မပြောတတ်ဘူး၊ ဟုတ်ချင်တော့လည်း ဟုတ်မယ် // မြင့်သန်း
မပြောတတ်ဘူး၊ ဟုတ်ချင်တော့လည်း ဟုတ်မယ် // မြင့်သန်း
---
ဘယ်လိုက ဘယ်လိုရယ်တော့ မသိဘူး။ သူကြီးတူ မောင်မူရယ်၊ တောင် ရွာက မောင်တာရယ် ယုန်လိုက်သွားရာက ဖွတ်ကြီးတကောင် မိတာက စတယ်ပဲ ပြောရတော့မယ်။
ဒီဘက်မှာတော့ ဖွတ်တို့၊ ပုတတ်တို့ ရရင် မီးဖုတ်၊ အရေဆုတ်၊ ကျုပ်တို့ အဟုတ်၊ တုတ်စို့ လို့တောင် ပြောကြတာမျိုးကိုး။ စပ်လို့ ပြောလိုက်ရဦးမယ်။ ဒါကို မြို့က ပြောင်းလာတဲ့ မူလတန်းကျောင်းအုပ် ဆရာ ကိုမြဝင်းကများဆိုရင် သေသေချာချာ ရေးမှတ်တယ်။
ဒါ တောက ဟိုက္ကူ ဆိုသလားပဲ။ ဒီက လူတွေကတော့ ဘယ်သိမှာတုံး။ ဟိုက္ကူဆိုတာနဲ့ အနီးစပ် ဆုံးက တာလမ်း ဟိုဘက်ခြမ်းမှာနေတဲ့ ဟုတ်ကြည်ဆိုတာပဲ သိတယ်။ ဟုတ်ကြည်က အရင်က လော်လီမောင်းတယ်။ ခုတော့ မြို့ ဘက် ပြောင်းသွားပြီ။ ထားတော့ ... ဒီကိစ္စ။
သင်းတို့နှစ်ကောင် အပြောအရတော့ ဖွတ်ကြီးကို တကောင်ကောင်က ကိုက်ထားပုံရတယ်တဲ့။ နာနေသတဲ့။ ဒီတော့ သူတို့နှစ်ယောက်က မပစ်ရက်တော့ဘူး။ ဖွတ်ကြီးက သူတို့ကို အသနားခံသလိုမျိုးနဲ့ ကြည့်တယ် ဆိုပဲ။ ဒီတော့လည်း သူတို့နှစ်ယောက်က အသာ ဖမ်းလာပြီး မောင်တာက သူ့အိမ် နောက်ဘက်မှာ ထားတယ်။
ဒဏ်ရာတွေ ဘာတွေကို ဆနွင်းကလေးနဲ့ သွေးဆေး မှုန့်ကလေး ရောပြီး သိပ်ပေးရာက ခုတော့ ဖွတ်ကြီး ကြည့်ရတာ အတော်နေသာ ထိုင်သာ ရှိလာပုံရတယ်။ လူတွေကတော့ ဖွတ်နာကြီး၊ ဖွတ်နာကြီးလို့ ပြော ကြတယ်။ သူကြီးတူ မောင်မှုတို့၊ တောင်ရွာက မောင်တာကို ရှေ့တော့ ဘယ်ခေါ် ရဲမှာတုံး။ နားရင်း ရိုက်သွားမှာ။
တချို့ လူကြီးတွေကတော့ အစက ရွာနာတယ်၊ ဘာဘာ ညာညာ ပြော ကြတယ်။ ရှေ့တင်ပြောတာတော့ မဟုတ်ဘူး။ တနေ့တော့ ဘယ်က ဘယ်လို ကြားသွားတယ် မသိဘူး။ စာသင်တိုက်က ဥပုသ်ဇရပ်မှာ လူကြီးတချို့ ထိုင်ပြီး စကားပြောနေကြတုန်း မောင်မူက ဇရပ်ဘေး လာပြီး ခင်ဗျားတို့တွေ ဘုရား စကား၊ တရားစကား ပြောကြဖို့ကောင်းတဲ့ အရွယ်တွေ ရောက်နေကြပြီ။ တောပြော တောင်ပြောတွေ ပြောမနေကြနဲ့။ အလုပ်မရှိရင် ငါ ဘယ်တော့များ သေပါ့မလဲသာ စဉ်းစားကြ။ ခင်ဗျားတို့က သေမယ်လို့ ထိုင်စောင့်နေကြတာ မဟုတ်လားလို့ ပြောသွားတယ်။
အဲဒီက စလို့ လူကြီးတွေလည်း ဖွတ်ကြီးအကြောင်း သိပ်မပြောကြတော့ဘူး။ မောင်မူ့ကို ကြောက်လို့ ရယ်တော့ ဟုတ်ပုံမရဘူး။ သူတို့ဘာသာ မောင်မူ့စကားကို ပြန်တွေးကြည့်တော့ ဟုတ်သားကလားလို့ မြင်လိုက်ကြလို့ပဲ ဖြစ်မယ်။
ရွာနာတယ် ဆိုတာကလည်း မဖြစ်လောက်ဘူး။ တောင်ရွာက မောင်တာ က တောင်ရွာရဲ့ တောင်ဖျားမှာ နေတာ။ တကယ်တော့ တောင်ရွာ တခုလုံးကို သူတို့ဘိုးဘွား လက်ထက်ကတည်းက မြေတွေ။ ဒီတကြောမှာ တောင်ရွာ က အစစ အရာရာ အတော်ကို အဆင်ပြေတဲ့ရွာ။ တရွာလုံးလည်း ဆွေတွေ မျိုးတွေလိုချည်းမို့ မောင်တာကြီးအိမ်နောက်မှာ ဖွတ်ကြီး ထားတာကို ဘယ်သူ ကမှ မပြောကြပါဘူး။ ဟိုးနားဒီနားက တောပြော တောင်ပြော ပြောပေတဲ့ ဘယ်သူကမှ သူတို့နှစ်ယောက်ကို ကဏ္ဍကောစ မလုပ်ရဲကြဘူး။ သူတို့နဲ့လည်း မကင်းနိုင်ကြဘူးကိုး။
ဒီ့ပြင် သင်းတို့က တူတယ်။ ဘာဖြစ်ဖြစ် မဟုတ်မခံ ကောင်မျိုးတွေ။ ဘယ်သူ့မှလည်း သိပ်ဂရုစိုက်တာ မဟုတ်ဘူး။ တခါတခါ ကာလသားခေါင်း အချင်းချင်း ဂျင်ကလယ်ကိစ္စလောက်နဲ့ ပြောရင်း အချင်းများကြရင် နှစ်ဖက်စလုံး ခေါ်ပြီး ကြိမ်းပစ်တာ။ သင်းတို့ စိတ်တိုနေတာနဲ့များ တိုးရင်တော့ ထပြီး နားရင်းရိုက်တော့တာ။ ပြီးမှ သောင်း စကား အူပေါက် ရင်တို့ တဲခေါ်ပြီး ထန်းရည်တိုက်ရင်း နှစ်ဖက်စလုံးကို သင့်မြတ်ဖို့ ပြောတတ်တယ်။
ဖွတ်ကြီးအကြောင်း ဆက်ရရင်တော့ မောင်တာက ဖွတ်ကြီးကို နွားတဲဘေးမှာ ဝင်းတခုနဲ့ ထားတာ။ အစကတော့ ဖွတ်ကြီးများ မြေတူးပြီး ထွက် သွားမလားလို့ ပူကြတယ်။ ဖွတ်ကြီးက ဒဏ်ရာတွေ ဘာတွေ ကျက်သွားလို့ ပုံမှန်ဖြစ်သွားပေတဲ့ ထွက်ပြုပြေးမယ့်ပုံ မပေါ်ဘူး။ မောင်မူတို့၊ မောင်တာကိုလည်း အရပ်ထုံးစံအတိုင်း မီးဖုတ်၊ အရေဆုတ် လုပ်မယ့်ပုံ မပေါ်ဘူး။ ဒါတင်ဘာဟုတ်သေးလဲ။ ခုဆို နွားစာကျွေးတဲ့ ပေါက်ချွန်းက နွားစာ ကျွေး ပြီးတာနဲ့ ဖွတ်ကြီးကို အချိန်မှန် အစာကျွေးရသတဲ့။ ဖွတ်ကြီးကလည်း အချိန်မှန် အစာမျှော်ဆိုပဲ။ အခု ဖွတ်ကြီးကို ဘာကျွေးမှန်းတော့ မသိဘူး။
ဖွတ်ကြီး က တော်တော် အကောင်ကြီးလာတယ်။ တနေ့တော့ ပေါက်ချွန်းက ဖွတ်ကြီး ထားတဲ့ ဝင်းထဲ ကြက်တကောင် ချကြည့်တယ်တဲ့။ ဖွတ်ကြီးများ လိုက်မလား လို့။ ဒါပေတဲ့ ဖွတ်ကြီးက လှုပ်တောင် မလှုပ်ဘူးဆိုပဲ။ အဲဒါကို ပေါက်ချွန်းက သူ့ဆရာကို ပြောပြတော့ သူ့ဆရာ မောင်တာက “ဖွတ်ကြီးက မင့်လို မဟုတ်ဘူး။ သူတော်ကောင်းကြီးကွ” လို့ ပြောသတဲ့။ ပြောတုန်းက ရယ်စရာ နောက်စရာ ဖြစ်မှာပါ။ ဒါပေတဲ့ ပေါက်ချွန်းဆီကနေ အရပ်ထဲရောက်တော့ ကားသွားပုံရတယ်။ ခုတော့ မောင်မူတို့၊ မောင်တာတို့ ဖွတ်ကြီးက ဖွတ်သူတော်ကောင်း လို့ ဖြစ်နေတော့တယ်။
ပြောမယ်ဆိုရင်တော့လည်း ပြောစရာဖြစ်လာတဲ့ အကြောင်းတွေက ပေါ် လာပြန်တယ်။ ဖွတ်ကြီး မောင်တာ့အိမ် ရောက်ပြီး နှစ်လလောက် အကြာမှာ မောင်မူနဲ့ မောင်တာက အောင်ဘာလေမှာ ငါးရာ ပေါက်တယ်။ ဖြစ်တာက ဒီလို။ မြို့မှာ မြေခွန်သွားထမ်းပြီး ပြန်အလာ၊ တံတားထိပ်က ကားဆိပ်မှာ ကားစောင့်ရင်း မောင်မူတို့က အာ့စိန်ဆိုင် နောက်ဘက်မှာ တပက်၊ နှစ်ပက် ဝင်နှိပ်ကြသတဲ့။ အဲဒီမှာ ခွက်ပုန်းလာဆော်တဲ့ ဦးလေးဘတင်နဲ့ တွေ့တယ်ဆိုပဲ။ ဦးလေးဘတင်က ဘိုင်စကယ်နဲ့ လှည့်ပြီး ထီလက်မှတ်ရောင်းတယ်။ ဦးလေး ဘတင်က ဒီနှစ်ကောင်ကို ငါ့မှာ ထီလက်မှတ်တစောင် ကျန်နေတယ်။ ငါ ဖြတ်ပိုင်း ပြန်ပို့တော့မှာမို့ ပေးချင်သလောက် ပေးလို့ ပြောသတဲ့။
ဒီတော့ မောင်မူတို့ နှစ်ယောက်သား အိတ်ထောင်ထဲမှာ ရှိသမျှ အကြွေတွေ ထုတ်ရေ ကြည့်တော့ နှစ်ကျပ်မတ်တင်းလား၊ တကျပ်ပြားရှစ်ဆယ် ဆိုလားပဲ ရှိသတဲ့။ ဦးလေးဘတင်က ရှိတာသာ ပေးကွာ၊ ကျန်တာ ပေါက်မှ ပေးလို့တောင် ရယ်စရာ ပြောသေးဆိုပဲ။ ပြီးတော့ အတိတ်ရေးလကွာလို့ ပြောသတဲ့။
ဒီတော့ မောင်တာက အတိတ်အဖြစ်နဲ့ ဖွတ်ကူသံ သောသော ညံစေ လို့ ရေးသတဲ့။ အဲဒီတုန်းကတောင် မောင်မူက “မင့်ဟာက ဘာတုံး” လို့ မေးသေး တယ် ဆိုပဲ။ “မင်း မကြားဖူးဘူးလား။ ဖွတ်ကူသံ ကြားရင် ကမ္ဘာ့ရာဇဝင်ကြီး ဆိုလား၊ သမိုင်းကြီး ဆိုလား ပြီးသွားတယ်လို့ ဆိုတာ” လို့ မောင်တာက ဖြေတယ်။ မောင်မူကတော့ သိပ်မကျေနပ်ဘူး။ ဒီတော့ ခုလို ပြောပြန်တယ်။
“ဖွတ်က ကူရတယ်လို့ ငါ မကြားဖူးပေါင်ကွာ။ ချိုးတို့၊ ဘာတို့သာ ကူ တယ် ကြားဖူးတယ်။ မင်းဟာက မတော်မတည့် မိုးကြိုးတွေ၊ ဘာတွေ ပစ်နေ ပါဦးမယ်”
“ဟကောင် ... မောင်မူ၊ ဒွေးကြီးကျော်လင်း ပြောတာ မင်း မကြားဖူးဘူးလား။ ဂျပန်ပြည်ကို အဏုမြူဗုံးဆိုတာ မကြဲခင်က တောင်ပေါ်မှာ ဖွတ်ကြီး တကောင် ကူသတဲ့။ နောက်တော့ ဂျပန်ပြည်ကြီးမှာ ဗုံးကျရော။ သမိုင်း ဆိုတာကြီး တခုလည်း ရပ်သွားရောတဲ့။ ဂျပန်တွေက ဖွတ်ကူတဲ့ တောင် နှစ်တောင်ကို အထိမ်းအမှတ် လုပ်ထားသေးတယ် ဆိုပဲ။ သင်းတို့က တောင်ကို ယာမလို့ ခေါ်တယ် ဆိုသလားပဲ။ ဒီတော့ အခုဆို ဖွတ်ကူယာမ ဆိုပြီး အဲဒီဟာကြီးက နာမည်ကြီးနေတာတဲ့။ မင်းကတော့ ခက်တယ်။ ဘာမှ အကြားအမြင် မရှိတဲ့ကောင်”
ပြောပြီး မောင်တာက မောင်မူ့ကိုတောင် မာန် သေးတာ။ ဒီတော့ မောင်မူက
“မင်းဟာမင်း ဖွတ်ကူယာမဖြစ်ဖြစ် သမိုင်းကြီးပဲ ပြီးသွား ပြီးသွား၊ ငါ့သောက်လုပ် မဟုတ်ဘူး။ ထီပေါက်မယ် ဆိုလို့ကတော့ မင်းနှမ မြစိန်နာမည်ပဲ ရေးရေး၊ ပေါက်ရင် ပြီးတာပဲ” လို့ ပြန်ပြောတယ်။
သင်းတို့နှစ်ယောက် ထီပေါက်တဲ့ ဇာတ်လမ်းကတော့ အဲဒါပဲ။ အဲဒီလို ထီပေါက်သွားတော့ ဖွတ်ကြီးက သူတော်ကောင်းကြီးလို့ သတင်းဖြစ်နေရာက ဖွတ်ကြီးက လာဘ်သပ္ပကာ ရွှင်တယ် ဖြစ်ပြန်ကရော။ အဲဒီလို သတင်းဖြစ်နေတာကို ထောက်ခံဖို့ အကြောင်းက ပေါ်လာပြန်သေးတယ်။ ဖြစ်ပုံက ဒီလို။
ဒီဘက်တကြောမှာ ဖဲရိုက်စားနေတဲ့ စံပ ဆိုတဲ့အကောင် တကောင် ရှိတယ်။ သူက မြောက်ရွာက။ စံပက ဖဲရိုက်တယ်ဆိုတော့ ဖဲသမားလို့ နာမည်ပျက်နေပေတဲ့ ရိုက်တာကလွဲလို့ ဘာမှတော့ မတော်မတရား မလုပ်ရှာဘူး။ တနေ့တော့ မောင်တာကြီးက ဖွတ်ကြီးကို အစာကျွေးနေတုန်း စံပ ရောက်လာပြီး မောင်တာ့ကို ပြောတယ်။
“အစ်ကိုရယ်၊ ညောင်ကန်ဘက်က အသုဘမှာ ဒီည ဝိုင်းကောင်းမယ်ဆိုလို့ ကျွန်တော် သွားမလို့။ အဲဒါ အစ်ကို ဖွတ်ကြီးနဖူးကို ကျွန်တော် ပိုက်ဆံတရွက်နဲ့ ပွတ်သွားပါရစေ။ ကက်ကင်းသဘောပေါ့ အစ်ကို ရယ်” လို့ ပြောသတဲ့။ ဒီတော့ မောင်တာက
“ပွတ်ချင် ပွတ်လေကွာ။ မင်းဘာသာ ကက်ကင်းဓာတ်ယူဟာ ငါ မသိဘူး။ ရှုံးရင်တော့ ဖွတ်ကြီးကြောင့် မဟုတ်ဘူး။ နိုင်ရင်တော့ ငါဖို့ တလုံး” လို့ ရယ်ရင်း ပြောတယ်။ ဒီစံပက သူ့လက်ထဲက ပိုက်ဆံတထပ်နဲ့ ဖွတ်ကြီးနဖူးကို ပွတ်သွားသတဲ့။
လိုရင်း ပြောရရင်တော့ နောက်တနေ့ မွန်းမလွဲသေးခင် စံပ တယောက် မန္တလေးရမ်တလုံးနဲ့ မောင်တာ့ဆီ ရောက်လာတယ်။ လက်ထိပ်လက်အောက် ရှောင်ရရုံ မဟုတ်ဘူး။ ဝိုင်းလုံးကျွတ်တောင် နိုင်လာတာတဲ့။ ဒီတော့ မောင်တာ့ကို ရမ်တလုံး ပေးရင်း အစ်ကိုတို့ အားတဲ့နေ့ ကျွန်တော် တံတားထိပ်က အာ့စိန်ကြီး ဆိုင်မှာ ကျွေးဦးမယ်လို့တောင် ပြောတယ်။
အဲဒီကတည်းက စပြီး ဖွတ်ကြီးက သမိုင်းသစ်တွေ တွင်စရာ ဖြစ်လာတယ်။ ဒီ့ပြင် သူကြီးတူ မောင်မူနဲ့ တောင်ရွာက မောင်တာတို့ နှစ်ယောက်သားဟာ နာမည်တလုံး တိုးလာတယ်။ ဖွတ်ကြီးရဲ့ ဖက်စပ်ပိုင်ရှင်တွေ ဖြစ်လာကြတယ်။ ဖွတ်ကြီးလည်း ပိုပြီး ထင်ထင်ရှားရှား ဖြစ်လာတယ်။ ရွာနီးချုပ်စပ်က လူတွေတောင် လမ်းကြုံတဲ့အခါ ဝင်ကြည့်ကြရတယ်။ တချို့က အသာ ထိကြည့် တို့ကြည့်ကြ။ ကံကောင်း တယ်၊ လာဘ်သပ္ပကာ ရွှင်တယ်လို့ ဆိုကြတာကိုး။
ဘာပဲပြောပြော အဲဒီတကြောက လူတွေမှာ “ဖွတ်” နဲ့ ပတ်သက်လို့ အမြင်၊ အသိ ပြောင်းသွားတယ်။ ဖွတ် ဆိုတာ မွဲတတ်တယ်ဆိုတဲ့ နေရာမှာ ဖွတ်ဆိုတာ အကျိုးပေးတယ် ဖြစ်လာကြတယ်။ အရင်က ဖွတ်ကြီး မြင်ရင် မျက်စပ်အထက်တောင် ခြေမှုန့်သုတ်တတ်တဲ့ ဈေးသည်တွေတောင် ဈေးသွားဈေးပြန် ဝင်ဝင်ပြီး ဖွတ်ကြီးကို ကြည့်ကြရတယ်။
တနေ့တော့ ပြဿနာပေါ်လာတယ်။ မောင်မူတို့ ဘိုးအေကြီး ဘိုးအုန်းပွင့် အကြီးအကျယ် ဖျားပါလေရော။ ဘိုးအုန်းပွင့်က တောင်ရွာ၊ မြောက်ရွာတွေကို စတည်တဲ့သူတွေအထဲက မူလ လက်ဟောင်းကြီး။ သူတယောက်ပဲ ကျန်တော့တာ။ ဘိုးအုန်းပွင့်က လာမယ့် ဝါဆိုမှာ ကိုးထဲ ဝင်တော့မှာ။ မာတော့ အတော်မာတယ်။ ဒါပေတဲ့ ရေချိုးမှားပြီး အပူရှပ်ရာက ငမ်းဖမ်းသလိုလိုတွေတောင် ဖြစ်လာတယ်။ ရင်တွေ ဘာတွေ ကျပ်ပြီး အသက်ရှူမ၀ဘူး ဖြစ်လာတယ်။
တံတားထိပ် ကားဆိပ် ဆေးခန်းက ဆရာဝန်ကလေးတို့၊ သြဋ္ဌာရိက ဆေးဆရာ တွေကတော့ လက်မလျှော့ဘူး။ ဘူးသီးနဲ့ ဖွတ်သားဟင်းခါး သုံးရက် စားခိုင်းပြီး ရေနိုင်နိုင်ချိုးရင် ဝဋ်နာကံနာက လွဲရင် ပျောက်မှာပဲတဲ့။ ဒီတော့ တရွာ လုံးရဲ့ မျက်စိထဲမှာ ဖွတ်ကြီးကိုပဲ မြင်လာကြတယ်။ မောင်မူနဲ့ မောင်တာလည်း ဘာပြောရမှန်း မသိတော့ဘူး။
ဒါပေတဲ့ ပြဿနာက ဘူးသီးပဲ။ ဓာတ်ဆရာ ဦးမှန် အလိုအရတော့ ဆွတ်သီး ဖြစ်ရမယ်တဲ့။ ဘူးသီးခြောက်တို့၊ ဘာတို့ မဟုတ်ဘူးတဲ့။ ခက်တာက ခုလိုရာသီမျိုးမှာ ဒီဘက်မှာ ဘူးသီး ဘယ်က ရမှာတုံး။ အနီးစပ်ဆုံးက ကွင်းသာ ဆယ့်တရွာဘက်မှာ ရကောင်း ရနိုင်တယ်လို့ ကိုဦးကြည်ပြောလို့ သိရတယ်။ အဲဒီကို ဒလပြင်း လူလွှတ်ပြီး အရှာခိုင်းရမှာပဲ။
ဒါတောင် အသွားအပြန် တညအိပ်တော့ ကြာဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကို ကောင်ကလေး နှစ်ယောက် လွှတ်လိုက်တယ်။
ဒီမှာကတော့ မောင်မူနဲ့ မောင်တာ ခေါင်းချင်းရိုက်နေကြရတယ်။ မရိုက်လို့ကလည်း မဖြစ်ဘူး။ ဘိုးအုန်းပွင့်အတွက်ဆို ဖွတ်ကြီးကို ပေါ်သင့် ပေါ်ရတော့မယ့် အခြေအနေမျိုး ရောက်နေပြီကိုး။ ဆွေမျိုးတွေကလည်း ဖွတ်ကြီးကို မျက်စောင်း ထိုးနေကြပြီကိုး။
နောက်ဆုံးတော့ သင်းတို့နှစ်ယောက် ဆုံးဖြတ်ချက်တခု ချလိုက်ကြရတယ်။ ဘူးသီး ရ၊ မရ စောင့်ပြီး ဘူးသီး ရခါမှ ဖွတ်ကြီးကို ပေါ် မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဖြစ်ချင်တော့ ကောင်လေးတွေ ကွင်းသာဘက် ထွက်သွားတဲ့ ညနေမှာပဲ ဘိုးအုန်းပွင့် အသက်ထွက်သွားရှာတယ်။
ဆွေတွေ မျိုးတွေ ငိုယိုနေကြတုန်း မောင်မူနဲ့ မောင်တာတို့ ပြုံးနိုင်ကြတယ်။ ဖွတ်ကြီး ကလည်း မောင်မူတို့ကို တွေ့ တယ်ဆိုရင် ခေါင်းတမော့မော့နဲ့ ကျေးဇူးတင်ပါ သဗျာများ ပြောသလိုပဲလို့။ ပေါက်ချွန်း ပြောလို့ အရပ်ထဲမှာ ကြားကြရတယ်။ ကွင်းသာဘက်က ပြန်လာတဲ့ ကောင်ကလေးတွေ ယူလာတဲ့ ရှားရှား ပါးပါး ဘူးသီးကိုတော့ မောင်တာကြီး အိမ်က ကြက်တကောင်ကို စပါးလင် များများနဲ့ ကာလသားဟင်း ချက်စားလိုက်ကြတယ်။
စံပကလည်း နောက်ထပ် မန္တလေးရမ်တလုံး ယူလာပေးတယ်။
အရပ်ထဲမှာ တခြားလူတွေလို သိပ်အယူမသည်းတတ်တဲ့ ဒေါ်လေး မမြတင်ကတော့ ပြောတယ်။ ရွာထိပ်က လက်ပံပင်ကို ကပ်ကလူတွေ က ကတည်းက ဘိုးအုန်းပွင့် မရတော့ဘူးဆိုတာ သိသတဲ့။
ပိုဆိုးတာက ဖွတ်ကြီး နဲ့ သွားပြီး ကံချင်း ပြိုင်တာပဲတဲ့။ ဖွတ်ကြီးက ဇာတာ စန်းထနေချိန်မှာ ဘိုးအုန်းပွင့်က ထိပ်တိုက်တိုးတော့ ကံနိမ့်တဲ့လူ ခံရတာပဲတဲ့။ ဘိုးအုန်းပွင့်ရယ် အသက်ကိုးဆယ်နား နီးနေတဲ့ အကြောင်းတော့ မပြောဘူး။
ဒေါ်လေး မမြတင် ပြောတဲ့အထဲက လက်ပံပင်ရယ်၊ ကပ်ကလူရယ်၊ ဘိုးအုန်းပွင့်ရယ်၊ ဖွတ်ကြီးရယ် အဲဒီကြားထဲမှာ ဘယ်လိုတွေ ဆက်စပ်နေတယ် ဆိုတာကတော့ မသိဘူး။
ဒီတော့လည်း နားထောင်မိတဲ့ လူတွေအဖို့တော့ ဟုတ်ချင်တော့လည်း ဟုတ်မယ်လို့ တွေးကြည့်ရတော့တယ်။
---
#မြင့်သန်း
#မပြောတတ်ဘူးဟုတ်ချင်တော့လည်းဟုတ်မယ်
#shared_by_louis_augustine
Comments
Post a Comment