အမေနှင့်ဈေးသည်များ //ခင်ခင်ထူး

အမေနှင့်ဈေးသည်များ //ခင်ခင်ထူး

(မြန်မာ့ဓနမဂ္ဂဇင်း၊ ၂၀၀၃ ခုနှစ်၊ မတ်လ)

---

(၁)

ပြီးခဲ့တဲ့ သီတင်းကျွတ်လကပဲ အမေ့အသက် ခုနှစ်ဆယ် ပြည့်သွားပြီ။ ဆံပင်တွေ တခေါင်းလုံး ဖွေးဖွေးလှုပ် ဖြူနေသလို၊ အမေ့ကိုယ်ကလေးကလည်း အတော့်ကို ပိန်လှီသွားခဲ့ပြီ။ ဟိုတုန်းကလို ဝဝဖိုင့်ဖိုင့် အသားအရေတင်းတင်းနှင့် ကျန်းမာသန်စွမ်းခြင်းအရိပ်တွေ အမေ့မှာ မရှိတော့။ သည်ဘက်ပိုင်းရောက်မှ အိုစာကျသွားသော အမေ့ကို ကျွန်မ လှမ်းကြည့်ရင်း ရင်ထဲ မကောင်းဖြစ်မိသည်။ အမေ အိုစာသွားခဲ့ပြီကော။ လူက အိုမင်းလူမင်းပုံ ပေါက်နေသော်လည်း အမေ့စိတ်တွေကတော့ မအိုတာ သေချာသည်။ မာဆဲ၊ ထန်ဆဲ၊ မာနကြီးဆဲပင်ဖြစ်သည်။ မျက်ရစ် ကျီးခြေ ပတ်လည်ဝိုင်းနေသော အမေ့မျက်လုံး ဝါကျင်ကျင်တွေကလည်း သားသမီးတွေအပေါ်ထားရှိသော မေတ္တာရည်တွေ အရောင်တလက်လက် တောက်နေဆဲ။ 

အမေ့မွေးနေ့က သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့ညမို့ မြေးတွေ ဗောက်တွေ တဒိုင်းဒိုင်းဖောက်ကာ ဖွားအေကြီးမွေးနေ့ကို ဟက်ပီးဘာဒ်ဒေး လုပ်နေကြသည်။ ကျွန်မတို့တူဝရီးကတော့ မြေဆီမီးခွက်ကလေးတွေထဲ ဆီစိမ်ဂွမ်းစတွေကို မီးထွန်းညှိရင်း အမေ့ကျန်းမာရေးအတွက် ဆုတောင်းကြသည်။ ခုံတန်းရှည်ကလေးပေါ်မှာ မွေးနေ့ရှင်အမေ ငုတ်တုတ်ထိုင်နေသည်။

“ငါ မွေးတဲ့ညမှာ ရွာထဲက ကာလသားတွေက ဗျောက်အိုးဖောက်လို့ဆိုပြီး အဖေက ထွက်ဆဲတာတဲ့၊ မီးနေသည် လန့်မှာစိုးလို့လေ”

အမေက သူ့ကိုမွေးသည့် နှစ်ပေါင်း ခုနစ်ဆယ်အဝေးက ညကလေး၏ လှမ်းပြီး လွမ်းလိုက်သေးသည်။

“ငါ ဆယ့်နှစ်နှစ်သမီးလောက်တုန်းက အမေက ဆံပင်ဖြူနုတ်ခိုင်းတော့ ငါက အမေ့ဆံပင်ဖြူတွေနုတ်ရင်း အမေ့အသက် ဘယ်လောက်ရှိပြီလဲလို့ မေးတော့ အမေက ငါးဆယ်ကျော်လို့ပြောတော့ ငါ့မှာ ငိုလိုက်ရတာအေ၊ အမေနဲ့ငါနဲ့ လူ့ဘဝထဲ သိပ်အတူမနေရတော့ဘူး ထင်ပါရဲ့ တွေးပြီး စိတ်မချမ်းသာလိုက်ပုံများ၊ အင်း ခုတော့လည်း ငါကိုယ်တိုင်က အသက်ခုနစ်ဆယ်ပြည့်သွား၊ ငါ့သားသမီးတွေများတော့ ဘယ်နှယ့်မှ မနေကြပေါင်”

အသက်ခုနစ်ဆယ် အောင်လက်မှတ်ရသွားသော အမေက သူ့အမေ ကျွန်မတို့အဘွားကို တမ်းတမ်းတတ ဆိုလိုက်တော့ ဘာရယ်မသိဘဲ ကျွန်မ မျက်ရည်ဝဲသွားမိသည်။ ကျွန်မတို့ကကော အမေနဲ့ ဘယ်လောက် အတူနေရဦးမှာလဲ။

“ကဲ... ငါ့မွေးနေ့မှာ ငါ့သားသမီးတွေကို အမေ ခေါက်ဆွဲကြော် ကုသိုလ်လုပ်မယ်၊ ဝင်းနိုင် သွားဝယ်ချည်စမ်း”

ကျွန်မအထက်က အစ်ကိုက အမေ့ဆန္ဒအတိုင်း မနီးမဝေး ခေါက်ဆွဲဆိုင်ကို ခေါက်ဆွဲကြော်သွားဝယ်ဖို့ စက်ဘီးပြင်သည်။ အမေ့မှာ သားသမီးငါးယောက်ရှိတာမို့ ခေါက်ဆွဲကြော် ငါးထုပ် ဝယ်ရမည်။

“နေပါဦး၊ ခေါက်ဆွဲကြော်က အခု တပွဲ ဘယ်လောက်တဲ့တုန်းဟဲ့”

အမေ မေးမှပင် ကျွန်မတို့ ခေါက်ဆွဲကြော်စျေး စဉ်းစားမိကြသည်။ လေးရာလား၊ ငါးရာလား စသဖြင့် ဇဝေဇဝါဖြစ်နေကြဆဲ။ တလောက သုံးရာ့ငါးဆယ်ဆိုတော့ သည်ဈေးမရနိုင်တာကတော့ သေချာသည်။

“ကဲ... ငါးရာထား၊ တွက်ကြည့်လိုက်မယ်၊ ငါးထုပ်ဆိုတော့ နှစ်ထောင့်ငါးရာ၊ ဒီထက်ကျော်ရင် မဝယ်နဲ့တော့၊ မတန်တော့ဘူး၊ မတန်တာ ငါလည်း မကျွေးချင်ဘူး”

စားရမည့်သူများမှာ အမေ့စကားကြောင့် ရယ်မိကြသည်။ ကျွန်မတို့ ရယ်ကြခြင်းမှာ အမေ့အကြောင်းကို သိနေခြင်းကြောင့်ပါ။ အမေသည် ဈေးဝယ်သည့်ကိစ္စတွင် အလွန်နာမည်ကြီးသူဖြစ်သည်။ ကုန်ပစ္စည်းအရည်အသွေး၊ ကုန်ဈေးနှုန်း စတာတွေထက် သူ စိတ်တိုင်းကျ ကျေနပ်မှ ဈေးဝယ်ခြင်းအလုပ် ပြီးမြောက်အောင်မြင်တတ်သူ ဖြစ်သည်။ ကျွန်မတို့ ဈေးဝယ်ပြန်လာလျှင် ပစ္စည်းတွေကို တခုချင်း ဈေးမေးတတ်သည်။

“ညည်းတို့ ဈေးဝယ်ရင် အကုန် ဈေးကြီးမိတာချည်းပဲ၊ ဈေးသည်က ညည်းတို့ဂိုက် ကြည့်ပြီး ဈေးတင်လိုက်တာ၊ ကိုယ်က နာနာဆစ်ရတယ်အေ့”

ဈေးသည်အကြော နောကျေနေသည့် အမေကတော့ ဈေးဝယ်တိုင်းလိုလို ရာဇဝင်တွင်ကျန်ရစ်သူ ဖြစ်သည်။ ရပ်ကွက်ထဲမှာ အမေက ဈေးဝယ်တော်သလိုလို၊ ဈေးဝယ်ချေးများသလိုလို အဓိပ္ပာယ် နှစ်ခွထွက်သော စကားရှိသည်။

“ကြီးတော်မြတင် ဈေးဝယ်ပြီးမှ လိုက်ဝယ်ကြ”တဲ့။

(၂)

မန္တလေးအနောက်တောင်ဖျားက ကျွန်မတို့ရပ်ကွက်ကလေးထဲတွင် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်ကလေးတွေ သူဝင် ငါထွက် အမြဲလာတတ်သည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်း အာလောင်၊ ဝါးချက်ရွာများမှ ရွာခံကုန်စိမ်းသည်များ၊ ပေပင်ကျောင်းဆောင်ဆိပ်မှ ငါးသည်များ၊ ပဲပြုတ်၊ ငချိတ်ပေါင်းသည်များ၊ ဘုရားပန်းသည်များ စသဖြင့် အရပ်ထဲ လည်ရောင်းတတ်သော ဈေးသည်မကလေးတွေ ရှိသည်။ ဈေးသည်တွေက အမေ့အိမ်ရှေ့ ပိတောက်ပင်ရိပ်ကြီးအောက် ဈေးဗန်းချလိုက်ပြီး

“ကိုင်း... လာကြနော်၊ ဟောသည်က...”

ဆိုလိုက်လျှင် ဝိုင်းအုံလာတတ်ကြသော်လည်း ချက်ချင်း ဝယ်ကြတာတော့ မဟုတ်။ သည်လူတွေက အမေ ဝယ်တာ လိုက်ဝယ်ဖို့ အကဲခတ်နေကြသူတွေသာ ဖြစ်သည်။

မနက်မိုးလင်းသည်နှင့် ရပ်ကွက်ထဲ အစောဆုံးလာတတ်သော ဈေးသည်တွေကတော့ မနက်ခင်း သွားရည်စာ ပဲပြုတ် ငချိတ်ပေါင်းတောင်းကြီးတွေ ဖြစ်သည်။ သည်လို ပဲပြုတ် ငချိတ်ပေါင်းသည် ဆယ်ဦးရှိလျှင် အမေနှင့်တည့်သူက နှစ်ဦးမှ အနိုင်နိုင်။ သည်ရပ်ကွက်မှာတော့ ဝယ်သူ အမြဲမှန်သည် ပြောလို့မရ။ ဝယ်သူ ပထမဆိုတာလည်း မသေချာ။

“ဟောဒီက ပဲသည် ငချိတ်ပေါင်းသည်...”

ဈေးသည်သံ ကြားတိုင်းလည်း အမေက ဝယ်သူမဟုတ်ပြန်၊ သူနှင့် မျက်နှာကြောတည့်သူ ဟုတ်မဟုတ် အရင်ထွက်ကြည့်ပြီးမှ ခေါ်ဝယ်သည်။ သည်ဈေးသည်က အသစ်လည်းဖြစ်ချင်ဖြစ်မည်။ အရင်က ပြဿနာကို နှစ်ဦးနှစ်ဖက် ရောင်းဝယ်ခြင်းဖြင့် အမေနှင့် ပြဿနာအေးပြီးသူလည်း ဖြစ်နိုင်ပါသည်။

“ထည့်ဦး အဆစ်ကလေး ဘာလေး...၊ ညည်းတို့ဟာက တဆယ်သားလည်း ဒါပဲ... အစိတ်သားလည်း ဒါပဲ၊ ချိန်ခွင်နဲ့ အလေးက ပြောလို့ရတာမဟုတ်ဘူး၊ အဆစ်စားရတာ”

ဈေးသည်က ထည့်သင့်သလောက် ထည့်ပေးသော်လည်း အမေက ကျေနပ်နိုင်သူမဟုတ်။ ထည့်ဦး ခိုင်းတတ်သည်။

“ကြီးတော်ရယ် အခု ပဲတပြည်ကို ခုနစ်ရာ၊ ရှစ်ရာ ကျော်တယ်။ အရင်းရအောင် ဖတ်ဖတ်မော ရောင်းရတာ၊ ပြီးတော့ ကျွန်မတို့ပဲက ရေမကျန်ဘူးတော့”

ရေမကျန်ဘူးဆိုတာ ပဲ ပြုတ်စဉ်က ရေကုန်အောင်ပြုတ်ခဲ့ခြင်းကို ဆိုလိုတာပဲ ဖြစ်သည်။ ရေကျန်တော့ အလေးချိန်စီးသည်။ ဝယ်သူက နာသည်။

“ရေမကျန်လို့ ဝယ်တာပေါ့အေ၊ ကဲပါအေ၊ အဆစ်ကလေး နည်းနည်းတောင် မသထာဘူးလား အမေကြီးကို” 

ပဲသည်က အမေ စိတ်ကျေနပ်အောင် တစေ့နှစ်စေ့ ထည့်ပေးလိုက်သည်။ ပြီးတော့ တောင်းကို ဆတ်ခနဲ မ,ပြီး စောင့်ခနဲ ထွက်သွားတော့သည်။ ပဲသည်တောင် အိမ်ရှေ့ လေးငါးလှမ်း ရှိသေး၊ အမေ့မှတ်ချက်က ရှေ့ရောက်နေပြီ။

“ဒီကောင်မ မစွံဘူး၊ တွန့်တိုချက်တော့။ သင်း လေပေါက်ကို ငါ မကြိုက်တာ”

ထိုပဲသည်ကို အမေ ဘယ်တော့မှ ခေါ်မဝယ်တော့တာ သေချာသည်။ နေ့လယ်နေ့ခင်း နေပူကျက်ကျက်ကြီးထဲ ရောက်လာတတ်သည့် ငါးသည် ပုံစံအမျိုးမျိုးကတော့ မဖြစ်မနေ အမေ့ပိတောက်ပင်ရိပ် ဝင်ခိုရမြဲ။ အမောဖြေရင်း ရေသောက်ကြမြဲ။ သူတို့တတွေက မြစ်ဆိပ်တံငါတဲကလေးတွေဆီကနေ သောင်ပြင်ကျယ်ကြီးကိုဖြတ်၊ တာရိုးကြီးကိုကျော်ပြီးမှ ကျွန်မတို့ရပ်ကွက်ကလေးထဲ ရောက်သည်။ ပြီးမှ ညနေဈေးကလေးထဲ အချိန်မီ ပြေးကြရသူတွေ။ အမေ့ပိတောက်ပင်ရိပ်ကတော့ သူတို့ ခရီးတထောက် နားရာစခန်း အလိုလိုဖြစ်ရသည်။ ခေါင်းခုကလေးနှင့် ချွေးသုတ်ကြ၊ ဗန်းထဲကငါးတွေ ဟိုလှန်သည်လှန် လုပ်ကြ၊ ငါးသည်အချင်းချင်းဆိုလျှင်လည်း ဈေးစကား နားစကား ပြောကြသည့်နေရာ။

“ဘာငါးတွေလည်း မသိဘူး၊ ကိုမောင်ဦး ကျွန်မ သွားဝယ်လိုက်ဦးမယ်”

ကျွန်မတို့အိမ်နှင့် ခပ်လှမ်းလှမ်း လက်ဖက်ရည်ဆိုင်မှ မရွှေမိက ငါးဝယ်ထွက်လာမယ်ပြင်တော့ သူ့ယောက်ျား ကိုမောင်ဦးက လက်ကာ ပြသည်။ အမေ ပိတောက်ပင်အောက် ထွက်လာတာ လှမ်းမြင်လိုက်လို့ ဖြစ်သည်။ အမေနှင့် ငါးသည် ဈေးစစ်ထိုးတာကို စောင့်ကြည့်ပြီးမှ ဝယ်လျှင် နောက်ဆုံး ဖြတ်စျေး ရနိုင်တာကိုး။

“အသာနေဦး၊ ကြီးတော် ဝယ်သလား လှမ်းကြည့်လိုက်၊ ကြီးတော်နဲ့ ဈေးတည့်ရင် နင်သွားဝယ်တော့၊ ဘာတခွန်းမှ ထပ်ဆစ်စရာမလိုတော့ဘူး၊ ကြီးတော်ပေးတဲ့ဈေးက ဂိတ်ကုန်ပဲ၊ မယုံ ကြည့်နေ”

လက်ဖက်ရည်ဆိုင်ထဲက လူတွေ အုံးခနဲ ရယ်ကြသည်။ သည်စကားကို တဆင့်စကား အမေ ပြန်ကြားတော့ ပြုံးပြုံးကြီး လုပ်နေပါသည်။ အမေ ထွက်လာလို့ တယောက်ယောက်က ဝယ်နှင့်ပြီဆိုလျှင် အမေ ဈေးထပ်ဆစ်ဖို့ ခက်သွားပြီ။ ထိုအခါ အမေက ငါးသည် ပြန်သည်နှင့် “ညည်းနှယ်အေ ငါ့များ စောင့်ပါဦးတော့” လုပ်တတ်သည်။ 

“လူတွေက ငါ ဈေးဝယ်တာ ကြည့်နေကြတာ၊ ငါနဲ့တည့်တဲ့ ဈေးသည်ဆိုရင် ဒါ အတော့်ကိုတန်လို့ အတော့်ကို သဘောကောင်းလို့ လို့ ဆိုကြတာအေ့”

ဂုဏ်တောင် ယူလိုက်သေးတော့သည်။ ဆောင်းဦးပေါက်ရာသီရောက်တိုင်း ပေါက်ပေါက်လာတတ်သည့် အနောက်ဘက်ကမ်း အာလောင်ရွာ၊ ကြက်ထောင့်ရွာတွေက ကုန်စိမ်းသည်တွေနဲ့ကတော့ အမေက တည့်တာ များသည်။ သည်ဈေးသည်တွေက ကိုယ်ပိုင်အခင်းထွက်တွေဆိုတော့ ကုန်ကလည်း လတ်ဆတ်၊ ရော့ အင့် နဲ့ အလကားပေးတာလည်း ပါသေးသည်။ အမေက ပဲသိပ်ကြိုက်သည်။ ထမင်းဝိုင်းမှာ ပဲမပါမဖြစ်၊ ပဲက ပဒေသာဟင်း၊ နေ့တိုင်း ပဲမပါ မစားတတ်။ ပဲဝယ်ပြီးလျှင် အမေက...

“ဗူးညွန့်ကလေး: တညွန့်လောက် ပေးခဲ့စမ်းပါအေ”

“နံနံကလေးတစည်းလောက် ထည့်ခဲ့ပါအေ”

“ပေးခဲ့စမ်းအေ၊ ငရုတ်သီးစိမ်းကလေး လေးငါးတောင့်”

စသဖြင့် သူ့ ဈေးဗန်းကြီးနှင့် အပြည့် ဝယ်တတ်သည်။ အမေ့ကို အဲသလို ဈေးဝယ်တာ စီးလို့၊ ညွန့်လို့ဆိုပြီး မရောင်းတော့ဘူး မထင်ပါနှင့်၊ နောက်နေ့ မနက်က မိုးချုပ်ထိ ဈေးသည်တကာတို့ အမေ့ပိတောက်ပင်ရိပ်မှာ နားရင်း ရေးအိုးကရေကို သောက်ရင်း လှမ်းအော်တတ်ကြသည်။

“ကြီးတော် ပဲယူဦးမလား၊ ခုတင် အခင်းထဲက ဆွတ်လာတာ၊ ချိုလိုက်တာမှ”

“ကြီးတော် ငါးသည်လေ၊ အိုးကပ်ငါးကလေးတွေ ပေါပေါပေးခဲ့မယ်”

ကျွန်မတို့အိမ်ရှေ့မှာ ဆူညံနေတတ်သည်။

(၃)

အမေ့ဈေးဝယ်ဗျူဟာနှင့် ပတ်သက်ပြီး ပြောစမှတ်တွင်ရသည့် အဖြစ်အပျက်ကလေးတွေလည်း ရှိသည်။ 

တံမြက်စည်းသည် အဘိုးကြီး၏ “တံမြက်စည်း ... ကြက်မွှေး” အော်သံကြားတော့ အမေက အိမ်ပေါက်ဝက ဆီးခေါ်သည်။ အမေ တံမြက်စည်းသည် မျှော်နေတာ ကြာပြီ။ တံမြက်စည်းသည်ကြီးက ထမ်းဆိုင်းကို ချ၍ ချွေးသုတ်နေစဉ် အမေက တံမြက်စည်းတွေကို ပတ္တလားတီးသလို မွှေတော့သည်။ အမျှင်တွေက နုသလား၊ ရင့်သလား။ လက်ကိုင်ကကော...၊ မကြိုက်ဘူး နောက်တချောင်း။

“နေစမ်းပါဦး ခင်ဗျားက ဘာလိုချင်တာတုန်း” 

“တံမြက်စည်းရော ကြက်မွှေးရောပေါ့၊ ဘာဖြစ်လို့တုန်း” 

“ဟုတ်ပြီလေ၊ ဘာတံမြက်စည်းတုန်းလို့ ကျုပ်မေးနေတာ၊ အကြမ်းလား၊ အနုလား”

အမေက သူ့ကို ခပ်ဆတ်ဆတ်ကလေး မေးတာကို မခံချင် ဖြစ်သွားပုံရပါသည်။ ဈေးသည်၏ဆက်ဆံရေးကို မကြိုက်တာတခုတည်းနှင့် အမေ ဆက်မဝယ်တော့။

“တော်ပြီ တော်ပြီ၊ ဘာမှ မဝယ်တော့ဘူး”

လက်ထဲက ရွေးလက်စ တံမြက်စည်းတွေကို ဝုန်းခနဲ ပစ်ချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ အဘိုးကြီးက သူ့တံမြက်စည်းတွေကို တချောင်းချင်း ပြန်စီရင်း ဗျစ်တောက်ဗျစ်တောက် လုပ်တော့သည်။

“ဘာမှ မဝယ်နိုင်ဘဲနဲ့ ခင်ဗျားက ကျုပ်တံမြက်စည်းတွေကို ပိုင်စိုးပိုင်နင်း မွှေရတယ်လို့”

အဘိုးကြီးကလည်း လူစွာကြီး ဖြစ်ပုံရသည်။ သည်လောက် မွှေနှောက်ထားပြီးမှ မဝယ်ရကောင်းလား စိတ်တိုနေပုံ ရသည်။ အမေကလည်း သည်လို မေးရပါ့မလားဆိုပြီး မဝယ်တော့တာပါ။ ဒါပေမဲ့ “မဝယ်နိုင်ဘဲနဲ့” ဆိုသည့်စကားကို အမေ မခံချင်၍ ချက်ချင်း အော်တော့သည်။

“မဝယ်နိုင်လို့မဟုတ်ဘူး၊ တော့်အပေါက်အဆက် မကြိုက်လို့၊ တံမြက်စည်း ရောင်းစားတာပဲတော်၊ ပိုးဖဲကတ္တီပါ ကိုင်သလို ရွရွလေး လုပ်နေရမလား၊ လာ... လာချည်သေး၊ တော်လိုလူမျိုး ဈေးရောင်းစားနေတာ အံ့ပါရဲ့”

“ခင်ဗျားခေါ်လို့ ကျုပ်လာတာ၊ ခင်ဗျား မစော်ကားနဲ့”

အမေက အင်္ကျီလက်မောင်းတင်၊ ထမီတင်းတင်း ဝတ်ပြီး တကယ် တွယ်သတ်မည့်ပုံ ပြင်လိုက်တော့ ကျွန်မတို့ ထွက်ဆွဲရတော့သည်။ အမေက ဈေးဝယ်လျှင် အဲသလိုလည်း ရန်ဖြစ်တတ်သေး၏။

တခါက မိသားစုများသော ကျွန်မတို့အိမ်တွင် ထီးပျက်တွေ ပုံနေသည်။ ကိုင်းကျိုးတဲ့ထီးက ကျိုး၊ ထီးရွက်စုတ်တဲ့ ထီးက စုတ်နှင့်မို့ အမေက ထီးပြင်သည် မျှော်နေသည်။ တပတ်၊ နှစ်ပတ်၊ ထီးပြင်ဆရာ တယောက်တလေတောင် ယောင်လို့မှ ပေါ်မလာ။

“မျှော်ရင်တော့ မလာဘူးတော်၊ မမျှော်ရင်တော့ လမ်းထဲ သင်းတို့ကို ရှောင်လို့မလွတ်ဘူး”

ဘယ်သူမှန်းမသိသည့် ထီးပြင်ဆရာကို လှမ်းပြီး ရန်လုပ်နေတတ်သည်။

“ထီး ပြင်တယ်၊ သော့ ပြင်တယ်၊ ဖိနပ်သဲကြိုး လဲတယ်” 

“ဟော... လာပါပြီတော် မောင်မင်းကြီးသား”

ထီးဟောင်းထုပ်ကြီးကို ထမ်းလာသည့် ထီးပြင်သမား ရပ်ကွက်ကလေးထဲ ရောက်လာသည်။ အမေက ကြိုးနှင့် စုချည်ထားသော ထီး လေး ငါးချောင်းကို ဆွဲတဲ့ပြီး ပိတောက်ပင်အောက်က ထိုင်စောင့်နေသည်။ အသံသာ ကြားပြီး လူမတွေ့ရတော့ ဟိုဟိုသည်သည် ရှာသည်။ အသံကြားလိုက်လျက်ကနဲ့ လူပျောက်သွားတာကို မခံချင်ပုံဖြင့် ပြောသည်။

“အလိုတော်... ကိုယ်တော်က ဘယ်ဇရပ် ချိုးဝင်သွားပါလိမ့်”

အမေ့စကား မဆုံးခင်မှာပင် ထီးပြင်သမား လမ်းကြားကလေးထဲက ဘွားခနဲ ထွက်လာပြီး ဆွဲဆွဲငင်ငင် အော်သည်။ 

“ထီးပြင်တယ်... သော့ပြင်တယ်... ဖိနပ်သဲကြိုး လဲတယ်”

“လာဦးဟေ့၊ အောင်မယ် သူ့အသံကို မတိုးနိုင်ဘူးတော်၊ တကတဲ အရေးထဲ ဝါကျဆုံးအောင်များ ဟစ်နေရသေး”

ထီးပြင်သမားကတော့ ဘာမှမကြားပါ။ သူ့အာရုံတွေက အမေ့ဘေးမှာ ချထားသော ထီးတွေဆီကို ရောက်နေပုံရသည်။ ထီးပုံကြီးကိုမြင်တော့ သူလည်း ဝမ်းသာအားရ ထမ်းလာသော ခုံဆိုင်းထမ်းနှစ်ခုကိုချကာ မြေကြီးပေါ်မှာ ပယ်ပယ်နယ်နယ်ကြီး ထိုင်ချလိုက်သည်။

“ဒီထီးတွေ ငါ ပြင်ချင်တာပဲဟေ့၊ ကြည့်ပေးဦး”

ထီးပြင်သမားက ထီးတွေကို တလက်ပြီးတလက် ကောက်ကိုင်ကာ ဖွင့်ကြည့်လိုက်၊ ချထားလိုက်နှင့် စစ်ဆေးနေတုန်း အမေ့မျက်လုံးတွေက ထီးပြင်သမားမျက်နှာဆီ ရောက်နေသည်။

“အမေကြီးထီးတွေက တော်တော်စုတ်နေပြီပဲ၊ အကောင်းဝယ်သုံးရောပေါ့ အမေကြီးရာ၊ ပြင်နေတာကမှ ငွေကုန်ဦးမယ်”

“အသစ် မဝယ်နိုင်လို့ပေါ့ လူကလေးရယ်၊ အမေကြီးကို ကြည့်ကြက်ပြီး ပြင်ပေးခဲ့ကွာ၊ မင်း ပြင်လိုက်ရင် သစ်ရောပေါ့ကွဲ၊ ထီးပြင်ပါတယ်ဆိုမှ ထီးကောင်းတော့ ကိုင်ရမှာပေါ့”

ထီးပြင်သမားက ဈေးခေါ်ခြင်းကို အမေက ပြန်အုပ်လိုက်ခြင်းပဲ ဖြစ်သည်။ ကျွန်မကတော့ ထုံးစံအတိုင်း အမေနှင့် ဈေးသည်များကို စိတ်ဝင်တစား ဘေးက ရပ်ကြည့်နေလိုက်သည်။

“ဒီထီးက ကိုင်းတွေ ဆက်ပိုင်းကျိုးနေတာကိုက လေးငါးချောင်း၊ ကိုင်းတံ လဲရင်လဲရ၊ မရရင် သံနန်းကြိုးနဲ့ လုပ်ပေးရမှာပဲ၊ ဒီထီးက ထီးအရွက်က အသားကနေ စုတ်နေတာဆိုတော့ တရွက်လုံး လဲမှရမယ် အမေကြီး၊ အင်း... ဒီထီးကတော့ အဲ... ခေါင်စုတ်တာရော လက်ကိုင်ရော တပ်ရမှာဆိုတော့ကာ အမေကြီး ပြင်ရင် အားလုံး တထောင်ကျော်လောက် ကုန်လိမ့်မယ်ဗျ”

“မဟုတ်တာကွယ်၊ မင်းနှယ် ထီးတလက်မှ လေးငါးရှစ်ရာပါ။ ကြည့်များပြောပါဦး”

“အမေကြီးကို ပြောသားပဲ၊ အသစ်ဝယ်တာကမှ သက်သာဦးမယ်လို့။ ဒါပေမဲ့ အသစ်ဝယ်ရင် တလက်ပဲ ဆောင်းရမှာ၊ ပြင်လိုက်ရင်တော့ ငါးလက် ဆောင်းပါလေ့ဗျာ” 

“တထောင်တော့ မလုပ်ပါနဲ့ကွယ်၊ လျှော့ပါဦး”

“အင်း... ဒီထက် မလျှော့နိုင်ဘူး အမေကြီးရေ၊ ဒါတောင် ပြင်ရင်း ဆင်ရင်း တွေ့တာမြင်တာလေးတွေ ထည့်ရရင် ဒီထက် ပိုချင် ပိုဦးမှာ”

“ကဲ... ဒါဆိုလည်း မပြင်တော့ဘူးကွယ်” 

အမေက သူ့ထီးစုတ်တွေကို သိမ်းကြုံးလိုက်သည်။ ထီးပြင်သမားကလေးကလည်း ထီးဟောင်း လေးငါးလက်ကို အလွတ်ခံချင်ပုံ မရပါ။ လေ နည်းနည်းပြင်သည်။ 

“ကိုင်း... အမေကြီး ဈေးမဆစ်နဲ့တော့၊ တထောင်ပဲပေး၊ အမေကြီးထီးတွေ အကောင်းပကတိ ကျွန်တော် လုပ်ပေးခဲ့မယ်” 

“တော်ပြီ... တော်ပြီ၊ ပိုက်ဆံတထောင်ကြီးများတောင် မပေးနိုင်ပေါင်ကွယ်”

“ဒီလောက်တော့ ပေးရမှာပေါ့ဗျ၊ တပြားမှ မပေးချင်လို့ ဖြစ်မလား၊ ကဲ... အမေကြီး ဘယ်လောက်ပေးချင်တုန်း”

ထီးပြင်သမားက လေသံ နည်းနည်းမာလာတော့ အမေကလည် ခပ်တင်းတင်းပင်။

“ဘယ်လောက်မှ မပေးချင်တော့ဘူး၊ မင်းဇဂထွက် (စကားထွက်)ကို ငါမကြိုက်တာ”

ထီးပြင်သမားက အမေ့ကို တချက်လှမ်းကြည့်ပြီး ဘယ်လိုမှ ဈေးတည့်မည့်ပုံမပေါ်တော့ သူ့ပစ္စည်းတွေ သူထမ်းပြီး ထွက်သွားတော့သည်။ ထီးပြင်သမား ထသွားသည်နှင့် အမေက ပြောပါတော့သည်။

“လူ့မျက်ခွက်ကိုက မရိုးသားဘူး၊ ငါ့ကို အဘွားကြီး နှပ်လိုက်ဦးမဟဆိုတဲ့ ပုံမျိုးနဲ့ ငါ့ထီးတွေကို လျှောက်အပြစ်ရှာနေတာ သိသားပဲ၊ ထီးပြင်သမား ပေါလွန်းလို့”

သည်လိုနှင့် အမေ့ထီးစုတ်ကြီးတွေက အိမ်အောက် ပြန်ရောက်လာသည်။ နောက်ရက် တပတ်လောက်အကြာမှာတော့ ကျွန်မတို့ရပ်ကွက်ကလေးထဲ ထီးပြင်သည် ရောက်လာပြန်သည်။ အမေက ရေချိုးရန် ပြင်ရာမှ ထမီရင်လျားကြီးနှင့်ပင် အိမ်ရှေ့ ပြေးထွက်လာပြီး ခေါ်သည်။ 

“ထီးပြင်သည် လာဦးဟေ့”

ကျွန်မက အိမ်ရှေ့တန်းလျားမှာ စာဖတ်နေသောကြောင့် လမ်းပေါ် ကို မြင်နေရသည်။ ဟိုတနေ့က ထီးပြင်သမားပဲ။ ထီးပြင်သမားက အမေ့ကို ခဏ ရပ်ကြည့်လိုက်သေးတယ်။ ပြီးမှ မှတ်မိသွားဟန်ဖြင့် ပြောသည်။ 

“ခင်ဗျားနဲ့ အလုပ်မဖြစ်ပါဘူးဗျာ”

ထီးပြင်ဆရာက ပြောပြောဆိုဆို ရှေ့ဆက်သွားသည်။ ဒါကိုပဲ အမေက မကြားကြားအောင် အော်ပြောလိုက်သေး၏။

“အလိုတော်... ကျုပ်ကလည်း ကိုယ်တော်မှန်း မသိလို့ ခေါ်တာဟေ့”တဲ့။

(၄)

သည်တခေါက် ကံဆိုးကံကောင်း ရောက်လာသူကတော့ ဓားသည် ဖြစ်သည်။ ဝါးလုံးဆိုင်းထမ်းမှာ ဓားတွေ စီတန်းချိတ်ထားလိုက်သည်မှာ ပြည့်လို့။

“ဓားရမယ် .... ကတ်ကြေးရမယ်”

သည်လိုသည်မျိုးကတော့ ကျွန်မတို့ရပ်ကွက်ကလေးထဲမှာ ထူးထူးဆန်းဆန်းနှင့် ရှားရှားပါးပါး ရောက်လာတတ်သော ဈေးသည်မျိုး ဖြစ်သည်။ ဓားတို့ ကတ်ကြေးတို့က တခါဝယ်ပြီးလျှင် တသက်လုံးလိုလို သုံးလို့ရတတ်တာပါသလို၊ ဈေးနှစ်ဈေးနှင့် နီးသည့် ရပ်ကွက်ဆိုတော့ တော်ရုံ ဓားသည်က မလာတတ်ပါ။

“အံမယ်... ဓါးတဲ့၊ ထင်းခုတ်ဓားမကလေးတချောင်းလောက်တော့ လိုချင်သားဟဲ့၊ အိမ်ကဓားက အသွား ပဲ့နေပြီ၊ ဓားသည် လာဦး”

ပြောပြောဆိုဆိုနှင့် အမေ အိမ်ရှေ့ထွက်သွားသည်။ ထုံးစံအတိုင်း ပိတောက်ပင်အောက်မှာ ဓားသည်က ဝါးလုံးဆိုင်းထမ်းကို ချသည်။ လက်ဆွဲခြင်းကြီးထဲမှာက ကတ်ကြေး၊ မီးညှပ် စသည်ဖြင့် မျိုးစုံအောင် ပါသည်။ ထင်းခုတ်ဓားမအကြီး အသေး၊ သားလှီးဓား၊ ကြက်သွန်လှီးဓား စသဖြင့် အရွယ်စုံ၊ ဆိုက်စုံမို့ အမေ စိတ်ဝင်စားသွားသည်။ ကတ်ကြေးတွေလည်း စုံလို့ပါပဲ။ စက်ကတ်ကြေးဆိုက်ကနေ လက်သည်း လှီးသည့် ကတ်ကြေးအသေးတွေထိ ပါသည်။

“အမျိုးကို စုံလို့ပါလားတော်၊ နေဦး... နေဦး” 

အမေက သူ ဈေးဆစ်ချင်လျှင် အပြစ်အနာအဆာ ကြံဖန်ရှာတတ်တာ မဟုတ်လား။ ဓားတွေကို အချင်းချင်း ခတ်ကြည့်ရင်း “မင်းသံက သံချိုးသကွဲ့” “ဓားတွေက မီးမကျက်ဘူး” လုပ်နေတော့သည်။ တချောင်းပြီး တချောင်း ကိုင်လိုက်၊ ချလိုက်။

“ကိုင်းပါ၊ ခေါ်မိလက်စနဲ့မို့ သည်ဓါးကလေးတချောင်းတော့ ဝယ်လိုက်ပါ့မယ်၊ ဘယ်လောက်တုန်းဟဲ့”

“နှစ်ရာ”

“သောက်ကျိုးနည်း နှစ်ရာ ဟုတ်လား၊ မင်းဟာကကွယ် ဓားကြီး ဓားကောင်းလည်း မဟုတ်ဘဲနဲ့။ တရာ့ငါးဆယ် ထားလိုက်”

အမေက ငွေငါးဆယ် ဖမ်းဆစ်လိုက်သည်။ ဓါးသည်ကလည်း အလုပ်ဖြစ်ချင်ပုံ ပေါ်သည်။

“ယူဗျာ”

ဓားသည်က အမေ ဆစ်သည့်ဈေးအတိုင်း ပေးပြီး ဆေးလိပ်ကို ဖွာနေလိုက်သည်။ သည်လို ရှောရှောရှူရှူ ဈေးလျှော့ပေးလိုက်တာမျိုးတော့လည်း အမေက သင်္ကာမကင်းဖြစ်နေပြန်သည်။

“မင်းဟာက သံရော ဟုတ်ကဲ့လားကွဲ့၊ ပေါ့လိုက်တာ။ ကဲပါကွယ်၊ တရာပဲထား”

ဓားသည်က စိတ်ညစ်လာဟန်ရှိသည်။

“ဘယ့်နှယ်ဗျာ။ ဓားပါဆိုမှ ထပလက်နဲ့လုပ်လို့ ရပါ့မလား အမေကြီးရဲ့၊ ကဲ... ယူ... ယူ”

ထပလက်ဆိုသည်မှာ ထန်းလက်ကို ပြောခြင်းပင်။ ဓါးသည်ကလည် အမေ့ကို အရွဲ့တိုက်ပေးနေသလား အောက်မေ့ရသည်။ ဘာမှကို ပြန်မကြည့်တော့ပါ။ ငွေတရာပေးပြီး ဓားကို ယူလိုက်ရသော်လည်း အမေ့စိတ် အစာကြေပုံမရ။ အိမ်ထဲဝင်ပြီး ထင်းတချောင်း ခုတ်ကြည့်လိုက်သေးသည်။ ဓားသည် ပြန်သွားပြီး တော်တော်ကြီးကြာသည်အထိ အမေ ဘာတွေ စဉ်းစားနေသည်မသိ။ ကျွန်မတို့က ပြီးပြီးပျောက်ပျောက်ဖြစ်နေပြီ ထင်ပေမယ့် အမေကတော့ တဖျစ်ဖျစ် ပြောနေသေးသည်။

“ငါ့နှယ် ငါးဆယ်လောက်မှ မဆစ်လိုက်ရ၊ ဖြစ်ရလေ”

သို့သော် ဓါးကလေးမှာ ယခုအချိန်ထိ မာတုန်း၊ ထင်းခွဲ၍ကောင်းတုန်း။ ဘာကြောင့် အမေ ဆစ်သမျှ လိုက်လျောရသလဲဆိုသည့် မတင်မကျ မေးခွန်းကို အမေသည် စိတ်ကူးရတိုင်း ပြောနေတုန်းရှိသေးသည်။ အဲသလို ဈေးသည်မျိုးကျတော့လည်း အမေက သတိတရ ရှိနေတတ်ပြန်သည်။ ဈေးဝယ်ရတာ အဆင်တပြေဖြစ်သွားလို့တော့ မဟုတ်ပါ။ သူ ခံလိုက်ရလေသလား သံသယရှိလို့ပဲ ဖြစ်သည်။

(၅)

“တော်သေးတာပေါ့ဗျာ ခေါက်ဆွဲကြော်က တပွဲ ငါးရာမို့လို့”

ခေါက်ဆွဲကြော်ထုပ်တွေ တို့လို့တန်းလန်းနှင့် စက်ဘီးကြီးစီးဝင်လာသော အစ်ကိုက ပြောသည်။

ကျွန်မတို့ သားသမီးငါးယောက်ကို အမေက တယောက်တထုပ်စီ ဝေပေးလိုက်သည်။ ကျွန်မတို့ကလည်း အမေ့ကို ကန်တော့ပြီး မွေးနေ့ခွဲတမ်း ခေါက်ဆွဲထုပ်ယူ၍ အိမ်ပြန်ခဲ့ကြသည်။ လမ်းမှာတော့ အမေ့အကြောင်းပြောပြီး ရယ်ဖြစ်ကြသေး၏။

“ဒီခေါက်ဆွဲက ကံကောင်းလို့ စားရတာနော်၊ မင်း ငါးရာနဲ့ ငါးကျပ် ဆိုရင်တောင် အမေက ဝယ်မယ့်ပုံ မပေါ်တော့ဘူး”

ကျွန်မက အမေ့အကြောင်းသိသူဆိုတော့ ရယ်နေလိုက်သည်။

“ဟိုတုန်းက အဖေတိုက်တဲ့ လက်ဖက်ရည်သောက်တာတောင် မုန့်စားခိုင်းလို့ မရဘူးတဲ့။ လက်ဖက်ရည်သောက်ရင် မုန့် အလကား စားရတယ်လို့ အဖေက ညာပြောမှ စားတာတဲ့လေ၊ စားသောက်ပြီးလို့ ငွေရှင်းမှ မုန့်ဖိုးပါပေးလိုက်ရတာသိလို့ ထိုင်ငိုတဲ့ အမေနော်”

အမေနှင့်ဈေးသည်များ အကြောင်းကတော့ ကျွန်မတို့၏ မရိုးနိုင်သော ဟာသများအဖြစ် မကြာမကြာ ပြောဖြစ်ကြသည်။ နောက်နှစ် အမေ့အသက် ခုနစ်ဆယ့်တနှစ်ပြည့် မွေးနေ့တွင် ကျွန်မတို့ ခေါက်ဆွဲကြော်စားရဖို့ မသေချာကြောင်း အမေ့ကို စကြ နောက်ကြလုပ်တော့ အမေက ရယ်သည်။

--

#ခင်ခင်ထူး
#အမေနှင့်ဈေးသည်များ

#shared_by_louis_augustine
#sbla

Comments