မိုးသက်ရောင်နီ (အပိုင်း -၁.၀) // မောင်တင်ဦး
မိုးသက်ရောင်နီ // မောင်တင်ဦး
(တရုတ်စာရေးဆရာကြီး မော်ထွန်း (Mao Dun) ၏ Rainbow ဝတ္ထုကြီးအား ဘာသာပြန်ဆိုသည်။)
---
အပိုင်း (၁.၀)
---
[အမည်ရင်း ရှန်ယင်ပင်း ဖြစ်သော (ရှန်တေ့ဟုန်ဟုလည်း အချို့မူများတွင် ခေါ်သည့်) မော်ထွန်းကို ကျဲ့ကျန်းပြည်နယ်၊ တုန်ရှန်း၌ အတွေးအခေါ်ပွင့်လင်းသည့် မိဘနှစ်ပါးမှ ၁၈၉၆ ခုနှစ်တွင် မွေးဖွားသည်။ ဟန်ကြို့တွင် အလယ်တန်း အောင်သောအခါ အမျိုးသားပေကျင်းတက္ကသိုလ်၌ စာပေအထူးပြု တက်ရာမှ တိုးတက်သော ခေတ်အမြင်နှင့် စတင်ထိတွေ့မိသည်။ သုံးနှစ်မျှ တက္ကသိုလ်တက်ပြီးသော် မိသားစု ငွေရေးကြေးရေးကြောင့် ကျောင်းနားရပြီး ရှန်ဟိုင်း ကော်မာရှယ်ပုံနှိပ်တိုက်၌ စာပြင်ဆရာ လုပ်ရင်းဖြင့် လည်းကောင်း၊ မေ လေးရက်နေ့ အရေးတော်ပုံ အပြီး ၁၉၂၀ ကာလများရှိ ယဉ်ကျေးမှုသစ်၏ ဗဟိုချက်မ ဖြစ်သော ရှန်ဟိုင်းတွင် နေရရင်းဖြင့်လည်းကောင်း၊ ဒစ်ကင်းစ်၊ ချက်ကော့ဗ်၊ တော်စတွိုင်းတို့၏ စာများနှင့် စတင်ထိတွေ့မိရာမှ လည်းကောင်း၊ တိုးတက်သော ခေတ်အမြင်နှင့် စာရေးဆရာ ဖြစ်လာသည်။ ၁၉၂၀ ပြည့်တွင် ဝတ္ထုတိုလစဉ်စာစောင်တခုအား အယ်ဒီတာအဖြစ် ထုတ်ဝေရင်းတဖက်၊ ၁၉၂၁ ခုနှစ်တွင် “စာပေအသင်းကြီး” (Literary Association) ကို ထူထောင်ရင်း တဖက်တို့ဖြင့် ခေတ်ပေါ် အရပ်စကားပြော ရေးဟန်တရပ်ကို စိုက်လိုက်မတ်တတ် သုတေသန ပြုသည်။ စစ်ဘုရင်ဆန့်ကျင်ရေး - ပထမ ညီညွတ်ရေး တပ်ပေါင်းစုကာလတွင် တပ်ပေါင်းစုနိုင်ငံရေးဌာန၊ ဝါဒဖြန့်ချိရေး အရာရှိအဖြစ် “အမျိုးသားနေ့စဉ်” သတင်းစာကို တည်းဖြတ်ပေးရသည်။ ၁၉၂၇ ခုနှစ်တွင် တပ်ပေါင်းစုကြီး ကွဲသော် ဂျပန်ပြည်သို့ ခေတ္တခိုလှုံရင်း ၁၉၃၀ ပြည့်နှစ်တွင် ပြန်လာသည်။ ထိုသို့ အကွဲအပြဲကာလ ၁၉၂၈ တွင် သူ၏ ပထမဆုံး ဝတ္ထုလတ် သုံးအုပ်တွဲစာအုပ် “နေရောင်လကွယ်”(Eclipse – Shi) ထွက်သည်။ ၁၉၂၉ ခုနှစ်တွင်မူ ယခု ဘာသာပြန်သည့် “မိုးသက်ရောင်နီ” (Rainbow – Hong) ဝတ္ထုရှည်ကြီး ထွက်လာလေရာ အထူးကျော်ကြားပြန်သည်။ ၁၉၃၀ ပြည့်တွင် မိတ်ဆွေရင်း စာရေးဆရာကြီး လူရွှန်း နှင့် တွဲဖက်၍ “တိုးတက်သော စာရေးဆရာများ အဖွဲ့ချုပ်” ကို ထူထောင်ကာ ဂျပန်ခုခံရေး - ဒုတိယညီညွတ်ရေးတပ်ပေါင်းစုတရပ် ဖြစ်ပေါ်လာရေး လှုံ့ဆော်ပေးခဲ့သည်။ ထို ဒုတိယတပ်ပေါင်းစုခေတ် အတောအတွင်း ရှန်ဟိုင်းမြို့ရှိ လူ့အတန်းစားစုံ အဖြစ်သနစ်မျိုးစုံ အကြောင်းတို့အား “သန်းခေါင်ယံ” (Midnight – Ziye) ဝတ္ထုရှည်ကြီးတွင် သရုပ်ပီပြင်ပေါ်လွင်အောင် ရေးသားဖော်ပြခဲ့လေရာ တရုတ်အရပ်စကားပြော စာပေလောက၌ “မော်ထွန်း” ဟူသော အမည်ကို တသသ ပြောရလောက်အောင် တခါတည်း နာမည်ကျော်သွားတော့သည်။ တရုတ်ပြည်တွင်းစစ်အပြီးတွင် တရုတ်ပြည်သစ်၏ ပထမဆုံး ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရင်း ၁၉၆၉ တွင် တာဝန်မှ အနားယူသည်။ ၁၉၈၁ ခုနှစ်၊ အသက် ၈၄ နှစ်တွင် ကွယ်လွန်သည်။]
---
အခန်း(၁)
အရုဏ်ဦးနေမင်း၏ ရွှေရောင်အလင်းသည် ယန်စီမြစ်ရိုးပေါ်တွင် တွဲလဲခိုနေသော မြူခိုးဖြူဖျော့ဖျော့တို့ကို ထိုးဖောက်ကာ မြစ်ကမ်းပါးနှစ်ဖက်ရှိ စိမ်းပြာတောင်တန်းများအား မြင်သာလာအောင် ခွဲဖြာပစ်လိုက်လျက် ရှိပေသည်။ အရှေ့လေပြေသည် ဖျော့တော့ညွန့်နူးဖွယ် ကောင်းလှသော တေးသံကို သီရင်း။ နောက်ကျိကျိ ယန်စီမြစ်ရေသည်လည်း ကျောက်ကြိုကျောက်ကြားကလေးများထဲသို့ စီးဝင်ရင်း ခဏတိုင်းမှာတင် ဟိုမှသည်မှ ဝဲဂယက် သေးသေးကလေးများ ထွက်ပေါ်လာနေရင်းပင်။
ရေဆန်လမ်း တောင်နံရံနောက်မှ တောကောင်ကြီးတကောင် မာန်ဖီသံကဲ့သို့ မသဲမကွဲ ညည်းတွားသံကြီးတခု ထွက်ပေါ်လာသည်။ မိနစ်အနည်းငယ်မျှ ကြာသော် ၎င်းအသံကြီးမှာ ရှည်လျားဝံ့ကြွားသော အသံကွဲအက်အက်ကြီးအဖြစ် ရင့်ကျက်သွားရင်း မြစ်ရိုးကြီး၏ ကမ်းပါးနှစ်ဖက်လုံးရှိ ကျောက်တောင်ကမ်းပါးများ ကြား၌ ထစ်ချုန်းချလိုက်လေသော ပဲ့တင်သံကြီးအဖြစ် သူ့ကိုယ်သူ အသွင်ပြောင်းလိုက်သည်။ စိမ်းဖျော့ဖျော့ မီးသင်္ဘောတစီးသည် လက်ကျန်နှင်းမြူများထဲမှာ ငွားစွင့်စွင့် ထွက်ပြူလာကာ အသာအယာပင် ရေဆန်စုန်ဆင်းနေပေသည်။ ခဏချင်းမှာပင် ၎င်းအင်ဂျင်ကြီး၏ ဂလုန်းဂလက် အသံကြီးမှာ မြစ်ရေပြင်ပေါ်တွင် ပွက်ဆူ၍ တက်လာပေတော့သည်။
၎င်းမှာ ယန်စီမြစ်ကြီး၏ စီချွမ်ရေပြင်များထက် လူးလာခေါက်တုံ့ သွားလာမြဲဖြစ်သည့် အထင်ကရ မီးသင်္ဘောကြီး “လုန်းမော်” ဖြစ်ပါသည်။ ယနေ့တွင်တော့ သူသည် မနက်ခင်း လူမသိတသိအချိန်တွင် ကွေ့ဖူ ဆီမှ ကျောက်ဆူးတင်လျက် နေ့လည်ခင်း နှစ်ချက်သုံးချက်လောက်အချိန်တွင် ယိချန် ဆီသို့ ရောက်နိုင်ဖို့ ခရီးစိုင်းပြင်းနေခြင်း ဖြစ်သည်။ မနက်ခင်း ရှစ်နာရီသာ ရှိသေးသော်လည်း သင်္ဘောကြီးပေါ်တွင်မူ လေကောင်းလေသန့် ထရှူသော တတိယတန်း ခရီးသည်များဖြင့် သင်္ဘောကုန်းပတ် လက်ရမ်းများထိ ပြည့်ကျပ်နေနှင့်ပြီ။ အပေါ်ဆုံး ကုန်းပတ် ထမင်းစားခန်းရှေ့က လူသွားလမ်းကတော့ သိပ် လူသူ မထူထပ်လှ။ တကယ်တော့ အဲ့သည့်နေရာတွင် အစိမ်းရောင် သံလက်ရမ်းများကို မှီရင်း ဝူ တောင်ကြားရေထွက်များ၏ ကြည်လင်ခမ်းနားသော မြင်ကွင်းကို ကြည့်ရှုနေကြသော အမျိုးသမီး နှစ်ဦးသာ ရှိပါသည်။
သူတို့သည် လှေဦးပိုင်းသို့ မျက်နှာမူကာ ရင်ဘောင်တန်းလျက် ရပ်နေကြသည်။ ခါးကို အနည်းငယ် လှည့်ကာ ဘယ်ဖက် လက်မောင်းကို လက်ရမ်းပေါ် မှီကာ ရပ်နေသော တယောက်မှာ အသက် နှစ်ဆယ်ခန့်သာ ရှိဦးမည်။ မိန်းမပျိုသည် ပြာနုရောင် ဖျော့ဖျော့ ခါးရှည်ဖဲအင်္ကျီနှင့် လေယူလိုက်တိုင်း သူ၏ သေးသွယ်တည်ငြိမ်သော ကိုယ်ဟန်လေးကို တင့်တယ်သွားစေသည့် အနက်ရောင် စကတ်ရှည်ကလေး ဆင်မြန်းလျက်။ ဆံပင်တိုနှင့် ဖြစ်သည်။ ပိတုန်းနက်ရောင် ဆံစနှစ်ဖက်သည် သူ၏ ရှည်ဝိုင်းဝိုင်း မျက်နှာလေးပေါ်သို့ လာရောက်ပွတ်တိုက်နေရင်း သူ၏ ရှည်လျားပါးလှပ်သော မျက်ခုံးတစုံ၊ ဖြောင့်စင်းသော နှာခေါင်း၊ ကလူ၏ချင်စဖွယ် လှရက်သော မျက်လုံးအစုံတို့နှင့် သေးသွယ်ဝိုင်းစက်သော နှုတ်ခမ်းတို့ကို ဂုဏ်တင့်ပေးနေကာ ရှိသည်။ သူသည် ပြစ်မျိုးမှဲ့မထင်သည့် အရှေ့တိုင်း အလှအပ၏ ရှိသမျှ ကြန်အင်လက္ခဏာအစုံကို ဖော်ထုတ်ပြသလျက် ရှိနေသည်။ သူ့ကို နောက်ဖက်ယွန်းယွန်းမှ ကြည့်မိပါက နူးညံ့သိမ်မွေ့ခြင်း၏ အနှစ်သာရအထင်အရှားသဖွယ် ထင်မှတ်မှားပေလိမ့်မည်။ သို့သော် သူ၏ မျက်လုံးလေးများတွင်းမှ ပြင်းစွာတောက်လောင်သော တဇွတ်ထိုး စိတ်ဓာတ်မှာ မသိမသာ လှစ်ဟနေ၏။ ပြီးတော့ တင်းစွာ စေ့ထားလေ့ပြီးသော နှုတ်ခမ်းပါးကလေးမှာ ယတိပြတ်ဆုံးဖြတ်ထားမှု၏ ပြယုဂ်ပင်ဖြစ်သည်။ သူသည် သူ့ ရည်မှန်းချက်ကို သိမြင်ထားနှင့်ပြီး နောက်မလှည့်တမ်းဟူသော စိတ်ဓာတ်မျိုးနှင့် လူစားမျိုး ဖြစ်ပါသည်။
သူ့ မိန်းမဖော်ကတော့ ပုပု၊ ဝဝ၊ သက်လက်ပိုင်းအရွယ် မိန်းမကြီးတဦးဖြစ်သည်။ သူ့ မျက်နှာကတော့ စွဲဆောင်ချင်စဖွယ် မကောင်း။ သို့သော် သူ၏ နှုတ်ခမ်း ထူထူကြီးတို့မှာ ထောင့်ဖျားတွင် တွဲလွဲကျလျက် ရှိသဖြင့် သူ့ ပုံပန်းသွင်ပြင်မှာ ဆွေးမြေ့မှုန်မှိုင်းနေပုံ ပေါက်နေသည်။ သူ၏ ဝတ်စားတန်ဆာတို့မှာလည်း ပထမတန်းစား ထဲကသာ ဖြစ်ပါသည်။ သို့သော်လည်း ဟန်ပန်မှာ အနည်းငယ် ခေတ်နောက်ကျနေသည်။ သူ၏ ခြေအစုံမှာ တချိန်က စည်းနှောင်ရိုက်ချိုးခြင်း ခံထားရကာမှ အခုအခါတွင်တော့ အနှောင်အဖွဲ့မှ လွတ်မြောက်ပေပြီ။ ကြီးမားလွန်းလှသည့် အနက်ရောင် နောက်ပိတ်ဖိနပ်တွင်းတွင် ထည့်စီးထားရလောက်အောင် သူ့ ခြေအစုံ၏ ခေါက်တွန့်ပိန်လိန်နေမှုမှာ လုံးဝန်းဝိုင်းစက်သော အလုံးကြီးများ ကဲ့သို့ပင်။ သေးသွယ်ရှည်လျားလှသော မိန်းမပျို၏ သဘာဝ ခြေဖဝါးနဲ့ ယှဉ်ကြည့်လိုက်လျှင် စိတ်ဆင်းရဲ အားငယ်ဖွယ်ပင် ကောင်းနေတော့သည်။
သူတို့နှစ်ယောက် မည်သည့်စကားမှ ပြောမနေကြ။ ရှုမျှော်ခင်း၏ ခမ်းနားလှပမှုက သူတို့၏ စိတ်ကို အတွေးကုန်စင်အောင် ဆေးကြောလိုက်ပြီးလေပြီ။ သူတို့ နှလုံးသားထဲတွင်လည်း ဗလာနတ္ထိ၊ ဘာ ပူပန်သောကမှ မရှိ၊ သူတို့ကို ဝန်းရံနေသော သဘာဝအလှတွင်သာ မိန်းမောလျက် ရှိလေသည်။
သင်္ဘောဥဩကြီး တဖန် ဆွဲလိုက်ပြန်ပေပြီ။ ဟိုးဖက် ခပ်ဝေးဝေးတွင်တော့ တောင်ထွတ်တခု ရှုခင်းပြင်ပေါ်သို့ တိုးထွက်လာပြီး မြစ်ကြောင်းကို ပိတ်ရင်းဖြင့် ကောင်းကင်သို့ ထိုးဖောက်သွားသည်။ မြစ်ကြောင်းကြီးကတော့ ကမ်းပါးနှစ်ဖက်လုံးတွင် စီတန်းနေကြသော တောင်မြင့်ထွတ်များ ကြားထဲသို့ ကန့်လန့်ဖြတ် ခုတ်မောင်းသွားသည်။ ၎င်းတို့သည် သဘာဝ တမံတံတိုင်းကြီးများ အသွင်ဆောင်ရင်း ရှေ့သို့ဆက်လက် သွားရောက်ရမည့် လမ်းကို ကန့်လန့်ပိတ်ကာဆီးနေဟန် အသွင်ဆောင်နေကြသည်။ ရွှေချည်မျှင်လို လင်းဖြာနေသော နေရောင်မှာ အမြင့်ဆုံး တောင်ထွတ်များပေါ်တွင်သာ ကျဲတောက်တောက် အလင်းကွန်ခြာ အုပ်ထားရလျက် တောင်ထွတ်ဖျားတို့ အောက်တွင် စိမ်းမှောင်ညို့ ကော်ဇောကြီးကိုသာ ခင်းထားရရှာလေသည်။ သင်္ဘောကြီးသည် ပို၍ အလျင်လိုစွာ ဥဩသံတို့ ဖောက်ခွဲကာ ရှေ့သို့ ချီတက်သွားသည်မှာ မလူးမလွန့်တမ်း။ မြစ်ပြင်ကြောကို ပိတ်ထားသော တောင်ထွတ်ကြီးများသည် တဖြည်းဖြည်း မြင့်မြင့်လာရင်း လာနေရင်း၊ ခန့်ထည်လာရင်း လာနေရင်း၊ အမျိုးသမီးနှစ်ဦးဆီသို့ ချဉ်းကပ်လာကြသည်မှာ တောင်ထွတ်တို့ တဝက်လောက် အမြင့်ဆီမှ ရင်သပ်ရှုမောစရာ ခင်တန်းလေးများ မျက်စိထဲတွင် ပါးလျလာသည်အထိတိုင်အောင်ပင် ဖြစ်ပါသည်။
“ဝူရှန်တောင်တန်းကြီးရဲ့ တောင်ဆယ့်နှစ်ထွတ်မှာ ဒါ ပထမဆုံး ရှိသေးတယ်။” အဒေါ်ကြီးက သူ့ မိန်းမဖော်ကို ရှင်းပြနေရင်း သူ့ခေါင်းကို ကိုယ့်ကိုယ် စိတ်ကြီးဝင်နေဟန် ပုံပန်းဖြင့် ခေါင်းငြိမ့်နေပုံ မာန်ပါလွန်းနေသဖြင့် သူ့ခေါင်းနောက်ဖက်ဆီက ပြေလျော့လျော့ ဆံထုံးတော်ကြီးပင် ပြုတ်ကျတော့မည့်ဟန် ဟိုသည်ယိမ်းထိုးသွားသည်။
မိန်းမပျိုလေးကတော့ ပြုံးတုံ့လှယ်ရင်း ဆံထုံးတော်ကြီးဆီက ဆီချေးဆော် ဝေးသွားအောင် ခေါင်းကို ဟိုမှာဖက်ဆီ ငဲ့စောင်းလိုက်၏။ ဖြည်းဖြည်းချင်း ခြေတလှမ်း တိုးလိုက်ရင်း ရှေ့တူရူက မြင်ကွင်းဆီကို ပို၍စူးရှစွာ အာရုံစိုက်နေတော့သည်။ သူ့ဆီကို ပြေးဝင်လာနေသော ကျောက်နံရံကြီးမှာ ထိပ်ဖျားကိုပင် လှမ်းကြည့်၍ မမြင်နိုင်တော့လောက်အောင် နီးကပ်လာလင့်နေပြီ။ တောင်ကြီး၏ ခါးပန်းအလယ်တည့်တည့်တွင်တော့ ကျောက်စိမ်းသွေးလွှမ်းနေသည့် ထင်းရှူးမွှေး အဆုပ်အဆုပ်တို့ ရစ်ပတ်နေကြသည်။ အောက်တည့်တည့် ရေပြင်တွင်းတွင်တော့ နီညိုရောင် ကျောက်တုံးတို့ ဟိုတစ သည်တစ၊ ကမ်းပါးနွယ်ပင်များနှင့်အတူ။ ဒီ တောင်တန်းကြီး မြင်ကွင်း တခုလုံးသည် တဖြည်းဖြည်းချင်း ကြီးမားလာရင်း။ နီးကပ်လာရင်း။ ရုတ်တရက် ပခုံးတွန့်ဟန်ပြုကာ အသာအယာပင် ဘေးသို့လှည့်ထွက်သွားသည်။ သူ့ ဝင့်ထည်မှု နောက်တခြမ်းကို လှစ်ဟ ပြလိုက်သကဲ့သို့ပင်။
“ဘူ……ဟွန်းးးး၊” ဥဩသံကြီးမှာ ရွှင်လန်းတက်ကြွလှပေသည်။ သင်္ဘောကြီးသည်လည်း မြစ်ကွေ့ကြားထဲသို့ အလိုက်သင့် ခုတ်မောင်းသွားသည်။ ညာဖက်တွင်တော့ မိုးထိအောင် ထိုးနေသော တောင်တန်းကြီးများ မရှိကြတော့ပေ။ အဆုံးအစမဲ့ ကျယ်ဝန်းသော ယန်စီမြစ်ပြင်ကြီးသာ တောင်ထွတ်ဖျားများကြားထဲမှ တသိမ့်သိမ့်။
“ယန်စီဆိုတာ ဒါမျိုးကို ခေါ်တာပဲအေ့။ အဝေးကကြည့်ရင်တော့ ကျော်ဖြတ်လို့ မရတော့သလိုလို၊ အဲ့သည့်ကို ရောက်မှသာ ထွက်လမ်းလေး ရှိနေသေးတာကို တွေ့နိုင်တော့တာပေါ့။ ဒီလို မြစ်ကွေ့မျိုး ဘယ်နှစ်ခုလောက် ရှိဦးမလဲ ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ မေ ရေ့၊ ဒါ နင် ပထမဆုံး ကြုံဖူးတာမို့ တော်တော် စိတ်ဝင်စားနေမှာပဲအေ။” အဒေါ်ကြီးက နောက်ဖျားကနေ အကျယ်ကြီး ဟစ်ကြွေးလိုက်သည်။ ကံမကောင်းစွာပင် အရှေ့လေသည် ပြင်းထန်လွန်းသောကြောင့် သူ့ အတွေ့အကြုံစကားတို့မှာလည်း လေနှင့်အတူ တစစီ ပါသွားလေသည်။ အရှေ့ဆီသို့ တူရူစီးဆင်းနေသော ယန်စီမြစ်ပြင်ကြီးကို သတိလက်လွတ် ငေးကြည့်မိနေသော မေ က ဘာမှပင် မကြားလိုက်။
ဝူ တောင်ကြား ရေထွက်ပေါက်တို့၏ မယုံနိုင်လောက်စရာ အလှသည် သူ့ကို နက်နက်ရှိုင်းရှိုင်းကြီး လှုပ်ခါလိုက်သည်မှာ အတိတ်ဆီသို့ပင် စိတ်အလျင် ပြန်ရောက်သွားသည်။ အဲ့သည့် ရေထွက်ပေါက်များလိုပင် အပြောင်းအလဲမြန်၊ ရေပေါ်ဆီဆန်သော အတိတ်၊ လမ်းဆုံးများ၊ ပြန်ရှင်သန်ရခြင်းများ၊ ရောပြွမ်းနေသော အတိတ်။ အလင်းနဲ့ အမှောင်တို့ လွန်းတင်ယှက်သန်း ရက်လုပ်ထားသည့် သူ့ဘဝ။ ရဲရဲရင့်ရင့်ဖြင့်ပင် သူ လမ်းတဝက် ကျိုးလာခဲ့ပြီ။ နောက်ထပ် ကျန်တော့တာက ဘာများပါလိမ့်၊ အနာဂတ်ဆိုတဲ့ ပုစ္ဆာပဲ။ မေ သည် စိတ်ကူးမယဉ်၊ အဆိုးလဲ မမြင်ပေ။ ရိုးရှင်းစွာ စောင့်မျှော်နေခြင်းသာ ဖြစ်သည်။ ခြေနင်းကျကျ နင်းထားနှင့်ပြီး သူ၏ ပြိုင်ဖက်ကို စောင့်နေသော သိုင်းဆရာ တဦးသဖွယ် ဖြစ်ပါသည်။ ဒီ နုနယ်သော ဘဝတွင် ခဲခက်ပင်ပန်းမှုကြီးက နက်ရှိုင်းလွန်းလှစွာ တံဆိပ်နှိပ်ထားနှင့်ပြီးပြီ။
လူတချို့ကတော့ သူ့ဘဝကို မနာလိုဖြစ်ကောင်း ဖြစ်နေနိုင်ခဲ့သည်။ သို့သော် သူကိုယ်တိုင်ကပင် သူ၏ အတိတ်ကို “ကမ္မဖလ” ဟူသော စကားလုံးနှင့်သာ ထိုက်တန်သည်ဟု ရှုမြင်နေဆဲပင်။ လွန်လေပြီးသော လေးနှစ်တာ အတောတွင်းတုန်းက သူသည် “ထင်ရှားကျော်ကြားသည့် ချမ်းသာလူတန်းစားသစ်ဝင်တဦး” အဖြစ် လူအမျိုးမျိုး၏ စိတ်နှလုံးကို သိမ်းကျုံးနိုင်ခဲ့ပေသည်။ အနောက်ပိုင်းနှင့် တောင်ပိုင်း စီချွမ်ရှိ လူတိုင်း မေ ဆိုသည့် မိန်းမပျိုကို သိကြသည်။ သူသည် နှယ်နှယ်ရရ မိန်းကလေး မဟုတ်။ ဖြာရောင်လင်းနေသော သက်တံ့နှင့် တူသည့် လုံမပျို ဖြစ်သည်။ သို့သော် သူက သူ့ဘဝကြီးကို ဒီလို ဖြစ်လဲ မဖြစ်ချင်ခဲ့၊ ဒီအတိုင်း နေနေရခြင်းကိုလဲ မပျော်မွေ့ပေ။ သူသည် ရိုးရိုးရှင်းရှင်းပင် သူရဲကောင်းတယောက် အားမာန်မျိုးဖြင့် ရှေ့သို့ တဟုန်ထိုး ချီတက်သွားရင်း မီးစင်ကြည့်က နေရခြင်းသာ ဖြစ်သည်။ ရှေ့သို့ ရူးရူးမူးမူး တဇွတ်ထိုး တက်ခြင်းကပင် သူ ထူးကဲစွာ ပါရမီပါလာသည့် အရာ ဖြစ်နေလေသည်။ သူ့ တခုတည်းသော ရည်မှန်းချက်မှာ သူ့ ပတ်ဝန်းကျင်ကိုကော၊ သူ့ ကံကြမ္မာကိုပါ ကျော်လွှားပစ်လာနိုင်ရေး ဖြစ်သည်။ အဲ့သည့်အရင် လွန်ခဲ့သော နှစ်အနည်းငယ် ဆီတုန်းကတော့ သူ့ တခုတည်းသော ရည်မှန်းချက်မှာ သူ၏ အားကောင်းမောင်းသန် မိန်းကလေးဆန်မှုနှင့် ပို၍ပင် အလွန်အမင်းဆန်သော အမိကြီးစိုးမှု မသိစိတ်တွင်းတွင်သာ ဇက်ကြိုးဆွဲခံနေဖို့ ဖြစ်နေခဲ့ပါသည်။
တက်ကြွဖွယ် နွေဦးရာသီ နေ့ခင်းများနှင့် လွမ်းဆွေးဖွယ် မိုးသည်းညခင်းများ၌ သူသည် ဘိုးဘွားမွေနှစ် ဝိသေသလက္ခဏာဖြစ်သော “မိန်းမပီသမှု” ကြီးက သူ့ရင်ခေါင်းထဲသို့ လာမွှေနှောက်နေသည်ကို တချက်တချက် ခံစားမိလာတတ်သည်။ အဲ့သည့်လို အချိန်မျိုးများတွင် သူသည် လဟာပြင်ကြီးထဲသို့ စူးစိုက် ကြည့်လာနေတတ်ရင်း၊ စိုးရွံ့အားငယ်မှု လှိုင်းတံပိုးများ ကြားထဲတွင် နစ်မြုပ်သွားရတတ်သည်။ အဲ့သည့် အချိန်မျိုးတွေမှာတွင်ပဲ သူသည် သူ၏ အကြောင်းမလှသော ကံကြမ္မာကို ပူဆွေးမြည်တမ်းကာဖြင့် သူ့ကိုယ်တိုင် ဖြစ်တည်မှု၏ ကမ္မဖလ အစုံစုံတို့အပေါ် နောင်တကုဋေကုဋာဖြင့် လှည့်စားခံနေရခြင်းအတွင်းသို့ ကျရောက်သက်ဆင်းရလေသည်။ မည်သို့ပင် ဆိုစေကာမူ၊ သူ့ ခဲယဉ်းပင်ပန်းခြင်းများသည် သူ့ဘဝကို ပုံစံခွက် အသစ်တခုတွင်းသို့ သွန်းလောင်းလိုက်နှင့်ခဲ့ပြီ။ လေပြင်းသွေးသော မေလေးရက်နေ့ အရေးတော်ပုံကြီးသည်လည်း သူ၏ အတွေးအခေါ်အား ဦးတည်ရာသစ်ဆီသို့ တိုက်ခတ်လိုက်စေခဲ့ပြီ။ နောက်သို့ သူမလှည့်နိုင်။ သူ၏ သဘာဝဖြစ်တည်မှုတွင်းမှ ခေတ်ဟောင်းကြီးကို ချိုးနှိမ်တိုက်ဖျက်ရင်း၊ ကမ္ဘာသစ်တခု၊ ဘဝသစ်တခုနှင့် လိုက်လျောညီထွေသွားစေရန်သာ ကြိုးပမ်းတော့မည်။ သူ မတွန့်ဆုတ်နိုင်၊ ဒွိဟ လဲ မဖြစ်နိုင်။
ယန်စီမြစ်ကြီးသည် ဝူရှန်တောင်တန်းကြီးထဲမှ ဖျစ်ညှစ်ပြီး ထွက်ပြူရန် ရုန်းကန်နေရပေပြီ။ မြစ်ပြင်ကြီးကို သူ့ အတိတ်၏ နိမိတ်ပုံကဲ့သို့ ခံစားမိလာသည်။ သို့သော် သူ့ အနာဂတ်ကိုတော့ ကွေ့ တောင်ကြားအောက်မှ ယန်စီမြစ်ပြင်ကြီးလိုသာ လွတ်လပ်ရုန်းကြွစေချင်မိတော့သည်။
မေ သည် အပြုံးလေးတပွင့်ကို မထိန်းလိုက်နိုင်။ ခေါင်းကို နောက်လှည့်ကြည့်နေသောအခါ သူ့ကို မျက်မှောင်ကြုံ့ ကြည့်နေသည့် အဒေါ်ကြီးကို တွေ့ရသည်။ အစောကလေးတင်မှ ဒီ အဒေါ်ကြီးသည် လူကြီးတွေ ပြောနေကျအတိုင်း အထက်စီးလေသံ ဗလွတ်ဗလွတ်ဖြင့် သူ့ကို စကားတွတ်ထိုးနေခဲ့တာကို သတိပေးလိုက်သလိုပင်။ မေ သည် ဒီ မိန်းမဖော်ကြီးကို မကြိုက်၊ သို့သော် အကျိုးမဲ့သက်သက် သူ့ကို ငြူစူသွားစေရန်လဲ မေ က မလိုလားချင်။ ထို့အပြင်၊ ဒီ ဆီချေးစော် နံနေသည့် သူ့ဆံကေသာကြီး ရနံ့ကို မရှူရှိုက်ရရင်ကို အဆင်ပြေသည်၊ ဒီ အဒေါ်ကြီး ဟိတ်ဟန်ထုတ်သည့် အာပြဲသံကို မေသည် အမှုမထားချေ။
“ကြီးတော်ဝိန်၊ လေပြင်းတယ်၊ မကြောက်ဘူးလား။” မေ သည် နွေးထွေးလွန်းစွာဖြင့် ပြောလိုက်သည်။ နံဘေးကို အသာလေး ယို့ရင်း သိသိသာသာကြီး လေညာဖက်ကို နေရာယူချလိုက်သေးသည်။
“ဒီအရိုးဆွေးကြီးတွေက ဘယ်လို အခက်အခဲ အခါးအသီးမျိုးကို မသိတော့ဘူးတဲ့လဲကွယ်။ လေတိုးတာများ ကြောက်စရာလားအေ။ ဒီနွေဦးတုန်းက တို့တွေ အမျိုးသမီး မဲပေးပိုင်ခွင့်အတွက် ဆန္ဒပြတုန်းကဆိုရင် လေက ဒီထက်တောင် ပိုပြင်းသေးတာ၊ လျှပ်တွေလဲလက် မိုးတွေလဲရွာ။ အဲ့တာတောင် တို့ ကြောက်မှ မကြောက်တာ၊ ထီးတောင် မဖွင့်ပဲ ပြည်နယ်ဘုရင်ခံရုံးဆီကို တို့ ညီအစ်မတွေ ချီတက်ကြတာပဲအေ။”
ကြီးတော်ဝိန် စကားကို အားပါးတရ ပြောလိုက်ရာ သူ့နောက်က ဆံထုံးကြီး ဂနာမငြိမ်တော့။
မေ သည် လုံးဝ လေးစားအားကျသော ဟန်ကို အမိဖမ်းရင်းနှင့်ပင် မပြုံးမိအောင် ပါးစပ်ကို အတင်းစေ့ထားသည်။
“အဲ့တုန်းက ဘာလို့ မပါလဲကွဲ့၊ မေ။ အော် မေ့လို့၊ အဲ့တုန်းက နင်က ဘုရင်ခံမင်းရဲ့ ကိုယ်ပိုင်အတွင်းရေးမှူးကိုး၊ လူကြီးမင်းရဲ့ အယုံကြည်ရဆုံး လက်ထောက်လေ။ အရာရှိကြီး ဖြစ်ပြီးနေမှကို။ ဒါပေမဲ့ မေရေ သိလား၊ အရာရှိဖြစ်ရတာ ကိုယ်ပိုင်မဲပေးခွင့် ရတာနဲ့တော့ မတူဘူးကွဲ့၊ မဲပေးခွင့်ဆိုတာ…”
ပြောပြောဆိုဆို မိန်းမကြီးသည် စကားရပ်ကာ မေ့ ဆီသို့ အနည်းငယ် အနားတိုးသွားရင်း ရှည်လျားတင်းမာသော မိန့်ခွန်းတခု ခြွေရန် ပြင်ဆင်သည်။ မေက သူ့၏ လေညာစံအရပ်ကလေးကို ထိန်းသိမ်းရန် နောက်ခြေတလှမ်း ဆုတ်ကာ မိန်းမကြီးကို ပါးနပ်စွာ စကားဖြတ်လိုက်သည်။
“ကျွန်မဟာ ပြည်နယ်ဘုရင်ခံမင်းရဲ့ မိသားစုအတွက် စာသင်ပေးရတဲ့ ဆရာမ။ အဲ့သည့် ကိုယ်ပိုင်အတွင်းရေးမှူး ဆိုတာက ဘာတွေများမို့လို့၊ ကိုယ့်ကို သက်သက် အပုပ်ချချင်တဲ့ လူတွေဆီက ထွက်လာတဲ့ ကောလဟာလ သက်သက်တွေပါလေ။ လူတိုင်းလဲ ပြောနေကြတာမှ မဟုတ်တော့တာ၊ အသာလေး ရယ်နေရုံပဲ။ ကြီးတော်ဝိန်၊ လူအားလုံးထဲမှာမှ ကြီးတော်ဟာ ငယ်ငယ်လေးနဲ့ မုဆိုးမ ဖြစ်ခဲ့ရတာ။ အားလုံးထက် ပိုပြီး သိသင့်တာပေါ့၊ လျှာရိုးမရှိတဲ့ လူတွေဆိုတာ မိန်းမသားတယောက်ကို သွားပုပ်လေလွင့် ပြောဖို့ထက် ပိုပြီး သဘောကျတာ မရှိဘူး ဆိုတာကိုလေ။”
ကြီးတော်ဝိန်၏ မေးရိုးတို့ ဆတ်ကနဲ တုန်သွားသည်၊ သို့သော် သူ မည်သို့မှ မတုန့်ပြန်ပေ။ သူ့ ငယ်ဘဝကို စကားထဲ ထည့်ပြောကြလေတိုင်း သူ အမြဲ စိတ်ဓာတ်ကျတတ်သည်။ မည်သို့ပင်ဖြစ်စေ သူ့ “ကောလဟာလတွေကို ကြောက်နေရသော” ကာလကြီး ကုန်ခဲ့တာ ကြာလေပြီ။ သူသည် အခုတော့ အပြည့်အဝကြီးကို စိတ်နှလုံးနှစ်ပြီး ကြိုးစားနေသော တန်းတူညီမျှ မဲပေးရေး လှုပ်ရှားသူကြီး ဖြစ်နေပေပြီ။ အဲ့သည်လိုတောင်မှပင် ပြည်နယ်ဘုရင်ခံရုံးကို သူတို့ ဝင်စီးလိုက်ကြသော နေ့တွင် အစောင့်များဆီမှ “ခုန်အုပ်ဖို့ ချောင်းနေတဲ့ ကျားအိုမ” ဟု ကျိန်ဆဲနေသည်ကို ကြားလိုက်ရပါသေးသည်။ အဲ့တုန်းက ဘာကြောင့်မှန်းမသိ၊ သူ၏ ရဲရင့်တက်ကြွနေသောစိတ် အလံဖြူပြသွားရရှာသည်။ သူ့ အနာဂတ်ပေါ် လငပုပ်ဖမ်းနေသည့် အတိတ်ဆီက ဆင်ခြင်တုံတရား ကင်းမဲ့မှုဆီ မသိမသာ သူစိတ်ရောက်သွားမိသည်။ မိန်းမတယောက် အနေဖြင့် လွန်လေပြီးသော လင်ယောကျ်ားတဦးတည်းတွင်သာ သစ္စာကို ပုံအပ်သင့်၍ အိမ်ထောင်ထပ်မပြုသင့်တော့ဟု ယုံကြည်ခြင်းဖြင့် သူသည် တန်းတူညီမျှ မဲပေးခွင့်ရရေးကို ဆန့်ကျင်ကြသူတို့နှင့် တစိတ်တဝမ်းတည်းပင် ဖြစ်နေလေပြီကော။
“ဘုရင်ခံမင်းက အတွေးအခေါ်သစ်တရပ်ကို လက်ခံတယ်တဲ့။ ဖိုမ ဆက်ဆံရေးတွေအပေါ်မှာလေ၊ ထူးခြားတဲ့ အမြင်တချို့ သူမှာ ရှိတယ်တဲ့။ အဲ့လိုမျိုး လူတွေပြောကြတာကို ကြီးတော်ဝိန်လဲ ကြားဖူးနေမှာပဲနော်”
သူ့ မိန်းမဖော် ကသိကအောက် ဖြစ်သွားသည်ကို ရိပ်မိ၍ မေသည် ရယ်ရင်းမောရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။ သို့သော် “ဖိုမဆက်ဆံရေး” ဟူသော အနှီ စကားလုံး သည် ဒီ သွက်လက်တက်ကြွသော တန်းတူညီမျှ မဲပေးရရေး အားပေးသူကြီးအတွက် နားစိမ်းနေဆဲ ဖြစ်ပေလိမ့်မည်။ မေ့ ဆီကို အနည်းငယ် ပဟေဠိဆန်သွားဟန်ဖြင့် ကြည့်ကာ အဖြေပြန်မပေး။ မေက အကင်းပါးပါး မျက်စိတဖက်မှိတ်ပြရင်း စကားဆက်သည်။ “သူ့ရဲ့ ထူးခြားပြောင်မြောက်တဲ့ အမြင်ဆိုတာက ဒီလိုရှင့်။ မိန်းမဆိုတာ ဘဝအတွက် အဖော်မွန်ကောင်းပဲတဲ့။ အဖော်မွန်ကောင်းဆိုတာ မိတ်ဆွေပဲတဲ့။ မိတ်ဆွေများတာ ပိုကောင်းတာပဲပေါ့တဲ့ရှင်။”
---
(ဆက်ရန်)
#မောင်တင်ဦး
#မိုးသက်ရောင်နီ
#mao_dun
#rainbow
#shared_by_louis_augustine
Comments
Post a Comment