ပဋိပက္ခ ဗလပွနဲ့ အမှာ // မောင်တင်ဦး

ပဋိပက္ခ ဗလပွနဲ့ အမှာ // မောင်တင်ဦး

---

-၁-

“ဒီကလူ တော်တော်များများက ကာလပေါ် တရုတ်ဝတ္ထုဆိုရင် လူရွှန်းတို့၊ လောဝ်ရှည်တို့ပဲ သိကြတာများတယ်။ ဒါပေမဲ့ သူတို့နဲ့ လည်ပင်းဖက်ကြီးလာတဲ့ မော်ထွန်းကိုကျ သိပ် သတိမထားမိကြဘူးကွ”

ကျွန်တော့် သူငယ်ချင်းက လက်ဖက်ရည်ခွက်ကလေးကို အသာအယာချလိုက်ရင်း အဝေးကို ငေးကြည့်ရင်းပြောသည်။ သူ့မျက်လုံးတို့သည် ရီဝေလျှက်၊ မိန်းမောလျှက်။ ကျွန်တော်သည်လည်း သူ့ကို ပြလက်စဖြစ်သည့် လူရွှန်းလက်ရွေးစင် ဗမာဘာသာပြန်စာအုပ်အား အသာအယာ ချထားမိလိုက်သည်။ 

မော်ထွန်းကို ကျွန်တော်လဲ ကြားဖူးနေသည်။ ဆရာကြီးမောင်ထင် ပြုစုသည့် ကမ္ဘာ့စာပေသမိုင်း တရုတ်စာပေအခန်းတွင် ရိုးတိုးရိပ်တိတ် ဖြတ်လျှောက်တခန်းစာမျှ သူပါဖူးသည်။ သူနှင့် လူရွှန်းတို့ စာပေသစ်တာဝန်ကို ဘက်မျှပြီး ထမ်းကြသည့်အကြောင်း၊ သူနှင့် လောင်ဝ်ရှည်တို့ ရန်ကုန်သို့ အတူတကွလာကြပုံအကြောင်း၊ သူ့ဝတ္ထုများထဲတွင် သူတို့ခေတ်၏ စနစ်ကို သရုပ်မှန်ရှုထောင့်မှာနေ၍ ထောက်ပြဝေဖန်တတ်သည့်အကြောင်း၊ အစုံစုံပင်ဖြစ်သည်။ သို့သော် ဗမာစာဖတ်ပရိသတ်က သူ့ကို သူတို့ခေတ်နှင့် အပြိုင် တရုတ်စာရေးဆရာတွေလောက်ကော၊ ဟာကျင့်၊ မို့ယန် စသော ခေတ်နှောင်းစာရေးဆရာတွေလောက်ပါ မသိကြသေး‌ပေ။ ကျွန်တော်၏ သိချင်စိတ် ဆာလောင်လာပေသည်။ ရရာနေရာမှ သူ့အကြောင်းကို ကျွန်တော် လေ့လာမိသည်။

-၂-

မော်ထွန်းဟူသော အမည်ကိုယ်တိုင်ကိုက "ပဋိပက္ခ" ဖြစ်လေသည်။ "မော်" ဟူသော စကားလုံး၏ တိုက်ရိုက်အနက်မှာ "လှံသွား"၊ "ထွန်း" ဆိုသည်မှာ "ဒိုင်းလွှား"။ ဓားနှင့်ဒိုင်း၊ သွယ်ဝိုက်အနက်မှာ "ဆန့်ကျင်ဖက်ပဋိပက္ခ"။

ကလောင်အမည်နှင့် လိုက်စွာပင် မော်ထွန်းရေးသော စာထဲတွင် ဆန့်ကျင်ဖက်ဖြစ်သော၊ တခုနှင့်တခု တွန်းတိုက်နေသော ပဋိပက္ခများကို နေရာအနှံ့တွေ့နိုင်သည်။ အချစ်နှင့် အမုန်း၊ တက်ကြွခြင်းနှင့် ဆုတ်ယုတ်ခြင်း၊ မြင့်တက်ခြင်းနှင့် နိမ့်ကျခြင်း၊ တိုးတက်ခြင်းနှင့် ဖောက်ပြန်ခြင်း။ ၎င်း ပဋိပက္ခတို့ အချင်းချင်း လွန်ဆွဲနေကြသည်များကို သူ့ စာများထဲတွင် ဇာတ်ကောင်အလိုက်တို့၌လည်းကောင်း၊ ဇာတ်ကွက်အခင်းတို့၌လည်းကောင်း၊ သေသပ်ကျနစွာ ထည့်သွင်းရေးသားတတ်ပေသည်။

သို့သော် မော်ထွန်းသည် ၎င်းပဋိပက္ခတို့ကို ရေးချလိုက်ပြီး သည်အတိုင်း မနေ။ သူသည် ပဋိပက္ခတို့ကို အရင်းကျကျ စူးစမ်းလေ့လာသည်။ ဘာကြောင့်ဖြစ်ရသလဲ ဆိုသည့် လာရာကို စနစ်တကျ စေ့ငု သုံးသပ်ရင်းဖြင့် ပဋိပက္ခတို့၏ ဆန့်ကျင်ဖက်များ အချင်းချင်း တွန်းတိုက်နေသည်ကို တကွက်ချင်းစီ ရေးသား ချယ်မှုန်းသည်။ နောက်ဆုံးတွင်မူ သစ်လွင်၍ အားမာန်ပါသော ဘက်က အိုဟောင်းဆွေး‌မြည့်၍ ချိနဲ့သော ဘက်ကို ‌အပြတ်အသတ် အနိုင်ယူသွားဟန်ဖြင့်လည်းကောင်း၊ ရှိရင်းစွဲ ဆန့်ကျင်ဖက်နှစ်ရပ်တို့ပါ ချုပ်ငြိမ်းသွားပြီး ဘက်နှစ်ဘက်လုံးဆီမှ ကောင်းခြင်းများကို စုပေါင်းထားသည့် တရားသစ်တခု မွေးဖွားဟန်ဖြင့်သော်လည်းကောင်း၊ မော်ထွန်းသည် သူထုတ်ယူပြသသော ပဋိပက္ခကို အဆုံးသတ်ပြလေ့ ရှိပါသည်။

၎င်းသည် မော်ထွန်း၏ စာရေးဟန်ဖြစ်ပါသည်။

-၃-

မော်ထွန်းသည် အမျိုးသားပေကျင်းတက္ကသိုလ် ကျောင်းသားဘဝမှ မိဘငွေကြေးအခက်အခဲကြောင့် ပုံနှိပ်တိုက်တွင် ဖိုမင်ဆရာလုပ်နေရင်းမှ စာရေးဆရာဖြစ်လာရသူ ဖြစ်သည်။ လူပုံပန်း ညိုမောင်းမောင်း ပုခုံးကျယ်ကျယ် ပါးစုန့်မို့မို့နှင့် ပီဘိ အလုပ်ကြမ်းသမားပုံ ပေါက်နေသော မော်ထွန်းသည် ခွဲခွာရတော့မည့် ချစ်သူနှင့် လက်ထပ်ယူရတော့မည့် မုန်းသူအကြား ဗျာများ၍ သောကဖြေမဆည်နိုင်ဖြစ်နေသည့် မိန်းမပျိုလေးတဦး၏ မျက်လုံးမှ ယိုစီးကျ‌လာသော မျက်ရည်စတို့ကို လှပစွာ ဖွဲ့နွဲ့နိုင်ခဲ့ပေသည်။

ဂျပန်ခုခံရေး ဒုတိယတပ်ပေါင်းစု ကာလ၊ လူရွှန်း တိမ်းပါးချိန်မှ စ၍ မော်ထွန်းသည် တိုးတက်သော စာရေးဆရာများအဖွဲ့ချုပ် ဥက္ကဌအဖြစ်၊ အဖွဲ့အစည်းတာဝန်၊ ဂျပန်ခုခံစစ်တွင် အရေးတော်ပုံတပ်သားအဖြစ် လူထုတာဝန်တို့ကို စတင်ထမ်းဆောင်လာရပြီ။ သို့သော် ဤကြားထဲကပင် ဝတ္ထုတိုများ၊ ဆောင်းပါးများကို ရေးနိုင်သေးသည်။ သူ၏ စာပေဖြင့် လူထု၏ အကျိုးကို ဆောင်ရင်းတဖက်ဖြင့် အမျိုးသားလွတ်မြောက်ရေးအတွက်ပါ အချိန်ပေးနေရသဖြင့် ဤကာလများတွင် သူ ဝတ္ထုရှည် မရေးနိုင်တော့။ ဆောင်းပါးတိုကလေးများ၊ ဝတ္ထုတိုလေးများသာ ရေးနိုင်တော့လေသည်။

လွတ်မြောက်ပြီး ခေတ်ရောက်သော် တရုတ်ပြည်သစ်၏ ယဉ်ကျေးမှုဝန်ကြီး ဖြစ်လာသောအခါ တိုင်းပြည်တာဝန်ကပါ သူ့အပေါ် ဖိစီးလာချေ၏။ အာရှစာရေးဆရာများညီလာခံ သဘာပတိအဖြစ်လည်း ကမ္ဘာ့စာပေတာဝန်ကို သူထမ်းရ‌ပြန်သည်။ တရုတ်ပြည်သို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် အဖွဲ့ ငြိမ်းချမ်းရေးခရီးစဉ်လာသောအခါ တရုတ်ကျောင်းသူကလေးများနှင့်အတူ လေဆိပ်ထိ ဆင်းလာကာ ပန်းကုံးဖြင့် အပြေးကြိုသည်မှာ ယဉ်ကျေးမှုဝန်ကြီး မော်ထွန်းဖြစ်သည်။ အာရှစာရေးဆရာများ ညီလာခံတွင် ဆရာဒဂုန်တာရာတို့ ကိုယ်စားလှယ်အဖွဲ့က တင်သွင်းသော အဆိုပြုလွှာတို့ကို စင်မြင့်ထက်မှ သဘာပတိ မော်ထွန်းသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်ပေနေလိမ့်မည်။ သူ၏ စာကြည့်စားပွဲခုံကလေးကတော့ များမြောင်လှသော တိုင်းပြည်တာဝန်ကြားထဲတွင် လက်မလည်အောင် လှုပ်ရှားနေရသော သခင်ဖြစ်သူ စာရေးဆရာကြီးကို မျှော်နေရပေသည်။

၁၉၆၂ ခုနှစ် ယဉ်ကျေးမှုတော်လှန်ရေး အကြိုကာလတွင် ပေကျင်း၌ နိုင်ငံရေးမုန်တိုင်း ပြင်းထန်လာလေသော် မော်ထွန်းတယောက် တာဝန်မှ အနားယူလိုက်သည်။ ထို့နောက် သူ စာရေးစားပွဲတွင် ပြန်ထိုင်သည်။ သို့သော် သူ့ကလောင်စွမ်းသည် မလွတ်မြောက်မီခေတ်တုန်းကလို အမျိုးသားလွတ်မြောက်ရေးအတွက် လှုံ့ဆော်ရန် မဟုတ်တော့။ 

သူ့ကလောင်စွမ်းကို လာလတံ့သော မျိုးဆက်သစ်တို့အတွက် အမြဲတမ်း ရည်ရွယ်ရင်းဖြင့် သူသည် ကလေးဖတ်မဂ္ဂဇင်းကလေးတခုကို တည်းဖြတ်ပေးရင်း တဖက်ကလဲ "စာပေသစ်သဘောတရား၏ သမိုင်းအထောက်အထားများ" ဟူ၍ ကျမ်းတစောင်ကို နောင်လာ တရုတ်လူငယ်တို့အတွက် ပြုစုရင်း အနားယူသည်။ ကျမ်းကိုမူ အပြီးမသတ်သွားနိုင်ခဲ့။ ၁၉၈၁ မတ် ၂၇ တွင် ကွယ်လွန်သွားသည်။

၎င်းသည် မော်ထွန်း၏ ဘဝနှင့် စာပေ တစိတ်တပိုင်း ဖြစ်ပါသည်။

-၄-

မိုးသက်ရောင်နီကို မော်ထွန်း ရေးစဉ်က အယူစွဲအားကြီးပြီး ခေတ်နောက်ကျကျန်ခဲ့သည့် တရုတ်ပြည်ဟောင်းသည် သစ်လွင်တိုးတက်သော ဉာဏ်သစ်ပွင့်မှုခေတ်တွင်းတို့ တစစ တိုးဝင်လာဆဲအချိန်ဖြစ်သည်။ အဟောင်းနှင့် အသစ်တို့ နေရာတကာ အားပြိုင်နေကြသော အချိန်ဖြစ်သည်။ နဖူးပြောင် ကျစ်ဆံမြီးရှည်နှင့် အဘိုးအိုများ ဘေးတွင် ဘိုကေဆံတောက်နှင့် လူငယ်များကို တွေ့လာရပြီ။ ခြေသေးသေးနှင့် ပဒုမ္မာဖိနပ်ကလေးများဘေးတွင် ဒေါက်ဖိနပ်ကလေးများ သဲ့သဲ့လျှောက်နေပေပြီ။ စာအုပ်ဆိုင်တဆိုင်ရှိ ကွန်ဖြူးရှပ် ကိုယ်တပိုင်းပြတ်ပုံ ဘေးနားတွင် လူငယ်သစ်စာစောင် ပိုစတာကြီးကို ချိတ်ထားလေသည်။

ဤသို့ အဟောင်းနှင့် အသစ်တို့ လွန်ဆွဲနေသော ပဋိပက္ခကြားထဲရှိ မေ ဆိုသည့် မိန်းမပျိုကလေးတဦး၏ ဘဝသည် ယန်စီမြစ်ပြင်ကြီးကဲ့သို့ ကွေ့ကောက်များမြောင်လျှက်၊ မသိနိုင်ခြင်းများဖြင့် ပြည့်လျှံလျှက်။ ဤသို့ ပွေလီရှုပ်ထွေးလှသည့် ဘဝမြစ်ပြင်ကို မေသည် အားကြိုးမာန်တက် ကူးခတ်ရင်း ဘဝ၏ အနက်အဓိပ္ပာယ်ကို ရွှင်လန်းအားတက်ဖွယ် လူငယ်စိတ်ဖြင့် ဖွေရှာ၏။ မေပင် မကသေး၊ မေ့ ဝန်းကျင်ရှိ လူငယ်တို့သည်လည်း မဟုတ်မခံစိတ်၊ သိလိုတတ်လိုစိတ်ဖြင့် အယူအဆစွဲ၏ အဆီးအတားတို့ကို ကျော်ဖြတ်ကြကုန်၏။ ၎င်း အရေအတွက်တို့သည် အ‌ရည်အချင်းသို့ ကူးလာလေသောအခါ မေလလေးရက်နေ့ အရေးတော်ပုံကြီးအဖြစ်သို့ ကူးပြောင်းလာတော့သည်။ 

လမ်းခရီးတလျှောက်တွင် မေသည် သူ့ပဋိပက္ခကို သူဖြေရှင်းရင်း အခြားသူတို့၏ ပဋိပက္ခကို မြင်သိလာပေ၏။ ၎င်းပဋိပက္ခတို့ထဲတွင် ဝဲလှည့်ရသည်လည်းရှိသည်၊ ကျော်ဖြတ်ရသည်လည်းရှိသည်။ ပဋိပက္ခအ‌ဟောင်းတို့ မည်သို့ အဆုံးသတ်ကြပုံ၊ ပဋိပက္ခအသစ်တို့ မည်သို့ ပေါ်ပေါက်ကြပုံ၊ ၎င်းပဋိပက္ခတခုချင်းစီမှတဆင့် သူတို့ကို မည်သို့ ထုဆစ်လိုက်ကြပုံ၊ ၎င်း ပုဂ္ဂလပဋိပက္ခများမှတဆင့် လူထုကြီးတရပ်လုံးအဖြစ် မည်သို့ လုံးစည်းသွားကြပုံ၊ အဖုံဖုံကို မော်ထွန်းသည် ကွက်ကွက်ကွင်းကွင်း ရေးပြနိုင်ခဲ့ပေသည်။

မူရင်း တရုတ်မူကို ကယ်လီဖိုးနီးယားတက္ကသိုလ် အရှေ့တိုင်းပါမောက္ခ မက်ဒလင်းဇဲ့လင်က ၁၉၉၂ ခုနှစ်တွင် အာရှအသံစာစဉ် အတွဲ (၄) အဖြစ် အင်္ဂလိပ်ဘာသာပြန်သည့် မူကို ကျွန်တော် ဖတ်ရသည်။ အင်မတန် ချောမွေ့ပြေပြစ်ပြီး မော်ထွန်း၏ မူရင်းဟန်ကို အမီလိုက်နိုင်သော အင်္ဂလိပ်မူဖြစ်သည်။ ကျွန်တော်သည် မေနှင့်အတူ ယန်စီမြစ်ပြင်တွင်းသို့ ခုန်ချသွားမိသည်။ ချိန်တူးမြို ဂျပန်သွင်းကုန်ဆန့်ကျင်ရေး ချီတက်ပွဲ၌ "ပြည်ချစ်ဝါဒဟေ့" ဟု ကြွေးကြော်သံတို့ကို ကြားလာရသည်။ ကွေ့လိမ်ကောက်ကွေးနေသော မြစ်ပြင်တလျှောက်ကို ကူးခတ်လာမိနေရင်း ချမ်းစိမ့်လာသဖြင့် ကျွန်တော် ကမ်းပေါ်သို့ တက်လိုက်သည်။

ဖြတ်ကနဲ ကျွန်တော် လန့်နိုးလာသည်။ ကျနော့် မျက်နှာအောက်တွင်မူ မိုးသက်ရောင်နီဟု ဗမာဘာသာဖြင့် ခေါင်းစဉ်တပ်ထားသော လက်ရေးစာမူတခုက အထပ်လိုက်။

-၅-

ကျွန်တော် လက်ဖက်ရည်ဆိုင်သို့ အထက်ပါ သူငယ်ချင်းနှင့်အတူ ပြန်‌ရောက်နေပြီ။ ကျွန်တော်သည် သောက်လက်စ လက်ဖက်ရည်ခွက်ကလေးကို အသာချထားလိုက်သည်။

စာစီထားသော အချောစာမူကို သူငယ်ချင်းသည် ဖတ်လျှက်‌နေရင်းဖြင့် ကျွန်တော့်ကို ကြည့်သည်။ ပြီးနောက် အဝေးတနေရာသို့ ငေးသွားပြန်လေသည်။ သူ၏ မျက်ဝန်းများသည် ပုံမှန်ထက်ပင် ရီဝေလှိုက်မောလျှက်။

ကျွန်တော်သည် သူငေးနေရာသို့ အလိုက်သင့် ငေးမိသည်။ ညနေခင်းနေရောင်ကြားထဲတွင် အခါလွန်မိုးက ဖွဲဖွဲ ရွာနေသဖြင့် ကောင်းကင်ကြီးတခုလုံး လိမ္မော်နီရောင် တောက်လျှက်ရှိသည်။ အချိန်အခါမဟုတ် ရွာသော မိုးဖြစ်၍ ပတ်ဝန်းကျင်တခုလုံး လှုပ်ရွသွားသည်။ ခေါင်းရွက်သည်ကြီးက သူ့ဟင်းရွက်များကို သိမ်းဆည်းရင်း ကျိန်ဆဲနေ၏။ ကယ်ရီမောင်းသည့် ဦးလေးကြီးက စိတ်ပျက်လက်ပျက်ဖြင့် တာလပတ်စကို ခေါင်းစွပ်လိုက်သည်။ ဘေးနား ကားလမ်းမပေါ်က အရှိန်ဖြင့် ဖြတ်မောင်းလိုက်သည့် ရွံ့စများ ပေသွား၍ အဖြူအစိမ်းလေး မည်းညစ်သွားသော ကလေးမလေးတယောက် ငိုမဲ့မဲ့။

ကျွန်တော်၏ မျက်လုံးတို့သည်လည်း ရီဝေလျှက်၊ မိန်းမောလျှက်။

-မောင်တင်ဦး
ရန်ကုန်
ဒီဇင်ဘာ ၁၈၊ ၂၀၂၃။

---

#မောင်တင်ဦး
#ပဋိပက္ခဗလပွနဲ့အမှာ

#sbla

Comments