မောင်ပေါက်ကျိုင်း // အောင်သင်း

မောင်ပေါက်ကျိုင်း // အောင်သင်း

(ရှုမဝရုပ်စုံမဂ္ဂဇင်း နိုဝင်ဘာ၊ ၁၉၇၄)

---

ကျွန်တော်တို့သည် မောင်ပေါက်ကျိုင်းအကြောင်းကို ငယ်စဉ်က ကြားခဲ့ ဖူးပါသည်။ နှစ်သက်ခြင်းလည်း ဖြစ်သည်။ ယခုထက်တိုင် မမေ့နိုင်အောင်လည်း စွဲလမ်း မိကြသည်။ ယခု တမြည့်မြည့်ပြန်ပြီး စဉ်းစားသုံးသပ်ကြည့်မှ မောင်ပေါက်ကျိုင်းအား ဖန်တီးလိုက်သော ပုံပြောဆရာ၏ အနုပညာစွမ်းရည်ကို တစိမ့်စိမ့် သဘောပေါက်လာမိပါသည်။

“ကျွန်တော်တို့ ခေတ္တမျှ ငယ်မူပြန်ကြည့်ရအောင်လား” ဟု စာဖတ်သူကို ဖိတ်ခေါ်ပြီး သုံးသပ်ကြည့်ကြချင်ပါသည်။ ဇာတ်လမ်းအရ ပထမ ... မောင်ပေါက်ကျိုင်းသည် တက္ကသိုလ်ပြည်၊ ဒိသာပါမောက္ခဆရာကြီးထံ တပည့်ခံ၍ ပညာသင်ကြား ဆည်းပူးသည်။ သုံးနှစ်သုံးမိုးပင် ကြာပါသော်လည်း မည်သည့်အတတ်ကိုမျှ မတတ်။ ဆရာကြီးပင် လက်လျှော့ရလေပြီ။ သို့သော် ဆရာကို ရိုသေကျိုးနွံလှသော မောင်ပေါက်ကျိုင်းကိုကား ဆရာကြီးက ချစ်သည်။ ဇာတာပေတာ တွက်ကြည့်ပြန်တော့လည်း ကြီးပွားအောင်မြင်မည့် ယောက်ျားဟု ဟောကိန်းထွက်သည်။”

ဤနေရာတွင် ခဏနား၍ ကလေးဘဝ ခံစားမှုကို ဆင်ခြင်ကြည့်လျှင် ကျွန်တော်တို့ ဇာတ်လိုက်ကြီး(ဟီးရိုး)သည် သုံးနှစ်နေလို့မှ ဘာတခုမျှ သင်ကြားမရအောင် ထုံထိုင်းညံ့ဖျင်းလှသူ ဖြစ်နေသည်။ အစကတည်းက ဘယ်လောက်ဆန်းကြယ်ပါသနည်း။ တပါးသော ပုံပြင်တို့တွင် တွေ့ရသည့် ဇာတ်လိုက်များနှင့် လုံးဝမတူ။ သို့သော် ဇာတ်လိုက်ကြီး ဖြစ်နေပါသဖြင့် စွမ်းပကား တခုခုတော့ဖြင့် ရှိလိမ့်မည် ထင်သည်။ ထို့ပြင် တက္ကသိုလ် ဆရာကြီး ကိုယ်တိုင်ကလည်း ဇာတာပေတာအရ ကြီးမြင့်မည့် ယောက်ျားတု ယုံကြည်သည် မဟုတ်လား။ ဘယ်လို ကြီးမြင့်မှာပါလိမ့်။

ဘယ်လို ကြီးမြင့်ပါလိမ့် ... ။

ဤမေးခွန်း ပေါ်လာသည်ပင်လျှင် ပုံပြောဆရာ၏ အနုပညာစွမ်းရည်ကို ရိပ်မိစ ပြုစေပြီဟု ထင်မိပါသည်။ အကြောင်းသော်ကား ပုံပြင်ဖြစ်စေ၊ ဝတ္ထု- ပြဇာတ်ဖြစ်စေ ဇာတ်လမ်းပါသော စာပေပစ္စည်းတခုကို အစပျိုးမိလျှင် ရှေ့ဘာ ဖြစ်မလဲ သိချင်စိတ် ပေါ်စေသင့်ပါသည်။ ကြားနာသူက ရှေ့ဘာဖြစ်မလဲ ဆက်ပြီး မသိချင်လျှင် ဘာပဲဖြစ်ဖြစ် မကောင်းလို့ပင်ဖြစ်သည်ဟု ဆိုချင်ပါသည်။ ပထမပိုင်း၌ သိချင်စိတ် ပြင်းပြပြီး နောက်ပိုင်း သိချင်စိတ် အားလျှော့သွားလျှင် ရှေ့ပိုင်းကောင်းပြီး နောက်ပိုင်းလျှော်သွားလို့ ဖြစ်သည်ဟု ဆိုရပါမည်။ ထို့ကြောင့် မောင်ပေါက်ကျိုင်း ပုံပြင်ဆရာသည် အစပျိုးပုံအောင်မြင်သည်ဟု ဆိုရပါတော့မည်။ ပုံပြင်ကို ဆက်ကြည့်လျှင်

“ဆရာကြီးက တပည့်အား ပညာသင်ပေးရန် လက်လျှော့လိုက်သော်လည်း တွယ်တာ ချစ်ခင်လှသောကြောင့် နှုတ်ငုံဆောင်ရန် စကားကြီးသုံးခွန်းကို ပေးလိုက်သည်။
သွားပါများ၊ ခရီးရောက်။ 
မေးပါများ၊ စကားရ။
မအိပ်မနေ၊ အသက်ရှည်။
ဤစကားသုံးခွန်းကို ခက်ခဲပင်ပန်းစွာ ကျက်မှတ်ပြီးနောက် မောင်ပေါက်ကျိုင်းသည် ဆရာကို ကန်တော့၍ တက္ကသိုလ်ပြည်မှ ထွက်လာခဲ့သည်။”

မောင်ပေါက်ကျိုင်း၏ တက္ကသိုလ်ပညာမှာ ဤမျှသာတည်း။

ဤနေရာတွင် သိချင်စိတ်နှိုးဆော်မှု နောက်တဆင့် တက်လာပြန်လေပြီ။ ဤစကားသုံးခွန်းသည် မုချ အလုပ်လုပ်တော့မည်ဖြစ်ကြောင်း ကျွန်တော် တို့ ရိပ်မိကြသည်။ အလုပ်မှာ တော်စွလျော်စွအလုပ်မျိုး မဟုတ်နိုင်ကြောင်းလည်း ရိပ်စားမိကြသည်။ ဤစကားသုံးခွန်းသည် မောင်ပေါက်ကျိုင်း၏ ဘဝကို အပြောင်းအလဲ ပေးလိမ့်မည်ဟု ထင်နေသည်။ ကျွန်တော်တို့သည် (မိမိကိုယ် မိမိပင် မသိလိုက်ဘဲ) ဒိသာပါမောက္ခဆရာကြီးအပေါ် မောင်ပေါက်ကျိုင်း ကဲ့သို့ပင် ယုံကြည်ကိုးစား နေလေပြီတကား။

ကျွန်တော်တို့ကတော့ မောင်ပေါက်ကျိုင်းလောက် ထုံထိုင်းသူမဟုတ်သောကြောင့် ခက်ခဲပင်ပန်းစွာ အားမထုတ်ရဘဲ မှတ်မိလိုက်ပါပြီ။ အာဂုံရပြီး လေပြီ။ ကျွန်တော်တို့ တသက်တာတွင် ဝတ္ထုထဲက အရေးပါသော ကဗျာ တပိုဒ်၊ စာတပိုဒ်ကို အလွတ်ကျက်မှတ်မိအောင် စွဲလန်းခြင်းတို့အနက် ပထမဆုံးအကြိမ် ဖြစ်ပေလိမ့်မည်။ အာဂ ပုံပြောဆရာပါတကား။

“မောင်ပေါက်ကျိုင်းသည် သင်းတွဲပြည်ကြီးသို့ ရောက်၏။ ထီးဆောင်း မင်း မရှိသောကြောင့် မောင်ပေါက်ကျိုင်းကိုပင် မင်းမြှောက်၏။ သွားပါများ ခရီးရောက်လေပြီ။ ရှေးရှေးက မင်းများသည် ထီးနန်းဆက်ပြီး ခုနစ်ရက်အကြာတွင် နတ်ရွာစံတတ်ကြောင်း အပျိုတော်လေးများအား ချော့မော့မေးခြင်းဖြင့်သိရလေသည်။ မေးပါများ စကားရလေပြီ။

“အ,ကာလ ညအခါတွင် ပေါက်ကျိုင်းက ငှက်ပျောတုံးကို ကမ္ဗလာ လွှမ်း၍ လူသဏ္ဌာန်ဖန်ဆင်းပြီး မိမိကမူ သံလျက်စွဲ၍ တံခါးအကွယ်က မအိပ်ဘဲစောင့်နေ၏။”

ကျွန်တော်တို့ ပုံပြင်နားထောင်နေသူတွေကလည်း မအိပ်ဘဲ စောင့်ပြီး နားထောင်ချင်ပါပြီ။ ဤနေရာတွင် ပုံပြောသူက “နက်ဖြန်မှ ဆက်ကြတာ ပေါ့ကွယ်” ဟု ဆိုလျှင် ကျွန်တော်တို့ သည်းမခံနိုင်၊ ကျွတ်စီကျွတ်စီနှင့် ခြေဆောင့်ခြင်း၊ ငိုကြွေးပူဆာခြင်းတို့ဖြင့် ဆန္ဒပြကြလိမ့်မည် ထင်သည်။ သိချင်စိတ်သည် အထွတ်သို့ရောက်နေပြီ မဟုတ်ပါလား။

“သန်းခေါင်ကာလရောက်သော် တရှုးရှုးမြည်သံ ကြားရ၏။ ခဏကြာလျှင် နဂါးကြီးတကောင် ဝင်လာ၍ ငှက်ပျောတုံးကို မောင်ပေါက်ကျိုင်း အမှတ်ဖြင့် ပေါက်လိုက်ရာ အစွယ်နှင့်ငှက်ပျောလျှော်မျှင် ငြိနေသောကြောင့် မရုန်းနိုင်။ ထိုအခါမှ မောင်ပေါက်ကျိုင်းက နဂါးကို သတ်ပြီးလျှင် အသေကို သူ၏ တိတ်တိတ်ပုန်းချစ်သူ မိဖုရား၏ အဆောင်တွင်းသို့ ပစ်သွင်းလိုက်လေ သတည်း”

ဤနေရာရောက်မှ “နက်ဖြန်မှ ဆက်ကြစို့” ဆိုလျှင် ကျွန်တော်တို့ အလွယ်တကူ အိပ်ရာဝင်ကြမည် ထင်သည်။ သို့မဟုတ် “အဲဒါနဲ့ နဂါးကြီးသေတော့မှ ထီးနန်းကို စံမြန်းအုပ်ချုပ် မင်းလုပ်ပြီး နေရောတဲ့။ ကဲ ... ပုံပြင်ဆုံးပြီ” ဟု ဆိုလျှင်လည်း ကျွန်တော်တို့ ကျေနပ်ကြမည်ပင် ဖြစ်ပါသည်။ ကျွန်တော်တို့စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့သော ဘာဖြစ်မှာလဲ၊ ဘယ်လိုဖြစ်ဦးမှာလဲ စသည့်မေးခွန်းတို့သည် ပြေးသွားကြပြီ မဟုတ်ပါလား။ ပြီးတော့ ဘာဖြစ်သေးလဲဟု မချင့်မရဲထပ်ပြီး မေးစရာ မရှိတော့ပါ။ “နောက် ထပ်ပြီး ဘာဖြစ်သေးလဲ” ဟု ထပ်မေး၍ ဖြေပြလျှင် အားပြိုင်မှုအသစ်တခု ပေးရဦးတော့မည် ဖြစ်ပါသည်။

ယခု ပုံပြောဆရာကလည်း ဉာဏ်ရွှင်နေပါသည်။ ဆက်ပြီး ပြောချင်ပါ သေးသည်။ ထို့ကြောင့် ပြဿနာအသစ် အားပြိုင်မှုအသစ်တခုကို ဖော်လိုက် ပြန်ပါသည်။

“မိဖုရားကြီးက သူ၏ တိတ်တိတ်ပုန်းချစ်သူ နဂါးကြီးသေရသည်ကို လုံးဝ မကျေနပ်။ ထို့ကြောင့် မောင်ပေါက်ကျိုင်းမသေသမျှ သူမနေပြီ။ အသပြာ တထောင်ပေး၍ နဂါးသေကောင်၏ အရေခွံကို ဆုတ်စေသည်။ အသပြာ တရာပေးပြီး ထိုနဂါးရေကို ခေါင်းအုံးချုပ်စေသည်။ နဂါး၏ အရိုးတို့ ဆံထိုး လုပ်၍ မြတ်နိုးစွာ ပန်ဆင်သည်။ ထိုအကြောင်းအရာများကို မောင်ပေါက်ကျိုင်းအား စကားထာဝှက်သည်။

ထောင်ပေးလို့ ဆုတ်၊
ရာပေးလို့ ချုပ်၊
ချစ်တဲ့သူအရိုး ဆံထိုးလုပ်။

“ဤစကားထာကို မောင်ပေါက်ကျိုင်းက ခုနစ်ရက်အတွင်း ဖော်နိုင်လျှင် သူ့ကို မသတ်တော့၊ ခုနစ်ရက်လည်၍ မဖော်နိုင်လျှင် ပေါက်ကျိုင်းကို သတ်မည်။ အသက်ကို လောင်းကြေးပြုသည်။”

ကျွန်တော်တို့သည် စကားထာကိုလည်း ချက်ချင်း ကျက်မှတ်လိုက် နိုင်သည်။ ကာရန်ကလေးထည့်ထားတော့ ရွတ်လို့လည်း ကောင်းသည်။ မှတ်လို့လည်း လွယ်သည်။ ပုံပြောဆရာသည် ညှို့ကွက်ကိုလည်း သိသည်။ ငြိလုံးကိုလည်း သွင်းတတ်သည်။

ကျွန်တော်တို့အဖို့ မောင်ပေါက်ကျိုင်း၏ အသက်ဘေးကို စိုးရိမ်မိကြလေပြီ။ တက္ကသိုလ်ပြည်တွင် သုံးနှစ်နေခဲ့လို့မှ တစိုးတစိ မတတ်ခဲ့သော မောင်ပေါက်ကျိုင်းမှာ မည်သို့လျှင် ဤပြဿနာကို ဖြေနိုင်ပါမည်နည်း။ ဤတွင် ပုံပြောဆရာက ကျီးဖို၊ ကျီးမ ဇာတ်လက်တက်ငယ်ကလေး တခုကို ထည့်သွင်းလိုက်သည်။ မောင်ပေါက်ကျိုင်း ရှင်ဘုရင်ဖြစ်သည်ကြား၍ လိုက်လာသော မိဘနှစ်ပါးက ကျီးဖို၊ ကျီးမ စကားပြောသံကို ကြားရသောကြောင့် ပြဿနာ၏ ရင်းမြစ်ကို သိသွားကြသည်။ ထို့ကြောင့် သင်းတွဲပြည်သို့ ခပ်သုတ်သုတ်ကလေး သွားကြသည်။ ဤသို့လျှင် မောင်ပေါက်ကျိုင်း၏ အသက်ကို လက်မတင်ကလေး အမီကယ်လိုက်ကြရသည်။ မောင်ပေါက်ကျိုင်းသည် မိဖုရားကြီးအား ရန်တုံ့မမှုဘဲ ထီးနန်းစံမြန်းသိမ်းပိုက်တော်မူသည်ဟု အဆုံးသတ်လိုက်သည်။ ကျွန်တော်တို့ ကျေနပ်ပါပြီ။ သပ်သပ်ရပ်ရပ် ရှင်းလင်း သွားသော ဇာတ်လမ်းကို နှစ်သက်ကြပါသည်။

သို့သော် ကျွန်တော်တို့ ပုံပြောဆရာသည် စိတ်ကူးဆန်းကြယ်သော သူ ဖြစ်သည်။ ထို့ကြောင့် ဆက်ဦးမည်။ မောင်ပေါက်ကျိုင်းနှင့် မိဖုရားကြီး ပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်ကြပေါ့။ မင့် ဘာများဆက်စရာ ရှိသေးသနည်း။ သို့သော် ဆက်လာပြန်ပါပြီ။

“မိဖုရားကြီးတွင် သန္ဓေရှိရာ၊ နဂါးငွေ့သင့်သောကြောင့် ဖွားမြင်လာသော အမြွှာညီနောင်တို့မှာ စက္ခုနှစ်ကွင်း အလင်းမရရှိချေ။ မင်းကြီးက ရှက်နိုးတော်မူ၍ ဖျောက်ဖျက်စေဟုဆို၏။ မိဖုရားကြီးက မှူးမတ်တို့နှင့်တိုင်ပင်၍ ဝှက်ထား၏။ လူလားမြောက်မှ ဖောင်ပေါ်တင်၍ မြစ်ရေကြောတွင် မျှော‌စေ၏။ပြဿနာတခု တက်လာပြန်လေပြီ။ ဤဒုက္ခိတ သမ္ဘဝညီနောင်သည် ဖောင်တစီးနှင့် မည်သို့ဖြစ်လေမည်နည်း။ သိချင်စိတ်တို့ကို နှိုးဆော်ပြန် လေသည်။

“လမ်းတွင် စန္ဒမုခိ ဘီလူးမနှင့် တွေ့၊ မျက်စိကို ကုစား၊ ဘီလူးမတွင်သန္ဓေရှိ၊ ဘီလူးမကို လမ်းတွင် ဖောင်ပေါ်မှ နှင်ချခဲ့။ ဘီလူးမလည်း ငိုယိုထွက်သွားရာ တောင်တွင်းကြီးမြို့အနောက်ဘက် ဗိဿနိုးအရပ်မှာ သမီးငယ်ကိုဖွားမြင်၏။ ရသေ့တပါးက မြင်သော် ရင်သွေးငယ်ကို စားအံ့ထင်၍ ဂါထာရွတ်၊ ဘီလူးမ ထွက်ပြေးမှ ကလေးငယ်ကို ကောက်ယူမွေး၊ လက်ညှိုးနို့ချိုကျွေး၍ ကြီးပြင်းစေရာ၊ ပန်ထွာမင်းသမီးဟု တွင်၏။ သမ္ဘာဝညီနောင်တို့က ဧရာဝတီမြစ်ကြော၌ ဆက်လက်မျောလာ”

ဪ ... ခုမှ သတိရသည်။ ဤနေရာတွင် ပုံပြောသူက မကျန်ရစ် ခဲ့သော်လည်း ကျွန်တော်က မေ့ကျန်ရစ်ခဲ့သည့် အစဦးအကြောင်းကလေး တခုကို ပြန်ပြောရဦးမည်။ သင်းတွဲပြည်၏ အိမ်ရှေ့မင်းကြီး ခေပဒူတသည် ဝက်ကြီးတကောင်ကို အမဲလိုက်ရင်း ခရီးလွန်လာခဲ့သည်။ သို့သော် “ဒီဝက်ကို မရသမျှ ငါမပြန်ပြီ” ဟု ဆက်လိုက်ခဲ့ရာ သရေခေတ္တရာအရပ်ရောက်မှ ဝက်ကို ရသည်။ သို့သော် သံဝေဂရသည်ဖြစ်၍ ရသေ့ပြုပြီးလျှင် တောထဲမှာပဲ နေ၏။ ဤသည်တွင် သူ့ကျင်ငယ်ရေကို သမင်မတကောင် သောက်မိသောကြောင့် သန္ဓေစွဲ၍ ဗေဒါရီ မွေး၏။ လက်ညှိုးနို့ချိုဖြင့်ပင် ကြီးပြင်းစေရ၏။

စာဖတ်သူတို့ သိကြသည့်အတိုင်း သမ္ဘဝညီနောင်နှင့် ဗေဒါရီတို့မှ ဖွားမြင်သော ဒွတ္တဘောင်နှင့် ပန်ထွာမင်းသမီးတို့ စစ်ဖြစ်ကြရာ၊ ပန်ထွာမင်းသမီး အနိစ္စရောက်မှသာ ဇာတ်သိမ်းပြီးတော့သည်။

ပုံပြောဆရာသည် စပျိုးလာသော ဇာတ်လမ်းလေးမှ တဆင့်ပြီး တဆင့် တက်လာသည်။ တမြွာပြီး တမြွာ ခွဲလာသည်။ အဓိကဇာတ် ဆောင်တွေ တယောက်ပြီး တယောက် ပြောင်းပြသည်။ ဇာတ်ဆောင်နှစ် ယောက်ပြိုင်လည်း တင်သည့်အခါ တင်လိုက်သည်။ နောက်ဆုံး ရှုကွင်းကို သရေခေတ္တရာနှင့် ဗိဿနိုး နှစ်နေရာ ခွဲပေးလိုက်သေးသည်။ ဤသည်တွင် စစ်ဆင်ရေး ပရိယာယ်များဖြင့် ရှင်တု ရှင်ယောင် နှစ်ယောက်ကို စေလွှတ်၍ ရန်ပယ်စည်ကြီးကိုလည်း ဖျက်ဆီးစေသည်။ စစ်ရေး၌ပင် ဗိဿနိုးကို အလွယ် တကူ မရအောင် ဖန်တီးထားလိုက်သေးသည်။

မောင်ပေါက်ကျိုင်း၏ ဇာတ်လမ်းသည် အရိုးရှင်းဆုံးသော ဇာတ်လမ်း ကလေးကို ဖော်ပြဘိသို့ ရှိသည်။ လူ့ဘဝကြီး၊ လူ့သမိုင်းကြီးအကြောင်းကို ပြောပြဘိသို့လည်း ရှိသည်။

ကျောင်းသားတယောက်မှာ ၉ တန်းအောင်လျှင် ၁ဝ တန်းနှင့်ရင်ဆိုင်ရသည်။ ၁ဝ တန်းအောင်လျှင် ဘယ်တက္ကသိုလ်ရောက်လေမည်နည်းဟူသော ပြဿနာ ထပ်ပြီး တက်လာပြန်တော့သည်။ ပြဿနာကို ဖန်တီးသူမှာလည်း မိမိပင် ဖြစ်သည်။ ထိုပြဿနာကို ရှင်းရသူမှာလည်း မိမိပင် ဖြစ်သည်။

လူတွေကြောင့် ပြဿနာပေါ်ရသည်။ ထိုပြဿနာကို လူတွေကပင် ဖြေရှင်းရသည်။ သို့သော် ပြဿနာအမှတ်(၁)ကို ရှင်းလိုက်လျှင် ပြဿနာအမှတ်(၂)ကပေါ်လာပြန်သည်။ ထိုပြဿနာအမှတ်(၂)တွင် ပြဿနာအမှတ်(၃)၏ မျိုးစေ့က ကပ်ပါလာမြဲဖြစ်သည်။

ပြဿနာတို့ကို ရှင်းရခြင်းသည်ပင် အားပြိုင်မှု ဖြစ်တော့သည်။ ပြဿနာ ကြီးလေလေ၊ အားပြိုင်မှုကြီးလေလေ ဖြစ်သည်။ ပြဿနာတွေကို တခုပြီး တခု ရှင်းသွားရခြင်းသည်ပင် လူ့ဘဝဖြစ်၍ သေသွားမှသာလျှင် ထိုလူတယောက်၏ (သူ့အတွက်) ပြဿနာများ ကုန်ဆုံးခြင်းသို့ ရောက်တော့သည်။ မောင်ပေါက်ကျိုင်း၏ ဇာတ်လမ်းသည် လူ့ဘဝဇာတ်လမ်းသဘောကို လည်းကောင်း၊ ဝတ္ထုပုံပြင်တို့၏ အခြေခံဇာတ်လမ်းသဘောကို လည်းကောင်း သင်ပြနေသကဲ့သို့ ရှိပါပေသည်တကား။

---

#အောင်သင်း
#မောင်ပေါက်ကျိုင်း

#shared_by_louis_augustine
#sbla

Comments