မိုးသက်ရောင်နီ (အပိုင်း -၁.၁) // မောင်တင်ဦး

မိုးသက်ရောင်နီ // မောင်တင်ဦး

(တရုတ်စာရေးဆရာကြီး မော်ထွန်း (Mao Dun) ၏ Rainbow ဝတ္ထုကြီးအား ဘာသာပြန်ဆိုသည်။)

---

အပိုင်း (၁.၁)

---

ရုတ်ချည်းဆိုသလိုပင် သင်္ဘောဥဩကြီး ထ ဆူလာပြန်သည်၊ သံတိုလေးနှစ်ဖြတ်နောက်မှ ကျယ်လောင်သော သံရှည်ကြီး ဆွဲငင်လိုက်ခြင်း။ လှေထိပ်ဆီက အချက်ပေးခေါင်းလောင်းလဲ ဝရုန်းသုန်းကားနှင့် တဂွမ်ဂွမ် မြည်လာသည်။ မြစ်ရိုးကြီး ကမ်းပါးနှစ်ဖက်ပေါ်ရှိ ကျောက်တောင်များတွင် ထွင်းထားသည့် လှိုဏ်ပေါက်များတွင်းမှ ပုန်းနေသော နယ်ခံဓားပြများက သင်္ဘောကြီးဆီသို့ သေနတ် စဖောက်နေလေပြီ။ ဒါမျိုးမှာ ပုံမှန်လို ဖြစ်နေကျ ဖြစ်ပါသည်။ လျက်တပြက်အတွင်းမှာပင် သင်္ဘောပေါ်တွင် ခရီးသည်တို့ ဝရုန်းသုန်းကား ခြေနင်းသံတို့နှင့် ပျားပန်းခတ်သွားတော့သည်။ ကြီးတော်ဝိန်ကို ဆွဲရင်း ထမင်းစားခန်းရှေ့က လျှောက်လမ်းဆီသို့ အပြေးတွင် မေသည် သူ့ဘယ်ဖက်ဆီမှ လျှပ်ပြက်သလို ထပ်တလဲလဲ သေနတ်သံတို့ကို ကြားနေနှင့်ပြီးပြီ။ အိပ်ရာမှ နိုးလာကုန်ကြသော ပထမတန်း ခရီးသည်တို့သည် သင်္ဘောဝမ်းထဲသို့ ဆင်းသော လှေကားပေါ်တွင် ဖျစ်ညှစ်ပြီး ဆင်းခွင့်ရနိုင်ရေး တွန်းကာတိုက်ကာဖြင့် လုံးပမ်းနေပေပြီ။ သင်္ဘောသားတယောက်က မေနှင့် မိန်းမဖော်ကြီးကို အောက်ဆင်းသွားရန် လက်လှမ်းပြသည်။ ဘာမှ မစဉ်းစားနေတော့ပဲ မေသည် ရှေ့တလှမ်းတိုးလိုက်သည်။ သို့သော် မေ့နှာခေါင်းလေးကို ကြီးတော်ဝိန်၏ ညှီစို့စို့ ဆံကေသာနံ့က လာရောက် တိုက်ခိုက်သည်။ သူ ရပ်လိုက်သည်။

“ကျွန်မ မဆင်းတော့ဘူး။ ရေကြောင်းနဲ့ စုန်ဆင်းနေတဲ့ သင်္ဘောဆိုတာ မြန်မှမြန်။ ဓားပြကျည်ဆံက မှန်ဦးမှာတဲ့လား။” မေသည် ခပ်လျော်လျော် ပြုံးရင်း ပြောလိုက်သည်။

ကြီးတော်ဝိန်၏ စကားကိုမှ မစောင့်တော့ပဲ ထမင်းစားခန်းကြီးကို ဖြတ်ကာ သူ့ အိပ်ခန်းဆီသို့ ‌အားမာန်ပါပါ လျှောက်သွားသည်၊ အိပ်ရာပေါ်တွင် လှဲချကာ စာအုပ်တအုပ် ယူရင်း စာဖတ်နေတော့သည်။ ပြောရရင် သူ့ အိပ်ခန်းမှာ သင်္ဘော၏ ညာဖက်အခြမ်းတွင် ဖြစ်သည်။ အလင်းပြန်လာသော နေရောင်သည် ပြုတင်းပေါက်များဆီမှ လင်းဖြာနေလေသည်။ မေ ထလိုက်သည်၊ လိုက်ကာစ ချလိုက်ဖို့ အစဉ်းစားတွင်၊ သစ်သားကတ္တူလှေတစင်း ရေပြင်ပေါ်တွင် ရွက်ဖွင့်နေသည်ကို တွေ့ရသောအခါ။ ၎င်း ကတ္တူလှေသည် ကမ်းပါးရိုးနားတွင် ပတ်ပြီး သွားနေရင်း ခနလေးအတွင်းမှာပင် စုံးစုံးမြုပ် ပျောက်ကွယ်သွားတော့သည်။ သေနတ်သံလဲ စဲသွားသည်။ သူ အိပ်ရာသို့ ပြန်ကာ လှဲချလိုက်ရင်း သမ်းလိုက်လေသည်။ သူ၏ ညချမ်းတို့မှာ အိပ်မက်တို့ဖြင့် ပြည့်ရွှမ်းလျက်၊ သူ အိပ်ပျော်ချလိုက်၍ မရပေ။ ဒီ မနက်ခင်း တခေါက်တွင်လည်း သူ အစောကြီး နိုးလာပြန်သေး၏။ သူ အလွန် ပင်ပန်းပြီ။ ခေါင်းလေးနောက်ကို လက်ပစ်ကာ ခေါင်းအုံးပေါ်သို့ လှဲ၍ မျက်စိများကို စုံမှိတ်ထားလိုက်လေတော့သည်။

သစ်သားတံခါး လက်ကိုင်ဘုလေး ညင်ညင်သာသာ လည်သွားသည်။ မေသည် မျက်လုံးလေးများကို နှေးကွေးစွာ ဖွင့်လိုက်သောအခါ ခုတင်ရှေ့တည့်တည့်တွင် ရပ်နေသော ကြီးတော်ဝိန်ကို တွေ့ရလေသည်။ လူအုပ်ကြားထဲတွင် တိုးဝှေ့ခံထားရလွန်းသောကြောင့်ထင်၊ သူ၏ ဆံထုံးကြီးမှာ ပြေလျော့ခွေကျတော့မည့်ဟန်ဖြင့် လည်ပင်းနောက်တွင် ကုန်းကိုင်းကိုင်းနှင့် တွဲလွဲကျနေသည်။ သူ၏ နားထင်ဆံစတို့မှာမူ ချွေးသီးများဖြင့် စေးကပ်နေပေပြီ။

“ဒီ အလေနတောတွေတော့လေ၊ နိုင်ငံခြားသင်္ဘောတွေကို ပစ်ပဲပစ်ရဲနိုင်လွန်းတယ်။ အိုင်းယား...။ သတ္တိရှိလိုက်တာ မေရယ်။ ကျည်ဆံမှာ မျက်စိဆိုတာ မရှိဘူးကွဲ့။ ကိုယ့်ကိုယ် အသေခံလိုက်ဖို့ မတန်ပါဘူးကွယ်။” ကြီးတော်ဝိန်သည် ခုတင်ပေါ်တွင် လေးလေးလံလံကြီး နစ်မြုပ်သွားရင်း၊ အသက်မရှုစတမ်း ပြောနေတော့သည်။

မေသည် နှစ်သက်မြတ်နိုးဖွယ် ပြုံးလိုက်ရင်း မတ်တပ်ထရပ်လိုက်သည်။ ပြုတင်းပေါက်ဆီသို့ ထသွားကာ မှန်တင်ခုံပေါ်သို့ မှီနေလိုက်သည်။ ကြီးတော်ဝိန်အား သူ့ဆံထုံးကြီးကို နေသားတကျ ပြန်ပြင်ရန် အကြံပေးဖို့ စဉ်းစားမိသေးသည်။ သို့သော် နောက်ဆုံးတော့ မေ စိတ်ပြောင်းသွားသည်။

“စကားပြတ်သွားရတာ အားနာစရာကြီးနော်၊ ကြီးတော်ဝိန်။ ဘုရင်ခံမင်း ပြောတာ မှန်တယ်လို့ ထင်လား။”

“လူကလဲ ပုဂ္ဂိုလ်ထူးဆိုတော့ ကြီးတော်တို့ လူသာမာန်တွေနဲ့ တွေးပုံကွဲတာပေါ့အေ။”

သာမာန်လောက်သာ အကဲခတ်မိလိုက်ပါလျှင် ကြီးတော်ဝိန်သည် အလိုက်အထိုက် ယဉ်ယဉ်ကျေးကျေး ပြောနေသည် ထင်ရမည်။ သို့သော် သူ့ အမူအရာမှာ ပိုပိုသာသာကြီးပင် တည်လွန်းနေပေသည်။ မေသည် ခပ်ဟဟ ရယ်လိုက်သည်။ သူ့ ခြေဖဝါးလေးကို မြှောက်ရင်းဖြင့် ခန်းဆီးလိုက်ကာ အောက်နားစရှိ ပန်းဖွားလေးများကို သူ ဆင်မြန်းထားသည့် အဖြူရောင် နိုင်ငံခြားဖြစ် သားရေ ဒေါက်မြင့်ဖိနပ်ကလေးနှင့် ပေါ့ပေါ့ပါးပါးပင် ခတ်၍ ကစားနေသေး၏။

“ဒါပေမဲ့ သူပြောတဲ့ “ဘဝအဖော်မွန်ကောင်း” ဆိုတာ မိန်းမကိုပဲ ပြောတာတဲ့။ မိန်းမနဲ့ယောကျာ်း မောင်နှံစုံတွဲက အဖော်မွန်ကောင်းလို့ ဆိုလိုတာမျိုးလဲ မဟုတ်ပြန်ဘူး။”

ကြီးတော်ဝိန် နားမလည်နိုင်စွာ မျက်လုံးကျယ်နေ၏။

“သူ့မှာ အဲ့သည့် ဘဝအဖော်မွန်ကောင်းချည်းပဲ ငါးယောက်တောင် ရှိနေပြီ။” မေသည် သွက်သွက်လက်လက် စကားဆက်သည်။ “တယောက်ချင်းဆီကိုတော့ သူဟာ အမြော်အမြင်ရှိရှိ ညီတူညီမျှနဲ့တော့ ထားပါရဲ့။ ဒါပေမဲ့ သဝန်တိုလွန်းအားကြီးနဲ့တော့ ပိတ်လှောင်ထားသေးတာများ။ သူ့ ဥယျာဉ်တော်ကြီးထဲမှာ မိန်းမစိုးတွေတောင် ရှိနိုင်လိမ့်မယ်လို့ ထင်ရင်လဲ ထင်ရက်စရာ။ တည့်တိုးပြောရရင် သူ့ရဲ့ အားဖန်း [၁] နန်းတော်ကြီးပေါ့နော်”

---

[၁] အားဖန်းနန်းတော် ဆိုသည်မှာ ချင်ခေတ် ပထမဧကရာဇ် (၂၂၁ - ၂၀၇ ဘီစီ) ၏ အနောက်ဆောင်(မိဖုရားဆောင်) ကြီးဖြစ်သည်။

---

ကြီးတော်ဝိန်သည် ဤ စကားလုံးများကို မဖမ်းဆုပ်မိ။ သို့သော် “ငါးယောက်” ဟူသော အရေအတွက်သည် သူကြားရခဲ့ဖူးသော ကောလဟာလများကို ဖမ်းစားသွားက သူ့ စိတ်အာရုံကို လှုပ်နှိုးလိုက်သည်။ “အဲ့ထဲက တချို့တွေက တော်တော့်ကို အရုပ်ဆိုးပဲဆို၊ ဟုတ်လားအေ့။”

ဒီတခေါက်တွင်တော့ နားမလည်သူမှာ မေ ဖြစ်နေသည်။ သို့သော် ကြီးတော်ဝိန်အား ရုတ်တရက် ကြောင်ကြည့်မိနေဆဲမှာပင် မေသည် သူ့မိန်းမဖော် ဆိုလိုနေသည့်အကြောင်းကို ရိပ်စားမိသွားသည်။ တချက်မျှ ရယ်လိုက်ရင်း ပျင်းကြောဆန့်ကာ အေးတိအေးစက် စကားပြန်သည်။ “ဒီလို ကဗျာရေးဖူးတဲ့ တယောက်တော့ ရှိခဲ့ဖူးတယ်။ ဘာတဲ့ - “လူသာမာန်ဖြင့်၊ စုလျားရစ်ပတ်၊ လက်ထပ်တာထက်၊ သူရဲကောင်းဆီ၊ အမြှောင်မယား၊ ဖြစ်ရတာသည်၊ သာမောလေစွ၊ ပျော်ရွှင်ရ။” တဲ့လေ။ သူ့ဆိုရင်တော့ ကမ္ဘာ့ အကျည်းအတန်ဆုံး အမျိုးသမီးစာရင်းမှာ ဆန်ကာတင် ပါနိုင်လောက်ပါရဲ့။”

ပြုတင်းပေါက်အပြင်ဖက်ဆီမှ နေရောင်တို့ ရုတ်တရက် မှိုင်းညှို့သွားသည်။ သင်္ဘောကြီးသည် ဂူလှိုဏ် တခုတည်းသို့ ဝင်သွားတော့သည့် ဟန်ပင်။ မေ သည် လည်တိုင်လေးကို မော့ကာ အကဲခတ်သော်လည်း အလွန့်အလွန် မြင့်မားသော ကမ်းပါးရိုးကြီးတခု ဖြည်းညင်းစွာ ဖဲခွာသွားသည်ကိုသာ သတိထားလိုက်မိသည်။ ကမ်းပါးထိပ်ကြီးကိုမူ မေ မမြင်နိုင်။ ရုတ်တရက် မေ့ မျက်စိရှေ့တွင် တန့်ရပ်သွားသည်မှာ အတန်းလိုက်၊ အတန်းလိုက် သစ်ပင်များ။ မြင့်လိုက် နိမ့်လိုက်။ သူတို့၏ အကိုင်းအခက်တို့သည်လည်း ချည်လျှော်ပင်များကဲ့သို့ ဖြောင့်စင်းပါးလျလျက်။ မေ ခေါင်းကို အသာပြန်နှိမ့်လိုက်ပြီး ကြီးတော်ဝိန်၏ ငေးငိုင်နေသော မျက်နှာကို စိုက်ကြည့်လိုက်သည်။ “အားဖန်း ရွှေနန်းရှင် စစ်ဘုရင်ကြီး[၂]ရဲ့ သူမတူအောင် ထူးခြားချက်တခုကတော့လေ…” မေ ထပ်ပြောလိုက်သည်။ “သူ့ရဲ့ “ဘဝအဖော်မွန်” တွေ အကုန်လုံးက တယောက်တမျိုးစီ အရုပ်ဆိုးကြတာ ဖြစ်နေတာပဲ။”

---

[၂] တရုတ်ပြည်သမိုင်းတွင် စစ်ဘုရင်ခေတ်ဟု ကျော်ကြားလှသော ခေတ်ကြီးတွင် ပြည်နယ်အုပ်ချုပ်ရေး ဘုရင်ခံ ဆိုသည်မှာ ဗဟိုအစိုးရက ခန့်ထားသော သာမာန်အုပ်ချုပ်ရေးအရာရှိတို့ မဟုတ်၊ သူတလူငါတမင်း လက်နက်အင်အားပြကာ တနယ်တဗိုလ် တက်ရောက်မင်းမူနေသော ဒေသခံ စစ်တပ်များ၏ ဗိုလ်ချုပ်များ ဖြစ်၍ မေသည် ဘုရင်ခံမင်းအား စစ်ဘုရင်ကြီးဟု သုံးနှုန်းခြင်း ဖြစ်ပါသည်။

---

ပြင်းထန်လေးလံသော တိတ်ဆိတ်မှုကြီးတခု အခန်းတွင်းသို့ ကပ်ပါးဝင်ရောက်လာသည်။ ပုံမှန်ဆို စကားများလှသော ကြီးတော်ဝိန်သည် အခုတော့ အာစေးမိနေသည့်ပုံပေါ်နေသည်။ ရုတ်တရက် သူသည် အိပ်ရာပေါ်သို့ လှဲချလိုက်ပြီး သူ့လက်ဖဝါးတို့ဖြင့် မျက်နှာကို အုပ်ထားလိုက်တော့သည်။ သူ၏ ဝဖိုင့်ဖိုင့် ကိုယ်လုံးနှင့် သေးမျှင်းမျှင်း ခြေအစုံတို့သည် မေ့ အား “လူသာမာန်၏ ရိုးမြေကျမယား” မဖြစ်ချင်သော၊ အားဖန်း နန်းတော်ကြီး၏ နက်ရှိုင်းလှသည့် အတွင်းထဲတွင် လှည့်လည်သွားလာနေသည့်၊ အနှီ အမျိုးသမီးကို အကုန်အစင် အမှတ်ရသွားစေလေသည်။

အတိတ်ဆီမှ ပုံရိပ်တို့သည် မေ့ အသိစိတ်ကို မီးခိုးလုံးသဖွယ် ရစ်နွယ်လျက် တဖြည်းဖြည်းချင်း မေ၏ အာရုံထဲ၌ အနည်ထိုင်လာသည်။ အိမ်မက်တခု ကဲ့သို့ပင်၊ သူသည် အဲ့သည့် ဥယျာဉ်ကျယ်ကြီးထဲတွင် မိသားစုစာပြဆရာမလေး ပြန်ဖြစ်နေသည်။ ရင်းနှီးပြီးသား လူလုပ်မြေကုန်းမို့မို့ ရှုခင်းတို့ကိုလည်း ထပ်တွေ့ရသည်။ ငါးကန်လေးကော။ နောက်ပြီး အနောက်တိုင်းဟန် ဆောက်ထားသည့် လသာဆောင်လေး။ ဟုတ်တာပေါ့၊ ဒီ မမေ့ရက်နိုင်စရာ လသာဆောင်လေး။ အဲ့သည့်မှာပဲ ငွေကြေးကျောက်သံပတ္တမြားတွေအပေါ် တပ်မက်စိတ်ကို စွန့်ခဲ့တာလေ။ ဇိမ်ခံယစ်မူးရသည့် ဘဝကို မကြိုက်၍သော်ကား မဟုတ်၊ သူသည် သူ့ လွတ်လပ်မှုကို ပို၍ တန်ဖိုးထားခဲ့လေသောကြောင့် ဖြစ်ပါသည်။ ကုန်ကုန်ပြောရရင်၊ အားဖန်း နန်းတော်ကြီးထဲက အကျဉ်းသူတယောက် သူ မဖြစ်ချင်ခဲ့။ နှစ်ထောင်ပေါင်းများစွာ ယောက်ျားတို့အပေါ် မှီခိုနေရရှာသည့် အမျိုးသမီးတို့ထဲတွင် အတွင်းကြိတ်ပေါက်ဖွားလာနေသည့် မနာလိုဝန်တိုစိတ်ကြီးအကြောင်းကို သိလာရသည်မှာလည်း အဲ့သည့်နေရာမှာသာ ဖြစ်ပါသည်။ သေးသွယ်ဝိုင်းစက်သော မျက်နှာတခုနှင့် ၎င်းအပေါ်မှ ပြင်းထန်စူးရှသော တြိဂံခုံး မျက်ခုံးမွှေးအစုံသည် မေ့ အာရုံထဲသို့ တိုးဝင်လာသည်။ နောက်ပြီး ဘရောင်းနင်း ခြောက်လုံးပြူးတလက်၏ ချောမွတ်ပြောင်လက်သော ပြောင်းဝ၊ သူ့အား ခြောက်ခြားဖွယ် မကောင်းဆိုးဝါးတကောင်၏ မျက်လုံးတို့နှယ် စိုက်ကြည့်နေလေတော့သည်။

မေ၏ ရင်တွင်းမှ နှစ်ကိုယ်ကြားသာရုံလောက် ရွံရှာစက်ဆုပ်ဟန် နှာခေါင်းရှုံ့သံလေး ထွက်ပေါ်လာပြီး ညိုရောင်မှိုင်းမှုန် အတွေးဝင်္ကပါမှ မေ့ကို လှုပ်နှိုးလိုက်သည်။ ဒီ နှာခေါင်းရှုံ့သံသည် ချွမ်းဇု ၏ ကျော်ကြားသော ဝတ္ထုလာ အဖိုးထိုက်ပတ္တမြားဟု ကြွက်သေကောင်ပုပ်အပေါ် တပ်မက်နေသော ဇီးကွက်အား ယွမ်းဇု ငှက်မင်းကြီးက ပြန်လည်ချေပသော နှာခေါင်းရှုံ့သံနဲ့ တသံတည်းပင် ဖြစ်ပါသည်။ တကယ့်တကယ်တော့လည်း မိသားစုစာပြဆရာမအဖြစ် မေ နောက်ဆုံးသင်ပေးခဲ့ရသော သင်ခန်းစာသည်လည်း ဤပုံပြင်ပဲပင် ဖြစ်ပါသည်။ “ဇီးကွက် စားရသော ကြွက်သေကောင်ပုပ်။[၃]

---

[၃] တရုတ်ပညာရှိ ချွမ်းဇု၏ သင်ပြချက်အနှစ်ချုပ်ကျမ်း (ချွမ်းဇိ) ၏ “ဆောင်းဦးရေကြီးခြင်း”အခန်းမှ ကောက်နုတ်ချက်။ ဝတ္ထု ဖြစ်လာရပုံ နောက်ကြောင်းမှာ လျန်ပြည်တွင် ချွမ်းဇု ခစားစဉ် ထိုပြည်ရှိ အမတ်ချုပ်သည် ပညာရှိကြီး၏ လုပ်ရည်ကြံရည်ကို မမီသောကြောင့် သူရာထူးပြုတ်မည်ကို စိုးရိမ်၏။ ထို့ကြောင့် ပညာရှိကြီးသည် အမတ်ချုပ်အား “ယွမ်းဇုငှက်မင်း ခေါင်းပေါ် ဖြတ်ပျံသွားသောကြောင့် သူ ပတ္တမြားပမာ တန်ဖိုးထားရသည့် ကြွက်သေကောင်ပုပ်ကို ပြာပြာသလဲ သိုဝှက်ရသည့် ဇီးကွက်” ဝတ္ထုကို ပြောပြပြီးသော် “ငှက်မင်းဟာ အကောင်းဆုံး အညွန့်ဆုံး စားဦးစားဖျားကိုသာ စားသောက်သဖြင့် ကြွက်သေကောင်ပုပ်ကို ရှိသည်ဟုလည်းမထင်၊ မိမိ ချွမ်းဇုသည်လည်း ၎င်း ရာထူးမျိုး ရှိသည်မထင်။” ဟု ဖျောင်းဖျနှစ်သိမ့်သည် ဟူ၍ ဖြစ်ပါသည်။

---

ဟောက်သံ ခပ်တိုးတိုး အိပ်ရာပေါ်မှ ထွက်လာသည်။ ကြီးတော်ဝိန် အိပ်မောကျသွားပေပြီ။ မေသည် ပြုတင်းပေါက်ဖက်ဆီ စောင်းငဲ့ကြည့်လိုက်ရင်း သူ့ အိပ်ခန်းထဲမှ ဖြည်းညှင်းစွာ ထွက်သွားသည်။ ထမင်းစားခန်း အပြင်ဖက်မှ လူသွားလမ်းဆီ ပြန်ရောက်သည်နှင့် သူသည် ကြိမ်ကုလားထိုင် တခုပေါ် ထိုင်ချလိုက်လေသည်။

ကမ်းပါးနှစ်ဖက်စလုံးတွင် လူတောင် နေနိုင်လိမ့်မည် မထင်အောင် မြင့်မားလွန်းသော ကျောက်တောင်ကြီးများသည် ရွှံ့နှစ်လှိုင်းလုံးများကြားထဲမှ တိုးထွက်ကာ တံတိုင်းမြင့်ကြီးနှစ်ဖက်သဖွယ် မိုးထိုးလျက် ရှိပေသည်။ မီးသင်္ဘောကြီး လုန်းမော် သည် မြစ်ရိုးလယ်တောက်လျှောက် ဆင်းသွားရင်း အသက်ရှုမဝသည့်ဟန် အငွေ့လွှတ်နေသည်။ တခါတလေများတော့ သစ်သားကတ္တူလှေ တစင်းနှစ်စင်းလောက် တွေ့နိုင်ပါသေးသည်။ သို့သော် သူတို့သည် ကမ်းပါးနားသို့ မရအရ ကပ်လွန်း၍ ရွက်လွှင့်ရသောကြောင့် ကတ္တူပေါ် ပါသူတို့မှာ ကျောက်တုံးများပေါ် တက်နေသော ရေညှိတို့ကို လက်အသာဆန့် ခြစ်ချနိုင်လောက်အောင်ပင် ထင်နေရသည်။ ဝေးဝေးဆီက မိုး ထိုးနေသော ကျောက်တောင်ကြီးတို့ အောက်ဝယ် သစ်သားသမ္ဗန် သေးသေးလေး တော်တော်များများ ရေကြောင်းကျဉ်းထဲတွင် အုပ်ဖွဲ့နေသည်။ မီးသင်္ဘောကြီးကို လူးလွန့်သွားခွင့် မပေးသည့် အလားပင်။ သို့သော် မိနစ်အနည်းငယ်မျှပဲ ကြာလိုက်သောအခါ ဥဩကြီးကို ဝံ့ကြွားစွာ တွန်ကျူးကာ လုန်းမော်ကြီး စုန်ဆင်းသွားတော့သည်။ အဲ့သည့်အခါကျမှပင် ယန်စီမြစ်ကြီးမှာ မီးသင်္ဘောလေးစင်း ဘေးချင်းယှဉ်သွားနိုင်အောင်ပင် ကျယ်လှကြောင်း ထင်ရှားသွားသည်။ မီးသင်္ဘောကြီး၏ ဒလက်များက လွှင့်ထုတ်လိုက်သော လှိုင်းတို့ ကမ်းပါးကို လာ၍ ရိုက်ခတ်လာသည်နှင့်၊ ကမ်းရိုးကို အားကိုးလွန်းသော ခရုငယ်သဖွယ် သစ်သားသမ္ဗန်လေးများခမျာ အရက်သမားအုပ်သဖွယ် ဘေးဘယ်ညာ ယိမ်းထိုးသွားလေတော့သည်။

မေသည် သစ်သားသမ္ဗန်လေးများကို ကြည့်ရင်း ပြုံးစိစိ။ သည် ယန္တယားကြီး၏ ကြီးမားသော စွမ်းပကားကို သူ သဘောကျနေပြီး ၎င်း ဖန်တီးလိုက်သော အကြမ်းပတမ်းစွမ်းပကားအောက်တွင် ရိုက်ပုတ်ခံနေရသည့် ခရုငယ်သာသာ အရာသေးသေးလေးများအတွက် သူ့တွင် သနားစရာ မရှိ။ သူ့ကို သယ်ဆောင်နေသည့် ၎င်း ကြီးမားလေးလံမှုကြီးအပေါ် စိတ်ဒုံးဒုံးချထား၍ ဤ ခေတ်သစ် လူ့အဖွဲ့အစည်း၏ ဆင်ပြောင်တစီးအား ထုတ်ကုန်ကြီးက သူ့ကို အနာဂတ်သစ်ဆီ သယ်ဆောင်သွားပေလိမ့်မည်ဟု သူ ပြင်းပြင်းထန်ထန် နားလည်နေပေသည်။ သူ့ရှေ့ရှိ ကမ္ဘာကြီးမှာ စဉ်းစား၍ပင်မရအောင် ထူးဆန်းကောင်း ထူးဆန်းနေလိမ့်မည် ဖြစ်သော်လည်း သူ သိခဲ့သမျှ အရာအားလုံးထက် ပိုကျယ်ဝန်း၊ ပိုရင်ခုန်ဖွယ် ကောင်းပေမည်။ ဒါကိုတော့ သူ ခိုင်ခိုင်မာမာ ကျစ်ကျစ်လစ်လစ် ယုံကြည်သည်။

သို့သော် သူ့တွင် ဘာ ထင်ယောင်ထင်မှားမှ မရှိ။ နောက်ဆုံး လေးငါးနှစ်တာ အတောအတွင်း အတွေ့အကြုံက သူ့ကို သင်ခန်းစာသုံးခု ပေးလိုက်သည်။ အတိတ်ကို မတမ်းတ၊ အနာဂတ်ကို စိတ်ကူးမယဉ်ပဲ ပစ္စုပ္ပန်ကို ဆုပ်ကိုင်ကာ ရှိသမျှ စွမ်းပကားအားလုံးဖြင့် နေနိုင်အောင် နေရန် ဖြစ်သည်။ သူ့ အတိတ်သည် ဝူရှန်တောင်တန်းကြီးကြား ဖြတ်သန်းနေသော လှေငယ်တစင်းကဲ့သို့ ဖြစ်သည်။ တောင်စွန်းတောင်ထိပ်တို့ သူ့ လမ်းမှာ လာပိတ်နေတတ်ကာ ထွက်ပေါက်ရှာမရတော့သည့်အဖြစ်မျိုး အကြိမ်တော်တော်များ ဖြစ်ဖူးသည်။ သို့သော် သူ စိတ်ပြတ်ပြတ်၊ သတ္တိရှိရှိဖြင့် ဆက် လျှောက်သွားသော် သူ့ရှေ့က လမ်းသည် တကယ့်တကယ်ပင် ကျယ်ပြောလွန်းသည်ကို တွေ့လာတတ်ရသည်။ နည်းနည်းလောက် ရှေ့ဆက်တိုးကြည့်သောအခါ တောင်စွန်းတို့ သူ့အရှေ့မှာ ပေါ်လာပြီး ထွက်လမ်းက ပို၍ ဝေးလာတော့သယောင် ဖြစ်ပြန်သည်။ သည် အချိန်တွင် သူ့လာရာလမ်း နောက်သို့ ကြည့်မိလိုက်လျှင် တောင်ထွတ်များကို မြူတိမ်တောင်တို့က ဖုံးလွှမ်းသွားနေနှင့်ပြီးပြီ။ အတိတ်ကို ကြည့်ဖို့ရာ သူ သည်းညည်းမခံနိုင်။ အနာဂတ်သည်လည်း မသဲမကွဲနှင့် ရန်စွယ်ငေါငေါ။ သူသည် ပစ္စုပ္ပန်ကိုသာ ဆုပ်ကိုင်ရင်း မြေကြီးပေါ်သို့ ခြေစုံခိုင်ခိုင်ရပ်ကာ ရှေ့သို့သာ ဆက်လျှောက်ဖို့ ဖြစ်သည်။ သူသည် “ပစ္စုပ္ပန်မျက်မှောက်ကို တပည့်ခံသူ” ဖြစ်ပါသည်။

လေနွေးနွေးလေး သူ့ကို ဖြတ်တိုက်သွားသည်။ ရေပြင်ပေါ်တွင် နေရောင်တို့ ရွှေပြောက်ကလေးများသဖွယ် ကခုန်နေသည်။ မွန်းတည့်လုပြီ။ မေသည် ကြိမ်ကုလားထိုင်ပေါ်တွင် မှီထိုင်ချလိုက်ရင်း သူ့ မျက်ခွံလေးများ အိဆင်းလာသည်ကို ခံစားရသည်။ သူ့ မျက်မှောက်က ရှုခင်းသည် ရင်သပ်ရှုမောဖွယ့်ပင်။ သို့သော် ၎င်းရှုခင်းသည် အခု သူ့အား နွမ်းနယ်လာစေတော့သည်။ အဆုံးအစမဲ့ မြစ်ပြင်ကြီးသည် တောင်ကတုံးများကြားမှ ကွေ့ကာဝိုက်ကာ ဆက်လက်စီးဆင်းနေဆဲ၊ ရေလှိုင်းတို့ အတားအဆီးမဲ့ ရှေ့ဆီသို့ တိုးထွက်သွားသည်နှင့် တပြိုင်တည်း မသိနိုင်ခြင်း အသစ်အသစ်တို့ ဆက်လက် ထုတ်ပြနေပါလျက်ကပင် နောက်ဆုံးတော့ အားလုံး အတူတူချည်း ဖြစ်နေတော့သည်။ အဲ့သည့် အဖြစ်သနစ်များ အကြားထဲတွင်မှ ဆွေးမြေ့ဖွယ် ကောင်းလွန်းနေရက်ကပင် ဝံ့ကြွားတက်ကြွလွန်းနေသည်ကတော့ သင်္ဘောဥဩကြီးပင် ဖြစ်ပါသည်။

သူ ကုလားထိုင်နောက်မှီပေါ်ကို မှေးလိုက်သည်။ ဤ အဖန်တလဲလဲ ဖြစ်ပျက်မှုကြီးမှ လွတ်မြောက်နိုင်စေရေး သူ့ကိုယ်သူ အိပ်စက်ခွင့် ပေးလိုက်သည်။ အတိတ်ဆီမှ အတွေးများသည် သူ့ ငြိမ်းချမ်းမှုလေးကို လာရောက်မထိပါးနိုင်၊ အနာဂတ်ဆီက အတွေးများကလဲ သူ၏ ခံစားချက်တို့ကို လာရောက် နှိုးမဆွနိုင်။

သူ့ကို နေ့လည်စာစားဖို့ရာ စားပွဲထိုးလေးတယောက် လာခေါ်သည်။ ယိချန်ဆီသို့ သုံးနာရီ ဝန်းကျင်မှ ရောက်လိမ့်မည်ဖြစ်ကြောင်း သူ့ဆီမှတဆင့် သိလိုက်ရ၍ သည် မြန်လှပါသည် ဆိုသော သင်္ဘောကြီးသည် စင်စစ် လှေနှေးကွေးလေးနှင့် သိပ်တော့လဲ ထူးမခြားနားဟု ကောက်ချက်ချမိသည်။ ကွေ့ တောင်ကြားကြီးကို ချက်ချင်း ဖြတ်ချင်လှပြီ။ စီချွမ် နယ်စပ်နားသို့ ရောက်လာလေလေ၊ သူ့ စိတ်လဲ စနိုးစနောင့် သည်းမခံနိုင်လာလေလေ။ မေ့အတွက်ကတော့ စီချွမ်မှ အရာရာသည် ကျဉ်းမြောင်း၊ သေးငယ်၊ အရေးမပါလှချေ။ သူ့ရှေ့က ဖြတ်စီးနေသော မြစ်ပြင်နှယ်နှယ်ပင်။

နေ့လည်စာ စားပြီးသော် ကြီးတော်ဝိန်၏ ကရားရေလွှတ် ဗလစ်ဗလစ်ကြီး ခေတ္တရပ်စဲနေသည်ကို အခွင့်ကောင်းယူကာ အိပ်ခန်းထဲသို့ တရေးထပ်အိပ်ရန် သွားလေသည်။ သည် အမျိုးသမီး သာတူညီမျှ မဲပေးရေး ဦးဆောင်တက်ကြွသူကြီးကို ပျင်းစရာကောင်းသည်ဟု မြင်နေသည်မှာ ကြာလှပြီ။ အခုတော့ မေသည် သူ့အား မုန်းစ ပြုလာပေသည်။ သူ့ အမူအရာ ကြမ်းကြမ်းတွေကို မုန်းသည်။ သူ့ အလွန်အကျွံ အမြင်ကျဉ်းခြင်းကို မုန်းသည်။ သူ့ အခြေခံ သဘာဝမှန်ကို ဖုံးကွယ်ရန် လေကြီးပစ်နေခြင်းကို မုန်းသည်။ အမျိုးသမီးအခွင့်အရေးအပေါ် ဗရုတ်သုတ်ခနိုင်လွန်းစွာသော သူ့အမြင်ကိုလည်း မုန်းသည်။

မသိမသာတော့ သူ့ကိုယ်သူ ကြီးတော်ဝိန်နှင့် ယှဉ်တွေးကြည့်နေမိသည်။ ထို့နောက်တွင် သူတို့ ရှန်ဟိုင်း ရောက်ပြီးသကာလ ဘာတွေ ဆက်ဖြစ်ကြမည်ကို ရုတ်တရက်ပင် မေ တွေးမိလာလေသည်။ သူ့ကိုယ်သူ ပြန်မေးကြည့်မိသည်၊ “ငါတို့က ကိုယ်စားလှယ်တွေတော့ ဖြစ်ပါရဲ့၊ ဒါပေမဲ့ အုပ်စုတစုအနေနဲ့ ငါတို့ ဘာကို ကိုယ်စားပြုကြမလဲ။ ငါတို့ရဲ့ စုပေါင်းတာဝန်ကို ဘယ်လို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ပါ့မလဲ။” ဆက်မစဉ်းစားနိုင်ပဲ ရယ်လိုက်ရသည်။ ဟို ပုကွကွ စစ်ဘုရင်ကလေး၏ ရှေ့တက်စစ်ဆင်ရေး အန္တရာယ်မှ ကင်းဝေးရန် အမျိုးသားကျောင်းသားထုညီလာခံ တက်ရောက်ရေးကို ခုတုံးလုပ်ကာ ရှောင်ပြေးလာရသည့် အကြောင်းကိုတော့ သူ့ကိုယ်သူ ဝန်ခံလိုက်ရသည်။ သည်လိုမှ ရှောင်မပြေးရင်လည်း အားဖန်းနန်းတော်ကြီးထဲက နောက်ထပ် မိန်းမတယောက် ဖြစ်လာတော့မှာကိုလည်း သူသိသည်။ သူ့နဲ့ ခရီးသွားဖော် ကြီးတော်ဝိန်မှာကော ညီလာခံကို တက်ရောက်ဖို့ရာ အခြားသော ပုဂ္ဂိုလ်ရေး အကြောင်းတရားများ ရှိနေမလား ဆိုတာကိုတော့ သူသည် ပို၍ပင် စူးစမ်းရန် စိတ်မရောက်။

အိပ်ဖို့ အတွေးမှာ ဘယ်ဆီရောက်သွားမှန်းပင် မသိတော့။ မေ၏ စိတ်သည် ကြီးတော်ဝိန်မှသည် အခြားသော အသိအကျွမ်းတို့အပေါ် ပြန်ပြောင်းသတိရလျက် စိတ်လွင့်နေတော့သည်။ စီချွမ် တောင်ပိုင်းတွင် ကျောင်းဆရာမ လုပ်ခဲ့စဉ် လွန်ခဲ့သော နှစ်နှစ်လောက်တုန်းကထိ သူနှင့် အဆက်အသွယ် ရှိနေသည့် “ရွှီ” အမည်ရှိ အလယ်တန်းကျောင်းက သူငယ်ချင်းမ သည် သူ့စိတ်ထဲသို့ လွှားကနဲ ဝင်လာသည်။ “သူ နန်ကျင်းမှာပဲ။” ရွှင်လန်းတက်ကြွစွာ မေ တွေးလိုက်သည်။ ၎င်းဖြင့်ပင် အဆက်အစပ်မဲ့ မှတ်ဉာဏ်အမျိုးပေါင်းစုံသည် သူ့ခေါင်းထဲသို့ စီးဝင်လာလေတော့ရင်း သူ့ကို ခုတင်ပေါ်မှ တွန်းထုတ်လိုက်လေတော့သည်။

သင်္ဘောကုန်းပတ်ပေါ်မှ တဝုန်းဝုန်း တုန်ခါနေသော အသံတို့ ထွက်ပြူလာသည်။ အုံလိုက်ကျင်းလိုက် ခြေနင်းသံတို့ ပြုတင်းပေါက်အပြင်ဆီမှ ဝင်ရောက်လာသည်။ ကြီးတော်ဝိန်သည် ပြုတင်းပေါက်တွင်းသို့ ခေါင်းတိုးရင်း ပျော်ရွှင်အားရဖွယ် အော်ပြောသည်။ “ကွေ့တောင်ကြားကြီးကို မမြင်ချင်ဘူးလားအေ့၊ ရောက်တော့မယ်လေ။”

မေသည် ပြုံးတုံ့ကလေး လှယ်လိုက်သည်။ အနှီ အအုပ်အသင်းကြီး၏ အားရတက်ကြွစိတ်က သူ့အား ပူနွေးသွားစေသည်။ ချည်ပါးဖြူ ဘလောက်စ်လေး ဆင်မြန်းရင်း မျက်နှာလေးအား ပုဝါဖြင့် သုတ်ကာ လူသွားလမ်းတလျှောက် သွက်သွက်လေး ပြေးသွားတော့သည်။

ကမ်းပါးနှစ်ဖက်တွင်တော့ မိုးမြင့်ကမ်းပါးကြီးတို့ မတ်မတ်ရပ်ဆဲ။ သို့သော် အခုတော့ သူတို့လဲ ဆက်ပြီး မမြင့်နိုင်တော့သလိုသည်နှယ် အသာလေး ပြေဆင်းစ ပြုလာလေသည်။ တောင်တန်း တတန်းပြီးတတန်း၏ နောက်ဝယ် ငွားစွင့် မြင့်မားရင်းဖြင့် သူ့ရှေ့က တောင်တန်းများထက်ပင် မြင့်သည့် တောင်ကြီးများ မင်းမူနေ၏။ နေရောင် အရှိန်ဟပ်သောကြောင့် ၎င်းတို့သည် ရွှေရောင်ဝါဝင်းလျက် ရှိနေပေသည်။ လေပြင်းကြီးသည် အခုတော့ နေ့လည်ခင်း တရေးတမော အိပ်ရာမှ နိုးထလာသည့်နှယ် လေနုယဉ်အေး အဖြစ် သက်ဆင်းသွား၏။

သင်္ဘောကြီးသည် ပို၍ပင် နှေးနှေးကြီး ခုတ်မောင်းနေသည် ထင်ရသည်။ လှိုင်းရိုက်ပုတ်သံတို့မှာ ညီညီညာညာ ဖြစ်လာသည်။ ရှေးခေတ်က မှူးကြီးမတ်ရာတို့ လာသောအခါ လူထုကြီးကို ဘေးရှဲကြရန် အဆက်မပြတ် မောင်းတီးဆော်ဩရသည့် ရှေ့တော်ပြေးတို့၏ အသံတို့ပမာ ဥဩကြီးသည် မောက်မောက်မာမာဖြင့် အဆက်မပြတ် ဟစ်ကြွေးနေတော့သည်။

လူတွေ အများကြီး သင်္ဘောလက်ရမ်းဘောင်ကို မှီလျက် ရှေ့သို့ မျှော်ကြည့်နေကြသည်။ ကြီးတော်ဝိန်လည်း ပါသည်။ မေသည် လျှောက်လမ်းလေးပေါ်၌ မတ်တပ်ရပ်နေသည်။ သူ့ လည်တိုင်လေးနောက်သို့ လက်ဖဝါးလေးကို ယှက်သန်းရင်း ပုခုံးကို ဟိုသည် ယိမ်းနေလေသည်။ သူ့ ဘလောက်စ်လက်တိုလေးများသည် ပုခုံးရင်းသိူ့ အသာလျှောကျသွားရင်း သူ့ ခေါင်းလေး ဘယ်ညာနှစ်ဖက်ရှိ တြိဂံပုံ ဆင်စွယ်ဖြူပုခုံးသားလေးများကို လှစ်ဟနေပေသည်။ သည် အသားတော်နုနု မြင်ကွင်းလေးမှာ စောင်းငဲ့ခိုးကြည့်ကြကုန်သော အကြည့်တချို့တို့ကို ဖမ်းစားလိုက်သည်။ မေသည် ဘယ်သူ့မှ ရှိမနေသည့်ဟန် သွားလေး ပေါ်အောင် ပြုံးလိုက်ရင်း နှုတ်ခမ်းလေးကို ကိုက်လိုက်သည်။ ထို့နောက် ဘာကိုမှ စဉ်းစားမနေတော့ပဲ မျက်ခုံးလေးတို့ကို ပင့်ကာ ခြေလှမ်းကျဲကျဲဖြင့် ပြေးလိုက်သည်မှာ ခရီးသည်အုပ်ကြီး ကြားထဲမှ ဖြတ်၍ မာလိန်မှူးအခန်း တံခါးဝ ရောက်သည်အထိပင် ဖြစ်ပါသည်။

လှေဦးမှ ပေတရာလောက် အကွာအဝေးတွင် ကျောက်သားတံတိုင်းကြီး နှစ်ခု ရေထဲမှ ထိုးထွက်လာပြီး မြစ်ပြင်ပေါ်တွင် တခုနှင့်တခု မျက်နှာချင်းဆိုင်လိုက်ကြသည်။ ၎င်းတို့သည် ကျောက်သားထုကြီးထဲမှ ဓားဖြင့် လှီးချထားသည့်နှယ် မတ်မတ်ကြီးဖြင့် ချောမွတ်လျက် ရှိပေသည်။ သစ်ပင်လည်း မရှိ၊ ရေညှိလည်း မရှိ၊ ကျောက်စိုင်ကျောက်သား မည်းမည်းကြီးသာ နဖူးစည်း မရှိသည့် မဟာ မုခ်ဝကြီးသဖွယ် တည်နေ၏။ ဤ ထူးဆန်းလှချေသော ကျောက်တုံးကြီးများကို ဆက်သွယ်ထားသည်မှာ တတန်းပြီးတတန်း ညီညွတ်စွာ ပြေဆင်းနေသော တောင်တန်းများပင် ဖြစ်ပါသည်။ ယန်စီမြစ်ကြီး၏ ဖောင်းမို့ညီညာသော လှိုင်းလုံးများသည် သူ့ထက်ငါအရင် ကမ်းနဖူးဆီသို့ အပြိုင်ပြေးသွားကြကာ ကမ်းပါးစောက်ကြီး၏ အခြေတွင် ပြင်းထန်စွာကြေမွကုန်ကြလေသည်။

မဟာကျောက်တံခါးကြီးဆီသို့ လုန်းမော်ကြီး ချဉ်းနင်းဝင်ရောက်လာသည်နှင့်ပင် ဥဩကြီးသည် နားကွဲလုမတတ် စူးရှကျယ်လောင်စွာ တွန်လိုက်သည်။ မေသည် လည်တံကလေးကို မော့ကာ ကြည့်လိုက်သည်။ ပြင်းထန်လာသောနေရှိန်က သူ့ကို မူးဝေသွားစေသည်။ တဖြည်းဖြည်း နိမ့်ဆင်းလာနေသော ကျောက်သားတိုင်ကြီးမှာ ပြို၍ပင်ကျတော့မယောင် လူးလွန့်နေသည်ဟု သူ့စိတ်တွင် မြင်လာသည်။ သူ့ မျက်လုံးလေးများ အလိုလို မှိတ်ကျသွားသည်။ အနီရောင် ဖြတ်ကနဲ လင်းသွားပြီးသည်နှင့် အရာအားလုံး မှောင်အတိ။

မေသည် လက်ကလေးဖြင့် မျက်နှာကို ဖိအုပ်ထားပြီး စဉ်းစားခန်းဝင်နေလေသည်။ “ဆိုတော့ ဒါဟာ ကွေ့တောင်ကြားကြီးပဲ။ စီချွမ်ကနေ ထွက်လမ်း မဟာတောင်ကြားကြီး။ စီချွမ်နဲ့ တရုတ်တပြည်လုံးကို ခြားထားတဲ့ ငရဲ[၄]တံခါးကြီးပဲ။” ၎င်း အတွေးတို့သည် မေ့အား ခေတ္တမျှ ပတ်ဝန်းကျင်နှင့် အဆက်ပြတ်သွားစေရာ ဥဩသံကြီးကပင် သူ့အား ပြန်လည်နိုးထစေရပါတော့သည်။ သူသည် ခေါင်းလေးကို မော့လိုက်ရင်း အလင်းပြန်ရိုက်လာသော နေရောင်၏ ဖျတ်ကနဲ လင်းထိန်သွားတာကို ခံစားလိုက်ရသည်။ ယန်စီမြစ်ပြင်ကြီးသည် သူ့ရှေ့တွင် ကျယ်လောင်စွာ လမ်းပွင့်လာလေရာ ကမ်းနဖူးကိုပင် မမြင်ရနိုင်တော့သည် အထိပင်။ မိုးကုပ်စက်ဝိုင်းထိပ်တွင် မြူတိမ်ခိုးများနှင့် တိမ်ရိပ်မှောင်များသာ မြင်သာထင်သာ ရှိပါတော့သည်။ သူ့ ရင်တွင်းမှ ကြီးမားလေးလံလှသည့် အလေးတုံးကြီး ပြုတ်ကျသွားသည့်အလား မေသည် ပြုံးယောင်သမ်းလိုက်ရင်း လက်ကလေးကို အမြင့်ဆုံး မြှောက်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။ ဤ ရင်သပ်ရှုမောဖွယ် သဘာဝ လက်ရာကြီးအား သူ အလေးပြုလိုက်သည်။ ယန်စီ မြစ်ပြင်ကြီး၏ အတိ ကျယ်ပြန့်မှုနှင့် စွမ်းပကား အစစ်အမှန်ကို သူ အကုန်အစင်နားလည်သွားသည်မှာလည်း ဤ အခိုက်အတန့်ပင် ဖြစ်ပါလေသည်။

---

[၄] ကွေ့ ဟူသော စကားသည် ငရဲကောင်၊ မကောင်းဆိုးဝါးဟုလည်း အဓိပ္ပာယ်ပေါက်လေရာ မော်ထွန်းသည် မေ၏ စီချွမ်ပြည်ရှိ တကိုယ်တည်းအထီးကျန်ဘဝအား ရွံမုန်းစိတ်ကို ပြသလိုသောအားဖြင့် အနက်ဖလှယ်ပြီး ရေးပြထားခြင်းဖြစ်ပါသည်။

---

သူ ညာဖက်သို့ ခေါင်းလေးကို စောင်းငဲ့ကြည့်လိုက်သည်။ ကွေ့တောင်ကြားကြီးမှ ကမ်းပါးရိုးကြီးများကိုမူ ပါးလျလျသာ မြင်နိုင်တော့သည်။ တောင်ကြားကြီးသည်ပင် တောင်စဉ်တောင်သွယ်များကြားမှ အက်ကြောင်းသေးသေးလေးသဖွယ် ထင်ရလောက်လေကာ အက်ကြားလေးတွင်းတွင်တော့ မည်း၍ မှောင်သော အမိုက်တည်း။

“ဒီကနေ ကျော်ရင်တော့ ရှုခင်းကောင်းကောင်း မြင်ရတော့မှာ မဟုတ်တော့ဘူးအေ့။ စီချွမ် ကျော်တာနဲ့ ယန်စီမြစ်ကြီးက သာမာန် ဖြစ်သွားပြီ။ ကွေ့ တောင်ကြားဆိုတာ သဘာဝရဲ့ နယ်နိမိတ်စည်းကြီးပေါ့အေ။”

သူ့ ဘယ်ဖက်ဆီမတော့ ကြီးတော်ဝိန်၏ စကားသံ။ မေသည် စောင်းငဲ့ကြည့်လိုက်ရာ ကြီးတော်ဝိန်သည် သူ့ ခြေသေးသေးလေးကို လျှောက်ရန် ခဲယဉ်းပင်ပန်းနေသည်ပင်။ သူ ခေါင်းတငြိမ့်ငြိမ့်နှင့် ထွက်သွားရာနောက်သို့ မေသည် ပြုံးစေ့ကလေးဖြင့် တင့်တယ်သာယာစွာ သူ့ စကားသံနောက်မှ လိုက်၍ စကားခေါ်လိုက်သည်။ “ကျွန်မတို့အတွက် ဒီလောက် ကွေ့ကောက်၊ ကျဉ်းမြောင်း၊ အန္တရာယ်ပေါတဲ့ ဝင်္ကပါတောလို လမ်းကို လျှောက်ရတာလည်း ဒါက နောက်ဆုံးပဲ။ ဒီနေရာကစပြီး အဆုံးအစမရှိ ကျယ်ပြောလှတဲ့ လွတ်လပ်ခြင်းအတိ မိုးအောက်မြေပြင်ဆီကို ဝင်ပြီပေါ့။”

---

(ဆက်ရန်)

#မောင်တင်ဦး
#မိုးသက်ရောင်နီ

#mao_dun
#rainbow

#shared_by_louis_augustine
#sbla

Comments