ အိမ်အသစ်ဆောက်နေကြသည့်အကြောင်းတွေ ကြားရသည်။ အမေ့သားကြီးက မြို့ မှာဘဲ ကျောင်းဆရာလုပ်နေသည်။ သမီးက ဘွဲ့ ရပြီးအိမ်မှာ အမေနှင့် ကူလုပ်နေသည်။ သားအငယ်က ပြည်တို့၊ ရန်ကုန်တို့ တက်ပြီး အမေ့ဆိုင်အတွက် ကုန်ပစ္စည်းဝယ်ရသည်ဟုဆိုသည်။ ကျွန်တော့်ထံသို့ ကား ယောင်၍၊ မှား၍မှ တခေါက်တခါရောက်မလာ။ သို့သော် ကျွန်တော်ဝမ်းမနည်းပါ။ ကျွန်တော်လည်း အဆက်အဆံမလုပ်ချင်။ သူတို့လည်း ကျွန်တော်နှင့်အဆက်အဆံမလုပ်ချင်သည့် သဘောသာဖြစ်သည်။ ကျွန်တော့်အဖို့ ကိုယ့်ဘဝကိုယ်လျှောက်နေခြင်းသာ အကောင်းဆုံးဖြစ်သည်။ သူတို့ ဘာသာသူတို့ ချမ်းသာချမ်းသာ၊ ဆင်းရဲဆင်းရဲ ကျွန်တော့်အပူမဟုတ်။ ကျွန်တော်က အထီးကျန်တကောင်ကြွက်၊ တကောင်ကြွက် ဆိုသည်မှာ အဖေါ်မယ့်ပေမဲ့ လွတ်လပ်သည်။ တာဝန်ကင်းသည်။ ကျွန်တော် သည်အတိုင်းခံယူသည်။

---

သို့သော် တကောင်ကြွက်အထီးကျန်ခြင်းဆင်းရဲကို ဆေးရုံတက်သည့်အချိန်တွင် ကျွန်တော်ကောင်းကောင်းခံစားရသည်။ တိုက်ဖွိုက်ရောဂါဖြင့် ဆေးရုံ ကုတင်ပေါ်တွင် တလကျော်မျှပက်လက်လန်၍နေစဉ် ကျွန်တော့်ကိုသတင်းမေးမည့်ဆွေမျိုးသားချင်း တကောင်တမြီးမျှမရှိပါ။ အဖျားကြောင့်ဖြစ်သော ဝေဒနာများနှင့်အတူ အလွန်အမင်းအားငယ်ဝမ်းနည်းခြင်းနှင့်ပြင်းစွာသောဒေါသကို ကျွန်တော်အစဉ်ခံစားနေရသည်။ တော်ပါပြီ။ အလုပ်ရှင်နှင့် လုပ်ဖေါ်ကိုင်ဖက်ဝပ်ရှော့ လုပ်သားများက သွေးသားရင်းချာပမာပြုစုစောင့်ရှောက်ကြသဖြင့်သာလျှင် ကျွန်တော်နာလန်ထူနိုင်ခဲ့ခြင်းဖြစ်သည်။

ဆေးရုံတက်နေဆဲ ကျွန်တော့်အမ မင်္ဂလာဆောင်သည့်သတင်းကို ကျွန်တော်တဆင့်စကားကြားရသည်။ ကျွန်တော့်လိုအကောင်ကို သည်ကိစ္စမျိုး အသိပေးကောင်းသည်ဟုပင် သဘောထားဟန်မတူ။ ရှိပါစေလေ။ ကျွန်တော် ဒါကိုဂရုမစိုက်။ သို့သော် အမေရင်းတယောက်လုံးရှိပါလျက်နှင့် ကျန်းမာစဉ်မှာလည်း ကြင်နာယုယစွာဆက်ဆံပြောဆိုဖေါ်မရ၊ လနှင့်ချီ၍ ဖျားနာနေစဉ်မှာလည်း ထူမပြီးဆေးလေးတခွက်၊ ရေလေးတပေါက် တိုက်ဖေါ်မရသည့် အဖြစ်ကိုမူ ကျွန်တော်အလွန်နာသည်။ တော်ပြီ ၊ ကျွန်တော့်ဘဝမှာ မိဘဆိုတာမရှိ၊ ဆွေမျိုးဆိုတာမရှိ၊ နောင်ကိုသည်လူတွေနှင့် လုံးဝဆက်ဆံစရာမလိုတော့။ အားလုံးကိစ္စ ပြတ်ပြီ။

သို့နှင့်ဆေးရုံကဆင်းပြီး နောက်တနေ့ မှာပင်ကျွန်တော်သေပြီဆိုသည့်အကြောင်း ဘေးလူတယောက်က အကြောင်းကြားလိုက်သည့်ပုံစံမျိုးဖြင့် သံတွဲသို့ ကြေးနန်းရိုက်လိုက်သည်။

---

နောက်တနေ့ ညမှာ သံတွဲကားနှင့်အမေရောက်လာသည်။ အလုပ်ရုံထဲမှ တယောက်ကပြောနေသံကြားရသည်။

“မသေပါဘူး အဒေါ်၊ ကျော်ကျော်ဖျားလို့ ဆေးရုံတက်ရတယ်။ တလကျော်လောက် ကြာတာပေါ့၊ တနေ့ကဘဲ ဆေးရုံကဆင်းတယ်၊ အိမ်ပေါ်မှာ”

“အမယ်လေးဟဲ့ ငါ့သားလေး မသေဘူးတဲ့”

အမေ ငိုသံပါကြီးနှင့်ပြောကာ အိမ်ပေါ်ဒရောသောပါးတက်လာသည်။ ကုလားထိုင်ပေါ်မှာ ထိုင်နေသော ကျွန်တော့်ထံပြေးလာပြီး

“အမယ်လေး သားရယ်၊ မသေကောင်း၊ မပျောက်ကောင်း၊ အမေ့မှာ ငါ့သားလေးမရှိတော့ဘူးဆိုပြီး ငိုလိုက်ရတာ၊ ဆေးရုံတက်ရတယ် လို့တော့ကြားတယ်၊ ဒါပေမဲ့ ကောင်းလို့ ဆင်းသွားပြီလိုလို ၊ ဒီလောက်ဖြစ်မယ်မှန်းမသိဘူး” ဆိုပြီးကျွန်တော့်လက်မောင်းဖက်ကာ ရှိူက်ကြီးတငင် ငိုလေသည်။ အမေသည်လောက်သည်းသည်းထန်ထန်ငိုသည်ကို ကျွန်တော်တခါမှမတွေ့ စဖူး။ ငို၍ဝတော့မှ အမေကဆိုသည်။

“ဒီကြေးနန်းဘယ်သူရိုက်သလဲ မသိဘူး”

ကျွန်တော်ကုလားထိုင်မှထပြီး ဝရန်တာမှာရပ်ကာ လမ်းဘက်ကြည့်နေသည်။

̏“တယောက်ယောက် နောက်ပြောင်ပြီး ရိုက်လိုက်တာဖြစ်မယ်၊ ဘယ်ကောင်လဲ စုံစမ်းကြည့်ဦးမှ”

အနီးရှိလုပ်ဖေါ်ကိုင်ဘက် တယောက်ကပြောသည်။

“ဟုတ်ပါရဲ့ဟယ်၊ ဘယ်သေနာကောင် ကမြင်းကျောထပြီး ရိုက်လိုက်သလဲ မသိဘူး”

အမေငိုသံ ပျောက်သွားပြီ။

“အဒေါ့်မှာ မနေ့ က ကြေးနန်းရောက်ကတည်းက မစားနိုင်၊ မအိပ်နိုင်၊ တညလုံးငို၊ သမီးကလဲ မောင်လေးဟာ သမီးတို့ ကိုတသက်လုံးအထင်လွဲပြီး သေသာသေရော၊ သူတို့ စေတနာကို နားမလည်သွားရှာဘူးဆိုပြီးငိုလိုက်တာ၊ သူ့ အကိုတွေဆိုတာလဲ အားလုံးဝမ်းနည်းပက်လက်နဲ့ ၊ အဒေါ့် မှာဆိုင်ကိစ္စတွေဘာတွေလဲ ဘာတခုမှ မမှာကြားနိုင်၊ အကုန်လုံးပစ်ထားခဲ့ပြီး ဖုတ်ပူမီးတိုက်ပြေးလိုက်လာရတာ၊ အဲဒီကြေးနန်းရိုက်တဲ့ အကောင်ကိုတွေ့ ရင် သတ်တောင်သတ်ချင်တယ်။

“ဟုတ်လား၊ သတ်ချင်ရင်သတ်လေ၊ ကြေးနန်းရိုက်တာကျွန်တော်ပဲ”

ကျွန်တော်အသံမာမာနှင့်ပြောလိုက်သည်။

“ဘာပြောတယ်၊ နင်ရိုက်တာ ဟုတ်လား”

အမေ အံ့လည်းအံ့သြ၊ ဒေါသလည်းထွက်သွားသည်ထင်သည်။

“ဟုတ်တယ်၊ ကျွန်တော်ရိုက်တာ၊ အမေတို့ က ကျွန်တော့်ကို သားရယ်လို့မှ သဘောထားတာမဟုတ်ဘဲ၊ အိမ်အောက်မှာလာမွေးတဲ့ ခွေးဝဲစားတကောင်လို တသက်လုံး ဆက်ဆံလာတာမဟုတ်လား၊ အခု သေပြီဆိုတော့မှ ငိုကြီးချက်မနဲ့ ၊ ကျုပ်ဆေးရုံမှာ သေမလိုဖြစ်နေတုန်းက ခင်ဗျားတို့ လာရကောင်းမှန်း မသိဘူးလား”

အမေ့မျက်နှာအကြီးအကျယ်တင်းမာသွားသည်။ ̏

“ဒီမှာ၊ ဟဲ့အကောင်၊ ငါ့ကို ဒီလောက်ဝေးဝေးလံလံကြီးက ဒုက္ခပေးလိမ်ညာခေါ်ပြီးတော့ နင်ကငါ့ကို ကြိမ်းမောင်းနေရသလား ဟဲ့၊ ဒါ နင့်အမေ၊ နင့်ကို တသက်လုံးလူဖြစ်အောင် မွေးလာတဲ့ မိန်းမဟဲ့၊ ငါ့တသက်လုံး နင့်ကြောင့်ဘယ်လောက်ဒုက္ခရောက်ခဲ့သလဲ ၊ အသုံးမကျတဲ့ နင့်အဖေလိုကောင်မျိုးကို ပေါင်းနေခဲ့ရတာနင့်ကြောင့်ဟဲ့၊ နင့်ကြောင့်၊ သိရဲ့လား၊ ဘယ်လောက်ဘဲ ဘာတွေလုပ်ပေးလုပ်ပေး ကျေးဇူးမသိတတ်တဲ့ အကောင်၊ နင်ဆေးရုံတက်ရရင်တက်ရတယ်ပြောပါလား၊ ကိုယ်ကဖြင့် အမေကိုအမေလိုသဘောမထား၊ ရန်သူလိုဆက်ဆံနေပြီးတော့၊ ငါ တယ်လေ၊ ဆေးရုံဆင်းလာစမို့၊ မဟုတ်ရင်ပါးကိုဘယ်ပြန်ညာပြန်ရိုက်ပစ်တယ်”

“ရိုက်လေဗျာ၊ ရိုက်ပါလား၊ သေသွားတော့ကောဘာဖြစ်သေးလဲ၊ အဲ့ဒီအခါကျခင်ဗျားငိုလေ”

“ငိုမယ်၊ ဟေ့ အားကြီးငိုမယ်၊ နင့်အတွက် မျက်ရည်ကုန်ပြီဟဲ့၊ နင်သေလို့ ငါငိုပြီးပါပကောလား ၊ သေပြီးတဲ့ နောက်တောင် သင်္ချိုင်းကုန်းကနေ ငါ့ကိုဒုက္ခပေးမယ့် အကောင်၊ ငါပြန်မယ်၊ ငါ့ကိုနှိပ်စက်ရလို့ နင်ကျေနပ်ပြီ မဟုတ်လား၊ နောက်ဆို နင့်ဟာနင်သေသေကျေကျေ၊ ခွေးပဲစားစား၊ လင်းတပဲစားစား၊ ငါ့ကို ကြေးနန်းလဲ မရိုက်နဲ့ ၊ စာလဲမရေးနဲ့ ၊ နင်နဲ့ ငါ နဲ့ သေခန်းရှင်ခန်းပြတ်ပြီ ၊ ဒီနေ့ ကစပြီး နင်ငါ့သား မဟုတ်တော့ဘူး”

ပြောပြောဆိုဆို အမေသူ့ အထုတ်သူဆွဲပြီး ဆင်းသွားသည်။ ကျွန်တော်ဘာပြောရမှန်းမသိ ။ အောက်ကလူတွေ ဝိုင်းပြီးပြောကြဆိုကြတားကြသံ ကြားရသည်။ မရ။ ကားဂိတ်မှာအိပ်ပြီး မနက်ကားနှင့် လိုက်မည်ဟုပြောသံကြားရသည်။

ကျွန်တော် ပက်လက်ကုလားထိုင်မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ အမေငိုတုန်းက အာဃာတနှင့်ကြည့်နေခဲ့သော ကျွန်တော့်မျက်လုံးများမှာ မျက်ရည်တွေအလိုလို စီးကျလာသည်။ ကျွန်တော်မငိုခဲ့ဖူးတာကြာပြီ။ ကျွန်တော့်ဘဝမှာ ငိုစရာအကြောင်းမရှိဟုမှတ်ထားခဲ့သည်။ ယခုတော့ ကျွန်တော်အမေ မတော်တော့ဘူးဟု ဆုံးဖြတ်ခဲ့သော ကျွန်တော့်အမေသည် ကျွန်တော်မထင်သည့်ပုံစံနှင့်ဖြတ်တောက်သွားခဲ့ချေပြီ။ ယခုနေ အမေသာကျွန်တော့်အတွက် ရင်ကွဲပက်လက်ငိုနေဦးမည်ဆိုက ကျွန်တော်တကယ်ပင်သေလိုက်ချင်ပါသည်။

---

အမေပြန်ပြီး နောက်နေ့ ကစ၍ ကျွန်တော်အင်အားသိပ်မရှိသည့်ကြားက ဝပ်ရှော့ အလုပ်တွေ တတ်နိုင်သမျှဝင်လုပ်သည်။ အလုပ်ရှင်နှင့်စက်ပြင် အပေါင်းအသင်းများက ပြန်ဖျားမှာစိုးသဖြင့် တားကြသည်။ ကျွန်တော့်အဖို့ကား ဖျားနာရုံမက သေလျှင်လည်းအကြောင်းမထူးတော့။ ကျွန်တော်သေလျှင် ဝမ်းနည်းမည့် တဦးတည်းသောကျွန်တော့်အမေသည် နောက်ဆုံးငိုကြွေးခြင်းဖြင့် ငိုကြွေးသွားခဲ့ချေပြီ။

သို့ သော် တပါတ်ခန့် အကြာတွင် အမေ့ထံမှလူကြုံနှင့် စာတစောင်ရောက်လာသည်။

“သား အမေ့ထံပြန်လာပါ”

မျက်ရည်တပေါက် အမေ့စာပေါ် တောက်ခနဲကျသွားသည်။

---

#ဖေမြင့်
#ကျွန်တော်တကယ်သေပါမည်

#shared_by_louis_augustine
#sbla

Comments